အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
🫧 Chapter 51
"ငါ အလုပ်သွားပြီ၊ မင်းကတော့ အိမ်မှာ သေသေချာချာ စာလုပ်နေ၊ စာမပြီးမချင်း အပြင်ထွက်မဆော့ရဘူးနော်"
"ဟုတ်ကဲ့ပါ မေမေ စိတ်သာချ၊ တာဝန်ကျေအောင် လုပ်ထားလိုက်မယ်"
တံခါးမကြီး ‘ဂုန်း’ ခနဲ မြည်အောင် ပိတ်သွားသည့်အသံနှင့်အတူ... ကျန်းဇီဟန်၏ ဖြောင့်တန်းနေသော ကျောပြင်လေးမှာ ချက်ချင်းပင် ခွေကျသွားတော့သည်။
နွေရာသီကျောင်းပိတ်ရက်မှာ ကောင်းကောင်းကစားရတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ မနက် ၇ နာရီမှာပင် မေမေက အတင်းနှိုး၍ အိမ်စာလုပ်ခိုင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ငါးမျက်နှာပဲဟာ၊ ဒါက ဘာခက်လို့လဲ"
သူက ရှေ့ရှိ ပဉ္စမတန်း နွေရာသီအိမ်စာစာအုပ်ကို ကြည့်ကာ ဘောပင်ကို ကောက်ကိုင်လိုက်သည်။
အရင်ဆုံး နာမည်ရေးပြီး ပထမစာမျက်နှာကို လှန်လိုက်၏။
"အောက်ပါ စကားလုံးများ၏ အဓိပ္ပာယ်တူစကားလုံးများကို ရေးပါ..."
ထို့နောက်သူက ပုစ္ဆာများကို ကြည့်ရင်း ပါးစပ်ဟကာ သမ်းဝေလိုက်သည်။
"ယဉ်ကျေးသိမ်မွေ့ခြင်းရဲ့ အဓိပ္ပာယ်တူက... နှိမ့်ချခြင်း ထင်တယ်"
သူ စာလုံးနှစ်လုံးကို ခပ်သွက်သွက် ရေးလိုက်သည့်အချိန်မှာပင် ရုတ်တရက် စိတ်များနိုးကြားသွား၏။
သူ ယခုပင် ဆီးသွားချင်လာပြီ ဖြစ်သည်။
"..."
အိမ်သာတက်ပြီး ပြန်လာသောအခါ ကျန်းဇီဟန်သည် စာရေးခုံဘေးရှိ ကုတင်ကြီးကို တစ်လှည့်၊ အိမ်စာစာအုပ်ကို တစ်လှည့် ကြည့်လိုက်ပြီးနောက်... ကုတင်ကြီး၏ရင်ခွင်ထဲသို့သာ ခုန်ဝင်ရန် ရွေးချယ်လိုက်တော့သည်။
သူ အရင်ဆုံး တစ်ရေးလောက် မှေးလိုက်ဦးမည်၊ စိတ်ကြည် လင်လာမှ အိမ်စာလုပ်ခြင်းက ပိုထိရောက်မှု ရှိလိမ့်မည်။
မဟုတ်လျှင် အလုပ်မတွင်သည့်အပြင် အမှားလည်း ပါသွားနိုင်သည်။
အမှန်ရနှုန်း သေချာစေရန် သူ ခေတ္တအိပ်စက်ရပါမည်။
ထိုအရာက ရှောင်လွှဲမရနိုင်သော အခြေအနေဖြစ်သည်မဟုတ်ပါလော။
ထိုသို့တွေးကာ ခေါင်းအုံးကို ဖက်ပြီး မျက်လုံးမှိတ်လိုက်၏။
တစ်ဝက်တစ်ပျက် အိပ်မောကျနေစဉ်မှာပင် နားထဲ၌ တိုးတိုး တိတ်တိတ် ရွတ်ဆိုနေသော စာဖတ်သံများကို ခပ်ရေးရေး ကြားလိုက်ရသည်။
"လမ်းမပေါ်မှာ မိုးတွေကရွာနေပြီး ထိုမိုးတွေက ထောပတ်လို ချောမွေ့နေတယ် ဟိုအဝေးက မြက်ခင်းလေးတွေကို အဝေးကြကြည့်ရင်မြင်ရပေမယ့် နီးသွားရင်တော့ ပျောက်ကွယ်သွားတယ်"
"လှေငယ်တစ်စင်းပေါ်မှာ ကောက်ရိုးမိုးကာ ကောက်ရိုးဦးထုပ်နဲ့ အထီးကျန်နေတဲ့လူတစ်ယောက် သူ့လက်ထဲမှာ ငါးမျှားကြိုးတစ်လံ နဲ့ ငါးမျှားချိတ်ကတစ်လက်မရှိတယ်... "
"...နေနဲ့လရဲ့ သွားလာမှုတွေဟာ သဘာဝအတိုင်း ထွက်ပေါ် လာသလို၊ ကြယ်တာရာတွေ လင်းလက်နေတာဟာလည်း သူတို့ကိုယ်သူတို့ တောက်ပအောင်လုပ်နေသလိုပဲ..."
"..."
ကျန်းဇီဟန်က စိတ်တိုတိုနှင့် နားကို အုပ်လိုက်သည်။
ဤအသံက တစ်ခုပြီးတစ်ခု မပြီးနိုင်မစီးနိုင် ထွက်ပေါ်နေသည်မှာ မန္တန်ရွတ်နေသကဲ့သို့ပင်။
ပိုကြောက်စရာကောင်းသည်မှာ သူ့ခေါင်းထဲ၌ ထိုကဗျာများ၏ နောက်ဆက်တွဲစာသားများက အလိုအလျောက် ပေါ်လာနေခြင်းဖြစ်၏။
ထို့ကြောင့် သူပါ လိုက်၍ ကဗျာများ အလွတ်ရွတ်နေမိသည်။
ထို့ကြောင့် ဦးနှောက်က ပိုပိုပြီးကြည်လင်လာသည်။
' ဒါဆို ဘယ်လိုလုပ် အိပ်လို့ရတော့မှာလဲ'
ကျန်းဇီဟန်က ဝုန်းခနဲ ထထိုင်လိုက်ပြီး ဆဲဆိုရန် ပြင်လိုက်သည်။
ဘယ်ကောင်ကများ မနက်စောစောစီးစီး စာဖတ်နေသလဲဆိုသည်ကိုလည်း ကြည့်ချင်သေးသည်။
' ဒါက နွေရာသီကျောင်းပိတ်ရက်ဆိုတာ မသိဘူးလား'
' နေခင်းအိပ်တာလေးတောင် အေးအေးဆေးဆေး မအိပ်ရတော့ဘူးလား'
ထထိုင်လိုက်ပြီးမှ သူ ရုတ်တရက် သတိဝင်လာတော့သည်။
' မဟုတ်သေးဘူး'
' အဖေနှင့် အမေက အလုပ်သွားကြပြီ'
'အိမ်မှာ သူတစ်ယောက်တည်းရှိနေတာ ဒါဆိုရင်... ဘယ်သူက စာဖတ်နေတာလဲ'
"ကဗျာကောင်းပဲ ကဗျာကောင်းပဲ ဒါတွေအားလုံးက တွေ့ရခဲတဲ့ ကဗျာကောင်းတွေပဲ"
ခဏအကြာတွင် ထိုအသံက ထပ်မံထွက်ပေါ်လာပြန်ကာ ချီးကျူးစကားများ တရစပ် ပြောနေသည်။
ကျန်းဇီဟန် လှမ်းကြည့်လိုက်သောအခါ ခေါင်းတွင် ဦးထုပ် ဆောင်းကာ ကိုယ်ပေါ်၌ အင်္ကျီလက်ရှည် အပြာရောင် ဝတ်ဆင်ထားသည့် ပညာရှိစာဆိုပုံစံ လူတစ်ယောက် စာရေးခုံရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူက သူ၏ တရုတ်ဘာသာစကား စာအုပ်ကို ကိုင်ကာ ခေါင်းလေးတငြိမ့်ငြိမ့်နှင့် အရသာခံ ဖတ်နေခြင်း ဖြစ်သည်။
ထိုအခါ ကျန်းဇီဟန်က ကြောက်လန့်တကြားနှင့် နောက်ကနံရံသို့ ကပ်လိုက်ကာ မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်မိသည်။
"ခင်ဗျား ဘယ်သူလဲ ဘာလို့ ကျွန်တော့်စာအုပ်ကို ယူထားတာလဲ"
ထိုစာဆိုက ကြားသွားသောအခါ လှည့်ကြည့်လာသည်။
ထို့နောက်စာအုပ်ကို ပြန်ချလိုက်ပြီး သူ့ကို လက်အုပ်ချီကာ ပြောလိုက်သည်
"ကျွန်ုပ်ရဲ့ ရုတ်တရက် ဆောင်ရွက်မှုအတွက် ခွင့်လွှတ်ပါ လူငယ်လေး"
ပြောပြီးသည်နှင့် မီးခိုးငွေ့တစ်စအဖြစ် ပြောင်းလဲသွားကာ အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
"..."
"သရဲ... သရဲပဲ"
ကျန်းဇီဟန်၏ နှုတ်ခမ်းများ တုန်ရင်နေကာ အိပ်ခန်းထဲမှ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ဖြင့် ကုတ်ကပ်ပြေးထွက်လာခဲ့သည်။
"သရဲကြီးဗျိုးးးးး"
သူက တုန်တုန်ရင်ရင်ဖြင့် အိပ်ခန်းတံခါးကိုအပြင်မှ သော့ခတ်လိုက်ပြီးနောက် အိမ်ဖုန်းကို ကောက်ကိုင်ကာ မေမေ့ဆီ ဖုန်းဆက်လိုက်သည်။
"မေမေ မေမေ အိမ်မှာ သရဲရှိတယ် သားကို မြန်မြန်လာကယ်ပါဦး"
"ဘာသရဲလဲ ငါကြည့်ရတာတော့ နင့်ကိုယ်ပေါ်မှာ အပျင်းသရဲ ကပ်နေတာ ဖြစ်မယ် သရဲရှိလည်း အိမ်စာကို အပြီးလုပ်ရမယ်"
ဖုန်းထဲမှ တစ်ခွန်းထဲအော်ပြောပြီးနောက် ဖုန်းကျသွားတော့သည်။
ဖုန်းထဲမှ 'တူ... တူ...' မြည်သံကို နားထောင်ရင်း ကျန်းဇီဟန်သည် ၎င်းမှာ ဝဋ်လည်ခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။
သူအမေကို အမြဲတမ်း လိမ်ညာ၍ အိမ်စာမလုပ်ခဲ့သော ဝဋ်ပင်။
ထို့နောက်သူက ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်ပြီး လက်ထဲတွင် တုတ်တစ်ချောင်းကို ကိုင်ထားကာ အိပ်ခန်းတံခါးကို ကြောက်လန့်တကြား ကြည့်နေပြီး ရင်ဘတ်ထဲတွင်လည်း နှလုံးက တဒိတ်ဒိတ် ခုန်နေတော့သည်။
'ဘာလို့လဲ... ဘာလို့ သေပြီးသားသူတွေကတောင် စာဖတ်နေကြသေးတာလဲ ဘယ်သူက ဒီကောင်လေးကို ကယ်တင်ပေးကြမှာလဲ'
...
တစ္ဆေပွဲတော် နီးကပ်လာသည်နှင့်အမျှ လူအများအပြားမှာ ဝိညာဉ်ရိပ်များကို မြင်တွေ့လာရသည်။
တချို့လူများက သန်းခေါင်ယံ အိပ်ရာကထ၍ မှန်ရှေ့မှ ဖြတ်သွားသည့်အခါ မှန်ထဲ၌ တစ်ခုခု ဖြတ်ခနဲ ပေါ်သွားသည်ကို တွေ့လိုက်ရသည်။
ပြန်ကြည့်ပြန်တော့လည်း ဘာမှမရှိ။
မှန်ထဲ၌ အရင်ကအတိုင်း ကြည့်ကောင်းသော မိမိကိုယ်ကိုသာ ရှိနေသည်။
"မျက်စိမှားတာလား"
ကျိုးဝူက အိမ်မှာ သရဲရှိ၊ မရှိ စမ်းသပ်နည်းဆိုသည်ကို သတိရသွားကာ စမ်းကြည့်ရန် ပြင်လိုက်သည်။
သူက မှန်ရှေ့ရပ်၍ လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်လိုက်ပြီးနောက် "ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ" ဆော့တော့သည်။
သူ သုံးကြိမ်ဆက်တိုက် လုပ်သော်လည်း အကြိမ်တိုင်း "စက္ကူ" သာ ထွက်သည်။
မှန်ထဲမှ ပုံရိပ်ကလည်း "စက္ကူ" သာ ထုတ်ပြသည်။
ထိုသည်ကိုမြင်သောအခါမှ ကျိုးဝူ သက်ပြင်းချနိုင်သွား၏။
အိမ်သာ ဆက်သွားရန် ပြင်လိုက်ချိန်မှာပင် မှန်ထဲက ပုံရိပ်က ရုတ်တရက် လှုပ်ခါသွားသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် မှန်ထဲမှ "စက္ကူ" ပုံစံလက်က ဖြည်း ဖြည်းချင်း "ကတ်ကြေး" အဖြစ် ပြောင်းလဲသွားတော့သည်။
"..."
ထို့နောက်ကျိုးဝူ မျက်လုံးအပြူးသား ဖြစ်သွားကာ မိမိ၏ စက္ကူထုတ်ထားသောလက်နှင့် မှန်ထဲမှ ကတ်ကြေးထုတ်ထားသော ပုံရိပ်ကို ကြည့်ကာ... ရုတ်တရက် မျက်ဖြူလန်ပြီး မေ့လဲကျသွားပါတော့သည်။
...
"ဘိုးဘွားရှာပုံတော်" ဖိုရမ်ထဲ၌လည်း ပို့စ်များ တက်လာကြသည်။
တချို့က ညဘက်ဝရန်တာ၌ လေညင်းခံနေစဉ် နတ်မြေခွေးကို မြင်ခဲ့သည်ဟု ဆိုကြသည်။
ထိုသူမှာ အလုပ်များနေသဖြင့် ဝရန်တာ၌ ဆေးလိပ်သောက်ရင်း လေညင်းခံနေခြင်း ဖြစ်သည်။
ဘဝအကြောင်းနှင့် အတွေးအခေါ်များကို စဉ်းစားရင်း ၄၅ ဒီဂရီစောင်းကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။
မူလက နည်းနည်း ဝမ်းနည်းသလိုလို ဖြစ်နေသော်လည်း လှမ်းကြည့်လိုက်မိသည့်အခါ ဝမ်းနည်းမှုများ အကုန်ပျောက်သွားတော့သည်။
ကောင်းကင်ယံ၌ လရောင်အောက် ဖြတ်သန်းသွားသော ဝေါယာဉ်တစ်စင်းကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
' ထိုဝေါယာဉ်ကို ထမ်းထားသည်မှာ ချွန်ထက်သော နားရွက်နှင့် အမွှေးပွပွ အမြီးကြီးများရှိသော မြေခွေးတွေတဲ့လား'
'မြေခွေး လေးကောင်က မတ်တပ်ရပ်ကာ ဝေါယာဉ်၏ ထောင့်လေးထောင့်ကို ထမ်း၍ ကောင်းကင်တွင် ခုန်ပျံနေကြခြင်း ဖြစ်သည်'
'တစ်ချက်ခုန်တိုင်း အဝေးကြီးသို့ ရောက်ရှိသွားပြီး ညလေညင်း တိုက်ခတ်လိုက်သောအခါ ဝေါယာဉ်လိုက်ကာလေး လွင့်တက်သွားပြီး ဝေါယာဉ်ထဲတွင် ထိုင်နေသော သွယ်လျသည့် ပုံရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရတော့သည်'
သူ သတိပြန်ဝင်လာပြီး ဓာတ်ပုံရိုက်ရန် ပြင်လိုက်ချိန်၌ ထိုမြေခွေးများမှာ ဝေါယာဉ်နှင့်အတူ တိမ်တိုက်များထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
...
"ဘိုးဘွားရှာပုံတော်" ဖိုရမ်ထဲ၌ ဤကဲ့သို့ ပို့စ်များ အများအပြား ရှိနေသည်။
လူသူကင်းမဲ့သောလမ်း၌ တစ်ယောက်တည်း လျှောက်နေသော်လည်း ဘေးတွင် လူများစကားပြောနေသလို ကြားရခြင်း၊ နိုးလာသောအခါ ဖိနပ်က မူလနေရာတွင် မရှိတော့ခြင်း စသည်တို့ ဖြစ်သည်။
တချို့ကလည်း ညဘက်၌ လက်ငါးချောင်းနတ်သမီးက လူယောင်ဆောင်၍ တစ်ညလုံး ချက်ပြုတ်ပေးသည်ဟု အိပ် မက်မက်ကြောင်း (T/L : note အဟမ်း အဟမ်း သိကြမှာပါ) နောက်ပိုင်းတွင်လည်း ထပ်လာဦးမည်ဟုဆိုကြောင်း ရေးသားထားသည်။
ပို့စ်အောက်တွင် ချက်ချင်းပင် မှတ်ချက်များ တက်လာသည်။
[ညီအစ်ကိုရေ... ကိုယ့်ကံကြမ္မာကိုယ်ပဲ ဆုတောင်းပေတော့ ]
[ဟား... အတည်ကြီးလား၊ မိတ်ဆက်ပေးပါဦးလား]
[ညီအစ်ကို မင်းအတွက် ကျောက်ကပ်အားဆေးတွေ လိုနေပြီထင်တယ်]
ထိုပို့စ်များအပြင် လူအများအပြားက ဘိုးဘွားဝိညာဉ်များ တစ္ဆေပွဲတော်ကို မည်သို့ ဖြတ်သန်းကြမည်နည်းဟု ဆွေးနွေးနေကြသည်။
'ပန်းပွင့်အင်္ကျီများ၊ ဝတ်စုံကြီးများဝတ်ဆင်ကာ ဘယ်သူ့ကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့် လမ်းလျှောက်နေကြမလား'
ထိုပုံရိပ်ကို တွေးကြည့်ရုံနှင့်ပင် ရယ်ချင်စိတ်ကို အောင့်မထားနိုင်ကြတော့ပေ။
...
ကြည့်ရှုသူများ၏ အမျိုးမျိုးသော ဆွေးနွေးခန့်မှန်းမှုများကြားမှာပင် နောက်ဆုံးတွင် တစ္ဆေပွဲတော်သို့ ရောက်ရှိလာပါပြီ။
သန်းခေါင်ယံ ၁၂ နာရီထိုးရန် တစ်နာရီသာ လိုတော့သော် လည်း Live လွှင့်ခန်းထဲသို့ စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်သော ကြည့်ရှုသူများ အလုံးအရင်းနှင့် ဝင်ရောက်လာကြသည်။
မှောင်မိုက်သောညထဲ၌ လူတိုင်းက လက်နှစ်ဖက်ဖြင့် ဖုန်းကိုကိုင်ကာ စိတ်လှုပ်ရှားမှုဟော်မုန်း များ တက်နေကြသည်။
သူတို့သည် အိပ်ရန်မှာ လုံးဝမဖြစ်နိုင်ချေ။
ညဘက် ဈေးမပတ်လျှင် နေမည်၊ သို့သော် Host ၏ Live ကိုမူ လုံးဝ လက်လွတ်မခံနိုင်ပေ။
[ထိုင်ခုံလေးတွေ ပြင်ထားပြီ၊ နေကြာစေ့ စားချင်သူတွေ ဒီမှာ လာစုကြ]
[နာမည်ကြီးလို့ လာကြည့်တာ၊ မြေအောက်ကမ္ဘာက ပွဲတော်ကို ဘယ်လို ဖြတ်သန်းမလဲဆိုတာ ကြည့်ရအောင်]
[အမှန်အတိုင်း ပြောရရင် ဘိုးဘွားတွေ ပန်းပွင့်အင်္ကျီတွေဝတ်ပြီး လမ်းပေါ်မှာ လျှောက်သွားနေတာကို မြင်ရမလားလို့ လာစောင့်ကြည့်တာ ]
[နတ်ပန်းချီဆရာ အသင့်ရှိနေပြီ၊ အချိန်မရွေး ပုံဆွဲဖို့ ပြင်ထားတယ်]
[နို့သကြားလုံးလေး က Host ကို လေယာဉ်တစ်စင်း လက်ဆောင်ပေးလိုက်ပါပြီ]
ကြည့်ရှုသူများ၏ မျှော်လင့်တကြီး စောင့်စားနေသည့် မျက်ဝန်းများအောက်တွင် သန်းခေါင်ယံအချိန် ရောက်ရန် မိနစ် ၃၀ အလိုမှာပင် Live စတင်လိုက်သည်။
မြင်ကွင်းထဲ၌ ပေါ်လာသည်မှာ စနစ်တကျ တန်းစီထားသော ဝိညာဉ်တမန်တော်များပင် ဖြစ်တော့သည်.....
🫧 Chapter 52
မြင်ကွင်းထဲတွင် ပေါ်လာသည်မှာ စနစ်တကျ တန်းစီထားသော ဝိညာဉ်တမန်တော်များပင်။
ဤဝိညာဉ်တမန်တော်များမှာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြပြီး ကျယ်ဝန်းသော ခန်းမကြီးတစ်ခု၏ အလယ်တွင် ရပ်နေကြသည်။
တစ်ယောက်ချင်းစီမှာ တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် ရှိနေကြ၏။
ကြည့်ရှုသူများမှာ ဤမျှများပြားသော ဝိညာဉ်တမန်တော် များ စုဝေးနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ လန့်ဖျန့်သွားကြသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် Host ဘယ်နားရောက်နေသလဲဆိုသည်ကို ရှာမတွေ့နိုင်တော့ပေ။
[ဝေဖန်ချက် : ငါတော့ တခြားနေရာမှားရောက်လာပြီလို့တောင် ထင်မိတယ်]
[ပါးစပ်ထဲက အစေ့တောင် လွင့်ထွက်ကုန်ပြီ၊ Host က သူ့ကိုယ် သူ ကလုန်းပွားထားတာလားလို့တောင် ထင်ရတယ်]
[အပေါ်ကလူရေ... အတူတူပါပဲ၊ အခုထိ Host ကို ရှာမတွေ့သေးဘူး၊ မျက်စိတွေတောင် ပြာလာပြီ]
[မျက်မှန်လိုတဲ့ ညီအစ်ကိုတွေ ဒီမှာ လာစုကြ]
[ဒါက သွားချတော့မှာလား! ကြည့်ရတာ တကယ်ကို တည်ကြည်လွန်းတယ်]
[Loli လေးကို တွေ့ပြီ၊ အား... တည်တည်တံ့တံ့ မျက်နှာပေးလေးနဲ့တောင် ချစ်ဖို့ကောင်းနေတုန်းပဲ]
ဝိညာဉ်တမန်တော် အားလုံး၏ရှေ့ဆုံးတွင် သေးငယ်သော ပုံရိပ်လေးတစ်ခု ရပ်နေသည်။
ဆံပင်ကို နှစ်ဖက်ခွဲစည်းထားပြီး နတ်သမီးလေးကဲ့သို့ လှပချောမောကာ ခေါင်းပေါ်တွင် အနီရောင် ဦးချိုလေးနှစ်ခုရှိနေသည်။
ယန်လော် သည် လေထဲတွင် ရပ်တန့်နေပြီး သူမ မျက်လုံးများက ဝိညာဉ်တမန်တော်များစွာကို ဝေ့ဝဲကြည့်ရှုလိုက်၏။
သူမ အသံမှာ ခန်းမကြီးတစ်ခုလုံးကို ဟိန်းထွက်သွားကာ အလိုအလျောက်ပင် အရှိန်အဝါ တစ်ခုကို ခံစားရစေသည်။
"ဒီနေ့ဟာ ထူးခြားတဲ့နေ့တစ်နေ့ပဲ၊ မင်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းထိန်းသိမ်းကြဖို့ ငါ မျှော်လင့်တယ်"
"ဒါပေမဲ့ စည်းကမ်းမဲ့တာမျိုး ဒါမှမဟုတ် ကံစမ်းချင်တဲ့ စိတ်ဓာတ်မျိုး ရှိနေတဲ့သူဆိုရင်တော့..."
ယန်လော် မျက်မှောင်ကို အနည်းငယ် ကြုတ်ကြည့်လိုက်ကာ "တန်းပြီး ရိုက်မိန့်ပေးမယ်၊ ပြီးရင် ဂုန်နှအိတ်နဲ့ ထည့်ပြီး ပြန်သယ်ခဲ့ကြ"
"ဒီနေ့က ပုံမှန်ရက်တွေနဲ့ မတူဘူး၊ အများကြီး ထည့်တွက်မနေနဲ့ မင်းတို့တွေ ဒီထက် ပိုရက်စက်ပြလို့ ရတယ်"
သူမက လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ထိုလက်သီးပေါ်တွင် ထူထပ်သော ဝိညာဉ်အငွေ့အသက် (ယင်ချီ) များက တောက်လောင်နေသော မီးလျှံကဲ့သို့ စုစည်းလာသည်။
"ငါတို့ လိုချင်တာက အရှိန်အဝါနဲ့ ခြောက်လှန့်ဖို့ပဲ"
"ဒါမှသာ အဲ့ဒီကောင်တွေရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ စိတ်တွေကို ဖိနှိပ်ထားနိုင်မှာ၊ ဒါမှ သူတို့တွေ မြန်မြန်ဆန်ဆန် ငြိမ်ဝပ်သွားမှာ"
တစ္ဆေပွဲတော် နီးကပ်လာတိုင်း ယင်ချီများက အဆမတန် တိုးပွားလာလေ့ရှိသည်။
ထိုအခါ ဝိညာဉ်တစ္ဆေများမှာ အလွန်အမင်း မငြိမ်မသက်ဖြစ်လာပြီး ရူးသွပ်လာကြသည်။
ထိုအချိန်မျိုးတွင် ဝိညာဉ်တမန်တော်များ၏ တာဝန်မှာ အုပ်စုလိုက် လမ်းလျှောက်ကင်းလှည့်ရန် ဖြစ်သည်။
ပထမအချက်မှာ ဝိညာဉ်များ မကောင်းမှုမပြုရန် တားဆီးရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ငရဲပြည်၏ အင်အားကို ပြသရန်ဖြစ်သည်။
အကယ်၍ တစ္ဆေပွဲတော် ရောက်လာသောကြောင့် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်သော ဝိညာဉ်များ ရှိခဲ့လျှင် ဝိညာဉ်တမန်တော် များ၏ အင်အားကို နှင့်ငရဲပြည်၏အင်အားကို ပြသလိုက်ရုံသာ။
မဟုတ်ပါက တစ္ဆေပွဲတော်အပြီး ကာလအတန်ကြာသည်အထိ ထိုဝိညာဉ်များကို ငြိမ်ဝပ်အောင် ထိန်းသိမ်းရန် ခက်ခဲလိမ့်မည်။
ဥပမာပေးရလျှင် လူ့လောက၏အားလပ်ရက်များကဲ့သို့ပင်။
အားလပ်ရက် မတိုင်ခင်ကတည်းက လူအများစု၏ စိတ်က လွင့်ပျံနေပြီး ပြန်ဆွဲခေါ်ရန် ခက်ခဲတတ်သလို၊ အားလပ်ရက် ပြီးသွားလျှင်လည်း စိတ်က ရုံးပြန်မရောက်နိုင်သေးသကဲ့သို့ ဖြစ်သည်။
တစ္ဆေပွဲတော်မှာလည်း ထိုနည်းအတိုင်းပင် အကယ်၍ ဝိညာဉ်များကို လွှတ်ပေးထားလိုက်လျှင် လူ့လောကကို အနှောင့်အယှက်ပေးရုံသာမက ငရဲပြည်၏ အလုပ်ပမာဏကိုလည်း အဆမတန် တိုးပွားစေမည်ဖြစ်သည်။
ထို့ကြောင့် ဤအခြေအနေကို ကြိုတင်ကာကွယ်ရန် ဝိညာဉ်တမန်တော် များမှာ ပိုတက်ကြွနေရန် လိုအပ်သည်။
ပိုရက်စက်ကြမ်းကြုတ်လျှင်ပင် အပြစ်မဆိုသာချေ။
"နားလည်ကြပြီလား"
ယန်လော် လက်ကို ဝေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"ဝိညာဉ်တမန်တော်များ... နားလည်ရင် ထွက်ခွာကြ"
"ဟုတ်ကဲ့"
ခန်းမကြီးအတွင်းရှိ ဝိညာဉ်တမန်တော် အားလုံး၏ ဟိန်းထွက်သံကြီးမှာ ပဲ့တင်ထပ်သွားကာ မြင်ကွင်းမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
[အား... ငါ ဘာလို့ ဒီလောက် ရင်ခုန်နေရတာလဲ]
[Loli လေးရေ... မင်းက ဒီလိုပုံစံမျိုးကိုး၊ ငါ တကယ်ကို... သဘောကျလွန်းလို့]
[သွားချမယ် ထွက်ခဲ့ကြဟေ့]
[လူ့လောက တစ်ရက်ခရီးစဉ် အဖွဲ့ကြီး ဖွင့်ပါပြီ၊ ဘယ်သူတွေ လိုက်ချင်သေးလဲ]
[အပေါ်ကလူက ဟာသလုပ်နေတာလား၊ ငါကတော့ အစေ့စားရင်း စောင့်ကြည့်နေတာ]
[တကယ်ပဲ... လူ့လောကကြီး အေးချမ်းနေတယ်ဆိုတာ... ဝိညာဉ်တွေက ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးပေးနေလို့ပါလား]
[တက်ကြဟေ့]
Live Room အတွင်းရှိ ကြည့်ရှုသူများမှာလည်း ဤအမိန့်သံနှင့်အတူ စိတ်လှုပ်ရှားမှုများ ပေါက်ကွဲလာကြသည်။
တစ္ဆေပွဲတော်နေ့တွင် ငရဲပြည်၏နေ့စဉ်ဘဝမှာ ဤကဲ့သို့ဖြစ်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
' သူတို့ အိမ်မှာ အေးအေးဆေးဆေး အိပ်နေချိန်မှာ ဝိညာဉ်တွေကတော့ အလုပ်စနေကြပြီ'
အေးချမ်းမှုဆိုသည်မှာ... ဘက်ပေါင်းစုံမှ အတူတကွကာကွယ်စောင့်ရှောက်မှုအောက်တွင် ပေါ်ပေါက်လာခြင်းသာ ဖြစ်သည်။
မှောက်နေသူ၊ လှဲနေသူ၊ ခြေထောက်ချိတ်ထိုင်နေသူအားလုံး ဝုန်းခနဲ ထထိုင်လိုက်ကြပြီး ဖုန်းမျက်နှာပြင်ကို တဒုန်းဒုန်း နှိပ်နေကြသည်။
မိမိတို့ကိုယ်တိုင်ပင် ထိုဝိညာဉ်တမန်တော်များထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး စစ်ထွက်တော့မည့်အတိုင်းပင်ဖြစ်နေကြ၏။
...
ကြည့်ရှုသူများ၏ မျှော်လင့်ချက်များ၊ ဝိညာဉ်တမန်တော် များ၏အသင့်ဖြစ်နေမှုများနှင့်အတူ...
ဒေါင် ဒေါင် ဒေါင် ....
သန်းခေါင်ယံ ၁၂ နာရီသို့ ရောက်ရှိလာခဲ့သည်။
' တစ္ဆေပွဲတော် စတင်ပါပြီ'
ထို့နောက် နက်နဲသော အင်းကွက်များ ထွင်းထုထားသည့် ငရဲတံခါးကြီး ဖြည်းညင်းစွာပွင့်လာတော့သည်။
ပြင်းထန်လှသော ယင်ချီများက ရူးသွပ်စွာ ထွက်ပေါ်လာကာ လူ့လောက၏ ရောင်စုံမီးရောင်များမှာ တံခါးအတွင်းသို့ ဖြာကျလာပြီး မြင့်မားသော အဆောက်အအုံများနှင့် လူ့လောက၏ စည်ကားမှုများမှာ တံခါး၏ အခြားတစ်ဖက်တွင် ပေါ်ထွက်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မရေမတွက်နိုင်သော ဝိညာဉ်များမှာ မျက်လုံးများ နီမြန်းလာကာ အလုအယက် တိုးဝှေ့ထွက်ခွာကြတော့သည်။
"တက်ကြဟေ့ ငါ ပထမဆုံး ထွက်မယ်"
"သွားပြီဟေ့ အပြင်မှာ သွားဆော့ရတော့မယ်"
"ငါ့ကို မတွန်းနဲ့၊ ဖယ်စမ်း"
"ဟဲ့ ဘယ်သူက ငါ့ခေါင်းကို တွန်းထုတ်လိုက်တာလဲ! မကန်နဲ့လေ"
"ဟီးဟီးဟီး... ငါ့ရဲ့ ၈၂ ခုနှစ်ထုတ် သွေးစွန်းဝတ်စုံကြီးက အစွမ်းပြဖို့ မစောင့်နိုင်တော့ဘူး"
"..."
ဝိညာဉ်အုပ်ကြီးမှာ နှစ်ပေါင်းတစ်သိန်းလောက် ပိတ်လှောင်ခံထားရသည့်အတိုင်း ရူးသွပ်စွာ အပြင်သို့ တိုးထွက်သွားကြသည်။
တစ်ခဏချင်းအတွင်း Live Room ထဲတွင် ဝိညာဉ်များ၏ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားကာ မျက်နှာပြင်တစ်ခုလုံးလည်း ဝိညာဉ်များဖြင့် ပိတ်သွားတော့သည်။
ဒါကို မြင်လိုက်ရသော ကြည့်ရှုသူများမှာ အလိုအလျောက်ပင် တုန်လှုပ်သွားကြသည်။
မိမိတို့ ဘေးပတ်ပတ်လည်မှာ အေးစိမ့်စိမ့်ဖြစ်လာသလို ခံစားနေရ၏။
ဤမျှများပြားသော ဝိညာဉ်များထွက်လာခြင်းမှာ တကယ်ပဲ အဆင်ပြေပါ့မလား...
သူတို့ ဘယ်လောက်တောင် အောင့်အည်းထားကြရသလဲ....
[...စပြီး ကြောက်စရာကောင်းလာပြီ၊ ငါ ဘာလို့ အိပ်မနေဘဲ ဒီ ငရဲ Live ကို တစ်ယောက်တည်း ကြည့်နေမိပါလိမ့်]
[အပေါ်ကလူရေ... မင်း တစ်ယောက်တည်း မဟုတ်ပါဘူး]
[ငါ့ အမေက မေးတယ်၊ ငါ ဘာလို့ ငိုလည်း ငို ရယ်လည်းရယ်နေရတာလဲတဲ့၊ ငိုတာက ကြောက်လို့၊ ရယ်တာက ဒီဝိညာဉ်တွေက ဆယ်နှစ်လောက် အသားမစားရတဲ့အတိုင်း ဖြစ်နေလို့...]
[အမှန်တရားပဲ... ငါတို့ နွေရာသီကျောင်းပိတ်ရက်တုန်းကလည်း ဒီလိုပဲလေ ဟားဟားဟား...]
[ဒါပေမဲ့ ဒီလောက် ဝိညာဉ်တွေအများကြီး ထွက်လာတာ တကယ်ပဲ ပြဿနာမရှိဘူးလား]
[...]
ညဉ့်နက်သန်းခေါင် အိပ်မပျော်ဘဲ Live ကြည့်နေသော ကြည့်ရှုသူများမှာ အလိုအလျောက်ပင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။
ကုတင်ဘေးမှာ မရှိ၊ ဗီရိုထဲမှာ မရှိ၊ အိပ်ခန်းတံခါးဝမှာလည်း မရှိ...
ထိုအခါမှ သက်ပြင်းချနိုင်ကာ နံရံကို ကျောမှီ၍ နောက်သို့ ဆုတ်လိုက်ကြသည်။
ဝိညာဉ်များ ထွက်ခွာသွားချိန်တွင် ငရဲပြည်ခန်းမကြီးအတွင်း၌လည်း ကြီးမားသော ဝိညာဉ်လမ်းကြောင်းကြီးတစ်ခု ပေါ်လာသည်။
ဝိညာဉ်တမန်တော်များမှာ အဖွဲ့များ ခွဲထားပြီးသားဖြစ်၍ ထိုလမ်းကြောင်းမှတစ်ဆင့် မတူညီသော နေရာများသို့ ထွက်ခွာလာကြသည်။
အဖွဲ့တစ်ဖွဲ့စီတွင် ပထမတန်းစား ဝိညာဉ်တမန်တော် တစ်ဦး၊ ဒုတိယတန်းစား ဝိညာဉ်တမန်တော် ဆယ်ဦးနှင့် တတိယတန်းစား ဝိညာဉ်တမန်တော် အယောက်ပေါင်းများစွာ ပါဝင်သည်။
တတိယတန်းစား ဝိညာဉ်တမန်တော် များ၏ အင်အားမှာ မညီမျှသဖြင့် အဖွဲ့၏နောက်ဆုံးတွင် ရပ်ကြသည်။
သို့သော် ဒုတိယတန်းစားမှစ၍ အားလုံးမှာ အင်အားရော အလုပ်စွမ်းဆောင်ရည်ပါ ပြည့်ဝသူများ ဖြစ်ကြသည်။
အင်အား၊ စွမ်းဆောင်ရည်နှင့် ငရဲပြည်တွင် အလုပ်လုပ်ခဲ့သော သက်တမ်းတို့မှာ အကဲဖြတ်စံနှုန်းများ ဖြစ်သည်။
ပထမတန်းစား ဝိညာဉ်တမန်တော် ဖြစ်ရန်မှာမူ ထိုအချက်များအပြင် ငရဲပြည်အပေါ် ထားရှိသော ပေးဆပ်မှုနှင့် သစ္စာရှိမှုကိုပါ ကြည့်ရသည်။
ကျန်းလင်မှာ ယခုအခါ ဒုတိယတန်းစား ဝိညာဉ်တမန်တော် ဖြစ်သဖြင့် အဖွဲ့၏အလယ်တွင် ရပ်နေရသည်။
ဝိညာဉ်များစွာ ငရဲပြည်မှ ထွက်ခွာသွားချိန်တွင် ကျန်းလင်၏ အဖွဲ့သည်လည်း ဝိညာဉ်အငွေ့အသက်များကို ထုတ်လွှတ်ကာ လမ်းကြောင်းမှတစ်ဆင့် လူ့လောကသို့ ဆင်းသက်လိုက်ပါတော့သည်။
ပြင်းထန်လှသော ယင်ချီများမှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး မြို့ပြဧရိယာတစ်ခုလုံး၏ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။
ဤဝိညာဉ်အငွေ့အသက်များမှာ သတင်းစကားတစ်ခုကိုသာ ပေးပို့နေခြင်းဖြစ်သည်။
ဝိညာဉ်တမန်တော်များက ဤနေရာတွင် ရှိနေသည်..
ငရဲပြည်၏မျက်လုံးများက သူတို့ကို အမြဲ စောင့်ကြည့်နေသည်..
သူတို့မှာ ငရဲပြည်၏အင်အားကို ကိုယ်စားပြုသော ငရဲပြည်၏ ကြီးကြပ်ကွပ်ကဲသူများပင်။
ခဏချင်းအတွင်းမှာပင် ထိုဧရိယာအတွင်းရှိ ဝိညာဉ်များမှာ တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြပြီး ယင်ချီ အပြင်းထန်ဆုံးနေရာသို့ အလိုအလျောက် လှည့်ကြည့်လိုက်မိကြသည်။
အပြင်သို့ ရောက်ရှိလာသည်နှင့် စည်းမဲ့ကမ်းမဲ့ နေထိုင်ရန် ပြင်ဆင်နေသော ဝိညာဉ်များမှာ ဝိညာဉ်တမန်တော်များ၏ အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် ကိုယ်ခန္ဓာများ တောင့်တင်းသွားကြသည်။
အားလုံးမှာ ဝိညာဉ်တမန်တော်များကို လှမ်းကြည့်လိုက်သည့်အခါ မှင်တက်သွားကြတော့သည်။
"ဘာလို့... ဝိညာဉ်တမန်တော်တွေက ဒီလောက်တောင် များနေရတာလဲ"