← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

🫧 Chapter 67

[ငါသာ သူ့လို အရွယ်ကောင်းတုန်းဆိုရင်လည်း မသေချင်သေးဘူးကွာ]

[နှမြောစရာကောင်းတာက ဒီလောကမှာ နောင်တဆေးဆိုတာ မရှိတာပဲ လိုက်ဖ်လွှင့်တဲ့သူ ပြောသလိုပဲ အသက်ကို တန်ဖိုးထားကြပါဦး]

[လိုက်ဖ်လွှင့်တဲ့သူက သူ့ကို ဝတ္ထုဆက်ရေးခွင့် ပေးမလားလို့ မင်းတို့ ထင်ကြလဲ]

လိုက်ဖ်လွှင့်ခန်းထဲတွင် ရန်စစ်မင်တစ်ယောက် ငိုကြီးချက်မနှင့် မထွက်ခွာချင်သေးကြောင်း ပြောနေသည်ကို ကြည့်ပြီး ပရိသတ်များမှာလည်း ထပ်တူထပ်မျှ ခံစားနေကြရသည်။

'အသက် ၂၀ ကျော် အရွယ်ဆိုသည်မှာ ဘဝတစ်ခု စတင်ခါစ မဟုတ်ပါလား'

'ဘယ်သူကမှ မိမိကိုယ်ကိုယ် အောင်မြင်မှုတွေ ရချင်ကြတယ်၊ ချိုမြိန်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ချင်ကြတယ် မဟုတ်လား'

တစ်ခါတစ်ရံ ဘဝကို ညည်းညူမိတတ်ကြသော်လည်း ညည်းညူပြီးနောက် အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေကြသေးသည်။

ပရိသတ်များသည် နောက်ထပ် ဘာဖြစ်လာမလဲဆိုသည်ကို တိတ်တဆိတ် စောင့်ကြည့်နေကြ၏။

အိပ်ခန်းထဲတွင် ကျန်းလင်သည် ဒူးထောက်နေသော ရန်စစ်မင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"ခုနစ်ရက်ပဲ... မင်းမှာ ခုနစ်ရက်ပဲ အချိန်ရှိမယ်"

ခုနစ်ရက်သည် သံသရာတစ်ခု ဖြစ်သည်။

အကယ်၍ ခုနစ်ရက်ကြာပြီးနောက် ရန်စစ်မင်သည် ဝိညာဉ်လောကသို့ မသွားသေးလျှင် ထိုအခါ၌ ကျန်းလင် တာဝန်ယူရမည့် ကိစ္စမဟုတ်တော့ပေ။

"ကျေးဇူးတင်ပါတယ် ဝိညာဉ်တမန်တော်ကြီး ကျေးဇူးတင်ပါတယ်"

ရန်စစ်မင်မှာ ခေါင်းကို တဒေါက်ဒေါက် ညိတ်ကာ နှပ်ချေးမျက်ရည် ယိုစီးလျက် ရှိသည်။

အခုအချိန်မှာတော့ သူ့အတွက် ရုပ်ရည်ပုံပန်းသွင်ပြင်ထက် အသက်ရှင်ဖို့က ပိုအရေးကြီးသည်။

ခုနစ်ရက် ...

သူ ခုနစ်ရက်လောက် ထပ်ရှင်နိုင်သေးတယ်...

တစ်ပတ်ဆိုလျှင် အလုပ်များ အများကြီး လုပ်၍ရ‌သေးသည်။

ရန်စစ်မင်သည် ဝိညာဉ်တမန်တော်ကြီး၏လိုက်ဖ်ကို ကြည့်ဖူးသည်မှာ ကံကောင်းသည်ဟု မှတ်ယူလိုက်သည်။

ခုနက သူ ကြောက်လန့်တကြားနှင့် ထွက်မပြေးခဲ့မိသည်မှာလည်း တော်သေး၏။

သူသည် မျက်ရည်သုတ်ကာ ခန္ဓာကိုယ်ထဲ ပြန်ဝင်ရန် ပြင်နေစဉ် ကျန်းလင် အေးစက်စွာ ပြောလိုက်ပြန်သည်။

"ကောင်းပြီ... ဒါဆိုရင် သွားကြစို့"

"ဗျာ"

ရန်စစ်မင်မှာ ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာမှာ ကြောင်အမ်းသွားသည်။

'သွားမယ် ဘယ်ကိုလဲ'

'သူ ခုနစ်ရက် ထပ်ရှင်ရဦးမှာ မဟုတ်ဘူးလား'

ကျန်းလင်သည် လက်ကို ဝေ့ယမ်းလိုက်ရာ ဝိညာဉ်လောကသို့ သွားရာလမ်း ပွင့်သွားသည်။

ရန်စစ်မင်၏ အတွေးကို သိပုံရသဖြင့် ကျန်းလင်က ရှင်းပြလိုက်၏။

"မင်းရဲ့ လူ့လောကက ခန္ဓာကိုယ်က သေသွားပြီ၊ ဒါကြောင့် မင်း ဝိညာဉ်လောကကိုပဲ သွားလို့ရမယ်"

ပြောပြီးသည်နှင့် ကြောင်အမ်းနေသော ရန်စစ်မင်ကို မ၍ ဝိညာဉ်လောကလမ်းထဲသို့ ဝင်သွားတော့သည်။

[ငါကတော့ ပုံမှန်ဆိုရင် မရယ်တတ်ဘူးနော်...]

[သေသူကို အလေးထားရမယ်ဆိုတော့ မရယ်သင့်ဘူးမှန်း သိပေမယ့်... ခွီး]

မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားသဖြင့် ပရိသတ်များမှာ မထိန်းနိုင်တော့ပေ။

[သူက ခန္ဓာကိုယ်ထဲ ပြန်ဝင်လို့ရမယ် ထင်နေတာလား မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိသားပဲ]

[ခွီး~ စာရေးဆရာကြီး ကြိုးစားပါ ဝိညာဉ်လောကရောက်ရင်လည်း စာကို သေချာရိုက်ပါဦး၊ ကျွန်တော်တို့ စောင့်နေမယ်]

[ခုနစ်ရက်... စာရေးဆရာက ဒီစာအုပ်က တစ်ဝက်ပဲ ရှိသေးတယ်လို့ ပြောထားတာ၊ တကယ်ပဲ ဇာတ်သိမ်းနိုင်ပါ့မလား]

ရန်စစ်မင်၏ စာဖတ်သူများလည်း ပေါ်လာကြသည်။ အခု အခြေအနေမှာ သူတို့အတွက် မမျှော်လင့်ဘဲ ရလာတဲ့ ဝမ်းသာစရာ သတင်းပင်။

[ပြဿနာမရှိလောက်ပါဘူး၊ စာရေးဆရာက လက်မြန်သားပဲ]

[ဝိညာဉ်လောကရောက်ရင် စားဖို့၊ အိပ်ဖို့၊ အိမ်သာတက်ဖို့ မလိုတော့ဘူးဆိုတော့ စာပဲ အားသွန်ခွန်စိုက် ရိုက်လို့ရပြီပေါ့]

[အပေါ်က လူတွေ... သူ တကယ်ပဲ စာသေချာ ရိုက်မယ်လို့ ထင်နေတာလား]

ပရိသတ်တစ်ဦးက သံသယဝင်လာသည်။ ခုနက မြင်ကွင်းအရ ရန်စစ်မင်၏ update ဆွဲသည့် ပြဿနာမှာ အလွန်ကြီးမားသည်။

ဝိညာဉ်လောက ရောက်သွားရင်တောင် စာကို သေချာ ရိုက်ပါ့မလားဆိုသည်မှာ စဉ်းစားစရာပင်။

[...]

[ဒါဆိုရင် ငါတို့ ဘိုးဘွားတွေကို အမျှဝေတဲ့အခါ စာရေး ဆရာကို update လုပ်ဖို့ ဝိုင်းပြောပေးခိုင်းရမလား]

[မင်း ဘိုးဘွားတွေကို ခေါ်လို့ရရင်ပေါ့...]

စာဖတ်သူများ ငြိမ်ကျသွားကြသည်။

' ဘိုးဘွားတွေကို ခေါ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ'

ယခုအခါ လိုက်ဖ်မြင်ကွင်းသည် ကျန်းလင်နှင့်အတူ ဝိညာဉ်လောကသို့ ရောက်ရှိလာပြီဖြစ်သည်။

ကျန်းလင်သည် ပုံမှန်သွားနေကျ ဝိညာဉ်လမ်းကို မသွားဘဲ ရန်စစ်မင်ကို ခေါ်ကာ အခြားတစ်ဖက်သို့ ပျံသန်းသွားသည်။

လမ်းတွင် တွေ့ရသော ဝိညာဉ်တမန်တော်များမှာလည်း စူးစမ်းသော မျက်လုံးများဖြင့် ကြည့်သော်လည်း မမေးမြန်းကြပေ။

လမ်းတစ်လျှောက်တွင် ရန်စစ်မင်သည် မျက်လုံးကို တင်းတင်းမှိတ်ထားကာ ခြေထောက်များ တုန်ယင်နေသည်။

မျက်လုံးဖွင့်လိုက်သည်နှင့် ဝိညာဉ်တမန်တော်များစွာကို မြင်တွေ့ရသောကြောင့် ဖြစ်သည်။

လိုက်ဖ်လွှင့်တဲ့သူ တစ်ယောက်တည်းတောင် သူ့ကို သေလုမတတ် ကြောက်အောင် လုပ်နိုင်တာ၊ ဒီလောက်များတဲ့သူတွေကို မြင်ရင် သူ အရင် သေသွားမှာ ကြောက်နေမိသည်။

မည်မျှကြာသွားသည်မသိ၊ နားထဲတွင် တဝုန်းဝုန်း မြည်နေသော လေသံမှာ တဖြည်းဖြည်း တိုးသွားသည်။

ရန်စစ်မင်သည် မျက်လုံးကို အသာလေး ဖွင့်ကြည့်လိုက်ရာ အောက်တွင် အိမ်ခြေများစွာကို မြင်လိုက်ရသည်။

သူသည် ကောင်းကင်ယံတွင် တွဲလောင်း ခိုနေရခြင်း ဖြစ်သည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ ခြေထောက်ကို စုထားမိသည်။

' အမလေး... အမြင့်ကြီးပဲ'

"ဒီနေရာက ဝိညာဉ်ဈေးရဲ့ နောက်ဘက်က လူနေရပ်ကွက်ပဲ"

ကျန်းလင်က ရှင်းပြလိုက်ကာ သူသည် ကောင်းကင်ယံမှနေ၍ လမ်းကြောင်းကို ခဏကြည့်ပြီးနောက် အိမ်ကြီးတစ် လုံးရှေ့တွင် ဆင်းသက်လိုက်သည်။

ဤနေရာရှိ လူနေရပ်ကွက်များသည် ရှေးဟောင်းစတိုင်လ်အတိုင်း ဆောက်လုပ်ထားခြင်း ဖြစ်သည်။ သစ်သားတိုင်များ၊ အုတ်နီခဲတံတိုင်းများနှင့် အုတ်ကြွပ်မိုးထားသော အိမ်များ ဖြစ်ကြသည်။

အချို့အိမ်များ၏ တံခါးဝတွင် လူ့လောကမှ ဓလေ့အတိုင်း မီးအိမ်များ ချိတ်ထားကာ မင်္ဂလာစာတန်းများ ကပ်ထားကြသည်။

သို့သော် ထိုစာတန်းများမှာ လူ့လောကနှင့် မတူဘဲ ဝိညာဉ်လောက၏ ဟာသများ ဖြစ်နေတတ်သည်။

ဥပမာ -

အပေါ်စာတန်း: ဒီနေ့ ခေါင်းတစ်လုံး လဲကြည့်မယ်

အောက်စာတန်း: မနက်ဖြန် လက်မောင်းတစ်ဖက် လဲမယ်

ဘေးစာတန်း: ငါ့ထက်ပျော်တာ ဘယ်သူရှိလဲ

နောက်တစ်ခုမှာ

အပေါ်စာတန်း: နှစ်တိုင်း နှစ်တိုင်း အလုပ်လုပ်နေရတယ်

အောက်စာတန်း: အဝင်အထွက်နဲ့ အနားမရနိုင်ဘူး

ဘေးစာတန်း: ဝိညာဉ်လည်း ပိုက်ဆံရှာရခက်တယ်

ဤအိမ်များသည် ကြည့်ကောင်းသော်လည်း ကျန်းလင်တို့ကဲ့သို့ ဝိညာဉ်တမန်တော်များနေထိုင်သည့် နေရာနှင့်တော့ ယှဉ်၍ မရပေ။

ဤအိမ်များသည် သာမန်အိမ်များသာ ဖြစ်သဖြင့် ဝိညာဉ်စွမ်းအင်များကို မစုစည်းနိုင်သလို အကာအကွယ် ဂါထာများလည်း မရှိပေ။

ယခုအခါ ကျန်းလင်နှင့် ရန်စစ်မင်၏ ရှေ့တွင် ရှိနေသော အိမ်ကြီးမှာ မင်္ဂလာစာတန်းများသာမက ဆိုင်းဘုတ်တစ်ခုပါ ချိတ်ထားသည်။

ဆိုင်းဘုတ်မှာ အမည်းရောင်နောက်ခံတွင် ရွှေရောင်စာလုံးများဖြင့် 'စာပေရိပ်မြုံ' ဟု ရေးသားထားသဖြင့် စာပေအငွေ့အသက်များ ရနေ၏။

သို့သော် မင်္ဂလာစာတန်းမှာမူ ဝိညာဉ်လောက စတိုင်လ်ပင် ဖြစ်သည်။

အပေါ်စာတန်း: ဓားကိုင်ပြီး တိုက်ပွဲဝင်မယ်

အောက်စာတန်း: စိတ်ကူးယဉ်ပြီး ရှေ့ဆက်တိုးမယ်

ဘေးစာတန်း: ပြည်သူ့ဆန္ဒအတိုင်း

[ဟားဟားဟား... ဒီလိုစာတန်းမျိုးဆိုရင် ငါလည်း ရေးတတ်တယ်]

[အပေါ်စာတန်း: အိမ်စာတွေ ပို့ရင် ငါလုပ်မယ်

အောက်စာတန်း: လုပ်မယ်လုပ်မယ်နဲ့ မလုပ်ဖြစ်ဘူး၊

ဘေးစာတန်း: ဆော့ချင်လို့]

[ဒါတွေက တကယ့် 'ဝိညာဉ်အကျော်အမော်' တွေပဲ]

[ဟို 'ပိုက်ဆံရှာရခက်တယ်' ဆိုတဲ့ စာတန်းကတော့ ငါ့ကို ရယ်စေတယ်ဗျာ ကျွန်တော့်အလုပ်ချိန်ကို သတိရသွားစေတယ်]

လိုက်ဖ်ကြည့်နေသည့် ပရိသတ်များမှာ ဝိညာဉ်လောက၏ လူနေရပ်ကွက် ပုံစံနှင့် ထိုဝိညာဉ်များ၏ 'အရည်အချင်း' ကို မြင်တွေ့ရသဖြင့် အလွန်သဘောကျနေကြသည်။

ကြည့်ရင်းနှင့် မိမိကိုယ်ကိုယ်လည်း အရည်အချင်းရှိသူ တစ်ဦးဟု ထင်လာကာ ပျော်ရွှင်နေကြ၏။

ကုတင်ပေါ်တွင် လဲလျောင်းကာ လိုက်ဖ်ကြည့်နေသော အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူဘက်သို့ လှည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မိန်းမ... ဒီနှစ် ငါတို့အိမ်ရဲ့ မင်္ဂလာစာတန်းကို ငါ ရေးကြည့်ရင် ဘယ်လိုလဲ"

လက်မှုအလုပ် လုပ်နေသော အမျိုးသမီးက စူးစမ်းစွာ ကြည့်လိုက်ပြီး "ရှင် ရေးတတ်လို့လား" ဟု မေးလိုက်သည်။

အမျိုးသားက စိတ်အားထက်သန်စွာဖြင့် "စမ်းကြည့်လို့ ရမယ် ထင်တယ်" ဟု ပြန်ပြောလိုက်၏။

"ကောင်းပြီလေ၊ ဒါဆိုရင် အချိန်ကျရင် စမ်းကြည့်ပေါ့။"

"ကျေးဇူးပဲ မိန်းမရေ ဟီးဟီးဟီး..."

🫧 Chapter 68

"ဝိ... ဝိ... ဝိညာဉ်တမန်တော်ကြီး၊ ဒါ... ဒါက ဘယ်နေရာလဲဗျ"

ရန်စစ်မင် တုန်တုန်ရင်ရင်ဖြင့် အသံတိုးတိုးလေးမေးလိုက်သည်။

သူ ပုခုံးနှစ်ဖက်ကို တွန့်ထားကာ တစ်ကိုယ်လုံးလည်း ချမ်းစိမ့်နေ၏။

ဤနေရာသည် အလွန်မှောင်မိုက်အေးစက်နေပြီး ဆောင်း ရာသီမှာ အဲယားကွန်း ဖွင့်ထားသကဲ့သို့ ခံစားနေရသည်။

ကျန်းလင်က သူ့ကို တစ်ချက်ကြည့်ကာ "မင်း ဝတ္ထုရေးရမယ့်နေရာပဲ" ဟု ပြောပြီး ရှေ့ကနေ ဦးဆောင်လျှောက်သွားသည်။

ရန်စစ်မင် ဘယ်ညာဝေ့ကြည့်ကာ တုန်တုန်ယင်ယင်ဖြင့် နောက်ကနေ အမြန်လိုက်သွား၏။

'ကျွီ...' ခနဲ အသံနှင့်အတူ စာပေရိပ်မြုံ ၏ တံခါးကြီး ပွင့်သွားသည်။

အတွင်းခန်းမှာ အလွန်ကျယ်ဝန်းပြီး စာရေးစားပွဲများစွာကို အစီအရီ ချထားကာ ဝိညာဉ်အချို့မှာ ကလောင်တံကို ကိုင်၍ တစ်ခုခုကို အသည်းအသန် ရေးနေကြပြီး သူတို့၏ ဘေးတွင်မူ ထွားကြိုင်းသန်မာသော လူမိုက်ပုံစံ ဝိညာဉ်ကြီးများက ဝိုင်းအုံကြည့်နေကြသည်။

အချို့က စာဖတ်နေကြပြီး အချို့က စာရေးဆရာများရေးနေသည့် စာရွက်များကို စိုက်ကြည့်နေကြ၏။

တံခါးပွင့်လာသည်နှင့် တစ်ပြိုင်နက် အခန်းထဲရှိ ဝိညာဉ်များအားလုံး ပြိုင်တူ လှည့်ကြည့်လာကြသည်။

မျက်နှာတစ်ခုချင်းစီမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ အေးစက်နေကြ၏။

ရန်စစ်မင်မှာ ကြောက်လန့်တကြား နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ မေ့လဲလုမတတ် ဖြစ်သွားသည်။

"ဪ... ဝိညာဉ်တမန်တော်ကြီးပါလား၊ ကြွပါ ဆရာကြီး"

ကျန်းလင်ကို မြင်သည်နှင့် ထွားကြိုင်းသော ဝိညာဉ်ကြီးများမှာ ချက်ချင်းထရပ်ကာ အနားသို့ ရောက်လာကြသည်။

သူတို့က လက်ဝါးချင်း ပွတ်ကာ ကြမ်းတမ်းသော မျက်နှာကြီးများပေါ်တွင် ရိုးသားလှသော အပြုံးများ ဖော်ဆောင်ရင်း "ဆရာကြီး... ကျွန်တော်တို့ ကူညီပေးရမယ့် ကိစ္စရှိရင် အားမနာတမ်း ခိုင်းစေနိုင်ပါတယ်ဗျာ"

ကျန်းလင်က ခေါင်းညိတ်ပြကာ နောက်က ရန်စစ်မင်ကို ဆွဲထုတ်လိုက်သည်။

"ဒီနေ့ကစပြီး သူလည်း ဒီမှာ ဝတ္ထုရေးရမယ် ခုနစ်ရက်ကြာရင် ငါ ပြန်လာခေါ်မယ်"

ခေါင်းဆောင်ဖြစ်ပုံရသော ဝိညာဉ်ကြီးက တုန်ယင်နေသည့် ရန်စစ်မင်ကို တစ်ချက်ကြည့်ကာ ရင်ဘတ်ကို ပုတ်ပြီး အာမခံလိုက်သည်။

"စိတ်ချပါ ဆရာကြီး ကျွန်တော်တို့ဆီမှာ အပ်ထားလိုက်ပါ"

"အင်း"

ကျန်းလင်က ခေါင်းညိတ်ကာ ရန်စစ်မင်ဘက် လှည့်ကြည့်သည်။

"မှတ်ထားဦး၊ မင်းမှာ ခုနစ်ရက်ပဲ အချိန်ရှိတယ်"

"ဝိ... ဝိ... ဝိညာဉ်တမန်တော်ကြီး... ကျွန်... ကျွန်တော်..."

ရန်စစ်မင်မှာ ကြောက်လန့်တကြားနှင့် ကျန်းလင်နောက်သို့ လိုက်ရန် ကြိုးစားသော်လည်း ဝိညာဉ်ကြီးက သူ့ပုခုံးကို လှမ်းဖက်ကာ အတွင်းသို့ ခေါ်သွားတော့သည်။

"လာပါ ညီလေးရယ်၊ ဒီဘက်ကို လာခဲ့၊ ငါ မင်းကို မိတ်ဆက်ပေးမယ်၊ ဒီနေရာက မင်းရဲ့ စာရေးစားပွဲပဲ"

ကျန်းလင်မှာ ထိုနေရာတွင် ကြာကြာမနေတော့ဘဲ ပြန်လှည့်ထွက်သွားသည့် အချိန်မှာပင်... အခန်းထဲရှိ စာရေးစားပွဲများပေါ်တွင် စာရေးနေကြသော ဝိညာဉ်များ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။

စားပွဲများကို ဝိုင်းနေသော ဝိညာဉ်ကြီးများမှာမူ အချို့က ခါးကို ကိုင်းလိုက်ကာ၊ အချို့က အိမ်ခေါင်မိုးတန်းပေါ်သို့ ပျံတက်သွားကြပြီး ကိုယ်စီ လက်နက်များကို ထုတ်လိုက်ကြသည်။

အချို့က တုတ်၊ အချို့က ပုဆိန်၊ အချို့က ကြိုး... ဝိညာဉ်ကြီးများသည် စာရေးဆရာများကို ကြည့်ကာ 'ကြင်နာတတ်တဲ့' အပြုံးကြီးများ ပြုံးပြနေကြတော့သည်။

'ကျွီ'

ထို့နောက်စာပေရိပ်မြုံ၏ တံခါးကြီး ပြန်ပိတ်သွား၏။

လိုက်ဖ်ကြည့်နေသည့် ပရိသတ်များမှာ စာရေးဆရာများ ထိတ်လန့်သွားသည်ကို မြင်ကတည်းက တစ်ခုခု မှားနေပြီဟု ခံစားမိနေကြသည်။

ဝိညာဉ်ကြီးများ လက်နက်ထုတ်လိုက်သည်ကို မြင်သောအခါ အားလုံး မျက်လုံးပြူးသွားကြ၏။

[ဟား အကွက်တွေက ဒီမှာ လာစောင့်နေတာကိုး]

[ဟာ ဘာလုပ်မလို့လဲဗျ]

[ငါ သိပြီ သူတို့ သွေးစာ ရေးခိုင်းတော့မှာလား]

[အမလေး... သွေးစာဆိုတာ ဒီလိုမျိုး ရလာတာလား]

[...]

ပရိသတ်များ၏ သံသယကို ကျန်းလင်က ရှင်းပြပေးသည်။

"ပြဿနာ မရှိပါဘူး၊ ဒီနေရာက 'ပရော်ဖန်ရှယ်နယ် Update တောင်းဆိုရေး အဖွဲ့' ပဲ"

ဝိညာဉ်လောကတွင်လည်း ပုံပြင်၊ ဝတ္ထု ဖတ်ရှုရသည်ကို ဝါသနာပါသော ဝိညာဉ်များစွာ ရှိသည်။

ဝိညာဉ်များမှာ အိပ်စက်ရန်မလိုသလောက်ဖြစ်သဖြင့် ဇာတ်လမ်းတစ်ဝက်နှင့် ပြတ်သွားသောအခါ အိပ်မရဘဲ စာရေးဆရာ၏ အိမ်ရှေ့တွင် သွားစောင့်တတ်ကြသည်။

အစပိုင်းတွင် အသစ်ထွက်လာမည့် အခန်းကို အမြန်ဆုံးဖတ်ချင်ရုံသာ ဖြစ်သော်လည်း ကြာလာသောအခါ တံခါးဝတွင် စောင့်သူ ပိုများလာသည်။

နောက်ပိုင်းတွင် စာရေးဆရာများ အပြင်ထွက်လျှင်ပင် နောက်ကနေ တကောက်ကောက်လိုက်ကာ update လုပ်ရန် တိုက်တွန်းလာကြသည်။

ထို့နောက် တဖြည်းဖြည်းနှင့် ထိုဝိညာဉ်များသည် အဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ပြောင်းသွားကြခြင်း ဖြစ်သည်။

ဝိညာဉ်လောကရှိ ဝိညာဉ်များမှာ ထိုအဖွဲ့အကြောင်း သိသွားသောအခါ မိမိတို့ ဖတ်နေသည့် ဝတ္ထု၏စာရေးဆရာများကို ဤနေရာသို့ 'ဖိတ်ခေါ်' လာကြတော့သည်။

ယခုအခါတွင်မူ ဤအဖွဲ့သည် အလွန်ကျွမ်းကျင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကျန်းလင်၏စကားကို ထောက်ခံသည့်အလား စာပေရိပ်မြုံ အတွင်းမှ 'ဒုန်း ဒုန်း ဒိုင်း ဒိုင်း' မြည်သံများ ထွက်ပေါ်လာသည်။

"မြန်မြန်ရေးစမ်း မင်းရဲ့ လက်သည်းခွံကို ကြည့်မနေနဲ့၊ အဲဒါက ဘာထူးမှာလဲ"

"သူ့ကို ဘာကြည့်နေတာလဲ သူ့မျက်နှာပေါ်မှာ ဇာတ်လမ်းတွေ ရှိနေလို့လား"

ဒေါင်....

"မင်းတို့အားလုံးက ငါတို့ ဝိညာဉ်လောကရဲ့ ပါရမီရှင်တွေပဲ စာလည်း ရေးတတ်တယ်၊ ပုံပြင်လည်း ပြောတတ်တယ် ငါတို့ရဲ့ ဘဝအမောတွေက မင်းတို့အပေါ်မှာ မူတည်နေတာ၊ ကြိုးစားစမ်း"

"ကလောင်တံကို ကိုင်ပြီး ချက်ချင်းရေးအခုမှ မကြိုးစားရင် ဘယ်တော့ ကြိုးစားမှာလဲ"

"တစ်နာရီအတွင်း သုံးခန်းပြီးအောင် ရေးနိုင်တဲ့သူ နောက်တစ်နပ်မှာ ကြက်ပေါင် ထပ်ပေးမယ်"

အတွင်းမှ အသံများကို ကြားပြီး ထိုဝိညာဉ်ကြီးများ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် လက်နက်များကို မြင်ယောင်ကာ ပရိသတ်များမှာ တံတွေး မြိုချမိကြသည်။

[တကယ့် ပရော်ဖန်ရှယ်နယ် အဖွဲ့ပဲဗျာ၊ အပျော့ဆွဲရော အမာဆွဲရော ရှိတယ်၊ ကောင်းကောင်းရေးရင် ကြက်ပေါင်တောင် စားရသေးတယ်]

[ဟားဟားဟား... ငါတော့ မအောင့်နိုင်တော့ဘူး ဟားဟားဟား...]

[ဝိညာဉ်လောကရဲ့ ပရော်ဖယ်ရှယ်နယ် Update Team ထဲ ရောက်သွားရင်တော့ စာရေးဆရာတွေ အချိန်ဆွဲမှာကို ပူစရာ မလိုတော့ဘူးပေါ့]

[စာရေးဆရာကြီး ကြိုးစားပါ၊ ကျွန်တော် ခင်ဗျားအပေါ် ယုံကြည်မှု အပြည့်ရှိတယ် ]

ဝိညာဉ်လောကတွင် ဤကဲ့သို့သော အဖွဲ့ရှိနေသည်ကို မြင်ရသဖြင့် ပရိသတ်များမှာ ဗဟုသုတ အသစ်ရသွားကြသည်။

တစ်ချိန်တည်းမှာပင် ဇာတ်လမ်းတွဲ၊ ဝတ္ထုနှင့် ကာတွန်း ဖတ်ရသည်ကို ဝါသနာပါသော ပရိသတ်အချို့မှာ မိမိတို့ ဖတ်နေသည့် စာရေးဆရာများကိုလည်း ဤကဲ့သို့သော အဖွဲ့နှင့် တွေ့ပေးချင်စိတ် ပေါက်သွားကာ တစ်နေ့ကို အခန်း ၁၀ ခန်းလောက် update လုပ်ခိုင်းချင်နေကြတော့သည်။

စာပေရိပ်မြုံအတွင်းမှာတော့...

ရန်စစ်မင်မှာ တုန်တုန်ရင်ရင်နှင့် ထိုင်လိုက်သည်နှင့် ဝိညာဉ်ကြီးက စက္ကူအထပ်လိုက်ကို စားပွဲပေါ် တင်ပေးလိုက်သည်။

"လာပါဦး၊ မင်း ဘယ်လို ကလောင်မျိုး သုံးရတာ အဆင်ပြေလဲ ကြည့်စမ်း"

ရန်စစ်မင် လှည့်ကြည့်လိုက်ရာ စုတ်တံ၊ ခဲတံ၊ ဘောပင်၊ ရောင်စုံကလောင်... ပုံစံမျိုးစုံ စုံလင်နေသည်။ သူသည် ဘောပင်တစ်ချောင်းကို ရွေးလိုက်၏။

ဝိညာဉ်ကြီးက ကျန်သည့် ကလောင်များကို ချက်ချင်း သိမ်းလိုက်ပြီး ရန်စစ်မင်၏ ပုခုံးကို ပုတ်ကာ ပြုံးပြီး ပြောသည်။

"ကြိုးစားနော် ညီလေး၊ မင်ကုန်သွားရင် အချိန်မရွေး ပြော ဗိုက်ဆာရင်၊ ချမ်းရင်လည်း ပြောလို့ရတယ်၊ ငါတို့အားလုံးက သူငယ်ချင်းတွေပဲ"

ရန်စစ်မင်မှာ မျှော်လင့်ချက်လေး ရှိသွားကာ "ကျွန်... ကျွန်တော် ခဏလောက် နားလို့ ရမလားဗျ ကျွန်တော်..."

စကားမဆုံးခင်မှာပင် ဝိညာဉ်ကြီးက မျက်လုံးမှေးလိုက်ကာ အကြည့်က အေးစက်သွားသည်။

"ညီလေးရယ်... ငါတို့က ဝိညာဉ်တွေပဲလေ၊ နားတာ မနားတာက အရေးမကြီးပါဘူး... ဟုတ်တယ်မလား"

ရန်စစ်မင်က တံတွေးမြိုချကာ ခေါင်းညိတ်လိုက်ရသည်။

ဝိညာဉ်ကြီးက ကြင်နာစွာ ဆက်ပြောသည်။

"မင်း နားချင်တာ ဖြစ်ဖြစ်၊ လက်မောင်းတွေ ခြေထောက်တွေ ညောင်းလို့ နှိပ်ချင်တာ ဖြစ်ဖြစ်ရပါတယ်၊ ဒါပေမဲ့ အခုက စာရေးရမယ့် အချိန်လေ၊ အားလုံးလည်း ရေးနေကြတာ မြင်တယ်မလား"

ရန်စစ်မင်မှာ ခေါင်းညိတ်ရုံမှ တစ်ပါး အခြားမရှိတော့ပေ။

"ဒါဆိုရင် စရေးကြစို့၊ မင်း ဘာဇာတ်လမ်းတွေ ရေးမလဲဆိုတာ ငါတောင် ဖတ်ချင်လာပြီ"

"..."

ရန်စစ်မင်သည် တုန်တုန်ယင်ယင်နှင့် ဘောပင်ကို ကိုင်ကာ ရှေ့မှ စက္ကူအလွတ်ကို ကြည့်လိုက်သော်လည်း ဦးနှောက်ထဲတွင် ဘာမှ မရှိဘဲ ဗလာဖြစ်နေသည်။

'ဘယ်နှစ်နှစ်လောက် လက်နဲ့ မရေးခဲ့တာလဲ မမှတ်မိတော့ဘူး'

' ဇာတ်လမ်းက ဘာလဲ'

'အရင်က ဘယ်နားအထိ ရေးခဲ့တာလဲ'

'ဝိညာဉ်တမန်တော်ကြီး ဘယ်တော့ ပြန်လာမှာလဲ...'

ဒိုင်း...

အသံကျယ်ကြီး တစ်ခုကြောင့် ရန်စစ်မင်၏ လွင့်နေသော အတွေးများ ပြန်ကပ်လာသည်။

သူ ခေါင်းမော့ကြည့်လိုက်ရာ ဘေးနားရှိ ဝိညာဉ်ကြီးက ဆူးတံပတ်ထားသော တုတ်ကြီးကို ထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

ဝိညာဉ်ကြီးက ပြုံးပြကာ ကြင်နာစွာ ပြောလိုက်သည်။

"ကြိုးစားနော် ညီလေး"

ရန်စစ်မင်သည် ထပ်မံ၍ တံတွေးမြိုချကာ အခြားစာရေး ဆရာများကို အသာလေး လှည့်ကြည့်လိုက်‌တော့သည်။

ထိုစာရေးဆရာများမှာလည်း လက်နက်ကိုယ်စီ ကိုင်ထားသော ဝိညာဉ်ကြီးများ၏ဝိုင်းရံခြင်းကို ခံနေရသည်။

"..."

ထိုအခါ သူသည် ရှေ့မှ စက္ကူဖြူပေါ်တွင် စာလုံးအနည်းငယ်ကို အသည်းအသန် ညှစ်ထုတ်ကာရေးလိုက်ရတော့သည်။

All Chapters