← Chapters

အခန်း (၃၁၄)

Vol. 32 Ch. 314

အခန်း (၃၁၄)

Vol. 32 Ch. 314

အပိုင်း (၃၁၄)

စနစ်၏ အဆင့်အတန်းသည် ကျုံးရှန် လက်ရှိ သိရှိထားသော အဆင့်အတန်းများ၏ အထက်၌ပင် ရှိနေနိုင်ပေသည်။ ထိုသည်က ကျုံးရှန်အနေဖြင့် လက်ရှိတွင် မသိရှိသေးသော နယ်ပယ်တစ်ခုဖြစ်သည်။

စနစ်သည် ကျုံးရှန်အတွက် ကြီးမားသော အထောက်အပံ့များကို ပေးအပ်ခဲ့သော်လည်း သူ၏ စိတ်နှလုံးအတွင်း၌မူ စနစ်အပေါ်တွင် အမြဲတစေ သတိထားလျက် ရှိလေသည်။ မိမိအနေဖြင့် အကြွင်းမဲ့ မထိန်းချုပ်နိုင်သော အရာတစ်ခုကို အပြည့်အဝ ယုံကြည်ကိုးစားရန် မည်သို့မျှ မဖြစ်နိုင်ချေ။

ယခုအချိန်အထိ စနစ်သည် ကျုံးရှန်ကို ဘေးအန္တရာယ်ဖြစ်စေမည့် အရိပ်အယောင် တစ်စုံတစ်ရာမျှ ပြသခြင်း မရှိသေးသော်လည်း ယင်း၏ ပြုမူပုံသည် တစ်စုံတစ်ရာကို ပြုစုပျိုးထောင်ပေးနေသည့် ပုံစံမျိုးနှင့် တူညီနေ၏။ ပို၍ ပွင့်လင်းစွာ ပြောရမည်ဆိုပါက ဝက်တစ်ကောင်ကို အသားတိုးအောင် မွေးမြူနေသည့် အခြေအနေမျိုးနှင့် ဆင်တူလှပေသည်။

ကျုံးရှန်ကို အစွမ်းထက်လာအောင် ပျိုးထောင်ပေးပြီးသောအခါတွင်မှ တစ်ချက်တည်းနှင့် ရိတ်သိမ်းယူရန် ကြံစည်နေခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့သော အတွေးမျိုးသည် ကျုံးရှန်၏ စိတ်ထဲ၌ ဖြစ်ပေါ်လာတတ်သဖြင့် သူသည် ကြိုတင်ကာကွယ်မှုများကို အမြဲတစေ ပြုလုပ်ထားရန် လိုအပ်သည်ဟု ယူဆထားသည်။

ကျုံးရှန်သည် ခေါင်းကို ခါယမ်းလိုက်ကာ စိတ်ထဲ၌ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ထုတ်လိုက်ကာ ယခင်က ဖမ်းဆီးရရှိထားသော လင်လုံသားရဲဘုရင်ကို အပြင်သို့ ထုတ်လိုက်သည်။ ယခုအခါ သူ၏ ဘေး၌ နဂါးမြွေငါးရှဉ့်ဘုရင်၊ အစွယ်ပါကြယ်ငါးဘုရင်တို့နှင့်အတူ အင်အားတောင့်တင်းသောပင်လယ်သားရဲ နောက်လိုက်အဖွဲ့တစ်ခု ဖြစ်တည်နေသည်။

ကျုံးရှန်သည် အချိန်ဆွဲခြင်း မရှိဘဲ နောက်ထပ် ပင်လယ်သားရဲ မျိုးနွယ်စုများရှိရာသို့ ဆက်လက် ထွက်ခွာလိုက်ကာ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များကို မနားတမ်း သိမ်းပိုက်လိုက်သည်။

ဝိညာဉ်ဝါးမြိုခြင်း ပင်လယ်အတွင်း၌ ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်လွန်သွားလေသည်။

ကျုံးရှန်သည် သူ၏ နှစ်ဆယ်ခုမြောက်သော ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို ဝါးမြိုလိုက်၏။ ပင်လယ်သားရဲနောက်လိုက်အဖွဲ့သည်လည်း ယခင်ကထက် များစွာ ပိုမို ကြီးမားလာခဲ့ပြီ ဖြစ်သည်။ နှစ်ပတ်အတွင်း ပင်လယ်သားရဲ မျိုးနွယ်စု လေးခုကို ထပ်မံ ချေမှုန်းခဲ့ပြီး သားရဲဘုရင် လေးပါးကိုလည်း နောက်လိုက်အဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။

ယခုအခါ သူသည် လိုအပ်နေသော နောက်ဆုံးဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ် ဆယ်ခုကို စုဆောင်းမိသွားပြီ ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော အတ္တအမှုန်အမွှားများ အားလုံးသည် ဝိညာဉ်ဝါးမြိုခြင်း စွမ်းအားများနှင့် အပြည့်အဝ ပေါင်းစပ်သွားကြလေသည်။

ကျုံးရှန်သည် ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်ကို အပြည့်အဝ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ ထိုထူးခြားသော စွမ်းရည်ကို အသုံးပြု၍ နတ်ဘုရားလက်နက်များကို အသုံးပြုခြင်း သို့မဟုတ် နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်ခြင်း ပြုလုပ်သည့်အခါတိုင်း၌ အလွန် ရက်စက်ကြမ်းကြုတ်သော ဝါးမြိုခြင်း စွမ်းရည်၏ဂုဏ်သတ္တိများ ပါဝင်လာ ပေလိမ့်မည်။ ထိုစွမ်းအားသည် ရန်သူ၏ ဝိညာဉ်စွမ်းအားများကို တိုက်ရိုက် စုပ်ယူနိုင်စွမ်း ရှိ၏။

ကျုံးရှန် ထုတ်ဖော်လိုက်သော တိုက်ကွက်များသည် ရန်သူ၏ တိုက်ခိုက်မှုကြောင့် အားနည်းသွားခြင်း မရှိဘဲ ရန်သူ၏ စွမ်းအားများကို ဝါးမြိုကာ ပိုမို ကြီးထွားလာမည် ဖြစ်သဖြင့် တိုက်ပွဲကြာမြင့်လာသည် နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် စွမ်းအား ကွာဟမှု ပိုမို ကြီးမားလာမည်ဖြစ်သည်။

ထို့ပြင် ကျုံးရှန်သည် ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်ကို အသုံးပြု၍ အထပ်ငယ်တစ်ထောင်ကမ္ဘာ (ကမ္ဘာငယ်) များ၏ မူလဇစ်မြစ် စွမ်းအားများကိုပင် တိုက်ရိုက် ဝါးမြိုရန် ကြိုးစားနိုင်စွမ်း ရှိလာလေသည်။ သူသည် ထိုကမ္ဘာဦး မူလဇစ်မြစ်များကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းနိုင်မည် ဖြစ်ပြီး ကမ္ဘာငယ်ပေါင်း ၈၁၀သန်း ကို ဝါးမြိုနိုင်ခဲ့ပါက သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမှုန်အမွှားတိုင်းသည် ကမ္ဘာဦးမူလဇစ်မြစ်တစ်ခုစီကို ပိုင်ဆိုင်သွားကြပေလိမ့်မည်။

ထိုအခြေအနေသို့ ရောက်ရှိပါက သူ၏ တိုက်ခိုက်မှု တစ်ချက်ချင်းစီတိုင်းတွင် ကမ္ဘာငယ် ၈၁၀သန်း၏ စွမ်းအားများ ပါဝင်နေမည်ဖြစ်သည်။ ကမ္ဘာငယ်ပေါင်း ၈၁၀သန်း၏ စွမ်းအားဆိုသည်မှာ အထပ်လတ်တစ်ထောင်ကမ္ဘာ ၈၁၀,၀၀၀ နှင့် ညီမျှပြီး မဟာကမ္ဘာ ၈၁၀ နှင့် တူညီသည်။ ထိုအခြေအနေသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကဲ့သို့သော မဟာကမ္ဘာပေါင်း ၈၁၀၏ စွမ်းအားများ စုစည်းထားခြင်းနှင့် အလားတူလှ၏။

ထိုကဲ့သို့သော စွမ်းအားရှေ့မှောက်၌ ကောင်းကင်အရှင် သော်လည်းကောင်း၊ ထာဝရအရှင် သော်လည်းကောင်း မည်သူမျှ ခံနိုင်ရည် ရှိကြမည် မဟုတ်ဘဲ ချက်ချင်းပင် မြေမှုန်အဖြစ်သို့ ပြောင်းလဲသွားကြရပေလိမ့်မည်။

အကယ်၍ ကျုံးရှန်သည် အထပ်လတ်တစ်ထောင်ကမ္ဘာများ သို့မဟုတ် မဟာကမ္ဘာများကိုပါ ဝါးမြိုနိုင်မည်ဆိုလျှင် သူ၏ စွမ်းအားသည် ခန့်မှန်းရန်ပင် မဖြစ်နိုင်တော့ချေ။

သို့သော်လည်း ယခုအချိန်တွင်မူ ထိုအရာများသည် စိတ်ကူးယဉ်မှုတစ်ခုသာ ရှိသေးသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့် ငရဲမဟာကမ္ဘာကြီးတို့၌ ကမ္ဘာငယ် မြောက်မြားစွာ ရှိသည်ဟု ဆိုကြသော်လည်း လက်တွေ့တွင်မူ သိန်း ၁၀၀ ပင် ပြည့်မီရန် ခဲယဉ်းလှပေသည်။ မရေမတွက်နိုင်သော ဟူသော စကားလုံးနှင့် ထိုက်တန်သည့် နေရာသည် ဒဏ္ဍာရီလာ အကန့်အသတ်မဲ့ကမ္ဘာ တစ်ခုသာ ဖြစ်နိုင်လေသည်။

အကန့်အသတ်မဲ့ကမ္ဘာကိုပါ ဝါးမြိုလာနိုင်မည် သို့မဟုတ် ထိုထက် မြင့်မားသော ကမ္ဘာများကိုပါ ဝါးမြိုနိုင်မည်ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း။

ကျုံးရှန်၏ အတွေးများသည် အလွန်ပင် ရဲတင်းလှပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပါက ဝူလုံနတ်ဘုရားဘုရင်ပင် မရောက်ရှိနိုင်ခဲ့သော နယ်ပယ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုသည်မှာ ဝိညာဉ်ဝါးမြိုခြင်း စွမ်းအားနှင့် နဂါးမဲ့နတ်ဘုရားကျင့်စဉ် တို့ ပေါင်းစပ်သွားပြီးနောက် ထွက်ပေါ်လာသော အံ့ဖွယ် ထူးခြားချက်ပင် ဖြစ်သည်။

သို့သော်လည်း အရာအားလုံးသည် ခန့်မှန်းချက်များသာ ရှိသေး၏။ ကမ္ဘာငယ်များကို ဝါးမြိုရန် ပြဿနာ မရှိနိုင်သော်လည်း အထပ်လတ်တစ်ထောင်ကမ္ဘာ သို့မဟုတ် မဟာကမ္ဘာကို ဝါးမြိုရန်ကြိုးစားမှုသည် ကျုံးရှန်၏ ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေနိုင်လေသည်။

ထိုအဆင့်သို့ ရောက်ရှိရန်အတွက် ကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်၊ နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အဆင့်အတန်းနှင့် ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်၏ အဆင့်တို့အပေါ်တွင် များစွာ မူတည်နေသည်။ ကျုံးရှန်သည် လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော အတ္တအမှုန်အမွှားများ ကို အတ္တမဲ့ခြင်းအမှုန်များ အဖြစ်သို့ အသွင်ပြောင်းလဲနိုင်မှသာ ဖြစ်နိုင်ပေမည်။

တစ်ချိန်တည်း၌ သူ၏ ဝါးမြိုခြင်း စွမ်းရည်သည်လည်း ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းရပေလိမ့်မည်။ ထို့ကြောင့် သူ၏ရဲတင်းလွန်းသောအကြံအစည်များသည် ရေတိုအတွင်း စမ်းသပ်ရန် မဖြစ်နိုင်သေးပေ။ ယခုအခါ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်ဝါးမြိုခြင်း စွမ်းအားများ အပြည့်အဝ ပေါင်းစပ်သွားပြီ ဖြစ်သည်။

ထိုအချက်ကြောင့် ကျုံးရှန်သည် ဝိညာဉ်ဝါးမြိုခြင်း ပင်လယ်နှင့် ပိုမို ရင်းနှီးသွားသကဲ့သို့ ခံစားလာရသည်။ သူ၏ နတ်ဘုရားအာရုံနှင့် ပင်လယ်အကြား ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုချိတ်ဆက်မှုကြောင့် သူ၏ အာရုံခံစားနိုင်စွမ်းသည်လည်း များစွာ တိုးတက်လာခဲ့ကာပင်လယ်ကြီးအတွင်း၌ ထူးဆန်းသည့် အစက်အပြောက်ကလေးများ ရာနှင့်ချီ၍ ပျံ့နှံ့နေကြောင်း သတိပြုမိလိုက်သည်။

ထိုထူးဆန်းသောအစက်အပြောက်ကလေးများသည် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များ ဖြစ်ကြောင်း သူ ခန့်မှန်းမိလေသည်။ သူ ယခင်က တွေ့ကြုံခဲ့သော ပင်လယ်သားရဲ မျိုးနွယ်စု ရှစ်ခုကိုးခုသည် ပင်လယ်တစ်ခုလုံးရှိ မျိုးနွယ်စုများစွာ၏ အမွေးတစ်ပင်စာမျှပင် မရှိဘဲ အခြားသော နေရာအနှံ့အပြား၌လည်း ပင်လယ်သားရဲများနှင့် ပင်လယ်သက်ရှိ မျိုးနွယ်စုများစွာ ပျံ့နှံ့တည်ရှိနေကြသည်။ ထိုဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များကို ကိုယ်စားပြုသော အစက်အပြောက်ကလေးများအပြင် ကျုံးရှန်သည် အစက်အပြောက်ကြီး တစ်ခုကိုလည်း တွေ့ရှိလိုက်ရ၏။

ထိုအစက်အပြောက်ကြီးသည် အခြားသော အစက်အပြောက်ကလေးများအားလုံး၏ ဗဟိုချက်တွင် တည်ရှိနေသဖြင့် ထိုနေရာသည် ဝိညာဉ်ဝါးမြိုခြင်း ပင်လယ်၏ အလယ်ဗဟိုချက် ဖြစ်နိုင်ပေသည်။ ဤအချက်သည် ကျုံးရှန်၏ ခန့်မှန်းချက်နှင့် ထပ်တူ ကျနေကာ ထိုအစက်အပြောက်ကြီးသည် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များ စတင် မြစ်ဖျားခံရာ နေရာ ဖြစ်နိုင်ခြေ အလွန် မြင့်မားလှသည်။

ထို့ပြင် အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာတိုင်း၏ သတ်မှတ်ချက်အရ အလယ်ဗဟို ဒေသသည် နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်မည့် ကူးပြောင်းခြင်းတံခါး တည်ရှိရာ နေရာ ဖြစ်ကာ ကျုံးရှန်အနေဖြင့် ထိုနေရာသို့ မဖြစ်မနေ သွားရောက်ရန် လိုအပ်ပေသည်။

ယခုအခါ သူသည် ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်ကို အပြည့်အဝ ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့် အခြားသော ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များသည် သူ့အတွက် များစွာ အသုံးမဝင်တော့ချေ။ အနာဂတ်တွင် သူ၏ နောက်လိုက် သို့မဟုတ် မျိုးနွယ်စုဝင်များအတွက် လိုအပ်လာပါက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို သိမ်းပိုက်ပြီးမှသာ ပြန်လည် လာရောက် ယူဆောင်မည်ဖြစ်သည်။

ယခု အရေးကြီးဆုံးသော ကိစ္စသည် အလယ်ဗဟိုဒေသသို့ သွားရောက်ကာ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များ ထွက်ပေါ်သည့် နေရာကို ရှာဖွေရန်နှင့် ထိုမှတစ်ဆင့် နောက်ထပ် အဆင့်တစ်ခုသို့ ဆက်လက် တက်လှမ်းရန်ပင် ဖြစ်လေသည်။

သူ၏အာရုံခံစားနိုင်စွမ်းများ ပြန်လည်ရရှိလာပြီးနောက်တွင် ကျုံးရှန်၏ စိတ်ထဲ၌ ဝါးမြိုခြင်းပင်လယ်၏ မြေပုံတစ်ခု ရရှိသွားသကဲ့သို့ ဖြစ်သွားပြီး လမ်းပြရန် ပင်လယ်သားရဲဘုရင်များ မလိုအပ်တော့ချေ။ ထိုပင်လယ်သားရဲဘုရင်များသည် ကျုံးရှန်၏ နတ်ဘုရားအာရုံဖြင့်ဆက်သွယ်ပြီးနောက်တွင် ပြင်ပကမ္ဘာ၌ ပိုမို ကျယ်ပြောသော လောကကြီး ရှိနေကြောင်း သိရှိသွားကြသဖြင့် ဝိညာဉ်ဝါးမြိုခြင်း ပင်လယ်အတွင်း၌ ဆက်လက် နေထိုင်လိုခြင်းမရှိကြတော့ချေ။ သူတို့အားလုံးသည် ကျုံးရှန်၏ နောက်သို့ လိုက်ပါရန် ဆုံးဖြတ်လိုက်ကြကာ ဝိညာဉ်ဝါးမြိုခြင်း ပင်လယ်မှ ထွက်ခွာပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ပြင်ပသို့သွားရောက်လိုနေကြသည်။

သူတို့သည် ပြင်ပရှိ ပိုမို ခမ်းနားလှသော ကမ္ဘာသစ်ကို မြင်တွေ့လိုကြခြင်းပင်ဖြစ်သည်။

ဂျောက်လန် သည်လည်း ကျုံးရှန်၏ နောက်သို့ တောက်လျှောက် လိုက်ပါလာခဲ့ပြီးနောက်တွင် ထိုကဲ့သို့ပင် ဆုံးဖြတ်လိုက်လေသည်။ မည်သည့် သက်ရှိမျှ ရေတွင်းထဲမှ ဖားသူငယ်ကဲ့သို့ မနေလိုကြပေ။ ပိုမို ကျယ်ပြောသော ကမ္ဘာကြီး ရှိနေကြောင်း သိရှိလိုက်ရသည့်အခါတွင် သူတို့အားလုံးသည် ထိုကမ္ဘာသစ်ကို စူးစမ်းလေ့လာရန် ရွေးချယ်ခဲ့ကြသည်။

ကျုံးရှန်အနေဖြင့်လည်း ထိုကိစ္စအပေါ် ကန့်ကွက်ခြင်း မရှိပေ။ သူ၏ ကိုယ်တွင်းဟင်းလင်းပြင် သည် အလွန်ပင် ထူးခြားဆန်းပြားလှပြီး အရာအားလုံးကို လက်ခံထားနိုင်သည်။ သက်မဲ့အရာများသာမက သက်ရှိများကိုပါ ထိုအတွင်း၌ တိုက်ရိုက်သော်လည်းကောင်း ၊ အဆင့်မြင့်ဟင်းလင်းပြင်ရတနာများ၌ထည့်၍ သော်လည်းကောင်း ရှင်သန် နေထိုင်နိုင်ကြသည်။

ထိုကဲ့သို့ ကိုယ်တွင်းဟင်းလင်းပြင်သည် ရှေးခေတ် ဧကရာဇ်များပင်လျှင် ကောင်းကင်ပူဇော်ခြင်း အစီရင်ကို အသုံးပြုကာ နတ်ဘုရားအဆင့် နတ်ဆိုးမျိုးနွယ် တစ်ထောင်ကျော်ကို သတ်ဖြတ် ပူဇော်ပြီးမှသာ မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖွင့်လှစ်နိုင်သော အထွတ်အထိပ်ဟင်းလင်းပြင်ဂူဗိမာန် မျိုး ဖြစ်သည်။

သို့သော်လည်း ကျုံးရှန်သည် ထိုအရာကို မည်သို့သော နည်းလမ်းဖြင့် ရရှိထားခဲ့သည်ကိုမူ မည်သူမျှ မသိရှိနိုင်ကြချေ။ သူသည် ထိုသက်ရှိများအားလုံးကို သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်သည်။

ယခုအခါ သူသည် ဝိညာဉ်ဝါးမြိုခြင်း ပင်လယ်၏ အစွန်အဖျား ဒေသတစ်ခု၌ ရောက်ရှိနေခြင်း ဖြစ်သည်။ သူသည် နတ်ဘုရားအာရုံအတွင်း၌ ပေါ်ထွက်နေသော အစက်အပြောက်ငယ်လေးများ ရှိနေသည့် နေရာများကို တိတ်တဆိတ် အာရုံခံကြည့်နေသည်။

ထို့နောက် အလယ်ဗဟိုဒေသသို့ သွားရာ လမ်းကြောင်းပေါ်တွင် ရှိနေသော အစက်အပြောက်ကလေး တစ်ခုကို ရွေးချယ်လိုက်ကာ ထိုနေရာသို့ အလျင်အမြန် ကူးခတ်သွားတော့သည်။မိမိ၏ အာရုံခံစားမှု မှန်ကန်ခြင်း ရှိမရှိကို စမ်းသပ်လိုခြင်းပင် ဖြစ်လေသည်။

All Chapters