← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

🫧 Chapter 63

အမျိုးသမီးငယ်တစ်ဦးနှင့် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးတစ်ဦး အပြေးအလွှား ရောက်ရှိလာကြသည်။

သူတို့မှာ လျန်ကျန့်၏ မိသားစုဝင်များဖြစ်သော ရွှီလင်နှင့် လျန်လေ့တို့ ဖြစ်ကြ၏။

လျန်လေ့ဟူသော အမည်မှာ ဖြောင့်မတ်တည်ကြည်ခြင်းဟု အဓိပ္ပာယ်ရသည်။

ထိုနေရာရှိ ရဲအရာရှိများမှာ သူတို့ကို မြင်လိုက်ရသောအခါ မျက်ဝန်းအိမ်များ တစ်ဖန်ပြန်၍ နီရဲလာကြပြန်သည်။

ဤသားအမိနှစ်ယောက်ကို ကြည့်ရင်း သူတို့ ဘာလုပ်ရမှန်းမသိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြ၏။

နှုတ်ခမ်းများမှာလည်း ကော်ဖြင့် ကပ်ထားသကဲ့သို့ စကားစရန် ခက်ခဲနေကြသည်။

"လျန်ကျန့်..."

မြေပြင်ပေါ်ရှိ ရုပ်အလောင်းကို မြင်လိုက်ရချိန်တွင် ရွှီလင်၏ ခြေလှမ်းများ နှေးကွေးသွားသည်။

သူမသည် ဖြည်းဖြည်းချင်း လျှောက်သွားကာ တုန်ယင်နေသော လက်များဖြင့် လျန်ကျန့်၏ အေးစက်နေသော ပါးပြင်ကို မယုံကြည်နိုင်စွာ ပွတ်သပ်ကြည့်နေမိသည်။

"လျန်ကျန့်... ရှင် ဘာလို့ ဒီမှာ လဲလျောင်းနေတာလဲ... ရှင် ပြောခဲ့တယ်လေ၊ တို့တွေ အသက်ကြီးလာရင် အိမ်အောက်မှာ ထိုင်ပြီး စကားပြောမယ်၊ စစ်တုရင် ကစားမယ်ဆို..."

"ရှင် ပြောခဲ့တယ်လေ၊ အငြိမ်းစားယူပြီးရင် တို့ ဘယ်သွားသွား ရှင် လိုက်ခဲ့မယ်ဆို..."

"ရှင်က... ဘာလို့ ကတိမတည်တာလဲ..."

ရွှီလင်မှာ ပါးစပ်ကို ပိတ်ကာ မျက်ရည်များ တဖြုတ်ဖြုတ် ကျလာတော့သည်။

လျန်ကျန့်သည် သူမ၏ နောက်တွင် ရပ်နေသော်လည်း ကမ်းလိုက်သော သူ၏လက်မှာ သူမ၏ ကိုယ်ထဲမှ ဖောက်ထွက်သွားခဲ့သည်။

သူသည် ပြည်သူအတွက်၊ နိုင်ငံအတွက်၊ မိမိ၏ ကနဦးစိတ်ဓာတ်အတွက် တာဝန်ကျေခဲ့သော်လည်း... ဤလူနှစ်ယောက်အပေါ်တွင်မူ အကြွေးတင်သွားခဲ့ပြီ ဖြစ်သည်။

သူမကို တိတ်တဆိတ် ကြည့်နေရင်း လျန်ကျန့်၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

"သူက သားဖေဖေ မဟုတ်ဘူး"

ရုတ်တရက် ဘေးမှ လျန်လေ့က အော်ဟစ်ကာ ထွက်ပြေးသွားသည်။

"ဖေဖေက ဒီနေ့ စောစောပြန်လာမယ် ပြောထားတယ်၊ သား အိမ်မှာ သွားစောင့်မယ်"

လျန်ကျန့်က အသိစိတ်ဖြင့် နောက်က လိုက်သွားရန် ကြိုးစားသော်လည်း သူ၏ရှေ့တွင် ဝိညာဉ်ခေါ်တံပိုးက ပိတ်ဆီးလိုက်သည်။

ကျန်းလင်၏ အသံ ထွက်ပေါ်လာ၏။ "သူတို့ကို ထပ်ကြည့်ချင်သေးရင် မင်းရဲ့ ရုပ်အလောင်းကနေ ဆယ်မီတာထက် ပိုမဝေးစေနဲ့"

အသစ်စက်စက် သေဆုံးသွားသော ဝိညာဉ်များမှာ သံယောဇဉ်မပြတ်ဘဲ မထွက်ခွာချင်ကြခြင်းမှာ သာမန်ပင် ဖြစ်သည်။

သို့သော် ရုပ်အလောင်းနှင့် အလွန်ဝေးကွာသွားပါက ကျန်းလင်အနေဖြင့် သူ့ကို ဝိညာဉ်အိတ်ထဲသို့ ထည့်လိုက်ရုံသာ ရှိတော့သည်။

သို့သော် မြစ်ကမ်းနားမှ မြင်ကွင်းမှာ ထူးဆန်းနေပေလိမ့်မည်။

လူအများအပြား ရပ်နေကြသလို၊ ကလေးနှစ်ယောက်မှာလည်း ကယ်တင်ခြင်း ခံထားရသည်။

မြေပြင်ပေါ်တွင် သေဆုံးသူတစ်ဦး ရှိနေသော်လည်း လူအများအပြားမှာ ဖုန်းများကိုသာ ကြည့်နေကြသည်။

ဓာတ်ပုံရိုက်နေခြင်း မဟုတ်သလို၊ ဂိမ်းဆော့ခြင်း သို့မဟုတ် ဝတ္ထုဖတ်နေခြင်းလည်း မဟုတ်ပေ။

သူတို့အားလုံး ကြည့်နေကြသည်မှာ လိုက်ဖ်လွှင့်ခန်း တစ်ခုတည်းကိုသာ ဖြစ်သည်။

လျန်လေ့ ထွက်ပြေးသွားပြီး လျန်ကျန်းမှာ ရပ်တန့်လိုက်ရသည့် အချိန်တွင် လျန်ကျန့်၏ အဖွဲ့ခေါင်းဆောင်က ရှေ့သို့ ထွက်လာသည် "မင်း စိတ်မပူနဲ့၊ ငါ သူ့ကို သွားခေါ်ပေးမယ်"

ဝမ်းနည်းနေသော ရွှီလင်ကို ကြည့်ကာ လျန်ကျန်း၏ လုပ်ဖော်ကိုင်ဖက်က မျက်ရည်သုတ်လျက် သူမအနားသို့ လေးလံသော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။

"မမလေးရွှီ... လျန်ကျန်းက အခုထိ မထွက်ခွာသေးပါဘူး၊ မှာချင်တဲ့ စကားရှိရင် အမြန်ဆုံး ပြောလိုက်ပါ"

ရွှီလင်သည် ဖုန်းကို လှမ်းယူရင်း ကြောင်သွားသည်။

လျန်ကျန့်နှင့် အတူရှိခဲ့သရွေ့ သူမသည်လည်း ဤလိုက်ဖ်လွှင့်ခန်းအကြောင်း သိထားသည်။

လိုက်ဖ်မြင်ကွင်းထဲမှ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် ယခင်က ထိန်းထားခဲ့သော ခံစားချက်များမှာ ဝုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။

ရင်ဖွင့်စရာ၊ ပေါက်ကွဲစရာ တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ သူမသည် မထိန်းနိုင်တော့ဘဲ... "ဟီး... လျန်ကျန့်၊ ရှင် လူယုတ်မာကြီး"

"ရှင့်လို လူယုတ်မာမျိုး တစ်ခါမှ မမြင်ဖူးဘူး ဟီး..."

လိုက်ဖ်မြင်ကွင်းထဲတွင် လျန်ကျန့်သည် ဒူးတစ်ဖက်ထောက်ကာ သူမကို လှမ်းဖက်ရန် ကြိုးစားနေသည် "တောင်းပန်ပါတယ်... ကိုယ် မကောင်းလို့ပါ"

ဘေးနားရှိ ရဲအရာရှိများမှာ သူတို့နှစ်ဦးအတွက် ကိုယ်ပိုင်အချိန်ရစေရန် ကျောခိုင်းပေးလိုက်ကြသည်။

ရောက်ရှိလာသော စေတနာရှင် အမျိုးသမီးကြီးများမှာလည်း နားမလည်နိုင်သော်လည်း တိတ်တဆိတ်ပင် ကျောခိုင်းပေးလိုက်ကြ၏။

ရွှီလင် မျက်လုံးမှိတ်လိုက်ချိန်တွင် ခင်ပွန်းဖြစ်သူက သူမကို ဖက်ထားသည့် ပုံရိပ်မှာ အာရုံထဲသို့ ပေါ်လာသည်။

"တကယ်တော့... ဒါဟာ ရှင့်ရဲ့ ရွေးချယ်မှုဆိုတာ တို့ သိပါတယ်..."

"ရှင့်ကို လက်ထပ်ခဲ့တဲ့ နေ့ကတည်းက ဒီလိုဖြစ်နိုင်ခြေရှိတယ်ဆိုတာ တို့ တွေးခဲ့ပြီးသားပါ..."

သူမသည် ရှိုက်ကြီးတငင်ဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

သူမသည် အိမ်မက်မှ လန့်နိုးလာတိုင်း ဘေးနားတွင် သူ အေးချမ်းစွာ အိပ်ပျော်နေသည်ကို မြင်ရမှသာ ပြန်အိပ်နိုင်ခဲ့သူ ဖြစ်သည်။

အကယ်၍ သူ တာဝန်ကျနေပါက ဧည့်ခန်းတွင် မီးဖွင့်ကာ သူပြန်လာမည့် သော့သံကို ကြားရသည်အထိ စောင့်နေတတ်သူ ဖြစ်သည်။

"တို့ ရှင့်ကို အပြစ်မတင်ပါဘူး... တို့က... တို့က..."

သူမ ဘယ်လိုဖော်ပြရမှန်း မသိတော့ပေ။

သူမသည် ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားခဲ့သလို၊ သူ၏ ဤကဲ့သို့သော စိတ်ဓာတ်ကြောင့်ပင် သူ့ကို ချစ်ခဲ့ခြင်း ဖြစ်သည်။

သူမက...

"ကိုယ် သိပါတယ်"

လျန်ကျန့် ခေါင်းငုံ့လိုက်ချိန်တွင် မျက်နှာပေါ်မှမျက်ရည်များက စီးကျလာ၏။ သူ အားလုံးကို သိပါသည်။

ခြေသံနှစ်ခု တဖြည်းဖြည်း နီးကပ်လာသည်။ လျန်လေ့နှင့် အဖွဲ့ခေါင်းဆောင် ပြန်ရောက်လာကြပြီ ဖြစ်သည်။

လျန်လေ့သည် ဖြည်းဖြည်းချင်း တိုးလာကာ ဘယ်ညာကြည့်ရင်း ဝေခွဲမရစွာဖြင့်... "ဖေဖေ..."

သူ့နောက်ကို လိုက်ဖမ်းသော ရဲဦးလေးက ပြောသည်မှာ သူ၏ ဖေဖေက စကားပြောရန် ဤနေရာတွင် စောင့်နေသည်ဟု ဆိုသည်။

လျန်ကျန့်က မျက်ရည်သုတ်လိုက်ကာ "လင်လင်... လေ့လေ့ကို ဒီနားခေါ်လိုက်ပါဦး" ဟု ပြောလိုက်သည်။

ရွှီလင် ခေါင်းညိတ်ကာ သားဖြစ်သူကို ဆွဲခေါ်လာသည်။

လျန်လေ့သည် ဖုန်းထဲမှ ဖေဖေကို တစ်လှည့်၊ ရှေ့မှ မြေပြင်အလွတ်ကို တစ်လှည့် ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်။

လျန်ကျန့်က ရှေ့သို့တိုးကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အမြဲတမ်းလုပ်နေကျအတိုင်း သားဖြစ်သူနှင့် မျက်လုံးချင်း တန်းတန်းကြည့်လိုက်သည်။

"လေ့လေ့... ဖေဖေ့ကို ပြောပါဦး၊ သား ဘာလို့ ထွက်ပြေးတာလဲ"

လျန်လေ့က တိုးတိုးလေး ဖြေသည်။ "သူတို့က ဖေဖေ သေပြီလို့ ပြောနေကြတာ၊ သား မယုံဘူး။ ဖေဖေ သေသွားရင် သားမှာ ဖေဖေ မရှိတော့ဘူးလေ"

လျန်ကျန့် ကြောင်သွားကာ မျက်ဝန်းထဲမှ တစ်ခုခု ထွက်ကျလာတော့မလို ဖြစ်သွားသည်။

"လေ့လေ့... ဖေဖေ ပြောတာကို နားထောင်နော်"

"လူတစ်ယောက်မှာ သေဆုံးခြင်း သုံးမျိုး ရှိတယ်။ ပထမတစ်ခုက နှလုံးခုန်ရပ်သွားတဲ့ အချိန်၊ ဇီဝဗေဒအရ သေဆုံးခြင်း ဒုတိယကတော့ နာရေးပွဲမှာ လူမှုရေးအရ သေဆုံးခြင်း တတိယကတော့..."

"တတိယကတော့ နောက်ဆုံး သေဆုံးခြင်းပဲ၊ အဲဒါကတော့ ဒီလောကမှာ မင်းကို မှတ်မိမယ့်သူ တစ်ယောက်မှ မရှိတော့တဲ့ အချိန်ပဲ..."

"ဒါကြောင့်... သား ဖေဖေ့ကို မှတ်မိနေသရွေ့ ဖေဖေက တကယ် သေဆုံးသွားတာ မဟုတ်ဘူး"

လျန်လေ့က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လျန်ကျန့်၏ နောက်ဆုံးစကားကို ကြားသောအခါ...

"သား ဖေဖေ့ကို ဘယ်တော့မှ မမေ့ဘူး ဖေဖေ့ကို သေခွင့်လည်း မပေးဘူး" ဟု လွှတ်ခနဲ ပြောလိုက်သည်။

လျန်ကျန့် ပြုံးလိုက်ကာ "အင်း ဒါဆို မေမေ့ကို သားဆီ အပ်ခဲ့မယ်နော်၊ ရမလား"

"ဟုတ်" လျန်လေ့က ခေါင်းကို အစွမ်းကုန် ညိတ်ပြလိုက်သည်။

"လေ့လေ့က ယောက်ျားကောင်းပဲ မေမေ့ကို ကာကွယ်ပေးနိုင်တယ်"

"ဟီး... ကျွန်တော်လည်း ခင်ဗျားကို မမေ့ပါဘူး"

[ခင်ဗျားရဲ့ စိတ်ဓာတ်တွေက ဒီလောကမှာ ထာဝရ ရှိနေမှာပါ]

[ဒါဟာ ကျွန်တော် ယုံကြည်တဲ့ အလင်းရောင်ပဲ...]

လိုက်ဖ်ကြည့်နေသူများမှာ ယနေ့ တစ်ရှူးမလောက်တော့ဟု ခံစားနေရကာ မျက်လုံးများမှာလည်း ငိုရလွန်းသဖြင့် ဖူးရောင်နေကြပြီ ဖြစ်သည်။

[ခင်ဗျား ထွက်ခွာသွားပေမယ့် ခင်ဗျားရဲ့ စိတ်ဓာတ်ကတော့ ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်ဘူး]

[ကျွန်တော် နောင်ကျရင် စစ်ထဲဝင်မယ်၊ ခင်ဗျားရဲ့ စိတ်ဓာတ်ကို ဆက်ခံမယ်]

[ကျွန်တော် စစ်ထဲမဝင်နိုင်ပေမယ့် ဆရာဝန်ကောင်း တစ်ယောက် ဖြစ်အောင် လုပ်မယ်]

ယနေ့ လိုက်ဖ်လွှင့်ခန်းတွင် ငိုကြွေးခဲ့သူတိုင်းမှာ လျန်ကျန်းကို မှတ်မိနေကြလိမ့်မည်။

လျန်ကျန့် တည်ရှိခဲ့သည့် အမှတ်အသားများ သည်လည်း ကျန်ရစ်နေပေလိမ့်မည်။

နောက်နောင်တွင် လျန်ကျန့်ကြောင့် မြစ်ကမ်းဘေးသို့ အလွယ်တကူ သွားမဆော့တော့သည့် ကလေးငယ်တိုင်းမှာလည်း ဤကဲ့သို့သော လူတစ်ယောက် ရှိခဲ့ဖူးကြောင်း သိကြပေလိမ့်မည်။

...

နောက်ဆုံး နှုတ်ဆက်ခြင်း ပြီးဆုံးပြီးနောက် လျန်ကျန့် အချိန်သိပ်မဆွဲတော့ပေ။

သူသည် ကျန်းလင်ကို တစ်ဖန်ပြန်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"တကယ် ကျေးဇူးတင်ပါတယ်၊ နောင်တစ်ချိန်မှာ ကျွန်တော်တို့ဘက်က လူကြီးမင်းကို ကူညီနိုင်မယ့် အခွင့်အရေး ရှိလာမယ်လို့ မျှော်လင့်ပါတယ်"

လိုက်ဖ်လွှင့်ခန်းအတွင်းမှာလည်း ကျေးဇူးတင်စကားများနှင့် လက်ဆောင်များ ပြည့်နှက်နေသည်။

လျန်ကျန့်၏ နောက်ဆုံးစကားကို ကြားသောအခါ ကျန်းလင် ခေတ္တမျှ တိတ်သွားပြီး တစ်ခုခုကို သတိရသွားပုံရသည်။

သူက ပြောလိုက်သည်။ "မင်းတို့ တကယ်ပဲ ကူညီချင်တယ်၊ ငါ့ကို ကျေးဇူးတင်ချင်တယ် ဆိုရင်တော့..."

"အသက်ကို ပိုတန်ဖိုးထားကြပါ၊ ကိုယ်ကျင့်တရားကောင်းတွေကို ပိုပြီး ထိန်းသိမ်းကြပါ"

မဟုတ်လျှင်...

အာဃာတတွေ များလာပြီး ဝိညာဉ်တွေ ကြမ်းတမ်းလာပါက ငရဲပြည်မှာလည်း မကြာမီ လူပြန်ပြည့်လာပေလိမ့်မည်။

[အမိန့်အတိုင်းပါ]

[နောက်ဆို ဘယ်သူကများ 'သေချင်တယ်' လို့ ပြောဦးမလဲ၊ ငါ အရင်ဆုံး သွားထိုးလိုက်မယ်]

[အပေါ်ကလူ စိတ်အေးအေးထားပါ]

[မှတ်စုစာအုပ်ထဲမှာ မှတ်ထားလိုက်ပြီ]

လိုက်ဖ်ကြည့်ရှုသူ အရေအတွက်မှာ ယခုအခါ သန်းနှစ်ဆယ်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

ထိုအထဲတွင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။

တစ်နိုင်ငံလုံးရှိ ရဲစခန်းများစွာတွင် ဖုန်းများကို ချထားကြပြီး ထိုဖုန်းများထဲတွင် 'မရဏလောကမှ အံ့ဖွယ်နေ့ရက်များ' လိုက်ဖ်လွှင့်ခန်းကို ဖွင့်ထားကြသည်။

အပြာရောင်ယူနီဖောင်း ဝတ်ဆင်ထားသော အရာရှိများမှာ ဖုန်းရှေ့တွင် မတ်မတ်ရပ်နေကြကာ လက်တစ်ဖက်က ရင်ဘတ်ပေါ်တွင် ဦးထုပ်ကို တင်ထားပြီး နောက်လက်တစ်ဖက်က မျက်ခုံးနှင့် တစ်တန်းတည်းရှိရာသို့ မြှင့်ထားကြသည်။

"အလေးပြု"

လူတိုင်း၏ လှုပ်ရှားမှုမှာ တစ်ညီတစ်ညွတ်တည်း ဖြစ်ပြီး ရှေ့သို့ စိုက်ကြည့်နေကြသည်။

သူတို့၏ မျက်ဝန်းများမှာ စိုစွတ်နေသော်လည်း ရင်ထဲတွင်မူ ဆုံးဖြတ်ချက်အသစ်များ ကိန်းအောင်းလာခဲ့ပြီ ဖြစ်သည်။

သူတို့သည် သူတို့၏ သစ္စာအဓိဌာန်အတိုင်း ဆက်လက် လျှောက်လှမ်းကြမည်။

နောက်ဆုတ်မည် မဟုတ်၊ ကြောက်ရွံ့မည် မဟုတ်။

သူတို့သည် အမြဲတမ်း ပြည်သူများ အတွက် ဆူးခင်းလမ်းကို ရှင်းလင်းပေးကြပေလိမ့်မည်။

🫧 Chapter 64

နာရေးနေ့ရက်...

ဟော်ဖိန်မြို့ငယ်လေးမှ လူအများအပြား ရောက်ရှိလာကြသည်။ ထိုအထဲတွင် သက်ကြီးရွယ်အို အဘိုးအိုများစွာလည်း ပါဝင်၏။

"လျန်ကျန့်ဆိုတဲ့ကောင်လေးက လူတော်လေးဗျ"

အဘိုးအိုအများစုမှာ ဤသတင်းကို ကြားသည်နှင့် ဘာမှစဉ်းစားမနေဘဲ "ငါ သွားပြီး သူ့ကို နောက်ဆုံးနှုတ်ဆက်မှ ဖြစ်မယ်" ဟု ဆိုကာ ရောက်လာကြခြင်း ဖြစ်သည်။

လျန်ကျန့် တစ်ယောက် ဆိုင်ကယ်လေးစီးကာ လမ်းပေါ်တွင် ကင်းလှည့်ရင်း သူတို့ကို နှုတ်ဆက်တတ်သည်ကို သူတို့ မှတ်မိနေကြသေးသည်။

တာဝန်မရှိသည့်အချိန်များတွင်လည်း ဇနီးဖြစ်သူကို ခေါ်ကာ သူတို့ စစ်တုရင်ကစားသည်ကို လာကြည့်တတ်သေး၏။

စိတ်ပါလာလျှင်လည်း သူတို့နှင့်အတူ ဝင်ကစားတတ်သည်။

ခြေထောက်မသန်စွမ်းသည့် အဘိုးအိုများကို မြင်လျှင်လည်း ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်ကာ ကျောပိုးပေးမည်ဟု ပြောတတ်သည့် ကလေးကောင်းလေး ဖြစ်သည်။

သို့သော်...

"ဘာလို့ တို့လို အဘိုးကြီးတွေထက် အရင် စောစောစီးစီး ထွက်သွားရတာလဲကွယ်..."

အဘိုးအိုများသည် လက်ထဲမှ ပန်းဖြူလေးများကို ချပေးရင်း တတွတ်တွတ် ရေရွတ်နေကြသည်။

ဟော်ဖိန်မြို့သားများသာမက အခြားသော ဒေသအသီးသီးမှ လူအများအပြားသည်လည်း မိမိအစီအစဉ်ဖြင့် လာရောက်နှုတ်ဆက်ကြသည်။ အချို့က ပန်းဖြူလေးတစ်ပွင့်၊ အချို့ကမူ ကိုယ်တိုင်ခေါက်ထားသည့် စက္ကူရုပ်ဖြူလေးများကို လက်ဆောင်ပေးကြ၏။

လျန်လေ့သည် မိခင်ဖြစ်သူဘေးတွင်ရပ်ကာ ဖြူဖွေးနေသော ပန်းပင်လယ်ပြင်ကြီးနှင့် စက္ကူရုပ်များကို ကြည့်နေမိသည်။

ထို့ပြင်... ဖခင်ကို လာရောက်နှုတ်ဆက်ကြသူ တစ်ဦးချင်းစီကိုလည်း ငေးကြည့်နေမိသည်။

သူသည် ဖခင်ပြောခဲ့သည့် စကားများကို စတင်နားလည်လာပြီ ဖြစ်သည်။

ဤသည်မှာ ဖခင်၏ ဒုတိယအကြိမ်သေဆုံးခြင်းဖြစ်သော 'လူမှုရေးအရ သေဆုံးခြင်း' ပင် ဖြစ်သည်။

ဖခင်၏တတိယအကြိမ် သေဆုံးခြင်းမှာမူ လူတို့က သူ့ကို မည်မျှကြာအောင် မှတ်မိနေကြမလဲဆိုသည့်အပေါ်တွင် မူတည်ပေလိမ့်မည်။

"တောင်းပန်ပါတယ်... ဦးလေးလျန်ကျန်း၊ တောင်းပန်ပါတယ်..."

"နောက်ဆို မြစ်ကမ်းနားကို မသွားတော့ပါဘူး..."

ကယ်တင်ခံခဲ့ရသည့် ကလေးနှစ်ယောက်မှာ နာရေးခန်းမတွင် ဒူးထောက်ကာ မျက်လုံးများ နီရဲသည်အထိ ငိုကြွေးနေကြသည်။

ထိုမောင်နှမနှစ်ယောက်အတွက်မူ ထိုစဉ်က အပြင်ထွက်ကစားချင်ရုံ သို့မဟုတ် စွန့်စားခန်းဖွင့်ချင်ရုံသာ ဖြစ်ပေလိမ့်မည်။

သူတို့ကို ကြည့်ပြီး လျန်လေ့ ဒေါသထွက်ခဲ့ဖူးသည်၊ မုန်းခဲ့ဖူးသည်။

သို့သော် ထိုခံစားချက်များသည် အဓိပ္ပာယ်မရှိကြောင်း သူ သိမြင်လာခဲ့သည်။

ဤသူနှစ်ဦးသည် ဆက်လက်ရှင်သန်နေရုံသာမက ကောင်း မွန်စွာ ရှင်သန်ရန်လည်း လိုအပ်သည်။

ထိုသို့ဖြစ်မှသာ ဖခင်၏အသက်ပေးဆပ်မှုမှာ အဓိပ္ပာယ်ရှိပေလိမ့်မည်။

"မမေ့လျော့ခြင်း၊ အလဟဿမဖြစ်စေခြင်း" သည်သာ အကောင်းဆုံးသော နောင်တနှင့် ကျေးဇူးဆပ်ခြင်းပင် ဖြစ်သည်။

နှုတ်ဆက်ရန် လာကြသူများကို ကြည့်ရင်း လျန်လေ့သည် ဖခင်ဖြစ်သူကဲ့သို့ပင် ကျောကိုမတ်ကာ ခေါင်းကိုမော့၍ ရပ်နေလိုက်သည်။

ကြီးပြင့်လာခြင်းဟူသည်မှာ တစ်ခါတစ်ရံတွင် တစ်ညတာအတွင်း၊ သို့မဟုတ် ခဏတာအတွင်း၌ပင် ဖြစ်ပျက်သွားတတ်သည်။

လိုက်ဖ်လွှင့်ခန်းမှ ဗီဒီယိုများသည် ပရိသတ်များ၏ လက် ဆင့်ကမ်းမှုကြောင့် အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။

လူပေါင်းများစွာမှာ လျန်ကျန့်ကို မြင်တွေ့သွားကြသည်။

သူသည် ဘာမှစဉ်းစားမနေဘဲ ခုန်ဆင်းသွားခဲ့ပုံ၊ ကလေးနှစ်ယောက်ကို ကယ်တင်ခဲ့ပုံတို့ကို မြင်တွေ့ခဲ့ကြသည်။

အန္တရာယ်ရှိမှန်း သိလျက်နှင့် ဝေခွဲမရဖြစ်မနေဘဲ ဆုံးဖြတ် ချက်ပြတ်သားခဲ့ပုံကိုလည်း မြင်ခဲ့ကြသည်။

ထို့ပြင် သူသည် အေးစက်စွာ လဲလျောင်းနေသည်ကိုလည်း မြင်ခဲ့ကြရသလို၊ အပြေးအလွှား ရောက်လာကြသည့် သားအမိနှစ်ယောက်ကိုလည်း မြင်တွေ့ခဲ့ကြသည်။

ဗီဒီယိုအောက်တွင် မှတ်ချက်များစွာ ကျန်ရစ်ခဲ့သည်မှာ

[သူရဲကောင်းကြီး ကောင်းရာသုဂတိလားပါစေ]

[ကျွန်တော် ငိုမိပြီ၊ ဘာလို့ နှစ်တိုင်း သတိပေးနေပါလျက်နဲ့ မြစ်ထဲကို သွားချိုးနေကြတာလဲ]

[မိဘတွေအနေနဲ့ ကလေးတွေကို သေချာထိန်းကျောင်းပေးကြဖို့ မျှော်လင့်ပါတယ်။ ကလေးတွေရဲ့ ခဏတာဆော့ကစားချင်စိတ်က တခြားလူတစ်ယောက်ရဲ့ အသက်နဲ့ ပေးဆပ်လိုက်ရတယ်]

ထိုအထဲတွင် like ပေါင်း သောင်းချီရရှိထားသည့် မှတ်ချက်တစ်ခုမှာ

[သူ့အတွက်တော့ သေခြင်းတရားကို ရင်ဆိုင်ရတာက မကြောက်စရာပါဘူး၊ ကြောက်စရာကောင်းတာက သေခြင်းတရားကနေ ထွက်ပြေးပြီး လူမကယ်ဘဲ နေခဲ့ခြင်းပါပဲ (အလေးပြုလျက်)]

နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ မည်သည့်အိမ်တွင်မဆို ကလေးတစ်ယောက်၊ နှစ်ယောက်တော့ ရှိတတ်ကြသည်။

အထူးသဖြင့် ဆော့လွန်းသည့် ကလေးရှိသည့် မိဘများမှာ ဤဗီဒီယိုကို ကြည့်ပြီး ရင်ထဲတွင် အေးစက်သွားကြသည်။

လူကောင်းတစ်ယောက် ဤကဲ့သို့ ထွက်ခွာသွားရခြင်းကို ဝမ်းနည်းမိသလို၊ တစ်နေ့တွင် ရေနစ်သူမှာ မိမိကလေးသာ ဖြစ်ခဲ့လျှင်ဟု တွေးမိကာ တစ်ကိုယ်လုံး တုန်လှုပ်သွားကြသည်။

အပြင်ထွက်ဆော့ရန် ပြင်နေသည့် ကလေးများမှာလည်း လူကြီးများ၏ဆွဲခေါ်ခြင်းကို ချက်ချင်းခံလိုက်ရတော့သည်။

"ဘာဆော့မှာလဲ ဒီနေ့ ဘယ်မှမသွားနဲ့မင်းကို ငါ သေချာပြောပြရမယ်"

လိုက်ဖ်ကြည့်ခဲ့သည့် ပရိသတ်များမှာလည်း ကျား၊ မ၊ ကြီး၊ ငယ်မရွေး မိမိတို့ ပတ်ဝန်းကျင်ရှိ လူများကို သတိပေးကြတော့သည်။

အပြင်ထွက် ဆော့ကစားခြင်းကို မတားသော်လည်း ဘေးကင်းလုံခြုံရေး အသိစိတ် ရှိရန် လိုအပ်ကြောင်း၊ အန္တရာယ်ရှိသည့် နေရာများကို မသွားရန် အလေးအနက် ပြောကြားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် နောက်ထပ် 'လျန်ကျန့်' တစ်ယောက်ကို ထပ်မံ အဆုံးရှုံးမခံနိုင်တော့သော ကြောင့် ဖြစ်သည်။

ပန်းချီဆွဲတတ်သူများ၊ ဗီဒီယိုတည်းဖြတ်တတ်သူများမှာလည်း ချက်ချင်းပင် အလုပ်စကြသည်။ လျန်ကျန့်နှင့် ကျန်းလင်တို့၏ စကားပြောဆိုမှုကို Q-version ကာတွန်းပုံစံလေးများဖြင့် ဖန်တီးကြ၏။

"ကျွန်တော်က ကျွန်တော့်ရဲ့ အတွေးအတိုင်း အလုပ်လုပ်နေရုံပါ"

"ကျွန်တော်လည်း ကျွန်တော့်ရဲ့အလုပ်ကို အကောင်းဆုံး လုပ်ခဲ့တာပါပဲ"

ဤသည်မှာ ဝိညာဉ်တမန်တော်တစ်ဦးနှင့် လူ့လောကမှ ရဲအရာရှိတစ်ဦးတို့၏ စကားပြောဆိုမှု ဖြစ်သည်။

သူတို့မှာ မတူညီသည့် လောကမှဖြစ်သော်လည်း မိမိတို့၏ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေကြသူများ ဖြစ်ခြင်းမှာ တူညီလှသည်။

ထိုအချက်က လူတို့၏ ရင်ကို ထိမှန်စေကာ မျက်ရည်ကျစေခဲ့၏။ ထိုအရာသည် သာမန်ဆန်သော်လည်း အမှန်ပင် ကြီးမြတ်လှသည်။

"နောင်တစ်ချိန်မှာ ကျွန်တော်တို့ဘက်က လူကြီးမင်းကို ကူညီနိုင်မယ့် အခွင့်အရေးရှိလာမယ်လို့ မျှော်လင့်ပါတယ်"

"မင်းတို့ တကယ်ပဲ ကူညီချင်တယ်၊ ငါ့ကို ကျေးဇူးတင်ချင်တယ် ဆိုရင်တော့... အသက်ကို ပိုတန်ဖိုးထားကြပါ၊ ကိုယ် ကျင့်တရားကောင်းတွေကို ပိုပြီးထိန်းသိမ်းကြပါ"

လူ့လောကနှင့် ဝိညာဉ်လောကသည် တကယ်တော့ တစ်ခုတည်းပင် ဖြစ်ပေလိမ့်မည်။

လူတိုင်း အသက်ကို တန်ဖိုးထားကာ စေတနာတရားများကို ထိန်းသိမ်းနိုင်ကြပါစေဟု မျှော်လင့်မိသည်။ တစ်စုံတစ်ဦး အကူအညီလိုအပ်နေသည်ကို မြင်လျှင်လည်း ကူညီပေးနိုင်ကြပါစေ။

လျန်ကျန့် လေပေါ်တွင် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အလေးပြုနေသည့် မြင်ကွင်းကိုလည်း Q-version ဖြင့် ဖန်တီးကြရာ ကြည့်ရှုသူ သန်းချီ ရှိလာခဲ့သည်။

'ပြည်သူ့အတွက် အလုပ်အကျွေးပြုပါမည်' ဟူသော စကားမှာလည်း လူများစွာ၏ ရင်ကို ခံစားရစေသည်။

လူကယ်ရင်း အသက်စွန့်ခြင်း၊ တာဝန်ကျေပွန်ခြင်း၊ အသက်ကို တန်ဖိုးထားခြင်း၊ ကလေးများကို မြစ်ကမ်းနား မသွားခိုင်းခြင်း စသည့် စကားလုံးများမှာ လူမှုကွန်ရက်တွင် ရေပန်းစားလာခဲ့သည်။

မီဒီယာများစွာကလည်း ဝိုင်းဝန်းလက်ဆင့်ကမ်းကြလာသည်။

ဤခေတ်ကြီးတွင် ကလေးငယ်များအတွက် မှန်ကန်သော အတွေးအခေါ်များ ပေးစွမ်းနိုင်မည့် အပြုသဘောဆောင်သော အရာများ လိုအပ်လှသည်။

ရဲတပ်ဖွဲ့ဝင်များမှာလည်း ဤပြောင်းလဲမှုများကို စတင်သတိပြုမိလာကြသည်။

တာဝန်ကျနေသော ရဲအရာရှိတစ်ဦးသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေစဉ် လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးကို ခေါ်လာသည့် လူကြီးတစ်ဦး ဖြတ်သွားသည်ကို မြင်လိုက်ရသည်။

ကလေးငယ်မှာ လူကြီး၏လက်ကို လွှတ်ကာ ယိမ်းယိုင်လျက် ရပ်လိုက်ပြီး တာဝန်ကျနေသော ရဲအရာရှိကိုအလေးပြုလိုက်သည်။

ထိုလုပ်ရပ်က ရဲအရာရှိ၏ ရင်ကို ချက်ချင်းထိမှန်သွားစေသည်။

သူသည် ခါးကိုမတ်ကာ လက်ကိုမျက်ခုံးအထိ မြှင့်၍ စံပြအလေးပြုခြင်းဖြင့် ပြန်လည် တုံ့ပြန်လိုက်ကာ ပင်ပန်းသမျှ အရာအားလုံး ထိုခဏ၌ပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။

ဤကလေးငယ်လေးများသည် လူသားတို့၏အနာဂတ် ဖြစ်သည်။

သူတို့ဆီမှတစ်ဆင့် လူသားတို့၏အနာဂတ်ကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

အခြားတစ်နေရာတွင် တာဝန်မှ ပြန်လာသည့် ရဲအဖွဲ့တစ်ဖွဲ့ ကားရပ်လိုက်ချိန်တွင် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကောင်လေးတစ်ဦး ဖရဲသီးအိတ်ကိုကိုင်ကာ ရဲစခန်းတံခါးဝသို့ တိတ်တ ဆိတ်ရောက်လာသည်ကို မြင်လိုက်ရသည်။

ကောင်လေးသည် လူမရှိခိုက် ဖရဲသီးအိတ်ကိုမှန်တံခါးလက် ကိုင်တွင် ချိတ်ကာ လှည့်ပင်မကြည့်ဘဲ ပြေးထွက်သွားတော့သည်။

ရဲကားပေါ်မှ လူကြီးများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်ရအခက် ငိုရအခက် ဖြစ်သွားကြသော်လည်း ရင်ထဲတွင်မူ နွေးထွေးသွားကြသည်။

ဤသူများသည် သူတို့ ကာကွယ်စောင့်ရှောက်နေသော ပြည်သူများ ဖြစ်သည်။

'တကယ် ချစ်ဖို့ကောင်းလိုက်တာ'

ဤကမ္ဘာလောကကြီးမှာ တိတ်တဆိတ်နှင့်ပင် လှပသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။

လိုက်ဖ်လွှင့်ခန်းဘက်တွင်မူ

လျန်ကျန်းကို ဝိညာဉ်အိတ်ထဲသို့ ခေတ္တ ထည့်လိုက်ပြီးနောက် ကျန်းလင်မှာ အခြားတစ်နေရာသို့ ရောက်ရှိလာသည်။

၎င်းမှာ သူ၏အလုပ်မှတ်စုစာအုပ်ထဲမှ ဒုတိယမြောက် အချက်အလက်ဖြစ်သည်။

လိုက်ဖ်ကြည့်နေသူများသည်လည်း ကင်မရာနှင့်အတူ ရှုပ်ပွနေသော အခန်းတစ်ခုသို့ ရောက်ရှိလာကြသည်။

အခန်းထဲတွင် စာရေးစားပွဲတစ်ခုနှင့် ကုတင်ကြီးတစ်လုံးသာ ရှိ၏။

ခြေအိတ်များနှင့် အဝတ်အစားများမှာ နေရာအနှံ့ ပျံ့ကျဲနေသည်။

ကြမ်းပြင်ပေါ်တွင်လည်း အပြင်က မှာစားထားသည့် အစား အစာဘူးခွံများစွာ ရှိနေသည်။

လိုက်ဖ်လွှင့်ခန်း၏ကြည်လင်ပြတ်သားသော မြင်ကွင်းအောက်တွင် အစားအစာဘူးခွံများပေါ်၌ ယင်ကောင်အချို့ နားနေသည်ကိုပင် မြင်တွေ့နေရသည်။

ပရိသတ်အချို့မှာ ဗီဒီယိုတည်းဖြတ်ရန် ထွက်သွားကြပြီ ဖြစ်သော်လည်း ကျန်ရှိနေသူများမှာ လျန်ကျန်း၏ကိစ္စကြောင့် စိတ်မသက်မသာ ဖြစ်နေကြဆဲဖြစ်သည်။

သို့သော် ဤကဲ့သို့သော ခွေးအိမ်ကဲ့သို့ ရှုပ်ပွနေသည့် အခန်းကို မြင်လိုက်ရသောအခါ အားလုံးမှာ အသက်ရှူမှားသွားကြတော့သည်။

[ဟာ ဒီအခန်းက ငါ့အိမ်က စတိုင်လ်နဲ့ တစ်ပုံစံတည်းပဲ]

[ခြေအိတ်တွေနဲ့ ဘူးခွံတွေကမှ တကယ့် လူ့လောက အစစ်အမှန်ပဲဗျ]

မြင်ကွင်းမှာ အလွန်စစ်မှန်လှသဖြင့် ပရိသတ်များစွာမှာ မိမိတို့ကိုယ်တိုင် ထိုနေရာတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရတော့သည်။

All Chapters