အခန်း (၄၅၉-၄၆၀)
Vol. 46 Ch. 459-460
အခန်း (၄၅၉) - အလွန်ကြီးမားသော တည်နေရာပြကိရိယာ ၊ ငတ်မွတ်ဝိညာဉ် ၊ အင်းခွေအဘွားအို ၊ကယ်ကြပါဦး
သူ သွေးချီဓာတ်ဆေးလုံး သုံးစွဲစဉ်က ကျွေ့ဟွာက သူ့အတွက် အစောင့်အရှောက် လုပ်ပေးခဲ့သလို၊ ယခုလည်း ကျွေ့ဟွာအတွက် ကျန့်ကျောင်းဓားကို အစောင့်အရှောက် လုပ်ပေးရန် သူ အမိန့်ပေးခဲ့သည်။
ထိုစကားကို ပြောပြီးသည်နှင့် လီယန်ချူသည် ကျောင်းတော်အတွင်းမှ အရှိန်အဟုန်ဖြင့် လှမ်းထွက်လာခဲ့သည်။
သူ၏လက်ထဲရှိ ရှစ်ခွင်မှန် တွင် မြို့ထဲရှိ အမှိုက်သရိုက် မိစ္ဆာအငွေ့အသက်နှင့် ယုတ်မာသော အရှိန်အဝါ တည်နေရာများကို မြင်တွေ့နေရပြီဖြစ်ရာ ထိုနေရာများကို တစ်ခုမကျန် အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ရန် သူ ကြံရွယ်ထားသည်။
မြို့ထဲရှိ လူနေအိမ်ခြေတစ်ခုအတွင်း၌ နံရံအင်္ဂတေများ ကွာကျနေပြီး ခြံဝန်းတစ်ခုလုံးတွင်လည်း ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေသည်။
အခန်းတွင်း၌ မှိုနံ့များ နံစော်နေပြီး ကြမ်းပြင်ပေါ်တွင်လည်း နာရေးသုံး စက္ကူငွေများနှင့် မီးဖိုခွက်များ ပြန့်ကျဲနေသည်။
ဝမ်းဗိုက်က အလွန်စူထွက်နေပြီး လည်ပင်းမှာမူ အလွန်ပင် သေးသွယ်လှသော အမျိုးသားတစ်ဦးသည် အဖြူရောင် ဖယောင်းတိုင်တစ်တိုင်ကို ကိုင်ကာ ဝါးမြိုစားသောက်နေသည်။
ဤ ငတ်မွတ်ဝိညာဉ် ၏ မျက်လုံးအစုံမှာ နီရဲနေပြီး စားသောက်ပုံမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
မည်သည့်နေရာမှ ရောက်ရှိလာသော မိစ္ဆာကောင်မှန်း မသိရချေ။
စက်ဆုပ်ဖွယ် တိတ်ဆိတ်နေသော အခန်းအတွင်း၌ သွားကြိတ်သံနှင့် ဝါးစားသောက်သံများသာ ထွက်ပေါ်နေသဖြင့် ကြားရသူတိုင်း ကြက်သီးထစရာပင်။
သာမန်လူများ ထိုနေရာသို့ ရောက်လာလျှင်ပင် အခန်းထဲရှိ ထိုငတ်မွတ်ဝိညာဉ်ကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
ကံဇာတာ အလွန်ညံ့ဖျင်းပြီး သေခါနီးဖြစ်နေသူများမှလွဲ၍ ကျန်သူများ မြင်နိုင်ရန် ခဲယဉ်းသည်။
ထိုသို့သောသူမျိုးမှာ ကိုယ်တွင်းရှိ ယန်မီး မှာ ငြိမ်းလုနီးပါး ဖြစ်နေပြီး ခြေတစ်ဖက်မှာ သင်းချိုင်းထဲ ရောက်နေသူများပင် ဖြစ်သည်။
ကျွီ...
အခန်းတံခါးမှာ ပွင့်သွားတော့သည်။
လေတစ်ချက် ဝေ့တိုက်သွားပြီးနောက် အလင်းတန်းများ အခန်းထဲသို့ တိုးဝင်လာရာ ထိုငတ်မွတ်ဝိညာဉ်၏ နီရဲနေသော မျက်လုံးအစုံမှာ ရုတ်တရက် လှည့်ကြည့်လာလေပြီ
ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသည့် အကြည့်ပင် သာမန်လူဆိုလျှင် ဤမြင်ကွင်းကို မြင်သည်နှင့် လန့်သေသွားနိုင်ပြီး ထိုငတ်မွတ်ဝိညာဉ်၏ အစာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
အကြောင်းမှာ ဤမိစ္ဆာကောင်များသည် များသောအားဖြင့် လူစင်စစ်၏ ကလီစာများကို စားသောက်လေ့ရှိသောကြောင့် ဖြစ်သည်။
တာအိုဆရာ လူငယ်လေးတစ်ဦးမှာ စပ်စုချင်သော အမူအရာဖြင့် တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။
အိမ်နီးနားချင်း လူငယ်တစ်ဦး အိမ်မှားဝင်လာသကဲ့သို့ပင် အေးဆေးလှသည်။
ငတ်မွတ်ဝိညာဉ်၏ အငွေ့အသက်မှာ ရုတ်တရက် အေးစက်သွားပြီး အခန်းထဲရှိ စက္ကူငွေများမှာလည်း မမြင်ရသော လက်တစ်စုံက ဝှေ့ယမ်းလိုက်သကဲ့သို့ လွင့်ပျံလာတော့သည်။
တာအိုဆရာလူငယ်လေးက အသာအယာ ပြုံးလိုက်ပြီး...
"မိပြီ"
ဟု ဆိုလိုက်သည်။
သူ၏ အမူအရာမှာ သူကိုယ်တိုင်ပင် ဗီလိန်ကြီးတစ်ဦး ဖြစ်နေသကဲ့သို့ပင်။
ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ငတ်မွတ်ဝိညာဉ်၏ ရှေ့သို့ ရောက်ရှိသွားပြီး ၎င်းကို တိုက်ရိုက် ဖမ်းချုပ်လိုက်တော့သည်။
သူ၏ လက်ဝါးအတွင်းမှ ပြင်းထန်လှသော သွေးချီများ ပေါက်ကွဲထွက်ပေါ်လာပြီး ခဏတာအတွင်းမှာပင် ထိုကြမ်းကြုတ်လှသော ငတ်မွတ်ဝိညာဉ်မှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားရတော့သည်။
ရှစ်ခွင်မှန်ပေါ်ရှိ အနီရောင်အစက်ကလေး တစ်စက် ကွယ်ပျောက်သွားသည်။
လီယန်ချူသည် အရေးမပါသော အသေးအဖွဲ ကိစ္စတစ်ခုကို လုပ်လိုက်သကဲ့သို့ပင် ထိုအေးစက်စက် အိမ်ပျက်ကြီးထဲမှ ပြန်လည် ထွက်ခွာသွားတော့သည်။
ကောင်လန်း ဟုခေါ်သော ပြည့်တန်ဆာနန်းတော်အတွင်း၌...
ကိုယ်လုံးကိုယ်ပေါက် လှပပြီး အသားအရေ နုညံ့လှပသော နာမည်ကြီး မိန်းမပျိုလေးတစ်ဦးသည် သူဌေးသား လူငယ်တစ်ဦးကို ပြုစုယုယနေရင်း မိမိ၏ သနားစရာ ဘဝဇာတ်ကြောင်းကို ခေါင်းငုံ့ကာ ပြောပြနေသည်။
"ကျမလည်း မူလက အရာရှိမျိုးရိုးထဲကပါရှင်၊ ကံမကောင်းချင်တော့ ငယ်ငယ်ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့ပြီး အရပ်ထဲ လွင့်စင်ခဲ့ရတာပါ။ အဲဒီမှာ စိတ်ကောင်းရှိတဲ့ ဒေါ်ဒေါ်တစ်ယောက်နဲ့ တွေ့ခဲ့ပေမဲ့ အဲဒီဒေါ်ဒေါ်က ငွေမက်တဲ့သူ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကျမကို ဒီကောင်လန်းထဲကို ရောင်းစားပစ်ခဲ့တာ... ကျမဘဝက တကယ်ကို ကံဆိုးလွန်းပါတယ်ရှင် "
ထိုမိန်းမပျိုလေးက ရှိုက်ကြီးတငင် ငိုကြွေးနေပြီး သူဌေးသားလေးကလည်း သူမ၏ ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးနေသည်။
ထို့နောက်တွင်မူ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စများ ဆက်လက် ဖြစ်ပွားတော့သည်။
သူဌေးသားလေး၏ စိတ်ဝိညာဉ် စွမ်းအင်များနှင့် သွေးသား အရှိန်အဝါများမှာ ထိုလုပ်ငန်းစဉ်အတွင်း၌ မပြတ်တမ်း ဆုံးရှုံးနေပြီး တစ်ကိုယ်လုံး နုံးချည့်သွားသော်လည်း သူ၏ မျက်နှာမှာမူ နီမြန်းနေကာ မျက်လုံးများထဲတွင် ထူးကဲသော သာယာမှုကို ခံစားနေရသည့်အလား တောက်ပနေသည်။
ရုတ်တရက် တာအိုဆရာ လူငယ်လေးတစ်ဦး ပေါ်လာသည်။
ကိုယ်ဟန်အနေအထားက တင့်တယ်ပြီး မျက်နှာထားမှာလည်း ပြတ်သားကာ အလွန်ပင် ခန့်ညားချောမောလှသည်။
ထိုမိန်းမပျိုလေးမှာ ကြောင်အသွားပြီးနောက် ဆွဲဆောင်မှုရှိသော လျှာလေးဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
"ချောလိုက်တဲ့ တာအိုဆရာလေး... ကျမကို လာဖမ်းဆီးချင်လို့လားရှင် "
လီယန်ချူ၏ မျက်လုံးထဲတွင် မြင်နေရသည်မှာ ရင်ခုန်စရာ မြင်ကွင်း မဟုတ်ပေ။
ခေတ်အမီဆုံး ဆံပင်ပုံစံကို ပြင်ဆင်ထားပြီး အလှဆုံး ပြင်ဆင်ခြယ်သထားသည့် အဘွားအို တစ်ဦးက လူငယ်လေးတစ်ဦးနှင့် ဖက်လှဲတကင်း ဖြစ်နေခြင်းပင်။
ဤမြင်ကွင်းမှာ သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။
"မိစ္ဆာအတတ်နဲ့ လူတွေရဲ့ အသက်စွမ်းအားကို စုပ်ယူနေတာတင် မကဘူး၊ ထွက်လာပြီး လူကိုပါ လန့်အောင် လုပ်နေသေးတယ် "
လီယန်ချူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး... လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ပူလောင်လှသော ယန်မီး များမှာ ထိုမိစ္ဆာအတတ်ကို ကျင့်ကြံသည့် အဘွားအိုကို ချက်ချင်းပင် လောင်ကျွမ်းစေခဲ့သည်။
ဤအဘွားအိုမှာ ရန်ငြိုးအာဃာတများ ဝန်းရံနေပြီး သူမလက်ချက်ဖြင့် လူပေါင်း မည်မျှ သေဆုံးခဲ့ရသည်ကိုပင် မသိနိုင်တော့ချေ။
အောက်ထပ်တွင်ရှိနေသော ကိုယ်လုံးကိုယ်ပေါက် သန်မာသည့် လူငယ်တစ်ဦးမှာ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။
သူသည် အပေါ်ထပ်ကို မယုံနိုင်စရာ ကောင်းလောက်အောင် ကြည့်နေမိသည်။
"အင်းခွေအဘွားအို သေသွားပြီလား"
သူသည် ခေါင်းပေါင်းကို ဆွဲချလိုက်ရာ ဦးခေါင်းပေါ်မှ အမာရွတ်များ ပါရှိသော ပြောင်လက်တောက်ပနေသည့် ကတုံးခေါင်းကြီး ပေါ်လာတော့သည်။
သူသည် လျှင်မြန်စွာ ခုန်တက်လိုက်ရာ အပေါ်ထပ်သို့ အသံတစ်ချက်ပင် မမြည်ဘဲ ရောက်ရှိသွားသည်။
သူ၏အမည်မှာ ကျိချင်း ဘုန်းကြီး ဖြစ်သည်။
သူသည် ထိုအင်းခွေအဘွားအိုနောက်သို့ ခြေရာခံ လိုက်လာခြင်းဖြစ်ပြီး ယခုမှ သူမ၏ တည်နေရာကို ရှာတွေ့ခြင်း ဖြစ်သည်။
သို့သော် သူမ၏ အငွေ့အသက်မှာ ရုတ်တရက် ကွယ်ပျောက်သွားခဲ့ပြီ ကျိချင်းဘုန်းကြီးမှာ အခန်းတစ်ခုရှေ့သို့ အမြန်ရောက်သွားပြီး... ဝုန်း
တံခါးကို ကန်ကျောက်ဖွင့်လိုက်ရာ အင်အားမှာ အံ့ဩစရာပင် အခန်းထဲတွင် အားအင်ကုန်ခမ်းနေသည့် သူဌေးသားလေးသာ ရှိတော့ပြီး၊ လူတွေ၏ အသက်စွမ်းအားကို စုပ်ယူကျင့်ကြံသည့် အင်းခွေအဘွားအိုမှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
မဟုတ်သေးဘူး။
ကျိချင်းဘုန်းကြီး၏ မျက်လုံးများမှာ ရွှေရောင်အလင်းများ တောက်ပလာပြီး အခန်းထဲကို တစ်ချက် ကြည့်လိုက်သည်။
"ဘယ်လောက်တောင် ကြီးမားလှတဲ့ သွေးချီတွေလဲ... မီးဖိုကြီးတစ်ခုလိုပဲ၊ ခဏလေးအတွင်းမှာတင် အင်းခွေအဘွားအိုကို သတ်ပစ်လိုက်တာလား "
"ခြေရာလက်ရာတောင် မကျန်ခဲ့ဘူးလား "
ကျိချင်းဘုန်းကြီးမှာ အလွန်ပင် အံ့ဩသွားရသည်။
ထို့နောက်တွင်မူ ယနေ့ ဝေမြို့အတွင်း၌ ပျံ့နှံ့နေသော သတင်းတစ်ခုကို ရုတ်တရက် သတိရသွားကာ သူ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"ဒါ... ဒါက တတိယအဆင့် ကျွမ်းကျင်သူလို့ ပြောကြတဲ့ တာအိုဆရာ လူငယ်လေးရဲ့ လက်ချက်လား "
ထိုကဲ့သို့သော ကိစ္စမျိုးမှာ ဝေမြို့၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည်။
မူလက တည်ငြိမ်နေသော ဝေမြို့မှာ နတ်ဘုရားနယ်မြေ များ မကြာခဏ ပေါ်ပေါက်လာခြင်းကြောင့် လောကီလူသားများနှင့် ထူးဆန်းသောအစွမ်းရှိသူများစွာကို ဆွဲဆောင်ခဲ့သည်။
ထိုအထဲတွင် ဗုဒ္ဓဘာသာ၊ တာအိုဘာသာမှ တရားသောသူများရှိသလို၊ လမ်းဘေးအတတ်ပညာရှင်များနှင့် မိစ္ဆာလမ်းစဉ်လိုက်သူများလည်း ပါဝင်နေသည်။
ထိုသူများမှာ စိတ်နေစိတ်ထား အမျိုးမျိုး ရှိကြသည်။
လူအများအပြားမှာ ဝေမြို့အတွင်း၌ ပြစ်မှုများ ကျူးလွန်ရန် မအောင့်နိုင်ဘဲ ရှိနေကြစဉ်မှာပင် တာအိုဆရာ လူငယ်လေးတစ်ဦး၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရသည်။
ဝေမြို့၏ နေရာတိုင်းတွင် သွေးစွန်းသော အဖြစ်အပျက်များ ဖြစ်ပွားနေတော့သည်။
မိစ္ဆာကောင်များနှင့် ဝိညာဉ်ဆိုးများမှာ တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်ကုန်ကြသည်။
အံ့ဩစရာကောင်းလောက်အောင် လူ့လောကမှ ပျောက်ကွယ်သွားခြင်းပင် အခင်းဖြစ်ပွားရာ နေရာတွင်မူ အလွန်ပူလောင်လှသော သွေးချီအကြွင်းအကျန် အနည်းငယ်သာ ကျန်ရှိတော့သည်။
လီယန်ချူ၏ ယခုလက်ရှိ နည်းလမ်းများနှင့်ဆိုလျှင် သူ၏ကိုယ်တွင် ကိုယ်ပိုင်အသိစိတ်ရှိသော နတ်လက်နက် သုံးခု ပါရှိနေပြီဖြစ်ရာ ဤမိစ္ဆာကောင်များကို သုတ်သင်ခြင်းမှာ မည်သည့်ဆူညံသံမျှ ထွက်ပေါ်မလာဘဲ ထိတ်လန့်စရာကောင်းလောက်အောင် ငြိမ်သက်လွန်းလှသည်။
ကုသိုလ်မှတ် သိန်းချီအဆင့်ရှိ ရှစ်ခွင်မှန် ဖြင့် အသာအယာ ထိုးပြလိုက်ရုံဖြင့် မည်မျှပင် အစွမ်းထက်သော မိစ္ဆာဖြစ်ပါစေ ချက်ချင်းပင် ဝိညာဉ်လွင့်စင် ပျောက်ကွယ်သွားရတော့သည်။
ယင်ဝိညာဥ် ခေါ် ဝိညာဉ်ပုံရိပ်ကို ထုတ်ဖော်ရန်ပင် အခွင့်အရေး မရကြချေ သတ်ဖြတ်ပုံမှာ ထိတ်လန့်စရာကောင်းလောက်အောင် ထိရောက်လွန်းလှသည်။
ညတစ်ညအတွင်းမှာပင် ဝေမြို့တစ်မြို့လုံးကို သန့်စင်ပေးလိုက်နိုင်သည်။
အတိအကျ ပြောရလျှင် ညတစ်ဝက်မျှသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
ထိုည၏ ရလဒ်အဖြစ် ကုသိုလ်မှတ် ၄၃,၀၀၀ ကို ရရှိခဲ့သည်။
ကျောင်းတော်သို့ ပြန်ရောက်သည့်အခါ လီယန်ချူမှာ စိတ်ထဲတွင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသလို ခံစားရသည်။
မည်သို့ပင်ဖြစ်စေ သူသည် အချိန်အတော်ကြာအောင် အလုပ်လုပ်ခဲ့ရပြီး ညဆိုင်းပင် မဟုတ်ပါလား သူ ပင်ပန်းနေသည်မှာ သဘာဝပင် ဖြစ်သည်။
ဘေးခန်းကို တစ်ချက် ကြည့်လိုက်ရာ ကျန့်ကျောင်းဓား မှာ တံခါးဝတွင် အလွန်ပင် တာဝန်ကျေပွန်စွာ ကင်းစောင့်နေသည်ကို တွေ့ရသည်။
မည်သူမဆို အနားကပ်လာလျှင် ချက်ချင်းပင် ဓားဖြင့် ထခုတ်ပစ်တော့မည့် အသွင်ရှိသည်။
လီယန်ချူကို မြင်သည့်အခါ ကျန့်ကျောင်းဓားမှာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပျံတက်လာတော့သည်။
"သွား... သွား... ဟိုဘက်မှာ သွားနေစမ်း"
လီယန်ချူက ဟောက်လိုက်သည်။
ကျန့်ကျောင်းဓားတွင် ကိုယ်ပိုင်အသိစိတ် ရှိလာသည်ကို သူ မနှစ်သက်သည် မဟုတ်ပေ။
သို့သော် ယခင်က သူ၏ ဓားမှာ အလွန်ပင် ပြတ်သားပြီး ခန့်ညားလှသည် ယခုကဲ့သို့ အမြီးနန့်နေသော ခွေးလေးကဲ့သို့ ဖားနေသည့် ပုံစံမျိုးကို သူ ခံနိုင်ရည်မရှိခြင်း ဖြစ်သည်။
ဒီစရိုက်က ဘယ်လိုဖြစ်ပြီး ပေါ်လာရတာလဲ
ကျန့်ကျောင်းဓားမှာ ရိုးရှင်းသော ကိုယ်ပိုင်အသိစိတ် ရှိနေပြီဖြစ်ရာ လီယန်ချူ၏ စကားကို ကြားသောအခါ လိမ်လိမ်မာမာဖြင့်ပင် ဓားအိမ်ထဲသို့ ပြန်ဝင်သွားသည်။
ထို့နောက် အလွန်ပင် ကျွမ်းကျင်လှသော အပြုအမူဖြင့် လီယန်ချူ၏ ခါးတွင် လာရောက် ချိတ်ဆွဲလိုက်တော့သည်။
ချော့မြှူခံချင်နေသည့် ကလေးငယ်တစ်ဦးကဲ့သို့ပင်။
"ငါက မင်းရဲ့ အရင်ကလို အေးစက်စက် ပုံစံကိုပဲ ကြိုက်တယ်၊ အဲဒီလိုပဲ ပြန်နေစမ်းပါ "
လီယန်ချူက ပြောလိုက်သည်။
ကျန့်ကျောင်းဓားမှာ နားမလည်တာလား၊ ဒါမှမဟုတ် ကဲနေတာလားတော့ မသိရပေ။
ဆက်လက်၍ ပွတ်သီးပွတ်သပ် လုပ်နေတုန်းပင်။
"ကယ်ပါ... ကျမ ကို ကယ်ကြပါဦး"
ရုတ်တရက် တိုးညှင်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။
သန်းခေါင်ယံ အချိန်ကြီးတွင် ထိုအသံမှာ တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
လီယန်ချူ ကြောင်သွားပြီးနောက်... သရဲခြောက်နေတာလား
သူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် တွန့်သွားပြီး... အဲဒါဆိုရင်တော့ တကယ်ကို ကောင်းတာပေါ့ ဟု တွေးလိုက်မိတော့သည်။
အခန်း (၄၆၀) - လူသွင်ပြင်ဖန်ဆင်းခြင်း ၊ကြီးမားသော တိုးတက်မှု ၊ မျိုးကွဲအလှလေး ၊ မင်း အရိုက်ခံရတဲ့ အရသာကို မေ့သွားပြီလား
သေချာစွာ အာရုံစိုက်နားစွင့်ကြည့်ပြီးနောက် ထိုအသံမှာ ကျွေ့ဟွာ၏ အခန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။
သူသည် မျက်မှောင်ကြုတ်လိုက်ကာ တံခါးကို တွန်းဖွင့်၍ အခန်းထဲသို့ အပြေးအလွှား ဝင်သွားမိတော့သည်။
အခန်းထဲတွင် လိမ္မော်ရောင် ကြောင်ကလေးတစ်ကောင်မှာ အားအင်ကုန်ခမ်းစွာဖြင့် ကြမ်းပြင်ပေါ်တွင် ဝပ်နေသည်ကို တွေ့ရသည်။
သူမ၏ ကိုယ်ပေါ်တွင် ဖြူလွလွ အလင်းတန်းတစ်ခု တဖျတ်ဖျတ် တောက်ပနေသော်လည်း ထိုအလင်းမှာ တစ်ခုခုနှင့် ထစ်ငေါ့နေသကဲ့သို့ ထူးထူးဆန်းဆန်း ဖြစ်နေသည်။
ကြည့်ရသည်မှာ အလွန်ပင် အနေရခက်လှသည်။
"ကျွေ့ဟွာ... ဘာဖြစ်တာလဲ "
လီယန်ချူက မေးလိုက်သည်။
ကျွေ့ဟွာသည် သူမ၏ မျက်လုံးအစုံကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပြီး အားနည်းသောအသံဖြင့်
"ငါ ဗောဓိဆေးလုံးရဲ့ အာနိသင်ကို သုံးပြီး လူသွင်ပြင် ကို အတင်းအကျပ် ပြောင်းလဲဖို့ ကြိုးစားလိုက်တာ။ ဆေးအာနိသင်က မလောက်ငှဘဲ ဖြစ်စဉ်က အလယ်မှာ ရပ်တန့်သွားလို့ တန်ပြန် ဒဏ်ချက် မိသွားတာပါ"
ဟု ပြောရှာသည်။
လီယန်ချူ၏ နားထဲတွင်မူ ထိုစကားမှာ ငါလည်း နင့်လိုပဲ လူစွမ်းကောင်းလုပ်ပြီး အဆင့်တက်ပြချင်တာပေါ့၊ ဒါပေမဲ့ စွမ်းအင်က မလောက်တော့ အလယ်မှာတင် တစ်လစ် ဖြစ်သွားပြီး ပြဿနာအကြီးအကျယ် တက်နေတာ ဟု ကြားလိုက်ရသကဲ့သို့ပင်။
"မင်းကတော့ တကယ့်ကို အူကြောင်ကြောင်ပဲ (တကယ့်ကို ကြောင်ကျားပဲ)"
လီယန်ချူက ပြောလိုက်သည်။
ကျွေ့ဟွာ - "..."
လီယန်ချူက အသံကို နှိမ့်လိုက်ပြီး
"ငါ ဘယ်လို ကူညီပေးရမလဲ "
ဟု မေးသည်။
ကျွေ့ဟွာက အားယူကာ
"ငါ့မှာ ကြီးမားတဲ့ သွေးချီစွမ်းအင်တွေ လိုအပ်နေတယ်။ မဟုတ်ရင် လူသွင်ပြင်ပြောင်းတဲ့ ဖြစ်စဉ်က လုံးဝကျရှုံးသွားပြီး နောင်တစ်သက်လုံး လူအသွင် ပြောင်းနိုင်မှာ မဟုတ်တော့ဘူး "
လီယန်ချူက သတိကြီးစွာဖြင့်
"မင်း... ငါ့ရဲ့ သွေးကို လိုချင်နေတာတော့ မဟုတ်ပါဘူးနော် "
ကျွေ့ဟွာကို ထိုသို့ သံသယဝင်မိသည်မှာ မကောင်းမှန်း သူ သိသော်လည်း၊ ယခုအချိန်အခါမှာ တိုက်ဆိုင်လွန်းလှသည် မဟုတ်ပါလား။
"ဖူး"
ကျွေ့ဟွာက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ရာ ဒေါသကြောင့်ပင် ချက်ချင်း အသက်ထွက်သွားတော့မည့် အသွင်ရှိသည်။
လီယန်ချူလည်း ထိုကောင်မလေး တကယ်ကြီး အသက်ထွက်သွားမှာကို စိုးရိမ်မိသည်။
မည်သို့ပင်ဖြစ်စေ ပုံမှန်အချိန်များတွင် ဤကြောင်လေးကို ပွတ်သပ်ရသည်မှာ သူ့အတွက် အလွန်ပင် ဇိမ်ရှိလှသည် မဟုတ်ပါလား။
သူသည် လက်ချောင်းထိပ်မှ သွေးအဆီအနှစ် တစ်စက်ကို အတင်းညှစ်ထုတ်လိုက်ပြီး သူမ၏ ရှေ့သို့ ကမ်းပေးလိုက်သည်။
"ရော့... လျှာနဲ့ ယက်လိုက်"
ဟု သူက ဝတ်ကျေတန်းကျေ ပြောလိုက်သည်။
အကြောင်းမှာ ယခုအချိန်အထိ သူ၏ မျက်လုံးထဲတွင် ကျွေ့ဟွာမှာ သူ မွေးထားသည့် လိမ္မော်ရောင် ကြောင်လေးတစ်ကောင်သာ ဖြစ်နေသောကြောင့်ပင်။
"..." ကျွေ့ဟွာ၏ နှုတ်ခမ်းထောင့်များမှာ တုန်ခါသွားသည်။
နင် ယက်ဆိုတိုင်း ငါက ယက်ရမှာလား ငါ့ကို ဘာမှတ်နေတာလဲ။
ဟင်
ဒီသွေးထဲမှာ ပါတဲ့ အသက်ဓာတ် အဆီအနှစ်တွေက ဘယ်လောက်တောင် အားကောင်းလိုက်သလဲ။
သို့ဖြစ်ရာ...
ကျွေ့ဟွာမှာ မအောင့်နိုင်တော့ဘဲ တစ်စုံတစ်ခုက ဖန်တီးလိုက်သကဲ့သို့ လျှာလေးကို ထုတ်ကာ ယက်လိုက်တော့သည်။
လျှာဖျားမှတစ်ဆင့် လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ သူမ၏ တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားပြီး ထုံကျဉ်သွားရသည်။
သူမသည် ခေါင်းထဲတွင် မူးဝေလာကာ မူးယစ်နေသူတစ်ဦးကဲ့သို့ ဝေဝေဝါးဝါး ဖြစ်သွားသည်။
အခန်းအတွင်း၌ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။
မည်သို့ပင်ဖြစ်စေ ကုသိုလ်တစ်သိန်းတန် နတ်လက်နက်များ ပေါ်ထွန်းစဉ်ကကဲ့သို့ ကြီးကျယ်ခမ်းနားခြင်း မရှိသော်လည်း အခန်းတစ်ခန်းလုံးကိုမူ လင်းထိန်သွားစေသည်။
ထိုအလင်းမှာ ဧရိယာ မကျယ်ဝန်းသော်လည်း လီယန်ချူပင်လျှင် မျက်လုံးကို မှိတ်ထားရလောက်အောင် ပြင်းထန်လှသည်။
ကျွေ့ဟွာ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ရင်တုန်စရာ ကောင်းလှသည်။
ယခုအဆင့်ရှိနေသော လီယန်ချူပင်လျှင် ပြင်းထန်သော ဖိအား တစ်ခုကို ခံစားလိုက်ရသည်။
ဤစွမ်းအင်အဆင့်အတန်းမှာ အလွန်မြင့်မားလှပြီး သူ ယခင်က တွေ့ခဲ့ဖူးသော တတိယအဆင့် ကျွမ်းကျင်သူများထက်ပင် ပို၍ ထိတ်လန့်စရာ ကောင်းနေသည်။
သို့သော် ဤအရှိန်အဝါမှာ ကျွေ့ဟွာ၏ မူလအငွေ့အသက်နှင့် မတူပေ။
သူမ၏ ကိုယ်တွင်းရှိ တစ်စုံတစ်ရာသော သွေးမျိုးဆက် နိုးထလာပြီး ရှေးဟောင်းအစွမ်းထက် တည်ရှိမှုကြီးများ၏ အမှတ်အသားများကို နှိုးဆော်လိုက်သကဲ့သို့ပင်။
အလင်းတန်းများ ပျောက်ကွယ်သွားပြီး အခန်းတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသောအခါ...
လီယန်ချူမှာ ဆွံ့အသွားရပြီး မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
အရပ်ရှည်ရှည်၊ အသားဖြူဖြူနှင့် လှပလွန်းသော အမျိုးသမီးတစ်ဦးမှာ ကြမ်းပြင်ပေါ်တွင် မှောက်လျက် လဲနေသည်။
သူမ၏ မျက်နှာပေါက်မှာ အလွန်ပင် နုနယ်လှပပြီး မျိုးကွဲအလှလေး ကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းသည်။
မျက်လုံးအစုံမှာလည်း အဖိုးတန် ကျောက်စိမ်းရောင်ကဲ့သို့ မှိန်ပျပျ တောက်ပနေသည်။
လှပသော အမျိုးသမီးများကို လီယန်ချူ မြင်ဖူးလှပြီ ဖြစ်သော်လည်း ယခုကဲ့သို့ စရိုက်မျိုးကိုမူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
အထူးသဖြင့် ထိုအမျိုးသမီး၏ မျက်နှာတွင် သာမန်မိန်းကလေးများ၌ မရှိသော တောရိုင်းဆန်သည့် အလှမျိုး ရှိနေသဖြင့် အမျိုးသားတိုင်းကို သိမ်းပိုက်အောင်နိုင်လိုစိတ် ဖြစ်ပေါ်စေသည်။
ယခုကြည့်ရသည်မှာ အေးစက်ခန့်ညားသော ပုံစံမျိုးပင်။
သို့သော်လည်း...
မည်မျှပင် အေးစက်သောပုံစံ ရှိပါစေ၊ ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ ထိုပုံစံကို ဆက်လက်ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။
အကြောင်းမှာ...
သူမ၏ ကိုယ်ပေါ်တွင် အဝတ်အစား တစ်ထည်မျှ ရှိမနေသောကြောင့် ဖြစ်သည်။
ခါးလေးမှာ ကျိုးသွားတော့မတတ် သေးသွယ်လှပြီး၊ တစ်ဖက်တွင်မူ အံ့ဩစရာကောင်းလောက်အောင် ကြီးမားထွားကျိုင်းသော အစိတ်အပိုင်းများ ရှိနေပြန်သည်။
လေထုမှာ အနည်းငယ် ရမ္မက်ဆန် လာတော့သည်။
လီယန်ချူမှာ မျက်နှာတွင် အံ့ဩမှုများဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ကျွေ့ဟွာ"
တောရိုင်းဆန်သော အလှတရားများ ပိုင်ဆိုင်ထားသည့် ထိုမျိုးကွဲအလှလေး၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာများ ပေါ်လာသည်။
သူမသည် လီယန်ချူကို ချက်ချင်း အဖြေမပေးဘဲ မိမိ၏ ခန္ဓာကိုယ်ကိုသာ အံ့ဩဝမ်းသာစွာ ကြည့်နေမိသည်။
"အောင်မြင်ပြီ"
"အောင်မြင်ပြီ"
"နောက်ဆုံးတော့ ငါ ကြီးပြင်းလာခဲ့ပြီ"
ထိုမျိုးကွဲအလှလေးက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
လီယန်ချူ - "..."
သွားပြီ...
နောင်ကျရင် ငါ ကြောင်ပွတ်လို့ ရတော့မှာ မဟုတ်ဘူး။
ချင်းယွန်းကျောင်း
တာအိုဂိုဏ်း၏ ဆိတ်ငြိမ်ရာ အရပ်
အကြည့်တစ်ချက်နှင့်ပင် လူကို အရိုက်ခံချင်စိတ် ပေါက်သွားစေမည့် အေးဆေးတည်ငြိမ်ပြီး မာနကြီးသော အမူအရာနှင့် မြည်းအမည်းကြီးတစ်ကောင်မှာ ခြံဝန်းထဲတွင် စိုးရိမ်ပူပန်မှု တစ်စက်မျှမရှိဘဲ မြက်စားနေသည်။
၎င်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်နေပုံမှာ ဘယ်အချိန်ကြည့်ကြည့် လူကို ရန်စနေသကဲ့သို့ပင်။
သို့သော်လည်း... မြည်းတစ်ကောင်ကို မည်သူက အလေးအနက်ထားပြီး စိတ်ဆိုးနေမည်နည်း။
မည်းကြီး
လီယန်ချူ၏ ဆရာက သူ့အတွက် ချန်ထားရစ်ခဲ့သော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပင် ဖြစ်သည်။
မှန်ပါသည်၊ လောလောဆယ်တွင်မူ ထိုမြည်းမှာ ပြုံးပုံက အရိုက်ခံချင်စရာ ကောင်းနေသည်မှလွဲ၍ ထူးခြားချက် သိပ်မရှိလှပေ။
ထိုအချိန်တွင် မည်းကြီးသည် အခန်းဘက်သို့ လှည့်ကြည့်ကာ နှာခေါင်းကို ရှုံ့လိုက်သည်။
ထို့နောက် ကျယ်လောင်သော အော်သံကြီးကို ထုတ်ဖော်လိုက်တော့သည်။
"အီးအော.....အီးအော"
ကြည့်ရသည်မှာ အလွန်ပင် အလောတကြီး ဖြစ်နေပုံရသည်။
ကံမကောင်းစွာပင် ထိုနေရာ၌ နိုင်ငံခြားဘာသာစကား နားလည်သူ မရှိသဖြင့် ထိုမြည်းကြီး ဘာတွေ ပြောနေသည်ကို မည်သူမျှ မသိနိုင်ချေ။
အခန်းတွင်း၌မူ...
လီယန်ချူမှာ လူသွင်ပြင်ပြောင်းလဲခြင်း အောင်မြင်သွားသော ကျွေ့ဟွာကို သူ့ကိုယ်ပေါ်မှ အသာအယာ ခွာထုတ်လိုက်ရသည်။
ထိုကောင်မလေး၏ ခွန်အားမှာ သိသိသာသာ ကြီးမားလာခဲ့ပြီ ပြီးတော့ ဤကဲ့သို့ ရှစ်ခွင်လက် ကဲ့သို့ တွယ်ကပ်ထားသော ပုံစံမှာ အလွန်ပင် မတင့်တယ်လှပေ။
လီယန်ချူသည် ကျောင်းတော်ထဲမှ မိမိ၏ တာအိုဝတ်ရုံတစ်ထည်ကို ယူ၍ ကျွေ့ဟွာကို ပေးလိုက်သည်။
ကျွေ့ဟွာမှာ ဝတ်ရုံကို ဝတ်ဆင်လိုက်သောအခါ ထူးခြားသော ခံစားချက်တစ်မျိုး ပေါ်ထွက်လာသည်။
စဉ်းစားကြည့်ပါဦး... မျက်နှာပေါက် ထင်းနေသော မျိုးကွဲအလှလေးတစ်ဦးက တာအိုဝတ်ရုံတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားပြီး၊ သွယ်လျသော ခြေတံရှည်ကြီးများက အပြင်သို့ ထွက်နေသည့် မြင်ကွင်းမျိုးကို။
ဤမြင်ကွင်းမှာ လူကို သွေးတိုးတက်စေနိုင်လောက်သည်။
လီယန်ချူကမူ အေးအေးဆေးဆေးပင် ပြုံးလျက်
"ဒီနေ့ မင်း လူသွင်ပြင်ပြောင်းတာ အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားဘူး၊ ဂုဏ်ယူပါတယ်"
ဟု ပြောလိုက်သည်။
တကယ့်ကို သံမဏိယောက်ျား ပုံစံမျိုးပင်။
ကျွေ့ဟွာက စိတ်လှုပ်ရှားစွာဖြင့်
"နင့်ရဲ့ သွေးအဆီအနှစ်ကြောင့်ပါ၊ အထဲမှာ ပါတဲ့ စွမ်းအင်တွေက တကယ့်ကို ကြီးမားလွန်းတယ်"
ဟု ဆိုသည်။
"လူသွင်ပြင်ပြောင်းတဲ့ ရလဒ်က ငါ မျှော်မှန်းထားတဲ့ အပြည့်စုံဆုံး အခြေအနေထက်တောင် အများကြီး ပိုကောင်းနေသေးတယ် "
ပြောရင်းနှင့် ကျွေ့ဟွာမှာ မအောင့်နိုင်တော့ဘဲ လီယန်ချူကို ဖက်ကာ တစ်ချက် နမ်းလိုက်ပြန်သည်။
သူမ အလွန်ပင် ပျော်ရွှင်နေမိသည်။
လီယန်ချူမှာ ကြောင်အသွားပြီးနောက် ယောက်ျားစစ်စစ် အတိုင်း ဆက်ပြောလိုက်သည်။
"မင်း အခု တတိယအဆင့်ကို ရောက်သွားပြီလား "
ကျွေ့ဟွာ၏ အပြုံးမှာ တောင့်ခဲသွားပြီး ခေါင်းခါပြကာ
"မရောက်သေးဘူး"
"ဒါဆို အခု မင်းရဲ့ ကျင့်စဉ်စွမ်းအားတွေကော ဘာတွေ ပြောင်းလဲသွားလဲ "
"ကျင့်စဉ်စွမ်းအားတွေက အားနည်းသွားတယ်၊ ခန္ဓာကိုယ်ကလည်း သာမန်လူတစ်ယောက်ရဲ့ အခြေအနေမှာပဲ ရှိတော့တယ်"
လီယန်ချူ၏ နှုတ်ခမ်းထောင့်များမှာ တုန်ခါသွားပြီး နားမလည်နိုင်စွာဖြင့်
"ဒါဆို မင်းက ဘာလို့ ဒီလောက် ပျော်နေရတာလဲ (ဘာလို့ ဂေါက်နေတာလဲ) "
ကျွေ့ဟွာက မကျေမနပ်ဖြင့် ပြန်ပြောသည်။
"လှလို့လေ"
လီယန်ချူ - "..."
ကျွေ့ဟွာက လေသံတိုးတိုးဖြင့် ထပ်ဖြည့်ပြောရှာသည်။
"ဒါက ခဏပါပဲ၊ နောင်ကျရင် မိစ္ဆာစွမ်းအားတွေ အကုန်ပြန်ရလာမှာပါ။ ပြီးတော့ အရင်ထက်တောင် ပိုတော်လာပြီး အကန့်အသတ်တွေကိုပါ ကျော်ဖြတ်နိုင်ဦးမှာ "
"အိုး"
လီယန်ချူ၏ မျက်လုံးများ လင်းလက်သွားပြီး
"အချိန် ဘယ်လောက်ကြာမှာလဲ "
ကျွေ့ဟွာက သေသေချာချာ စဉ်းစားလိုက်ပြီး
"သုံးနှစ်... ဒါမှမဟုတ် ငါးနှစ်၊ ဒါမှမဟုတ် ဆယ်နှစ်... ဒါမှမဟုတ်ရင်လည်း အနှစ်နှစ်ဆယ်ပေါ့"
လီယန်ချူသည် မျက်မှောင်ကြုတ်သွားကာ နှုတ်ခမ်းများ တွန့်သွားသည်။
"မင်း ငါ့ကို နောက်နေတာလား "
သူ တကယ်ပင် အံ့ဩသွားရသည်။
စကားတွေသာ အများကြီး ပြောလိုက်ရသည်၊ အနှစ်သာရမှာမူ ဘာမှမရှိ သကဲ့သို့ပင်။
"မင်း ကြောင်အသွင် ပြန်ပြောင်းလို့ ရသေးလား"
လီယန်ချူက မေးလိုက်သည်။
"ရတာပေါ့"
"ဒါဆို တော်သေးတာပေါ့"
လီယန်ချူ သက်ပြင်းချနိုင်သွားသည်။
ကြောင်ပြန်ပွတ်လို့ ရဦးမည်ဟု တွေးကာ သူ ပျော်သွားသည်။
မဟုတ်လျှင် ဒုတိယအဆင့် အထွတ်အထိပ်မှာ ရှိနေသည့် လက်ရုံးတစ်ဦးက ရုတ်တရက် လက်နက်မပါသော သာမန်အမျိုးသမီးတစ်ဦး ဖြစ်သွားခြင်းမှာ သူ့အတွက် အရှုံးပေါ်သည်ဟု သူ ခံစားနေရသည်။
"အရင်က ကျင့်စဉ်အဆင့်အတိုင်း ပြန်ရောက်သွားတဲ့အခါကျရင်တော့ အချိန်မရွေး လူသွင်ပြင် ပြောင်းနိုင်ပြီ"
ဟု ကျွေ့ဟွာက အလေးအနက် ပြောရှာသည်။
သူမမှာ လူသွင်ပြင်ပြောင်းနိုင်သည့် ပျော်ရွှင်မှုထဲမှ မထွက်နိုင်သေးဘဲ စိတ်လှုပ်ရှားနေတုန်းပင်။
လီယန်ချူ - "..."
သူသည် ကျွေ့ဟွာကို သေချာစိုက်ကြည့်လိုက်ပြီး နူးညံ့သောအသံဖြင့်
"မင်း... အရိုက်ခံရတဲ့ အရသာက ဘယ်လိုလဲဆိုတာ မေ့သွားပြီလား "