အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
🫧 Chapter 59
ဟုန်း
ခဏချင်း ငရဲတံခါးကြီးမှာ ပိတ်သွားပြီး လူ့လောကမှ ပျောက်ကွယ်သွားသည်။
ကျန်းလင်၏အဖွဲ့သည်လည်း ငရဲပြည်သွား လမ်းကြောင်းကို ဖွင့်လိုက်ကြသည်။
ထို့ကြောင့် သူတို့သည် အစီအရီတန်းစီကာ ငရဲပြည်သို့ ပြန်လာခဲ့ကြသည်။
လမ်းမပေါ်တွင် ဝိညာဉ်များ မရှိတော့သလို၊ တစ္ဆေပွဲတော်ကြောင့် များပြားနေသော အမွေအယွင်း အငွေ့အသက်များမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ကောင်းကင်ယံရှိ ဝိညာဉ်စွမ်းအား အတားအဆီးမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထို့နောက် အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီ။
တစ္ဆေပွဲတော်... ပြီးဆုံးသွားလေပြီ...
Live လွှင့်ခန်းမှ ကြည့်ရှုသူများမှာမူ ဇာတ်ရှိန်မသေသေးဘဲ ကျန်ရစ်ခဲ့ကြသည်။
[တံခါးပိတ်သွားတဲ့ အချိန်မှာ ရုတ်တရက်ကြီး ပြီးသွားသလို ခံစားရတယ်]
[ဟိုခေါင်းလောင်းသံက ဘာလဲ သိတဲ့လူ ရှိလား]
[အိပ်သင့်ပြီ... ဒါပေမဲ့ ငါ့ဦးနှောက်က မအိပ်ချင်သေးဘူးလို့ ပြောနေတယ်]
[နှစ်တိုင်းရဲ့ တစ္ဆေပွဲတော်က ဒီလိုပါလား၊ အခုမှပဲ ငါ ဒီလောက်အထိ အသက်ရှင်လာတာ ကံကောင်းမှန်း သိတော့တယ်]
[ဟားဟား၊ ငါ တစ္ဆေပွဲတော် ၂၂ ကြိမ်တောင်အောင်အောင် မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်ဟ]
ကျန်းလင် ငရဲပြည်သို့ ဝင်သွားသည်နှင့် Live လွှင့်ခန်းမှာ ပိတ်သွားသည်။
သို့သော် ကြည့်ရှုသူများမှာ ချက်ချင်းမထွက်သွားနိုင်ကြသေးပေ။
သူတို့၏ သက်တမ်းတစ်လျှောက်တွင် အခြားရှုထောင့်တစ်ခုမှ တစ္ဆေပွဲတော်ကို အစအဆုံး ကြည့်ခဲ့ရသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးပင်။
ထိုအချိန်အတွင်း ကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ထူးဆန်းအံ့သြခြင်းများ... သူတို့၏ ယခင်က သိထားသမျှ ဗဟုသုတများမှာ လုံးဝပြောင်းလဲသွားခဲ့သည်။
[မရတော့ဘူး၊ မရတော့ဘူး၊ အိပ်မပျော်ဘူး၊ ကဲကြစို့]
[ငါလည်း ပါမယ်]
အရည်အချင်းရှိကြသော ကြည့်ရှုသူများသည် စောင်ထဲမှ ထကာ ကွန်ပျူတာများကို ဖွင့်လိုက်ကြသည်။
ထို့နောက် ဖန်တီးမှုများကို စတင်ကြတော့သည်။
ပန်းချီဆရာများသည် ပန်းချီကားချပ်များကိုဖြန့်ကာ စိတ်ဝင် စားစရာ အပိုင်းများကို Q-version (အရုပ်လေးများ) အဖြစ် ပုံဖော်ကြသည်။
နံရံထောင့်တွင် ဝိညာဉ်ခေါ်နေသည့် အပိုင်း၊ မျက်နှာကျက်ပေါ်တွင် ကခုန်နေသည့် အပိုင်း... နှင့် နောက်ဆုံးတစ်နာရီ၏ အကြီးအကျယ် နှိမ်နင်းမှုများ၊ ဝိညာဉ်တမန်တော် အားလုံး တစ်ပြိုင်နက် လှုပ်ရှားသည့် မြင်ကွင်းနှင့် အနက်ရောင် တိမ်တိုက်ထဲမှ ဧရာမလက်ဝါးကြီး ထွက်လာသည့် မြင်ကွင်းများမှာ သူ့ စုတ်ချက်အောက်တွင် ပေါ်လွင်လာသည်။
စာရေးနိုင်သူများကလည်း ကီးဘုတ်ကိုဖွင့်ကာ အလုပ်စကြသည်။
စိတ်ထဲတွင် တစ္ဆေပွဲတော်၏မြင်ကွင်းမျိုးစုံကို ပြန်လည်မြင်ယောင်ရင်း ကီးဘုတ်ရိုက်သံများမှာ အခန်းထဲတွင် ပျံ့နှံ့နေသည်။
သူတို့သည် တစ်နာရီအတွင်းမှာပင် စာလုံးရေ လေးငါးထောင်ခန့် ရိုက်နိုင်ခဲ့ကာ အခန်းတစ်ခန်း ရေးပြီးတိုင်း တင်လိုက်ကြသည်။
ခဏအတွင်းမှာပင် အိပ်မပျော်နိုင်သော အခြားသူများက လာရောက် Like ပေးကြပြီး မှတ်ချက်ကဏ္ဍတွင် လူစုမိသွားကြသည်။
နောက်တစ်နေ့တွင်တော့
#GhostFestival ဆိုသည့် Tag မှာ ရေပန်းစားမှု (Hot Search) ထဲတွင် ထိပ်ဆုံးမှ ပါလာသည်။
ကြည့်ရှုသူများ ညလုံးပေါက်ဖန်တီးထားသော လက်ရာများသည် လူမှုကွန်ရက် အသီးသီးတွင် ကြည့်ရှုမှု အကြိမ်ရေ သန်းနှင့်ချီ ရှိနေသည်။
ဖန်တီးမှု ခေါင်းစဉ်များမှာလည်း ထုံးစံအတိုင်းပင်
ဥပမာ - "တစ္ဆေပွဲတော်မှာ မင်း ဘောင်းဘီလဲခဲ့ရလား"
သို့မဟုတ် "မနေ့ညက ငါ့ဘေးအိမ်က အစ်ကိုကြီး ရယ်လွန်းလို့ ဆေးရုံတောင် ရောက်သွားတယ်"
ထိုလက်ရာများကြောင့် အကြောင်းစုံမသိသော အခြားသူ များလည်း စိတ်ဝင်တစား ရောက်ရှိလာကြသည်။
မနေ့ညက ကြည့်ထားသူများကလည်း နောက်တစ်ခါ ပြန်ကြည့်ရင်း ရယ်မောနေကြဆဲပင်။
မှတ်ချက်ကဏ္ဍတွင်လည်း "တကယ့် ငရဲပြည်ပဲ" "နောက်တစ်ခါ ထပ်ကြည့်ချင်တယ် ဟားဟား" ဆိုသည့် စာများဖြင့် ပြည့်နှက်နေသည်။
ဗိုက်အောင့်နေသော ဝိညာဉ်နှင့် အစာကြေဆေး အပိုင်းကို မြင်ရသောအခါတွင်မူ အားလုံးမှာရယ်မောပြီးနောက် ခဏတာ တိတ်ဆိတ်သွားကြသည်။
ထို့နောက် မိမိတို့၏ကွယ်လွန်သွားသော မိသားစုဝင်များကို သတိရလာကြသည်။
နှစ်စဉ် ပူဇော်ပွဲများလုပ်သည့်အခါတွင်လည်း... အချိန်ကြာလာသည်နှင့်အမျှ ဘယ်သူတွေကို မေ့လျော့လာခဲ့ကြသလဲ ဆိုသည်ကို ပြန်တွေးမိကြသည်။
'သူတို့ မေ့လုနီးပါး ဖြစ်နေသော၊ ဂရုမစိုက်တော့သော ထိုသူများသည်လည်း အောက်မှာ ဗိုက်မဝဘဲ နေနေရသလား'
သူတို့သည် မိသားစုဝင်စာရင်းများကို ပြန်ကြည့်ကြသကဲ့သို့၊ အိမ်ရှိလူကြီးများကိုလည်း ပြန်လည် မေးမြန်းကြသည်။
ထိုအခါမှသာ တကယ်ပင် အိမ်ရှိ လူကြီးများပင် မှတ်ဥာဏ် ဝေဝါးနေပြီဖြစ်သော ဆွေမျိုးများစွာရှိနေသည်ကို တွေ့လိုက်ရသည်။
မျိုးဆက်တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားသည်နှင့်အမျှ လူများစွာမှာမေ့လျော့ခံရမည်မှာ ဧကန်ဖြစ်သည်။ လုံးဝပျောက် ကွယ်သွားသည်အထိပင်။
...
နောက်ပိုင်းတွင် ကြားသိရသည်မှာ ထိုနေ့၌ အမွှေးတိုင်နှင့် ပူဇော်စရာ လုပ်ငန်းများ၏ရောင်းအားမှာ စံချိန်သစ်တင်ခဲ့သည်ဟူ၍ဖြစ်သည်။
လူများစွာမှာ မိမိတို့ မိသားစုဝင်များကို ပူဇော်ပြီးနောက် ပြန်မသွားကြသေးပေ။
ကွင်းပြင် တစ်နေရာတွင် အမွှေးတိုင်များကို ဆက်လက် ထွန်းညှိကာ စက္ကူငွေများကို အများအပြားရှို့ပေးခဲ့ကြသည်။
မေ့လျော့ခံထားရသူများလည်း အနည်းငယ်ရရှိကာ အောက်မှာ ကောင်းကောင်းမွန်မွန်နေနိုင်ရန်သာ သူတို့ မျှော်လင့်ကြသည်။
...
[တင်း Host သည် နေ့စဉ်တာဝန်ဖြစ်သော 'ငရဲပြည် ယဉ် ကျေးမှုကို ပြန့်ပွားစေခြင်း' ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်၊ အမှတ် +၂၀၀ ရရှိပါသည်]
[တင်း~ Host သည် နေ့စဉ်တာဝန်ဖြစ်သော 'ယုံကြည်မှုစိတ် ဓာတ် အမှတ် ၁၀၀၀' ကို အောင်မြင်စွာ ရရှိခဲ့ပါသည် (၃/၃)]
[တင်း~ Host သည် နေ့စဉ်တာဝန်ဖြစ်သော 'Live ၂ နာရီ လွှင့်ခြင်း' ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်၊ အမှတ် +၆၀၀ ရရှိပါသည်]
တစ္ဆေပွဲတော် ပြီးဆုံးပြီးနောက် ကျန်းလင်သည် System ၏ အကြောင်းကြားသံကို ရရှိလိုက်သည်။
လူ့လောကတွင် စည်ကားနေသော်လည်း တစ္ဆေပွဲတော်အပြီးတွင် ငရဲပြည်မှာမူ အတော်ကြာ တိတ်ဆိတ်သွားသည်။
ဝိညာဉ်တော်တော်များမှာ ယခုအခါ ဝိညာဉ်တမန်တော်ကို မြင်လိုက်သည်နှင့် တုန်ယင်လာကြသည်။
သို့မဟုတ် ဝိညာဉ်တမန်တော်၏အရိပ်ကို မမြင်ရတော့သည်အထိ ပြေးသွားကြတော့သည်။
ယခုအခါ ကျန်းလင် ဝိညာဉ်ဈေးထဲတွင် လမ်းလျှောက်လျှင် ဘေးပတ်ပတ်လည်မှာ ဟာလာဟင်းလင်း ဖြစ်နေသည်။
အချို့ဆိုလျှင် သူ့ကို မြင်သည်နှင့် အတင်းအော်ဟစ်တော့ သည်။
အဝေးက ဝိညာဉ်တမန်တော်များက ကြားလျှင် တစ်ခုခုဖြစ်နေပြီဟုပင် ထင်မိကြသည်။
"ဟားဟား၊ ဒီဝိညာဉ်တွေက တော်တော်ကြောက်တတ်တာပဲ"
ဝိညာဉ်တစ်ခုကို ထပ်မံ ခြောက်လှန့်ပြီးနောက် 'ဟေးဝူချန်' တစ်ဦးဖြစ်သည့် ရွှီရှိူ့စစ်က အကျယ်ကြီးရယ်မောလိုက်သည်။
ကျန်းလင် ခေါင်းညိတ်ပြကာ "ဒါလည်း ကောင်းတာပါပဲ၊ ဒီရက်ပိုင်းတော့ အလုပ်နည်းနည်း ပါးသွားမှာပေါ့" ဟု ပြောလိုက်သည်။
ရွှီရှို့စစ်မှာ ကျန်းလင်နှင့် စကားပြောဖြစ်သော လူနည်းစုထဲက တစ်ယောက်ဖြစ်သည်။
သို့သော် သူ့ အလုပ်မှာ ကျန်းလင်ထက် ပိုအန္တရာယ်များ သည်။
နေ့စဉ် အလုပ်များအပြင် သူသည် အခြားသူများနှင့် အဖွဲ့ဖွဲ့ကာ တာဝန်ဌာနမှ ခက်ခဲသောတာဝန်များကိုလည်း လုပ်လေ့ရှိသည်။
ကျန်းလင်သည် သူ့အား ဒဏ်ရာများနှင့် ပြန်လာသည်ကို အကြိမ်ကြိမ် တွေ့ဖူးသည်။
သူ ပြောလေ့ရှိသည်မှာ သူသည် မိမိကိုယ်တိုင်အတွက်သာမက ဇနီးနှင့် သားဖြစ်သူကိုပါ ကျွေးမွေးရမည်ဟူ၍ ဖြစ် သည်။
ဘယ်သူမှ သူ့ကို မတိုက်တွန်းသော်လည်း သူတို့အတွက် ပိုကောင်းသောဘဝကို ပေးချင်ရုံသာ ဖြစ်သည်။
ကျန်းလင်သည် ထိုခံစားချက်ကို အပြည့်အဝ နားမလည်သော်လည်း အနည်းနှင့်အများတော့ ကိုယ်ချင်းစာနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ရွှီရှို့စစ် မူးနေချိန်တွင် ပြောပြဖူးသော စကားများကြောင့်ဖြစ်သည်။
ထိုစဉ်က သူတို့ရွာမှာ ရေကြီးသဖြင့် သီးနှံများ ပျက်စီးကုန်ကာ စားစရာမရှိတော့ပေ။
သစ်ခေါက်၊ သစ်မြစ်... စားလို့ရတာ အကုန်ကုန်သွားပြီးနောက် မိသားစုဝင် အားလုံးတစ်ယောက်ပြီးတစ်ယောက် ငရဲပြည်သို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ယခုအခါ စားဝတ်နေရေး မပူရသော်လည်း အစားအသောက်အပေါ် တောင့်တမှုမှာမူ ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာအထိ စွဲထင်နေဆဲဖြစ်သည်။
ယခု တစ္ဆေပွဲတော် ပြီးသွားပြီ ဖြစ်သဖြင့် ဝိညာဉ်တမန်တော် အားလုံး နားချိန်ရနေကြသည်။
သူတို့နှစ်ယောက် ဝိညာဉ်ဈေးတွင် အတူတူစားသောက်ရင်း မကြာသေးမီက အကြောင်းများကို စကားပြောဖြစ်ကြသည်။
ရွှီရှို့စစ်သည် အရက်နှစ်ခွက် သောက်ပြီးနောက် သက်ပြင်းချကာ "တာဝန်ဌာနက တာဝန်တွေက ကောင်းတော့ ကောင်းပါတယ် ဒါပေမဲ့ အလုပ်ရှုပ်လွန်းတယ်"
"တာဝန် လွှဲပေးတဲ့ အခါတိုင်းမှာ အကြောင်းရင်း၊ ဖြစ်စဉ်၊ ရလဒ် စတာတွေကို အကုန်ဖြည့်ရတယ်"
သူက ကျန်းလင်ကို ကြည့်ကာ "မင်း အဲ့ဒီမြင်ကွင်းကို မြင်ယောင်ကြည့်စမ်း ၊တိုက်ခိုက်နေရင်းနဲ့ 'မင်း ဘာလို့ ဝိညာဉ် ဖြစ်သွားတာလဲ' ဆိုပြီး သွားမေးနေရတာလေ"
"ဒါက ရယ်စရာကြီး မဟုတ်ဘူးလား အကုန်လုံးက အငြိုးကြီးဝိညာဉ်တွေ ဖြစ်နေပြီကို ဘာအကြောင်းရင်းရှိဦးမှာလဲ"
"တကယ် ရက်စက်တဲ့ ဝိညာဉ်တွေနဲ့ တွေ့ရင် ဘယ်သူကမှ မင်းကို စကားပြောမှာ မဟုတ်ဘူး၊ တန်းပြီး တိုက်ခိုက်မှာပဲ"
"တစ်ခါတလေ အင်အား မထိန်းနိုင်လို့ အဲ့ဒီဝိညာဉ် သေသွားရင် ဘယ်သူ့ကို သွားမေးရတော့မှာလဲ"
"အဲ့ဒါကြောင့်ပဲ ဝိညာဉ်တမန်တော် အတော်များများအတွက် တာဝန်တွေက ပိုပြီးခက်ခဲကုန်တာ"
ကျန်းလင်ကတော့ ငြိမ်သက်စွာ နားထောင်နေကာ ကြားဖြတ် ပြောဆိုခြင်း မရှိပေ။
ဤအကြောင်းကို စီနီယာအချို့ ပြောပြဖူးသဖြင့် သူလည်း ကြားဖူးသည်။
ဟိုးအရင်က တာဝန်ဌာနမှာ အကြောငအရာကို ဖြည့်စရာ မလိုခဲ့ပေ။
နောက်ပိုင်းတွင် ငရဲသားများ အားလုံး လွတ်သွားပြီးနောက်မှ ထိုစည်းကမ်း ပေါ်လာခြင်းဖြစ်သည်။
ယမမင်းကြီးသည် ထိုအာဃာတများ၏အရင်းအမြစ်ကို သိလို၍ဖြစ်မည်ဟု အချို့က ခန့်မှန်းကြသည်။
ဝိညာဉ်များ အသွင်ပြောင်းလဲရခြင်း၏ အရင်းခံအကြောင်း ရင်းကို သိရှိပြီးနောက် ငရဲပြည်နှင့် လူ့လောက၏ ပြဿနာများကို တစ်ခါတည်း ဖြေရှင်းရန် သတင်းအချက်အလက်များ စုဆောင်းနေခြင်းဖြစ်နိုင်သည်။
သို့သော်
ဤအရာက မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလို့ပင် ဆိုသည်ကို အားလုံး သိကြသည်။
"ဟူး"
ရွှီရှို့စစ် သက်ပြင်းအရှည်ကြီး ချလိုက်ရင်း နောက်ဆုံး လက်ကျန်အရက်ကို သောက်လိုက်သည်။
ထို့နောက် မတ်တပ်ရပ်ကာ "ကဲ၊ ငါ တာဝန်သွားလုပ်တော့မယ် သူတို့နဲ့ ချိန်းထားတာ ရှိတယ်"
ကျန်းလင်လည်း ထရပ်လိုက်ရင်း "ငါလည်း သွားတော့မယ် မင်းလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး မင်းမှာ မိသားစု ရှိသေးတယ်နော်"
"ငါ သိပါတယ်"
ရွှီရှို့စစ် က ကျန်းလင်၏ ပခုံးကို ပုတ်ကာ "ကျေးဇူးပဲ သူငယ်ချင်း မင်းတစ်ယောက်ပဲ ငါ့ရဲ့ ဒီလို စကားတွေကို နားထောင်ပေးတာ"
အချို့စကားတွေက ပြင်ပလူကို ပြောလို့မရသလို၊ မိသားစုကိုလည်း ပြောပြလို့ မရပေ။
သူငယ်ချင်း အချင်းချင်းမှသာ စိုးရိမ်ပူပန်မှုတွေမရှိဘဲ ပြောနိုင်ခြင်းဖြစ်သည်။
ဝိညာဉ်ဈေး၏အဝင်ဝတွင် နှုတ်ဆက်ပြီးနောက် ကျန်းလင်လည်း အလုပ်စတင်တော့သည်။
သူ့စာအုပ်ပေါ်တွင် အချက်အလက် နှစ်ခုပေါ်လာပြီဖြစ် သည်။
အမည် - လျန်ကျန့်
အသက် - ၃၂
အလုပ်အကိုင် - ရဲ...
🫧 Chapter 60
[Host ရေ ဒီနေ့ ဘာလုပ်မှာလဲ]
[အိတ်နဲ့ လိုက်စွပ်ဦးမှာလား၊ ကျွန်တော်ကတော့ အဲ့ဒါကို သဘောကျတယ် (ခွေးခေါင်းပုံစံ emoji)]
[ဒီမနက်တင် အမေက မေးတယ်၊ ဘာလို့ ဘောင်းဘီတွေ ခဏခဏ လျှော်နေရတာလဲတဲ့...]
Live စလွှင့်သည်နှင့် ကြည့်ရှုသူအမြောက်အမြား ချက်ချင်း တိုးဝင်လာကြသည်။
ယခု ဇူလိုင်၊ ဩဂုတ်လသည် နွေရာသီကျောင်းပိတ်ရက်ဖြစ်သဖြင့် ကြည့်ရှုသူအတော်များများ အားလပ်နေကြသည်။
နေ့စဉ် Live ကြည့်ခြင်းမှာ သူတို့အတွက် ပုံမှန်အစီအစဉ်တစ်ခု ဖြစ်လာခဲ့ပြီပင်။
မိနစ်အနည်းငယ်အတွင်းမှာပင် ကြည့်ရှုသူအရေအတွက်မှာ လေးငါးသောင်းအထိ ရှိလာသည်။
"တစ္ဆေပွဲတော်က ပြီးသွားပါပြီ ထပ်ကြည့်ချင်ရင်တော့ နောက်နှစ်မှ စောင့်ကြည့်ပါ"
ကျန်းလင် တက်ကြွနေသော မှတ်ချက်များကို ကြည့်ရင်း ရှင်းပြလိုက်သည်။
"ဒီနေ့ကတော့ ပုံမှန်အလုပ်အတိုင်းပါပဲ၊ ကွယ်လွန်သူဝိညာဉ်တွေကို သွားရောက်ခေါ်ဆောင်ရမှာပါ"
ပြောပြောဆိုဆိုနှင့်ပင် သူသည် ငရဲပြည်လမ်းကြောင်းကို ဖွင့်ကာ လူ့လောကသို့ ရောက်ရှိလာခဲ့သည်။
Live မြင်ကွင်းတွင် ပေါ်လာသည်မှာ မြင့်မားသော အဆောက် အအုံကြီးများ မဟုတ်တော့ဘဲ အနိမ့်အမြင့်မညီညာသော အိမ်လေးများသာဖြစ်သည်။
ထိုအိမ်များသည် မြို့ကြီးပြကြီးများကဲ့သို့ ခမ်းနားထည်ဝါခြင်းမရှိပေ။
ပြတင်းပေါက်အပြင်ဘက်မှ အပြာရောင် ပလတ်စတစ် မိုးကာပြားများဖြစ်စေ၊ ကွာကျနေသော နံရံဆေးသားများဖြစ်စေ... ထိုနေရာ၏ အခြေအနေကို ဖော်ပြနေကြသည်။
အဝေးသို့ လှမ်းကြည့်လိုက်လျှင် မြစ်ကြီးတစ်စင်းရှိပြီး မြစ်ကမ်းဘေးတွင် အချို့က ပလုံး (ခြင်းတောင်း) များ လွယ်ကာ၊ အချို့က ပေါက်တူးများ ကိုင်ဆောင်ထားကြသည်။
သူတို့သည် လယ်တောထဲမှ အလုပ်သိမ်းပြီး ပြန်လာကြခြင်း ဖြစ်ပုံရသည်။
[မြို့ပြင်က လူနေရပ်ကွက်လား၊ ဒါမှမဟုတ် မြို့စွန်နေရာလား]
[ပုံမှန် Live တွေကိုလည်း သဘောကျတယ်... ဒီနားက ရင်းနှီးနေသလိုပဲ]
[အပေါ်ကလူ သတိထားဦးနော်၊ မင်းအိမ်နား ဖြစ်နေဦးမယ်]
[ဒီနေရာကို ငါသိတယ်၊ မြို့စွန်က မြို့နယ်လေးပဲ အရင်က သူငယ်ချင်းတွေနဲ့ ငါးသွားမျှားဖူးတယ်]
[ကျောင်းပိတ်ရက်ဆိုတော့ အမေနဲ့အတူ ဖရဲသီးခင်းက ပြန်လာတာပဲ ရှိသေးတယ်..
ကြည့်ရှုသူများသည် ထိုင်ခုံလေးများပြင်၊ အေးခဲထားသော ဖရဲသီးများကို ဝယ်ကာ အားရပါးရ စားရင်း စောင့်ကြည့်နေကြ၏။
သူတို့၏ စိတ်ထဲတွင် တွေးနေကြသည်မှာ နွေရာသီမှာ ဖရဲသီးစားရတာက အကောင်းဆုံးပဲ။
လမ်းမထက်ရှိ စိမ်းလန်းစိုပြည်သော သစ်ပင်ရိပ်အောက်တွင် အဘိုးအိုအချို့သည် စားပွဲငယ်လေးတစ်ခုဖြင့် စစ်တုရင် ကစားနေကြသည်။
"အဘိုးတို့ ဆော့နေကြပြီလား"
ရဲဝတ်စုံဝတ်ထားသော ချောမောသည့် လူငယ်လေးတစ်ဦးမှာ ဆိုင်ကယ်ဖြင့် ဖြတ်မောင်းလာသည်။
သူ့မျက်နှာမှာ ခိုင်မာပြတ်သားပြီး လူငယ်သဘာဝ မရင့် ကျက်မှုများ ပျောက်ကွယ်ကာ ရင့်ကျက်သည့် အငွေ့အသက်များ လွှမ်းမိုးနေသည်။
"အိုး... ရှောင်လျန်ပါလား၊ ကင်းလှည့်နေပြန်ပြီလား"
အဘိုးအိုကမော့ကြည့်ကာ ပြုံးလိုက်သဖြင့် မျက်စိထောင့်မှ အရေးအကြောင်းများမှာ စုပြုံသွားတော့သည်။
လျန်ကျန့် ပြုံးကာ "အဘိုး ဒီနေ့ နိုင်တော့မှာလား" ဟု မေးလိုက်သည်။
"အဲ့ဒါပေါ့" အဘိုးအိုက ဂုဏ်ယူစွာပြောပြီးနောက် လက်ယမ်းပြလိုက်သည်။
"ကဲ ကဲ... မင်းအလုပ် မင်းသွားလုပ်တော့"
ပြောပြီးနောက် ရှေ့မှစစ်တုရင်ခုံကိုသာ အာရုံစိုက်နေတော့ သည်။
လျန်ကျန့်လည်း ဆက်မနှောင့်ယှက်တော့ဘဲ သူ့ ဆိုင်ကယ်လေးဖြင့် မြို့နယ်လေးအတွင်း ဆက်လက်ကင်းလှည့်နေခဲ့သည်။
မြို့နယ်၏တစ်ဖက်ခြမ်းမှ အခြားတစ်ဖက်ခြမ်းအထိ တစ်ပတ်ပြီးတစ်ပတ် ပတ်မောင်းနေသည်။ ထိုမြို့၌ တိုက်ခတ်လာသော လေတွင် နွေးထွေးသော အငွေ့အသက်များပင် ပါဝင်နေသည်။
'ဈေးထဲမှ ဆူညံသံများ၊ အဘိုးအိုတို့၏ စကားပြောသံများ၊ ကလေးငယ်များ၏ ကစားသံနှင့် တိရစ္ဆာန်လေးများ၏ အော်သံများ...'
ကင်းလှည့်သည်ဟု ဆိုသော်လည်း ဤမြို့နယ်လေးတွင် ထူးထူးခြားခြား အမှုကြီးအမှုငယ်များ မရှိသဖြင့် လေညင်းခံထွက်လာသည်နှင့် ပိုတူနေသည်။
ကျောင်းဆင်းခါစက လျန်ကျန့်မှာ စိတ်ပျက်မိခဲ့ဖူးသည်။
' ရဲသင်တန်းတက်စဉ်က ဘယ်သူကများ သူရဲကောင်းအိပ် မက် မရှိခဲ့လို့လဲ လူဆိုးတွေကို ဖမ်းဆီးမယ်၊ ရာဇဝတ်မှုတွေကို နှိမ်နင်းမယ်...'
သို့သော် ဤမြို့နယ်လေးတွင် အချိန်အတန်ကြာ နေထိုင်ပြီးနောက် သူ တဖြည်းဖြည်း နားလည်လာပြီး စိတ်နေစိတ်ထားလည်း ပြောင်းလဲလာခဲ့သည်။
'ရာဇဝတ်ကောင်တွေက ဘယ်မှာ ဒီလောက်အများကြီး ရှိနေမှာလဲ'
'သူရဲကောင်းတွေကကော ဘယ်မှာ ဒီလောက် အများကြီး ရှိနေမှာလဲ'
'ယခုမြင်တွေ့နေရသော ငြိမ်းချမ်းလှပသည့် မြင်ကွင်းသည်... သူတို့အလုပ်၏ အန္တိမပန်းတိုင် မဟုတ်ပါလား'
'နေထွက်လျှင် အလုပ်လုပ်၊ နေဝင်လျှင် နား'
' နေ့စဉ်ဘဝ၏ သေးငယ်သော ကိစ္စလေးများအတွက် စိတ်လှုပ်ရှား၊ ပူပန်ကြရင်း လူကြီးပိုင်းရောက်လျှင် သစ်ပင်ရိပ်အောက်မှာ လက်ဖက်ရည်သောက်ရင်း စကားပြောကြသည်'
'ဒီလိုနေ့ရက်တွေက အကောင်းဆုံးပါပဲ'
[ဟင်... Host က ဒီနေ့ ကျွန်တော်တို့ကို လည်ပတ်ပြနေတာလား]
[အမှန်အတိုင်း ပြောရရင် မြို့နယ်လေးတွေက ဘဝက တကယ်အေးချမ်းတယ် ငါ အငြိမ်းစားယူရင် အဲ့ဒီလို နေရာမျိုး သွားနေမယ်]
[ငါ့အဘိုးဆို မြို့ပေါ်ကို လုံးဝမလာချင်ဘူး၊ ဇာတိမြေက သူ့ရဲ့ ခေါင်းချရာနေရာပဲတဲ့]
[...မင်းတို့ သတိမထားမိကြဘူးလား၊ Host က လူတစ်ယောက်နောက်ကို လိုက်နေတာလေ]
[Host က လည်ပတ်နေတာ မဟုတ်ဘူး၊ အဲ့ဒီရဲလေး ကင်းလှည့်နေတာကို လိုက်ပြနေတာ]
အစပိုင်းတွင် ကြည့်ရှုသူများ၏အာရုံမှာ မြို့နယ်လေး၏ လှပသော မြင်ကွင်းများပေါ်တွင် ရောက်နေခဲ့သော်လည်း နောက်ပိုင်းတွင်မှ ရုတ်တရက် သတိပြုမိသွားကြသည်။
[ထိုမြင်ကွင်းအားလုံးတွင် လူတစ်ယောက်တည်း ပါဝင်နေသည်ကိုး]
[ဟာ ဒါဆို အဲ့ဒီရဲလေး တစ်ခုခုဖြစ်တော့မှာလား]
[ဒီမြို့နယ်လေးမှာ ဘာအမှုကြီး ဖြစ်နိုင်မှာမို့လို့လဲ။ ငါတော့ စဉ်းစားလို့ မရဘူး]
[သူက ငယ်ငယ်လေး ရှိသေးတာ၊ ဒါမှမဟုတ် ဖျားနေတာလား]
[Host က ဒီတိုင်း လည်ပတ်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းမိတယ်... စိတ်မကောင်းဘူး]
[ရဲတပ်ဖွဲ့ : ...ဆက်သွယ်နေဆဲ ဖြစ်သည်]
ရဲတပ်ဖွဲ့ဝင်အချို့သည် Live လွှင့်ခန်းကို အမြဲမပြတ်စောင့်ကြည့်နေသူများ ဖြစ်သည်။
သူတို့၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဦး Live ထဲတွင် ပါလာမည့်နေ့ကိုလည်း ကြိုတင်တွေးဆထားဖူးသည်။
ဖြစ်နိုင်လျှင် ထိုမှတစ်ဆင့် အမှုဖော်ထုတ်ခြင်း သို့မဟုတ် တရားခံဖမ်းခြင်းများတွင် အထောက်အကူ ရလိုကြသည်။
သို့သော် တကယ်တမ်း ထိုနေ့ရောက်လာသည့်အခါ သူတို့ အားလုံး တိတ်ဆိတ်သွားကြသည်။
ရဲတပ်ဖွဲ့ဝင်များသည် လျန်ကျန့်ရှိရာ စခန်းသို့ ချက်ချင်း ဆက်သွယ်ကာ သတင်းပို့လိုက်ကြသည်။
" ဒါ ဒါ တူ တူ"{သီချင်းညည်းသံ}
လျန်ကျန့်သည် မြစ်ကြီးနားတွင် ကင်းလှည့်နေသ၏။
ထိုမြို့နယ်အပြင်ဘက်တွင် ဆယ်မီတာကျော် ကျယ်သော မြစ်ကြီးတစ်စင်း ရှိသည်။
မတော်တဆမှုများ မဖြစ်ပွားစေရန် တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ကင်းလှည့်ရစမြဲ ဖြစ်သည်။
သီချင်းတအေးအေးနှင့် မောင်းနှင်နေစဉ် ရင်ဘတ်ရှိ ဝေါ်ကီတော်ကီမှ ရုတ်တရက် အသံထွက်လာသည်။
"လျန်ကျန့်၊ လျန်ကျန့်"
သူက လမ်းဘေးသို့ ဆိုင်ကယ်ရပ်လိုက်ပြီး "လျန်ကျန့်ပါ၊ ပြောပါခင်ဗျာ"
"မင်းကို Live ထဲမှာ တွေ့နေရတယ်၊ ဘယ်မှလျှောက်မသွားနဲ့၊ ငါတို့ အခု ချက်ချင်းလာခဲ့မယ်"
"Live ထဲမှာလား" လျန်ကျန့် ခဏတာကြောင်သွားသည်။
"မရဏလောကမှအံ့ဖွယ်နေ့ရက်များ live လေ"
"..."
လျန်ကျန့် မှင်သက်သွားပြီး ပတ်ဝန်းကျင်ကို ချက်ချင်း လှည့်ပတ်ကြည့်လိုက်သည်။
သူက မြို့ပြင်သို့ ရောက်နေသဖြင့် ပတ်ဝန်းကျင်တွင် လူတစ်ယောက်မှမရှိပေ။
လယ်ကွင်းထဲ ဆင်းသူများမှာလည်း အိမ်ပြန်ကုန်ကြပြီ ဖြစ် သည်။
"အဖွဲ့မှူး... စိတ်မပူပါနဲ့ ဖြစ်နိုင်တာက ကျွန်တော့်ကို အမှုတစ်ခုခုလာပေးတာ ဖြစ်မှာပါ၊ သေမှာက ကျွန်တော် မဟုတ်နိုင်ပါဘူး"
'ဒီမြို့နယ်လေးမှာ ဘာဖြစ်နိုင်မှာမို့လို့လဲ'
'လူဆိုးတွေ ပုန်းနေတာမျိုး ဖြစ်မှာပေါ့'
' ဒါက အမှုလာပေးတာ မဟုတ်ဘူးလား'
"..."
ဝေါ်ကီတော်ကီ၏ အခြားတစ်ဖက်မှ တိတ်ဆိတ်သွားသည်။
လျန်ကျန့်လည်း တစ်ဆက်တည်းမှာပင် သတိပြုမိသွားသည်။
အကယ်၍ တခြားသူ သေမည်ဆိုလျှင် ဝိညာဉ်တမန်တော်ကြီးက သူ့နောက်ကိုပဲ တစ်ကောက်ကောက် လိုက်နေမည် မဟုတ်ပေ။
သူက ပြုံးလိုက်ပြီး ဆိုင်ကယ်ကို လမ်းဘေးတွင် ရပ်လိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော် ဒီနားမှာပဲရှိနေပါမယ် အဖွဲ့မှူးတို့ လာတာကို စောင့်နေပါ့မယ်"
အမှန်တော့ အဖွဲ့မှူး ဖုန်းမဆက်လျှင်ပင် သူသည် ဤနေရာကို ကင်းလှည့်ပြီးပါက အိမ်ပြန်နားတော့မည်ဖြစ်သည်။
"အား "
ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေးသော်လည်း ရှေ့မှ အော်သံတစ်ခု ကြားလိုက်ရသည်။
"ကိုကို"
အသံမှာ သဲသဲကွဲကွဲ မရှိသော်လည်း ရေထဲသို့ တစ်ခုခုပြုတ်ကျသွားသည့် အသံနှင့်အတူ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လျန်ကျန့်သည် ရှေ့သို့ အရှိန်ကုန် ပြေးထွက်သွားတော့သည်။
ကွေ့တစ်ခုအရောက်တွင်
အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးနှစ်ဦး ရေထဲတွင် မျောပါနေသည်ကို တွေ့လိုက်ရသည်။
လေထဲတွင်မူ ကျန်းလင်လည်း နောက်မှ လိုက်ပါသွားသည်။
အားလုံးသည် လျန်ကျန့်၏လှုပ်ရှားမှုနှင့် ရှေ့တွင် ဖြစ်ပျက်တော့မည့် အခြေအနေကို မြင်တွေ့နေရသည်။
ဝေါ်ကီတော်ကီထဲမှ အဖွဲ့မှူးက အော်ပြောနေသည်။
"လျန်ကျန့်! မင်း စိတ်မလောနဲ့ဦး"
မကြာသေးမီက မိုးရွာထားသဖြင့် မြစ်ရေမှာ အလွန်အရှိန်ပြင်းနေသည်။
ခဏလေးအတွင်းမှာပင် ကလေးနှစ်ဦးမှာ မီတာအတော်များများအထိ မျောပါသွားပြီ ဖြစ်သည်။
"မမီတော့ဘူး ကျွန်တော် အရင်သွားပြီ၊ အဖွဲ့မှူးတို့ နောက်မှ လိုက်ခဲ့တော့"
စကားပြောနေစဉ်မှာပင် လျန်ကျန့်သည် မြစ်ကမ်းဘေးသို့ ရောက်ရှိသွားပြီး ဘာမှ တွေးတောမနေတော့ပေ။
ဝေါ်ကီတော်ကီကို ဖြုတ်ချကာ ရေထဲသို့ ခုန်ချလိုက်တော့ သည်။
'ဗွမ်း'
"လျန်ကျန့် လျန်ကျန့်"
"မြန်မြန် သူတို့ဆီကို အမြန်ဆုံးသွားကြစမ်း"
ဝေါ်ကီတော်ကီလေးမှာ မြက်ခင်းပေါ်တွင် ကျန်ရစ်ခဲ့သော် လည်း မည်သူမှ ပြန်မထူးတော့ပေ။