← Chapters

အခန်း (၃၁၉)

Vol. 32 Ch. 319

အခန်း (၃၁၉)

Vol. 32 Ch. 319

အပိုင်း (၃၁၉)

ဤသည်ကား ဝါးမြိုခြင်းဆိုင်ရာ အထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်တစ်ခု ဖြစ်သည်။ ထိုအမှတ်ကလေးထွက်ပေါ်လာသည့် အချိန်၌ အချိန်နှင့်ဟင်းလင်းပြင်သည်ပင် အေးခဲရပ်တန့်သွား၏။ ထို့နောက်တွင်မူ အချိန်ဟင်းလင်းပြင်ဆိုင်ရာ တွန့်လိမ်ရှုံ့တွမှုများ ပေါ်ပေါက်လာပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင် တစ်ခုလုံး အပြင်းအထန် လှုပ်ခါသွားလေသည်။

စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာကို ဗဟိုပြု၍ အင်အားကြီးမားလှသော လှိုင်းလုံးကြီးများသည် မျှော်စင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

မျှော်စင်အပြင်ဘက်၌ စောင့်ကြပ်နေကြသော လွတ်မြောက်ခြင်းအရှင်သခင်ခုနစ်ပါး၏ ကိုယ်ပွားများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကြီး ရုတ်တရက်အပြင်းအထန် တုန်ခါနေသည်ကို မြင်တွေ့ နေရကာ မျှော်စင်၏ အောက်ပိုင်းအလယ်တစ်နေရာ၌ ထူးဆန်းလှသော ဆွဲငင်အားတစ်ခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသည်။ ထိုဆွဲငင်အားသည် ရုပ်ဝတ္ထုပစ္စည်းအဖြစ် တည်ရှိနေခြင်း မဟုတ်သော်လည်း လွတ်မြောက်ခြင်းအရှင်သခင်ခုနစ်ပါး၏ ကိုယ်ပွားများသည် သူတို့၏ အသိစိတ်အတွင်း၌ တစ်စုံတစ်ခုကို တောင့်တမိသကဲ့သို့ ခံစားလာရပြီး ထိုအရာကို သွားရောက်ထိတွေ့လိုစိတ်နှင့် ပေါင်းစပ်လိုစိတ်များ ဖြစ်ပေါ်လာလေသည်။

ထိုသည်ကား အထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်၏ စွမ်းအားပင် ဖြစ်သည်။

အဆိုးရွားဆုံးအချက်သည် ထိုအမှတ်ကလေးသည် ငရဲမဟာကမ္ဘာကြီးကိုပါ သက်ရောက်မှု ရှိလာပြီး ငရဲကမ္ဘာတစ်ခုလုံး၏ ဟင်းလင်းပြင်ပင်လျှင် ဖရိုဖရဲဖြစ်သွားကာ ဟင်းလင်းပြင်ဒီရေလှိုင်းများ ဖြစ်ပေါ်လာတော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်။ နတ်ဘုရားအဆင့်အောက်ရှိသော သက်ရှိများသည် ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်နိုင်စွမ်း မရှိတော့ချေ။ အကယ်၍ ဝင်ရောက်မိပါက တွန့်လိမ်ရှုံ့တွနေသော ဟင်းလင်းပြင်စွမ်းအင်များ၏ အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခြင်းကို ခံရပေလိမ့်မည်။

ယခုဝါးမြိုခြင်းစွမ်းအားကို ထုတ်လွှတ်နေသောအရာသည် အပြည့်အစုံမရှိသည့်အမြုတေ၏ အစိတ်အပိုင်းတစ်ခုဖြင့် အတင်းလုပ်ယူ ဖန်တီးထားသော လွတ်မြောက်ခြင်းအဆင့်ရှိ ကောင်းကင်ဝါးမြိုသားရဲတစ်ကောင်မျှသာ ဖြစ်သည်။

အကယ်၍ အင်အားအပြည့်အဝရှိသော ဝါးမြိုသားရဲအစစ်အမှန်သာ ဖြစ်ခဲ့မည်ဆိုပါက ထို ဝါးမြိုခြင်းစွမ်းအင်သိပ်သည်းအမှတ် ထွက်ပေါ်လာသော အခိုက်အတန့်၌ပင် ငရဲမဟာကမ္ဘာတစ်ခုလုံး ဝါးမြိုပစ်ခံရပေမည်။ထိုစွမ်းအားသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှ ထိုးဖောက်ထွက်ပေါ်လာသော ဝါးမြိုခြင်းဆိုင်ရာ အထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်၏ အရှိန်အဝါ အနည်းငယ်မျှသာ ရှိသေးသည်။ သို့ဖြစ်ရာ တိုက်ရိုက်ရင်ဆိုင်နေရသော ကျုံးရှန်သည် ထိုထက်မကပိုမိုပြင်းထန်ကြီးမားလှသော ဖိအားကို ခံစားနေရလေသည်။

မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ပုံရိပ်ယောင် ကိုးခုသည် ထိုအမှတ်ကလေးထွက်ပေါ်လာပြီးနောက်တွင် တွန့်လိမ်ပုံပျက်သွားကာ အမှတ်၏အစိတ်အပိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝမ်ကျုံးဝတ်ပြုပူဇော်ခြင်းခေါင်းလောင်းမှ ထုတ်လွှတ်ထားသော ကာကွယ်ရေးပုံရိပ်လွှာသည်လည်း တုန်ခါသွားကာပျက်စီးလုနီးပါး ဖြစ်လာပြီး ခေါင်းလောင်းပုံရိပ်ပေါ်ရှိ လေးနက်လှသော ပန်းချီကားချပ်များကိုပင် ရှင်းလင်းစွာ မြင်နိုင်ခြင်းမရှိတော့ဘဲ ပုံသဏ္ဌာန်များပျက်ယွင်းလာသည်။

ထို့အပြင် သူ၏ ဦးခေါင်းထက်ရှိ ဝမ်ကျုံးဝတ်ပြုပူဇော်ခြင်းခေါင်းလောင်း အစစ်အမှန်သည်ပင်လျှင် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ အက်ကွဲသံများ ထွက်ပေါ်လာလေသည်။

ဤရတနာသည် မဟာတာအိုအဆင့်ရှိသော ရတနာတစ်ပါး ဖြစ်ကာ မဟာတာအို၏ စည်းမျဉ်းနိယာမများကို ထိတွေ့နိုင်သောအဆင့်သို့ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းသည် မဟာကမ္ဘာတစ်ခု၏ ကောင်းကင်တာအိုကို ကျော်လွန်နိုင်ခြင်း မရှိသေးသော်လည်း မဟာကမ္ဘာတစ်ခု၌ အဆင့်အမြင့်ဆုံးသော ရတနာပင်ဖြစ်သည်။ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်သို့ ရောက်ရှိနေသော မဟာမိစ္ဆာအရှင်သခင်များပင်လျှင် ထိုကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်နိုင်ရန် ခဲယဉ်းလှပေသည်။

သို့သော်လည်း ကျုံးရှန်၏ ထိုမဟာတာအိုအဆင့် ခေါင်းလောင်းသည် ယခုအခါတွင် ဝါးမြိုခြင်းအထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်ကလေးကို ယှဉ်နိုင်စွမ်းမရှိသကဲ့သို့ဖြစ်နေသည်။

'တောက်... ဒီကောင့်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲ...'

အမြဲတမ်း မာန်မာနထောင်လွှားတတ်သော ကျုံးရှန်သည်ပင် ကောင်းကင်ဝါးမြိုသားရဲ၏ စွမ်းအားကို ချီးကျူးရသည်။

မကြာမီပင် သူ၏ ဦးခေါင်းထက်ရှိ ဝမ်ကျုံးဝတ်ပြုပူဇော်ခြင်းခေါင်းလောင်းသည် ဝါးမြိုခြင်းဆိုင်ရာ ဆွဲငင်အားဒဏ်ကြောင့် လုံးဝ ပျက်စီးသွားကာ မဟာတာအိုအဆင့်ရှိသော အဖိုးတန်ရတနာတစ်ခုသည် ထိုသို့ဖြင့် အဆုံးသတ်သွားလေသည်။ ထိုအခါ ကျုံးရှန်သည် ထိုသေးငယ်သောအမှတ်ကလေး၏ ပြင်းထန်သောဖိအားကို တိုက်ရိုက်ရင်ဆိုင်လိုက်ရ၏။ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကို ဖြဲဆုတ်ရန် ကြိုးစားလာသဖြင့် ကာကွယ်ရေး ရတနာများကို ထပ်မံထုတ်ယူရန် ပြင်ဆင်လိုက်စဉ်တွင် ရုတ်တရက် မှင်တက်သွားသည်။

ထိုအမှတ်ကလေး၏ ဆွဲငင်အားသည် သူ၏ ခန္ဓာကိုယ်ကို ဝါးမြိုဖျက်ဆီးရန် ကြိုးစားချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အရာတစ်ခုကိုသွားရောက်သက်ရောက်လေသည်။ ယင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုမှ နှစ်တစ်သန်းကြာအောင် ကျိန်စာတိုက်ထားသော ကံတရားကျိန်စာပင်ဖြစ်သည်။

ယခုအခါတွင် ကံတရားကျိန်စာ၏ အချုပ်အနှောင်များသည် ဝါးမြိုခြင်းစွမ်းအားများ၏ဖိအားအောက်၌ စတင်လျော့ရဲလာသည်ကို ကျုံးရှန် သတိပြုမိလိုက်သည်။ သူသည် မျက်လုံးများကို မှေးလိုက်ကာ တစ်စုံတစ်ခုကို တွက်ချက်လိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။

'ဒါဆို ကျိန်စာကို ချိုးဖျက်ဖို့ သော့ချက်က ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စွမ်းအားတွေ စုဆောင်းတာ မဟုတ်ဘဲ... အသက်ဘေးနဲ့ရင်ဆိုင်ရတဲ့အချိန်မှာဖောက်ထွက်ရှင်သန်ရမယ့် လမ်းရှာရမှာကိုဆိုလိုချင်တာပဲ...'

'ကျိန်စာကို လျော့ချပေးနိုင်တဲ့ ဆေးဝါးတွေ ရတနာတွေသုံးတဲ့နည်းလမ်းက ကျိန်စာကို ဖယ်ရှားနိုင်ပေမယ့် အချိန်အရမ်းကြာမယ့်နည်းလမ်းပဲ...'

'အစစ်အမှန် နည်းလမ်းက သေခြင်းတရားကို ရင်ဆိုင်ရရင်တောင် ရှင်သန်ကျန်ရစ်ရမယ်ဆိုတာပဲ...'

'ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကို အဆုံးအဖြတ် ပေးမယ့် ဒီအခိုက်အတန့်မှာ ကံတရားကျိန်စာကို အမြန်ချေဖျက်ရမယ်...'

ကျုံးရှန်သည် ထိုခဏ၌ပင် လေးနက်သောဉာဏ်အလင်းပွင့်သွားရသည်။

ကုန်ဆုံးခဲ့သော နှစ်ပေါင်း တစ်သန်းအတွင်း သူသည် အရာရာကို အစီအစဉ်တကျ ပြုလုပ်ခဲ့ကာ ဘေးကင်းလုံခြုံစွာဖြင့် အောင်မြင်မှုများရယူခဲ့သည်။ ထိုအရာများသည် အပေါ်ယံတွင် အရာရာကို အနိုင်ယူနိုင်သော ပြိုင်ဘက်ကင်းသူတစ်ဦးဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် ကျုံးရှန်သည် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး မဟုတ်ခဲ့ချေ။ သူ့၌ သေခြင်းတရားကို ရင်ဆိုင်ရဲသော ရဲစွမ်းသတ္တိမျိုး ကင်းမဲ့နေခဲ့လေသည်။

ထို့ကြောင့်လည်း သူသည် မိမိကိုယ်မိမိ ပြည့်စုံနေသည်ဟု ထင်ရသော်လည်း တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားနေရခြင်း ဖြစ်ပေသည်။ ယခုအခါတွင် သူသည် ထိုအချက်ကို နားလည်သွားပြီ ဖြစ်သည်။

"ဟားဟားဟား... ဒီနေ့တော့ သေတဲ့အထိ မင်းနဲ့ တိုက်ရတာပေါ့..."

သူသည် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို စတင်စုစည်းလိုက်သည်။

စစ်မှန်သော အတ္တအမှုန်အမွှားများ အားလုံးသည် သူတို့၏ မူလစွမ်းအားများအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားကာ ပေါင်းစည်းသွားကြ၏။ ထို့နောက် အကာအကွယ်အားလုံးကို ရုတ်သိမ်းလိုက်ကာ ကျယ်လောင်စွာဟစ်ကြွေးလိုက်ပြီး သူ၏ တိုက်ခိုက်လိုစိတ် ၊ အနိုင်မခံအရှုံးမပေးလိုသောဝိညာဉ် ၊ မာနကြီးစွာရှင်သန်လိုသောစိတ်ဆန္ဒ စသည့် စွမ်းအင်အနှစ်သာရအားလုံး ကို ညာလက်သီးအတွင်း၌ စုစည်းလိုက်ကာ လျှပ်တစ်ပြက်အတွင်း ဝါးမြိုခြင်းဆိုင်ရာအထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်ကလေးရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

ကျုံးရှန်သည် သူ၏စွမ်းအားအလုံးစုံကိုစုစည်းကာ အောင်နိုင်ခြင်း လက်သီးတစ်ချက်ကို ထိုးချလိုက်သည်။ ထိုလက်သီးသည် ကြမ်းတမ်းပြင်းထန်သော လက်သီး မဟုတ်သကဲ့သို့ နတ်ဘုရားလက်သီးလည်း မဟုတ်ချေ။ ယင်းသည် သူကိုယ်တိုင် ဖန်တီးထားသော ကောင်းကင်အောင်နိုင်ခြင်းလက်သီးပင် ဖြစ်လေသည်။

မျက်စိတစ်မှိတ်အတွင်း အတိုင်းအဆမရှိသော လှိုင်းလုံးကြီးများ ပေါ်ပေါက်လာလေသည်။ ဟင်းလင်းပြင်နှင့် ကမ္ဘာများစွာကို ထိုလက်သီးချက်အတွင်း၌ သိပ်သည်းထားသကဲ့သို့ပင် ရှိနေ၏။ ထိုကြီးမားလှသော အရှိန်အဝါသည် ဝါးမြိုခြင်းစွမ်းအားကို ခုခံနိုင်သွားကာ စွမ်းအားနှစ်ခု ထိပ်တိုက်ရင်ဆိုင်နေရသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။

ထို့နောက်တွင် ကျုံးရှန်၏ လက်သီးမှ ထွက်ပေါ်လာသော အရှိန်အဝါသည် တစ်ဖက်ရှိ ဝါးမြိုခြင်း အထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်ကို ဖိနှိပ်လိုက်ကာ ဆွဲငင်အားများကို ပြောင်းပြန် ဖြစ်သွားစေသဖြင့် ဝါးမြိုခြင်းဆိုင်ရာ တွင်းနက်ငယ်များအားလုံး ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် ထိုလက်သီးချက်သည် ဝါးမြိုခြင်းဆိုင်ရာ အထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်နှင့် ထိပ်တိုက် တွေ့ဆုံသွားလေသည်။ အချိန်နှင့် ဟင်းလင်းပြင်သည် နောက်တစ်ကြိမ် ရပ်တန့်သွားပြန်ကာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ တုန်ခါမှုများပင် ရပ်တန့်သွားသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်း၊ ခြောက်သွေ့ယိုယွင်းခြင်းနှင့် ပျက်စီးခြင်းဆိုင်ရာ အနုတ်လက္ခဏာဆောင်သောခံစားချက်များသည် ငရဲသက်ရှိတိုင်း၏ စိတ်နှလုံးအတွင်း၌ ပေါ်ပေါက်လာသည်။ ထိုသည်မှာ အားကောင်းသူနှစ်ဦး၏ တိုက်ပွဲမှ ထွက်ပေါ်လာသော ခံစားချက်များပင် ဖြစ်ပေသည်။

"ဟက်..."

ကျုံးရှန်သည် ရုတ်တရက်ရယ်လိုက်၏။

သူသည် အလွန်ပျော်ရွှင်စွာဖြင့် ရယ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်သူ၏ ရယ်မောခြင်းနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြိုကွဲပျက်စီးသွားကာ အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ကမ္ဘာလောကအတွင်းမှ လုံးဝ ပျောက်ကွယ်သွားသည်။

ကျုံးရှန်၏ အရှိန်အဝါတစ်စွန်းတစ်စမျှပင် ကျန်ရစ်ခြင်း မရှိတော့ချေ။

သူသည် လုံးဝ သေဆုံးသွားသကဲ့သို့ဖြစ်ပြီး သူရှိနေခဲ့သည့်နေရာ၌ အနီရောင် သော့ခလောက်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ ထိုသော့ခလောက်ပေါ်၌ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအို အရှိန်အဝါများ ရှိနေပြီး အဆုံးမဲ့သော အပြစ်တရားများနှင့် နာကြည်းမှုများပြည့်နှက်သိပ်သည်းနေသည်။ ထိုအရာများသည် ကံကြမ္မာအရှိန်အဝါများကို ကောင်းကင်တာအိုသို့ ယဇ်ပူဇော်လိုက်ရသဖြင့် သေဆုံးသွားခဲ့ရသော အားကောင်းသူများ၏ ကံကြမ္မာအကျိုးဆက်များ ဖြစ်ကြသည်။

ထိုကံကြမ္မာအကျိုးဆက်များသည် အလွန်ပင် အားကောင်းလှပြီး သန်းပေါင်းများစွာသော အင်အားကြီး သက်ရှိများနှင့် ဆက်နွယ်နေ၏။ ထိုသက်ရှိများထဲ၌ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့်ရှိသော အားကောင်းသူများစွာ ပါဝင်နေသဖြင့် သူတို့ထံမှ ထွက်ပေါ်လာသော နာကြည်းမှုများသည် ကြီးမားလှသော အနှုတ်လက္ခဏာစွမ်းအားများ ရှိကြသည်။

ဤကဲ့သို့သော အရာများဖြင့် ဖွဲ့စည်းထားသည့် သော့ခလောက်သည် အတိုင်းအဆမရှိ လေးလံလှပေသည်။ ကျုံးရှန်သည် နှစ်ပေါင်း တစ်သန်းခန့် ထိုကဲ့သို့လေးလံသော ဝန်ထုပ်ဝန်ပိုးကို အမြဲတစေ ထမ်းပိုးထားခဲ့ခြင်းဖြစ်သည်။

ထိုသော့ခလောက် ပေါ်ထွက်လာသောအခါ ကောင်းကင်ဝါးမြိုသားရဲ၏ အာရုံကို ဆွဲဆောင်သွားလေသည်။ ယင်းသည် ဝါးမြိုခြင်းဆိုင်ရာ အထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်ကို ချက်ချင်း ပြန်လည် သိမ်းဆည်းရန် ကြိုးစားလိုက်၏။ သို့သော်လည်း သော့ခလောက်သည် ရုတ်တရက် လှုပ်ရှားလာကာ အမှတ်ကလေးဆီသို့ တိုးဝင်ပေါင်းစပ်သွားပြီး ကောင်းကင်ဝါးမြိုသားရဲသည် ထိုအရာကို ဝါးမြိုပစ်လိုက်၏။

ကျုံးရှန်ကို နှစ်ပေါင်း တစ်သန်းခန့် ချုပ်နှောင်ထားခဲ့သော အဆုံးမဲ့ကံကြမ္မာအကျိုးဆက်များကို သယ်ဆောင်ထားသည့် ကံတရားကျိန်စာသည် ထိုသို့ဖြင့် ကောင်းကင်ဝါးမြိုသားရဲ၏ ခန္ဓာကိုယ်အတွင်းသို့ ကူးပြောင်းသွားလေတော့သည်။‌ ကောင်းကင်ဝါးမြိုသားရဲသည် ရုတ်တရက်နာကျင်စွာအော်ဟစ်လိုက်သည်။ သူ၏အော်ဟစ်သံသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ဖြတ်ကျော်၍ ငရဲမဟာကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်သွားကာ ပိုင်ရွှီနယ်မြေ ဆီသို့ပင် ပျံ့နှံ့သွားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် သံကြိုးများ ပေါ်ထွက်လာပြီး တင်းကြပ်စွာ ချည်နှောင်ထားလိုက်၏။

တစ်ချိန်တည်း၌ပင် မရေမတွက်နိုင်သော ကံကြမ္မာအကျိုးဆက်များနှင့် နာကြည်းမှုများသည် သူ၏ နတ်ဘုရားအသိစိတ်ပင်လယ်အတွင်းသို့ စုပြုံဝင်ရောက်လာ သဖြင့် ပြင်းထန်နာကျင်စွာ ခံစားလိုက်ရလေသည်။ ထိုသည်မှာ ကျုံးရှန် နှစ်ပေါင်း တစ်သန်းတိုင်တိုင် ထမ်းပိုးလာခဲ့ရသော အရာများပင် ဖြစ်ပေသည်။

All Chapters