အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
🫧 Chapter 57
[ဝိညာဉ် : ငါ မဟုတ်ဘူး၊ ငါ မလုပ်ဘူး၊ ငါတို့ တကယ် မဆိုးခဲ့ပါဘူး]
[ရဲတပ်ဖွဲ့ : ငါတို့တောင် လှုပ်ရှားတော့မလို့ပဲ]
[ဟားဟားဟား၊ ငါလည်း အစက အဲ့ဒါကြီးကို စားနေတယ် ထင်တာ ဗဟုသုတ တိုးသွားပြီ]
ကြည့်ရှုသူများသည် ရယ်မောနေကြသော်လည်း တစ်ဖက်တွင်လည်း မတွေးဘဲ မနေနိုင်ကြပေ။
'ဒီဝိညာဉ်တွေက တစ်ချိန်လုံး ဗိုက်မဝခဲ့ကြတာလား'
'ခဲခဲယဉ်ယဉ် အပြင်ထွက်ခွင့်ရတဲ့ တစ်ရက်လေးမှာ ဒီဝိညာဉ်ကို ကြည့်ဦး၊ ဗိုက်တောင် ကွဲတော့မတတ် စားထားတာ'
ငရဲတံခါးကနေ ထွက်လာကတည်းက တစ်ချိန်လုံး အစားအ သောက်တွေပဲ လိုက်ရှာပြီး စားနေခဲ့တာ သိသာလှသည်။
တစ်ဖက်က ကြည့်လျှင်လည်း ဤဝိညာဉ်များ မည်မျှအထိ ဆင်းရဲကြသည်ကို မြင်နိုင်ပေသည်။
Live လွှင့်ခန်းမှတစ်ဆင့် သူတို့ တွေ့မြင်နေရသည်မှာ 'တောက်ပြောင်' အောင် ပြင်ဆင်ထားသည့် ဝိညာဉ်များအပြင် ဝတ်စုံနွမ်းပါးသည့် ဝိညာဉ်များစွာလည်း ရှိနေသေးသည်။
အစကတော့ ဤသည်က တစ္ဆေပွဲတော်ရဲ့ စတိုင်လ်လို့ ထင်ခဲ့ကြသော်လည်း အခုပြန်စဉ်းစားကြည့်တော့...
သူတို့တွေ ကောင်းကောင်းမဝတ်ချင်လို့မဟုတ်ဘဲ ဝတ်ဖို့မရှိလို့လည်း ဖြစ်နိုင်ပေသည်။
[နောက်နှစ်ရက်နေရင် အားလပ်ရက်ရပြီ၊ အိမ်ပြန်ပြီး အဘိုးတို့အတွက် စက္ကူငွေတွေ အများကြီးသွားရှို့ပေးရမယ်]
[ငါတော့ အခုလေးတင် ဘိုးဘေးကြီးအတွက် စက္ကူအိမ်တစ်လုံးနဲ့ စက္ကူအရုပ်မလေး နှစ်ရုပ်မှာလိုက်ပြီ]
[ကလေးလေးတွေ ခမျာ... ဘယ်လောက်တောင် ဆာနေရှာသလဲ]
[ဝိညာဉ် : ငါ ထပ်စားလို့ ရသေးတယ်၊ အစာကြေဆေး သောက်ပြီးရင် ထပ်သွားဦးမှာ]
[ဟားဟား၊ မိုးလင်းပြီ၊ အလုပ်သွားရတော့မယ်]
မသိမသာနှင့်ပင် ကောင်းကင်ယံ၌ အရုဏ်ဦး အလင်းရောင်များ ယှက်သန်းလာပြီ ဖြစ်ကာ Live လွှင့်ခန်းမှ ကြည့်ရှုသူ များသည်လည်း ချက်ချင်း သတိဝင်လာကြပြီး ကြည့်ရှုသူဦးရေမှာ သောင်းနှင့်ချီ၍ ထိုးကျသွားတော့သည်။
[သွားပြီ သွားပြီ၊ ညီအစ်ကိုတို့ ကျန်တာလေးတွေ မှတ်ထားပေးကြပါဦး]
[ငါက ပန်းချီဆရာ : စိတ်ချပါ၊ ငါ အခုထိ ဆွဲနေတုန်းပဲ]
[စာရေးဆရာ ဒီမှာရှိတယ်၊ ဇာတ်လမ်း အကြောင်းအရာတွေကို အကုန်ပြန်ရေးပေးမယ်]
[အမိုက်စားပဲ၊ ငါ့မှာ ဘာအရည်အချင်းမှ မရှိတော့ လက်ဆောင်ပဲ ပေးတော့မယ်]
[ရှောင်မင်ယွင်က Host ကို ပြိုင်ကား ၅ စီး လက်ဆောင်ပေးလိုက်ပြီ Host ပင်ပန်းနေပါပြီလို့လည်း မှာသွားတယ်]
မိုးလင်းလာသည်နှင့်အမျှ လူ့လောကရှိ ယင်ချီ အငွေ့အသက်များလည်း လျော့ပါးသွားသည်။
ဝိညာဉ်အတော်များများမှာလည်း လမ်းပေါ်တွင် သိသိသာသာလျှောက်သွားရန် မဝံ့ရဲကြတော့ပေ။
ဝိညာဉ်တမန်တော်များ၏ အလုပ်ပမာဏမှာလည်း အနည်းငယ် လျော့ကျသွားသည်။
လူ့လောက၏ စည်းစနစ်ကို မဖျက်ဆီးဘဲ ဝိညာဉ်တမန်တော်များကို ဒုက္ခမပေးသည့် ဝိညာဉ်များ၏ခြေရာလက်ရာများမှာလည်း ပိုမိုထင်ရှားလာသည်။
၎င်းတို့သည် အပြင်ထွက်လာကတည်းက တိတ်တဆိတ် အစားအသောက် ရှာဖွေနေကြခြင်းဖြစ်သည်။
ငရဲပြည်သို့ ပြန်သည့်အခါ ပါဆယ်ထုတ်များများသယ်သွားနိုင်ရန်နှင့် ရက်အတော်ကြာ ဗိုက်ဝဝစားနိုင်ရန်သာ မျှော်လင့်ကြသည်။
အချို့မှာမူ အမွှေးတိုင်နံ့များကို နေရာအနှံ့ လိုက်လံရှူရှိုက်နေကြသည်မှာ နေရာတစ်ခုပြီးတစ်ခု ပြောင်းကာ တစ်နှစ်စာ အားအင်များကို ဖြည့်တင်းနေကြသလိုပင်။
အမှန်စင်စစ် အစားအသောက်နှင့် အမွှေးတိုင်နံ့များသည် ဝိညာဉ်များအတွက် ရေတိုတွင် မရှိမဖြစ် မဟုတ်သော်လည်း အချိန်အကြာကြီး ဝင်စားခြင်းမပြုဘဲ အားဖြည့်မှုလည်း မရှိပါက သူတို့အပေါ် သက်ရောက်မှုရှိလာနိုင်သည်။
တဖြည်းဖြည်း အားနည်းလာပြီး ပျောက်ကွယ်သွားနိုင်သလို၊ မိမိကိုယ်ကိုယ် ထိန်းချုပ်မှု ဆုံးရှုံးကာ နာကျည်းမှုနယ်ပယ် ဖြစ်သွားခြင်း သို့မဟုတ် အခြားအရာတစ်ခုခုအဖြစ် ပြောင်းလဲသွားနိုင်ခြင်းတို့ ဖြစ်တတ်သည်။
ဤအချိန်တွင် ငရဲပြည် ဝန်ထမ်းအဖြစ် ခန့်အပ်ခံထားရသည့် ဝိညာဉ်တမန်တော်များ၏အားသာချက်မှာ ပေါ်လွင်လာသည်။
အနည်းဆုံးတော့ သူတို့မှာ ထိုအချက်များကို စိုးရိမ်စရာ မလိုပေ။
တစ်နေ့နေ့တွင် ရုတ်တရက် ပျောက်ကွယ်သွားမည်ကိုလည်း ကြောက်နေစရာ မလိုတော့ပေ။
ထိုဝိညာဉ်များအပြင် ဖန်လီလီကဲ့သို့ မိသားစုထံ ပြန်လည်လည်ပတ်သူများလည်း ရှိသည်။
သူတို့သည် ကိုယ်ထင်မပြသလို အနီးကပ်လည်း မသွားရဲကြပေ။
အဝေးကနေ ကြည့်ရုံသာ ကြည့်ရင်း မိသားစုနှင့်အတူ ရှိနေကြသည်။
မနက် ၅ နာရီတွင် အဘွားအို နိုးလာသည်... မျက်နှာသစ်ပြီးနောက် ခြင်းတောင်းလေးကိုကိုင်ကာ ဈေးသို့ သွားသည်။
လမ်းတွင် နှုတ်ဆက်သူများကိုလည်း အဘွားက ပြုံး၍ ထူးသည်။
မနက်စာကို ဆန်ပြုတ်နှင့် မုန့်လုံးလေး အနည်းငယ် စားပြီးနောက် မနက်ပိုင်းတွင် အိမ်၌ တီဗွီကြည့်နေသည်။
မနက် ၁၀ နာရီ ဝန်းကျင်တွင် အဘွားက မီးဖိုချောင်ထဲဝင်ကာ နေ့လယ်စာ ပြင်ဆင်သည်။
စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများကို အပြည့်ပြင်ဆင်ပြီး ပန်းကန်လုံး နှစ်လုံးချထားသည်။
အဘွားက ပြုံးလိုက်ရင်း "သမီးရေ၊ ထမင်းစားရအောင်နော်"
အဘွားအို ပြောပြီးနောက် မိမိပန်းကန်ကို ကိုင်ကာ စတင်စားသောက်တော့သည်။
လေထဲတွင်မူ ဖန်းလီလီသည် ထိုဟင်းလျာများကို ကြည့်ရင်း မျက်ရည်ဝဲနေသည်။
' စားပွဲပေါ်က ဟင်းတွေက သူမ အရင်က အကြိုက်ဆုံးတွေချည်းပဲ'
သူမသည် ညမှသည် နေ့၊ နေ့မှသည် ညတိုင်အောင် သူမသည် အဘွားအို၏နံဘေးတွင် တိတ်တဆိတ် နေပေးခဲ့သည်။
အဘွား တစ်ယောက်တည်း ပန်းခြံထဲသွားသည်ကို၊ လမ်းဘေးက ခုံတန်းရှည်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေ သည်ကို ကြည့်နေခဲ့သည်။
နေဝင်ချိန်တွင် အဘွားအိမ်သို့ ဖြည်းဖြည်းချင်း ပြန်လာသည်ကိုလည်း ကြည့်နေခဲ့သည်။
အဘွားအိပ်ပျော်သွားသည်အထိ သူမ အခန်းထဲက ထွက်မလာခဲ့ပေ။
သူမသည် မှောင်မည်းနေသော ဧည့်ခန်းထဲတွင် ထိုင်နေ သည်။
ရင်းနှီးသော အသုံးအဆောင်များကိုကြည့်ရင်း လွမ်းဆွတ်နေမိသလား သို့မဟုတ် အခြားခံစားချက် တစ်ခုခုလားဆိုသည်ကို သူမကိုယ်တိုင်ပင် မသိတော့ပေ။
အချိန်ကတော့ ကုန်ဆုံးတော့မည် ဖြစ်သည်။
...
သုသာန်ထဲတွင် ဝိညာဉ်များစွာမှာ မတ်တပ်ရပ်ကာ ငရဲတံခါးရှိရာသို့ ပျံသန်းသွားကြသည်။
သူတို့၏အုတ်ဂူများမှာ လူလာမကြည့်သည်မှာ ကြာပြီဖြစ်သည်။
တစ်ရက်လုံး သူတို့မည်သည့်နေရာကိုမျှ မသွားခဲ့ပေ။
မိမိအုတ်ဂူနံဘေးတွင် စောင့်နေရင်း အပေါ်က စာလုံးလေးတွေကို ငြိမ်သက်စွာ ကြည့်နေခဲ့ကြသည်...
လူ့ဘဝရဲ့ ဖြစ်ရပ်တွေက ခေါင်းထဲမှာ ပေါ်လာကြသည်...
အချိန်တွေ အကြာကြီး ကုန်ဆုံးသွားသလို ခံစားရသလို၊ မနေ့ကမှ ဖြစ်ပျက်ခဲ့သလိုလည်း ထင်နေကြရသည်...
ဖြစ်နိုင်ရင်... ဒီအတိုင်းပဲ အချိန်နဲ့အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကလည်း ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နိုင်မှာပါ...
...
တစ္ဆေပွဲတော် ပြီးဆုံးရန် တစ်နာရီသာ လိုတော့ကာ ငရဲတံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ အင်အားပြင်းသော ယင်ချီ အငွေ့အသက်များ ထွက်ပေါ်လာ၏။
တံခါး၏အခြားတစ်ဖက်တွင် ငရဲပြည်၏ မြင်ကွင်းများ လည်း ပေါ်လွင်နေစ။
ဝိညာဉ်ပေါင်းစုံ၏အော်ဟစ်သံများက အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်နေသည်။
မိမိတာဝန် ပြီးဆုံးပြီဟု ယူဆသော ဝိညာဉ်အချို့မှာ ကျေနပ်စွာဖြင့် ပြန်ဝင်သွားကြသည်။
အတွေ့အကြုံရှိသော အဘိုးအဘွားများမှာလည်း မိမိတို့၏ ပါဆယ်ထုတ်များကိုသယ်ကာ ငရဲတံခါးထဲသို့ ကြိုတင် ဝင်ရောက်သွားကြသည်။
[Host နောက်ဆုံးတော့ နားရတော့မယ်၊ ဒီ Overtime ဆင်းတာကတော့ တော်တော် ကြမ်းတာပဲ]
[Host က ပိုပြီး တည်ကြည်သွားသလိုပဲလို့ ငါ ခံစားရတယ်]
[တူတူပဲ၊ တခြား ဝိညာဉ်တမန်တော်တွေလည်း ဘာလို့ ပြာယာခတ်နေကြတာလဲ မသိဘူး]
[ဝါး၊ အပေါ်က ဝိညာဉ်တမန်တော်ကြီးလည်း လှုပ်ရှားပြီ]
ကြည့်ရှုသူများက အားလုံး ပြီးဆုံးတော့မည်ဟု ထင်နေစဉ်တွင် အခြေအနေမှာ တစ်ခုခု မှားယွင်းနေကြောင်းတွေ့လိုက်ရသည်။
Live မြင်ကွင်း၏ ထောင့်တစ်နေရာမှ မြင်နေရသော ကောင်း ကင်ယံတွင် အမြဲတမ်း စောင့်ကြပ်နေသည့် ပထမတန်းစား ဝိညာဉ်တမန်တော်မှာ ရုတ်တရက် စတင်လှုပ်ရှားလာသည်။
တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအားများ မှာလည်း တစ်ဆင့် မြင့်တက်လာသည် မှာ သူတို့ မသိနိုင်သော တိုက်ပွဲကြီးတစ်ခု စတင်တော့မည့်ပုံပင်။
အောက်ခြေတွင် ဝိညာဉ်တမန်တော်အားလုံးသည် အိတ်များကို စွန့်ပစ်လိုက်ကြပြီး လက်နက်ကိုယ်စီဖြင့် အသင့်ပြင်ထားကြသည်။
နှစ်စဉ် တစ္ဆေပွဲတော် စတင်ချိန်နှင့် ပြီးဆုံးခါနီး အချိန်များ သည် အပြင်ထွက်နေသော ဝိညာဉ်များ၏တုံ့ပြန်မှု အပြင်းထန်ဆုံး အချိန်များ ဖြစ်သည်။
ငရဲပြည်သို့ ပြန်ရတော့မည်ကို သိသောအခါ တစ်နေ့လုံး အောင့်အည်းထားခဲ့သော ဝိညာဉ်များစွာမှာ ယခုအချိန်တွင် နောက်ဆုံး တိုက်စစ်ကိုဆင်နွှဲတတ်ကြသည်။
"လာပြီ"
ကျန်းလင် ပြောအပြီးတွင် ဝိညာဉ်တစ်ခု တိုက်ပေါ်မှပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
နောက်တစ်ခဏတွင် ဝိညာဉ်တမန်တော် အားလုံးသည် အရပ်မျက်နှာ အသီးသီးမှပြေးထွက်သွားကြပြီး ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။
လာသမျှ တစ်ကောင်ချင်းစီကို ရိုက်သည်။ နှစ်ကောင်လာလျှင် နှစ်ကောင်လုံးကို နှိပ်ကွပ်သည်။
ဂုန်နီအိတ်လည်း မလိုတော့ဘဲ ဝိညာဉ်ခေါ်တုတ်ဖြင့် ငရဲတံခါးဘက်သို့ လှမ်းရိုက်ထုတ်လိုက်ကြသည်။
အကယ်၍ မတော်တဆ လက်ချော်သွားပါက... ဝိညာဉ်များကို နံရံပေါ် သို့မဟုတ် မြေကြီးပေါ် ရိုက်မိသွားခြင်းမှာလည်း ပုံမှန်ပင်။
"အား... ငါ ဂရုမစိုက်တော့ဘူး၊ ဘယ်သူမှ ငါ့ကို မတားနဲ့"
"နောက်ဆုံး တစ်နာရီပဲ ကျန်တော့တယ်၊ ငါ လူတစ်ယောက်ကိုတော့ အောင်အောင်မြင်မြင်ခြောက်သွားရမယ်"
"အကုန်ဖယ်စမ်း၊ ငါ အလန်းစား ပွဲထွက်ပြမယ်"
ဝိညာဉ်များစွာမှာ မှောင်ရိပ်ထဲမှ ပြေးထွက်လာကြသည်။
တစ်နေ့လုံး အောင့်ထားရတာ သူတို့ တော်တော်လေး ငြီးငွေ့နေပြီ။
နောက်ဆုံးမှာ တစ်ခါလောက်တော့ ရူးသွပ်လိုက်ချင်ကြသည်။
ဝိညာဉ်တစ်ခုသည် စည်ကားသော လမ်းမကြီး၏ အထက်သို့ တန်းပြေးသွားပြီး လူအုပ်ထဲသို့ မိမိ၏ ဦးခေါင်းကို ဖြုတ်၍ ပစ်ပေါက်လိုက်သည်။
"ငါ မင်းတို့ကို ငါ့ခေါင်းအကြောင်း ပြရမယ်"
'ဘုန်း'
ဝိညာဉ်တမန်တော် တစ်ဦးသည် အောက်ခြေတွင် ပေါ်လာပြီး ထိုဦးခေါင်းကို တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သည်။
ထိုအခါ ဦးခေါင်းသည် မြင့်မားသော အဆောက်အဦးတစ်ခုကို 'ဒုံး' ခနဲ သွားမှန်သည်။
ထိုဝိညာဉ်တမန်တော်သည် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရင်း "ဆောရီး၊ လက်ချော်သွားလို့"
ဦးခေါင်းမှာ မငိုရသေးခင်မှာပင် ထိုတမန်တော်က ထပ်ပြောပြန်သည်။
"နောက်တစ်ခါ"
နောက်တစ်ခဏတွင် ဦးခေါင်းသည် အထက်သို့ တစ်ဖန် မြင့်တက်သွားပြန်သည်။
"အား..."
'ဘုန်း'
"အိုး"
"မလုပ်ပါနဲ့"
"ကယ်..."
'ဘုန်း' 'ဘုန်း' 'ဘုန်း'
ဤကဲ့သို့ သုံးလေးခါ လွင့်ထွက်ပြီးနောက် ဦးခေါင်းသည် နောက်ဆုံးတွင် ငရဲတံခါးထဲသို့ ဝင်သွားတော့သည်။
"ဟီး... ဟီး..."
ကြောက်လန့်ပြီး ငိုနေသော ထိုဝိညာဉ်၏ကိုယ်ထည်မှာ မိမိဦးခေါင်းနောက်သို့ အမြန်ပြေးလိုက်ပြီး ဝင်သွားတော့သည်။
ထိုဝိညာဉ်တမန်တော်မှာမူ လူအုပ်ထဲသို့ တိုးဝင်လာသော နောက်ထပ် ဝိညာဉ်တစ်ခုကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ပြန်သည်။
'ဘုန်း'
🫧 Chapter 58
ငရဲတံခါးပိတ်ရန် နာရီဝက်သာ လိုတော့ကာ တစ်မြို့လုံးရှိ ယင်ချီ အငွေ့အသက်များမှာ ပိုမိုသိပ်သည်းလာပြီး ဝိညာဉ်ပေါင်းစုံမှာ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။
ဇူလိုင်၊ သြဂုတ်လ၏ ပူပြင်းသော ရာသီဥတုဖြစ်သော်လည်း လမ်းပေါ်ရှိ လူများမှာ အောက်တိုဘာလ၏ အေးစိမ့်မှုကို ထူးထူးခြားခြား ခံစားနေရ၏။
"ဒီအတိုင်းဆို မဖြစ်တော့ဘူး၊ အားလုံး အတူတူတိုးကြစို့"
အချို့ဝိညာဉ်များမှာ ဝိညာဉ်တမန်တော်များကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း သိသဖြင့် အနီးနားရှိ အဖော်များနှင့် လူစုလိုက်ကြသည်။
လေးငါးကောင်၊ သို့မဟုတ် ရှစ်ကိုးကောင် စုဖွဲ့ပြီးနောက် တစ်ပြိုင်နက် ပြေးထွက်ကြတော့သည်။
ဝိညာဉ်တမန်တော်များ တားဆီးသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် တစ်ကောင်နှစ်ကောင်တော့ လွတ်အောင် ရုန်းနိုင်မည်ဟု သူတို့ တွေးထားကြသည်။
"ဟားဟားဟား၊ အခုတော့ မင်းတို့ ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့"
လူစုထားသော ဝိညာဉ်များကြားမှ ရယ်မောသံများ ထွက်ပေါ်လာပြီး လေထဲတွင် ပဲ့တင်ထပ်သွားသည်။
နောက်တစ်စက္ကန့်တွင် ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်ဝါးကြီးတစ်ခု အပေါ်ယံမှ ပေါ်လာကာ ထိုဝိညာဉ်အုပ်စုကို တည့်တည့်ချိန်ကာ ရိုက်ချလိုက်တော့သည်။
'ဖတ်'
ဝိညာဉ် ရှစ်ကောင်ခန့်မှာ နံရံပေါ်သို့ ကပ်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ တစ်ရွေ့ရွေ့ လျောကျကာ ပျော့ခွေသွားကြသည်။
ပထမတန်းစား ဝိညာဉ်တမန်တော်မှာမူ တစ်မြို့လုံး၏ အထက်တွင် တစ်လက်မမျှ မရွေ့ဘဲ ရပ်မြဲအတိုင်း ရပ်နေဆဲဖြစ်သည်။
သူသည် လက်တစ်ဖက်ကို နောက်ပစ်ထားကာ အပေါ်စီးမှ အခြေအနေကို ကြည့်နေသည်။
သူ့ခြေဖဝါးအောက်တွင် ပြင်းထန်သော ဝိညာဉ်စွမ်းအား ဝဲဂယက်များ ရှိနေသည်။
လူ့လောကသို့ စတင်ရောက်ရှိကတည်းက သူ၏ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ထားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဝိညာဉ်များ ပိုမိုရူးသွပ်လာသည်ကို မြင်သောအခါ သူ၏ ဝိညာဉ်စွမ်းအားများသည် ပိုမိုသိပ်သည်းလာပြီး တစ်မြို့လုံး၏ အထက်တွင် အကာအကွယ် အလွှာတစ်ခုသဖွယ် ဖြစ်လာသည်။
လမ်းပေါ်ရှိ လူများသာ မြင်နိုင်မည်ဆိုလျှင် အထက်တွင် မြင်နေရသည်မှာ ကောင်းကင်ယံမဟုတ်ဘဲ လှိုင်းထနေသော အနက်ရောင် တိမ်ပင်လယ်ကြီး ဖြစ်နေသည်ကို တွေ့ရပေမည်။
[ဝါး၊ ငါတော့ ကမ္ဘာပျက်တော့မလို ခံစားနေရတယ်]
[အဖွဲ့ခေါင်းဆောင်ဆိုတာ တကယ်ကို မတူဘူးပဲ၊ လက်တစ်ချက် လှုပ်တာနဲ့ကို ပွဲကြီးပွဲကောင်းပဲ]
[ခုနက လက်ဝါးကြီး ထွက်လာတုန်းက ငါတော့ လန့်ပြီး ဘောင်းဘီထဲ ထွက်ကျမလို့ပဲ]
[တူတူပဲ၊ ဒီ Live ကို စကြည့်ကတည်းက ငါ ဘောင်းဘီတွေ ခဏခဏ လဲနေရတယ်]
လမ်းပေါ်ကလူတွေ မမြင်ရသော်လည်း Live ထဲက ကြည့်ရှုသူများမှာတော့ အကုန်မြင်နေရသည်။
ဝိညာဉ်အုပ်စုကြီး ပြေးထွက်လာချိန်တွင် အထက်က တိမ်ပင်လယ်ထဲမှ ဧရာမ လက်ဝါးကြီး ထွက်လာပြီး ရိုက်ချလိုက်ခြင်းဖြစ်သည်။
ဝိညာဉ်အားလုံးမှာ အသံတောင် မထွက်နိုင်ဘဲ တစ်ခါတည်း အကုန်မိသွားကြသည်။
ယခုအခါ လမ်းမပေါ်တွင် ဝိညာဉ်များ ရုန်းရင်းဆန်ခတ် ဖြစ်နေသလို၊ ကောင်းကင်ယံတွင်လည်း အနက်ရောင် တိမ်တိုက်များ လှိုင်းထနေသည်။
တိုက်ခတ်လာသော လေထဲတွင်လည်း အေးစိမ့်သော အငွေ့အသက်များ ပါဝင်နေသဖြင့် ကမ္ဘာပျက်တော့မည့် အလားပင် ဖြစ်နေ၏။
ကုတင်ပေါ်တွင် ကွေးနေသော ကြည့်ရှုသူများသည် မသိစိတ်ဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်မိကြသည်။
သို့သော်သူတို့သည် ကြယ်အချို့နှင့်အတူ မှောင်ပြာရောင် ကောင်းကင်ယံကြီးကိုသာ မြင်ရဆဲဖြစ်သည်။
အဝေးက လမ်းမပေါ်နှင့် အိမ်ရာဝင်းလေးထဲတွင် မီးရောင်များ လင်းထိန်နေဆဲဖြစ်ပြီး ကြယ်ကလေးများ လင်းနေသလိုပင်။
အပြင်လောကကို ကြည့်ပြီး Live ထဲ ပြန်ကြည့်လိုက်သောအခါ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုလို ဖြစ်နေသည်။
ကြည့်ရှုသူများသည်လည်း သူတို့၏ စောင်လေးများကို မသိစိတ်ဖြင့် ပို၍ တင်းတင်းပတ်လိုက်ကြသည်။
[ငရဲပြည်က Live ဆိုတာ တကယ်ပဲ... အမိုက်စားပဲ]
[လန့်လွန်းလို့ ဘေးက မိန်းမကို အမြန်ဖက်ထားလိုက်ရတယ်]
[လန့်လွန်းလို့ ဘေးက ခွေးလေးကို အမြန်ဖက်ထားလိုက်ရတယ်]
[...ငါကတော့ လေကိုပဲ ပြန်ဖက်လိုက်ရတယ်]
ကောင်းကင်ယံတွင် ဧရာမ လက်ဝါးကြီးများသည် တိမ်တိုက်များထဲမှ အဆက်မပြတ် ထွက်ပေါ်လာပြီး ရိုက်ချလိုက်တိုင်း ဝိညာဉ်များစွာ လွင့်ထွက်သွားသည်။
ဝိညာဉ်တွေ ဘယ်လိုနည်းဗျူဟာတွေ သုံးသုံး ထိုလက်ဝါးကြီးတွေရဲ့ ရိုက်ထုတ်မှုကို မလွတ်နိုင်ကြပေ ၊ တစ်ချက်ရိုက် တစ်ကောင်မိပင် ဖြစ်နေ၏။
ထိုပထမတန်းစား ဝိညာဉ်တမန်တော်မှာမူ လက်တစ်ဖက်ကိုပင် မလှုပ်ဘဲရပ်နေဆဲဖြစ်သည်။
တိုက်ခတ်လာသော လေကြောင့် ဝတ်ရုံစများမှာ တဖျတ် ဖျတ်လွင့်နေသည်။
ထိုတည်ငြိမ်နေသော ပုံစံမှာ ဝိညာဉ်များကို တားဆီးနေသည်နှင့် မတူဘဲ ဆူညံနေတဲ့ ခြင်များကို ရိုက်နေသကဲ့သို့ဖြစ် နေ၏။
တစ်ကောင်ချင်းစီ ပြေးထွက်လာသော ဝိညာဉ်များကိုလည်း အောက်ခြေရှိ ဝိညာဉ်တမန်တော်များက ငရဲတံခါးထဲသို့ တစ်ကောင်ပြီးတစ်ကောင် ရိုက်သွင်းလိုက်ကြသည်။
ထိုဝိညာဉ်များ၏ အော်ဟစ်သံများသည် နာကျင်မှု အသံများအဖြစ်သို့ ပြောင်းလဲသွားပြီး 'ဘုန်း ဘုန်း' မြည်သံများမှာလည်း မရပ်မနား ထွက်ပေါ်နေသည်။
လမ်းမပေါ်တွင် ရဲရင့်ပြတ်သားသော ဝိညာဉ်တမန်တော်များကို ကြည့်ရင်း ဝိညာဉ်အတော်များများ ကြောင်အမ်းသွားကြသည်။
'ဒါ သူတို့ သိထားတဲ့ ဝိညာဉ်တမန်တော်တွေ ဟုတ်ရဲ့လား'
' သူတို့ မှတ်မိသလောက် ဝိညာဉ်တမန်တော်တွေက တည်ကြည်ပေမယ့် စကားပြောလို့ ရကြပါသေးတယ်'
ဤကဲ့သို့ တစ်ဖက်သတ် နှိမ်နင်းနေသည့် မြင်ကွင်းကို မြင်ပြီးနောက် ဝိညာဉ်များစွာ၏ ရူးသွပ်မှုများ ငြိမ်ကျသွားပြီး လက်တွေ့ဘဝကို မြင်လာကြသည်။
ထိုနေရာသည် သူတို့ ကဲလို့ရတဲ့ နေရာမဟုတ်မှန်း သိသွားကြသဖြင့် တံတွေးကို မြိုချကာ ငရဲတံခါးထဲသို့ တိတ်တဆိတ် ပြန်ဝင်သွားကြတော့သည်
[ငါတော့ ဒီဝိညာဉ်တွေကို သနားတောင် သနားလာပြီ...]
[တူတူပဲ]
[အခုဆိုရင်တော့ ကျွန်တော်တို့ရဲ့ နံပါတ် (၇) ပြိုင်ပွဲဝင်၊ လမ်းကြားထဲက ထွက်လာပါပြီ သူက ၂၄ နာရီ ဖွင့်တဲ့ဆိုင်ကို ကြည့်ပြီး ခြောက်လှန့်ဖို့ အသင့်ပြင်နေပါတယ်...]
[အိုး၊ သူ လှုပ်ရှားပြီ လှုပ်ရှားပြီ]
[အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဝိညာဉ်တမန်တော်ကြီးက သူ့ကို မြင်သွားပါပြီ... ဝင်သွားပြီ ဝင်သွားပြီ၊ သူ ဝင်သွားပါပြီ]
Live Room ထဲတွင် အစက ကြောက်လန့်နေသူများသည် ယခုအခါ ပြန်လည် တည်ငြိမ်လာပြီး အဆာပြေစားရင်း ကြည့်နေကြသည်။
'ပိုင်ရီရှန်းကျင့်' ဆိုသည့် အမည်နှင့် ကြည့်ရှုသူတစ်ဦးက စာသားဖြင့် တိုက်ရိုက်သတင်းပေးပို့မှုများပင် လုပ်နေတော့ သည်။
[နောက်ထပ် ကျွန်တော်တို့ရဲ့ နံပါတ် (၉) ပြိုင်ပွဲဝင်ပါ။ သူကတော့ လူသားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ ပုန်းနေပြီး ဝိညာဉ်တမန်တော်တွေရဲ့ မျက်စိအောက်ကနေ လွှတ်နိုင်မယ်လို့ ထင်နေပုံရတယ်...]
[ပါးနပ်တဲ့ ဝိညာဉ်တမန်တော်ကြီးက မြင်သွားပါပြီ လက်တစ်ဖက်နဲ့ မလိုက်ပြီး ငရဲတံခါးထဲကို တည့်တည့်ကြီး ပစ်ထည့်လိုက်ပါပြီ]
[နောက်ထပ် ဂိုးတစ်ဂိုး ထပ်ဝင်သွားပြန်ပါပြီ]
[ဟားဟားဟားဟား၊ ငါတော့ သောက်လက်စ ရေတွေ ဖုန်းမျက်နှာပြင်ပေါ် ပန်းထွက်ကုန်ပြီ]
မူလက အေးစိမ့်ခြောက်ခြားစရာ မြင်ကွင်းဖြစ်သော်လည်း ကြည့်ရှုသူများ၏ စာများကို ဖတ်လိုက်ရသည့်အခါတွင်တော့ အားလုံးမှာ စောင်ထဲတွင် လူးလှိမ့်ကာ ရယ်မောနေကြရတော့သည်။
အချို့ဖခင်များဆိုလျှင် စိတ်လှုပ်ရှားလွန်းသဖြင့် အိပ်ပျော်နေသော သားဖြစ်သူကို မချီကာ အပေါ်သို့ မြှောက်ပစ်ပြီး အောင်ပွဲခံနေကြသည်။
"ဟားဟားဟားဟား..."
ထို့နောက်သူသည် ချက်ချင်းပင် ဘေးက ဇနီးသည်၏ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။
"ရှင် ရူးနေလား၊ မိန်းမက ဘေးမှာရှိတာကို ဘာလို့ ကလေးကို သွားနှိုးနေတာလဲ"
Live Room ထဲတွင်တော့ ရယ်သံများ ဖုံးလွှမ်းနေသည်။
သို့သော် ထိုရယ်သံများ၏ နောက်ကွယ်တွင်တော့ စိတ်အေး ချမ်းမှုများ ရှိနေသည်။
ထိုဝိညာဉ်တမန်တော်များက ရှေ့တန်းကနေ ခိုင်မာသော ခံစစ်ကို တည်ဆောက်ထားပေးသောကြောင့်သာ သူတို့တွေ နောက်တန်းမှာ ပျော်ပျော်ပါးပါး စကားပြောနိုင်၊ လက်ဆောင်ပေးနိုင်ကြခြင်း ဖြစ်သည်။
ကွယ်လွန်သူမိသားစုဝင်များကို သွားရောက်တွေ့ဆုံသူများလည်း အနှောင့်အယှက်မရှိ အဆင်ပြေခဲ့ကြသည်။
ဝိညာဉ်တမန်တော်များကြောင့်သာ တစ္ဆေပွဲတော်သည် ကြောက်စရာ မကောင်းတော့ခြင်း ဖြစ်ပေသည်။
[ဘာမှ ပြောမနေတော့ဘူး၊ လက်ဆောင်တွေ ပေးလိုက်ပြီ]
[စက်ဘီးတစ်စီး လက်ဆောင်ပေးလိုက်ပြ
...
'ဒေါင်'
နောက်ဆုံးတွင် ၁၂ နာရီ ထိုးသည့် အသံ ထွက်ပေါ်လာသည်။
လေထဲတွင်ဖြစ်စေ၊ မြေပြင်ပေါ်တွင်ဖြစ်စေ ရှိနေသော ဝိညာဉ်တမန်တော် အားလုံးသည် တစ်ပြိုင်နက် ရပ်တန့်သွားကြသည်။
လက်နက်များကို သိမ်းကာ ငရဲတံခါးအနီးသို့ ပြန်လာကြသည်။
'ဒေါင်'
'ဒေါင်'
ဘယ်ကလာမှန်းမသိသော နက်ရှိုင်းပြီး ကျယ်လောင်လှသော ခေါင်းလောင်းသံကြီးမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်။
ငရဲတံခါးကြီးမှာ ဖြည်းဖြည်းချင်း ပိတ်လာပြီဖြစ်သည်။
ပုန်းနေသော ဝိညာဉ်များ၊ မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေသော ဝိညာဉ်များ အားလုံးထလာကြကာ တစ် ယောက်ယောက်က လိုက်ဖမ်းနေသကဲ့သို့ငရဲတံခါးထဲသို့ အတင်းတိုးဝင်ကြတော့သည်။
ထွက်လာတုန်းက ဘယ်လောက် စိတ်လှုပ်ရှားခဲ့သလဲ၊ အခု ပြန်ဝင်ရမှာကိုလည်း ထိုမျှလောက် စိတ်ပူနေကြသည်။
"ဖယ်ကြစမ်း ဖယ်ကြစမ်း ငါ့လမ်းကို မပိတ်နဲ့"
"မြန်မြန်လုပ်၊ တံခါးပိတ်တော့မယ်"
"ဟေ့... ဒီမှာ ကျန်ခဲ့တဲ့ ငါ့လက်မောင်းကို ဘယ်သူ ခိုးသွားတာလဲ မင်းမှာ လက်မရှိဘူးလား"