အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
🫧 Chapter 65
[ဒါကတော့ တော်တော်လေးကို ရှုပ်ပွလွန်းတာပဲ! ဒီကလေးက ငါနဲ့တူလိုက်တာ]
[ဒီအခန်းထဲမှာ ကြွက်တွေရှိမယ်လို့ ငါသံသယဝင်နေတယ်... ဟော ဟော တကယ်ရှိတာပဲ]
ပရိသတ်တစ်ဦးက ကီးဘုတ်ကို ရိုက်နှိပ်နေစဉ်မှာပင် လိုက်ဖ်မြင်ကွင်းအတွင်း၌ ကြွက်တစ်ကောင်မှာ ကုတင်ထောင့်မှ ထွက်လာပြီး အပြင်က မှာစားထားသည့် အစားအစာဗူးထဲသို့ ဝုန်းခနဲ တိုးဝင်သွားသည်။
ထိုမြင်ကွင်းကြောင့် ကြည့်နေသူများမှာ ကြက်သီးတဖြန်း ဖြန်း ထသွားကြတော့သည်။
[မြို့ပေါ်ပြောင်းလာကတည်းက ကြွက်မမြင်ရတာ ကြာပြီ]
[အမှန်အတိုင်းပြောရရင် ကျွန်တော် ငယ်ငယ်က ကြွက်မွေးဖူးတယ်၊ နောက်တော့ အမေသိသွားလို့...]
[အပေါ်ကလူ... နောက်တော့ ဘာဖြစ်သွားလဲ သိပါရစေ]
...ပရိသတ်များ အာချောင်နေကြစဉ်မှာပင် ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးသော လူငယ်တစ်ဦးသည် အခန်းတံခါးကို ဖွင့်ကာ ဝင်လာ၏။
သူသည် ပွပွယောင်ယောင် တီရှပ်အဖြူနှင့် ဘောင်းဘီတိုအမည်းကို ဝတ်ထားပြီး ခြေညှပ်ဖိနပ်တစ်စုံကို စီးထားသည်။
သူ့ကို ကြည့်ရသည်မှာ အလွန်ပင် ပေါ့ပေါ့ပါးပါးနှင့် သက်သောင့်သက်သာ ရှိလှသည်။
"အချိန်ရှိရင်တောင် ငါ update မလုပ်ဘူး၊ အဲဒါ ပျော်စရာပဲ"
လိုက်ဖ်လွှင့်ခန်းထဲတွင် မေးခွန်းသင်္ကေတ (?) များ ချက်ချင်း ပေါ်လာသည်။
[Update ဘာ update လဲ? သူက ဘာလုပ်တဲ့သူလဲ]
အခန်းထဲတွင် ရန်စစ်မင်သည် တစ်ချက် ပျင်းကြောဆန့်လိုက်ပြီး ကုတင်ပေါ်သို့ ပက်လက်လှန်ကာ ခြေထောက်ချိတ်လိုက်သည်။
လက်ထဲတွင်လည်း 'သတ်ဖြတ်ခြင်း' ဟူသော ဝတ္ထုစာအုပ်ကို ကိုင်ကာ ဇိမ်နှင့် ဖတ်နေတော့သည်။
ခဏအကြာတွင် ဖုန်းမှ အချက်ပေးသံ တစ်ချက် မြည်လာသည်။
သူ ကြည့်လိုက်သောအခါ ဝတ္ထု group ထဲမှ စာဖတ်သူများက သူ့ကို mention ခေါ်ကာ update တောင်းနေကြခြင်း ဖြစ်သည်။
"အိမ်သာတက်နေလို့ အလုပ်ရှုပ်နေတယ်"
ပေါက်ကရ တစ်ခွန်းပြန်ဖြေပြီးနောက် သူသည် စာအုပ်ကို ပြန်ဖတ်ကာ ခြေထောက်ကို တစ်လှုပ်လှုပ် လုပ်နေပြန်သည်။
တင်း...
တင်း...
ဖုန်းမက်ဆေ့ခ်ျသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ရန်စစ်မင်မှာ စာဖတ်ချင်စိတ် ပျောက်သွားကာ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ထိုလူများပင်။
"ဟူး... လောကကြီးက ဘယ်သူ့ကိုမှ မချန်ထားပါလားနော်..."
နောက်ဆုံးတွင် သူသည် ကုတင်ပေါ်မှ ဆင်းကာ စာရေးစားပွဲသို့ အေးအေးဆေးဆေး လျှောက်သွားပြီး ကွန်ပျူတာ ဖွင့်လိုက်သည်။
ကွန်ပျူတာ တက်လာသည်ကို စောင့်နေစဉ် ဖုန်းကို ထပ်မံဖွင့်ကာ 'စာရေးဆရာ group' ထဲသို့ ဝင်ကြည့်လိုက်၏။
[ဟင်းသီးဟင်းရွက် စာရေးဆရာများ Group]
မုန်လာဥစိမ်း ကုန်းမြင့်: [ဝင်ငွေက သုံးထောင်အောက်ကို ထပ်ကျသွားပြန်ပြီ၊ အား... မျှော်လင့်ချက် မရှိတော့ဘူး]
သကြားလုံး: [ဆရာကြီးတွေကတော့ တော်လိုက်တာ၊ ကျွန်တော် တစ်နေ့ စာလုံးရေ တစ်သောင်း ရေးတာတောင် ယွမ် နှစ်ထောင်ကျော်ပဲ ရတယ်]
ငါကတော့ အရှုံးသမား: [မကြွားချင်ပေမယ့်... ဒီ group ထဲမှာ ငါကလွဲရင် အကုန်လုံးက ဆရာကြီးတွေချည်းပဲ]
သကြားလုံး: [@အရှုံးသမား၊ အစ်ကိုကြီးကလည်း နောက်နေပြန်ပြီ၊ လွန်ခဲ့တဲ့ နှစ်ရက်က ဝယ်ထားတဲ့ ကားက ဘယ်လိုလဲ]
ငါကတော့ အရှုံးသမား: [သာမန်ပါပဲ၊ စီးရတာကတော့ အဲလိုပါပဲ၊ ဘာမှ ထူးထူးခြားခြား မခံစားရဘူး]
အိမ်မက်ကမ္ဘာ: [ဒီနှစ်ကတော့ တစ်ဝက်ကျော်သွားပြီ၊ ပိုကြိုးစားရမယ်။ နောက်ဆို နှစ်သစ်ကူး မုန့်ဖိုးပေးဖို့ တစ်သိန်းကျော်လောက် မရှိရင် အိမ်မပြန်ရဲတော့ဘူး]
[ဟား ဒီဆရာကြီးတွေကတော့ ကြွားနေကြပြန်ပြီ]
ရန်စစ်မင် တစ်ချက် နှာခေါင်းရှုံ့လိုက်ကာ သူ့သနားစရာကောင်းသော ဝင်ငွေကို ပြန်တွေးမိကာ စိတ်တိုတိုနှင့် ဖုန်းကို ပိတ်လိုက်၏။
"တစ်နေ့ စာလုံးရေ တစ်သောင်းရေးရတာ ဘယ်သူက မလုပ်နိုင်လို့လဲ"
"ငါ့မှာသာ အဲဒီလောက် ပိုက်ဆံရှိရင် တစ်နေ့ နှစ်သောင်းတောင် ရေးပြလိုက်မယ်"
ထို့နောက် သူသည် Word ဆော့ဖ်ဝဲကိုဖွင့်ကာ စာရွက်အလွတ်ထဲသို့ ဝင်လိုက်ကာလက်နှစ်ဖက်ကို ကီးဘုတ်ပေါ် တင်၍ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်၏။
သူ အဆင်သင့် ဖြစ်နေပြီပင်။
နောက်တစ်ခဏတွင် သူ့လက်နှစ်ဖက်မှာ မရေမတွက်နိုင်သော လက်တံများအလား ကီးဘုတ်ပေါ်တွင် တဖြောင်း ဖြောင်း မြည်အောင် ရိုက်နှိပ်တော့သည်။
ပုံစံမှာ ပီယာနို တီးနေသကဲ့သို့ပင်။ သို့သော် သူများ ပီယာနိုတီးလျှင် ယဉ်ကျေးသိမ်မွေ့ပြီး အဆင့်အတန်းရှိသော်လည်း သူ့ ပုံစံမှာမူ ဝက်ရူးပြန်နေသကဲ့သို့ ဖြစ်နေသည်။
လက်ချောင်းများက အရူးအမူး စာရိုက်နေပြီး မျက်နှာအမူအရာမှာလည်း ဇာတ်လမ်းသွားအတိုင်း ပြောင်းလဲနေသည်။
တစ်ခါတစ်ရံ မျက်နှာကြီး ရှုံ့မဲ့နေပြီး၊ တစ်ခါတစ်ရံ ဟီးဟီးဟားဟား ရယ်နေကာ၊ တစ်ခါတစ်ရံ အော်ဟစ်နေတတ် သည်။
စိတ်လှုပ်ရှားစရာ အခန်းရောက်လျှင် သူ့ ခြေထောက်များကပါ ကြမ်းပြင်ကို ဒုန်းဒုန်း မြည်အောင် နင်းကာ စည်းချက် လိုက်နေ၏။
"တိုက်ကြဟေ့ ငါတို့ မသေဘူး နတ်ဘုရား စွမ်းအင်တွေ လွှတ်လိုက်စမ်း"
"မိစ္ဆာတွေလည်း တက်လာကြ! မင်းတို့ရဲ့ သံချပ်ကာတွေကို အသက်သွင်းလိုက်ကြစမ်း"
"..."
လိုက်ဖ်ကြည့်နေသည့် ပရိသတ်များမှာ ကြောင်အမ်းသွားကာ လက်ထဲက အဆာပြေမုန့်ကိုပင် စားရန်မေ့သွားကြသည်။
[ဒါ ဝတ္ထုရေးနေတာလား]
[ဝတ္ထုရေးတာတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ သူ့ခေါင်းထဲမှာတော့ စစ်ပွဲတွေ ဖြစ်နေတာ သေချာတယ်]
[စာရေးဆရာတွေ ဝတ္ထုရေးရင် ဒီလိုပုံစံမျိုးတွေလား စာရေး ဆရာတစ်ယောက်လောက် လာပြီး ထောက်ခံပေးပါဦး၊ ဒါမှ ဆေးရုံကို အကြောင်းကြားရမလား ကျွန်တော် ဆုံးဖြတ်လို့ရမှာ]
[အဟမ်း... ကျွန်တော်က စာရေးတဲ့သူပါ၊ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလိုမျိုး မဖြစ်ပါဘူး၊ တကယ်ပါ]
[အခု ရှေ့မှာ ရှိနေတဲ့သူက... ၁၂၀ (လူနာတင်ကား) ခေါ်ပေးရမလား]
ပရိသတ်များမှာ ဤအခန်းကို ဝေ့ကြည့်ရင်း သူသည် မည်သည့်နည်းဖြင့် သေဆုံးမည်ကို ခန့်မှန်း၍မရနိုင်ဘဲ ရှိနေသည်။
သူသည် အသက် ၂၀၊ ၃၀ ဝန်းကျင်သာ ရှိသေးပြီး အလွန်ငယ်ရွယ်သေးသည်။
ဤအခန်းထဲတွင်လည်း သူတစ်ယောက်တည်း ရှိနေသလို အန္တရာယ်ရှိသည့် ပစ္စည်းများလည်း မရှိပေ။
ထောင့်က အမှိုက်ပုံကြီးကို ကြည့်ကာ ပရိသတ်တစ်ဦးက ခန့်မှန်းလိုက်သည်။
[အနံ့နံလို့ သေတာများလား]
ထိုစဉ် လိုက်ဖ်လွှင့်ခန်းအတွင်းမှ ကီးဘုတ်ရိုက်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
စာရေးစားပွဲရှေ့တွင် ရန်စစ်မင်မှာ တစ်ချက် ပျင်းကြောဆန့်ကာ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။
သူသည် ပျင်းရိပျင်းတွဲ ပုံစံသို့ ပြန်ရောက်သွား၏။
"ငါ့ရဲ့ စာမူက ရလဒ်ကောင်းတာ မဟုတ်ဘူး၊ တစ်နေ့ တစ်သောင်းရေးလည်း ထူးမှာ မဟုတ်ပါဘူး၊ သုံးခန်းဆိုရင် တော်လောက်ပြီ"
သူ့ ဝတ္ထုမှာ အမြဲတမ်း ပူနွေးနွေး အခြေအနေမှာသာ ရှိနေသဖြင့် ဘယ်နှစ်ခန်းတင်တင် ထူးခြားမှု မရှိပေ။
"အရင်ဆုံး တစ်ခန်းလောက်တင်လိုက်မယ် ဟီးဟီးဟီး..."
ရန်စစ်မင်သည် အခန်းတင်ရန် လုပ်ဆောင်ရင်း ယုတ်မာစွာ ပြုံးနေသည်။
"ကျန်တဲ့ နှစ်ခန်းကိုတော့ အခု မတင်သေးဘူး၊ မင်းတို့ ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့"
တင်ပြီးနောက် သူသည် [နတ်မိစ္ဆာ] စာဖတ်သူ group ထဲသို့ ဝင်ကာ အားလုံးကို mention ခေါ်လိုက်သည်။
[အဖေတို့ရေ... Update လာပြီ၊ မြန်မြန်သွားဖတ်ကြ၊ ဒီနေ့ ဇာတ်လမ်းက တော်တော်စိတ်လှုပ်ရှားဖို့ ကောင်းတယ်]
Group အဖွဲ့ဝင်များမှာ ချက်ချင်း ပေါ်လာကြတော့သည်။
ရှင်းရှင်း: [ခွေးစာရေးဆရာကတော့ နောက်ဆုံးတော့ update လုပ်ပြီ]
နှင်းလူရုပ်: [ဟုတ်ကဲ့၊ အခုပဲ သွားဖတ်ပါမယ်]
နတ်ဘုရား: [တစ်နေ့လုံး စောင့်နေရတာ၊ အခုမှပဲ update လုပ်တော့တယ်]
Group ထဲတွင် ပြန်ဖြေပြီးနောက် စာဖတ်သူများသည် ဝတ္ထုဝက်ဘ်ဆိုက်သို့ ဝင်လိုက်ကြ၍ ဖတ်ကြည့်လိုက်သောအခါ ဇာတ်လမ်းမှာ နတ်မိစ္ဆာစစ်ပွဲ၏ အလွန်စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အချိန်သို့ ရောက်နေသည်။
နတ်ဘုရားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့သည် ရှင်သန်ရေးအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားပြီး စွမ်းရည်အမျိုးမျိုးမှာလည်း အားရစရာ ကောင်းလှသည်။
ဇာတ်ကောင်မှာ ရှေ့သို့ ထွက်လာကာ မိစ္ဆာမျိုးနွယ်ကို နှိမ်နင်းတော့မည့် အချိန်... သူတို့ စိတ်လှုပ်ရှားနေစဉ်မှာပင် နောက်တစ်မျက်နှာ လှန်လိုက်ရာ...
မရှိတော့ဘူး...
ဒါပဲလား...
တစ်နေ့လုံး စောင့်ခိုင်းပြီး တစ်ခန်းတည်း တင်တာလား....
စာဖတ်သူများမှာ group ထဲသို့ ပြန်ရောက်လာကြပြီး ပေါက်ကွဲကြတော့သည်။
ရှင်းရှင်း: [ခွေးစာရေးဆရာကတော့ လူလိုမနေချင်တော့ဘူး ထင်တယ် (ဓားပုံစံ jpg.)]
နတ်ဘုရား: [ဒါပဲလား မင်း ဘယ်သူ့ကို လှည့်စားနေတာလဲ၊ နောက်က အခန်းတွေကို မြန်မြန်ထုတ်ပေးစမ်း]
ယုန်လေး: [မင်းတို့ကလည်း သိပ်ပြီး မကြမ်းကြပါနဲ့ဦး၊ ဆရာလည်း ပင်ပန်းမှာပေါ့၊ တို့တွေ သူ့အိမ်တံခါးကို သွားပိတ်ပြီး အခန်း ၁၀ ခန်းလောက် ရေးခိုင်းလိုက်ရင် ရပါပြီ]
Group ထဲမှ စာများကို မြင်သော်လည်း ရန်စစ်မင်က ဂရုမစိုက်ပေ။
သူက ဟီးဟီးရယ်ကာ "မင်းတို့ ဖြည်းဖြည်းချင်း update တောင်းနေကြဦး..."
သူသည် ကုတင်ပေါ်သို့ တိုက်ရိုက်လှဲချလိုက်ကာ အေးအေး ဆေးဆေး အပြင်က အစားအစာမှာလိုက်ပြီး ဇာတ်လမ်းတွဲ တစ်ခုကို ဖွင့်ကြည့်နေတော့သည်။
ဇိမ်နှင့်ပင် ခြေထောက်ကို တစ်လှုပ်လှုပ် လုပ်နေ၏။
[ဟာ ဒါက update တင်ဖို့ အချိန်ဆွဲနေတဲ့ ခွေးစာရေး ဆရာ နောက်တစ်ယောက်ပါလား]
လိုက်ဖ်ကြည့်နေသူများထဲတွင် ဝတ္ထုဖတ်ရသည်ကို ကြိုက်သော ပရိသတ်များစွာ ပါဝင်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့ အားလုံး နားလည်သွားကြသည်။
ဝတ္ထုဖတ်သူတိုင်းမှာ ဇာတ်ရှိန်တက်နေစဉ် ပြတ်သွားသည့် ဝေဒနာကို ခံစားဖူးကြသည်။
စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန် သို့မဟုတ် လျှို့ဝှက်ချက်တွေ ပေါ်တော့မည့် အချိန်တွင်... ပြတ်သွားတတ်သည်။
စာရေးဆရာများမှာ အမြဲတမ်း ထိုကဲ့သို့သော အချက်တွင် ရပ်ပစ်တတ်သဖြင့် ဖတ်နေသူမှာလည်း ထိုနေရာမှာပင် တစ်နေတော့သည်။
တက်လို့လည်း မရ၊ ဆင်းလို့လည်း မရနှင့် မည်မျှ ခံရခက်သည်ကို ပြောမနေပါနှင့်တော့ ဝတ္ထုဖတ်သူတိုင်းမှာ စာရေးဆရာကို ဓားနဲ့ခုတ်ချင်စိတ် ပေါက်ဖူးကြသည်ချည်းပင်။
[ခွေးသူခိုး မြန်မြန် update လုပ်စမ်း ငါ့ရဲ့ မီတာ ၄၀ ရှည်တဲ့ ဓားကြီးက အဆင်သင့်ဖြစ်နေပြီ]
[အဲဒီနေ့က ငါ နိုင့်ဟယ်တံတားပေါ်မှာ မုန့်ပေါ်ဆေးရည် ၁၀ ခွက် ဆက်တိုက် သောက်ခဲ့တယ်၊ ဆေးရည် တိုက်တဲ့သူက 'တော်ပြီ မင်း ဘာကို မေ့လို့မရသေးတာလဲ' လို့ အော်တော့၊ ငါ ကြောင်သွားပြီး 'ငါ မေ့လို့မရသေးဘူး၊ အဲဒီနေ့က သူ update မလုပ်ခဲ့တာကို' လို့ ပြောလိုက်တယ်]
[အပေါ်ကလူကတော့ တော်တော်လေးကို ကြမ်းတာပဲ၊ နောက်တော့ ဘာဖြစ်လဲ]
[နောက်တော့ ငါ ဓားကိုင်ပြီး update တောင်းဖို့ ပြန်လာခဲ့တယ်လေ ]
[ဒီစာရေးဆရာကတော့ တော်တော်လေး အရိုက်ခံချင်နေတာပဲ၊ ငါသာ သူ့ဝတ္ထုကို ဖတ်နေတဲ့သူဆိုရင် သူ့အိမ်အထိ လိုက်သွားမှာ သေချာတယ်]
ပရိသတ်များ၏ စနောက်မှုများကြားတွင် လိုက်ဖ်လွှင့်ခန်းအတွင်းမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ဒုန်း ဒုန်း....
ဒုန်း ဒုန်း...
ထို့ကြောင့်ကုတင်ပေါ်ရှိ ရန်စစ်မင်မှာ ချက်ချင်းပင် လူးလဲထကာ တံခါးသွားဖွင့်ပေးသည်။
ဤသည်ကို မြင်လိုက်ရသောအခါ ပရိသတ်များမှာ စတင်ခန့်မှန်းကြတော့သည်။
[တံခါးဖွင့်လိုက်တာနဲ့ သွေးတွေ မြင်ရမယ့် မြင်ကွင်းမျိုးလား]
[အိမ်ထဲဝင် လုယက်တာများလား]
🫧 Chapter 66
[ဟင်းလျာတွေထဲမှာ အဆိပ်ပါနေတာလား]
[ဒါနဲ့... သူ့အိမ်လိပ်စာကို ဘယ်သူသိလဲ ၁၂၀ (လူနာတင်ကား) တောင် ခေါ်ပေးလို့မရဘူး ဖြစ်နေပြီ]
ပရိသတ်များမှာ ကြောင်အမ်းသွားပြီးမှ သတိဝင်လာကြသည်။
ဤလူသည် စာရေးဆရာတစ်ဦးဖြစ်ကြောင်း သူတို့ ခန့်မှန်းမိသော်လည်း သူ့အိမ်လိပ်စာကိုမူ မည်သူမျှ မသိကြပေ။
လိုက်ဖ်မြင်ကွင်းထဲတွင် ရန်စစ်မင်သည် မှာထားသည့် အစားအစာကို အန္တရာယ်ကင်းကင်းနှင့် သွားယူလိုက်သည်။
ထို့နောက် အသားများလှသော ခရမ်းချဉ်သီး အမဲသားဟင်းကို အားရပါးရစားလိုက်ပြီး ဖုန်းကို ဆက်လက်ပွတ်နေပြန်သည်။
ထိုသို့ ဘာမှမဖြစ်ဘဲ ထိုင်နေသည်ကို ကြည့်ပြီး အားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။
[လိုက်ဖ်လွှင့်တဲ့သူက ဒီတစ်ခေါက်လည်း လမ်းကြုံရုံပဲလား]
[ငါ အရင်သွားစားလိုက်ဦးမယ်၊ ကြည့်ရင်းနဲ့ ဗိုက်ဆာလာပြီ]
[...ဟာခုနက အိမ်သာတက်ရင်း ဖုန်းကြည့်လိုက်တာ၊ ဒီလူက ငါဖတ်နေတဲ့ ဝတ္ထုရဲ့ ခွေးစာရေးဆရာပဲ]
[ သွားပြီ၊ ဒါဆိုရင် စိတ်လှုပ်ရှားပြီး သွေးတိုးတာလား ဒီကောင်က အခန်းနှစ်ခန်းကို တမင်ချန်ထားပြီး update မလုပ်သေးတာလေ]
ထိုပရိသတ်သည် ရန်စစ်မင် အစောပိုင်း အော်ဟစ်ရေးသားခဲ့သည့် အကြောင်းအရာများမှာ မိမိဖတ်နေသည့် ဝတ္ထုထဲမှ ဖြစ်နေကြောင်း သိလိုက်ရချိန်တွင် အံ့အားသင့်သွားတော့ သည်။
ချက်ချင်းပင် ဆူညံပွက်လောရိုက်နေသည့် စာဖတ်သူ group ထဲသို့ လိုက်ဖ်လွှင့်ခန်း လင့်ခ်ကို ပို့လိုက်၏။
[နတ်မိစ္ဆာ စာဖတ်သူ Group]
နွားကြီး: [ညီအစ်ကိုတို့ရေ... မြန်မြန်ဓားကိုင်ပြီး လာခဲ့ကြ၊ စာရေးဆရာက ဒီထဲမှာ သူ အခန်းနှစ်ခန်းကို သိမ်းထားပြီး update မလုပ်သေးဘူး]
နွားကြီး: [@Group Admin၊ စာရေးဆရာ လိုက်ဖ်လွှင့်ခန်းထဲ ရောက်နေပြီ၊ ဆေးရုံမှာ အဆင်သင့်သွားစောင့်နေလိုက်တော့]
ရှင်းရှင်း: [ဟာ တကယ်လား ခွေးစာရေးဆရာကတော့ လူလိုမနေချင်တော့တာ တကယ်ပဲ]
ယုန်လေး: [အားလုံး စိတ်မပူကြနဲ့၊ ဓားလိုတဲ့သူတွေ ငါ့ဆီမှာ လာယူကြ]
မကြာမီမှာပင် လိုက်ဖ်လွှင့်ခန်းထဲသို့ လူအုပ်ကြီး ထပ်မံရောက်ရှိလာသည်။
[ခွေးစာရေးဆရာ ဒီမှာရှိတယ်ဆိုလို့ လာကြည့်တာ]
[မရဏလောကမှ အံ့ဖွယ်နေ့ရက်များလား... စာရေးဆရာက ဒီလိုက်ဖ်မှာ ပေါ်လာတယ်ဆိုရင် သူ update မလုပ်နိုင်တော့မယ့် အခြေအနေမျိုး ရောက်နေတာလား...]
[စာရေးဆရာကို မြန်မြန် mention ခေါ်ကြ]
စာဖတ်သူများသည် စာရေးဆရာက update မလုပ်ဘဲ ဗီဒီယိုကြည့်နေသည်ကို မြင်ရ၍ စိတ်တိုနေကြသော်လည်း အသက်အန္တရာယ်နှင့် ယှဉ်လာသောအခါ အရေးကြီးသည်ကို သိကြသည်။
သူတို့အားလုံး group ထဲသို့ ပြန်သွားကာ စာရေးဆရာကို mention ခေါ်၍ မတော်တဆမှုများ ဖြစ်လာနိုင်သဖြင့် ဆေးရုံသို့ ကြိုသွားထားရန် သတိပေးကြတော့သည်။
တင်း~
တင်း~
လိုက်ဖ်မြင်ကွင်းထဲတွင် ကုတင်ပေါ်၌ လဲလျောင်းနေသော ရန်စစ်မင်သည် group ထဲမှ message များကို မြင်လိုက်ရသော်လည်း လက်ဖြင့် တစ်ချက်ပွတ်ကာ လျစ်လျူရှုလိုက်ပြီး ဇာတ်လမ်းတွဲကိုသာ ဆက်ကြည့်နေသည်။
ဤသည်ကို မြင်သော ပရိသတ်များမှာ ဖုန်းကို ကိုင်လိုက်၊ ပြန်ချလိုက်၊ ပြန်ကိုင်လိုက်နှင့် ဖြစ်နေကြ၏။
[ဒီခွေးစာရေးဆရာကတော့ တကယ်ကို မကယ်နိုင်တော့ဘူး]
သူတို့ တတ်နိုင်သမျှ ကြိုးစားခဲ့ကြပြီးပြီ။
[ဟားဟားဟားဟား...]
ရန်စစ်မင်မှာမူ ဘာမှမသိဘဲ ဗီဒီယိုအတိုလေးများကို ကြည့်ကာ အားရပါးရ ရယ်မောနေသည်။
သူသည် ပေါင်ကိုပုတ်ကာ လူးလိမ့်နေအောင် ရယ်နေ၏။
ဗီဒီယိုတစ်ခု ပြီးသွားသော်လည်း ဒုတိယအကြိမ် ပြန်ကြည့်ကာ ထပ်မံ ရယ်မောပြန်သည်။
[အား... ရယ်ရလွန်းလို့ ဗိုက်တောင် နာလာပြီ ဟားဟား... အင့်]
ရယ်မောနေရင်း ရန်စစ်မင်သည် ရုတ်တရက် ခေါင်းမူးလာကာ အာရုံများ ဝေဝါးသွားသည်။
အစပိုင်းတွင် သူက အလွန်အကျွံ ရယ်လိုက်သောကြောင့်ဟု ထင်ကာ ရယ်သံကို ဖြည်းဖြည်းချင်း လျှော့လိုက်၏။
သို့သော် ခဏကြာသည့်တိုင် ဝေဒနာမှာ သက်သာမသွားပေ။
သူ၏ အသက်ရှူသံများ မြန်လာကာရင်ဘတ်ထဲမှလည်း စူးအောင့်သော ဝေဒနာကို ခံစားလာရသည်။
ထိုအခါ သူသည် ဖုန်းကို အမြန်ချလိုက်ကာ အသက်ရှူနှုန်းကို ထိန်းညှိပြီး ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားသည်။
ချွေးစေးများမှာ အလုံးလိုက် ထွက်ပေါ်လာကာ မျက်လုံးထဲသို့ စီးဝင်သွားသဖြင့် စပ်ဖျဉ်းဖျဉ်း ဖြစ်လာ၏။
သို့သော် ရင်ဘတ်ထဲမှ ဝေဒနာက ပိုပြင်းထန်လှသည်။
ရန်စစ်မင်မှာ တစ်ခုခုမှားနေပြီ ဖြစ်ကြောင်း သိလိုက်ရကာ ဘေးသို့စောင်း၍ ၁၂၀ ခေါ်ရန် ဖုန်းကို လှမ်းယူလိုက်သည်။
သူသည် အစွမ်းကုန်ကြိုးစားသော်လည်း လက်ကို လှမ်း၍ မမီတော့ပေ။
[ကျွန်တော် ခုနကပဲ ၁၂၀ ခေါ်ပေးချင်တာ၊ ဒါပေမဲ့ လိပ်စာကို မသိဘူး ဖြစ်နေတာ]
[မင်းကို ခုနကတည်းက mention ခေါ်ပြီး သတိပေးနေတာကို မင်းက လုံးဝမကြည့်ဘူး]
[နှလုံးရပ်တာလား]
[ရုတ်တရက် သေဆုံးတာဖြစ်နိုင်တယ်။ သတင်းတွေမှာ တွေ့ဖူးတယ်၊ ညဉ့်နက်တဲ့အထိ အိပ်တာ၊ စားသောက်ချိန် မမှန်တာတွေကြောင့် ဖြစ်နိုင်တယ်]
[...လိပ်စာ သိတဲ့သူ ရှိလား]
လိုက်ဖ်ကြည့်နေသူများမှာ ကူညီချင်သော်လည်း မတတ်နိုင်ကြပေ။
အဆိုးဆုံးမှာ စာဖတ်သူများ ဖြစ်သည်။ သူတို့သည် စာရေး ဆရာနှင့် မက်ဆေ့ခ်ျ ပို့နိုင်သော်လည်း သူက လုံးဝမကြည့်ခဲ့ပေ။
ဤသည်မှာ ရွှံ့ဗွက်ထဲ ကျနေသူကို လက်ကမ်းပေးသော် လည်း ထိုသူက လက်ကို ပြန်မဆွဲသည့်အလားပင်။
စာဖတ်သူများ ပူပန်နေစဉ်မှာပင် comment နှစ်ခု တက်လာသည်။
ရဲတပ်ဖွဲ့: [သက်ဆိုင်ရာ လမ်းကြောင်းကနေတစ်ဆင့် လိပ်စာကို သိရှိပြီးပါပြီ၊ ၁၂၀ လူနာတင်ကား လမ်းမှာ လာနေပါပြီ]
နည်းပညာရှင်: [လိပ်စာ ရှာတွေ့ပါပြီ၊ ရဲတိုင်ထားပြီး ၁၂၀ လည်း ခေါ်ထားပြီးပါပြီ]
လျန်ကျန့်၏ကိစ္စကို ကြုံတွေ့ခဲ့ဖူးသော ပရိသတ်များမှာ အဆုံးသတ်ကို ခန့်မှန်းမိကြသော်လည်း အသက်တစ်ခု မိမိတို့ရှေ့တွင် ပျောက်ကွယ်သွားသည်ကိုမူ ဒီအတိုင်း ကြည့်မနေနိုင်ကြပေ။
သူတို့သည် ဖုန်းကိုကြည့်ကာ စိတ်ထဲမှ ဆုတောင်းနေကြသည်။
[အားတင်းထားပါ]
[တောင့်ခံထားပါဦး]
လိုက်ဖ်မြင်ကွင်းထဲတွင် ရန်စစ်မင် မျက်နှာမှာ ပိုဖြူလျော်လာသည်။
ချွေးများမှာ အဆမတန် ထွက်လာပြီး ဆံပင်နှင့် ကျောပြင်တစ်ခုလုံး စိုရွှဲသွားတော့သည်။
သူသည် ကုတင်ပေါ်တွင် ခွေလိပ်နေကာ ရင်ဘတ်ကို တင်းတင်းဆုပ်ထားသည်။
သူါမျက်နှာမှာ ဝေဒနာကြောင့် မျက်နှာကြီး ရှုံ့မဲ့နေ၏။
ခဏအကြာတွင် မျက်လုံးအိမ်များမှာ စတင်ဝေဝါးလာကာ သတိလစ်သွားပုံ ရသည်။
တဖြည်းဖြည်းနှင့် ကုတင်ပေါ်ရှိ လူ၏ လှုပ်ရှားမှုများမှာ ငြိမ်သက်သွားတော့သည်။
နောက်ဆုံးတွင် အသက်ရှူသံပင် မကြားရတော့ပေ။
လိုက်ဖ်လွှင့်ခန်းအတွင်း မည်သူမျှ comment မပေးတော့ဘဲ အသက်တစ်ခု ထွက်ခွာသွားသည်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
"..."
သုံးမိနစ် ကုန်လွန်သွားသည်။
လိုက်ဖ်မြင်ကွင်းထဲတွင် ဝိညာဉ်တစ်ခုသည် ဖြည်းဖြည်းချင်း လွင့်ပျံလာသည်။
ရန်စစ်မင်သည် အစပိုင်းတွင် မိမိလက်နှင့် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာနေသော ခန္ဓာကိုယ်ကို ဇဝေဇဝါ ကြည့်နေမိသည်။
ထို့နောက် ကုတင်ပေါ်တွင် လဲလျောင်းနေသော မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်၏။
သုံးစက္ကန့်ခန့် စိုက်ကြည့်ပြီးနောက် သူ ရုတ်တရက် သတိဝင်လာသည်။
"ဟာ ငါ သေသွားပြီလား"
သူသည် မျက်လုံးပြူးကာ ကုတင်ပေါ်ရှိ မိမိကိုယ်ကိုယ် မယုံ ကြည်နိုင်စွာ ကြည့်နေမိသည်။
"ငါ ဒီလောက် ငယ်ငယ်လေးနဲ့ သေသွားတာလား ငါ့ပိုက်ဆံတွေတောင် မသုံးရသေးဘူးလေ"
သူသည် ရင်ဘတ်ကို ဖိထားမိကာ ဝမ်းနည်းသွားသည်။
ဒီလိုမှန်းသိရင် အမဲသားဟင်းလေးတင် မဟုတ်ဘဲ ပုစွန်ထုပ်တွေ၊ စတိတ် တွေပါ မှာစားခဲ့သင့်သည်။
' အခုတော့ အမဲသားဟင်း တစ်ခွက်တည်းနှင့်... ထိုအထဲတွင်လည်း အမဲသားက အနည်းငယ်သာ ပါပြီး အနံ့ကလည်း တစ်မျိုးကြီး'
ရန်စစ်မင်မှာ နောင်တရလွန်းသဖြင့် ရူးချင်စိတ်ပေါက်သွားသည်။
မိမိကိုယ်ကိုယ် ဤမျှ ငယ်ငယ်နှင့် သေလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးပေ။
အရင်က သတင်းတွေထဲတွင် ရုတ်တရက် သေဆုံးသူများအကြောင်း ကြားဖူးသော်လည်း ဂရုမစိုက်ခဲ့မိပေ။
အခုတော့ မိမိအလှည့် ရောက်လာခဲ့ပြီ။
ရုတ်တရက် သူ တန့်သွားကာ အဖြူရောင် ဝတ်စုံဝတ်ထားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ့ မျက်စိသူငယ် အိမ်များ တုန်လှုပ်သွား၏။
'သူ မသေချင်သေးဘူး... အနည်းဆုံးတော့ စုထားတဲ့ ပိုက်ဆံတွေ အကုန်မသုံးရသေးခင်၊ ဝတ္ထုရေးချင်တဲ့ အိမ်မက်တွေ မပြည့်ဝသေးခင်မှာ...မသေချင်သေးဘူး'
ရန်စစ်မင်သည် အသိစိတ်ဖြင့် ထွက်ပြေးရန် ကြိုးစားသည်။
သူ့ ရင်ထဲတွင်လည်း မြန်မြန် ထွက်ပြေးရန် အော်ဟစ်နေ၏။
သို့သော် သူ့ခြေထောက်များကို လှမ်း၍ မရတော့ပေ။
ရင်ထဲမှ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ သည်။
ဤသည်မှာ သေခြင်းတရားကို ကြောက်ရွံ့ခြင်းလား သို့မဟုတ် ရှေ့မှ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်ကို ကြောက်ရွံ့ခြင်းလားဆိုသည်ကို သူ ဝေခွဲမရတော့ပေ။
အဖြူရောင်ပုံရိပ် နီးကပ်လာသည်ကို မြင်သောအခါ သူ မထိန်းနိုင်တော့ဘဲ...
ကျန်းလင် ရှေ့တွင် ဒူးထောက်ကာ ငိုကြွေးတော့သည်။
"လိုက်ဖ်လွှင့်တဲ့သူ... ဝိညာဉ်တမန်တော်ကြီး ကျွန်တော် မသွားနိုင်သေးဘူး၊ ကျွန်တော့်ရဲ့ဝတ္ထုတွေ update မလုပ်ရသေးဘူးဗျ"
သူသည် တစ်ကိုယ်လုံး တုန်ယင်ကာ နှပ်ချေး နှင့်မျက်ရည် ယိုစီးလျက် ရှိသည် 'ဝိညာဉ်လောက၏ ကုစားမှုနေ့စဉ် မှတ်တမ်း' လိုက်ဖ်လွှင့်ခန်းတွင် သူ စာရိုက်ဖူးသော်လည်း...
တကယ်တမ်း ဝိညာဉ်တမန်တော်ကြီးနှင့် ရင်ဆိုင်ရချိန်တွင်မူ သေခြင်းတရား၏အငွေ့အသက်များကြောင့် သူ လိုက်ဖ်မှာ စာရိုက်သကဲ့သို့ တည်ငြိမ်မနေနိုင်တော့ပေ။
သူသည် သေရမှာ ကြောက်သည်၊ ဤလောကမှ ထွက်ခွာသွားရမှာကို ကြောက်သည်။
ဤလောက၏ လှပသော အရာများစွာကို သူ မခံစားရသေးပေ။
"..."
ကျန်းလင်သည် ရှေ့မှ ဝိညာဉ်ကို ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့်...
"မင်း တကယ်ပဲ ဝတ္ထုကို ဆက်ပြီး update လုပ်ချင်နေတာလား"
ရန်စစ်မင်သည် ကြမ်းပြင်ကို စိုက်ကြည့်ကာ ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။
သူ့ သွားချင်းရိုက်သံများမှာလည်း တဂတ်ဂတ်နှင့် ကြားနေရတော့သည်။