အခန်း (၃၁၅)
Vol. 32 Ch. 315
အပိုင်း (၃၁၅)
ထိုအစက်အပြောက်ငယ်လေးသည် ကျုံးရှန်နှင့် အလွန်မဝေးလှသည့်အပြင် အလယ်ဗဟိုဒေသသို့ သွားရာလမ်းကြောင်းပေါ်၌ပင် တည်ရှိနေသည်။
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက်တွင် ထိုအစက်အပြောက်တည်ရှိရာနေရာသို့ ရောက်ရှိသွား၏။ ထိုနေရာ၌ မည်သည့်ပင်လယ်သားရဲမျိုးနွယ်စုမျှ ရှိမနေဘဲ အရောင်အသွေးစုံလင်လှသော သန္တာကျောက်တန်းကြီးတစ်ခုသာ ရှိလေသည်။ လျင်မြန်ဖြတ်လတ်သော ငါးငယ်လေးများသည် သန္တာကျောက်တန်းများအကြားတွင် အုပ်စုလိုက် ကူးခတ်သွားလာနေကြပြီး ရေပေါ်မှ အစာအမှုန်အမွှားများကို ဝါးမြိုနေကြသည်။
ကျုံးရှန်သည် သူ၏အာရုံခံစားမှု လမ်းညွှန်ချက်အတိုင်း လိုက်လံရှာဖွေလိုက်သည့်အခါ သန္တာကျောက်အကြွင်းအကျန်များအကြား၌ ညပ်နေသော ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
'ငါ့ရဲ့အာရုံခံစားမှုက တကယ်ပဲ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်တွေရှိတဲ့နေရာကို သိနိုင်တာပဲ'
သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များသည် ကျုံးရှန်အတွက် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိတော့ခြင်းပင် ဖြစ်သည်။
သူသည် ဝိညာဉ်ဝါးမြိုခြင်းစွမ်းရည်ကို အပြည့်အဝပိုင်ဆိုင်သွားပြီ ဖြစ်သဖြင့် မည်သည့်ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကိုမျှ ထပ်မံစုပ်ယူ၍ မရနိုင်သလို ထိုအရင်းအမြစ်များသည်လည်း ကျုံးရှန်၏စွမ်းအားများကို ဝါးမြိုခြင်း မပြုကြတော့ချေ။ ကျုံးရှန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထိုဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို သိမ်းဆည်းလိုက်ကာ လမ်းကြောင်းပေါ်ရှိ နောက်ထပ်အရင်းအမြစ်တစ်ခုရှိရာသို့ ဆက်လက်ထွက်ခွာခဲ့သည်။ သူသည် ခရီးလမ်းတစ်လျှောက်တွင် တွေ့ရှိသမျှကို စုဆောင်းလာခဲ့ကာ ရက်သတ္တပတ် နှစ်ပတ်ခန့် ထပ်မံကုန်လွန်သွားသည်။
ယခုအခါ ကျုံးရှန်သည် ယခင်က ဂျောက်ဂျိ မျိုးနွယ်စုများရှိရာနေရာသို့ ပြန်လည်ရောက်ရှိလာကာ လမ်းတစ်လျှောက်မှ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ် တစ်ရာကျော်ကို သိမ်းဆည်းနိုင်ခဲ့သည်။ ထိုဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များကို ပြင်ပကမ္ဘာသို့ ယူဆောင်သွားပြီး စမ်းသပ်မှုအချို့ ပြုလုပ်ရန် သူ ရည်ရွယ်ထား၏။ အကယ်၍ အောင်မြင်ခဲ့လျှင် သူ၏မျိုးနွယ်စုဝင်များသာမက ချင်ထျန်းတောင်ထိပ်ရှိ ရွှမ်ဟွမ်ကြက်များ၊ ဝက်မည်းများနှင့် ကျူးကျီတို့ပင် ဝိညာဉ်ဝါးမြိုခြင်းစွမ်းအားကို ပိုင်ဆိုင်လာနိုင်ပေလိမ့်မည်။
ကျုံးရှန်သည် ဂျောက်ဂျိမျိုးနွယ်စု၏ နယ်မြေအတွင်း၌ ပြန်ရောက်လာသည်။ ဤနေရာသို့ ပြန်လာရခြင်းသည် ပထမဦးစွာ သူပေးထားသော ကတိကို တည်စေရန်ဖြစ်ပြီး ဒုတိယအချက်သည် မျက်လုံးသုံးလုံးဖျံ ကို ခေါ်ဆောင်ရန် ဖြစ်သည်။ ကျူံးရှန်းသည် မျက်လုံးသုံးလုံးဖျံ၏ စိတ်နှလုံးသားကိုအပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ပြင် လမ်းတစ်လျှောက်တွင် ကျုံးရှန် ပြသခဲ့သော စွမ်းအားများကြောင့်လည်း ဖျံလေးသည် သူ့ကို အပြည့်အဝ ကြောက်ရွံ့အားကိုးသွားခဲ့လေသည်။
သနားစရာကောင်းသော ထိုသားရဲလေးသည် ကျုံးရှန် ချန်ထားခဲ့သော အမိန့်ကို သစ္စာရှိစွာ နာခံလျက် ရေသူများကို သေချာ စောင့်ကြပ်ကြည့်ရှုနေဆဲ ဖြစ်သည်။ သူသည် ကျုံးရှန်ကို မြင်လိုက်ရသည့်အခါ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွား၏။ ထိုသားရဲလေးမွေးဖွားလာချိန်မှစ၍ ဒုတိယအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၏ မြက်တဲအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သောသူမှလွဲလျှင် ကျုံးရှန်သည် သူမြင်ဖူးသမျှ ဒုတိယမြောက် လူသားပင် ဖြစ်နိုင်သည်။
နှမြောစရာကောင်းသည်မှာ ထိုသားရဲလေး၏ စွမ်းအားများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများဖြင့် ကန့်သတ်ခံထားရခြင်းဖြစ်သည်။ အကယ်၍ ပြင်ပကမ္ဘာသို့ ယူဆောင်သွားပြီး အနည်းငယ်မျှ ပြုစုပျိုးထောင်ပေးလိုက်ပါက လူသားအသွင်ပြောင်းလဲနိုင်သော နတ်ဘုရားအဆင့် သားရဲ ဖြစ်လာနိုင်ပေသည်။
ကျုံးရှန်သည် ဖျံလေး၏ခေါင်းကို အသာအယာပွတ်သပ်ပေးလိုက်ကာ ဆုလာဘ်အဖြစ် သားရဲဝိညာဉ်ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်၏။
ထို့နောက်တွင် သူသည် ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သော ဆေးဝါးများနှင့် ကိုယ်ဝန်ဆောင်ရာတွင် အသုံးဝင်မည့်အရင်းအမြစ်အချို့ကို ထုတ်ယူကာ ကိုယ်ဝန်ဆောင်ထားသော ဂျောက်ဂျိမလေးကို ပေးအပ်လိုက်လေသည်။ သူမသည် ရေသူမျိုးနွယ်စု၏ ဘုရင်မပင် ဖြစ်သည်။
ကျုံးရှန် ပေးအပ်သော ဆေးလုံးများကို ရရှိသွားပြီးနောက်တွင် ရေသူမျိုးနွယ်စု၏ ဘုရင်မသည် အလွန်အမင်း ဝမ်းသာအားရဖြစ်သွားကာ ကျုံးရှန်ကို ရှိခိုးကန်တော့လုနီးပါးပင် ဖြစ်သွားရသည်။ ကျုံးရှန်ပေးအပ်သော အရင်းအမြစ်များနှင့် နှိုင်းယှဉ်လျှင် သေဆုံးသွားသော မျိုးနွယ်စုဝင်များသည် ထိုက်တန်စွာ သေဆုံးသွားခဲ့ကြသည်ဟုပင် ဆိုနိုင်ပေသည်။
ထိုအရင်းအမြစ်များဖြင့် မကြာမီတွင် ရေသူစစ်သည်အားလုံး၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တော့မည် ဖြစ်သည်။ ရေသူမျိုးနွယ်စု၏ မွေးရာပါ ဉာဏ်ရည်ထက်မြက်မှု၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် အသံလှိုင်းဆိုင်ရာ ပါရမီတို့ ပေါင်းစပ်လိုက်လျှင် ဝိညာဉ်ဝါးမြိုခြင်းပင်လယ်အတွင်းရှိ အင်အားအကောင်းဆုံး ပင်လယ်သားရဲမျိုးနွယ်စုများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မည်။
အချိန်အနည်းငယ်မျှ ကြိုးစားအားထုတ်လိုက်ပါက ဝိညာဉ်ဝါးမြိုခြင်းပင်လယ်ပြင်၏ အရှင်သခင် ဖြစ်လာရန် ကြာမြင့်တော့မည်မဟုတ်ပေ။ ကျုံးရှန်အနေဖြင့် သူပေးထားသော ကတိကို တည်ခြင်းဖြစ်သည်။
ကျုံးရှန်၏ဆောင်ပုဒ်သည် ကတိပေးလျှင် တည်ရမည်၊ လုပ်ဆောင်လျှင် အောင်မြင်ရမည်ဖြစ်၏။
ရန်သူအပေါ်တွင် လုံးဝကရုဏာမထားဘဲ မိတ်ဆွေအပေါ်တွင် လက်တွဲကူညီပေးတတ်ခြင်း။
ဂျောက်ဂျိမျိုးနွယ်စု၏ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက်တွင် ကျုံးရှန်သည် ဖျံလေးကို ပြန်လည်သိမ်းဆည်းလိုက်ကာ စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၏အလယ်ဗဟိုဒေသသို့ တစ်ဦးတည်း အရှိန်အဟုန်ဖြင့် ထွက်ခွာလာလေသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များကို လိုက်လံစုဆောင်းခြင်း မပြုတော့ချေ။ ဝိညာဉ်ဝါးမြိုခြင်းအမြုတေတစ်ရာကျော်ဟူသော ပမာဏသည် ပြင်ပကမ္ဘာ၌ စမ်းသပ်ရန်အတွက် လုံလောက်ပြီ ဖြစ်သည်။
ကျုံးရှန်သည် ခရီးသွားခြင်းအပေါ်၌သာ အာရုံစိုက်လိုက်ပြီး တစ်ပတ်ခန့်အကြာတွင် အလယ်ဗဟိုနေရာသို့ ရောက်ရှိသွားသည်။ ဝိညာဉ်ဝါးမြိုခြင်းပင်လယ်အတွင်း၌ နှစ်လကျော်ခန့် အချိန်ကုန်လွန်ခဲ့သည့်အတွက်ထိုပင်လယ်အတွင်း တန်ဖိုးအရှိဆုံးအရာသည် ဝိညာဉ်ဝါးမြိုခြင်းစွမ်းအားဖြစ်ကြောင်း သူ သိရှိသွားခဲ့ပြီ ဖြစ်၏။ ထို့အပြင် ပင်လယ်သားရဲအသီးသီး၏ ထူးခြားသော ရှင်သန်နေထိုင်မှုပုံစံများသည်လည်း သူ့အတွက် များစွာသော သင်ခန်းစာများ ၊ ဉာဏ်အလင်းပွင့်မှုများနှင့် အရင်းအမြစ်အချို့ကို ပေးအပ်ခဲ့သည်။
ဥပမာအားဖြင့် အစွယ်ပါကြယ်ငါး၏ ချိတ်ဆက်မှုအစီရင်၊ နဂါးမြွေငါးရှဉ့်၏ ပေါင်းစပ်အသွင်ပြောင်းနိုင်စွမ်းတို့ ဖြစ်ကြသည်။ လင်လုံသားရဲ၏ ဝိညာဉ်စွမ်းအား ပြည့်ဝနေသော လင်လုံအိမ်များနှင့် လင်လုံသားရဲဘုရင်၏လျှပ်စစ်စွမ်းအင်များသည်လည်း နိုအာချပ်ပြား ကိုပင် အားသွင်းပေးနိုင်ခဲ့လေသည်။
ကျုံးရှန်သည် စိတ်ရှည်လက်ရှည်ဖြင့် စူးစမ်းလေ့လာမည်ဆိုပါက ပင်လယ်တစ်ခုလုံးရှိ သားရဲမျိုးနွယ်စုများထံမှ များစွာသော အကျိုးအမြတ်များကို ရရှိဦးမည် ဖြစ်သည်။ သို့သော်လည်း သူ့၌ အချိန် လုံလောက်မှုမရှိဘဲ အနာဂတ်တစ်ချိန်၌မှသာ စူးစမ်းလေ့လာရပေဦးမည်။
....
ဝိညာဉ်ဝါးမြိုခြင်းပင်လယ်၏ အလယ်ဗဟိုဒေသ။
ထိုနေရာ၌ ယခင်က မြင်တွေ့ခဲ့ရသော အဆုံးမဲ့ပင်လယ်ပြင်အစား မြင်ကွင်းအသစ်များ ပေါ်ထွက်လာသည်။ ကျုံးရှန်၏ ရှေ့မှောက်၌ရှိနေသည်မှာ ကျွန်းစုတစ်ခု ဖြစ်သည်။
ကျွန်းစုသည် အသက်ဓာတ်များဖြင့် ပြည့်နှက်နေပြီး နေရာအနှံ့တွင် အုန်းပင်များနှင့် ရွှေရောင်သဲသောင်ပြင်များ ရှိနေသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူ၏ ယခင်ဘဝ ကမ္ဘာမြေပေါ်ရှိ အပန်းဖြေစခန်းတစ်ခုနှင့် ဆင်တူလှ၏။ သို့သော်လည်း ကျွန်း၏အလယ်ဗဟိုတွင် ပေတစ်သောင်းခန့် မြင့်မားသော မီးတောင်ကြီးတစ်ခု တည်ရှိနေကာ မီးတောင်ထိပ်မှ မီးခိုးလုံးများထုတ်ပေါ်နေသဖြင့် မီးတောင်သေမဟုတ် ကြောင်းဖော်ပြနေသည်။
မီးတောင်ဝ၏ ကျောက်ဆောင်တစ်ခုပေါ်၌ နေရာကူးပြောင်းခြင်းတံခါးသည် အထီးကျန်စွာ တည်ရှိနေပြီး မီးခိုးလုံးများကြားတွင် မသဲမကွဲ မြင်နေရသည်။
ကျုံးရှန်ကို စိုးရိမ်စေသော အချက်သည် သူ၏အာရုံခံစားမှုအတွင်းရှိ အလင်းစက်ကြီးမှာ ထိုမီးတောင်၏ အတွင်းပိုင်း၌ ရှိနေခြင်းပင် ဖြစ်သည်။ အခြေအနေအရမီးတောင်အတွင်းသို့ မလွဲမသွေဝင်ရောက်ရပေတော့မည်။
ထိုအချက်ကိုစဉ်းစားမိသောအခါ ကျုံးရှန်တစ်ယောက် မျက်မှောင်ကြုတ်သွားရလေသည်။ ထိုမီးတောင်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးပေါ်၌ ဖြစ်ခဲ့လျှင် ရှေးဟောင်းမီးနတ်ဘုရား ချန်ထားခဲ့သော မီးတောက်နယ်မြေများဖြစ်ပါစေ သူ သွားရောက်ရဲသည်။
သို့သော်လည်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ အထပ်ငယ်တစ်ထောင်ကမ္ဘာများအတွင်း၌ အရာအားလုံးသည် ရိုးရှင်းခြင်းမရှိချေ။ အခွင့်အလမ်းများနောက်တွင် အန္တရာယ်များ အမြဲတစေ ကပ်ပါလာတတ်၏။
'ထားလိုက်ပါတော့..ဘယ်လိုပဲဖြစ်ဖြစ်..ဒီမီးတောင်က ဘာတွေများ ထူးခြားနေလဲဆိုတာ ငါ သွားကြည့်ရမယ်'
ကျုံးရှန်၏ အာရုံခံစားမှုအရ မီးတောင်အတွင်းပိုင်း၌ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များထက် ပိုမိုမြင့်မားသော အရာတစ်ခုခု သေချာပေါက် ရှိနေမည်ဖြစ်သည်။ ထိုအရာသည်ပင် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များ၏ စတင်မြစ်ဖျားခံရာပင် ဖြစ်နိုင်ပေသည်။
ဝိညာဉ်အားလုံးကိုဝါးမြိုနိုင်သော သက်ရှိ။
ကျုံးရှန်အနေဖြင့် ထိုအရာကိုသာ ဝါးမြိုနိုင်ခဲ့လျှင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ဝါးမြိုခြင်းစွမ်းရည်သည် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းသွားပေလိမ့်မည်ဟု ခံစားရလေသည်။ ထိုအချိန်ကျမှသာ ကမ္ဘာငယ် များကို ဝါးမြိုရန်ဟူသော သူ၏ရည်မှန်းချက်သည် အကောင်အထည်ပေါ်လာမည်ဖြစ်၏။
ထိုသို့ တွေးတောရင်းဖြင့် သူသည် ကျွန်းပေါ်သို့ တက်ရောက်လိုက်ကာ မီးတောင်ဆီသို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းသွားလိုက်သည်။ ပေတစ်သောင်းမြင့်သော မီးတောင်ကြီးသည် အလွန်ပင် ခန့်ညားထည်ဝါလှပြီး မျက်နှာပြင်တစ်ခုလုံး ချောမွေ့နေသော ချော်ရည်ခဲများဖြင့် ဖုံးလွှမ်းနေသည်။ မာကျောလွန်းသော ထိုချော်ခဲများပေါ်၌ ကျုံးရှန်၏ စွမ်းအားဖြင့် ထုရိုက်လျှင်ပင် အနည်းငယ်မျှသာ ကွဲထွက်နိုင်ပေလိမ့်မည်။
မျှော်စင်အတွင်း၌ ပျံသန်း၍ မရနိုင်သဖြင့် ကျုံးရှန်သည် မျောက်တစ်ကောင်ကဲ့သို့တစ်လှမ်းချင်းစီသာ တွယ်တက်သွားရလေသည်။
တစ်နာရီခန့်ကြာသောအခါ။ကျုံးရှန်သည် မီးတောင်ဝသို့ ရောက်လာပြီးနောက်တွင် နေရာကူးပြောင်းခြင်းတံခါး၏ ဘေးသို့ လျှောက်သွားလိုက်သည်။ သူသည် မီးတောင်ဝအတွင်းသို့ ငုံ့ကြည့်လိုက်လျှင် မီးတောင်ဝမှ မီးခိုးများ အလိပ်လိုက် ထွက်ပေါ်နေပြီး ပူပြင်းနေမည့် ပုံစံမျိုး ရှိသော်လည်း သူ၏ နှာခေါင်းထဲ၌ မည်သည့်အနံ့အသက်မျှ မရရှိသည့်အပြင် ချော်ရည်များ၏ အပူရှိန်ကိုလည်း ခံစားရခြင်းမရှိချေ။
ကျုံးရှန်သည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားသော်လည်း နောက်ဆုံးတွင် မျက်လုံးကို မှိတ်လိုက်ကာ မီးတောင်အတွင်းသို့ ခုန်ချလိုက်လေတော့သည်။