← Chapters

အခန်း (၃၈၀)

Vol. 35 Ch. 380

အခန်း (၃၈၀)

Vol. 35 Ch. 380

📝အပိုင်း - ၃၈၀

ဘာသာပြန် - Na Gar🐉

ချောင်ကျိီက တည်ကြည်စွာ ဆိုသည်။ "နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော့်ရဲ့ စတုတ္ထအစ်ကိုနဲ့ အဋ္ဌမအစ်ကိုတို့ဟာ အစ်ကိုကြီးကို သူတို့ဘက်ပါအောင် ဆွဲဆောင်ဖို့ သေချာပေါက် လာကြလိမ့်မယ်။ အစ်ကိုကြီး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် ပညာရှိရှိ ဆုံးဖြတ်ပါ၊ ဘယ်ဘက်ကိုမှ အလောတကြီး မပါဝင်မိပါစေနဲ့"

"ဩော်"

ချန်ဆန်းရှီက မေးလိုက်သည်။ "မင်းသားက ဘာကို ဆိုလိုတာလဲ"

"ကျွန်တော် သတင်းရထားတာကတော့ ဇီဝေတောင် ဘိသိက်ခံပွဲ အခမ်းအနားအတွင်းမှာ သူတို့တွေက အိမ်ရှေ့စံကို လုပ်ကြံဖို့ စီစဉ်နေကြတယ်"

ချောင်ကျိီက စိတ်မကောင်းသလို အမူအရာဖြင့် ဆိုသည်။ "အစ်ကိုကြီး ဒီထဲမှာ မပါဝင်မိပါစေနဲ့၊ မဟုတ်ရင်တော့ ပြန်ပြင်လို့မရတဲ့ ဘေးအန္တရာယ်ကြီးနဲ့ ကြုံရပါလိမ့်မယ်"

'အိမ်ရှေ့စံ...'

ချန်ဆန်းရှီက စိတ်ထဲတွင် တွေးတောနေမိသည်။

အိမ်ရှေ့စံက ဘာလို့ အခုလို အရေးတကြီး လှုပ်ရှားရသလဲဆိုတာ မဆန်းတော့ပေ။

တကယ်လို့ သူသာ အခုမှ မလှုပ်ရှားရင် သူ့ရဲ့ တခြားညီအစ်ကိုတွေက သူ့ထက် အရင်ဦးသွားကြတော့မည် မဟုတ်ပါလား။

အိမ်ရှေ့စံဟာ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူခဲ့တာ နှစ်ပေါင်းလေးဆယ် ရှိပြီ ဖြစ်သည်။

သူ၏ ဩဇာအာဏာမှာ အလွန်ကျယ်ပြန့်လှသည်။

သူသည် အရှေ့ဘက်နယ်မြေ တစ်ခုလုံး၊ အနောက်ဘက်နယ်မြေ၏ တစ်ဝက်၊ မြောက်ဘက်နယ်မြေ၏ သုံးပုံတစ်ပုံနှင့် အလယ်ပိုင်းဒေသ၏ တစ်ဝက်ကို ထိန်းချုပ်ထားသည်။ တောင်ဘက်နှင့် အနောက်တောင်ဘက် ဒေသများသာ စတုတ္ထနှင့် အဋ္ဌမမင်းသားတို့၏ နယ်မြေများဖြစ်ပြီး ထိုနေရာများကိုပင် အိမ်ရှေ့စံက မကြာသေးမီ နှစ်များအတွင်း တဖြည်းဖြည်းချင်း ဝါးမျိုလာခဲ့ခြင်းပင်။

ချောင်ကျိီပြောပုံအရဆိုလျှင်။

ဒီတစ်ကြိမ်တွင် စတုတ္ထနှင့် အဋ္ဌမမင်းသားတို့သည် နောက်ဆုံးအကြိမ်အဖြစ် အင်အားချင်း ပူးပေါင်းကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ အိမ်ရှေ့စံက မြေတောင်မြှောက်ပေးထားသည့် "ဒုံအန်း" ကို အကြောင်းပြချက်အဖြစ် သုံးပြီး ဟူပန် တပ်မတော် ရဲ့ မကြာသေးမီက ချဲ့ထွင်မှုများ၊ တခြားသော စွပ်စွဲချက်များကို စုစည်းကာ အိမ်ရှေ့စံကို ရာထူးကနေ အရင်ဆုံး ဖယ်ရှားရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဒါပေမဲ့...

သူတို့တွေ ထင်မှတ်မထားတာကတော့။

အိမ်ရှေ့စံက သူတို့ ခင်းထားတဲ့ အကွက်ထဲမှာ ကစားမှာ မဟုတ်တော့ပေ။ သူ့လက်ထဲမှာ ပိုပြီး ရက်စက်တဲ့ အစီအစဉ်တစ်ခု ရှိနေသည်။

"မင်းသား ကျွန်တော့်ကို ဒါတွေ မပြောသင့်ဘူး"

ချန်ဆန်းရှီက ထရပ်လိုက်ကာ ဆိုသည်။ "စစ်သည်တစ်ယောက်အနေနဲ့ ကျွန်တော်က ရန်သူကို သတ်ဖို့ပဲ ဆန္ဒရှိပါတယ်။ နန်းတွင်းက အာဏာလုပွဲတွေကို စိတ်မဝင်စားပါဘူး"

"စိတ်မဝင်စားတာ ကောင်းတာပေါ့။ ဒါက ညီငယ်တစ်ယောက်အနေနဲ့ စေတနာနဲ့ သတိပေးတာပါ"

ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ချောင်ကျိီသည် ထရပ်ကာ ပြန်ရန် ပြင်တော့သည်။

လူအချို့က လက်ဖက်ရည် အိုးခွက်တွေကို ရှင်းလင်းလိုက်ကြသည်။

"ရည်မှန်းချက် မရှိဘူး ဟုတ်လား"

ချန်ဆန်းရှီက ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ "တကယ်တော့ မင်းကမှ ရည်မှန်းချက် အကြီးဆုံးသူ ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"

...

"အရှင်မင်းသား"

အပြင်သို့ ရောက်သောအခါ။

ကျင်းယီအစောင့်တစ်ယောက်က အနားသို့ တိုးလာကာ ဆိုသည်။ "ခုနက ချန်ဆန်းရှီ ရှေ့မှာ အရှင် ပြသခဲ့တဲ့ အမူအရာက လိုတာထက် ပိုပြီး နှိမ့်ချလွန်းနေသလားလို့ဗျ"

"နှိမ့်ချလွန်းတယ် ဟုတ်လား"

ချောင်ကျိီသည် နာမည်မသိသော သစ်သီးတစ်လုံးကို ဝါးရင်း ရှေ့သို့ လှမ်းလာခဲ့သည်။ "ငါသာ ဆွန်ဒူရှန်ကို ဒီလို ဆက်ဆံမယ်ဆိုရင်ရော မင်းက နှိမ့်ချလွန်းတယ်လို့ ထင်နေဦးမှာလား"

"ဒါကတော့..."

ကျင်းယီအစောင့်ကျန်းကျောက် က ပြန်ပြောသည်။ "နှိမ့်ချတာ မဟုတ်ပေမဲ့ သူက ဆွန်ဒူရှန်ရဲ့ တပည့်တစ်ယောက်ပဲ ရှိသေးတာလေ"

"မင်း မှားနေပြီ"

ချောင်ကျိီသည် သစ်သီးခွံကို မြေပြင်ပေါ် ထွေးထုတ်လိုက်ကာ အေးစက်စွာ ဆိုသည်။ "နောင်တစ်ချိန်မှာ သူက ဆွန်ဒူရှန်ထက်တောင် ပိုပြီး အစွမ်းထက်လာမယ့်သူပဲ"

"အရှင်က သူ့ကို ဒီလောက်အထိ အထင်ကြီးနေတာလား"

ကျန်းကျောက် အံ့ဩသွားရသည်။ "ဒါပေမဲ့ သူ့ကို ဆွဲဆောင်ဖို့ကတော့ သိပ်ပြီး မလွယ်ကူဘူး ထင်တယ်ဗျ..."

"အရေးမကြီးပါဘူး"

ချောင်ကျိီက ဂရုမစိုက်သလို ဆိုသည်။

သူက ဟန်ဆောင်ပြနေတာ ဖြစ်သည်။

တစ်ဖက်လူကလည်း သူ ဟန်ဆောင်နေမှန်း သိသည်။

ဒါဆို ဘာဖြစ်လဲ။

အခုဆိုရင် နာမည်အရ ညီအစ်ကို တော်စပ်သွားပြီ မဟုတ်လား။

သူငယ်ချင်း ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကတော့ အနာဂတ်မှာ ဆက်ကြည့်ရမယ့် ကိစ္စပင်။

နန်းတွင်းမှာ သူ၏ အခြေခံအုတ်မြစ်က အားနည်းလှသလို ကျင်းယီအစောင့်ကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ အင်အားနည်းနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် အားနည်းမှန်း သိရမည်။ ခေါင်းတစ်ချက် ငုံ့တာက ဘာမှ မဟုတ်ပေ၊ တကယ်လို့ သူ့ကိုသာ သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်ရင်တော့ ဒါဟာ တကယ့်ကို ထီပေါက်သလိုမျိုး ဖြစ်သွားလိမ့်မည်။

ခမည်းတော် ထီးနန်းတက်စဉ်တုန်းက...

"ဆွန်ဒူရှန်တို့ အဖွဲ့ကိုပဲ အားကိုးခဲ့ရတာ မဟုတ်ဘူးလား"

"တောက်"

ချောင်ကျိီသည် သူ စားလက်စ သစ်သီးတစ်ဝက်ကို လမ်းဘေးသို့ ပစ်ချလိုက်သည်။

ချက်ချင်းပင် မှောင်မည်းနေသော လမ်းကြားထဲမှ တောင်းရမ်းသူတစ်ဦး ပြေးထွက်လာကာ ညစ်ပတ်နေသော လက်များဖြင့် ထိုသစ်သီးကို ကောက်ယူရန် ကြိုးစားလိုက်စဉ်၊ သူ၏ လက်ဘေးတွင် ဈေးကြီးလှသော ဖိနပ်တစ်စုံ ပေါ်လာသည်ကို မြင်လိုက်ရသည်။

သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သောအခါ ထူးဆန်းသော အပြုံးဖြင့် ကြည့်နေသည့် မျက်လုံးတစ်စုံနှင့် ဆုံလိုက်ရတော့သည်။

"အရှင်... အရှင်က... ဒါကို လိုချင်သေးလို့လားဗျ"

တောင်းရမ်းသူသည် သစ်သီးကို မယူရဲတော့ဘဲ အသနားခံလိုက်သည်။ "ကျွန်တော်... ကျွန်တော် အရမ်း ဗိုက်ဆာနေလို့ပါ"

"မဟုတ်ဘူး... မဟုတ်ဘူး... မင်း ဒါကို မစားသင့်ဘူး"

တောင်းရမ်းသူ၏ ရိုသေသော အကြည့်အောက်တွင် ချောင်ကျိီသည် သူ၏ လက်ချောင်းလေးများကို ခပ်ဖွဖွ လှုပ်ရှားလိုက်သည်။ "လူတွေ... ဒီလူကို ခေါ်သွားလိုက်။ သူ့ကို အိမ်တစ်လုံး ဝယ်ပေး၊ ငွေအချို့လည်း ပေးလိုက်။ နောက်ပိုင်း သူ တောင်းစားနေဖို့ မလိုတော့အောင် လုပ်ပေးလိုက်ကြ"

"အို... ဘုရားရေ"

"ကျေးဇူးတင်ပါတယ် အရှင်... ကျေးဇူးတင်ပါတယ်ဗျာ"

တောင်းရမ်းသူသည် တဗုန်းဗုန်းနှင့် ဦးချတော့သည်။

ကျင်းယီအစောင့်နှစ်ယောက်က ထိုလူကို ခေါ်ဆောင်သွားပြီးနောက်။

ညလေအေးများကြားတွင်။

ချောင်ကျိီမျက်နှာပေါ်က အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အက်ကွဲကာ နက်နဲလှသော အသံဖြင့် မေးလိုက်သည်။ "ကျန်းကျောက်။ လူတွေ ဒုက္ခရောက်နေတာကို ငါ မကြည့်နိုင်ဘူးလို့ မင်းကို မပြောဖူးဘူးလား။ ဒီလမ်းတစ်လျှောက်လုံးကို ရှင်းလင်းထားဖို့ ငါ မင်းကို ခိုင်းခဲ့တယ် မဟုတ်လား"

"အရှင်... ကျွန်တော်မျိုး သေထိုက်ပါတယ်"

ကျန်းကျောက်သည် ထိတ်လန့်တကြား ဆိုသည်။ "အကုန်လုံးကို ရှင်းပြီးပြီလို့ ထင်တာပါ၊ တစ်ယောက် ဘယ်လို ကျန်ခဲ့လဲဆိုတာ ကျွန်တော်မျိုး မသိပါဘူး..."

"နောက်တစ်ခါ ဒါမျိုး ထပ်မဖြစ်စေနဲ့"

ချောင်ကျိီသည် လက်စ ကာ ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။

...

"ဂျွတ်... ဂျွတ်..."

"ဟင်း"

ချန်ဆန်းရှီသည် ရုပ်ဖျက်ပညာစာအုပ်ထဲတွင် ပါရှိသော အရိုးကျုံ့ပညာကို သူ၏ အရိုးများကို နေရာလွှဲကာ ခန္ဓာကိုယ် ပုံသဏ္ဌာန် ပြောင်းလဲနိုင်သည့်အထိ အကြိမ်ကြိမ် လေ့ကျင့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူ၏ တာဝန် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

[စွမ်းရည် - ရုပ်ဖျက်ပညာ(ကျွမ်းကျင်)]

[တိုးတက်မှု့ - ၀/၁၀၀၀]

[စွမ်းဆောင်ရည် - အရိုးကျုံ့ကာ ပုံသဏ္ဌာန် ပြောင်းလဲနိုင်ခြင်း၊ အစစ်နှင့် အတု ခွဲခြားမရနိုင်ခြင်း]

ပထမဆုံး သူသည် သူ၏ မျက်နှာကို ပြောင်းလဲလိုက်ပြီးနောက် အရိုးကျုံ့ပညာကို သုံးလိုက်သည်။

အခုဆိုရင်။

သူ၏ မျက်နှာတင်မကဘဲ ခန္ဓာကိုယ် ပုံသဏ္ဌာန်ပါ လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူသည် အိမ်ပြင်သို့ တိတ်တဆိတ် ထွက်လာခဲ့ပြီး တောင်စောင့်

နတ် ဘုရားကျောင်း ဆီသို့ ဦးတည်လိုက်သည်။

ဇီဝေတောင် ဘုရားကျောင်းသည် တခြားသော သာမန် တောင်စောင့်နတ် ဘုရားကျောင်းများနှင့်မတူဘဲ အရှိန်အဝါ ကြီးမားလှသည်။ ၎င်းသည် ခရမ်းရောင် ဧကရာဇ်ကြယ် ရဲ့ အစောင့်အရှောက် နတ်ဘုရား ဖြစ်သည်ဟု ကောလာဟလ ရှိခဲ့သည်။ ဧကရာဇ် ကိုယ်တိုင်တောင် ဘိသိက်ခံပွဲ မကျင်းပမီ ထိုနေရာတွင် ဝတ်ပြုရလေ့ ရှိသည်။

ဒါ့အပြင် ဘုရားကျောင်းသည် လူစည်ကားသော နေရာတွင် ရှိနေသဖြင့် ၎င်းသည် သူ့ဘာသာ လုံခြုံရေး ရှိနေသလိုမျိုးလည်း ဖြစ်နေသည်။

ဒီလို အရေးကြီးတဲ့ အချိန်မှာ အမွှေးတိုင် နတ်ဘုရားဂိုဏ်း အနေနဲ့ အာရုံစိုက်မခံရအောင် နေရမည် ဖြစ်သည်။

ထိုက်ဟူ ခရိုင်အတွင်းမှာဆိုလျှင် ပို၍ပင် သတိထားရမည်။

ချန်ဆန်းရှီ ဓားတစ်စင်းကို ကိုင်ဆောင်ကာ ဘုရားကျောင်းထဲသို့ ဝင်သွားပြီး သိပ်မကြာခင်မှာပင် ဘုရားကျောင်း အစေခံတစ်ဦး ရောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။ "ခင်ဗျားက သူရဲကောင်း ကျန်း လား"

"ငါ မဟုတ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ"

ချန်ဆန်းရှီက အမိန့်ပေးသံဖြင့် ဆိုသည်။ "မင်းတို့ရဲ့ ခေါင်းဆောင်ကို ထွက်လာပြီး ငါနဲ့ စကားပြောခိုင်းလိုက်"

"သူရဲကောင်း ကျန်း... ခင်ဗျားက စောရောက်နေတာပဲ"

ဘုရားကျောင်း အစေခံက ဆိုသည်။ "ချိန်းထားတဲ့ ရက်အထိ ရက်အနည်းငယ် လိုပါသေးတယ်။ ခင်ဗျားမှာ ပြောစရာ ရှိမယ်ဆိုရင် ကျွန်တော် အရင်ဆုံး သတင်းပါးပေးလို့ ရပါတယ်"

"မင်းတို့ရဲ့ ကြီးကြပ်ရေးမှူးကို သွားပြောလိုက်"

ချန်ဆန်းရှီက မျက်ခုံးပင့်ကာ ဆိုသည်။ "အစကတော့ မင်းတို့နဲ့ ပူးပေါင်းဖို့ ငါ စိတ်မကူးထားဘူး။ ဘာလို့လဲဆိုတော့ မင်းတို့ဆီမှာ ငါ လိုချင်တဲ့ အရာတစ်ခုမှ မရှိလို့ပဲ။ ဒါပေမဲ့ မင်းတို့ ကံကောင်းသွားတယ်။"

"ငါ့မှာ မကြာသေးခင်က ဒဏ်ရာရထားတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေတယ်။ သူက သွေးကြောတွေကို ပြန်လည် ကုသပေးနိုင်မယ့် အားကောင်းတဲ့ ဆေးတစ်မျိုး လိုအပ်နေတယ်။"

"ဒါဟာ ဆွေးနွေးဖို့အတွက် တင်ပြတဲ့ အခြေအနေပဲ။"

"တကယ်လို့ နောက်ပိုင်းမှာ မင်းတို့ ငါ့ရဲ့ အကူအညီကို လိုချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ ဘယ်လောက်အထိ ရိုးသားမှု ရှိလဲဆိုတာအပေါ်မှာ မူတည်လိမ့်မယ်"

တစ်ဖက်လူက သူ့ကို အမွှေးတိုင် နတ်ဘုရားဂိုဏ်း က အဆင့်မြင့် ကျင့်ကြံသူတစ်ဦးဟု ထင်မှတ်နေသဖြင့် သူသည် ဘာမှ မဟုတ်တာကို လွယ်လွယ်ကူကူ တောင်းဆို၍ မရပေ။ တစ်ဖက်လူက မိမိသဘောဖြင့် လိုလားစွာ ပေးလာအောင် နည်းလမ်းရှာရမည် ဖြစ်သည်။

All Chapters