အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
🫧 Chapter 61
[မလုပ်ပါနဲ့]
[ဟိုမှာ ဘယ်သူရှိလဲ၊ မြန်မြန်သွားကြည့်ပေးကြပါဦး]
[ကျွန်တော့်ဒေါ်လေး အဲဒီနားမှာရှိတယ်! အခုပဲ ဖုန်းဆက်လိုက်မယ်]
[...]
လိုက်ဖ်လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာ အသည်းအသန် ဖြစ်ကုန်ကြသည်။
ချက်ချင်းပင် ထိုနေရာသို့ ပျံသန်းသွားချင်စိတ် ပေါက်နေကြပြီး အချို့မှာ စိုးရိမ်လွန်း၍ ငိုပင် ငိုနေကြပြီဖြစ်သည်။
မိမိကိုယ်ကိုယ် အန္တရာယ်ရှိမှန်း သိလျက်နှင့် သူ ဘာကြောင့် ရှေ့သို့ အတင်းတိုးဝင်သွားရသနည်း။
ဘာကြောင့်များ ထိုနေရာတွင် ကလေးငယ်နှစ်ယောက် ရှိနေရသနည်း။
မြို့ငယ်လေးအတွင်း ဈေးဝယ်နေသော အမျိုးသမီးကြီးတစ်ဦးထံသို့ ရုတ်တရက် ဖုန်းဝင်လာသည်။
"ဒေါ်လေး... အဲဒီမြစ်ကြီးနားကို မြန်မြန်သွားပြီး လူကယ်ပေးပါဦး သွားကူပေးပါဦး"
"ဟဲ့... နင်ကလည်း ဘာတွေလောနေတာလဲ၊ အေးအေးဆေး ဆေးပြောစမ်း"
အကျိုးအကြောင်း သိလိုက်ရပြီးနောက်တွင် ထိုအမျိုးသမီးကြီးမှာ လက်ထဲမှ ဟင်းသီးဟင်းရွက်များကို ပစ်ချကာ သူမ၏လျှပ်စစ်ဆိုင်ကယ်ကိုစီး၍ အမြန်ဆုံး မောင်းထွက်သွားတော့သည်။
နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ အိမ်တွင် လိုက်ဖ်ကြည့်နေသော ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကောင်လေးတစ်ဦးမှာလည်း ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်သည်။
ဖိနပ်ပင်မစီးနိုင်ဘဲ အောက်ထပ်သို့ ဒုန်းစိုင်းပြေးဆင်းသွား ၏။
သူ့ ဦးနှောက်တစ်ခုလုံးမှာ ထုံထိုင်းနေကာအော်ခေါ်လိုက်သည်
"မေမေ မေမေ... ဖေဖေ ဘယ်မှာလဲ"
ဆိုင်တွင် အလုပ်ရှုပ်နေသော မိခင်ဖြစ်သူက လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"ဦးလေးလေးဆီ ပစ္စည်းသွားပို့တယ်"
"ဘာလို့ အခုချိန်မှ မရှိရတာလဲ၊ ဘာလို့ မရှိတာလဲ အား..."
ကောင်လေး၏မျက်ရည်များမှာ ဝဲခနဲ ကျလာပြီး ရင်ထဲတွင်လည်း အားကိုးရာမဲ့သည့် ခံစားချက်များ ပြည့်နှက်နေသည်။
"ဘယ်သူဖြစ်ဖြစ် သူ့ကို ကယ်ပေးကြပါဦး အား..."
မိခင်ဖြစ်သူမှာ လန့်သွားပြီး "ဘာဖြစ်တာလဲ၊ အခုပဲ ဖုန်းဆက်မေးပေးမယ်"
ကောင်လေးမှာ မျက်ရည်ကို သုတ်ကာ အပြင်သို့ ပြေးထွက်သွား၏။
"ဖေဖေ့ကို မြို့ပြင်က မြစ်ကြီးနား မြန်မြန်သွားခိုင်းလိုက် သား အရင်သွားကယ်နှင့်မယ်"
မိခင်ဖြစ်သူက သူ့ကို အမြန်ဆွဲထားသည် "နင်က ဘာကို သွားကယ်မှာလဲ၊ သေချာပြောစမ်း"
"ဘာဖြစ်လို့လဲ"
ထိုစဉ် ဖခင်ဖြစ်သူမှာ ဆိုင်ထဲသို့ ဝင်လာသည်။ ကောင်လေးမှာ ဖခင်ဖြစ်သူကိုဆွဲကာ အပြင်သို့ ပြန်ပြေး၏။
"မြစ်ကြီး... မြစ်ကြီးနား မြန်မြန်သွားကယ်ရမယ်"
ဖခင်ဖြစ်သူမှာ အခြေအနေကို သိလိုက်သည်နှင့် မျက်နှာ ပျက်သွားကာ ဆိုင်ကယ်ပေါ်တက်၍ ဝုန်းခနဲ မောင်းထွက်သွားတော့သည်။
ဆိုင်ကယ်နောက်တွင် လိုက်ပါလာသော ကောင်လေးမှာ ရှိုက်ကြီးတငင် ငိုနေမိသည်။
"ဘာလို့လဲ... ဟီး... သူက ဘာလို့ ဒီလောက်တောင် အူကြောင် ကြောင်နိုင်ရတာလဲ..."
မိမိ၏နောက်ဆုံးရလဒ်ကို ကြိုသိနေပါလျက်နှင့် သူသည် နောက်ကြောင်းပြန်မလှည့်ဘဲ ရှေ့သို့ တိုးဝင်သွားခဲ့သည်။
သို့သော်... မည်သူကများ သူ့ကို ပြန်ကယ်ပေးနိုင်မည်နည်း။
...
မြစ်ကမ်းနားတွင်
ရေစီးမှာ အလွန်သန်သလို မြစ်မှာလည်း ကျယ်လှသည်။
လျန်ကျန့်သည် မိမိနှင့် အနီးဆုံးရှိသော မိန်းကလေးငယ်ကို အရင်ပွေ့ချီကာ ကမ်းစပ်သို့ ကူးခတ်လာသည်။
မိန်းကလေးကို ချပေးပြီးနောက် စကားတစ်လုံးပင် မပြောနိုင်အားပဲ အသက်ကို ဝအောင်တစ်ချက်ရှူကာ 'ဗွမ်း' ခနဲ မြစ်ထဲသို့ ပြန်လည်ခုန်ဆင်းသွားပြန်သည်။
ကမ်းစပ်တွင် ကျန်ရစ်ခဲ့သော ဝေါ်ကီတော်ကီထဲမှ လုပ်ဖော် ကိုင်ဖက်များ၏ အော်ဟစ်သံများထွက်ပေါ်နေသည်။
"လျန်ကျန့် တောင့်ခံထားဦး ငါတို့ လာနေပြီ"
"လျန်ကျန့်... အရှုံးမပေးနဲ့"
လုပ်ဖော်ကိုင်ဖက်များ၏အသံများမှာ ရှိုက်သံများ၊ အသံဝင်သံများဖြင့် ပြည့်နှက်နေသော်လည်း မြစ်ထဲမှ ပြန်တက်လာရန် သို့မဟုတ် ဆက်မဆင်းရန် မည်သူမှ မတားမြစ်ကြပေ။
အဘယ်ကြောင့်ဆိုသော် ထိုသို့တားမြစ်ခြင်းမှာ မဖြစ်နိုင်ကြောင်း သူတို့သိသောကြောင့် ဖြစ်သည်။
သူတို့ကိုယ်တိုင်သာ ဆိုလျှင်လည်း ဤကဲ့သို့ပင် လုပ်ဆောင်ကြမည်သာ။
နောက်ကြောင်းပြန်မလှည့်ဘဲ လူကယ်ခြင်းသည် သူတို့၏ တာဝန်ဖြစ်သလို၊ သူတို့၏ဂုဏ်သိက္ခာလည်း ဖြစ်သည်။
...
လိုက်ဖ်မြင်ကွင်းမှာ အလွန်ပင် ရှင်းလင်းလှသည်။ လျန်ကျန့်၏လှုပ်ရှားမှုတိုင်းကို ရိုက်ကူးထားနိုင်၏။
သူသည် ပထမမိန်းကလေးကို ကယ်တင်ပြီးချိန်တွင် အခြားကောင်လေးတစ်ဦးမှာ ရေစီးနှင့်အတူ ပိုမိုဝေးကွာသွားကာ လှုပ်ရှားမှုလည်း နည်းပါးလာပြီဖြစ်သည်။
လျန်ကျန့်သည် ထိုဘက်သို့ အစွမ်းကုန်ကူးခတ်သွားသော် လည်း သူ့ ခွန်အားများ ကုန်ခန်းနေပြီဖြစ်ကြောင်း သိသာလှသည်။
လက်မောင်းများဖြင့် ကူးခပ်ခြင်းမှာ အစပိုင်းကဲ့သို့ မသွက် လက်တော့ပေ။
သို့သော်နစ်မြုပ်တော့မည့် ကောင်လေးကို လျန်ကျန့်က အမိအရ ဆွဲဖမ်းလိုက်သည်။
"ကလေး... တောင့်ခံထားဦး"
ကောင်လေးကိုပွေ့ကာ ခဏမျှ ရှေ့သို့ ဆက်ကူးပြီးနောက် လျန်ကျန်း၏လှုပ်ရှားမှုများမှာ ဖြည်းဖြည်းချင်း နှေးကွေးလာသည်။
နောက်ဆုံးတွင်တော့ ရပ်တန့်သွားတော့သည်။
သူ့ မျက်နှာမှာ ဖြူဖျော့နေသော်လည်း...
"ကလေး... အရှုံးမပေးနဲ့နော်" ဟု သူက ပြောလိုက်သည်။
သူသည် ကောင်လေး၏နှာခေါင်းနှင့် ပါးစပ် ရေပေါ်ပေါ်နေစေရန် အစွမ်းကုန် ပင့်တင်ထားပေး၏။
"ရှင်လည်း တောင့်ခံထားပါဦး အရှုံးမပေးပါနဲ့"
"ဘယ်သူဖြစ်ဖြစ် သွားကူပေးကြပါဦး! ရဲတွေ မရောက်သေးဘူးလား"
"ဟိုနားမှာ ဘယ်သူရှိလဲ"
လိုက်ဖ်ကြည့်နေသူများမှာ မျက်ရည်များကို မထိန်းနိုင်ကြတော့ပေ။
သို့သော်လည်း မည်သူမှ မျက်ရည်သုတ်ရန် တစ်ရှူးမယူအားဘဲ မျက်ရည်များ ပါးပြင်ပေါ် စီးကျနေသည်ကို ခွင့်ပြုထားကြသည်။
သူတို့၏လက်များသာ လှုပ်ရှားနေကြကာ ဝေးကွာလှသော အရပ်ဒေသအသီးသီးမှ သူတို့ တတ်နိုင်သမျှ ကြိုးစားနေကြသည်။
ဖုန်းဆက်သူကဆက်၊ အော်ဟစ်သူကအော်နှင့် လူအများ အပြားမှာ ဖုန်းရှေ့တွင် အော်ဟစ်နေကြပြီး၊ လမ်းဘေးတွင် ရပ်ကာ ဆောင့်ကြောင့်ထိုင်၍ ငိုနေကြသူများလည်း ရှိသည်။
ဘယ်သူကများ သူ့ကို ကယ်ပေးနိုင်မလဲ...
ဘေးပတ်ဝန်းကျင်မှ လူများက လှည့်ကြည့်ကြသလို၊ အနီးနားရှိ ရဲများ၏အာရုံစိုက်မှုကိုပင် ရရှိသွားသည်။
ရဲအရာရှိတစ်ဦးက အနားသို့ လာရောက်ကာ "အဆင်ပြေရဲ့လား" ဟု ယဉ်ကျေးစွာ မေးမြန်းလိုက်ချိန်တွင်...
မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသူမှာ အပြာရောင်ယူနီဖောင်းနှင့် ရဲတံဆိပ်ကို မြင်လိုက်ရသောအခါ ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးတော့သည်။
...
လိုက်ဖ် မြင်ကွင်းတွင်
ပုံရိပ်နှစ်ခုမှာ ရေစီးနှင့်အတူ နိမ့်တုံမြင့်တုံဖြစ်နေသည်။
ဝေဝါးနေသော ရေစက်များကြားတွင် လျန်ကျန်းသည် လုပ်ဖော်ကိုင်ဖက်များ၏အသံကို ကြားလိုက်ရသလိုပင်။
"လျန်ကျန့် "
မြစ်ကမ်းနှစ်ဖက်လုံးတွင် ကားများ တစီတရီ ထိုးရပ်လာကြသည်။
ကားတံခါးများ ပွင့်လာပြီး အပြာရောင်ယူနီဖောင်း ဝတ်ဆင်ထားသူများမှာ မြစ်ထဲသို့ ခုန်ဆင်းသွားကြတော့သည်။
မကြာမီမှာပင် ဆိုင်ကယ်များ၊ သုံးဘီးများ၊ လျှပ်စစ်ဆိုင်ကယ်များလည်း ရောက်ရှိလာကြသည်။
လူကြီးပိုင်းများ၊ အမျိုးသမီးကြီးများ၊ ၁၃ နှစ်အရွယ် ကောင်လေးများနှင့် လူငယ်များလည်း ပါဝင်သည်။
သူတို့သည် ဆူညံနေသော လူအုပ်ကြီးရှိရာသို့ အမြန်ပြေးသွားကြသည်။
မြစ်ထဲတွင်
နစ်မြုပ်နေသော ကောင်လေးကို အခြားသူများက လွှဲပြောင်းရယူလိုက်သည့် အချိန်မှာပင် လျန်ကျန်း၏ခန္ဓာကိုယ်မှာ ရေစီးနှင့်အတူ ခုနစ်မီတာ၊ ရှစ်မီတာခန့် မျောပါသွားတော့ သည်။
နောက်ကျပြီးမှ ရောက်လာသော လုပ်ဖော်ကိုင်ဖက်မှာ သူ့နောက်သို့ အမြန်လိုက်ကာ ဆွဲဖမ်းလိုက်ရသည်။
ရေစီး၏တွန်းအားကြောင့် ဆွဲထားရသော အလေးချိန်မှာပိုကြီးမားနေသောကြောင့် လုပ်ဖော်ကိုင်ဖက်၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
သူ့ကို ဆွဲထားရင်း ခဏမျှ အတူမျောပါသွားပြီးမှသာ ရပ်တန့်နိုင်ခဲ့သည်။
နောက်ထပ် လူအချို့ရောက်လာပြီးမှသာ သူ့ကို ကမ်းပေါ်သို့ ဆွဲတင်နိုင်ခဲ့ကြသည်။
သို့သော်... မည်သူ့မျက်နှာတွင်မှ အပြုံးရိပ် မရှိပေ။
သူတို့သည် အသည်းအသန် အသက်ကယ်ရန် ကြိုးစားကြကာ ရင်ဘတ်ကိုဖိကြသည်။
"ဝေါ့... ဝေါ့ဝေါ့"
ကယ်တင်ခံရသော ကောင်လေးမှာ ရေအချို့အန်ထုတ်ပြီးနောက် ပြန်လည်မေ့မြောသွားသည်။
ပထမဆုံး ကယ်တင်ထားသော မိန်းကလေးငယ်မှာလည်း ဘေးမှ အမျိုးသမီးကြီးများ၏အဝိုင်းအဝန်းတွင် ဘေးကင်းစွာ ရှိနေသည်။
သို့သော် တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။
ရဲအရာရှိအားလုံး ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေကြသည်။
သူတို့သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော လျန်ကျန်းကို ကြည့်ကာ မျက်နှာပေါ်မှ မြစ်ရေနှင့် မျက်ရည်များကို သုတ်လိုက်ကြသည်။
"ငါ... ဒါက..."
ထိုစဉ် အလွန်တိုးညှင်းသော်လည်း အလွန်ရင်းနှီးလှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"လျန်ကျန့် "
ရဲများအားလုံး ထိုဘက်သို့ ဝိုင်းကြည့်လိုက်ကြသည်။
သို့သော် သူတို့ မြင်လိုက်ရသည်မှာ သူတို့၏ လုပ်ဖော်ကိုင် ဖက် မဟုတ်ပေ။
ဖုန်းတစ်လုံးကို ကိုင်ထားသော ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကောင်လေးတစ်ဦးသာ။
"ဝါး... ဟီး..."
ဖခင်ဖြစ်သူနှင့်အတူ ရောက်လာသော ကောင်လေးမှာ လိုက်ဖ်မြင်ကွင်းထဲမှ ပုံရိပ်ကိုကြည့်ကာ အရာအားလုံးကို မေ့လျော့ပြီး အော်ဟစ်ငိုကြွေးတော့သည်။
"ငါ... ငါ သေသွားပြီလား"
လေဟာနယ်ထဲတွင် လျန်ကျန့်သည် မိမိ၏ခြေလက်များကို ကြည့်လိုက်၊ မြေပြင်ပေါ်မှ မိမိရုပ်အလောင်းကို ကြည့်လိုက်နှင့် ဝေခွဲမရဖြစ်နေသလို၊ အမှန်တရားကိုလည်း သိမြင်သွားသည်။
မြစ်ထဲသို့ ခုန်ဆင်းစဉ်က ဘာမှစဉ်းစားမနေခဲ့မိသော်လည်း မိမိ၏သေခြင်းတရားမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
[ဟီး... ငါ နောက်ဆုံးအကြိမ် ဒီလိုငိုခဲ့တာ အဘိုးဆုံးတုန်းကပဲ...]
[ဘာလို့ ဒါမျိုး ဖြစ်ရတာလဲ ဟီး...]
လျန်ကျန့် ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်တွင် လိုက်ဖ်ကြည့်ရှုသူများမှာ လုံးဝ မထိန်းနိုင်ကြတော့ဘဲ ငိုသံများ ဖုံးလွှမ်းသွားတော့သည်။
'နောက်ဆုံးတော့... သူတို့ သူ့ကို မကယ်နိုင်ခဲ့ကြဘူး'
ယခင်ကလည်း အင်တာနက်ပေါ်တွင် လူကယ်ရင်း အသက်စွန့်သွားသူများအကြောင်း သတင်းများကို မြင်ဖူးခဲ့ကြသည်။
သို့သော် ထိုအချိန်က ခဏတာ ဝမ်းနည်းရရုံမျှသာဖြစ်ခဲ့သည်။
'ယခုကဲ့သို့ မဟုတ်ခဲ့ပေ'
မျက်မြင်ကိုယ်တွေ့ မမြင်ရလျှင် ထိုအချိန်က အခြေအနေနှင့် တင်းမာလှသော စိုးရိမ်စိတ်များကို ခံစားနိုင်လိမ့်မည် မဟုတ်ပေ။
'အသက်တစ်ခု မိမိရှေ့မှောက်တွင် ပျောက်ကွယ်သွားသည်ကို မြင်နေရသော်လည်း ဖမ်းဆုပ်ထား၍ မရနိုင်ခြင်း...'
'သို့သော် သူတို့အတွက် အနာကျင်ရဆုံး အရာမှာ...'
လျန်ကျန့်သည် မိမိသေနိုင်သည်ကို သိလျက်နှင့် နောက် ကြောင်းပြန်မလှည့်ဘဲ ရှေ့သို့ တိုးဝင်သွားခဲ့ခြင်းဖြစ်ပြီး၊ သူတို့ကမူ...
သူ ရှေ့သို့ တိုးဝင်သွားသည်ကို ငေးကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ခဲ့ခြင်းပင်။
ထိုအားကိုးရာမဲ့သည့် ခံစားချက်မှာ သူတို့၏ နှလုံးသားကို ဓားနှင့်မွှန်းသကဲ့သို့ နာကျင်စေတော့သည်။
🫧 Chapter 62
"သတိ"
မြစ်ကမ်းနားတွင် ရဲအရာရှိတစ်စုမှာ ခါးကိုမတ်နေအောင် ဆန့်လျက် ရပ်လိုက်ကြသည်။
"အလေးပြု"
ဦးထုပ်ဆောင်းထားသူများက ဦးထုပ်ကိုချွတ်ကာ လက်ဝဲ ဘက်ရင်ဘတ်ပေါ်တွင် တင်လိုက်ကြသည်။
အခြားလက်တစ်ဖက်ကိုမူ မျက်ခုံးနှင့်တစ်တန်းတည်းရှိရာသို့ မြှင့်တင်ကာ အလေးပြုလိုက်ကြ၏။
လေဟာနယ်ထဲတွင် လျန်ကျန့်သည်လည်း ကိုယ်ကိုမတ်မတ်ရပ်ကာ သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် မျက်နှာချင်းဆိုင်လျက် အလေးပြန်ပြုလိုက်သည်။
သူသည် ယခင်ကကဲ့သို့ပင် တည်ကြည်လေးနက်စွာဖြင့် ကြွေးကြော်သံကို အော်ဟစ်လိုက်၏။
"ပြည်သူ့အတွက် အလုပ်အကျွေးပြုပါမည်"
ထိုအော်ဟစ်သံမှာ ဖုန်းလိုက်ဖ်လွှင့်ခန်းအတွင်းမှ ထွက်ပေါ် လာခြင်းဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်များ၏မျက်ဝန်းအိမ်မှာ တစ်ဖန်ပြန်၍ နီရဲလာကြပြန်သည်။
'ဘာကြောင့်များ နောက်ကြောင်းပြန်မလှည့်ဘဲ ခုန်ဆင်းသွားခဲ့ရသနည်း '
'အဖြေကတော့ ရှင်းလှပါသည်'
"ပြည်သူ့အတွက် အလုပ်အကျွေးပြုပါမည်"
သူတို့သည် ကြွေးကြော်သံကို အော်ဟစ်ရုံတင်မကဘဲ လက် တွေ့လည်း အမြဲတမ်း ကျင့်သုံးနေကြသူများဖြစ်သည်။
ဤသည်မှာ သူတို့၏သစ္စာအဓိဌာန်ဖြစ်သလို သူတို့ ဂုဏ်ယူရသည့် ဂုဏ်ရည်လည်း ဖြစ်သည်။
[ဒါက ငါတို့ရဲ့ ပြည်သူ့ရဲတွေပဲ]
[ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်..
[လျှိုတုန့်ဟွားက လက်ဆောင်ပေးလိုက်ပါပြီ]
[ယွမ်လင်းက လက်ဆောင်ပေးလိုက်ပါပြီ]
လိုက်ဖ်လွှင့်ခန်းအတွင်း လက်ဆောင်ပေးသည့်စာသားများ တစ်ပြိုင်နက်တည်း တက်လာတော့သည်။
လူတိုင်းမှာ ထိုခံစားချက်ထဲမှ ပြန်မထွက်နိုင်သေးဘဲ ရှိနေကြ၏။
ထိုစဉ် မြင်ကွင်းထဲရှိ လျန်ကျန့်က ကျန်းလင်ကို လှည့်ကြည့်လိုက်သည်။
"ကျွန်တော် သိပါရစေ၊ လူကြီးမင်းက ပိုင်ဝူချန်လား"
"အင်း"
ကျန်းလင် ပြန်ထူးလိုက်ပြီး လျန်ကျန့် ဘာဆက်လုပ်မလဲဆိုသည်ကို စောင့်ကြည့်နေသည်။
အမှန်စင်စစ် ဤနှစ်များအတွင်း လူအသေအပျောက် များလှသည်။
အထူးသဖြင့် ယခင်က ဆေးပညာနှင့် နည်းပညာ မထွန်းကားသေးသည့် အချိန်များတွင်ဖြစ်၏။
ထိုစဉ်ကလည်း လူအသေအပျောက် များပြားခဲ့သလို အသက်အန္တရာယ်ရှိမှန်း သိလျက်နှင့် ရှေ့သို့တိုးဝင်ကာ အသက်စွန့်ခဲ့သူများလည်း အများအပြား ရှိခဲ့သည်။
သူတို့ ဘာကြောင့် ထိုသို့လုပ်ခဲ့ကြသလဲဆိုသည်ကို ကျန်းလင် သိပါသည်။
သို့သော် ရှေ့မှ လျန်ကျန့် ကဲ့သို့သော လူမျိုးများကို ကျန်းလင် သိသော်လည်း နားတော့မလည်နိုင်ပေ။
လျန်ကျန့် လမ်းပေါ်တွင် ကင်းလှည့်နေခဲ့ပုံကို ကြည့်ရုံဖြင့် သူသည် ရိုးရှင်းသောအလုပ်၊ သာမန်ဘဝနှင့် နေထိုင်သည့် သာမန်လူတစ်ယောက်မျှသာ ဖြစ်ကြောင်း သိသာသည်။
သို့သော် လျန်ကျန့်၏ ခုနက လုပ်ရပ်ကမူ ကျန်းလင်ကို အနည်းငယ် ဝေခွဲမရ ဖြစ်စေခဲ့သည်။
ကျန်းလင်သည် သူလူသားဘဝဖြင့် အသက်ရှင်ခဲ့စဉ်က အချိန်စောလွန်းစွာ သေဆုံးသွားခဲ့၍လား သို့မဟုတ် ယခုခေတ် လူ့လောကကို သူပိုမိုလေ့လာကြည့်သင့်သလားဟု တွေးတောနေမိသည်။
"မင်္ဂလာပါ၊ ကျွန်တော်ကတော့ ဟော်ဖိန်မြို့နယ် ရဲတပ်ဖွဲ့က လျန်ကျန့်ပါ"
လျန်ကျန့်သည် ကျန်းလင်ရှေ့တွင် မတ်မတ်ရပ်ကာလေး လေးစားစား ကျေးဇူးတင်စကား ပြောလိုက်သည်။
"လူကြီးမင်း လုပ်ဆောင်ခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"
ဤစကားကို လျန်ကျန့် ပြောချင်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
'တုတုလေး ဖြစ်ဖြစ်၊ ချိုက်ရှင်းဖြစ်ဖြစ်၊ ဘိုးဘေးတွေ ကိစ္စဖြစ်ဖြစ်၊ တစ္ဆေပွဲတော်ဖြစ်ဖြစ်... ယခု မိမိကိုယ်တိုင်အထိ'
လူ့လောကကြီး ပြောင်းလဲလာသည်ကို သူ ခံစားမိသည်။
ကျန်းလင်၏ လိုက်ဖ်လွှင့်ခန်းကြောင့် တစ်ယောက်တည်း အထီးကျန်စွာ သေဆုံးသွားသူများမှာ အချိန်မီ သင်္ဂြိုဟ်ခြင်း ခံရသလို၊ နစ်နာသူများလည်း အကူအညီများ အမြန်ရရှိခဲ့ကြသည်။
သေဆုံးပြီး ခုနစ်ရက်မြောက် ပြန်လာခွင့်ရခြင်းက လူများအတွက် မျှော်လင့်ချက်အသစ်နှင့် အားကိုးရာအသစ်ကို ပေးစွမ်းခဲ့သည်။
ဘိုးဘေးများကိစ္စမှာလည်း လူများစွာကို လမ်းစအသစ်များ ပေးခဲ့သလို ဤခေတ်ကြီးကို ပိုမိုစိုပြေစေခဲ့ပြီး လူသားတို့၏ မျိုးဆက်လက်ဆင့်ကမ်းမှုတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
တစ္ဆေပွဲတော်သည်လည်း လူသားတို့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သလို သေဆုံးသွားသူများ၏ ဘဝကိုလည်း သတိထားမိစေခဲ့သည်။
ကျန်းလင်၏လိုက်ဖ်လွှင့်ခန်းက ပေးစွမ်းသည့်အရာများမှာ ဤမျှတင်မကသေးပေ။
လျန်ကျန့်သည် ကမ်းစပ်ရှိ ရဲကားများအပြင် အခြားသော ကားများနှင့် စေတနာရှင် လူအုပ်ကြီးကို မြင်လိုက်ရသည်။
ဤလောကကြီးမှာ တဖြည်းဖြည်းနှင့် ပြောင်းလဲနေပြီဖြစ် သည်။
လိုက်ဖ်ကြည့်နေသူ တစ်ဦးချင်းစီမှာလည်း ပြောင်းလဲနေကြပြီ ဖြစ်၏။
လူငယ်များ၊ ကလေးငယ်များ... နှင့် လူငယ်များ၏ ပြန်လည်အာရုံစိုက်ခြင်း ခံလာရသော လူကြီးများတို့သည် ကမ္ဘာတစ် ဝန်းသို့ တဖြည်းဖြည်းနှင့် ပျံ့နှံ့သွားကြလိမ့်မည်။
ကျန်းလင်မှာ အဖြူရောင်ဝတ်ရုံဖြင့် လေထဲတွင် လက်ပိုက်လျက် ရပ်နေသည်။
ထိုစကားကို ကြားသောအခါ သူက လျန်ကျန့်ကို နားမလည်သလို တစ်ချက်ကြည့်လိုက်ပြီး...
"ကျွန်တော်က ကျွန်တော့်ရဲ့အတွေးအတိုင်း အလုပ်လုပ်နေရုံပါ"
သူလုပ်သမျှမှာ သူလုပ်ချင်သည့်အရာ သို့မဟုတ် သူလုပ်သင့်သည့်အရာများသာ ဖြစ်သည်။
ထို့ကြောင့် မည်သူ့ဆီကမှ ကျေးဇူးတင်စကား သို့မဟုတ် ပြန်ပေးဆပ်မှုကို သူ မလိုအပ်ပေ။
လျန်ကျန့် ပြုံးလိုက်ကာ "ကျွန်တော်လည်း ကျွန်တော့်ရဲ့ အလုပ်ကို အကောင်းဆုံးလုပ်ခဲ့တာပါပဲ" ဟု ပြောလိုက်သည်။
ဤနှစ်ယောက်မှာ တစ်ဦးက ဝိညာဉ်လောကမှ ဝိညာဉ်တမန်တော်ဖြစ်ပြီး နောက်တစ်ဦးက လူ့လောကမှ ရဲအရာရှိတစ်ဦး ဖြစ်သည်။
လောကနှစ်ခုကြားက စကားပြောဆိုမှုပင် ဖြစ်သော်လည်း သူတို့၏ လုပ်ရပ်များတွင် တူညီသောအချက်တစ်ခု ရှိနေသည်။
' ၎င်းမှာ ဤကမ္ဘာလောကကြီးကို ကာကွယ်စောင့်ရှောက်နေခြင်းပင်'
ဤမြင်ကွင်းက လိုက်ဖ်ကြည့်နေသည့် ပရိသတ်များကို တစ်ကိုယ်လုံး ကြက်သီးထသွားစေသည်။
[ဟော... 'အလုပ်လုပ်နေရုံပါ' တဲ့လား၊ ကောင်းလိုက်တဲ့ စကား]
[သူတို့က လူ့လောကရဲ့ စည်းစနစ်ကို စောင့်ရှောက်နေကြတဲ့ အစောင့်အရှောက်တွေပဲ]
[ဟုတ်တယ်၊ ငါတို့တစ်ယောက်ချင်းစီဟာလည်း ဒီလောကရဲ့ အစိတ်အပိုင်းတွေပဲ... ဆုံးဖြတ်လိုက်ပြီ၊ နောက်ဆို ငါ အလုပ်မှာ အချိန်ဖြုန်းမနေတော့ဘူး၊ ငါ့အလုပ်ကို ငါ အကောင်းဆုံး လုပ်တော့မယ်]
[ကျွန်မက ဆေးဝန်ထမ်းပါ၊ ကျွန်မလည်း ကျွန်မရဲ့ အလုပ်ကို လုပ်နေတာပါပဲ]
[ကျွန်တော်က အာကာသယာဉ်မှူးပါ၊ ကျွန်တော်လည်း ကျွန်တော့်အလုပ်ကို အကောင်းဆုံး လုပ်နေတာပါပဲ]
ပရိသတ်များမှာ စိတ်လှုပ်ရှားစွာဖြင့် ဆုံးဖြတ်ချက်များ ချမှတ်လျက် စာသားများကို ရိုက်နှိပ်နေကြတော့သည်။
'ဟုတ်ပါသည်'
သူတို့နှစ်ယောက်လုံးမှာ မိမိတို့၏အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေကြခြင်းသာ။
ထိုအရာသည် သာမန်ဆန်လှသော်လည်း အလွန်ကြီးမြတ်လှသည်။
ထိုအရာက သူတို့ကို စိတ်လှုပ်ရှားစေသလို အားကျစိတ်များလည်း ဖြစ်ပေါ်စေသည်။
သူတို့ကိုယ်တိုင်လည်း ထိုသို့သော အစိတ်အပိုင်းတစ်ခု ဖြစ်ချင်လာကြသည်။
[လျန်ကျန့်လေး၊ မင်း ဘာများ ထပ်ပြောချင်သေးလဲ]
[ဟုတ်တယ်၊ ပြောပါ၊ ငါတို့အားလုံး နားထောင်နေတယ်]
[ဒါမှမဟုတ် ဘယ်သူ့ကို ဘာမှာခဲ့ချင်သေးလဲ]
ကျန်းလင်က တက်လာသော comment များကိုကြည့်ကာ ဤလူများ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေမည့်ပုံကို မြင်ယောင်ကြည့်လိုက်သည်။ သူက လျန်ကျန့်ကိုမေးလိုက်၏။
"မင်း ဘာများ ထပ်ပြောချင်သေးလဲ"
လျန်ကျန်း ခဏမျှ တိတ်သွားပြီးနောက် သူ၏ ဦးနှောက်ထဲတွင် စကားလုံးများမှာ အလိုအလျောက်ပေါ်လာတော့သည်။
"နွေရာသီ ကျောင်းပိတ်ရက် ရောက်လာပြီမို့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ လှုပ်ရှားမှုကိုသတိထားပေးကြပါ၊ မတော်တ ဆမှုတွေ မဖြစ်အောင် ကာကွယ်ပေးပါ၊ ကလေးတွေကို မြစ်တွေ၊ ကန်တွေ၊ ရေကာတာတွေဆီ တစ်ယောက်တည်း သွားခွင့်မပြုပါနဲ့"
"ရေကူးသွားမယ်ဆိုရင်လည်း ရေအရည်အသွေး သန့်ရှင်းမှု ရှိ၊ မရှိ သေချာစစ်ဆေးပါ..."
"မိဘတွေရော ကလေးတွေရော ဒါကို အလေးအနက်ထားစေချင်ပါတယ်၊ မဟုတ်ရင် ပေးဆပ်ရမယ့်တန်ဖိုးက ကြီးမားလွန်းလို့ပါ"
ပြောပြီးသည်နှင့် လျန်ကျန့်ကိုယ်တိုင် ရယ်မောလိုက်ကာ ခေါင်းကို ကုတ်လိုက်သည်။
"အလုပ်ကနေရတဲ့ အကျင့်က ပါလာလို့ပါ ဟဲဟဲ..."
လိုက်ဖ်ကြည့်နေသူများမှာ ခဏမျှ ကြောင်သွားပြီးမှ ရယ်ရအခက် ငိုရအခက် ဖြစ်သွားကြသည်။
[ကျွန်တော့်အစ်ကို အင်တာဗျူးဖြေတုန်းကလည်း ပထမဆုံးပြောတဲ့စကားက 'လိမ်လည်လှည့်ဖြားမှုကို သတိပြုပါ' ဆိုတဲ့ ကြော်ငြာစာသားပဲ]
[တကယ်တော့ အင်တာနက်မှာ ရှာကြည့်လိုက်ရင် နှစ်တိုင်း ကလေးတွေနဲ့ လူငယ်တွေ ရေနစ်သေဆုံးတဲ့ သတင်းတွေ အများကြီး ရှိပါတယ်]
[နှစ်တိုင်း လူတွေက သူတို့ရဲ့ အသက်နဲ့ပေးပြီး သတိပေးနေကြပေမယ့် ဒီလိုသတင်းမျိုးတွေက နှစ်တိုင်းရှိနေတုန်းပဲ]
[ကျွန်မလည်း ပြန်ရင် ကျွန်မသားကို သေချာပြောပြရမယ်၊ ကျောင်းပိတ်ရက်ဖြစ်ဖြစ် မဖြစ်ဖြစ် အလေးအနက်ထားဖို့ကိုပြောရမယ်]
[ကျွန်တော်က အခုမှ အလယ်တန်းတက်နေတာ၊ မနေ့ကပဲ သူငယ်ချင်းတွေက ရေသွားချိုးဖို့ ချိန်းနေကြတာ၊ ခဏနေရင် သူတို့ကို သွားပြီး နားချရမယ်]
လိုက်ဖ်ကြည့်နေသော မိခင်တစ်ဦးမှာ ချက်ချင်းပင် သူမသား၏နားရွက်ကို ဆွဲလိုက်သည်။
"တွေ့လား၊ နင် နောက်ခါ အဲဒီလိုနေရာတွေ သွားဦးမလား၊ သွားရင် လျန်ရဲအရာရှိရှေ့မှာ သွားဒူးထောက်နေလိုက်၊ ပြန်မလာနဲ့တော့"
"အပြင်က ရေက အေးနေတယ်ဆိုရင် နောက်ဆို မိုးရေခံသောက်၊ မိုးရေနဲ့ပဲ ချိုးတော့"
မျက်ရည်ဝိုင်းနေသော သားဖြစ်သူမှာ ထူးဆန်းစွာပင် ပြန်မပြောဘဲ တည်ကြည်စွာဖြင့် "သား သိပါပြီ မေမေ" ဟု ဖြေလိုက်သည်။
ထိုစဉ် လိုက်ဖ်လွှင့်ခန်းအတွင်းမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"လျန်ကျန့်"
ရင်းနှီးလှသော ထိုအသံကြောင့် လျန်ကျန့်မှာ ဝုန်းခနဲ လှည့်ကြည့်လိုက်သည်။
ကြီးမားသော ပုံရိပ်တစ်ခုနှင့် သေးငယ်သော ပုံရိပ်တစ်ခုကို မြင်လိုက်ရသောအခါ အစောပိုင်းပြုံးနေသော သူ့မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။
သူ့ မျက်ခုံးနှစ်ခုမှာ တွန့်ချိုးသွားပြီး မျက်ဝန်းအိမ်မှာလည်း တိတ်တဆိတ် နီရဲလာခဲ့သည်။
ဤကဲ့သို့ မထိန်းထားပါက သူ အော်ငိုမိတော့မည်ကို သူ ကြောက်နေမိသည်။