အခန်း (၄၅၅-၄၅၆)
Vol. 46 Ch. 455-456
အခန်း (၄၅၅) - ကိုယ်စီကိုယ်ငှ အကြံယုတ်များ ၊ မီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီးနှင့် အလောင်းပြင်မျက်နှာနှင့် လူလတ်ပိုင်း ၊ ကျွေ့ဟွာ ဂူဝမှာ စောင့်ကြပ်ခြင်း
ကျင့်ကြံသူအများအပြားမှာ တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုနေကြသည်။
နတ်ဘုရားနယ်မြေ အတွင်း၌ လီယန်ချူသည် ရဟန္တာပုံရိပ်နှင့်ထောင်ယဲ့ မိစ္ဆာပုံရိပ်တို့ကို နှိမ်နင်းခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့် ကျင့်ကြံသူများမှာမူ ထိုသွေးချီဓာတ်ဆေးလုံးကို လုယူရန် အကြံကို ချက်ချင်းပင် လက်လျှော့လိုက်ကြတော့သည်။
နတ်ဘုရားနယ်မြေထဲ မှာတုန်းကတောင် မလုရဲတာ၊ အပြင်ရောက်မှ အရက်မူးနေလို့ သွားလုရမှာလား အဲ့ဒီ တာအိုဆရာ လူငယ်လေးရဲ့ ဆေးလုံးကို သွားလုတယ်ဆိုတာ အသက်ကို အပိုပေးချင်လို့ပဲ ဖြစ်ရမယ်။
သို့သော်လည်း...
ပြင်းထန်လှသော ထိုသက်စောင့်စွမ်းအင် အရှိန်အဝါမှာ အချို့သောသူများ၏ စိုးရိမ်ထိတ်လန့်မှုကိုတော့ ဖြစ်ပေါ်စေခဲ့သည်။
လီယန်ချူကို တစ်ခါမှ မမြင်ဖူးသည့် အချို့သော အဖိုးကြီးများမှာမူ ဤမျှ စွမ်းအင်ကြီးမားသည့် ဆေးလုံးအတွက်ဆိုလျှင် သူတို့၏ အသက်ကိုပင် ရင်းရဲကြသည်။
အသက်ရှည်လိုဇောဖြင့် ကံကြမ္မာကို အန်တုလိုကြသည့် ဤသူများ လုပ်ဆောင်နိုင်သည့် အရာများနှင့် သူတို့ ပေးဆပ်မည့် တန်ဖိုးများမှာ သာမန်လူတို့ စိတ်ကူးကြည့်၍ပင် ရနိုင်မည် မဟုတ်ချေ။
အထူးသဖြင့် ထိုအဖိုးကြီး များမှာ ကောင်းကောင်း သိထားကြသည်မှာ ထိုကဲ့သို့သော ဆေးလုံးမျိုးကို သုံးစွဲသည့်အခါ မတော်တဆမှုများ သေချာပေါက် ဖြစ်လာနိုင်သဖြင့် အလွန်သတိထားရမည် ဖြစ်ကြောင်းပင်။
ဖြစ်နိုင်သည်မှာ ဆေးသုံးစွဲသူသည် ဆေးရှိန်မခံနိုင်ဘဲ ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးသွားနိုင်သည်၊ ထိုအခါမျိုးတွင် ဆေးသုံးစွဲထားသည့် ထိုသူ၏ အသားကို စားခြင်း၊ အရိုးကို စွပ်ပြုတ်လုပ်သောက်ခြင်း သို့မဟုတ် လူသားဓာတ်ဆေးလုံးအဖြစ် ပြန်လည်ဖော်စပ်ခြင်းတို့ ပြုလုပ်ပါကလည်း အလွန်ပင် ထူးခြားသည့် အာနိသင်များကို ရရှိနိုင်ပေသည်။
ထို့ကြောင့် အလင်းတန်းအချို့မှာ ဝေမြို့ရှိ တောင်တန်းများဆီသို့ ပျံသန်းသွားကြတော့သည်။
လီယန်ချူ တောင်ထဲသို့ ဝင်လာခြင်းမှာ တစ်နည်းအားဖြင့် အကျိုးရှိသွားစေသည်။
ဥပမာ အခြားသူများ လိုက်လာရန် အချိန်ယူရခြင်းမျိုးပေါ့။
ထို့အပြင် သာမန်အရပ်သားများနှင့် ဝေးရာသို့ ရောက်နေသဖြင့် သူတို့ တိုက်ခိုက်ကြသည့်အခါ လူသေဆုံးမှု မရှိနိုင်တော့ပေ။
တောင်ဂူအတွင်း၌...
လီယန်ချူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီများမှာ အလွန်ပင် ထူထပ်သိပ်သည်းနေပြီး သူ့တစ်ကိုယ်လုံးကို ဝန်းရံထားသည်။
ထိုပုံရိပ်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသလို အမြင်အာရုံကိုလည်း ဖမ်းစားနိုင်စွမ်း ရှိသည်။
အလွယ်ပြောရလျှင် ဆူပါဆိုင်းယန်း အသွင်ပြောင်းသကဲ့သို့ပင် ဖြစ်သော်လည်း ဆံပင်အရောင်ကတော့ ပြောင်းမသွားချေ။
သွေးချီဓာတ်ဆေးလုံးကို စုပ်ယူလိုက်သည်နှင့်အမျှ သူ၏ အရှိန်အဝါမှာလည်း တရိပ်ရိပ် မြင့်တက်လာနေသည်။
ဒုန်း ဒုန်း ဒုန်း
ဒါကတော့ လီယန်ချူ၏ အားကောင်းလှသော နှလုံးခုန်သံပင် ဖြစ်သည်။
နားကွဲလုမတတ် ကျယ်လောင်လှပြီး မိုးကြိုးပစ်သံကဲ့သို့ပင် ထိုအသံမှာ ဟာလာဟင်းလင်းဖြစ်နေသည့် ဂူနက်ကြီးအတွင်း၌ ပဲ့တင်ထပ်နေတော့သည်။
အလွန်ပင် ပြင်းထန်လှသည့် သွေးချီအရှိန်အဝါများမှာ ပြန့်နှံ့သွားပြီးနောက် ဝုန်း ကနဲ ပေါက်ကွဲထွက်သွားသည်။
လေထုမှာလည်း ပူပြင်းလာပြီး အပူလှိုင်းများမှာ တရဟော လိမ့်တက်လာတော့သည်။
ဂူဝတွင် စောင့်နေသည့် ကျွေ့ဟွာမှာ ထိတ်လန့်သွားပြီး တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်ထွက်သွားရသည်။
"ဘာတွေ ဖြစ်နေတာလဲ "
သူမ၏ ပထမဆုံး အတွေးမှာ လီယန်ချူ တစ်ခုခု ဖြစ်သွားပြီလား ဆိုသည်ပင်။
သူမသည် ကိုယ်ယောင်ဖျောက်အတတ်ဖြင့် အနီးသို့ သွားကြည့်ရန် ကြိုးစားသော်လည်း ပြင်းထန်လှသော သွေးချီများကြောင့် နောက်သို့ ပြန်လည် လွင့်ထွက်သွားရသည်။
ကျွေ့ဟွာ : "..."
ဒီလောက်တောင် ကြမ်းတမ်းတဲ့ အရှိန်အဝါမျိုးလား။
"ငါ ဘာမှမဖြစ်ဘူး၊ ဂူဝမှာပဲ စောင့်နေ၊ ဘယ်သူ့ကိုမှ ဝင်မလာစေနဲ့ "
လီယန်ချူ၏ တည်ငြိမ်လေးနက်သော အသံမှာ ဂူအတွင်းမှ ထွက်ပေါ်လာသည်။
ကျွေ့ဟွာမှာ ထိုအသံကို ကြားမှ လီယန်ချူ ဘာဘေးအန္တရာယ်မှ မရှိကြောင်း အတည်ပြုနိုင်ပြီး ဂူဝသို့ ပြန်လှည့်ကာ စောင့်ကြပ်နေလိုက်သည်။
လီယန်ချူမှာ အလိုလို သိနေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီဓာတ်ဆေးလုံးကို အကုန်အစင် ချေဖျက်ပြီးပါက သူ၏ ကိုယ်ထည်မှာ ထိတ်လန့်စရာကောင်းသည့် အဆင့်တစ်ခုသို့ တက်လှမ်းသွားမည် ဖြစ်ကြောင်းပင်။
ထိုဖြစ်စဉ်ကို လုံးဝ အနှောင့်အယှက် အဖြတ်အတောက် အဖြစ်မခံနိုင်ပေ၊ မဟုတ်ပါက ဆေးအာနိသင်ကို ထိခိုက်သွားစေနိုင်သည်။
ထိုအချိန်တွင် မှဲ့များ ထူထပ်နေသည့် မီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီးတစ်ဦးသည် သူ၏ ကိုယ်တွင်းစွမ်းအား ကုန်ဆုံးမည်ကို ဂရုမစိုက်ဘဲ နှလုံးသွေးတစ်စက်ကို အသုံးပြုကာ သက်စောင့်စွမ်းအင်များ ရှိရာဆီသို့ အမြန်ဆုံး ရောက်ရှိလာခဲ့သည်။
သူ၏ လှုပ်ရှားမှုမှာ နှေးကွေးနေဟန် တူသော်လည်း အမှန်တကယ်တွင်မူ အလွန်ပင် လျင်မြန်လှသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပေ ၂၀ ခန့် ရောက်သွားပြီး အရှိန်အဝါများမှာလည်း ပေါက်ကွဲထွက်နေသည်။
မကြာခင်မှာပင် သူသည် တောင်ဂူရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ဒုန်း ဒုန်း ဒုန်း "
ပြင်းထန်လှသော နှလုံးခုန်သံနှင့် ကောင်းကင်မြေကြီးအကြား ပြည့်နှက်နေသည့် သက်စောင့်စွမ်းအင်များကြောင့် သက်တမ်းကုန်ခါနီးနေပြီဖြစ်သော ထိုအဖိုးကြီးမှာ မျက်လုံးများ တောက်ပလာတော့သည်။
သူ၏ ဝေဝါးနေသော မျက်လုံးများထဲတွင် စူးရှသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။
သူသည် အလွန်ပင် အိုမင်းနေပြီ ဖြစ်သည်။
အကယ်၍ လျှို့ဝှက်အတတ်ပညာကို သုံးကာ အလောင်းကောင်သေတ္တာထဲတွင် အသေယောင်ဆောင်ပြီး အိပ်မနေခဲ့ပါက သူ၏ သက်တမ်းမှာ လွန်ခဲ့သည့် အချိန်ကတည်းက ကုန်ဆုံးသွားလောက်ပြီ ဖြစ်သည်။
ယခုတစ်ခေါက် တောင်ပေါ်မှ ဆင်းလာသည့်အခါ သူသည် လူငယ်အချို့ကို စားသုံးခဲ့ပြီးမှသာ အားအင်အချို့ ပြန်လည် ရရှိထားခြင်း ဖြစ်သည်။
လူသားကို စားခြင်း
၎င်းမှာ ကျင့်ကြံသူလောကအတွင်း အသက်ရှည်ရန် လျှို့ဝှက်လုပ်ဆောင်ကြသည့် နည်းလမ်းဆိုးတစ်ခုပင် ဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် သူသည် စိတ်ထဲရှိ နောက်ဆုံးခံတပ်ကို ချိုးဖျက်ကာ လူသားစားပြီး အသက်ရှည်သည့် လမ်းစဉ်ပေါ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ထူးခြားသည့် အလောင်းကောင်သေတ္တာကို အသုံးပြုကာ အသေယောင်ဆောင်ခြင်းဖြင့် ကောင်းကင်ဘုံ၏ စောင့်ကြည့်မှုကို ဖုံးကွယ်ထားနိုင်ခဲ့သဖြင့်သာ ယနေ့အထိ အသက်ဆက်နိုင်နေခြင်း ဖြစ်သည်။
သို့သော် သူသည် နတ်ဘုရားနယ်မြေ ထဲကို ရောက်သွားခဲ့သော်လည်း ဘာမှ မရသေးခင်မှာပင် နယ်မြေထဲ က သူ့ကို အတင်းအကျပ် ပြန်လည် ကန်ထုတ်ခဲ့သည်။
ထို့ကြောင့် ဤမီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီးသည် ယခုတစ်ခေါက်တွင်မူ ဒီအခွင့်အရေးကို လုံးဝ အဆုံးရှုံးမခံတော့ဟု ကျိန်ဆိုထားသည်။
ဤမျှ စင်ကြယ်လှသော သက်စောင့်စွမ်းအင်ကို သူ သေချာပေါက် ရယူရမည်။
ယခုအခါ ထိုအဖိုးကြီး၏ မျက်နှာပေါ်မှ အသက်ကြီးမှဲ့များမှာ ပို၍ ထင်ရှားလာပြီး လက်မောင်းပေါ်တွင်လည်း အလောင်းကောင် အကွက်များ ပေါ်လာနေပြီ ဖြစ်သည်။
ဤခန္ဓာကိုယ်မှာ အလွန်ပင် ပုပ်သိုးဆွေးမြည့်နေပြီ မဟုတ်ပါလား။
သူ၏ မျက်လုံးများထဲတွင် ရက်စက်သည့် အရိပ်အယောင်များ ပေါ်လာကာ ရင်ဘတ်ထဲမှ အလောင်းကောင်သေတ္တာရိုက်သည့် သံမှိုတစ်ချောင်း၊ လျော်ကြိုးတစ်ပင်နှင့် နှစ်ပေါင်း ရာချီရှိသည့် အလောင်းဆီ တို့ကို ထုတ်ယူလိုက်သည်။
သူသည် ထိုပစ္စည်းများကို အသုံးပြုကာ ဂူထဲမှ ကျင့်ကြံသူကို နှိမ်နင်းပြီး နတ်ဆေးလုံးကို လုယူရန် ဂူထဲသို့ ပြတ်ပြတ်သားသား ဝင်လိုက်သည်။
ရုတ်တရက်
မီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီးသည် ခြေလှမ်းများကို ရပ်လိုက်ရသည်။
ဂူဝတွင် လိမ္မော်ရောင် ကြောင်လေးတစ်ကောင်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင်။
"ဘယ်ကလာတဲ့ တိရစ္ဆာန်လဲ ငါ့ရှေ့က ဖယ်စမ်း "
အဖိုးကြီး၏ အသံမှာ အက်ကွဲနေပြီး နားမခံသာလောက်အောင်ပင် စူးရှလှသည်။
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပုပ်စော်နံလှသော အအေးလေလှိုင်းကြီးမှာ ကြောင်လေးဆီသို့ လွင့်ထွက်သွားတော့သည်။
ရှူး
ကြောင်လေးက လက်သည်းဖြင့် ကုတ်ခြစ်လိုက်ရာ ထက်မြက်လှသော လေဓားပုံရိပ် သုံးခုမှာ အအေးလေလှိုင်းကို ချက်ချင်းပင် ဆွဲဖြဲပစ်လိုက်ပြီး အဖိုးကြီး၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဂွမ်း
အဖိုးကြီး၏ ရင်ဘတ်တွင် တပ်ဆင်ထားသည့် နှလုံးကာမှန်ချပ် တွင် အက်ကြောင်းများ ပေါ်သွားရသည် သူသည် မယုံနိုင်ဟန်ဖြင့် ငုံ့ကြည့်လိုက်မိသည်။
ဤမှန်ချပ်မှာ တိုင်းပြည်တည်ထောင်ခဲ့သည့် မြင့်မြတ်သော မှူးမတ်တစ်ဦး၏ ဂူသင်္ချိုင်းမှ တူးဖော်ရရှိထားသည့် ရတနာဖြစ်သော်လည်း ကြောင်တစ်ကောင်၏ ကုတ်ခြစ်မှုကြောင့် ပျက်စီးသွားရသည်ပါလား။
အဖိုးကြီးသည် လက်ဝါးထဲသို့ စွမ်းအားများ စုစည်းကာ အားကုန် ရိုက်ထုတ်လိုက်ပြန်သည်။
ကြောင်လေးကလည်း လက်သည်းကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ထက်မြက်လှသော လေဓားနှင့် လက်ဝါးလေလှိုင်းတို့ ထိပ်တိုက်တွေ့ကြတော့သည်။
ဗုံး
စွမ်းအားနှစ်ခု ပေါက်ကွဲသွားပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။
မီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီးမှာ နောက်သို့ အနည်းငယ် ယိုင်သွားရပြီး မျက်နှာမှာလည်း အလွန်ပင် အကျည်းတန်သွားတော့သည်။
သူသည် အသက်ရှည်ရန်အတွက် ကံကြမ္မာကို အန်တုပြီး နတ်ဆေးလာလုခြင်း ဖြစ်သော်လည်း ဆေးပိုင်ရှင်ကို မမြင်ရသေးခင်မှာပင် ကြောင်တစ်ကောင်၏ တားဆီးခြင်းကို ခံနေရသည်ပါလား။
"တိရစ္ဆာန်စုတ် ဒီနေ့တော့ ငါ နင့်ကို အစုတ်စုတ်အမွှာမွှာ ဖြစ်အောင် လုပ်ပစ်မယ် "
အဖိုးကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲရှိ ထူးဆန်းသော လျော်ကြိုးမှာ သက်ရှိတစ်ခုကဲ့သို့ ကျွေ့ဟွာကို ဝိုင်းပတ်လိုက်တော့သည်။
ကျွေ့ဟွာသည် ထိုလျော်ကြိုးကို ရွံရှာစွာ ကြည့်လိုက်သည်။
၎င်းတွင် ပြင်းထန်လှသော သေမင်းအရှိန်အဝါ များ ရှိနေသည်။
၎င်းမှာ လူကို ဆွဲကြိုးချသတ်သည့် ကြိုးဖြစ်ရမည်၊ ၎င်းအပြင် လူတစ်ယောက်ထက်မက သေဆုံးခဲ့ဖူးသည့် ကြိုးပင် ဖြစ်သည်။
သူမသည် လက်သည်းများကို ဝှေ့ယမ်းကာ ထိုအဖိုးကြီးနှင့် စတင် တိုက်ခိုက်တော့သည်။
ကျွေ့ဟွာမှာ အလွန်ပင် လျင်မြန်လှသဖြင့် အဖိုးကြီး၏ ယုတ်မာလှသော တိုက်ခိုက်မှုများမှာ သူမ၏ အပေါ်သို့ မကျရောက်နိုင်ပေ။
ထိုအချိန်တွင် အလောင်းပြင်မျက်နှာနှင့် လူလတ်ပိုင်းတစ်ဦးမှာ လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ထားရင်း အဖိုးကြီးနှင့် ကြောင်လေး တိုက်ခိုက်နေသည်ကို ရှောင်ကွင်းကာ ဂူဝသို့ အမြန်ဆုံး ပြေးဝင်ရန် ကြိုးစားလိုက်သည်။
သို့သော်...
ကျွေ့ဟွာက ပို၍ လျင်မြန်လှသည်။
သူမ၏ အရိပ်မှာ ဟာလာဟင်းလင်းထဲတွင် ပေါ်လာပြီးနောက် ချက်ချင်းပင် ကြီးမားလာတော့သည်။
ကျွေ့ဟွာသည် သူမ၏ ခန္ဓာကိုယ်ကို ကြီးမားအောင် ပြောင်းလဲလိုက်ပြီး နတ်သားရဲတစ်ကောင်ကဲ့သို့ ဂူဝကို ပိတ်ဆို့လိုက်သည်။
ကြီးမားလှသော သူမ၏ ခန္ဓာကိုယ်အရှိန်အဝါမှာ ထွက်ပေါ်လာပြီးနောက် အလောင်းပြင်မျက်နှာနှင့် လူလတ်ပိုင်းကို ရပ်တန့်သွားစေသည်။
ကျွေ့ဟွာ၏ အေးစက်သော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသဖြင့် သူ၏ စိတ်ထဲတွင် ဘေးအန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။
"မိုအို ... ဒီကြောင်က မရိုးရှင်းဘူး၊ ကျုပ်တို့ နှစ်ယောက်ပေါင်းပြီး သူ့ကို အရင်သတ်မှ ရမယ်၊ မဟုတ်ရင် ဒီဂူထဲကို ဝင်လို့ရမှာ မဟုတ်ဘူး "
ဟု လူလတ်ပိုင်းက အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီ"
မိုအိုဟု ခေါ်သည့် မီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီးက ခေါင်းညိတ်လိုက်သည်။
မျက်တောင်မခတ်ဘဲ လူသတ်ရဲသည့် ထိုမိစ္ဆာနှစ်ဦးသည် သူတို့၏ နည်းလမ်းအသွယ်သွယ်ကို အသုံးပြုကာ ကျွေ့ဟွာကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
ကျွေ့ဟွာမှာလည်း စိတ်ထဲတွင် အံ့ဩသွားရသည်။
ဤလူနှစ်ဦး၏ အဆင့်မှာ အလွန်ပင် မြင့်မားလှသည်ပါလား သူမသည် ချင်းယွန်းကျောင်းတွင် ကျင့်ကြံမှု အနည်းငယ် တက်လာခဲ့သော်လည်း တစ်ယောက်ချင်းဆိုလျှင် အနိုင်ယူရန် အခွင့်အရေး ရှိသော်လည်း၊ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်လာလျှင်မူ သူမ မယှဉ်နိုင်တော့ပေ။
အထူးသဖြင့် ထိုသူများ ဂူထဲသို့ မဝင်နိုင်အောင်ပါ သူမက တားဆီးနေရသည် မဟုတ်ပါလား။
ကြောင်ဆိုသည်မှာ သဘာဝအရ ခံစစ်နှင့် ခံနိုင်ရည်ပိုင်းတွင် အားနည်းသည့် သတ္တဝါမျိုး ဖြစ်သည်။
အခန်း (၄၅၆) - လူငယ်ဓားသမားလား ဒါမှမဟုတ် ဖားလား ၊ ငါတော့ မတောင့်ခံနိုင်တော့ဘူး ၊ ပြင်းထန်လှသော သွေးချီများ ၊ အရူးများ
ကျွေ့ဟွာမှာ မကြာမီမှာပင် အရေးနိမ့်သည့်ဘက်သို့ ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင် မျက်လုံးမှာ ငါးသေမျက်လုံးကဲ့သို့ ပြူးကျယ်နေပြီး တစ်ကိုယ်လုံးမှ အလောင်းပုပ်နံ့များ ထွက်ပေါ်နေသည့် အမျိုးသမီးတစ်ဦး ပေါ်လာကာ တိုက်ပွဲအတွင်းသို့ အတင်းအကျပ် ဝင်ရောက်လာပြန်သည်။
ကျွေ့ဟွာ၏ အခြေအနေမှာ ချက်ချင်းပင် အန္တရာယ်ရှိလာတော့သည်။
သူမသည် ဂူအတွင်းဘက်သို့ မသိမသာ လှည့်ကြည့်လိုက်မိရင်း သွားကို တင်းတင်းကြိတ်လိုက်သည်။
ဒီကောင်က ငါ့အပေါ် သိပ်ပြီး လေးစားမှုမရှိပေမဲ့ ငါတို့ကြားက ဆက်ဆံရေးကတော့ မဆိုးပါဘူး... သူ့ကို စောင့်ပေးမယ်လို့ ကတိပေးထားတာပဲ၊ ဘာပဲဖြစ်ဖြစ် ဖြစ်အောင် စောင့်ပေးရမယ်
ကျွေ့ဟွာ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ နောက်တစ်ကြိမ် မြင့်တက်လာပြီး လှုပ်ရှားမှုများလည်း ပိုမိုမြန်ဆန်လာသည်။
သူမသည် ထူးဆန်းယုတ်မာလှသည့် အတတ်ပညာများရှိသည့် ထိုကျင့်ကြံသူ သုံးဦးနှင့် အသည်းအသန် လုံးထွေးတိုက်ခိုက်နေတော့သည်။
ဘေးပတ်ပတ်လည်ရှိ သစ်တောများအတွင်း၌လည်း အခြားသော လူရိပ်အချို့ ထပ်မံတိုးပွားလာသည်။
သူတို့အားလုံးမှာ ကောင်းကင်သို့ ထိုးတက်နေသည့် တောက်ပသော အနီရောင်အလင်းတန်းဟူသည့် ကောင်းကင်နှင့်မြေကြီး၏ ထူးခြားဖြစ်စဉ်ကို မြင်တွေ့ပြီး ဆွဲဆောင်ခံလိုက်ရသည့် ကျင့်ကြံသူများပင် ဖြစ်သည်။
ဤလူများထဲတွင် တရားသောလမ်းကို လိုက်သူများရှိသလို၊ မျက်တောင်မခတ်ဘဲ လူသတ်ရဲသည့် မိစ္ဆာဆိုးများနှင့် ကျင့်ကြံမှုအောင်မြင်ပြီး လူအသွင်ပြောင်းထားသည့် မိစ္ဆာသတ္တဝါများလည်း ပါဝင်သည်။
သူတို့သည် ထိုပြင်းထန်လှသော သက်စောင့်စွမ်းအင်ကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် လောဘစိတ်များ ချက်ချင်းပင် ထကြွလာကြတော့သည်။
ထိုအထဲတွင် ဆွဲဆောင်မှုရှိပြီး မိစ္ဆာဆန်ဆန် လှပသော အမျိုးသမီးငယ်တစ်ဦးနှင့် သူမ၏ဘေးတွင် ဓားတစ်လက်ကို ကျောပိုးထားကာ အေးစက်သော မျက်လုံးများရှိသည့် လူငယ်တစ်ဦး ပါဝင်သည်။
"စီနီယာဝမ်... ဒီလောက်တောင် ပြင်းထန်တဲ့ သက်စောင့်စွမ်းအင်ဆိုရင်တော့ ဒါဟာ တကယ့်ကို ရှားပါးလှတဲ့ နတ်ရတနာပဲ ဖြစ်ရမယ်"
ထိုမိစ္ဆာမလေးမှာ လျိုချင်းချင်း ပင် ဖြစ်သည်။
သူမသည် ဝေမြို့ထဲတွင် ရှိနေစဉ်ကတည်းက ဤအလင်းတန်းကို မြင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ ချွဲနွဲ့သော အသံလေးဖြင့် လူငယ်ဓားသမားကို ပြောလိုက်ခြင်းဖြစ်သည်။
"ချင်းချင်းလေး သဘောကျတယ်ဆိုရင် ငါ သွားယူပေးမယ်"
ချောမောသော ထိုလူငယ်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
သူ၏ မျက်လုံးများအတွင်းမှ ထက်မြက်လှသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
၎င်းမှာ အလွန်ပင် စူးရှလှသည်။
ဓားမှာ အိမ်ထဲမှ မထွက်ရသေးသော်လည်း ဓားအရှိန်အဝါ မှာ ရောက်နှင့်နေပြီဖြစ်သည်။
ကျွေ့ဟွာ၏ ကိုယ်ပေါ်တွင် အလင်းတန်းတစ်ခု ပေါ်လာသော်လည်း ခဏမျှသာ တားဆီးနိုင်ပြီး ထိုဓားအရှိန်အဝါ၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ကျွေ့ဟွာမှာ တုံ့ပြန်မှု မြန်ဆန်လှသဖြင့်သာ ထိုဓားအရှိန်အဝါကြောင့် အနာတရ မဖြစ်သွားခြင်းဖြစ်သည်။
သူမသည် ထိုလူငယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အရိပ်တစ်ခုကဲ့သို့ အတင်းခုန်အုပ်ကာ တိုက်ခိုက်တော့သည်။
သို့သော် ချောမောသော လူငယ်မှာ အေးဆေးတည်ငြိမ်စွာဖြင့် ကျောနောက်မှ ရှေးဟောင်းဓားကို ဆွဲထုတ်လိုက်သည်။
ချလွင်
နဂါးဟိန်းသံကဲ့သို့ စူးရှသော အသံနှင့်အတူ ထက်မြက်လှသော ဓားအရှိန်အဝါများမှာ ချက်ချင်းပင် နဂါးဖြူတစ်ကောင်အဖြစ် စုစည်းသွားကာ ကျွေ့ဟွာထံသို့ ပြေးဝင်သွားသည်။
ဓားနဂါးဖြူနှင့် ကျွေ့ဟွာ၏ ကြီးမားလှသော ခန္ဓာကိုယ်တို့ တိုက်မိကြရာ ကျွေ့ဟွာမှာ နောက်သို့ လွင့်ထွက်သွားရသည်။
အကယ်၍ သူမတွင် ထူးခြားသော ပါရမီစွမ်းရည်များ မရှိပါက ယခုအချိန်တွင် ဓားနဂါးဖြူ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ကျွေ့ဟွာ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းမှ ထိုစွမ်းအားများမှာ သူမကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပြီးပြီ ဖြစ်သည်။
အကယ်၍ မကြာမီတွင် ထိုစွမ်းအားများ ကုန်ဆုံးသွားပြီး သူမ အိပ်ပျော်သွားခဲ့ပါက ဤနေရာတွင်ပင် သူမ အသက်ပျောက်သွားပေလိမ့်မည်။
ဒီကောင်က ဆေးစားနေတာ ဘာလို့ အခုထိ ထွက်မလာသေးတာလဲ
သူမသည် ဂူအတွင်းဘက်သို့ အနည်းငယ် စိတ်ပျက်အားငယ်စွာဖြင့် လှည့်ကြည့်လိုက်မိသည်။
မီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီး မိုအို၊ အလောင်းပြင်မျက်နှာနှင့် လူလတ်ပိုင်း၊ ထူးဆန်းသော မိန်းမကြီး၊ လူငယ်ဓားသမား၊ ထို့ပြင် အသားတောင်ကြီးကဲ့သို့ ထွားကြိုင်းလှသော လူဝကြီးတစ်ဦးနှင့် ပိန်ရှည်ရှည် ဝတ်စုံနက်ဝတ် အမျိုးသားတစ်ဦး။
ဤလူခြောက်ဦးမှာ ကျွေ့ဟွာကို တစ်ပြိုင်နက်တည်း ဝိုင်းဝန်း တိုက်ခိုက်နေကြသည်။
အထူးသဖြင့် အသားတောင်ကြီးကဲ့သို့ ထွားကြိုင်းလှသော လူဝကြီးမှာ အသားထူပြီး ခွန်အားကြီးမားလှသည်။
သူက ကျွေ့ဟွာကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်နေ၏။
"ကောင်းလိုက်တဲ့ ကြောင်မိစ္ဆာ... ငါ့အတွက် အမြည်းလုပ်ဖို့ အတော်ပဲ "
သူက လက်သီးဖြင့် အားကုန်လွှဲရိုက်လိုက်ရာ ထိုခွန်အားမှာ လူသားတစ်ဦး၏ အားမျိုးမဟုတ်ဘဲ ကြမ်းတမ်းလှသော တောရိုင်းတိရစ္ဆာန်ကြီး တစ်ကောင်ကဲ့သို့ပင် ပြင်းထန်လှသည်။
ယခုအခါ ဝေမြို့တွင် နဂါးနှင့် ကျားများ ပုန်းအောင်းနေကြသကဲ့သို့ပင်။
နတ်ဘုရားနယ်မြေ ပေါ်ထွက်လာမှုကြောင့် ကျင့်ကြံသူ အမြောက်အမြား ဤနေရာသို့ ရောက်ရှိနေကြသည်။
လောကကြီးမှာ ကျယ်ပြောလှသဖြင့် ကျင့်ကြံမှု မြင့်မားသော်လည်း နာမည်မကျော်ကြားသည့် ကျင့်ကြံသူများစွာ ရှိနေသည်။
အထူးသဖြင့် ယခုကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ခေတ်ကာလတွင် ပျောက်ကွယ်နေသည့် နတ်ဘုရားနယ်မြေများ ခဏခဏ ပေါ်ထွက်လာသဖြင့် ပုန်းအောင်းနေသည့် အင်အားစုများမှာလည်း အခွင့်အရေးကို လုယူရန် ထွက်ပေါ်လာကြစမြဲ ဖြစ်သည်။
ရှေးဟောင်း ကျင့်ကြံသူ မိသားစုများနှင့် လျှို့ဝှက် ဂိုဏ်းပေါင်းစုံမှ လူများမှာ လူ့လောကအတွင်းသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
မူလက ရှိထားသည့် ဟန်ချက်များမှာ ပျက်စီးသွားခဲ့ပြီး ဤခေတ်ကာလမှာ အလှုပ်ခတ်ဆုံး ခေတ်တစ်ခု ဖြစ်လာတော့သည်။
ကျွေ့ဟွာမှာမူ ဤကဲ့သို့ ဝိုင်းဝန်း တိုက်ခိုက်ခံနေရခြင်းအပေါ် စကားတစ်လုံးတည်းသာ ပြောချင်တော့သည်။
တောက်
နေရာလေးတစ်ခုမှာ ဒီလောက်အထိ တိုက်ရည်ခိုက်ရည်ရှိတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိပေ။
ဝက်ဝံစုတ်... နင်သာ အခုထိ ထွက်မလာရင် ငါတော့ သေတော့မှာပဲ
ကျွေ့ဟွာမှာ စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။
သူမ၏ စိတ်နေစိတ်ထားမှာ အနည်းငယ် ကြမ်းတမ်းသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးမှာပင် လီယန်ချူကို အော်ဟစ် အကူအညီမတောင်းခဲ့ပေ။
လီယန်ချူကို အနှောင့်အယှက် ဖြစ်သွားမည်ကို သူမ စိုးရိမ်သောကြောင့်ပင်။
မူလက ဂူအတွင်းမှ ကြားနေရသည့် ထင်ရှားလှသော နှလုံးခုန်သံမှာ ယခုအခါတွင်မူ ရုတ်တရက် ပိုမို အားကောင်းလာတော့သည်။
ဒုန်း
ဒုန်း
ဒုန်း
ပြင်းထန်လှသော နှလုံးခုန်သံမှာ အချက်ပေးသံတစ်ခုကဲ့သို့ပင်။
လေထုမှာ တုန်ခါသွားပြီး ကြီးမားလှသော သက်စောင့်အားမာန်များမှာ ခုန်ပေါက်နေသည်။
သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော သွေးချီများကြောင့် လေထုမှာပင် ပူလောင်လာပြီး ထိတ်လန့်စရာကောင်းသော စွမ်းအင်လှိုင်းများမှာ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာတော့သည်။
၎င်းမှာ အေးစက်သော ရေကန်ထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် အရှိန်အဝါများမှာ ပွက်ပွက်ဆူလာသည်။
မြေကြီးများမှာ တုန်ခါကာ တောင်ကြီးမှာလည်း ယိုင်နဲ့သွားရတော့သည်။
တာအိုဆရာ လူငယ်လေးတစ်ဦး ဂူဝတွင် ပေါ်လာသည်။
သူ၏ ကိုယ်ပေါ်တွင် သာမန်လူတို့ မခံစားနိုင်သည့် ကြမ်းတမ်းလှသော စွမ်းအားများ ရှိနေပြီး သူ၏ သွေးချီများမှာလည်း တဟုန်းဟုန်း တောက်လောင်နေသည့် မီးဖိုကြီးတစ်ခုကဲ့သို့ပင်
အားလုံးမှာ တိုက်ခိုက်နေခြင်းကို မသိမသာ ရပ်တန့်လိုက်ကြသည်။
ထိုတာအိုဆရာ လူငယ်က သူတို့ကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် လူတိုင်း၏ တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်ထွက်သွားရပြီး ကမ္ဘာဦးခေတ်က ထိတ်လန့်စရာကောင်းသော သားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရသည်။
ပြင်းထန် ပူပြင်းလှသော သွေးချီများကြောင့် လူတိုင်း စိတ်လှုပ်ရှား တုန်ရင်သွားကြရတော့သည်။
"တတိယအဆင့် "
"သူက တတိယအဆင့် ကျွမ်းကျင်ပညာရှင်ပဲ"
"ဒီနေရာကနေ အမြန်ပြေးကြ "
တစ်စုံတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
လီယန်ချူက လက်ကို မြှောက်လိုက်ပြီး လက်သီးတစ်ချက် ပစ်ထုတ်လိုက်သည်
အားအင်ကြီးမားပြီး အသားတောင်ကြီးကဲ့သို့ ထွားကြိုင်းလှသော ထိုလူဝကြီးမှာ ကြမ်းတမ်းလှသော စွမ်းအားများကြောင့် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။
ဝုန်း
သူသည် လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ပြာအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ချေပြီ
လူတိုင်းမှာ ထိတ်လန့်ကုန်ကြသည်။
ဤလူဝကြီးမှာ ခံစစ်အလွန်ကောင်းသည့် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်နှင့် အရိုးအဆစ်များမှာလည်း အလွန်ပင် ကြံ့ခိုင်လှသည်။
စောစောကပင် ကြောင်မိစ္ဆာ၏ ထက်မြက်လှသော လက်သည်းများမှာ ထိုလူဝကြီးအပေါ်တွင် ဘာမှ မတတ်နိုင်ခဲ့သည်ကို သူတို့ မျက်ဝါးထင်ထင် မြင်ခဲ့ကြသည်။
သို့သော် ယခု တာအိုဆရာ လူငယ်မှာမူ လက်သီးတစ်ချက်တည်းဖြင့် ဤနေရာတွင် ခံစစ်အကောင်းဆုံး ကျင့်ကြံသူကို ဝိညာဉ်ပါ ပျောက်ကွယ်သွားအောင် ချေမှုန်းပစ်လိုက်ခြင်းပင်။
"ပြေး"
အလောင်းပြင်မျက်နှာနှင့် လူလတ်ပိုင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူတို့ လုံးဝ မယှဉ်နိုင်တော့ပေ သူ၏ စိတ်ထဲတွင် တိုက်ခိုက်ရန်ဟူသော အတွေး စိုးစဉ်းမျှပင် မရှိတော့ချေ။
သို့သော် လီယန်ချူ၏ လှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်လှသည်။
ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ထိုလူ၏ ရှေ့သို့ ရောက်သွားပြီး ပါးတစ်ချက် ရိုက်ချလိုက်သည်။
"မင်းက စကားအရမ်းများတာ "
ဝုန်း
အလောင်းပြင်မျက်နှာနှင့် လူလတ်ပိုင်း၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ သွေးမှုန်များအဖြစ် ပြောင်းလဲသွားပြီး၊ ပြင်းထန်လှသော သွေးချီများ၏ အာနိသင်ကြောင့် ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။
လီယန်ချူသည် မည်သည့် တာအို အရှိန်အဟုန် အတတ်ပညာကိုမျှ မသုံးဘဲ မိမိ၏ ခန္ဓာကိုယ် စွမ်းအားသက်သက်ဖြင့်သာ ယခင်က တာအိုအတတ်ပညာ သုံးထားသကဲ့သို့ မြန်ဆန်နေခြင်း ဖြစ်သည်။
နောက်တစ်ခဏတွင်...
သူသည် ထိုမိန်းမကြီး၏ ရှေ့သို့ ရောက်သွားပြန်သည်။
ထိုမိန်းမကြီးမှာ ပြင်ဆင်ထားပြီး ဖြစ်သဖြင့် သူမ၏ မည်းနက်လှသော ဆံပင်များမှာ ကောင်းကင်အနှံ့ မြွေနက်များကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာ ပျံ့နှံ့လာသည်။
သူမ၏ အရေပြားများမှာလည်း ပုပ်ဆွေးလာပြီး သူမ၏ အရှိန်အဝါမှာလည်း ရုတ်တရက် အားကောင်းလာတော့သည်။
ဝုန်း
လီယန်ချူက နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။
အလောင်းကောင်ကနေ မိစ္ဆာဖြစ်လာတာပဲဖြစ်ဖြစ်၊ ဆံပင်ရှည်တွေ ဘယ်လောက်ပဲ ထက်မြက်နေပါစေ၊ အားလုံး ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားရသည်။
ဝုန်း
သူသည် ပိန်ရှည်ရှည် ဝတ်စုံနက်ဝတ် အမျိုးသား၏ ရှေ့သို့ ရောက်သွားကာ ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်ရာ ထိုသူလည်း ကြေမွသွားရတော့သည်။ အားလုံး ပြာအဖြစ်သို့ပင်။
ယခုအခါတွင်မူ...
ဘယ်သူမှ မလှုပ်ရဲတော့ပေ
ကျွေ့ဟွာကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူများသာမက ဘေးပတ်ပတ်လည်တွင် မကောင်းသော အကြံဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများလည်း ဘာမှ မလုပ်ရဲတော့ချေ။
သူတို့သည် ပြင်းထန်လှသော သွေးချီများရှိသည့် ဤတာအိုဆရာ လူငယ်ကို ဒေါသထွက်သွားအောင် မလုပ်မိရန် အလွန်ပင် ကြောက်ရွံ့နေကြသည်။
"မင်းတို့တွေ ဦးနှောက် မရှိကြဘူးလား... ရတနာမြင်တာနဲ့ လာလုကြရလား "
"ပုရွက်ဆိတ်က သစ်ပင်ကြီးကို လှုပ်သလိုပဲ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာ "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ပင် သူသည် အေးအေးဆေးဆေး ဆေးစားချင်ရုံမျှသာ ဖြစ်သော်လည်း ထိုမျှအထိ ဆူညံပွက်လောရိုက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒီလူတွေ ရူးနေကြတာလား ငါက တိုက်ခိုက်ရတာ အရမ်းတော်မှန်း မသိကြဘူးလား ငါ့မှာ အစွမ်းမရှိဘဲနဲ့ ဒီသွေးချီဓာတ်ဆေးလုံးကို လုယူနိုင်ပါ့မလား။
သို့သော်လည်း... သံသယဖြစ်နေရုံနှင့်တော့ မပြီးပေ။
လီယန်ချူမှာ ဘယ်တော့မှ လက်မနှေးတတ်သူ ဖြစ်သည်။
သူ ကိုယ့်ကိုယ်ကိုယ် မှားတွေးခဲ့မိသည်ကို သူ သိလိုက်ရပြီ။
ကောင်းကင်ဘုံ၏ စောင့်ကြည့်မှုကို ဖုံးကွယ်ပြီး မိမိ၏ အရှိန်အဝါကို လျှော့ချထားခြင်းမှာ သူတစ်ပါးကို ကြောက်ရွံ့သွားစေမည် မဟုတ်ပေ။
ထို့ကြောင့် ယနေ့တွင် သူသည် လူသတ်ပွဲကြီးကို ကျင်းပတော့မည် ဤလူများ နောက်တစ်ခါ ဘယ်တော့မှ ဆူပူသောင်းကျန်းခြင်း မပြုရဲတော့အောင် သူ သတ်ပြရမည်။
သူ၏ မျက်လုံးများအတွင်းမှ လူသတ်လိုသည့် အငွေ့အသက်များမှာ အထင်အရှား ပေါ်ထွက်လာပြီး ကမ္ဘာမြေအကြားရှိ ပြင်းထန်လှသော သွေးချီများမှာလည်း ပေါက်ကွဲတော့မည့်အတိုင်း ဖြစ်နေသည်။
အဖိုးကြီး မိုအို ၏ မျက်လုံးများထဲတွင်မူ ရူးသွပ်မှုများ ပေါ်လာတော့သည်။
ဤမျှ ပြင်းထန်လှသော သက်စောင့်စွမ်းအင်များက ဤတာအိုဆရာ လူငယ်၏ ခန္ဓာကိုယ်ကို ဤမျှအထိ ထိတ်လန့်စရာကောင်းအောင် တွန်းတင်ပေးနိုင်ခဲ့သည်ဆိုလျှင်... အကယ်၍ ထိုစွမ်းအင်များသာ ငါ့ကိုယ်ပေါ်မှာ ရှိနေခဲ့ပါက ငါလည်း ပြန်လည် နုပျိုသွားနိုင်မှာ မဟုတ်ပါလား။
သူ့စိတ်ထဲတွင် ထိုကဲ့သို့သော အတွေးမျိုး ပေါ်လာခဲ့သည်။
လီယန်ချူ ထင်ထားသည့်အတိုင်းပင် ထိုလူများသည် အသက်ရှည်ရန်နှင့် ထာဝရရှင်သန်ရန်အတွက်ဆိုလျှင် တကယ်ကို ရူးသွပ် နေကြပြီ ဖြစ်သည်။