← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

🫧 Chapter 55

[ဝိညာဉ်တမန်တော်တွေကတော့ အမိုက်စားပဲ၊ တစ်ခါမိ တစ်အိတ်ပဲ]

[စက်ဘီးတစ်စီး လက်ဆောင်ပေးလိုက်ပြီ]

[ဟားဟား... ကြောင်ဖမ်းတဲ့ ကြွက်နဲ့တောင် တူနေပြီ]

အိပ်ခန်းထဲတွင် ကျန်းယန်သည် ကုတင်ပေါ်၌ မှီထိုင်ရင်း မီးဖွင့်ကာ Live ကို ကြည့်နေကာ သူသည် စာရိုက်လိုက်၊ ပြုံးလိုက်နှင့် အတော်လေး စိတ်လှုပ်ရှားနေ၏။

ယခုအချိန်မှာ မနက် ၃ နာရီ၊ ၄ နာရီ ရှိနေပြီဖြစ်သဖြင့် အိမ်သားများ အကုန်အိပ်ပျော်နေကြသော်လည်း သူတစ်ယောက်တည်းသာ ကဲနေခြင်းဖြစ်သည်။

သို့သော် Live က အလွန်စိတ်ဝင်စားဖို့ကောင်းနေသဖြင့် သူ မအိပ်နိုင်သေးပေ။

Live မြင်ကွင်းထဲတွင် ဝိညာဉ်တမန်တော်များက ဝိညာဉ်တစ်ကောင်ကို ဂုန်နီအိတ်ထဲ ထည့်လိုက်သည်ကို မြင်ရသောအခါ ကျန်းယန် စိတ်လှုပ်ရှားလွန်းသဖြင့် ကုတင်ခြေရင်းကို တဒုန်းဒုန်း ကန်နေမိသည်။

ထိုခံစားချက်မှာ သူကိုယ်တိုင်ပင် ဝိညာဉ်ကို အိတ်ထဲထည့်လိုက်ရသလိုပင်။

'ဖတ်'

တိတ်ဆိတ်သော ညဥ့်နက်ထဲတွင် သူနှင့်မသက်ဆိုင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျန်းယန်၏စိတ်လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားပြီး ကုတင်ကန်နေသော ခြေထောက်များလည်း ငြိမ်ကျသွားသည်။ ရင်ထဲမှာလည်း ထိတ်ခနဲ ဖြစ်သွား၏။

အခန်းထဲတွင် တိတ်ဆိတ်သွားကာ ကျန်းယန့်သည် အသံလာရာဘက်သို့ ကိုယ်ကို တောင့်တောင့်ကြီးဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

သူ၏အခန်း ပြတင်းပေါက်အပြင်ဘက်တွင် လေခပ်ပါးပါး တိုက်နေ၏။

ထို့နောက်စာရေးစားပွဲပေါ်ရှိ ပလတ်စတစ် ရေပုလင်းလေးတစ်ခု လဲကျနေသည်ကို တွေ့လိုက်ရသည်။

"ဒါကြောင့်ကိုး"

ကျန်းယန် သက်ပြင်းအရှည်ကြီး ချလိုက်၏။ သူ တော်တော်လေး လန့်သွားခဲ့ခြင်းဖြစ်သည်။

နောက်တစ်ကြိမ် ထပ်မလန့်စေရန် သူ ထသွားပြီးပြတင်း ပေါက်ကို ပိတ်လိုက်သည်။

"ဟင်... ဒါက ဘယ်တုန်းက ပေသွားတာလဲ"

ကျန်းယန့် မျက်မှောင်ကြုတ်လိုက်သည်။ မှန်ပြတင်းပေါ်တွင် လက်ဝါးရာတစ်ခု ထင်နေသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ သူသည် အနည်းငယ် အသန့်ကြိုက်သူဖြစ်သဖြင့် တစ်ရှူးထုတ်ကာ အမြန်သုတ်လိုက်သည်။

သို့သော် သူ ဘယ်လိုပင် သုတ်သုတ် ထိုလက်ဝါးရာမှာ ပျောက်မသွားပေ။

"ဒါက ဘာတွေပေနေတာလဲ"

ကျန်းယန် နားမလည်နိုင်ဘဲ ဖုန်းမီးဖြင့် သေချာကြည့်ရန် ပြင်သည်။

ကိုယ်ကို လှည့်လိုက်စဉ်မှာပင် သူ ချက်ချင်းတောင့်ခဲသွားကာ အေးစိမ့်သော ခံစားချက်မှာ ပခုံးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုလက်ဝါးရာမှာ သူ သုတ်၍မရခြင်းမှာ... ၎င်းသည် မှန်အပြင်ဘက်တွင် ရှိနေသောကြောင့်ဖြစ်သည်ကို သူ သတိထားမိသွား၍ဖြစ်သည်။

'ဖတ်'

မှန်ပေါ်သို့ လက်ဝါးဖြင့် ရိုက်လိုက်သံမှာ သူ့နောက်ဘက်မှ ထွက်ပေါ်လာပြန်သည်။

ကျန်းယန်သည် တောင့်တောင့်ကြီးဖြင့် ပြန်လှည့်ကြည့်လိုက်ရာ မှန်ပေါ်တွင် လက်ဝါးရာတစ်ခု ထပ်တိုးလာသည်ကို တွေ့လိုက်ရသည်။

'ဖတ် ဖတ် ဖတ်'

လက်ဝါးရာများစွာမှာ မှန်တစ်ပြင်လုံးတွင် လျင်မြန်စွာပြည့်နှက်သွားသည်။

နောက်တစ်ခဏတွင် သွေးများပေကျံနေသော လက်တစ်ဖက် ပေါ်လာပြီး ပြတင်းပေါက်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

"အားးးး"

ကျန်းယန့် လန့်ဖျန့်သွားကာ နောက်သို့ အဆက်မပြတ် ဆုတ်လိုက်မိသဖြင့် ဖုန်းမှာ လက်ထဲမှ လွင့်ထွက်သွားလုနီးပါး ဖြစ်သွားသည်။

ထို့နောက် နှလုံးသားမှာ ကြီးမားသော ကြောက်ရွံ့မှုဖြင့် လွှမ်းမိုးသွားတော့သည်။

"ငါ... အရမ်း... အေး... တယ်"

သွေးစွန်းဝတ်စုံဝတ် ဝိညာဉ်သည် ဆံပင်များကို ဖားလျားချထားရင်း ပြတင်းပေါက်မှ တစ်ရွေ့ရွေ့ တိုးဝင်လာသည်။

သူ ရွေ့လျားလိုက်တိုင်း သွေးလက်ဝါးရာများ ကလည်း ကျန်ရစ်ခဲ့သည်။

"အေး... လိုက်... တာ"

"မင်း... ငါ့... ကို... အဖော်... လုပ်... ပေး... မလား"

အခန်းထဲသို့ တစ်ဝက်ခန့် ရောက်သောအခါ ဝိညာဉ်သည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။

ထို့နောက်သူသည် မျက်တွင်းပြင်ပသို့ ထွက်နေသော မျက်လုံးအိမ်ကြီးနှင့် သွေးစွန်းနေသော မျက်နှာကို ပြလိုက်သည်။

"အား"

အခန်းထဲရှိ လူငယ်ထံမှ သူ မျှော်လင့်ထားသည့်အတိုင်း အော်ဟစ်သံ ထွက်ပေါ်လာသည်။

သူ နောက်ထပ် တစ်ဆင့် တက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ကြောင်သွားသည်။

ရှေ့မှလူငယ်မှာ အခန်းထောင့်တွင် ကပ်နေပြီး သူ့ကို ကြောက်လန့်တကြား ကြည့်နေသော်လည်း လက်ကတော့ ဖုန်းပေါ်တွင် အဆက်မပြတ် နှိပ်နေသည်။

'ရဲတိုင်နေတာလား'

'ဒါမှမဟုတ် လန့်ပြီး ရူးသွားတာလား'

ထို့နောက်ဝိညာဉ်သည် ပါးစပ်ကို ဖြဲကာ ချွန်ထက်သော သွားများကို ပြလိုက်သည်။

'ဘာပဲဖြစ်ဖြစ် သူ ကျေနပ်မိသည်'

ပြီးနောက်သူသည် အခန်းထဲသို့ တစ်လှမ်းချင်း ဆက်ဝင်လာတော့သည်။

အခန်းထဲရှိ ကျန်းယန်မျက်ရည်များပင် ထွက်လာတော့ သည်။

"Host ရေ ကယ်ပါဦး"

"ပိုင်ဝူချန် တမန်တော်ကြီး ကယ်ပါဦး"

"ခင်ဗျားတို့ဆီက ဝိညာဉ်လွတ်လာပြီ ဒီမှာ ရောက်နေတယ်"

'Host'

'ပိုင်ဝူချန်တမန်တော်'

'ဒါက လန့်ပြီး ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေတာလား'

'ဝိညာဉ်တမန်တော်ကြီးက မင်းခေါ်တိုင်း လာပါ့မလား'

ဝိညာဉ်သည် စိတ်ထဲမှ လှောင်ရယ်ရင်း အေးစိမ့်စွာ ဆက်ပြောလိုက်သည်။

"လာ... ငါ့... ဆီ... လာ... ခဲ့"

"ငါ့... အဖော်... လုပ်..."

"ငါက အဖော်လုပ်ပေးရင်ရော ဘယ်လိုလဲ"

"ကောင်း... တာ... ပေါ့... အား"

ဝိညာဉ်သည် အမှတ်မထင်ပြန်ဖြေပြီးမှ သတိဝင်လာသည်။

သူ လှည့်ကြည့်လိုက်သည့်အခါ အသံမှာ တုန်ယင်သွားတော့သည်။

'ခေါင်းပေါ်တွင် အဖြူရောင် ဦးထုပ်အမြင့်ကြီး ဆောင်းထားပြီး လက်ထဲတွင် ဝိညာဉ်ခေါ်တံပိုး ကိုင်ထားသောသူမှာ... ဝိညာဉ်တမန်တော်ကြီးမှမဟုတ်ရင် ဘယ်သူ ဖြစ်ဦးမှာလဲ'

"အား"

ဝိညာဉ်၏မျက်လုံးကြီးမှာ တုန်ပြီး ပြုတ်ကျသွားသည်။

'သူ တော်တော်လေး သတိထားခဲ့ပါရက်နဲ့ ဘာလို့ ဝိညာဉ်တမန်တော်က ဒီကို ရောက်နေတာလဲ'

သို့သော် ဘယ်သူမှ သူ့ကို အဖြေမပေးပေ။

ကျန်းလင်သည် ဝိညာဉ်ခေါ်တံပိုးဖြင့် သူ့ကို တစ်ချက်တည်း ရိုက်ချလိုက်၏။

'ဘုန်း'

ဝိညာဉ်သည် ပြတင်းပေါက်အပြင်ဘက်သို့ မီတာအတော်ဝေးဝေးအထိ လွင့်ထွက်သွားပြီး သွားများလည်း မြေပေါ်သို့ ကြွေကျကုန်ကာ မေ့လဲသွားတော့သည်။

ကျန်းလင်၏နောက်ကွယ်မှ တတိယတန်းစား တမန်တော်များမှာ အမြန်လိုက်သွားပြီး အိတ်ထဲသို့ ကျွမ်းကျင်စွာ ထည့်လိုက်ကြသည်။

ထို့နောက် အိတ်ကို ချည်နှောင်ကာ ငရဲပြည် လမ်းကြောင်းထဲသို့ ပစ်ထည့်လိုက်ကြသည်။

ကျန်းလင်၏ နောက်သို့ ပြန်ရောက်လာချိန်တွင် တမန်တော်များသည် အေးစိမ့်သော မျက်နှာများဖြင့် ရှိနေသော်လည်း ကျန်းလင်ကို ကြည့်သော အကြည့်များမှာ အထင်ကြီး လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

' ဒါက ဒုတိယတန်းစား ဝိညာဉ်တမန်တော်ပဲ'

'သူတို့တွေ ဒီအဆင့်ထိ ရောက်ဖို့ ဘယ်နှစ်နှစ်လောက် ကြိုးစားရဦးမလဲ မသိပေ'

[အား ငါတော့ ရင်တုန်လိုက်တာ Host က တကယ်ပဲ လာကယ်တာပဲ]

[အရမ်း အံ့သြဖို့ကောင်းတယ်]

[အဲ့ဒီဝိညာဉ်က Host ကို မြင်လိုက်ရတဲ့ အချိန်မှာကြောင်သွားတာကို ကြည့်ဦး]

[Meme ပုံတွေ ဆွဲထားပြီးပြီ လိုချင်တဲ့လူတွေ လာယူလို့ရတယ်]

[ဒါက Fan တွေအတွက် ပေးတဲ့ လက်ဆောင်လားငါလည်း Host ကို အနီးကပ် မြင်ချင်လိုက်တာ]

Live ထဲတွင် ကျန်းလင်နောက်သို့ လိုက်ပါလာသော ကြည့်ရှုသူများမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။

ခုနကတင် Host နှင့် တမန်တော်များ လမ်းပေါ်တွင် ကင်းလှည့်နေသည်ကို ကြည့်နေကြခြင်းဖြစ်သည်။

ရုတ်တရက် Live ထဲတွင် အကူအညီတောင်းသည့် စာများ တက်လာသည်။

အိမ်ထဲသို့ ဝိညာဉ်ဝင်လာကြောင်းနှင့် လိပ်စာကိုပါ အသေးစိတ်ရေးထားခြင်းဖြစ်သည်။

အချို့စာများမှာ လန့်နေသဖြင့် စာလုံးပေါင်းများပင် မှားနေသည်။

ကြည့်ရှုသူများမှာလည်း ထိုလိပ်စာကို ဝိုင်းဝန်း ကော်ပီကူးကာ စာမျက်နှာပေါ်တွင် ပျံ့နှံ့သွားစေသည်။

Host က Live ကို ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ထိုနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

Host ကိုယ်တိုင် ကယ်တင်လိုက်သည်ကို မြင်ရသောအခါ အားလုံးမှာ စိတ်လှုပ်ရှားသလို ဝမ်းသာပီတိလည်း ဖြစ်နေကြသည်။

ဒါက သူတို့ နေ့တိုင်း စောင့်ကြည့်နေရသော Host ပင် မဟုတ်ပါလား...

သူတို့ကိုယ်တိုင် ကယ်တင်ခံလိုက်ရသလို ခံစားနေကြရတော့ သည်။

[ငါ ငိုတောင် ငိုချင်တယ်]

[ငါတော့ ဆယ်ခါလောက် ဆက်တိုက်လက်ဆောင်ပေးလိုက်ပြီ]

[Host ကတော့ တကယ့်ကို အားကိုးရတဲ့သူပဲ]

[ခုနက ညီအစ်ကိုရော အဆင်ပြေရဲ့လား]

[အဆင်ပြေပါတယ် ဘောင်းဘီ အသစ်လဲနေရလို့ပါ၊ အားလုံးကို ကျေးဇူးတင်ပါတယ်]

မီးလင်းနေသော အိပ်ခန်းထဲတွင် ကျန်းယန်သည် လန့်သွားရာမှ သတိပြန်ဝင်လာပြီး ဘောင်းဘီ အသစ်လဲရန် ပြင်နေသည်။

"ဟင်း ဟင်း ဟင်း"

ရင်ခုန်သံများ မြန်နေဆဲဖြစ်သလို ဦးရေပြားလည်း ထုံနေဆဲဖြစ်သည်။

သို့သော်လည်း Host က သူ့ကို လာကယ်သည်ကို တွေးမိပြီး စိတ်လှုပ်ရှားနေမိသည်။

"..."

အသံကြားသဖြင့် လာကြည့်သော ကျန်းယန်၏အမေမှာ အံ့သြသွားတော့သည်။

ဘောင်းဘီကို ကိုင်ကာ အဝတ်လျှော်ရန် ပြင်နေသော ကျန်းယန့်မှာလည်း ကြောင်သွား၏။

အမေ ကျွန်တော် ရှင်းပြပါရစေ....

သို့သော်လည်း သူ့အမေမှာ ဘာမှ မမြင်သလို၊ ဘာမှ မကြားသလိုဖြင့် နောက်သို့ ဖြည်းဖြည်းချင်းလှည့်ထွက်သွားတော့ သည်။

ကျန်းယန်မှာတော့ ကျန်ရစ်ခဲ့ရုံသာ ရှိတော့သည်။

🫧 Chapter 56

"ချင်ရှောင်ရုန်... ချင်ရှောင်ရုန်..."

မှောင်မည်းနေသော အခန်းထဲတွင် ပိန်ပါးသော အရိပ်တစ်ခုသည် ကုတင်ပေါ်၌ ဟိုဘက်ဒီဘက် လူးလှိမ့်နေသည်။

သူမသည် မျက်လုံးများကို တင်းတင်းပိတ်ထားပြီး မျက် မှောင်ကြုတ်နေသည်မှာ အိပ်မက်ကောင်းမက်နေပုံမရပေ။

"ချင်ရှောင်ရုန်... ချင်ရှောင်ရုန်..."

ဘယ်ကလာမှန်းမသိသော အသံများက သူမ၏အမည်ကို တတွတ်တွတ် ခေါ်နေသည်။

သူမသည် မသိစိတ်ဖြင့် စိုးရိမ်လာကာ ထွက်ပေါ်နေသော သူမ၏ဗိုက်ကို လက်ဖြင့် အုပ်လိုက်မိသည်။

"ရှောင်ရုန်... ရုန်ရုန်... ထတော့လေ"

ရင်းနှီးပြီး နူးညံ့သောအသံက သူမကို ခေါ်နေသည်။

ဤသည်မှာ သူမ ခင်ပွန်းအသံပင်

"ရုန်ရုန်... ထတော့"

ထရမယ်....

ဘယ်ကိုသွားမှာလဲ...

"ကလေးကို သွားကြိုရမယ်လေ အခု ကလေး ကျောင်းဆင်းတော့မှာ"

ကလေး..

ဟုတ်သားပဲ... သူမမှာ ကလေးတစ်ယောက် ရှိတယ်လေ...

"မေ့နေတာတော့ မဟုတ်ပါဘူးနော်၊ ကလေးက ငါတို့ကို မတွေ့ရင် ငိုလိမ့်မယ်"

ထိုအသံသည် အလွန်ရင်းနှီးပြီး နူးညံ့လှသည်။

ပြောနေသည့် စကားလုံးများမှာလည်း ပျော်ရွှင်စရာ ကောင်းလှသဖြင့် သူမသည် မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်မိသည်။

'ဟုတ်တယ်'

'ကလေးက အရမ်းချွဲတာ'

'သူမကို တွေ့တာ နောက်ကျရင် ငိုဦးမည်'

ထို့‌ကြောင့် သူမသည် ထိုအသံနောက်သို့ မသိစိတ်ဖြင့် လိုက်သွားမိသည်။

"လာ... ငါ လက်တွဲပေးမယ် အား"

နူးညံ့သောအသံမှာ ရုတ်တရက် ရပ်တန့်သွားကာ တစ်ကမ္ဘာလုံး ချက်ချင်းတိတ်ဆိတ်သွား၏။

ထို့နောက် ကုတင်ပေါ်ရှိ အမျိုးသမီးငယ်မှာ ရုတ်တရက် မျက်လုံးပွင့်လာသည်။

သူမသည် အသက်ကို ပြင်းပြင်းရှူရင်း ဟိုဘက်ဒီဘက် လှည့်ကြည့်ကာ စိုးရိမ်တကြီးဖြင့် သူမ ဗိုက်ကိုပွတ်သပ်နေမိသည်။

'ခုနက... အိပ်မက်ဆိုး မက်ခဲ့တာလား'

အိပ်မက်အကြောင်းအရာကို သူမ သေချာမမှတ်မိတော့သော်လည်း ရင်ထဲတွင် ထိတ်လန့်နေဆဲဖြစ်သည်။

သူမသည် မီးဖွင့်ကာ ထထိုင်လိုက်စဉ် အိပ်ခန်းတံခါးကို တစ်ယောက်ယောက် လာခေါက်သည်။

စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် အမျိုးသမီးကြီးတစ်ဦး ဝင်လာသည်။

"ရုန်ရုန်... ခုနက အော်သံကြားလို့ အိပ်မက်ဆိုး မက်လို့လား"

ယခုအခါ ချွေးမဖြစ်သူမှာ ကိုယ်ဝန်အရင့်အမာနှင့်ဖြစ်ပြီး သားဖြစ်သူမှာလည်း အပြင်မှာ အလုပ်သွားလုပ်နေရသည်။

' အိမ်မှုကိစ္စများကို သူမပဲ အစစအရာရာ ကြည့်ပေးရမည် မဟုတ်ပါလား'

"အမေ"

ချင်ရှောင်ရုန် ပြုံးပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး ခဏနားလိုက်ရင် ကောင်းသွားမှာပါ အမေ သွားအိပ်တော့လေ"

သို့သော် ထိုအမျိုးသမီးကြီးမှာ မပြန်ဘဲ အခန်းထဲသို့ ဝင်လာသည်။

"ငါလည်း ဒီအရွယ်ရောက်နေပြီဆိုတော့ သိပ်မအိပ်ချင်တော့ပါဘူး ဒီမှာပဲ ခဏထိုင်ပါရစေဦး တို့တွေ စကားစမြည် ပြောကြတာပေါ့ ငါ့သားကလည်း ကြည့်ဦး... ညည်း ကလေးမွေးတော့မယ့်အထိ ပြန်မလာနိုင်သေးဘူး"

ချင်ရှောင်ရုန်က မတားတော့ဘဲ ပြုံးကာ "သူကလည်း ကလေးအတွက် နို့မှုန့်ဖိုးပိုရအောင် ကြိုးစားနေတာလေ" ဟု ပြန်ပြောလိုက်သည်။

သူမသည် ဗိုက်ကို ပွတ်သပ်ရင်း အမေနှင့် စကားလက်ဆုံကျနေစဉ် ကိုယ်ထဲတွင် ပြန်လည်နွေးထွေးလာတော့သည်။

အခြားတစ်ဖက်တွင်

နံရံထောင့်တွင် ပုန်းအောင်းကာ ဝိညာဉ်ခေါ်နေသော ဝိညာဉ်ကို အိတ်ထဲထည့်ပြီးနောက် ကျန်းလင်နှင့် တမန်တော်တစ်သိုက်မှာ နောက်တစ်နေရာသို့ ဆက်သွားကြသည်။

ဒီနေ့ည သူတို့သည် ငရဲတံခါး ပြန်ပိတ်ပြီး ထွက်လာသော ဝိညာဉ်အားလုံး ပြန်ဝင်သွားသည်အထိအချိန်ပြည့် ကင်းလှည့်နေကြမည်ဖြစ်သည်။

[ဒါကို ဝိညာဉ်ခေါ်တာလို့ ခေါ်တာပေါ့ ခုနက အမျိုးသမီးဆို ဝိညာဉ်တောင် ထွက်တော့မလိုပင်]

[ကြောက်စရာကြီး ငါတောင် တစ်ကိုယ်လုံး ထုံသွားတယ်]

[ဝိညာဉ် : ငါ ထပ်ပြီး ခေါ်လို့ရသေးတယ် ထင်တာပဲ...]

[ဟားဟား... ဆက်ခေါ်လေ အပေါ်ကလူ သူ့ကိုယ်စား တစ်ချက်လောက် အော်ပေးလိုက်]

[အုန်း... အုန်း... အုန်း]

[ဟားဟား... မရတော့ဘူး ဗိုက်အောင့်အောင် ရယ်နေရပြီ]

ဝိညာဉ်ခေါ်နေသော ဝိညာဉ်မှာ အမှတ်မထင် တစ်ချက်အရိုက်ခံလိုက်ရသည်ကို မြင်သောအခါ ကြည့်ရှုသူများမှာ ရယ်မောမဆုံး ဖြစ်နေကြသည်။

ဒီနေ့ညတွင် သူတို့သည် ဝိညာဉ်ပေါင်းစုံနှင့် သူတို့၏ အပြုအမူမျိုးစုံကို တွေ့မြင်ခဲ့ရသည်။

ဝိညာဉ်ခေါ်သူ၊ ကခုန်သူ၊ သို့မဟုတ် ဗီရိုထဲတွင် ပုန်းပြီး လူခြောက်ရန် ပြင်နေသူများ ....

မူလက ကြောက်စရာကောင်းပြီး အေးစိမ့်နေသင့်သော်လည်း ဝိညာဉ်တမန်တော်များ၏အိတ်ကို မြင်လိုက်ရသည်နှင့် အားလုံးမှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

[လူခြောက်ဖို့ မပြင်ခင် ကိုယ့်ကိုယ်ကိုယ် အရင် ကယ်တင်လိုက်ပါဦး]

[ဝိညာဉ် : ဘယ်သူ ငါ့ကို ရိုက်တာလဲ ခေါင်းအရမ်းကိုက်တယ် ခုနက ဘာဖြစ်သွားတာလဲ]

[အပြင်ထွက်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့နဲ့ဦး ဟားဟား]

[မှိုခေါင်းက Host ကို စက်ဘီး နှစ်စီး လက်ဆောင်ပေးလိုက်ပြီ]

အခုဆို မနက် ၄ နာရီ၊ ၅ နာရီ ရှိနေပြီဖြစ်သည်။ ခဏနေလျှင် မိုးလင်းတော့မည်။

ကြည့်ရှုသူအချို့မှာ အားလပ်ရက်ဖြစ်သော်လည်း အချို့မှာ နောက်နေ့ အလုပ်တက်ရမည်ဖြစ်သည်။

သို့သော် သူတို့မှာ ကြည့်လေ ကြည့်လေ စိတ်လှုပ်ရှားလေ ဖြစ်နေသည်။

အိပ်ဖို့လား...

မရှိပါဘူး...

' ဒီလို အမိုက်စား မြင်ကွင်းတွေကို လွဲချော်လို့ မဖြစ်ဘူးလေ'

အားလုံးမှာ အားဆေးသောက်ထားသလို တက်ကြွနေကြသည်။

ထိုစဉ် လှုပ်လှုပ်ရှားရှား ဖြစ်နေသော အရိပ်နှစ်ခု မှာ Live မြင်ကွင်းထဲသို့ ဖြတ်ဝင်သွားသည်။

၎င်းတို့သည် လမ်းကြားလေးတစ်ခုထဲသို့ တိုးဝင်သွားကြသည်။

ကျန်းလင်လည်း ထိုအရာကို မြင်လိုက်သဖြင့် မလောတော့ဘဲ စောင့်ကြည့်နေလိုက်သည်။

"သူငယ်ချင်း... ပစ္စည်းကောင်းရှိတယ်၊ နည်းနည်းလောက် စမ်းမလား"

မှောင်မည်းနေသော လမ်းကြားလေးထဲမှ တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်ပေါ်နေသည်။

"မရတော့ဘူး... မရတော့ဘူး ငါ တကယ် ဗိုက်ပြည့်နေပြီ... အေ့ဂ် "

"ဒါက မတူဘူးလေ မင်းလို ဝိညာဉ်မျိုးအတွက် အကိုက်ညီဆုံးပဲ စားကြည့်လိုက်ရင် ကောင်းမှန်း သိသွားလိမ့်မယ်"

အရိပ်တစ်ခုက ကိုယ်ပေါ်မှအထုတ်လေးတစ်ခု ထုတ်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

"ဒါက ငါတို့ တစ္ဆေပွဲတော်မှာပဲရတဲ့ အထူးပစ္စည်းပဲ။ သုံးဖူးတဲ့သူတိုင်း ကောင်းတယ်လို့ ပြောကြတယ်"

ဗိုက်ပူပူကြီးကို ကိုင်ထားသော အခြားအရိပ်မှာ မယုံတယုံဖြင့် "တကယ်လား"

"တကယ်ပေါ့"

"ဒါဆို... ငါ စားကြည့်မယ်နော်"

သူ တစ်လုတ် စားလိုက် သောအခါ အကျိုးသက်ရောက်မှုက တကယ်ကောင်းလှသည်။

သူသည် ချက်ချင်းပင် နေလို့ကောင်းသွားကာ မြေပေါ်သို့ ပျော့ခွေကျသွားတော့သည်။

ထို့နောက် သူသည် ဗိုက်ကို ပွတ်ရင်း ည၏အလှကို ကြည့်ရန် မော့ကြည့်လိုက်သည်။

မော့ကြည့်လိုက်သည်နှင့်... ဝိညာဉ်တမန်တော် အများအပြား အပေါ်မှ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူ မျက် လုံးပြူးသွားကာ ကြောက်လန့်တကြားအော်လိုက်မိသည်။

"အေ့... ဝိညာဉ်တမန်တော်... အေ့... ကြီးတို့... အေ့"

အခြားဝိညာဉ်ကလည်း လှမ်းကြည့်လိုက်ရာ လက်ထဲက ပစ္စည်းများ မြေပေါ်သို့ ပြန့်ကျဲကုန်သည်။

"ဝိ... ဝိ... ဝိညာဉ်တမန်တော်ကြီးတို့"

ကျန်းလင်က အေးအေးဆေးဆေး ကြည့်လိုက်ရာ မြေပေါ်တွင် သွေးရောင်လုံးလေးများ ပြန့်ကျဲနေသည်ကို တွေ့ရသည်။

"ဘာတွေ စားနေတာလဲ"

ဗိုက်ပြည့်နေသော ဝိညာဉ်က အခြားဝိညာဉ်ကို အမြန်ညွှန်ပြကာ "ဝိ... ဝိ... အဂ်... တမန်တော်ကြီး... ဒါတွေ အကုန်လုံး... အေ့... သူ ထုတ်ပေးတာပါ... အေ့"

အညွှန်ပြခံရသော ဝိညာဉ်မလေးမှာ တုန်တုန်ရင်ရင်ဖြင့် ကျန်နေသည်များကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

"ဝိ... ဝိညာဉ်တမန်တော်ကြီး... ဒါ... ဒါက ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ အစာကြေဆေးလုံးလေးတွေပါ ကျွန်မတို့... မကောင်းတာ ဘာမှ မလုပ်ပါဘူး"

ကျန်းလင်က ခေါင်းညိတ်ပြလိုက်ပြီး "တစ်နှစ်မှ တစ်ခါပဲမို့ ကောင်းကောင်း တန်ဖိုးထားကြပါ"

ဝိညာဉ်ဈေးတွင် အစားအစာများ ရောင်းသော်လည်း ဝိညာဉ်အတော်များများမှာ အမြဲတမ်းဗိုက်မဝဖြစ်နေကြသည်။

တစ်ချက်မှာ လေလွင့်ဝိညာဉ်များ ဖြစ်နေခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်များမှာ မေ့လျော့ခံရကာ ပူဇော်သူ နည်းပါးလာခြင်းကြောင့်ဖြစ်သည်။

ဝိညာဉ်များအကြားရှိ ထိုဓလေ့ကို သူ အနည်းနှင့်အများ သိရှိထားသော်လည်း ဝင်ရောက် မစွက်ဖက်ပေ။

ယေဘုယျအားဖြင့် ဝိညာဉ်အသစ်များမှာ သေဆုံးသည်မှာ မကြာသေးသဖြင့် လူများက မှတ်မိနေကြသေးကာ ပူဇော်သက္ကာနှင့် ငွေကြေးများကို ဝိညာဉ်ဟောင်းများထက် ပိုရကြသည်။

ဘယ်အချိန်က စခဲ့မှန်းမသိသော်လည်း ဝိညာဉ်ဟောင်းနှင့် ဝိညာဉ်အသစ်များအကြား ထိုကဲ့သို့ အရောင်းအဝယ်များ ရှိနေခဲ့သည်။

၎င်းသည်လည်း ဝိညာဉ်များအကြားရှိ ဓလေ့တစ်ခုဖြစ်လာခဲ့သည်။

ထို့နောက် ကျန်းလင်နှင့် တမန်တော်တစ်သိုက် ထွက်ခွာသွားကြသည်။

လမ်းကြားထဲတွင် ဝိညာဉ်မလေးမှာ သူမ၏ပစ္စည်းများကို အမြန်ပြန်ကောက်နေသည်။

ဗိုက်ပြည့်နေသော ဝိညာဉ်ကမူ တမန်တော်များထွက်သွားသည့်ဘက်ကို ကြည့်ကာ ဆက်တိုက်လေတက်နေတော့ သည်။

"အေ့"

"အေ့ ငါ...... ငရဲပြည်ကို မြန်မြန် ပြန်သင့်ပြီ ထင်တယ်... အေ့

ဘာပဲဖြစ်ဖြစ်... အဂ်... ဗိုက်လည်း ဝသွားပြီပဲ... အေ့"

ဒီလူ့လောကကြီးက... အရမ်းကြောက်ဖို့ကောင်းတာပဲ...

Live Room မှ ကြည့်ရှုသူများမှာ အူတက်နေကြပြီဖြစ်သည်။

[ဟားဟား ဝိညာဉ်တွေမှာလည်း အစာကြေဆေးလိုအပ်တာလား]

[ဟိုဝိညာဉ်က ဘယ်လောက်တောင်စားထားတာလဲ ခုထိ လေတက်နေတုန်းပဲ ဟားဟား]

[အစာကြေဆေး အခုပဲ ဝယ်လိုက်ပါ]

[ဝိညာဉ် : ငါ တော်တော်လန့်သွားတယ်]

All Chapters