အခန်း (၃၁၁)
Vol. 32 Ch. 311
အပိုင်း (၃၁၁)
နဂါးမြွေငါးရှဉ့်သည် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို အသုံးချကာ အစွယ်ပါကြယ်ငါးများ ခင်းကျင်းထားသည့် အစီရင်ဆီသို့ အရှိန်အဟုန်ဖြင့်တိုးဝင်သွား သည်။ မာန်အပြည့်ဖြင့် သူ၏နဂါးလက်သည်းများကို ဝှေ့ယမ်းကာ ဟိန်းဟောက်နေသည့် ပုံရိပ်သည် အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှ၏။
အစွယ်ပါကြယ်ငါးများသည် ထိုကဲ့သို့သော ဖိအားများအောက်၌ပင် တုန်လှုပ်ခြင်း မရှိချေ။ သူတို့သည် မိမိတို့၏ အစီရင်ကို အသုံးပြုကာ ဧရာမ ပိုက်ကွန်ကြီးတစ်ခုအသွင် ဖန်တီးလိုက်ကြသည်။ အန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားကြပြီး နဂါးအသွင်ပြောင်းလဲထားသော နဂါးမြွေငါးရှဉ့်ကြီး၏ ဦးခေါင်းအထက်မှနေ၍ လွှမ်းခြုံ ဖုံးအုပ်လိုက်လေသည်။
အထူးသဖြင့် အလယ်ဗဟို၌ ရှိနေသော အစွယ်ပါကြယ်ငါးဘုရင်သည် ပါးစပ်ကြီးကို ကျယ်လောင်စွာ ဟလိုက်လျှင် ပါးစပ်အလယ်မှ အစွယ်သည် ရုတ်တရက် ရှည်လျားကွေးညွတ်နေသော ချွန်ထက်သည့် ဓားတစ်လက်အသွင်သို့ ပြောင်းလဲသွားသည်။ အစီရင်အတွင်းရှိ အချက်အခြာနေရာများဖြစ်သည့် အခြားသော အစွယ်ပါကြယ်ငါးများသည်လည်း ထိုသို့ပင် ပြုလုပ်လိုက်ကြသည်။ သူတို့၏ အစွယ်များသည်လည်း ရုတ်တရက် ရှည်ထွက်လာကြသဖြင့် အစီရင်ကြီးသည် သံဆူးများ ပါရှိသော ဧရာမ ပိုက်ကွန်ကြီးတစ်ခုသဖွယ် ဖြစ်သွားရသည်။
အစွယ်ပါကြယ်ငါးအစီအရင်သည် နဂါးမြွေငါးရှဉ့်၏ တိုးဝင်လာမှုကို ရှောင်တိမ်းလိုက်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပိုက်ကွန်ဖြင့် လွှမ်းခြုံလိုက်သည်။ အစွယ်ပါကြယ်ငါး တစ်ကောင်ချင်းစီသည် ချွန်ထက်လှသော အစွယ်များကို အသုံးပြုကာ နဂါးမြွေငါးရှဉ့်၏ ကြီးမားလှသော ခန္ဓာကိုယ်အတွင်းသို့ အားပြင်းစွာဖြင့် ထိုးစိုက်လိုက်ကြလေသည်။ အဝေးမှ ကြည့်မည်ဆိုပါက ဧရာမ နဂါးမြွေငါးရှဉ့်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အစွယ်ပါကြယ်ငါးများဖြင့် ပြုလုပ်ထားသော အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသကဲ့သို့ မြင်တွေ့ရပေလိမ့်မည်။
ထိုသို့သော အခြေအနေကြောင့် နဂါးအသွင်ပြောင်းလဲထားသော နဂါးမြွေငါးရှဉ့်ကြီး၏ ခွန်အားများသည် သုံးမရတော့ဘဲအချည်းအနှီးဖြစ်သွားရသည်။ သူ၏ ပြင်းထန်လှသော ခွန်အားများသည် ဝါဂွမ်းစိုင်ပေါ်သို့ ကျရောက်သွားသည့် လက်သီးထိုးချက်သကဲ့သို့ ဖြစ်နေကာ တစ်ဖက်လူကို အားပြင်းထိရောက်သော ထိခိုက်မှု မပေးနိုင်တော့ချေ။ ထိုအဖြစ်က အစွယ်ပါကြယ်ငါးများသည် နဂါးမြွေငါးရှဉ့်များ၏ သဘာဝရန်သူဖြစ်ကြောင်းသက်သေပြနေသည်။
ဤပင်လယ်သားရဲ မျိုးနွယ်စု နှစ်ခုသည် တစ်ဖက်နှင့်တစ်ဖက်အားသာချက်၊ အားနည်းချက်များ မျှခြေရှိနေကြသဖြင့်သာ နှစ်ပေါင်း မြောက်မြားစွာတိုင်အောင် တစ်ဖက်ကို တစ်ဖက် အပြတ်အသတ် အနိုင်ယူနိုင်ခြင်းမရှိဘဲ ယှဉ်ပြိုင်နေကြခြင်း ဖြစ်ပေသည်။
အကယ်၍ အစွယ်ပါကြယ်ငါးများတွင် ထိုကဲ့သို့သော ခုခံနိုင်စွမ်း မရှိပါက သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် နဂါးမြွေငါးရှဉ့်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရမည်ဖြစ်သည်။
ဟန်ချက်ညီမှုသည် သဘာဝတရား၏ ဆန်းကြယ်လှသောနိယာမ ဖြစ်၏။
အစွယ်ပါကြယ်ငါးများ ခင်းကျင်းထားသော အစီရင်သည် နဂါးမြွေငါးရှဉ့်ကို ထိပ်တိုက် တိုက်ခိုက်ခြင်း မဟုတ်ပေ။ သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်များကို အသုံးပြုကာ နဂါးမြွေငါးရှဉ့်၏ ခန္ဓာကိုယ်ကို ဖမ်းချုပ်ထားခြင်း ဖြစ်သည်။ ထို့ပြင် အစွယ်ပါကြယ်ငါး တစ်ကောင်ချင်းစီ၏ အစွယ်များသည် နဂါးမြွေငါးရှဉ့်၏ ခန္ဓာကိုယ်အတွင်းမှ အားအင်များကို လျင်မြန်လှသောအရှိန်ဖြင့် အဆက်မပြတ် စုပ်ယူနေကြသည်။
ထိုသည်မှာ တစ်ဖက်ရန်သူ၏ အင်အားကို လျှော့ချကာ မိမိ၏ အင်အားကို ဖြည့်တင်းသည့် နည်းလမ်းပင် ဖြစ်သည်။ နဂါးမြွေငါးရှဉ့်၏ စွမ်းအားများသည် စက္ကန့်တိုင်း၌ အစွယ်ပါကြယ်ငါးများ၏ ဝါးမြိုခြင်းကို ခံနေရသည်။
နဂါးမြွေငါးရှဉ့်အနေဖြင့် အစွယ်ပါကြယ်ငါးများ၏ ပိုက်ကွန်အတွင်းမှ အချိန်တိုအတွင်း ရုန်းမထွက်နိုင်ပါက အားအင်များခမ်းခြောက်သွားကာ အရေးနိမ့်သွားရပေတော့မည်။ နဂါးမြွေငါးရှဉ့်သည်လည်း ထိုအချက်ကို ကောင်းစွာ သိရှိသဖြင့် အားကုန်ရုန်းကန် လှုပ်ရှားနေသည်။ သူသည် သူ၏ သန်မာလှသော လက်သည်းငါးခုကို အသုံးပြုကာ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အစွယ်ပါကြယ်ငါးများကို အတင်းအဓမ္မ ဆွဲခွာရန် ကြိုးစားလာ၏။
သူသည် အစွယ်ပါကြယ်ငါး အချို့ကို ဆွဲခွာကာ အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။ သို့သော်လည်း အစီရင်၏ ပိုက်ကွန်သည် ကြီးမားကျယ်ပြန့်လွန်းလှသဖြင့် ကြယ်ငါး အနည်းငယ် ပြတ်တောက်သွားရုံဖြင့် ပျက်စီးသွားခြင်း မရှိချေ။ အစီရင်ကို နှစ်ပိုင်း ခွဲလိုက်မည် ဆိုပါကလည်း ယင်းသည် ပိုက်ကွန်ငယ် နှစ်ခုအဖြစ်သို့သာ ပြောင်းလဲသွားမည် ဖြစ်သည်။
အစွယ်ပါကြယ်ငါးအစီရင်သည် နဂါးမြွေငါးရှဉ့်ကို နှိမ်နင်းရန်အတွက် အလွန်ထိရောက်လှသော နည်းစနစ်တစ်ခု ဖြစ်သည်။
နဂါးမြွေငါးရှဉ့်၏ အပြင်းအထန် ရုန်းကန်မှုကြောင့် အစွယ်ပါကြယ်ငါး ရာနှင့်ချီ၍ သေဆုံးပျက်စီးသွားကြရသည်။ သို့သော်လည်း နဂါးမြွေငါးရှဉ့်၏ အားအင်သည်လည်း ပိုမို လျင်မြန်စွာ ဆုံးရှုံးလာလေသည်။ ဤအခြေအနေအရ အစွယ်ပါကြယ်ငါးများသည် သူတို့၏ မျိုးနွယ်စုဝင် အများအပြား ဆုံးရှုံးရမည် ဖြစ်သော်လည်း နောက်ဆုံးတွင်မူ နဂါးမြွေငါးရှဉ့်ကို အလုံးစုံ ဝါးမြိုနိုင်ပေလိမ့်မည်။
တိုက်ပွဲ စတင်ခဲ့သည်မှာ မိနစ်အနည်းငယ်သာ ရှိသေးသော်လည်း အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိလာနေလေသည်။ ဘုရင် နှစ်ကောင်၏ အသက်လု တိုက်ပွဲသည် သူတို့၏ မျိုးနွယ်စု တစ်ခုလုံး၏ ကံကြမ္မာကို လောင်းကြေးထပ်ထားရခြင်း ဖြစ်သည်။
ပြန်လမ်းမရှိသော တိုက်ပွဲ။
တစ်ဖက်ရှိ ရန်သူအပြီးအတိုင် သေဆုံးမှသာ အဆုံးသတ်မည့် စစ်ပွဲ။
အပေါ်ယံအမြင်တွင် နဂါးမြွေငါးရှဉ့်သည် အရေးနိမ့်ရန် နီးစပ်လို့လာနေသည်။
သို့သော်လည်း ကျုံးရှန်သည် မည်သည့် လှုပ်ရှားမှုမျှ မပြုဘဲ လက်နှစ်ဖက် ပိုက်ထားကာ ဘေးမှနေ၍ အေးစက်စွာ အကဲခတ်နေဆဲဖြစ်သည်။ နဂါးမြွေငါးရှဉ့်များတွင် နောက်ဆုံး ဝှက်ဖဲ ရှိနေသေးသည်ကို သူ ကောင်းစွာ သိရှိထားလေသည်။ ဤမျှသော အစွမ်းသာ ရှိနေမည်ဆိုပါက သူတို့သည် အစွယ်ပါကြယ်ငါးများနှင့် နှစ်ပေါင်းများစွာတိုင်အောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
ကျုံးရှန် ခန့်မှန်းထားသည့်အတိုင်းပင် နဂါးမြွေငါးရှဉ့်သည် မိမိ၏ အားနည်းချက်ကို သတိထားမိသွားသောအခါ သူ၏ပေါင်းစပ်ထားသော ကြီးမားလှသည့် နဂါးခန္ဓာကိုယ်သည် မီးခိုးရောင် သွေးသားစိုင်များအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။ ထို့နောက်တွင်မူ ထိုသွေးသားစိုင်များသည် ပုံသဏ္ဌာန် အသစ်တစ်ခုအဖြစ်သို့ ပြန်လည် ဖွဲ့စည်းလာပြီး မည်းနက်လှသော အကြေးခွံများ ဖုံးလွှမ်းနေသည့် ဧရာမ မြွေဟောက်ကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။
မြွေ၏ ခန္ဓာကိုယ်သည် နဂါး၏ ခန္ဓာကိုယ်ထက် ပိုမို သွက်လက်နေခဲ့ကာ သူသည် ချက်ချင်းပင် ခန္ဓာကိုယ်ကို တစ်ချက် ခါယမ်းကာ ရစ်ခွေလိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်နေသော အစွယ်များသည် ရေစီးကြောင်းအရှိန်ဖြင့် အပြင်သို့ ကန်ထွက်သွားလေသည်။ အစွယ်ပါကြယ်ငါးများ၏ အစွယ်များသည် မြွေ၏ မာကျောလှသော အကြေးခွံများကို ပြန်လည် ထိုးဖောက်နိုင်စွမ်း မရှိကြတော့ချေ။
လွတ်ထွက်သွားသောအစွယ်ပါကြယ်ငါးများ၏ အစီရင် ပိုက်ကွန်ကြီးသည် မြွေ၏ ခန္ဓာကိုယ်အတွင်း၌ အတင်းအဓမ္မ ဖျစ်ညှစ်ရစ်ပတ်ခြင်းခံလိုက်ရသည်။ ရှည်လျား ထူထဲလှသော ခန္ဓာကိုယ်နှင့် ဓားမြှောင်များကဲ့သို့ မာကျောလှသော အကြေးခွံများကြောင့် မြွေ၏ ခန္ဓာကိုယ်သည် ကြီးမားလှသော အသားကြိတ်စက်ကြီးတစ်ခုအလား အရာအားလုံးကို ကြိတ်ခြေပစ်လေသည်။ ထိုအခါ မျက်စိတစ်မှိတ်အတွင်းပင် အစွယ်ပါကြယ်ငါးများ၏ အစီရင်သည် မြွေကြီး၏ ရစ်ပတ်ဖျစ်ညှစ်မှုကြောင့် ပျက်စီးသွားရတော့သည်။
မာကျောလှသော မြွေကြီး၏ ခန္ဓာကိုယ်ကြောင့် အစွယ်ပါကြယ်ငါး ရာပေါင်းများစွာ ချက်ချင်းပင် ကြိတ်ခြေခြင်း ခံလိုက်ရလေသည်။ နဂါးမြွေငါးရှဉ့်သည် သူ၏ အသွင်သဏ္ဌာန်ကို ပြောင်းလဲလိုက်သည်နှင့် တစ်ပြိုင်နက် အစွယ်ပါကြယ်ငါးများ၏ အစီရင်သည် အသုံးမဝင်တော့ဘဲ အခြေအနေများ ပြောင်းလဲသွားရကာ အသာစီးရနေရာမှသည် အရေးနိမ့်သည့် အခြေအနေသို့ ချက်ချင်း ရောက်ရှိသွား၏။
နဂါးမြွေငါးရှဉ့်၏ အသွင်နှစ်မျိုးသည် မတူညီသော ထူးခြားချက်များ ရှိကြသည်။ နဂါးအသွင်သည် ခွန်အား အဆမတန် ကြီးမားလှကာ မြွေအသွင်သည် အကြေးခွံများ မာကျောလွန်းလှသဖြင့် အစွယ်ပါကြယ်ငါးများ၏ ချွန်ထက်လှသောအစွယ်များပင် ထိုးဖောက်နိုင်စွမ်း မရှိပေ။ ဤသည်မှာ သူတို့၏ ထူးခြားလှသော တိုက်ခိုက်ရေး နည်းဗျူဟာပင် ဖြစ်သည်။
အစွယ်ပါကြယ်ငါးဘုရင် အပါအဝင် အစီရင်အတွင်းရှိ ကြယ်ငါးများ အားလုံးသည် မြွေကြီး၏ ခန္ဓာကိုယ်အလယ်၌ ရစ်ပတ်ဖျစ်ညစ်ခြင်း ခံထားရကာ သေလုမျောပါး ခုခံနေကြရလေသည်။
နဂါးမြွေငါးရှဉ့်သည် သူ၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ထပ်မံဖျစ်ညှစ်လိုက်ပြီး အစွယ်ပါကြယ်ငါးများ အားလုံးကို အပြီးသတ် ချေမှုန်းရန် ကြိုးစားလိုက်သည်။ နှစ်ဖက်စလုံးသည် အသေအလဲ ရုန်းကန်နေကြရသဖြင့် အခြေအနေသည် တင်းမာလာ၏။ ထိုကဲ့သို့သော အခိုက်အတန့်တွင် တိုက်ပွဲကို ရပ်ကြည့်နေသော ကျုံးရှန်တစ်ယောက် ရုတ်တရက်စတင် လှုပ်ရှားလာလေတော့သည်။
သူသည် ခြေထောက်တစ်ဖက်ကို အားပြုကာ အရှိန်ပြင်းစွာဖြင့် တိုက်ပွဲအတွင်းသို့ခုန်ဝင်လိုက်သည်။ သူ၏ ခြေထောက်အောက်ရှိ ကြမ်းပြင်မှအရိုး မြောက်မြားစွာသည် ကြီးမားလှသောခွန်အားကြောင့် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားလေသည်။ ကျုံးရှန်၏ ခန္ဓာကိုယ်သည် ပင်လယ်ရေအောက်၌ ပစ်လွှတ်လိုက်သော လှံတစ်စင်းကဲ့သို့ နဂါးမြွေငါးရှဉ့်ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားသည်။
သူသည် နဂါးမြွေငါးရှဉ့်၏ ဦးခေါင်းပေါ်သို့ တည့်တည့် ကျရောက်သွားကာ လက်နှစ်ဖက်ကို အသုံးပြုပြီး နဂါးမြွေငါးရှဉ့်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်တွင်းဟင်းလင်းပြင်နှင့် ချိတ်ဆက်လိုက်ပြီး နဂါးမြွေငါးရှဉ့်နှင့် အစွယ်ပါကြယ်ငါးများ အားလုံးကို သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းရှိ အဆင့်မြင့်ဟင်းလင်းပြင်ရတနာအတွင်းသို့ တိုက်ရိုက် ဆွဲယူ သိမ်းဆည်းလိုက်တော့သည်။
ထိုအချက်သည် ကျုံးရှန် ရှာဖွေတွေ့ရှိထားသော ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဟာကွက်တစ်ခု ဖြစ်သည်။ သူ၏ ကိုယ်တွင်းဟင်းလင်းပြင်သည် သီးခြား ကမ္ဘာတစ်ခုအသွင် တည်ရှိနေခြင်း ဖြစ်ပြီး ယင်းသည် သာမန် ရတနာများအတွင်းရှိ ဟင်းလင်းပြင်များနှင့် မတူညီဘဲ သူ၏ ခန္ဓာကိုယ်အတွင်း၌ ကိုယ်တိုင် ဖန်တီးထားသော ကမ္ဘာ ဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံဖြင့် ထိတွေ့နိုင်သော အရာမှန်သမျှကို ထိုဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းနိုင်စွမ်း ရှိလေသည်။
ထို့ပြင် မျှော်စင်၏ စည်းမျဉ်းနိယာမများသည် သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းပိုင်းသို့ ဖိနှိပ်နိုင်စွမ်း မရှိသည်ကိုလည်း သတိထားမိခဲ့သည်။ နဂါးမြွေငါးရှဉ့်နှင့် အစွယ်ပါကြယ်ငါးများ သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားသည့် တစ်ခဏတွင် ရှစ်ရာ့တစ်ဆယ်သန်းသော အတ္တအမှုန်အမွှားများသည် ကျုံးရှန်၏ ပုံရိပ်ငယ်များအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။
သူတို့သည် အဆင့်မြင့် ဟင်းလင်ပြင်ရတနာထဲသို့ဝင်ရောက်သွားပြီး ထိုပင်လယ်သားရဲများကို ဝိုင်းရံထားလိုက်ကြသည်။ ထို့နောက် ကိုယ်တွင်းအင်္ဂါများ၏ နတ်ဘုရားနန်းတော်များအတွင်း၌စောင့်ကြပ်နေကြသော ဓာတ်ကြီးငါးပါး နန်းတော်အရှင်သခင်များသည်လည်း ဝင်ရောက်လာကြကာ ဓာတ်ကြီးငါးပါး စွမ်းအားများကို အသုံးပြုလျက် သူတို့ကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။ ကျုံးရှန်၏ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်မှ ထွက်ပေါ်လာသော ရွှေရောင်ပုံရိပ်ငယ်လေးသည်လည်း ပုံရိပ်နှစ်ခုအဖြစ်ခွဲထွက်သွားပြီး ပင်လယ်သားရဲဘုရင်များ၏ အသိစိတ်အာရုံအတွင်းသို့ တိုးဝင်ဖိနှိပ်လိုက်လေသည်။
ပြင်းထန်သော ဖိနှိပ်မှုများကြောင့် မျက်စိတစ်မှိတ်အတွင်းပင် ပင်လယ်သားရဲ ဘုရင် နှစ်ကောင်စလုံးသည် အင်အားများ ဆုံးရှုံးသွားကာ အရှုံးပေးလိုက်ရသည်။ ထိုအခါ ကျုံးရှန်သည် သူ၏စိတ်ဆန္ဒကို ဟင်းလင်းပြင်နတ်ဘုရား တံဆိပ် တော်၏ရွှေရောင်ပုံရိပ်များမှတစ်ဆင့် ပင်လယ်သားရဲဘုရင်နှစ်ကောင််ထံသို့ ပို့လွှတ်လိုက်သည်။ အကြွင်းမဲ့စွမ်းအားများ၏ ဖိနှိပ်မှုအောက်တွင် ပင်လယ်သားရဲ ဘုရင် နှစ်ကောင်စလုံးသည် ကျုံးရှန်ကို သခင်အဖြစ် အသိအမှတ်ပြုကာ အညံ့ခံလိုက်ကြရသည်။
ကျုံးရှန်၏ စွမ်းအားသည် သူတို့၏ နိမ့်ကျလှသော ဉာဏ်ရည်ဖြင့် မှန်းဆနိုင်သည့် အဆင့်ထက် များစွာ ကျော်လွန်နေလေသည်။