← Chapters

အခန်း (၃၁၈)

Vol. 32 Ch. 318

အခန်း (၃၁၈)

Vol. 32 Ch. 318

အပိုင်း (၃၁၈)

ကျုံးရှန်သည် အရှုံးအနည်းငယ်ကို မြည်းစမ်းလိုက်ရကာ ကောင်းကင်ဝါးမြိုသားရဲ၏ နည်းလမ်းများသည် ရိုးရှင်းမှုမရှိကြောင်း သိရှိသွားခဲ့သည်။ မီးခိုးရောင် အလင်းတန်းသည် သူပင်သတိထားမိလိုက်ခြင်းမရှိဘဲ သူ၏ဝိညာဉ်နှင့် စစ်မှန်သောအတ္တ အမှုန်အမွှားများကို ဖရိုဖရဲစွမ်းအင်များဖြင့် ဖုံးကွယ်သွားစေခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သူတစ်ခါမျှ မကြုံတွေ့ဖူးသော အခြေအနေမျိုး ဖြစ်လေသည်။

ထိုက်ကုခေတ်မှ သက်ရှိများသည် သာမန်ကာလျှံကာတည်ရှိမှုများ မဟုတ်ကြပေ။ သူ၏ရှေ့၌ ရှိနေသောအရာသည် ထိုက်ကုကောင်းကင်ဝါးမြိုသားရဲ၏ အမြုတေ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း ကျုံးရှန်ကို အခက်တွေ့အောင် ပြုလုပ်နိုင်ရုံသာမက သားရဲရုပ်ထုကို အသက်ဝင်လာစေပြီး လွတ်မြောက်ခြင်း အဆင့် တစ်နည်း ကောင်းကင်အရှင်အဆင့်ရှိသော ဝါးမြိုသားရဲတစ်ကောင်အဖြစ်သို့ပင် ပြောင်းလဲပေးနိုင်သည်။

ထို့ကြောင့် ကျုံးရှန်သည်လည်း အလေးအနက်ထား၍ တုံ့ပြန်ရန် ဆုံးဖြတ်လိုက် သည်။ သူသည်လက်ကို တစ်ချက်ဝေ့ယမ်းလိုက်လျှင် ကြေးညိုရောင် ခေါင်းလောင်းကလေးတစ်ခုထွက်ပေါ်လာ၏။ ထိုခေါင်းလောင်းကလေးပေါ်တွင် ရှေးဟောင်းခေတ်ကာလမှ လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများအကြား တိုက်ခိုက်နေကြသည့် မြင်ကွင်းများကို ထွင်းထုထားသည်။

ထိုသည်က ယင်းခေါင်းလောင်းတွင် ရှည်လျားလှသော သမိုင်းကြောင်းနှင့် ဒဏ္ဍာရီများ ရှိကြောင်းဖော်ပြနေသည်။ ထို့အပြင် ရှေးဟောင်းခေတ်မှ ဆင်းသက်လာသော မဟာလမ်းစဉ်ကျမ်းစာများ၏ ရွတ်ဖတ်သံများကိုလည်း ခပ်တိုးတိုး ကြားနေရသည်။

ဝမ်ကျုံးဝတ်ပြုပူဇော်ခြင်းခေါင်းလောင်း။

ရှေးဟောင်းလူသားမျိုးနွယ်စု၏ ဝတ်ပြုပူဇော်ရာတွင် အသုံးပြုသော ရတနာဖြစ်ပြီး မဟာတာအိုအဆင့်ရှိသည့် ပစ္စည်းတစ်ခု ဖြစ်သည်။

ထိုခေါင်းလောင်းကလေးကို ကျုံးရှန်ထုတ်ဖော်လိုက်သောအခါတွင် ယင်းသည် လေထဲသို့အလိုအလျောက် ပျံတက်သွားပြီး သူ၏ ဦးခေါင်းထက်၌ ဝဲပျံနေသည်။ ခေါင်းလောင်းကလေးထံမှ လေးနက်ပြီး ရှည်လျားလှသော ခေါင်းလောင်းပုံရိပ်လွှာတစ်ခု ထွက်ပေါ်လာကာ ကျုံးရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ထို့နောက်တွင် လက်ခုပ်တစ်ချက်တီးလိုက်ကာ နက်မှောင်သော စေတီတော်တစ်ဆူ ကိုထုတ်ဖော်လိုက်ပြန်သည်။

စေတီတော်ထိပ်ဖျားတွင် နေမင်းနှင့်တူသောအလင်းစက်ကွင်း တစ်ခုရှိနေပြီး ခန့်မှန်းရခက်ခဲသော နတ်ဆိုးအရှိန်အဝါများကို ထုတ်လွှင့်နေသည်။ ထိုအရာသည် ကျောက် လေလံပွဲမှ ရရှိခဲ့သော မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော် ဖြစ်သည်။ ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မတက်မီ ကာလရှည်ကြာစွာတံခါးပိတ်ကျင့်ကြံခဲ့ပြီးနောက်တွင် ဤစေတီတော်၏ စွမ်းအားအချို့ကို ထိန်းချုပ်နိုင်စွမ်း ရှိလာလေသည်။

မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်၏ အဆင့်အတန်းသည် အပေါ်ယံမြင်တွေ့ရသကဲ့သို့ တာအိုအဆင့်မျှသာ မဟုတ်ဘဲ လွတ်မြောက်ခြင်း အဆင့်သို့ပင် ရောက်ရှိနေသည်။ သို့မဟုတ်ပါက တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ငရဲမဟာကမ္ဘာကြီး၏ ပေါက်ကွဲမှုအတွင်းမှ လွတ်မြောက်လာနိုင်ရန် မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်ချေ။ ထို့အပြင် ကျုံးရှန်သည် မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်ကို လေ့လာဆန်းစစ်ခြင်းဖြင့် မိစ္ဆာမျိုးနွယ်စု၏ အထွတ်အထိပ်ကျမ်းစာတစ်စောင်ကိုလည်း ရရှိခဲ့သေးသည်။

မဟာနေမင်း အနန္တလောကကယ်တင်ခြင်းကျမ်း။

ယင်းသည် အဆင့်မြင့် မိစ္ဆာပညာရပ်တစ်ခု ဖြစ်ကာ အကန့်အသတ်မဲ့ကမ္ဘာများ၊ သက်ရှိအပေါင်းနှင့် ဖြစ်တည်မှုအားလုံးကို ကယ်တင်နိုင်စွမ်း ရှိလေသည်။ ထို့ပြင်သက်ရှိအားလုံးအပေါ် သြဇာလွှမ်းမိုးကာ ထိုသက်ရှိများကို မိစ္ဆာလမ်းစဉ်၏ အစောင့်အရှောက်များ အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။ ထို့ကြောင့်လည်း လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုမိစ္ဆာမျိုးနွယ်ဝင် အားကောင်းသူ ကျူးကျော်ဝင်ရောက်လာချိန်၌ သူဖြတ်သွားသည့်နေရာတိုင်းရှိ ငရဲမိစ္ဆာများအားလုံးကို သူ၏မျိုးနွယ်တူမိစ္ဆာများအဖြစ်သို့အသွင်ပြောင်းလဲသွားကာ သူ၏နောက်သို့သစ္စာရှိစွာဖြင့် လိုက်ပါစေနိုင်ခဲ့ခြင်း ဖြစ်သည်။

မဟာနေမင်း အနန္တလောကကယ်တင်ခြင်းကျမ်းသည် မိစ္ဆာမျိုးနွယ်၏ ကောင်းကင်ကျမ်းစာ ဖြစ်သော်လည်း ကျုံးရှန်သည် ယင်းအတွင်းရှိ တန်ဖိုးရှိသော အချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအချက်များထဲတွင် ကောင်းကင်ကျမ်းစာအတွင်းမှ ကယ်တင်ခြင်းဆိုင်ရာ အယူအဆများသည် ဗုဒ္ဓဘာသာ၏ ကယ်တင်ခြင်းဆိုင်ရာ ကျမ်းစာအချို့နှင့် သဘောတရားချင်း တူညီနေကြပေသည်။ ထိုသဘောတရားအယူအဆများအရ အဓိကကျသော အယူအဆတစ်ခု ရှိရန် လိုအပ်ကာ ထိုသည်ကို ဗဟိုပြု၍ သက်ရှိများစွာကို ကယ်တင်ပြီး သူတို့၏ အသိအမှတ်ပြုခြင်းကို ရယူရမည်ဖြစ်သည်။

ကယ်တင်ခံရသော သက်ရှိများ များပြားလာသည်နှင့်အမျှ ထိုအယူအဆ၏ စွမ်းအားသည်လည်း ပိုမို အားကောင်းလာမည်။ ထိုစွမ်းအားများသည် လူသားတို့၏ စိတ်နှလုံးအတွင်းမှ‌ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဥပမာအားဖြင့် ယဇ်ပူဇော်ခြင်းစွမ်းအားနှင့် ယုံကြည်ခြင်းစွမ်းအားတို့သည် လူသားတို့၏ စိတ်နှလုံးမှ ထွက်ပေါ်လာသော စွမ်းအားများ ဖြစ်ကြသည်။

ထိုသည်က အချို့သော စွမ်းအားများသည် ကောင်းကင်တာအိုပင်လျှင် ဖန်တီးနိုင်ခြင်း မရှိသောအရာများ ဖြစ် ကြောင်းဖော်ပြနေသည်။

ကျုံးရှန်သည် ထိုအချိန်ကပင် မဟာနေမင်း အနန္တလောကကယ်တင်ခြင်းကျမ်းစာ၏ ဆန်းကြယ်မှုကို သိရှိခဲ့ပြီးဖြစ်သည်။ ယင်းကျမ်းစာကို အနည်းငယ် ပြုပြင်မွမ်းမံ၍ သူ၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်မှ အယူအဆများ ထည့်သွင်းလိုက်မည်ဆိုပါက ကယ်တင်ခြင်းကျမ်းစာအသစ်တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။

မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးအရှိန်အဝါများ တလိပ်လိပ် ထွက်ပေါ်လာကာ စေတီတော်၏ အလွှာကိုးထပ်ရှိ တံခါးပေါက်များ တောက်ပသွားသည်။

ထိုနောက် ထိုနေရာကူးပြောင်းခြင်းတံခါးပေါက်များစီမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။

ပထမဆုံးအလွှာမှ ထွက်ပေါ်လာသော အရှိန်အဝါသည်ပင်လျှင် လွတ်မြောက်ခြင်း အဆင့် တစ်နည်း ကောင်းကင်အရှင်အဆင့် ရှိပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါမျိုး ဖြစ်နေသည်။ မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်အတွင်း၌ အစွမ်းထက်သော ဖြစ်တည်မှု ကိုးခုကို ချိတ်ပိတ်ထားကာ ကျုံးရှန်၏ ယခုလက်ရှိ စွမ်းအားဖြင့် မည်သည့်တံခါးပေါက်ကိုမျှ ဖွင့်လှစ်နိုင်ခြင်း မရှိသေးချေ။

ထို့ကြောင့်လည်း မိစ္ဆာမျိုးနွယ်စုမှကျင့်ကြံသူသည် ငရဲပြည်တစ်ခုလုံးကို သွေးချောင်းစီးအောင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်က မရေမတွက်နိုင်သော အထွတ်အထိပ် ငရဲမဟာမိစ္ဆာအရှင်သခင် ငရဲသခင်များသည်ပင် ရှောင်တိမ်းခဲ့ကြရကာ အစစ်အမှန် မိစ္ဆာနတ်ဘုရားများစွာသည်လည်း သူ၏လက်ချက်ဖြင့် ကျဆုံးခဲ့သည်။ နောက်ဆုံးတွင် ငရဲမဟာကမ္ဘာကြီး၏ ကောင်းကင်တာအိုကိုယ်တိုင် တိုက်ရိုက်ကူညီရန် ဆုံးဖြတ်ခဲ့ကာ လျှို့ဝှက်ဆန်းကြယ် သောအစီအရင်တစ်ခုတည်ဆောက်ရန်အမိန့်ထုတ်ပြန်ခဲ့ရသည်။

ထိုအခါမှသာ မိစ္ဆာမျိုးနွယ်ဝင်ကျင့်ကြံသူကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့၏။ သို့သော်လည်း ငရဲမဟာကမ္ဘာကြီး၏ မူလကမ္ဘာတည်ဆောက်ပုံသည် တစစီ ပျက်စီးသွားကာ ကိုးထပ်ငရဲဘုံဟူသော ကမ္ဘာသစ်တစ်ခုကို ပြန်လည် တည်ဆောက်ခဲ့ရသည်။အပေါ်ယံ၌ မည်သည့် သက်ရောက်မှုမျှ မရှိသကဲ့သို့ ထင်ရသော်လည်း မူလတည်ရှိခဲ့သည့် ကုန်းမြေတိုက်ကြီးနှင့် အသစ်တစ်ဖန်ပြန်လည်တည် ဆောက်ထားသောကိုးထပ်ငရဲဘုံတို့နှစ်ခုအကြားရှိ ကောင်းကင်ဘုံ၏ ကံကြမ္မာအရှိန်အဝါသည် လုံးဝ ခြားနားသွားပြီဖြစ်သည်။

ယခုအခါ ကျုံးရှန်သည် မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်၏ စွမ်းအားအချို့ကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် ထိုစဉ်က မိစ္ဆာမျိုးနွယ် အားကောင်းသူ၏ အဆင့်အတန်းကို နားလည်သွားလေသည်။ မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်သည် ကျုံးရှန်၏ ရှေ့မှောက်တွင် ဝဲပျံကာ အဆက်မပြတ် လည်ပတ်နေသည်။ စေတီ၏ဘုံကိုးဆင့် နေရာကူး ပြောင်းခြင်းတံခါးပေါက်များသည် မတူညီသော ဖိအားကိုးမျိုးကို သယ်ဆောင်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင် ကိုးခုကို ဖန်တီးလိုက်၏။

ထိုပုံရိပ်ယောင်များသည် ထူးဆန်းသော သဏ္ဌာန်များ ရှိကြကာ အချို့သည် ခန္ဓာကိုယ်တစ်ခုလုံး ဆူးများဖြင့် ပြည့်နှက်နေပြီး အချို့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိကြသည်။ အချို့မူ ပုံသဏ္ဌာန် ပျက်ယွင်းနေကြသည်။ သို့သော်လည်း သူတို့၏ အရှိန်အဝါသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှပြီး ထိုပုံရိပ်ယောင်များသည် ကျုံးရှန်၏ ရှေ့တွင် ဝဲပျံလိုက်ကြသည်။

ထို့နောက် သူတို့သည်အမြုတေနှင့် ပေါင်းစပ်ထားသည့် ကောင်းကင်ဝါးမြိုသားရဲရုပ်ထုကို ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြ၏။

ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားကာထူးဆန်းလှသော မီးတောင်အတွင်းပိုင်း၏ဟင်းလင်းပြင်ရှိ မျှော်စင်တက်လှမ်းခြင်းဆိုင်ရာ စည်းမျဉ်းနိယာမများသည်ပင် ပျက်ပြယ်သွားသကဲ့သို့ဖြစ်လာသည်။

ရတနာနှစ်ပါးကို ဆင့်ခေါ်အသုံးပြုပြီးနောက်တွင် ကျုံးရှန်၏ အမူအရာသည် အနည်းငယ် ပြေလျော့သွားသော်လည်း ပေါ့ဆခြင်း မရှိချေ။ ကျင်းတစ်ခုတည်း၌ နှစ်ကြိမ်တိုင်တိုင် အမှားကျူးလွန်မိမည်ကို သူ စိုးရိမ်နေလေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော်၏ ရွှေရောင်ကိုယ်ပွားလေးသည် လက်ခြောက်ဖက်အသွင်သဏ္ဌာန်သို့ ပြောင်းလဲသွားကာ သူ၏ စစ်မှန်သောအတ္တအမှုန်အမွှားများသည်ပင် လက်ခြောက်ဖက်ပါသည့် ကျုံးရှန်ငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။

ဤသည်မှာ ကျုံးရှန်အနေဖြင့်ချောက်နက်ငရဲဘုံနှလုံးသားကျင့်စဉ် ကို လေ့လာပြီး ရရှိလာသော အသွင်ပြောင်းလဲခြင်းစွမ်းရည် ဖြစ်သည်။

ယင်းသည် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော်၏ ရွှေရောင်ကိုယ်ပွားလေးကို အားဖြည့်ပေးနိုင်ရုံသာမက စစ်မှန်သော အတ္တအမှုန်အမွှားများအပေါ်တွင်လည်း သက်ရောက်မှု ရှိနေသဖြင့် ကျုံးရှန်၏စွမ်းအားများသည် အဆပေါင်းများစွာ တိုးတက်လာသည်။

လက်ခြောက်ဖက်ပါသော စစ်မှန်သော အတ္တအမှုန်အမွှားများသည် အစွယ်ပါကြယ်ငါးများထံမှ ကျုံးရှန်လေ့လာထားသော အစီအရင်ကို အသုံးပြု၍ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လိုက်ကြကာ သူ၏ဝိညာဉ်ကို လွှမ်းခြုံထားသော ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော်၏ ရွှေရောင်ကိုယ်ပွားလေးကို အလယ်ဗဟို၌ ထား၍ ကာကွယ်လိုက်လေသည်။ ထိုကဲ့သို့ တင်းကြပ်လှသော ကာကွယ်မှုများ ဖြင့် သူ၏ဝိညာဉ်သည် နောက်တစ်ကြိမ် ဖရိုဖရဲစွမ်းအင်များဖြင့် ဖုံးကွယ်ခြင်းမခံရစေရန် ပြုလုပ်လိုက်ခြင်းဖြစ်သည်။

ကျုံးရှန်တစ်ယောက် ပြင်ဆင်ပြီးသွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်ရှိ ကောင်းကင်ဝါးမြိုသားရဲသည်လည်း စတင် လှုပ်ရှားလာသည်။ ယင်းသည် သူ၏ ကြီးမားလှသော အတောင်ပံများကို ခတ်လိုက်လျှင် မျှော်စင်အတွင်းရှိ ဟင်းလင်းပြင်သည် စုတ်ပြဲသွားကာ သေးငယ်သော တွင်းနက်အချို့ ထွက်ပေါ်လာသည်။ ထိုတွင်းနက်များ ဖြည်းညှင်းစွာ လည်ပတ်လာလျှင် အတိုင်းအဆမရှိသော ဆွဲငင်အားများ ထွက်ပေါ်လာ၏။

ထိုအခါ မီးတောင်အပြင်ဘက်ရှိ ဝိညာဉ်ဝါးမြိုခြင်းပင်လယ်သည်လည်း ပြင်းထန်စွာ တုန်ခါလာကာ ကြီးမားလှသော ပင်လယ်လှိုင်းတံပိုးများ ပေါ်ပေါက်လာပြီး ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားသည်။ အလယ်ဗဟိုရှိ မီးတောင်ကျွန်းကလေးသည် စတင်၍ အက်ကွဲလာပြီး ယင်းနှင့်အတူ ကောင်းကင်တက်လှမ်းခြင်းမျှော်စင် တစ်ခုလုံးသည်ပင် အနည်းငယ် တုန်ခါသွားရသည်။

တွင်းနက်ငယ်များဆီမှ ရိုက်ခတ်ထွက်ပေါ်လာသော ဘေးထွက်စွမ်းအားအရှိန်အဟုန်သည် အံ့မခန်းပင်ဖြစ်သည်။

သို့သော်လည်း ထိုထက်ပို၍ပြင်းထန်စွာခံစား နေရသူမှာ ကျုံးရှန်ဖြစ်ကာ ကောင်းကင်ဝါးမြိုသားရဲ ဖန်တီးလိုက်သော တွင်းနက်လေးများ၏ အဓိက ဆွဲငင်အားသည် သူ့အပေါ်သို့ ဦးတည်ကျရောက်နေ၏။

မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော် ဖန်တီးထားသော ကြောက်မက်ဖွယ် ပုံရိပ်ယောင် ကိုးခုသည် ထိုဖိအားကို ပထမဆုံးခံစားလိုက်ရသည်။ ပုံရိပ်ယောင်များသည် တွင်းနက်များ၏ ဆွဲငင်မှုကြောင့် ပုံသဏ္ဌာန်များ ပျက်ယွင်းလာကာ စုတ်ပြဲပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။

ကောင်းကင်ဝါးမြိုသားရဲသည် ထိုမျှနှင့် ရပ်တန့်သွားခြင်းမရှိဘဲ တွင်းနက်များကို ထုတ်လွှတ်ပြီးနောက်တွင် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ပြီး ခြေသည်းနှစ်ဖက်ဖြင့် မြေပြင်ကို ထောက်ကာ ပါးစပ်ဟလိုက်သည်။ ယင်းသည် အပြင်းအထန် ဝါးမြိုစုပ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ထိုအခါ လေထဲ၌သေးငယ်သောအမှတ်လေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအမှတ်ကလေးသည် မဟာကမ္ဘာကြီးတစ်ခုလုံးကို ကျုံ့ထားသကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားများပါဝင်နေသဖြင့် တွင်းနက်ငယ်များသည်ပင် ယင်း၏ရှေ့တွင် မှေးမှိန်သွားရလေတော့သည်။

All Chapters