← Chapters

အခန်း (၃၂၀)

Vol. 32 Ch. 320

အခန်း (၃၂၀)

Vol. 32 Ch. 320

အပိုင်း (၃၂၀)

ယခုမြင်တွေ့နေရသောကောင်းကင်ဝါးမြိုသားရဲသည် ကောင်းကင်ဝါးမြိုသားရဲအထွတ်အထိပ်တွင်ရှိခဲ့စဉ်အခါက စွမ်းအင်၏တစ်ရာပုံတစ်ပုံမျှပင်မရှိချေ။ ရုပ်ထုအတွင်းသို့ ပေါင်းစပ်သွားပြီးနောက် သားရဲအသွင်ပြောင်းကာရောက်ရှိခဲ့သည့်သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း လွတ်မြောက်ခြင်းအဆင့် (ကောင်းကင်အရှင်အဆင့်)သို့ ရောက်ရုံသာ ရှိလေသည်။ ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် မဟာကမ္ဘာအတွင်း၌ အလွန် အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်သော်လည်း ကောင်းကင်ဝါးမြိုသားရဲ၏ မူလခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါကမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

ကမ္ဘာဦးသက်ရှိတစ်ကောင်ဖြစ်သည့် ကောင်းကင်ဝါးမြိုသားရဲ၏ မူလခန္ဓာကိုယ်သည် အနည်းဆုံးအနေဖြင့် ထျန်းယွမ် အဆင့် သို့မဟုတ် ထိုထက်မက မြင့်မားသော အဆင့်တွင် ရှိ၏။ ထိုအဆင့်သည် ကောင်းကင်ဘုံ သို့မဟုတ် ကောင်းကင်တာအိုအဆင့်ရှိ တည်ရှိမှုမျိုး ဖြစ်သည်။ အကယ်၍ မူလခန္ဓာကိုယ်သာ ဆင်းသက်လာခဲ့မည်ဆိုပါက ကံတရားကျိန်စာနှင့် ကံကြမ္မာအကျိုးဆက်များဖြင့် ဖွဲ့စည်းထားသော သံကြိုးသည် ကောင်းကင်ဝါးမြိုသားရဲကိုမည်သို့မျှ အန္တရာယ်ပြုနိုင်မည် မဟုတ်ဘဲ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုပင် မျက်စိတစ်မှိတ်အတွင်း ဝါးမြိုပစ်နိုင်ပေလိမ့်မည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအို ချမှတ်ထားသော ကျိန်စာမှာမူ ပြောနေရန်ပင် မလိုတော့ချေ။

သို့သော်လည်း ယခုရှိနေသောအရာသည် ကောင်းကင်ဝါးမြိုသားရဲ၏ မူလစွမ်းအင်မှ သေးငယ်သောအစိတ်အပိုင်းအနည်းငယ်မျှသာ ဖြစ်သည်။ ထို့ကြောင့် ပြင်းထန်လှသော ကျိန်စာနှင့် သက်ရှိသန်းပေါင်းများစွာ၏ ကံကြမ္မာအကျိုးဆက်များ ပါဝင်နေသော သော့ခလောက်ကိုရင်ဆိုင်ရသောအခါ မည်သို့မျှ ခံနိုင်ရည်မရှိပေ။ ကောင်းကင်ဝါးမြိုသားရဲသည် ဒေါသတကြီး အဆက်မပြတ်ဟိန်းဟောက်နေသော်လည်း အချည်းနှီးသာ ဖြစ်နေသည်။

သူ၏ မူလစွမ်းအင် အစိတ်အပိုင်းမှ အသွင်ပြောင်းလာသော သားရဲ၏ အရှိန်အဝါသည် တဖြည်းဖြည်းချင်း ကျဆင်းလာတော့သည်။ လွတ်မြောက်ခြင်းအဆင့်မှမိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်သို့ ကျဆင်းသွားကာ ထိုမှတစ်ဆင့် ထပ်မံ၍ ကျဆင်းသွားပြန်ပြီး နောက်ဆုံးတွင် သူတော်စင် အဆင့်သို့ ရောက်ရှိသွားလေသည်။ ထိုအခါမှသာ ကျဆင်းမှုသည် ရပ်တန့်သွားလေတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် သေခြင်းတရားဖြင့် ဖုံးလွှမ်းခြင်းခံရသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။

ကျုံးရှန်သည် လုံးဝ သေဆုံးပျက်စီးသွားဟန်ရှိကာ သူ၏အရှိန်အဝါတစ်စွန်းတစ်စမျှ ပင် ရှာဖွေနိုင်ခြင်း မရှိတော့ချေ။ နက္ခတ်ပညာရပ်၌ အကျွမ်းကျင်ဆုံးဖြစ်သော အဆင့် ၃ အစစ်အမှန်နတ်ဘုရားများပင်လျှင် ကျုံးရှန်၏တည်ရှိမှုကို တွက်ချက်နိုင်စွမ်း မရှိတော့ပေ။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ သုံးပါးစလုံး၌ ကျုံးရှန်ဟူသော လူသား၏ အမှတ်အသားများအားလုံး လုံးဝပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။

ကံကြမ္မာလမ်းကြောင်းများ၊ အရှိန်အဝါလမ်းကြောင်းများနှင့် အတိတ်မှတ်တမ်းများအားလုံး ဖြတ်တောက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ကောင်းကင်တာအို၏ အသိစိတ်မှ ကျိန်စာတိုက်ထားခဲ့သော ကံတရားကျိန်စာတစ်ခုသာ ကျန်ရစ်လေသည်။

အရှိန်အဝါကျဆင်းသွားသော ကောင်းကင်ဝါးမြိုသားရဲ၏ မူလစွမ်းအင်သည် မဟာကမ္ဘာတစ်ခုအတွင်းရှိ အားကောင်းသူတိုင်း တောင့်တရမည့် အရာတစ်ခု ဖြစ်လာသည်။ယခုအချိန်တွင် မဟာတာအိုအဆင့် ရတနာတစ်ခုကို အသုံးပြုရုံဖြင့်ပင် ယင်းကို ချုပ်နှောင်ထားနိုင်လိမ့်မည်ဖြစ်သည်။ ကောင်းကင်ဝါးမြိုသားရဲသည် မည်သည့်ကာကွယ်မှုမျှ မရှိသော အသားတုံးကြီးတစ်တုံးကဲ့သို့ပင် ဖြစ်နေ၏။

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ မည်သူမျှ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အတားအဆီးကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိကြပေ။ သူတို့အနေဖြင့် အဝေးမှသာ စောင့်မျှော်ကြည့်ရုံသာကြည့်နိုင်ကြသည်။

ကြမ်းပြင်ပေါ်တွင် ကောင်းကင်ဝါးမြိုသားရဲသည် စိတ်ပျက်အားငယ်စွာဖြင့် လဲလျောင်းနေသည်။ သူ၏ မူလအစီအစဉ်သည် ကျုံးရှန်၏ အစွမ်းထက်လှသော ခန္ဓာကိုယ်ကို ဝါးမြိုပြီးနောက်တွင် ပြန်လည်ရှင်သန်ရန်နှင့် အခြားနေရာများ၌ ဖုံးကွယ်ထားသော သူ၏ မူလစွမ်းအင်များကို ပြန်လည်ရှာဖွေကာ အစွမ်းအထက်ဆုံးအချိန်သို့ ပြန်လည်ရောက်ရှိရန် ဖြစ်သည်။ သို့သော်လည်း အနှီလူသားသည် အသေခံတိုက်ကွက်ကို အသုံးပြုသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ထို့အပြင် ထိုလူသား၏ ခန္ဓာကိုယ်အတွင်း၌ မဟာကမ္ဘာတစ်ခု၏ကောင်းကင်တာအိုအဆင့်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ကျိန်စာတစ်ခု ရှိနေလိမ့်မည်ဟုလည်း မည်သို့မျှ မသိရှိခဲ့ချေ။

အဆန်းကြယ်ဆုံးအချက်သည် ထိုလူသား၏ ခန္ဓာကိုယ်သည် ဝါးမြိုခြင်းဆိုင်ရာ အထွတ်အထိပ်စွမ်းအားများသိပ်သည်းထားသည့်အမှတ်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် လုံးဝ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ကောင်းကင်ဝါးမြိုသားရဲသည် မည်သည့် အကျိုးအမြတ်မျှ မရရှိခဲ့သည့်အပြင် ကံတရားကျိန်စာ၏ တင်းကြပ်စွာ ချုပ်နှောင်ခြင်းကိုပင် ခံလိုက်ရလေသည်။ ယင်း၏ ကျင့်ကြံမှုသည် သူတော်စင်အဆင့်နီးပါးအထိ ဖိနှိပ်ခြင်း ခံလိုက်ရကာ အခြားသော မူလစွမ်းအင် အစိတ်အပိုင်းနှစ်ခုနှင့် ထပ်မံ မပေါင်းစပ်နိုင်ပါက ကံတရားကျိန်စာကို မည်သို့မျှ

ချိုးဖျက်နိုင်မည် မဟုတ်တော့ချေ။

ကောင်းကင်ဝါးမြိုသားရဲ နောင်တရနေသည့်အချိန်တွင်ပင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ စွမ်းအင်ဝဲဂယက်များစွာ အလိုအလျောက် ပေါ်ထွက်လာပြီး မျှော်စင်၏ စွမ်းအားများကို ရူးသွပ်စွာ စတင်စုပ်ယူတော့သည်။ အထူးသဖြင့် စတုတ္ထအထပ်တစ်ထောင်ကမ္ဘာ၏ ကောင်းကင်အထက်၌ ကြီးမားလှသော ဝဲဂယက်ကြီးတစ်ခု ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်းပင် ထိုကမ္ဘာ၏ဟင်းလင်းပြင်အတွင်းရှိ စွမ်းအားထက်ဝက်ကျော်ကို စုပ်ယူပစ်လိုက်၏။ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ပြန်လည် ခုခံရန် ကြိုးစားသော်လည်း စက္ကန့်အနည်းငယ်မျှသာတုန့်ဆိုင်းခဲ့ပြီး ရပ်တန့်သွားခြင်းမရှိခဲ့ပေ။

နောက်ဆုံးတွင်မူ ထိုဝဲဂယက်များသည် မျှော်စင်အတွင်းရှိ သက်ရှိစွမ်းအားများကို လုံးဝ ဥဿုံ ကုန်ခမ်းသွားရန် အလိုမရှိသကဲ့သို့ အလိုအလျောက် ပျောက်ကွယ်သွားလေသည်။ ဝဲဂယက်များ ပျောက်ကွယ်သွားပြီးနောက်တွင် ကောင်းကင်ဝါးမြိုသားရဲ၏ ရှေ့မှောက်၌ စူးရှတောက်ပလှသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အဆုံးမဲ့သော အလင်း။

အကန့်အသတ်မဲ့ အလင်း။

ထိုအလင်းသည် မျှော်စင်ကို ထိုးဖောက်ကာ ကောင်းကင်ဘုံကိုးထပ်သို့ပင် ဖြာထွက်သွား၏။

ငရဲမဟာကမ္ဘာ၏ အတားအဆီးများသည်ဖောက်ထွင်းမြင်ရသကဲ့သို့ ဖြစ်သွားပြီး ခဏတာမျှအတွင်း၌ ပိုင်ရွှီနယ်မြေ၏ အပြင်ဘက်၊ ငရဲမဟာကမ္ဘာနှင့် အဝေးကြီးတွင် တည်ရှိနေကြသော မတူညီသော မဟာကမ္ဘာကြီးများ၏ ပုံသဏ္ဌာန်များကိုပင် မြင်တွေ့လိုက်ရလေသည်။ အကန့်အသတ်မဲ့အလင်းတန်းသည် ကမ္ဘာ့အတားအဆီးများကို ကျော်လွန်ကာ ပိုင်ရွှီနယ်မြေ၏ ဖုံးကွယ်မှုများကိုပါ ထိုးဖောက်သွားပြီး ကမ္ဘာလောကအားလုံး၏ ပုံရိပ်များကို ထင်ရှားပေါ်လွင်စေခဲ့သည်။ အလင်းတန်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါတွင် ရုတ်တရက် ပြန်လည် စုစည်းသွားသည်။ ထို့နောက် အဆက်မပြတ် ကျုံ့ဝင်သွားပြီးနောက်တွင် လူသားတစ်ဦးအဖြစ်သို့ ဖွဲ့စည်းသွားလေသည်။

ထိုခန္ဓာကိုယ်သည် အဖိုးတန် ကျောက်စိမ်းဖြူကဲ့သို့ ချောမွတ်နေကာ ခန္ဓာကိုယ်အနှံ့အပြား၌ မည်သည့် အပြစ်အနာအဆာမျှမရှိဘဲ အလွန် ပြည့်စုံလွန်းလှပေသည်။ ထိုလူသားသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ကာ လက်တစ်ချက် ဝေ့ယမ်းလိုက်လျှင် အဖြူရောင် ဝတ်ရုံတစ်ထည် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

"ဟားဟားဟား"

"ဒီ ရွှေပုစဉ်း အခွံလဲခြင်းနည်းစနစ်က တကယ်ကို အသုံးဝင်တာပဲ"

"သေခြင်းတရားကို ရင်ဆိုင်ခြင်းဖြင့်သာရှင်သန်ခြင်းကို ရရှိမှာလို့ဆိုတဲ့အတိုင်းအကျိုးကျေးဇူးတွေ အများကြီး ရလိုက်တယ်"

"ခန္ဓာကိုယ်ထဲက ကျိန်စာကို လွှဲပြောင်းပေးနိုင်ရုံတင် မကဘူး..."

"ဒီနှစ်တွေအတွင်းမှာ ငါစုပ်ယူခဲ့တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ၊ ထူးဆန်းတဲ့ စွမ်းအင်တွေနဲ့ အကြွင်းအကျန် စွမ်းအားတွေအားလုံးကို လုံးဝ တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့ပြီ..."

"အရင်က ခန္ဓာကိုယ်က သန်မာပေမယ့် မသန့်စင်မှုတွေ များလွန်းတယ်... အခုတစ်ကြိမ် ခန္ဓာကိုယ်ကို အသစ်ပြန်လည် တည်ဆောက်တဲ့နေရာမှာ မျှော်စင်ရဲ့ စွမ်းအားတွေကို စုပ်ယူလိုက်ရုံတင်မကဘဲ ဘေးဆိုးထဲကနေ ကံကောင်းခြင်းတွေကို ရယူနိုင်ခဲ့တယ်... မသန့်စင်မှုတွေနဲ့ ကျိန်စာကို ဖယ်ရှားပြီး အပြစ်အနာအဆာကင်းတဲ့ ခန္ဓာကိုယ်ကို ရလိုက်တာပဲ..."

"ဒီခန္ဓာကိုယ်ကို ကောင်းကင်တာအိုတောင်မှ မထိန်းချုပ်နိုင်တော့ဘူးဆိုတော့ ငါတစ်ယောက်ထဲအတွက်ဖြစ်တည်လာတဲ့ အနှိုင်းမဲ့ ခန္ဓာကိုယ်ပဲ..."

"အင်း...ဒီခန္ဓာကိုယ်ကို...ကောင်းကင်တာအိုခန္ဓာ လို့ခေါ်တာပေါ့"

ရုတ်တရက် ပေါ်ထွက်လာသော လူသားသည် ကျုံးရှန်ဖြစ်နေ၏။

ယခုအခါ ကျုံးရှန်သည် သူ့ကို နှစ်ပေါင်း တစ်သန်းတိုင်တိုင် ချုပ်နှောင်ထားသော ကျိန်စာဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားပစ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေလေသည်။ နှစ်ပေါင်းများစွာအတွင်း သူစုပ်ယူခဲ့သော စွမ်းအားများ၊ စားသုံးခဲ့သော ရတနာများနှင့် ဆေးဝါးများ၊ သင်ယူခဲ့သော နတ်ဘုရားနည်းစနစ်များမှ စွမ်းအားများအားလုံးသည် ယခုအခါတွင် သူ၏ခန္ဓာကိုယ်အသစ်နှင့် အပြည့်အဝ တစ်သားတည်း ပေါင်းစည်းသွားလေသည်။ယင်းသည် ကျုံးရှန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အဆပေါင်း ရာနှင့်ချီ၍ တိုးတက်သွားစေခဲ့ကာ အကန့်အသတ်ကို ကျော်လွန်သွားခြင်းပင်ဖြစ်သည်။

အဆင့်အတန်းအရ မဟာကမ္ဘာတစ်ခု၏ ကောင်းကင်တာအိုသည်ပင်လျှင် ကျုံးရှန်၏ခန္ဓာကိုယ်နှင့် နှိုင်းယှဥ်ပါက နိမ့်ကျသွားမည်ဖြစ်ပြီး မည်သည့်အဆင့်သို့ရောက်ရှိနေသည်ကိုပင် ခန့်မှန်းနိုင်စွမ်း မရှိတော့ပေ။ ကျုံးရှန်သည် ယခုအခါတွင် မိမိကိုယ်ကိုကာကွယ်ရန်အတွက်မည်သည့် ရတနာကိုမျှ အသုံးပြုရန် မလိုအပ်ချေ။ လွတ်မြောက်ခြင်းအဆင့်ရှိ ရတနာများနှင့် ထိုအဆင့်ရှိအားကောင်းသူများသာ သူ့ကို အနည်းငယ် ထိခိုက်အောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

သူ့ကို သတ်ဖြတ်ရန်ကြိုးစားခြင်းသည် အိပ်မက်မက်ခြင်းသာဖြစ်ပေလိမ့်မည်။ သူ၏ခန္ဓာကိုယ်စွမ်းအားကို အသုံးပြုရုံဖြင့်ပင် မဟာကမ္ဘာတစ်ခုလုံးကို ဖိနှိပ်နိုင်သည့် ပြိုင်ဘက်ကင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူ၏ကျိန်စာသည် ကောင်းကင်ဝါးမြိုခြင်းသားရဲထံသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် သူသည် အချိန်မရွေး သူတော်စင်အဆင့်တက်နိုင်ပြီ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာလာသည်နှင့်အညီ ပိုမိုမြင့်မားသော အဆင့်သို့တက်လှမ်းနိုင်ရန်အတွက် လိုအပ်သော စွမ်းအင်ပမာဏသည် သာမန် သူတော်စင်အဆင့်ရှိသူများထက် အဆပေါင်းများစွာသန်းချီများပြားလှသည်။ ထိုသို့အဆင့်တက်လှမ်းခြင်းမပြုလုပ်မီ ကောင်းကင်ဝါးမြိုသားရဲကို အရင်ဆုံး နှိမ်နင်းရန် လိုအပ်ပေသည်။

ကျုံးရှန်သည် အေးဆေးတည်ငြိမ်သော အပြုံးတစ်ခုကို ပြုံးလိုက်ကာ လက်ဖျောက်တစ်ချက် တီးလိုက်သည်။ ထိုအခါ ကောင်းကင်ဝါးမြိုသားရဲသည် သူ၏ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိ တော့ဘဲ ကျုံးရှန်ထံသို့ အလိုအလျောက်ပျံသန်းလာသည်။

ကျုံးရှန်သည် ဟင်းလင်းပြင်ထဲ၌ ဆန်းကြယ်သော စာလုံးအချို့ကို ရေးဆွဲလိုက်ကာ ကောင်းကင်ဝါးမြိုသားရဲ၏ ခန္ဓာကိုယ်အတွင်းသို့ ရိုက်သွင်းလိုက်၏။

ထိုအခါ ကောင်းကင်ဝါးမြိုသားရဲသည် တောင့်တင်းသွားကာ သူ၏ ခန္ဓာကိုယ်အရောင်မှာလည်း ကျောက်ရုပ်ထုကဲ့သို့ မီးခိုးရောင်သို့ ပြန်လည် ပြောင်းလဲသွားသည်။ ရင်ဘတ်နေရာရှိ မီးခိုးရောင်ဖရိုဖရဲစွမ်းအင်များသည် အပြင်သို့ ထွက်ရန် အဆက်မပြတ် ကြိုးစားနေသော်လည်း ရုပ်ထုခန္ဓာကိုယ်သည် ကျုံးရှန်၏ လက်ချက်ဖြင့် ခိုင်မာလှသော လှောင်အိမ်တစ်ခု ဖြစ်သွားလေသည်။

ထို့နောက်တွင် ကျုံးရှန်သည် လက်ကို ဝေ့ယမ်းကာ ထိုရုပ်ထုကို သိမ်းဆည်းလိုက်၏။အနာဂတ်တွင်မှ တစ်နေရာရာ၌ အသုံးချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

Thank For Reading.

All Chapters