အခန်း (၃၁၇)
Vol. 32 Ch. 317
အပိုင်း (၃၁၇)
ကျုံးရှန်သည် ဝိညာဉ်ဝါးမြိုခြင်းစွမ်းရည်ကို အပြည့်အဝ ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့် ယခုအခါ ထိုစွမ်းရည်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှနေ၍ ကောင်းကင်ဝါးမြိုခြင်းအမြုတေကို ပြင်းပြစွာ တောင့်တနေ၏။ ယင်းက ကျုံးရှန်အပေါ်သို့ပါ သက်ရောက်မှုရှိလာပြီး ထိုအမြုတေအပေါ် အလွန်အမင်း စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေသည်။
သူသည် ကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲ ရုပ်ထုရှိရာသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားလျှင် သူ၏ ကြည်လင်တောက်ပနေသော မျက်ဝန်းအစုံသည် ဝေဝါးလာလေသည်။
အကယ်၍ ထိုအချိန်တွင် ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ကို စူးစမ်းကြည့်မည်ဆိုပါက သူ၏ဝိညာဉ်သည် မီးခိုးရောင်မြူများဖြင့်ဖုံးလွှမ်းခြင်းကို ခံထားရသည်ကို တွေ့ရှိရပေလိမ့်မည်။
ထိုမြူများသည် ကိုယ်တွင်းအင်္ဂါငါးခုအတွင်းရှိ ဓာတ်ကြီးငါးပါးနန်းတော်များ၊ စစ်မှန်သော အတ္တအမှုန်အမွှားများ နှင့် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော်မှ ပြောင်းလဲထားသော ရွှေရောင်လူသားလေးတို့အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါးဖြစ်လာသည်။ ထိုအရာများသည် မြူများ၏ ဖုံးလွှမ်းခြင်းကို ခံထားရပြီး အေးခဲနေသကဲ့သို့ ဖြစ်နေကာ ယင်းတို့ထံမှ မည်သည့် စွမ်းအားမျှ ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် တစ်ခုတည်းသာလျှင် ထိုဖိအားအောက်၌ ဖိနှိပ်ခြင်းမခံရစေရန်အတွက် အသည်းအသန်ရုန်းကန်နေလေသည်။
ကျုံးရှန်တစ်ယောက် ကောင်းကင်ဝါးမြိုသားရဲရုပ်ထု၏ အောက်ခြေသို့ ရောက်ရှိသွားသောအခါ ရုပ်ထုကြီးသည် အသက်ဝင်လာသည့်အလား သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ ထို့နောက် သူ၏ ခံတွင်းထဲ၌ ငုံထားသော ကောင်းကင်ဝါးမြိုခြင်းအမြုတေကို ညင်သာစွာ ထွေးထုတ်လိုက်ပြီး သူ၏ ခြေသည်းများဖြင့် ဖမ်းယူကာ ကျုံးရှန်ထံသို့ ကမ်းပေးလိုက်၏။ ကျုံးရှန်သည်လည်း ထိုအမြုတေကို ဖမ်းယူရန်အတွက် သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်လေသည်။
ထိုခဏ၌ပင် သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းရှိ ဝိညာဉ်ကို စောင့်ကြပ်နေသော ရွှေရောင်လူသားလေး သည် ချုပ်နှောင်မှုများမှ ရုန်းထွက်လိုက်ပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။ ထို့နောက် သူသည် လေထဲသို့ ခုန်တက်ကာ နဂါးမဲ့နှလုံးသားကျင့်စဉ် ကို အကြိမ်ကြိမ် ရွတ်ဆိုလိုက်သည်။
ထိုအခါ ရွှေရောင်အလင်းတန်းများ လှိုင်းတံပိုးများကဲ့သို့ ထွက်ပေါ်လာပြီး ဖရိုဖရဲစွမ်းအင်များပါဝင်သည့် မီးခိုးရောင်မြူများကို တန်ပြန်တွန်းလှန်လိုက်သည်။ ကျုံးရှန်၏တစ်ကိုယ်လုံး တုန်ခါသွားကာ သူ၏ မျက်ဝန်းအတွင်းရှိ ဝေဝါးမှုများ ပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ ထို့နောက်သူ၏ မျက်ဝန်းများအတွင်း၌ ရွှေရောင်အလင်းတန်းတစ်ချက်ဖြတ်ပြေးသွားကာ ကျဆင်းလာတော့မည့် အမြုတေကို ရှောင်တိမ်းလိုက်သည်။
ကောင်းကင်ဝါးမြိုခြင်းအမြုတေ၏ ဆွဲဆောင်မှုသည် အားကောင်းနေဆဲ ဖြစ်သော်လည်း ကျုံးရှန်သည် သူ၏ စိတ်အာရုံကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။ ထိုအမြုတေ၌ တစ်စုံတစ်ခု မှားယွင်းနေလေသည်။ သတိပင်မထားမိလိုက်ဘဲ လုံးဝ ထိန်းချုပ်ခံရလုနီးပါးဖြစ်သွားသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
ဝိညာဉ်ကို အေးခဲစေကာ သိစိတ်အာရုံကို ဝေးဝါးစေရန်လွှမ်းမိုးနိုင်သော ထိုဖရိုဖရဲစွမ်းအင်မြူများသည် ကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲရုပ်ထု၏ မျက်လုံးမှ ပစ်လွှတ်လိုက်သော မီးခိုးရောင် အလင်းတန်းမှ ဆင်းသက်လာခြင်း ဖြစ်ပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အချိန်၌ သူ၏ဝိညာဉ်နှင့် စိတ်ဆန္ဒကို စောင့်ကြပ်နေသော ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော်သည် အချိန်မီ နိုးထလာခဲ့သဖြင့် နောက်ဆုံးအချိန်၌ ကောင်းကင်ဝါးမြိုခြင်းအမြုတေနှင့် မထိတွေ့မိစေရန် တားဆီးနိုင်ခဲ့လေသည်။ မီးခိုးရောင် အလင်းတန်းတစ်ခုတည်းဖြင့်ပင် သူ၏ ဝိညာဉ်စွမ်းအားကိုအေးခဲထိန်းချုပ်နိုင်ခဲ့သည်ဖြစ်သဖြင့် မီးခိုးရောင် အမြုတေနှင့် ထိတွေ့မိသွားပါက မတွေးဝံ့စရာ ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ပေသည်။
ထိုဖရိုဖရဲစွမ်းအင်မြူထု၏ ဝိညာဥ်ကိုထိန်းချုပ်သည့်နည်းလမ်းကို ကြည့်ခြင်းအားဖြင့် ယင်း၏ အစစ်အမှန် ရည်ရွယ်ချက်သည် သူ၏ကိုယ်ခန္ဓာကို သိမ်းပိုက်ကာ ပြန်လည်ရှင်သန်ရန်ဖြစ်နိုင်ကြောင်း ကျုံးရှန် ခန့်မှန်းမိလျှင် သူ၏ ကျောရိုးထဲအထိ စိမ့် အေးသွားရ၏။
ဤကမ္ဘာကြီး၌ ကမ္ဘာကူးပြောင်းလာသည်မှစ၍ နှစ်ပေါင်း တစ်သန်းကျော်အတွင်း သူသည် ပါရမီရှင်အားလုံးကို အထက်စီးမှ ဆက်ဆံနိုင်ခဲ့သူ ဖြစ်သည်။ မိမိထက် အဆင့်များစွာ မြင့်မားသော အစွမ်းထက်သူများနှင့် ရင်ဆိုင်ရလျှင်ပင် လွယ်ကူခဲ့သည်။ ထိုအချက်သည် သူ၏ မရှုံးနိမ့်ဖူးသော ယုံကြည်ချက်ကို ခိုင်မာစေခဲ့သလို တစ်ဖက်တွင်လည်း မိမိ မသိရှိနိုင်သော ဖြစ်တည်မှုများအပေါ် ရှိသင့်ရှိထိုက်သော ကြောက်ရွံ့မှုကို မသိစိတ်အတွင်း၌ ပျောက်ဆုံးသွားစေခဲ့သည်။
ဥပမာအားဖြင့် ယခု ကြုံတွေ့လိုက်ရသော မီးခိုးရောင်မြူများသည် ဖရိုဖရဲစွမ်းအင်ကို အသုံးပြုထားခြင်း ဖြစ်သည်။ အနည်းငယ်မျှသာ ဖြစ်သော်လည်း အကန့်အသတ်မဲ့ကမ္ဘာတစ်ခု၏ စွမ်းအားထက် များစွာ ပိုမိုမြင့်မားလွန်းလှပေသည်။ ကျုံးရှန်သည် ရန်သူကို အထင်သေးမိသွားသဖြင့် ခဏတာအတွင်းပင် ထောင်ချောက်ထဲသို့ သက်ဆင်းသွားခဲ့ရခြင်း ဖြစ်သည်။သူသည် သေဘေးနှင့် လက်တစ်လုံးအကွာအထိ ရောက်ရှိသွားခဲ့ပြီး သူ၏ နှစ်ပေါင်းတစ်သန်းစာ စုဆောင်းမှုများနှင့် ရည်မှန်းချက်အားလုံးသည်လည်း အခြားသူအတွက် ဖြစ်သွားတော့မည့် အခြေအနေသို့ရောက်လုနီးပါးဖြစ်ခဲ့သည်။
ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော်မှ ရွှေရောင်အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်လာသည့်အခါတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲစွမ်းအင်မြူများသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ကျုံးရှန်သည် ခန်းမ၏ နံရံထောင့်သို့ ဆုတ်ခွာလိုက်ကာ သူ့တွင်ရှိသောစွမ်းအားအားလုံးကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ဝါးမြိုခြင်းစွမ်းအားများကို ယာယီ ဖိနှိပ်ထားလိုက်သည်။
ဤနေရာ၌ ထိုစွမ်းအားများသည် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ ထူးဆန်းစွာ ပြုမူနေကြသည်။ ထိုကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲ၏ နည်းလမ်းများသည် ကျုံးရှန်၏ နားလည်မှုထက် ကျော်လွန်နေပုံရ၏။ သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုသူသည်လည်း ထိုသားရဲရုပ်ထု၏ အမြုတေပင် ဖြစ်ကာ မီးခိုးရောင်အလင်းတန်းမှ ပေးပို့လိုက်သော သတင်းအချက်အလက်များသည်လည်း လိမ်လည်ထားခြင်း သာဖြစ်သည်။
သတိပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျုံးရှန်သည် ထိုအရာအားလုံးကို နားလည်သွားခဲ့လေသည်။ ထိုသတင်းအချက်အလက်ထဲ၌ ကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲ၏ စိတ်နှလုံးသည် အလွန်ပင် ရိုးသားဖြူစင်သည်ဟု ဆိုထားသော်လည်း အမှန်စင်စစ်တွင်မူ ယင်းသည် အလွန်ပင် ကောက်ကျစ်စဉ်းလဲကာ အစီအစဉ်များစွာ ချမှတ်ထားသူ ဖြစ်သည်။
ထိုရုပ်ထုသည် မည်သည့်နည်းဖြင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ ရောက်ရှိလာခဲ့သည်ကို မသိနိုင်သော်လည်း စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာတစ်ခုလုံးသည် သူ၏ စီမံကိန်းပင် ဖြစ်သည်။
ဝိညာဉ်ဝါးမြိုခြင်းပင်လယ်၊ ဝိညာဉ်ဝါးမြိုခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသော သတ္တဝါများနှင့် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များသည် ငါးစာ များသာ ဖြစ်ကြပြီး ယင်းတို့သည် စစ်မှန်သော ကောင်းကင်ဝါးမြိုခြင်းစွမ်းအား၏ အစွန်းထွက်သက်ရောက်မှုမှဖြစ်ပေါ်လာသော အရာများဖြစ်သည်။ ထိုအရာများသည် မျှော်စင်တက်လှမ်းသူများကိူ မြှူဆွယ်ရန်အတွက် ဖန်တီးထားခြင်း ဖြစ်ပြီး ဝိညာဉ်ဝါးမြိုခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေနိုင်ကာ ထိုစွမ်းအားကို ကျင့်ကြံနိုင်သောသူ ပေါ်ထွက်လာစေရန်အတွက် ဖြစ်၏။
အကယ်၍ ထိုသူသည် ဝိညာဉ်ဝါးမြိုခြင်းစွမ်းအားကို ပေါင်းစပ်နိုင်ခဲ့လျှင် ထိုသူသည် ကောင်းကင်ဝါးမြိုခြင်းစွမ်းအားကို လက်ခံနိုင်သည့် ပါရမီရှိသူဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုသူသည် ကောင်းကင်ဝါးမြိုသားရဲ အမြုတေအတွက် ပြန်လည်မွေးဖွားရန် အကောင်းဆုံးသော လက်ခံခန္ဓာကိုယ် ဖြစ်လာပေလိမ့်မည်။
အရာအားလုံးသည် အကွက်ချစီစဉ်ထားခြင်း ဖြစ်ပြီး အခြေအနေတစ်ခုခု လိုအပ်ချက်ရှိနေခဲ့ပါက ဤနေရာသို့ မည်သူမျှ ရောက်ရှိလာနိုင်မည် မဟုတ်ချေ။
ကျုံးရှန်သည် ထိုသားရဲကြီးအတွက် ပြီးပြည့်စုံလွန်းသော ခန္ဓာကိုယ် ဖြစ်ကာ ထိုက်ကု (ကမ္ဘာဦး) ခေတ်မှ မွေးဖွားလာသော သားရဲကြီးပင်လျှင် သူ၏ ကိုယ်ခန္ဓာကို မြင်သောအခါ အလွန်အမင်း အံ့အားသင့်သွားရလေသည်။ ကံဆိုးစွာဖြင့် အောင်မြင်ခါနီးအချိန်တွင် ကျုံးရှန်တစ်ယောက် သတိပြန်ဝင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ ထိုအမြုတေသည် ကျုံးရှန်၏ မျက်ခုံးအလယ်ရှိစုံမှတ်နှင့် ထိတွေ့မိသွားခဲ့ပါက မျက်စိတစ်မှိတ်အတွင်းပင် ကျုံးရှန်၏ ဝိညာဉ်နှင့် စစ်မှန်သော အတ္တအမှုန်အမွှားများအတွင်း၌ ကိန်းဝပ်နေသော သူ၏သိစိတ်ဆန္ဒအားလုံးကို ဖျက်ဆီးပစ်ပေလိမ့်မည်။
ထိုက်ကုခေတ်မှ သက်ရှိတစ်ကောင်၏ စွမ်းအားသည် အကန့်အသတ်မဲ့ကမ္ဘာများ၏ စွမ်းအားထက် အဆများစွာသာလွန်နေသည်။
ထို့အပြင် ကောင်းကင်ဝါးမြိုသားရဲ၏ ကမ္ဘာဦးခေတ်စွမ်းအားသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဟင်းလင်းပြင်အတွင်း၌ ကျန်ရှိနေသော ထိုခေတ်၏စွမ်းအားများနှင့်လည်း တူညီမှုမရှိချေ။ ထိုစွမ်းအားများသည် ကုန်းမြေတိုက်ကြီးကို ဖန်တီးပြီးနောက် ကျန်ရှိနေသည့် အဆင့်နိမ့် ကမ္ဘာဦးစွမ်းအားများသာ ဖြစ်သည်။ ကောင်းကင်ဝါးမြိုသားရဲ၏အမြုတေမှ ထွက်ပေါ်လာသော ကမ္ဘာဦးစွမ်းအင်သည် စစ်မှန်သော ကမ္ဘာကြီးကို ဖန်တီးနိုင်သည့် အထွတ်အထိပ် ကမ္ဘာဦးစွမ်းအားပင် ဖြစ်လေသည်။
ကျုံးရှန်သည် သာမန်ထက် ထူးကဲသူဖြစ်ပြီး အဆင့်များစွာကို ကျော်ဖြတ်၍ တိုက်ခိုက်နိုင်သူ ဖြစ်သော်လည်း ထိုကဲ့သို့သော အထွတ်အထိပ်အဆင့်ရှိစွမ်းအားကို ခုခံရန် အတွက်မူ ခက်ခဲနေသေးသည်။ သို့သော်လည်း ကောင်းကင်ဝါးမြိုသားရဲ၏ အစီအစဉ်သည် အောင်မြင်ခဲ့ခြင်းမရှိချေ။
အမြုတေသည် ကျုံးရှန် ရှောင်ထွက်သွားပြီးနောက်တွင် မြေပြင်ပေါ်သို့ ဆက်လက်ကျဆင်းခြင်းမရှိတော့ဘဲ လေထဲ၌ ဝဲပျံနေ၏။
"အာ.. သေစမ်းကွာ.."
"အောင်မြင်ဖို့ နည်းနည်းလေးပဲ လိုတော့တာကို..."
ကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲရုပ်ထုကြီးသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်လေသည်။
ယင်းသည် ကျုံးရှန်မသိရှိနိုင်သော ဘာသာစကားတစ်ခုဖြင့် အော်ဟစ်နေခြင်း ဖြစ်သည်။ ထို့နောက်တွင် ရုပ်ထုကြီးသည် ကျုံးရှန်ကို အရသာရှိသော အသားတစ်တုံးကဲ့သို့ စူးစိုက်ကြည့်လာသည်။ သူ၏အကြည့်များတွင် အလိုရမ္မက်တို့ဖြင့် ပြည့်နှက်နေ၏။
ရုတ်တရက် ရုပ်ထုကြီးသည် လှုပ်ရှားလာကာ သူ၏ ခြေသည်းများဖြင့် လေထဲရှိ ကောင်းကင်ဝါးမြိုခြင်းအမြုတေကို ဖမ်းယူလိုက်ပြီး ရင်ဘတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။ ကောင်းကင်ဝါးမြိုခြင်းအမြုတေ ရုပ်ထုအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားပြီးနောက်တွင် ကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲထံမှ မီးခိုးရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာကာ စစ်မှန်သော ကမ္ဘာဦးကောင်းကင်ဝါးမြိုသားရဲ၏ အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်။
ယခင်က ထိုရုပ်ထုသည် သာမန်ကျောက်ရုပ်ထုတစ်ခုသာ ဖြစ်ကြောင်း ကျုံးရှန် သေချာပေါက် အတည်ပြုနိုင်သော်လည်း ယခုအခါ ကောင်းကင်ဝါးမြိုခြင်းအမြုတေနှင့် ပေါင်းစပ်လိုက်ပြီးနောက်တွင် အလွန်ပင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေသည်။ ယင်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်ထိတ်လန့်စရာ ကောင်းလှပြီးအကန့်အသတ်မဲ့ကမ္ဘာ၏ ကောင်းကင်တာအိုများနှင့်ပင် တန်းတူ ဖြစ်နေ၏။ ယင်းအရှိန်အဝါသည် နတ်ဘုရားနယ်ပယ် အဆင့် ၃ ၏ အထက်တွင် ရှိနေကာ လွတ်မြောက်ခြင်းအဆင့်၌ရှိသည်။
ကျုံးရှန်၏ မျက်ဝန်းများ မှေးစင်းသွားသည်။ သူသည် အဆင်အခြင်မဲ့ လှုပ်ရှားခြင်း မပြုတော့ဘဲ ရန်သူကို ဂရုတစိုက်အကဲခတ်နေတော့၏။