အခန်း (၃၁၆)
Vol. 32 Ch. 316
အပိုင်း (၃၁၆)
ကျုံးရှန်တစ်ယောက်အရှိန်အဟုန်ဖြင့် အောက်သို့ ကျဆင်းနေစဉ်၌ပင် ပတ်ဝန်းကျင်သည် တဖြည်းဖြည်း လင်းထိန်လာသည်။
မကြာမီ မှောင်မည်းနေသော မီးတောင်နံရံများကို မမြင်ရတော့ဘဲ ဖြူစင်တောက်ပပြီး ချောမွေ့လှသော နံရံဖြူကြီးများ ပေါ်ထွက်လာ၏။ မီးတောင်ဝသည် အတိုင်းအဆမရှိ နက်ရှိုင်းလှကာ ကျုံးရှန်သည် မိနစ်အတော်ကြာအောင် ကျဆင်းနေခဲ့သော်လည်း အဆုံးသတ်ကို မမြင်ရသေးချေ။
ထိုအနေအထားအရ သူသည် စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၏ ဗဟိုချက်အောက်ခြေအထိ ကျဆင်းနေရသကဲ့သို့ ခံစားရလိုက်သည်။ အဆုံးသတ်ကို မမြင်ရရုံသာမက ကျဆင်းသည့်အရှိန်သည် ပိုမိုမြန်ဆန်လာပြီး ပတ်ဝန်းကျင်သည်လည်း ပို၍ လင်းထိန်လာသဖြင့် သူ၏မျက်စိတစ်ဆုံးတွင် အဆုံးမဲ့သောအလင်းတန်းများသာ ကျန်ရှိတော့သည်။
မည်မျှကြာအောင် ကျဆင်းနေမိသည်ကို မသိနိုင်သော်လည်း နောက်ဆုံးတွင် ကျုံးရှန်သည် သူ၏ကိုယ်ခန္ဓာတစ်ခုလုံး ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရကာ ကျဆင်းနေသည့် အရှိန် နှေးကွေးသွားပြီး သူ၏ကိုယ်ခန္ဓာသည် လေထဲတွင် တန့်သွားသည်။
ဆွဲငင်ကျဆင်းအား ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် ကျုံးရှန်သည် မိမိ၏ကိုယ်ခန္ဓာသည် ငှက်မွှေးတစ်ပင်ကဲ့သို့ ပေါ့ပါးနေသည်ဟု ခံစားရလေသည်။ ကြာရှည်စွာ ကျဆင်းလာခဲ့ပြီးနောက်တွင် အချိန်နှင့် ဟင်းလင်းပြင်ပေါ်ရှိ သူ၏အာရုံခံစားမှုများပင် ဝေဝါးပျောက်ကွယ်ကုန်သည်။
ဤနေရာသည် စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်း၌ ရှိနေသည်ဟုပင် မထင်ရတော့ချေ။ ဟင်းလင်းပြင်နှစ်ခုအကြားရှိ အကြားအလပ်တစ်ခုနှင့် ပိုမိုတူညီနေကာ သီးခြားဖြစ်တည်နေသော ထူးဆန်းသည့် ဟင်းလင်းပြင်တစ်ခု ဖြစ်ပုံရသည်။ပတ်ဝန်းကျင်သည် လင်းထိန် တောက်ပသော အလင်းတန်းများဖြင့်အလွှာလိုက်ဖြစ်နေပြီး ဖြန့်ကျက်ထားသော လိုက်ကာဖြူကြီးများကဲ့သို့ အရာအားလုံးကို ဖုံးကွယ်ထားလေသည်။
သို့နှင့် ကျုံးရှန်သည် မျက်လုံးများကို မှိတ်ထားလိုက်ကာ သူ၏ ဆဌမအာရုံအသိစိတ် ကို အသုံးပြု၍ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ တစ်ချိန်တည်း၌ပင် သူ၏ အာရုံခံသိစိတ်သည် ပတ်ဝန်းကျင်ကိုစူးစမ်းရာ၌နှစ်မြှုပ်သွားပြီး အလင်းစက်ကြီးရှိရာသို့ အာရုံခံကြည့်လိုက်သည်။
"ဖောက်"
လေပူဖောင်းတစ်ခု ပေါက်ကွဲသွားသကဲ့သို့အသံတစ်ခုထွက်လာသည်။
ထိုအခါပတ်ဝန်းကျင်ရှိ အလင်းရောင်များ ချက်ချင်း မှိန်ဖျော့သွားပြီး အလင်းနှင့် အမှောင် ကူးပြောင်းသွားသော ခဏတာအတွင်း၌ ကျုံးရှန်သည် ပတ်ဝန်းကျင်ရှိ နံရံများပေါ်မှ ထူးဆန်းသော နံရံဆေးရေးပန်းချီများကို မြင်တွေ့လိုက်ရသည်။
ထို့နောက်တွင် သူ၏ကိုယ်ခန္ဓာသည် အောက်သို့ ထပ်မံ၍ အရှိန်အဟုန်ဖြင့် ကျဆင်းသွားပြန်သည်။ သို့သော်လည်း ထိုခဏတာအတွင်းပင် သူသည် နံရံဆေးရေးပန်းချီများအတွင်းမှ ပုံရိပ်များကို သူ၏စိတ်အတွင်း၌ မှတ်သားထားနိုင်လိုက်လေသည်။
ယင်းပုံရိပ်များသည် ဖရိုဖရဲဖြစ်မှုမှကောင်းကင်နှင့် မြေကြီး စတင်မွေးဖွားလာပုံကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။ ထိုအချိန်က ကမ္ဘာများစွာဖြစ်တည်လာခြင်း မရှိသေးချေ။ ထိုအချိန်တွင် မီးခိုးရောင် အလင်းတန်းတစ်ခုသည် ကမ္ဘာလောကကို ဖြတ်သန်းလာပြီး အရာအားလုံးကို အရည်ပျော်သွားစေသဖြင့် ဖရိုဖရဲနယ်မြေသည်ပင် ထိုအလင်းတန်းကို အလွန်အမင်း ကြောက်ရွံ့နေပုံရသည်။
'ဒါက အချိန်ရဲ့အစ... စတင်မှုရဲ့အစမှာ ပထမဆုံး ထွက်ပေါ်လာတဲ့ ဝါးမြိုခြင်းအလင်းတန်းပဲ...'
'အဆုံးမဲ့ ဝါးမြိုခြင်းနဲ့ အတင်းဓမ္မယူခြင်းကို ကိုယ်စားပြုတဲ့အလင်း...'
ကျုံးရှန်သည် တိုးတိုးလေး ရေရွတ်လိုက်၏။
သူ၏ ဗဟုသုတနှင့် အတွေ့အကြုံအရ နံရံဆေးရေးပန်းချီများတွင် ဖော်ပြထားသော နောက်ခံသမိုင်းကြောင်းကို ချက်ချင်းပင် သိရှိသွားလေသည်။ အချိန်၏အစဆိုသည်မှာ စစ်မှန်သော ဒဏ္ဍာရီလာ ခေတ်ကာလတစ်ခုဖြစ်သည်။
ဒဏ္ဍာရီများအရ ရှေးခေတ်/ကျင့်ကု၊ ရှေးဟောင်းခေတ်/ရှန့်ကု နှင့် သမိုင်းမတင်မီခေတ်/ယွမ်ကု တို့၏ အထက်တွင် ထိုက်ကု/ကမ္ဘာဦးခေတ် ဟူသော ခေတ်တစ်ခေတ် ရှိနေသေးသည်ဟု ဆိုကြလေသည်။ ထိုခေတ်သည် ကမ္ဘာဦးလောကကြီး စတင်ဖြစ်တည်ခဲ့သော ခေတ်ကာလ အချိန်၏အစပင် ဖြစ်သည်။
ထိုခေတ်မှသည် တဖြည်းဖြည်းဖြင့် ကမ္ဘာများစွာနှင့် ဖန်တီးမှုများစွာအဖြစ်သို့ ပြောင်းလဲလာကာ အချိန်နှင့် ဟင်းလင်းပြင်အတွင်း၌ မျဉ်းပြိုင်များစွာကို ချန်ရစ်ခဲ့ပြီး ယနေ့ခေတ်၏ ခမ်းနားထည်ဝါလှသော မြင်ကွင်းများကို ဖန်တီးခဲ့ကြသည်။
ကျုံးရှန်၏ယခုဘဝ မွေးဖွားရာဇာတိဖြစ်သည့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ ရောက်ရှိနေသော ခေတ်သည် အတိအကျဆိုရပါက ကျင့်ကုခေတ်၏ အဆုံးသတ်ကာလ ဖြစ်ပြီး မကြာခင်တွင် ခေတ်သစ်တစ်ခု စတင်တော့မည် ဖြစ်သည်။
ထိုက်ကုခေတ်ဟု ခေါ်ဆိုသော ခေတ်ကြီးသည် မည်သည့်စာသားမှတ်တမ်းမျှပင် မရှိချေ။ ယင်းသည် အလွန် လျှို့ဝှက်ဆန်းကြယ်လှသော ခေတ် တစ်ခုဖြစ်ကာ ကျုံးရှန် ဖတ်ရှုခဲ့ဖူးသော ကျမ်းဂန်များထဲတွင်ပင် လျှို့ဝှက်ချက်တစ်ခု ဖြစ်လေသည်။ ထိုခေတ်ကာလ အမှန်တကယ် တည်ရှိခဲ့ခြင်း ရှိမရှိကိုပင် မည်သူမျှ အတည်မပြုနိုင်ကြဘဲ စိတ်ကူးယဉ်မှုတစ်ခုအဖြစ်သာ မှတ်ယူထားကြသည်။
ထိုက်ကုခေတ်သာ အမှန်တကယ် တည်ရှိခဲ့ပြီး ကမ္ဘာဦးအစ ဖရိုဖရဲဖြစ်မှုအတွင်းမှ မွေးဖွားလာသော သက်ရှိများသာ ရှိခဲ့မည်ဆိုပါက အကန့်အသတ်မဲ့ကမ္ဘာများပင်လျှင် ထို ခေတ်၏သက်ရှိများနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။
ယနေ့ခေတ် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးပေါ်ရှိ နတ်ဘုရားများမှာလည်း ဟာသတစ်ခုမျှသာ ဖြစ်သွားရပေလိမ့်မည်။
ကျုံးရှန်သည် အောက်သို့ကျဆင်းနေကာ အတွေးများနေသော်လည်း ပတ်ဝန်းကျင်ကို စူးစိုက်စွာအာရုံခံကြည့်နေဆဲဖြစ်သည်။ ပထမတွင် အလင်းရောင်များ ပေါ်လာပြီး တစ်ဖန် အမှောင်ထုဖုံးလွှမ်းသွားပြန်သည်။ အစွန်းရောက် ဆန့်ကျင်ဘက်ဖြစ်နေသော မြင်ကွင်းနှစ်ခု တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။
ယခင်က ကျုံးရှန် မြင်တွေ့ခဲ့ရသော ထိုက်ကုခေတ်၏ ကမ္ဘာ့ဖန်တီးမှုဆိုင်ရာ နံရံဆေးရေးပန်းချီများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူရောက်ရှိနေသည့်နေရာ၌ အလွန်ပင် ထူးခြားဆန်းပြားပြီး ခန့်မှန်းရခက်ခဲသော အရာတစ်ခု ရှိနေမည်ဟု ခန့်မှန်းမိလိုက်သည်။
ခန့်မှန်းမရသည့်အချိန်ကာလတစ်ခုကြာအောင်ကျဆင်းနေပြီးနောက်။
ဤတစ်ကြိမ်တွင်မူ ကျုံးရှန်သည် မြေပြင်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော်လည်း အလွန်ကြမ်းတမ်းလှသော နည်းလမ်းဖြင့် မြေပြင်ပေါ်သို့ ဇောက်ထိုးကျသွားခြင်း ဖြစ်ကာ ကြာမြင့်လှသော ကျဆင်းမှုနှင့် အရှိန်အဟုန်ကြောင့် ကျုံးရှန်သည် အတော်လေး အထိနာသွားရ၏။ သူ၏ သန်မာလှသော ကိုယ်ခန္ဓာနှင့်ပင် ခဏတာမျှ မူးဝေသွားရလေသည်။
သို့သော်လည်း ထိုမျှသော မူးဝေမှုသည် ကျုံးရှန်ကို ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခြင်းမရှိခဲ့ချေ။
ကြာမြင့်စွာ ကျဆင်းလာခဲ့ရသဖြင့် အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အောက်ခြေသို့ ပြန်ရောက်သွားပြီဟု ပြောလျှင်ပင် ယုံကြည်မိပေလိမ့်မည်။ သို့သော်လည်း သူ၏ အာရုံခံစားမှုအရမူ သူသည် စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်း၌ ရှိနေဆဲပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ နတ်ဘုရားအာရုံအတွင်းရှိ အလင်းစက်ကြီးသည်အာရုံခံစားမှုအရ မူလနေရာမှပြောင်းလဲခြင်း မရှိသေးပေ။ အကယ်၍ သူသာ ဟင်းလင်းပြင်တစ်ခုသို့ ကူးပြောင်းသွားခဲ့မည်ဆိုပါက အာရုံခံစားမှုသည်လည်း ပြောင်းလဲသွားပေလိမ့်မည်။
ကျုံးရှန်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ သူ ရောက်ရှိ နေသည့်နေရာသည် မီးတောင် အောက်ခြေပင် ဖြစ်သည်။ ကျုံးရှန်တစ်ယောက် မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက်တွင် ပတ်ဝန်းကျင်၌ မီးခိုးရောင် အလင်းတန်းများ လင်းထိန်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုအခါမှသာ ကျုံးရှန်အနေဖြင့် သူရောက်ရှိနေသော ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်တွေ့သွားလေသည်။
အလုံပိတ်ခန်းမကြီးတစ်ခု။
မီးခိုးရောင်ဆိုသည်မှာ ဖရိုဖရဲဖြစ်မှုကို ဖော်ပြညွှန်းဆိုသော အရောင်ဖြစ်သည်။ အလင်းနှင့် အမှောင်တို့ ပေါင်းစပ်ထားခြင်း ဖြစ်ပြီး အရာအားလုံးကို မွေးဖွားပေးနိုင်သော စွမ်းအားကို ကိုယ်စားပြုသလို အရာအားလုံး၏ မရေရာမှုကိုလည်း ဖော်ပြနေသည်။ ထို့အပြင် အရာအားလုံး ပေါင်းစည်းသွားခြင်းကိုလည်း ကိုယ်စားပြုနေသည်။
သို့သော်လည်း ထိုအရာများသည် အဓိက မဟုတ်ချေ။ အဓိကအချက်သည် ခန်းမကြီး၏ နံရံလေးဖက်စလုံးတွင် မတူညီသော နံရံဆေးရေးပန်းချီများ ရှိနေခြင်းနှင့် အလယ်ဗဟိုတွင် ထူးဆန်းလှသော ရုပ်ထုကြီးတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
ထိုရုပ်ထုသည် ကြီးမားသော အတောင်ပံနှစ်ဖက်၊ ခြေသည်းများ ၊ နဂါးဦးခေါင်း၊မြွေခန္ဓာကိုယ်ရှိသည့် သားရဲကြီးတစ်ကောင် ဖြစ်သည်။ ရုပ်ထုကြီး၏ ခံတွင်းထဲ၌ မီးခိုးရောင် အလင်းလုံးလေးတစ်ခုကို ငုံထားလေသည်။
ကျုံးရှန်သည် မူလနေရာ၌ ရပ်နေဆဲဖြစ်၏။ ရုတ်တရက်ဆိုသလိုပင် ထိုသားရဲကြီး၏ မျက်လုံးနှစ်လုံးသည် လင်းထိန်လာပြီး မီးခိုးရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းသည် ကျုံးရှန်၏ မျက်ခုံးနှစ်ခုအလယ်ရှိစုံမှတ် အတွင်းသို့ တိုးဝင်သွားသည်။
အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်သွားခြင်း ဖြစ်ကာ မည်သည့် ကြိုတင်သတိပေးချက်မျှ ရှိမနေခဲ့ချေ။ ကျုံးရှန်သည် အလွန်အမင်း ထိတ်လန့်သွားသော်လည်း တုံ့ပြန်ရန် အချိန်မရမီပင် ထိုမီးခိုးရောင် အလင်းတန်းသည် သူ၏ စိတ်အတွင်းသို့ ရောက်ရှိသွားကာ သတင်းအချက်အလက်များစွာတိုးဝင်လာသည်။
ကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲ။
ထိုသားရဲသည် ကမ္ဘာဦးဖရိုဖရဲကာလမတိုင်မီတွင် မွေးဖွားလာပြီး ကောင်းကင်နှင့်အမျှ သက်တမ်းရှည်ကာ မသေနိုင်သော ကိုယ်ခန္ဓာ ရှိသည်။ သူ၏ စိတ်နှလုံးသည် ကမ္ဘာဦးအစ အချိန်၏စတင်ချိန်ဖြစ်သည့် ကောင်းကင်နှင့်မြေပြင်၏ဖန်ဆင်းခြင်းများမတိုင်မီ လောကကြီးနှင့်တူညီ၏။
အမှားအမှန်ကို ခွဲခြားနိုင်ခြင်းမရှိဘဲ ကမ္ဘာဦးအစ၏ ရုပ်တုတစ်ခုအခြေအနေ၌သာ ရှိနေသည်။ သူ၏ဘဝသည် နေ့စဉ်မပြတ် သတ်ဖြတ်ခြင်းနှင့် ဝါးမြိုခြင်းများသာ ရှိပြီး သူ၏မြင်ကွင်းထဲသို့ ရောက်ရှိလာသမျှ အရာအားလုံးသည် အသက်သေဆုံးသည်အထိ ဝါးမြိုခြင်း ခံရမည်ဖြစ်သည်။
ဤသည်မှာ သတင်းအချက်အလက်များ၏ အနှစ်ချုပ် ဖြစ်သည်။
ထိုအချက်ကြောင့် ကျုံးရှန်သည် သူ၏ ရှေ့မှောက်ရှိ ရုပ်ထုကြီး၏ မူလဇစ်မြစ်ကို သိရှိသွားရလေသည်။
ကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲ ရုပ်ထု၏ ခံတွင်းထဲ၌ ငုံထားသော မီးခိုးရောင် အလင်းလုံးလေးသည် ကောင်းကင်ဝါးမြိုခြင်းအမြုတေ ဖြစ်ပြီး ဝိညာဉ်ဝါးမြိုခြင်းစွမ်းအားထက် များစွာ ပိုမိုမြင့်မားသော ဝါးမြိုခြင်းစွမ်းအားတစ်မျိုး ဖြစ်သည်။ ဝါးမြိုခြင်းဆိုင်ရာ စွမ်းအားများအကြားတွင် အဆင့်အမြင့်ဆုံးသော စွမ်းရည်ပင် ဖြစ်ပေလိမ့်မည်။
စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်း၌ ဝိညာဉ်ဝါးမြိုခြင်းပင်လယ်ကဲ့သို့ နေရာမျိုး ရှိနေခြင်းသည်လည်း အံ့ဩစရာ မဟုတ်တော့ချေ။ ပင်လယ်သတ္တဝါအားလုံး ဝိညာဉ်ဝါးမြိုခြင်းစွမ်းရည်ကို ပိုင်ဆိုင်နေရခြင်းနှင့် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များစွာ ရှိနေခြင်းတို့သည်လည်း ထင်ရှားသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာအားလုံး၏ မြစ်ဖျားခံရာသည် သူ၏ရှေ့မှောက်ရှိ ကောင်းကင်ဝါးမြိုသားရဲ၏ အမြုတေမှ ဆင်းသက်လာခြင်း ဖြစ်ပုံရ၏။
အကယ်၍ သူသာ အနှီကောင်းကင်ဝါးမြိုခြင်းအမြုတေကို ပေါင်းစပ်နိုင်မည်ဆိုပါက သူ၏ ဝိညာဉ်ဝါးမြိုခြင်းစွမ်းရည်သည် ပိုမို ရက်စက်ကြမ်းကြုတ်အစွမ်းထက်သော ကောင်းကင်ဝါးမြိုခြင်းစွမ်းအား အဖြစ်သို့ ပြောင်းလဲသွားမည်မှာ အသေအချာပင် ဖြစ်လေသည်။
ထိုသည်က ကျုံးရှန်အတွက် အလွန်ပင် ကြီးမားလှသော ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။ သူသည် ကောင်းကင်ဝါးမြိုသားရဲရုပ်ထုရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ သူ၏ စိတ်နှလုံးသည် ထိုကောင်းကင်ဝါးမြိုခြင်းစွမ်းအား၏ ဆွဲဆောင်မှုကို အပြည့်အဝ ခံနေရလေသည်။
ထိုဆွဲဆောင်မှုသည် အလွန်ပင် အားကောင်းလှပြီး ယင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ဝါးမြိုခြင်းစွမ်းရည်မှ မြစ်ဖျားခံလာသော ဆွဲဆောင်မှု ဖြစ်ကာ အတွင်းမှ အပြင်သို့ ထွက်ပေါ်လာသော တွန်းအားတစ်ခုပင် ဖြစ်တော့သည်။