အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
🫧 Chapter 69
"အချိန်က အလွန်မြန်လှတယ်၊ ရှောင်ထျန်းကျန်းဟာ မော်နတ်ဆိုးတွေရဲ့ နောက်ကျောဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာပြီး မော်နတ်ဆိုးတွေ အငိုက်မိသွားအောင် တိုက်ခိုက်လိုက်လေတယ်..."
ဘေးနားရှိ ဝိညာဉ်ကြီးများ၏ စိုက်ကြည့်မှုအောက်တွင် ရန်စစ်မင်သည် ယခင်က ဇာတ်ကွက်များကို အသည်းအသန် ပြန်လည်စဉ်းစားကာ ရေးသားနေရသည်။
ဘောပင်နှင့် စာရေးရသည်မှာ သိပ်အသားမကျသေးသော် လည်း ကံကောင်းသည်မှာ သူသည် အကြမ်းဖျင်း ပြုလုပ်ထားပြီးသား ဖြစ်သဖြင့် နောက်ထပ် ဘာရေးရမည်ကို လျင်မြန်စွာပင် စဉ်းစားမိသွားသည်။
ရေးရင်းရေးရင်းနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း ပြန်တက်လာ၏။
ဤဝိညာဉ်ကြီးများ၏ စကားအရ သုံးခန်းပြီးအောင် ရေးလျှင် နားရမည်ဟု သိထားသည်။
တရုတ်စာလုံးများမှာ စာရွက်ပေါ်တွင် တစ်လုံးပြီးတစ်လုံး နေရာယူလာကြသည်။
"မော်နတ်ဆိုးတွေရဲ့ အကြံအစည်ကြောင့် နတ်ဘုရားတွေ အများအပြား ထိခိုက်ဒဏ်ရာ ရသွားကြတယ်။ နတ်ဘုရားမဟာ သွေးချောင်းစီးနေတဲ့ ဝမ်းနည်းစရာ မြင်ကွင်းကို ကြည့်ပြီး သုံးလောက ငြိမ်းချမ်းဖို့အတွက် မိမိကိုယ်ကိုယ် ယဇ်ပူဇော်ဖို့ ဆုံးဖြတ်လိုက်လေတယ်..."
"ရှောင်ထျန်းကျန်းက ဒါကို ရိပ်မိသွားပြီး အစွမ်းထက်တဲ့ စွမ်းရည်တွေကို ထုတ်သုံးကာ သူ့ဘေးက မော်နတ်ဆိုးတွေကို လွင့်စင်သွားအောင် လုပ်ပြီး နတ်ဘုရားမဆီကို အမြန်ပြေးသွားတော့တယ်..."
"..."
"အိုကေ! သုံးခန်း ပြီးပြီ"
ရန်စစ်မင် လက်ကိုရပ်ကာ လက်ကောက်ဝတ်ကို အသာလေး လှုပ်ရှားလိုက်သည်။
တစ်ပြိုင်နက်တည်း စာအများကြီး ရေးလိုက်ရသဖြင့် လက်အနည်းငယ် ညောင်းသွားသော်လည်း ဇာတ်ကွက်ကို တစ် ဆက်တည်း အဆင်ပြေပြေ ရေးနိုင်ခဲ့သဖြင့် စိတ်ထဲတွင် လန်းဆန်းသွားမိသည်။
ပတ်ဝန်းကျင် အခြေအနေကိုပင် ခဏတာ မေ့သွား၏။
"ဒီလောက် မြန်မြန်ပြီးသွားတာလား တော်လိုက်တာ ပင်ပန်းသွားရပြီ"
ဘေးက ဝိညာဉ်ကြီးက စာရွက်တွေကို လှန်ကြည့်သည်။
လက်ရေးက အနည်းငယ်ဆိုးသော်လည်း စာမျက်နှာ အရေအတွက်ကတော့ ကွက်တိပင်။
ဝိညာဉ်ကြီးကိုမြင်မှ ရန်စစ်မင်သည် မိမိ၏ အခြေအနေကို ပြန်သတိရကာ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားပြန်သည်။
သူက အသာလေး မေးလိုက်၏။
"ဟို... ကျွန်တော် သုံးခန်း ပြီးသွားပြီဆိုတော့... နားလို့ ရပြီလားဗျ"
"ရတာပေါ့ ဟားဟားဟား..."
ဝိညာဉ်ကြီးက သူ့ပုခုံးကို အားရပါးရ ပုတ်လိုက်သည်။
"နောက်တစ်နပ်ကျရင် ကြက်ပေါင်လည်း ပိုကျွေးဦးမှာ၊ အခုတော့ အပြင်မှာ လမ်းလျှောက်ထွက်လို့ရပြီ"
ဒါကို ကြားမှ ရန်စစ်မင် သက်ပြင်းချနိုင်တော့သည်။
ရေးရမည့်စာကို ပြီးအောင် ရေးလိုက်လျှင် ဘာမှမဖြစ်နိုင်တော့ဟု သူ တွေးလိုက်မိ၏။
သူသည် ခေါင်းငုံ့ပြီး စာအသည်းအသန် ရေးနေကြသည့် အခြားဝိညာဉ်များကို ကြည့်ကာ မိမိကိုယ်ကိုယ် ကံကောင်း သည်ဟု မှတ်ယူလိုက်သည်။
သူက စာရေးနှုန်း မြန်သည့်အပြင် ဇာတ်ကွက်ပိတ်ဆို့သည့် အချိန်လည်း သိပ်မရှိတတ်ပေ။
သူသည် အခန်းထဲတွင် ခဏလျှောက်သွားပြီးနောက် တံခါးကို ဖွင့်ကာ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်သည်။
သူ့နောက်ကွယ်တွင်မူ...
ရန်စစ်မင် စာရေးပြီးသည်နှင့် ဝိညာဉ်ကြီးများသည် သုံးလေးယောက်တစ်စု စုရုံးကာ သူရေးထားသည့် စာများကို အရသာခံပြီး ဖတ်နေကြသည်။
"နတ်ဘုရားမတဲ့လား..."
"ဒီလို ပုံစံမျိုး ဇာတ်လမ်း မဖတ်ဖူးသေးဘူးဗျ"
အရှေ့က ဇာတ်ကွက်များကို မဖတ်ဖူးသော်လည်း ဆယ်စုနှစ်များစွာ ဝတ္ထုဖတ်လာသည့် ဝိညာဉ်အိုကြီးများ ဖြစ်သည့်အပြင်၊ ဇာတ်လမ်း ရှားပါးလှသည့် ဝိညာဉ်လောကမှာ ဆိုတော့... သူတို့က လုံးဝ ရွေးချယ်မနေကြပေ။
စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် လှန်ဖတ်နေကြ၏။
"နတ်ဘုရားနဲ့ မော်နတ်ဆိုး စစ်ပွဲတဲ့... ဟာ ဒီစွမ်းရည်က အလန်းကြီးပဲ"
"ရှောင်ထျန်းကျန်းကတော့ အမိုက်စားပဲ ရန်သူ့နယ်မြေထဲကို တိတ်တဆိတ် စိမ့်ဝင်နိုင်တယ်ပေါ့"
"ဟင်... နတ်ဘုရားမက သုံးလောကအတွက် မိမိကိုယ်ကိုယ် ယဇ်ပူဇော်တော့မလို့လား"
ဝိညာဉ်ကြီးများသည် အသိစိတ်ဖြင့် နောက်စာရွက်ကို လှန်လိုက်သော်လည်း မရှိတော့ပေ။
ဇာတ်ကွက်က အဲဒီနားမှာတင် ရပ်သွားသည်။
ချက်ချင်းပင် သူတို့ရင်ထဲတွင် ကြောင်ကုတ်နေသကဲ့သို့ တစစ်စစ်နှင့် သိချင်စိတ်များ ထလာတော့သည်။
'နတ်ဘုရားမက တကယ်ပဲ ယဇ်ပူဇော်လိုက်မှာလား'
'သေသွားမှာလားယဇ်ပူဇော်နေတုန်း မော်နတ်ဆိုးတွေက နှောင့်ယှက်ဦးမလား '
'အဲဒီအချိန်ကျရင် သုံးလောကက ဘာဖြစ်သွားမလဲ'
သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ... သူတို့သည် တံခါးဝတွင် စူးစူးစမ်းစမ်း ကြည့်နေသည့် ရန်စစ်မင်ကို သွားရှာကြတော့သည်။
"စာရေးဆရာကြီး... ဒီရှောင်ထျန်းကျန်းက ဇာတ်လိုက်လား"
ပျင်းကြောဆန့်နေသည့် ရန်စစ်မင်မှာ တစ်ကိုယ်လုံး တောင့် တင်းသွားကာ ခေါင်းညိတ်ပြလိုက်ရသည်။
ဝိညာဉ်ကြီးများသည် ရန်စစ်မင်ကို ပတ်၍ လမ်းလျှောက်နေကြကာ နတ်ဘုရားမ ဘာဖြစ်သွားမလဲဆိုတာကို မေးချင်သော်လည်း ဇာတ်လမ်းကို ကြိုသိခွင့်မရှိ ဆိုသည့် စည်းကမ်းကို လိုက်နာရမည်ဖြစ်သည်။
အဘယ်ကြောင့်နည်းဆိာလျှင်
ဇာတ်လမ်းကို ကြိုသိလိုက်ရလျှင် ခဏတာတော့ ကျေနပ်သွားနိုင်သော်လည်း နောက်မှ အခန်းအသစ်တွေကို ပြန်ဖတ်သည့်အခါ အရသာ မရှိတော့မှာကို သူတို့ စိုးရိမ်ကြသည်။
ဇာတ်လမ်း ရှားပါးလှသည့် ဤနေရာတွင် ထိုသို့ဖြစ်ခြင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုပင်။
"..."
ရန်စစ်မင်သည် မိမိဘေးနားမှ ဝိညာဉ်ကြီးများကို ကြည့်ကာ ဘာဖြစ်နေမှန်း မသိတော့ပေ။
'ဘာလို့ သူ့ကို ပတ်ပြီး လမ်းလျှောက်နေကြတာလဲ'
'ပျင်းကြောဆန့်ဖို့ မြှောက်ထားတဲ့ လက်ကလည်း အဲဒီအ တိုင်း တောင့်တောင့်ကြီးဖြစ်နေကာ ပြန်ချဖို့ပင် မရဲတော့ပေ'
နှစ်ပတ်လောက် ထပ်ပတ်ပြီးနောက် ဝိညာဉ်ကြီးများက မနေနိုင်တော့ဘဲ ပြောလာသည်။
"စာရေးဆရာကြီး... စာရေးရတာ ပင်ပန်းနေပြီမလား ကျွန်တော်တို့ နှိပ်ပေးပါရစေ"
"ကျွန်တော်..."
ရန်စစ်မင် ငြင်းဖို့တောင် အချိန်မရလိုက်ပေ။
ဝိညာဉ်ကြီးများက အနားကပ်လာပြီး သူတို့၏ကြမ်းတမ်းလှသော လက်ကြီးများကို ဆန့်ထုတ်လိုက်ကြသည်။
မိမိ၏လည်ပင်း ချိုးခံရတော့မည်ဟု ရန်စစ်မင် ထင်မှတ်နေစဉ်မှာပင် လက်အစုံမှာ သူ့ ပုခုံး၊ ခါးနှင့် ခြေထောက်များပေါ်သို့ ရောက်ရှိလာပြီး တကယ်ကို နှိပ်နယ်ပေးနေတော့သည်။
"..."
ရန်စစ်မင် မျက်လုံးပြူးသွားကာ မယုံနိုင်အောင် ဖြစ်သွားသည်။
'ဒီနေရာက... ကြည့်ရတာ ထင်သလောက်တော့ မကြောက်ဖို့ မကောင်းပါဘူး'
' စာကို သေချာရေးရင် စားစရာလည်း ရတယ်၊ အနှိပ်ဝန်ဆောင်မှုလည်း ရသေးတယ်'
' ဒီဝိညာဉ်ကြီးတွေက ကြည့်ရတာ ကြမ်းသလောက် တကယ်တော့ စိတ်ကောင်းရှိကြတာပဲလား'
"ဟီးဟီးဟီး..."
"စာရေးဆရာကြီး... နေလို့ ကောင်းရဲ့လား"
"အင်း... အင်း"
"နေလို့ ကောင်းသွားပြီဆိုရင်တော့... ဆက်ပြီး ရေးကြရအောင်လေ"
"အင်း... အင်း... ဟင်"
ရန်စစ်မင် ခေါင်းညိတ်ပြီးမှ တစ်ဖက်လူ ပြောသည့်စကားကို သတိထားမိသွားသည်။
နောက်တစ်စက္ကန့်မှာပဲ သူသည် ဝိညာဉ်ကြီးများ၏ မချီသွားခြင်းကို ခံလိုက်ရပြီး စာပေရိပ်မြုံထဲသို့ ပြန်ရောက်သွားတော့သည်။
"..."
'ဒါက ဘာအခြေအနေလဲ'
'သူ ခုနကတင် သုံးခန်းပြီးတာ မဟုတ်ဘူးလား'
' ၁၀ မိနစ်တောင် မပြည့်သေးဘူးလေ? ပြန်ရေးရဦးမှာလား'
လက်ထဲကို အတင်းထိုးထည့်ပေးလိုက်တဲ့ ဘောပင်နဲ့ စက္ကူတွေကို ကြည့်ပြီး ရန်စစ်မင်ကြောင်အမ်းသွားသည်။
သူသည် ဘေးက ဝိညာဉ်ကြီးကို ဇဝေဇဝါနှင့် ကြည့်လိုက်ရာ..
ဝိညာဉ်ကြီးက သူ့ကို အပြုံးကြီးကြီးတစ်ခု ပြုံးပြလိုက်သည်။
ထို့နောက် လွန်ခဲ့သော ၁၀ မိနစ်ကအတိုင်း ဆူးတံပတ်ထားသော တုတ်ကြီးကို ကိုင်ကာ 'ကြင်နာတတ်သော' မျက်နှာပေးနှင့် စိုက်ကြည့်နေတော့သည်။
"ကြိုးစားပါဦး စာရေးဆရာကြီး ကျွန်တော်တို့အားလုံး update ကို စောင့်နေကြပါတယ်"
ရန်စစ်မင် : "..."
'ဒါ... ဒါက နတ်ဆိုးတွေပဲ! ဒီအတိုင်းသာဆိုရင် သူ့လက်တွေ တကယ်ပဲ ကျိုးသွားတော့မှာလား'
' ဝိညာဉ်လောကမှာ update တောင်းတာက ဒီလောက်အထိ ကြောက်ဖို့ကောင်းတာလား'
သူသည် တုန်တုန်ရင်ရင်နှင့် ဘောပင်ကို ကိုင်ကာ နှာခေါင်းလေး တစ်ချက်ရှုံ့လိုက်မိသည်။
လူ့လောကမှာ စာရေးနေတုန်း စာဖတ်သူတွေ update တောင်းတဲ့ အချိန်ကိုလွမ်းမိသွားသည်။
' အဲဒီတုန်းက စာဖတ်သူတွေက ခြိမ်းခြောက်တာပဲဖြစ်ဖြစ်၊ ချော့တာပဲဖြစ်ဖြစ်၊ mention တွေ အကြိမ်ကြိမ် ခေါ်တာပဲဖြစ်ဖြစ်...လုပ်ကြတာပါလေ'
'အဲဒါတွေအားလုံးက screen နောက်ကနေ တောင်းတာလေ အခုလိုမျိုး...'
'လူကို အခန်းထဲ အတင်းမချီသွားပြီး ထိုင်ခုံမှာ ဖိသိပ်ကာ ဆူးတုတ်ကြီးနဲ့ စောင့်ကြည့်ပြီး update တောင်းတာမျိုး မဟုတ်ဘူး'
စာရွက်ပေါ်မှာ ဘောပင်က ပြန်လည် လှုပ်ရှားလာပြီး စာလုံးတွေကနေတစ်ဆင့် စိတ်ကူးယဉ် ကမ္ဘာတစ်ခု ဖန်တီးလာပြန်သည်။
နောက်ဆုံး သူသည် အသည်းအသန် ကြိုးစားလိုက်ပြီးနောက် သုံးခန်း (စာလုံးရေ ၆၀၀၀ ခန့်) ထပ်ထွက်လာပြန်သည်။
ဒီတစ်ခါတော့ ရန်စစ်မင် စကားမပြောခင်မှာပဲ ဝိညာဉ်ကြီးက စာရွက်တွေကို လှမ်းယူလိုက်သည်။
"စာရေးဆရာကြီး... ပင်ပန်းသွားပြီ"
"မ... မပင်ပန်းပါဘူး..."
ဒီတစ်ခါတော့ ရန်စစ်မင်က တမင်တကာ စာကို နည်းနည်း ပိုရေးလိုက်သည်။
ဇာတ်ကွက်ကိုလည်း အရေးကြီးတဲ့နေရာမှာ မဖြတ်ထားတော့ဘဲ ဆက်ရေးထားလိုက်၏။
ဝိညာဉ်ကြီးများ စာဖတ်နေစဉ်မှာပင် ရန်စစ်မင်သည် အခန်းထဲက အခြားတစ်ယောက် စာရေးပြီးသွားကာ တံခါးဝကို ထွက်သွားသည်ကို တွေ့လိုက်ရသည်။
သူလည်း နောက်ကနေ အမြန်လိုက်သွားသည်။
အပြင်ရောက်တော့ ဟိုလူ့ကို မတွေ့ရတော့ပေ။
ရန်စစ်မင် ရင်ခုန်သံ မြန်လာသည်။
ဒါ...
သူလည်း ထွက်ပြေးလို့ ရမလား...
"မစဉ်းစားနဲ့တော့ မရဘူး" အသံတစ်ခု ဘေးနားကနေ ထွက်လာသည်။
ရန်စစ်မင် ကြည့်လိုက်တော့ ထိုလူက ထွက်ပြေးသွားတာ မဟုတ်ဘဲ တံခါးရဲ့ ညာဘက်မှာ ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူလည်း ဘေးမှာ သွားထိုင်ပြီး အသံတိုးတိုးလေး မေးလိုက်သည်။
"ဘာလို့လဲ ကျွန်တော် ဘာစဉ်းစားနေလဲ ခင်ဗျား သိလို့လား"
အနီးကပ် ကြည့်မှ ထိုလူသည် ပါးချိုင့်များ ချိုင့်ဝင်နေပြီး မျက်ခွံများ တွဲကျကာ မျက်နှာတစ်ခုလုံး ထုံထိုင်းနေသည်ကို တွေ့ရသည်။
မြို့ကြီးပြကြီးတွေမှာ ဘဝရဲ့ အခက်အခဲတွေကြောင့် စိတ်ကုန်နေတဲ့ လူတွေရဲ့ ပုံစံမျိုး ဖြစ်နေသည်။
"ငါ့နာမည်က ရှုအန်းပါ၊ မင်းနာမည်ကော" ထိုလူက မေး သည်။
"ကျွန်တော့်နာမည်က ရန်စစ်မင်ပါ"
ရှူအန်းက သူ့ကို တစ်ချက်ကြည့်ကာ ရှေ့ကို ပြန်ကြည့်လိုက်သည်။
"မင်း ဘာစဉ်းစားနေလဲ ငါသိတယ်။"
"ငါ ဒီမှာ စာရေးနေတာ ဆယ်စုနှစ်နဲ့ချီနေပြီ မင်းစဉ်းစားသလိုမျိုး ဒီမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံး စဉ်းစားဖူးကြတယ် ထွက်ပြေးလို့ မရဘူး"
'ထွက်ပြေးဖို့ ကြိုးစားတိုင်း ဝိညာဉ်ကြီးတွေနဲ့ စာဖတ်သူတွေက ပြန်မပါလာကြတော့တာပဲ'
သူ နောက်က စာပေရိပ်မြုံကို ညွှန်ပြလိုက်သည်။
အထဲမှာ စာရေးမပြီးသေးတဲ့ စာရေးဆရာတွေ အများကြီး ကျန်သေးသည်။
"ငါတို့က စာရေးတာနှေးနေလို့ ထင်နေလား၊ မဟုတ်ဘူး..."
ရှူအာဆန်းက သက်ပြင်းချသည်။
"ငါတို့မှာ ပြောစရာ ပုံပြင်အသစ်တွေ မရှိတော့လို့"
ဝိညာဉ်လောကမှာ စာရေးတာက ဝင်ငွေရနိုင်တဲ့ အလုပ်တစ်ခုဖြစ်သည်။
အစားအသောက်၊ ပစ္စည်းတွေ၊ ဒါမှမဟုတ် ငွေစက္ကူ... အသုံးဝင်တာ မှန်သမျှနဲ့ လဲလှယ်လို့ရသည်။
လူတိုင်းက အစပိုင်းမှာ ငြင်းဆန်ကြသော်လည်း နောက်ပိုင်းမှာတော့ ပုံမှန် ဝင်ငွေရဖို့အတွက် ဒီနေရာကို လက်ခံလာကြသည်။
ဒါပေမဲ့ သူတို့က ဇာတ်လမ်းတွေကို အကြာကြီး ရေးလာခဲ့ကြပြီ။
" ဒီနေရာက ဝိညာဉ်တွေကလည်း ရိုးအီနေတဲ့ ဇာတ်လမ်းဟောင်းတွေကို အများကြီး ဖတ်ဖူးနေကြပြီ"
"ဒါတောင်မှ ဇာတ်လမ်းတွေက လိုအပ်ချက်ထက် နည်းနေတုန်းပဲ"
"ဘာလို့လဲဆိုတော့... ဝိညာဉ်ဖြစ်သွားပြီးရင် အိပ်ဖို့ မလိုတော့ဘူးလေ"
" စာဖတ်သူတွေက အခန်းသစ်တွေကို အမြန်ဆုံး ဖတ်ပြီးသွားကြတယ်"
"ဒီရှည်လျားပြီး ခြောက်ကပ်လှတဲ့ နှစ်ကာလတွေထဲမှာ အားလုံးက ဒီလို ဇာတ်လမ်းတွေကို ဘဝရဲ့ အရသာတစ်ခုအနေနဲ့ လိုအပ်နေကြတာ"
"မင်းရဲ့ ဇာတ်လမ်းက တော်တော်လေး ဆန်းသစ်ပုံရတယ်၊ သူတို့ အရမ်းကြိုက်နေကြတာ မင်း ဒီမှာပဲ အမြဲတမ်းနေထိုင်ဖို့ စဉ်းစားမလား"
ရှူအန်း သူ့ကို လေးနက်စွာ မေးလိုက်သည်။
🫧 Chapter 70
"ဒီမှာပဲ အမြဲနေဖို့"
ရန်စစ်မင် မျက်လုံးပြူးသွားကာ ထိတ်လန့်တုန်လှုပ်သွားသည်။ "ဟင့်အင်း... ကျွန်တော် မနေဘူး" ဟု ချက်ချင်းပင် အော်ပြောလိုက်မိ၏။
'သူ ရူးသွားမှပဲ ဒီမှာ အမြဲနေမှာပေါ့'
စကားလည်း ဆုံးရော... ရင်းနှီးနေတဲ့ ခံစားချက်တစ်ခုက ထပ်မံ ရောက်ရှိလာပြန်သည်။
ရန်စစ်မင်သည် ဝိညာဉ်ကြီးများ၏ မချီသွားခြင်းကို ခံလိုက်ရပြန်ကာ ထိုင်ခုံပေါ်တွင် ဖိသိပ်၍ အတင်ခံလိုက်ရသည်။
လက်ထဲကိုလည်း ဘောပင်နှင့် စက္ကူတွေ ထိုးထည့်ပေးလိုက်ပြန်၏။
"...."
သူ တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်ပြီး ဘေးက ဝိညာဉ်ကြီးကို တုန်တုန်ရင်ရင် ကြည့်လိုက်သည်။
"အစ်ကိုကြီး... ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော့်လက်တွေ ကျိုးသွားလိမ့်မယ်ဗျ"
"ဪ... အဲဒါက တကယ်ပြဿနာတစ်ခုပဲ"
ဝိညာဉ်ကြီးက စဉ်းစားဟန်ပြုရင်း စာပေရိပ်မြုံ၏ အတွင်းခန်းထဲသို့ ဝင်သွားသည်။
ရန်စစ်မင် သက်ပြင်းချရုံရှိသေး... နောက်တစ်စက္ကန့်မှာပဲ ဝိညာဉ်ကြီးက ထုပ်ပိုးထားသော အထုပ်ကြီးတစ်ထုပ်ကို ကိုင်ပြီး ထွက်လာသည်။
သူ့ရှေ့မှာတင် အထုပ်ကို ဖြည်ချလိုက်ရာ... အရွယ်အစားမျိုးစုံရှိပြီး သွေးတွေ ပေကျံနေသည့် လက်မောင်းတွေ တလိမ့်လိမ့်နှင့် ပြုတ်ကျလာတော့သည်။
"အမလေး ဘာကြီးတွေလဲဗျ"
ဒုန်း...
ရန်စစ်မင် ကြောက်လန့်တကြား နောက်ဆုတ်လိုက်ရာ ထိုင်ခုံမှောက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။
ထို့နောက်မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူလျော်သွား၏။
"မကြောက်နဲ့ ဒါတွေအားလုံးက ပစ္စည်းကောင်းတွေပါ"
ဝိညာဉ်ကြီးကပြုံးရင်း သွေးစွန်းနေသည့် လက်မောင်းတစ်ဖက်ကို ကောက်ကိုင်လိုက်သည်။
"မင်းက လက်ညောင်းတယ်ဆိုတော့... ဒီထဲက ဘယ်ဟာနဲ့ လဲချင်လဲ ကြည့်ဦးလေ ကြိုက်ရာရွေး၊ ငါ လဲပေးမယ်"
"..."
ရန်စစ်မင်သည် ဝိညာဉ်ကြီးကို တစ်လှည့်၊ လက်မောင်းပုံကြီးကို တစ်လှည့် ကြည့်ကာ သွားချင်းရိုက်ကာ တုန်နေတော့ သည်။
သူ့ဦးနှောက်ထဲမှာ 'ဂျောက် ဂျောက်' မြည်သံများပင်ကို ကြားနေရ၏။
အခုမှ သူ တကယ် သတိထားမိတော့သည်။
'ဒီဝိညာဉ်ကြီးတွေက တကယ်ကို သရဲတွေပဲ လက်ညောင်းတာမျိုးက သူတို့အတွက် ဘာမှမဟုတ်တဲ့ ပြဿနာပဲဟ'
'ရန်စစ်မင် တွေးလိုက်မိသည်မှာ... တစ်နေ့နေ့မှာ သူ ဇာတ် ကွက်ပိတ်ဆို့သွားလို့ စာမရေးနိုင်ရင်... ဒီဝိညာဉ်တွေက ဦးခေါင်းအပုံကြီး ထုတ်လာပြီး တစ်လုံးလောက် လဲမလားလို့ မေးကြဦးမလားပဲ'
'မဖြစ်ဘူး... သူ ဒီမှာ အမြဲတမ်း လုံးဝမနေနိုင်ဘူး'
ရန်စစ်မင် နောင်တရသွားကာတွေးမိလိုက်၏။
သူ့ကို အခွင့်အရေးသာ နောက်တစ်ခါ ပေးမယ်ဆိုရင် ဝိညာဉ်တမန်တော်ကြီးနောက်ကို တွေဝေမနေဘဲ ချက်ချင်းလိုက်သွားမိမှာပါ။
အခွင့်အရေးသာရမယ်ဆိုရင် ကျန်နေတဲ့ အခန်းတွေကိုလည်း အကုန်တင်ပေးပြီး တစ်နေ့ကို စာလုံးရေ တစ်သောင်းလောက် ရိုက်ပြလိုက်မှာပင်။
ထိုဝိညာဉ်တွေနှင့် ယှဉ်ရင် လူ့လောကက စာဖတ်သူတွေက အရမ်းကို ချစ်ဖို့ကောင်းလွန်းပါသေး၏။
စာပေရိပ်မြုံရဲ့ တံခါးဝမှာတော့... ဝိညာဉ်ကြီးတွေ လာမခေါ်ခင်မှာတင် ရှူအန်း အလိုက်သိစွာ ထရပ်လိုက်သည်။
"ကောင်းလိုက်တာ..."
သူ့မှာလည်း ရွေးချယ်စရာသာ ရှိခဲ့ရင် ကောင်းမှာပဲ။
' ဒါပေမဲ့ နှမြောစရာကောင်းတာက...'
လိုက်ဖ်လွှင့်ခန်းဘက်မှာတော့...
ပရိသတ်များသည် ကျန်းလင်နှင့်အတူ အခြားနေရာတစ်ခုသို့ ရောက်ရှိလာကြသည်။
အဝါရောင်ရေပန်းလမ်းပေါ်တွင် ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းနေ၏။
သေဆုံးပြီးသား ဝိညာဉ်တန်းကြီးမှာ အဆုံးမရှိအောင် ရှည် လျားလှပြီး ရှေ့သို့ တရွေ့ရွေ့လျှောက်လှမ်းနေကြသည်။
လမ်းဘေးတွင်မူ အနီရောင်ရဲရဲ ပင့်ကူနီလီလီပန်းခင်းကြီးက ပင်လယ်ပြင်သဖွယ် ရှိနေကာ လှပသကဲ့သို့ ဆွဲဆောင်မှုလည်း ရှိလှ၏။
[ပြန်ကြည့်ရတာလည်း လှနေတုန်းပဲ]
[အရင်က ပန်းချီဆရာကြီးတစ်ယောက်က ဝိညာဉ်လမ်းနဲ့ ငရဲပန်းအကြောင်း ဆွဲဖူးတယ်၊ ဒါပေမဲ့ တစ်ခုခု လိုနေသလိုပဲ]
[ဝိညာဉ်တွေ လိုနေတာလား]
[သရဲတွေ လိုနေတာ ဖြစ်မှာပေါ့]
ပရိသတ်များက မှတ်ချက်များ အသီးသီးပေးနေကြသည်။
လိုက်ဖ်လွှင့်တာ ကြာလာသည်နှင့်အမျှ ဘယ်သူကမှ ထိုပန်းတွေကို လိုချင်တယ်လို့ မပြောကြတော့ပေ။
'သူတို့ အသက်ရှင်ချင်ကြသေးသည် မဟုတ်လား'
ကျန်းလင်က ဝိညာဉ်သိမ်းအိတ်ကို ဖွင့်လိုက်သည်ကို မြင်သောအခါ ပရိသတ်များမှာ တစ်ခုခုကို သိလိုက်သကဲ့သို့ ငြိမ်ကျသွားကြသည်။
ဝိညာဉ်လမ်းပေါ်တွင် ဝိညာဉ်သိမ်းအိတ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောကိတည်ကြည်သော မျက်နှာနှင့် အပြာရောင် ယူနီဖောင်းကို ဝတ်ဆင်ထားသည်။
"ဒါက အဝါရောင်ရေပန်းလမ်းပေါ့..."
လျန်ကျန့်ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပန်းငရဲခင်းကြီးကို စိုက်ကြည့်နေသည်။
ကိုယ်တိုင်မြင်ရသည်နှင့် ဖုန်းထဲက မြင်ရတာ မတူပေ။
ဤပန်းများကို မြင်ရသောအခါ လူ့လောကက လှပသော အမှတ်တရများမှာ သူ့ဦးနှောက်ထဲတွင် တစ်ကွက်ချင်းစီ ပေါ်လာတော့သည်။
ကျန်းလင် "မင်း ရှေ့က ဝိညာဉ်တန်းနောက်ကို လိုက်ပြီး ဆက်လျှောက်သွားလိုက်ရုံပဲ"
"ဟုတ်ကဲ့"
လျန်ကျန့် ခေါင်းညိတ်ပြကာ ကောင်းကင်ယံရှိ လိုက်ဖ်ကင်မရာရှိနိုင်မည့်နေရာကို ကြည့်ပြီး ပြုံးပြလိုက်သည်။
ထို့နောက် ရှေ့က ဝိညာဉ်တန်းထဲသို့ ဝင်သွားတော့သည်။
'လုပ်သင့်တာတွေ အကုန်လုပ်ခဲ့ပြီ'
' မှာတမ်းခြွေသင့်တာတွေလည်း မှာခဲ့ပြီ'
' လူ့လောကကြီးရေ... နောက်ဘဝမှ ပြန်တွေ့ကြတာပေါ့'
[လမ်းတစ်လျှောက် အဆင်ပြေပါစေ]
[လမ်းတစ်လျှောက် အဆင်ပြေပါစေ]
[ကျွန်တော်တို့ လူ့လောကကို ဆက်ပြီး စောင့်ရှောက်သွားပါ့မယ်...]
[ခင်ဗျား ပြန်လာတဲ့ အချိန်ကျရင် လူ့လောကမှာ နာကျင်စရာတွေ မရှိတော့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်]
လိုက်ဖ်လွှင့်ခန်းတစ်ခုလုံး စာတန်းများဖြင့် ပြည့်သွားသည်။
ပရိသတ်များသည်လည်း သူ့ကို မမြင်ရတော့သည်အထိ ငြိမ်သက်စွာ လိုက်လံပို့ဆောင်ပေးနေကြ၏။
' သူတို့ရင်ထဲမှာလည်းသူ ပြန်လာသည့် အချိန်တွင် ကမ္ဘာကြီးက ဒီထက်ပိုပြီး ကောင်းမွန်နေပါစေတော့ 'ဟူ၍ ဆုတောင်းနေကြသည်။
တစ်ချိန်တည်းမှာပင် လူ့လောက၌...
ရန်စစ်မင်၏ အိမ်ရှင်ဒေါ်ကြီးမှာ ရဲတွေ ရောက်လာသော အခါ ကြောင်အမ်းနေဆဲပင်။
ထိုကလေးက အိမ်ပြင်မထွက်သော်လည်း ပြဿနာရှာမည့် ပုံစံမျိုး မဟုတ်ဘူးလို့ သူ တွေးနေခဲ့သည်ပင်။
'ပုံမှန် စကားပြောရင်လည်း အေးဆေးပါပဲ'
သို့သော်ရဲများက လူတစ်ယောက် အိမ်ထဲမှာ သေနေသည်ဟု ပြောသည့်အခါမှသာ သူ ထိတ်လန့်သွားသည်။
"ဓားပြတိုက်ခံရတာလား ဒါမှမဟုတ် ဂတ်စ်အဆိပ်မိတာလား"
"မဟုတ်ပါဘူး၊ ရုတ်တရက် သေဆုံးသွားတာပါ"
"ရုတ်တရက် သေသွားတာ"
အိမ်ရှင်ဒေါ်ကြီးက အစက နှလုံးရောဂါလို့ထင်ခဲ့သော်လည်း နောက်မှ အင်တာနက်မှာ ရှာကြည့်တော့မှ အံ့သြသွားရသည်။
"အဲဒီကောင်လေးက ငယ်ငယ်လေး ရှိသေးတာကို..."
လူတစ်ယောက်က အိမ်ထဲမှာ ဘာမှမလုပ်ဘဲ နေနေရင်းနဲ့တောင် ရုတ်တရက်ကြီး မရှိတော့တာမျိုး ဖြစ်နိုင်တာပဲ ဟုတွေးတောကာ အိမ်ရှင်ဒေါ်ကြီးမှာ ဝမ်းနည်းသွားမိသည်။
နောက်တစ်နေ့တွင် လူငယ်တစ်ဦး အိမ်မှာတင် ရုတ်တရက် သေဆုံးသွားသည့် သတင်းမှာ လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့သွား၏။
လူအများကလည်း အခြားသူများကိုအိပ်ချိန်နှင့် စားချိန် ဂရုစိုက်ရန်၊ အသက်ကို တန်ဖိုးထားရန် သတိပေးထားသည်။
အကယ်၍ ပရိသတ်များသာ မနေ့က လိုက်ဖ်ကိုမကြည့်ခဲ့လျှင် ဤသတင်းကို မြင်ရုံနှင့် ကျော်သွားကြမှာပါ။
သို့သော် အခုတော့ အားလုံးက ဝင်ကြည့်ကြကာ မိနစ်ပိုင်းအတွင်းမှာတင် မှတ်ချက်တွေ ထောင်နဲ့ချီရောက်လာ၏။
အမှန်မှာ... မနေ့က လိုက်ဖ်ကြည့်ပြီးကတည်းက ပရိသတ်အချို့မှာ 'ရုတ်တရက် သေဆုံးခြင်း'အကြောင်းကို ရှာကြည့်ခဲ့ကြသည်။
# တက္ကသိုလ်ကျောင်းသားတစ်ဦး မနက် ၂ နာရီမှာ သေဆုံး၊ သေဆုံးခင်မှာ ညလုံးပေါက် ဇာတ်လမ်းတွဲ ကြည့်နေခဲ့သည်။
# အမျိုးသားတစ်ဦး ရထားပေါ်မှာ ရုတ်တရက်သေဆုံး၊ သေဆုံးခင် တစ်ပတ်လုံး အချိန်ပိုအလုပ်လုပ်ခဲ့ရသည်။
# ...
ထိုအခြင်းအရာကိုကြည့်ပြီး ညလုံးပေါက် စာကြည့်၊ ဂိမ်းဆော့တတ်သည့် ပရိသတ်များမှာ ရင်ဘတ်လေးကို ဖိထားမိကြသည်။
မိမိတို့ ဘယ်အချိန်က အိပ်ခဲ့လဲ၊ အစားအသောက် ဘယ်လို စားခဲ့လဲ ပြန်စဉ်းစားပြီး ထိတ်လန့်သွားကြ၏။
သူတို့ နောက်ကွယ်မှာလည်း ဝိညာဉ်တမန်တော် တစ်ယောက် ယောက် လိုက်နေမလားလို့ ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်နေကြသည်။
[ကြောက်ဖို့ကောင်းလိုက်တာ... ငါတို့က ငယ်သေးတယ်လို့ ထင်နေတာ၊ သေခြင်းတရားက ငါတို့နဲ့ ဒီလောက် နီးနေမယ်လို့ မထင်ခဲ့ဘူး]
[ငါ မနေ့ညက မနက် ၃ နာရီခွဲမှ အိပ်တာ...]
[အမေက အမြဲတမ်း ထမင်းမှန်မှန်စားဖို့ ပြောတာကို ငါက ဂရုမစိုက်ခဲ့ဘူး...]
[မင်းတို့ ပြောပုံအရဆိုရင် ငါက နေ့တိုင်း သေမင်းနဲ့ ကစားနေတာပေါ့]
အရင်က သတင်းတွေမြင်ရင် ရန်စစ်မင်လိုပဲ ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်၍ကျော်သွားခဲ့ကြတာပါ။
သို့သော် မနေ့က ရန်စစ်မင်ရဲ့ အဖြစ်ကို မြင်လိုက်ရတော့မှ ရုတ်တရက် သေဆုံးတာက ဘယ်လောက်အထိ မြန်ဆန်လဲဆိုတာ သိသွားကြသည်။
ပရိသတ်တွေ အားလုံး စိုးရိမ်စိတ် ဝင်လာကြကာ မိမိတို့ရဲ့ နေ့စဉ်ဘဝကိုပြန်ပြီး အစီအစဉ်ဆွဲလာကြ၏။
'စောစောအိပ်၊ စောစောထ၊ ထမင်းမှန်မှန်စား...'
'မနက် ၆ နာရီ ၇ နာရီလောက် ထပြီး အပြင်မှာ လမ်းလျှောက်မယ်၊ ပြီးရင် ဆန်ပြုတ်လေးသောက်မယ်...'
'ဒါမှမဟုတ် ၁၂ နာရီလောက် အိပ်ရင်တောင် ၇ နာရီ ၈ နာရီလောက် အိပ်ချိန်ရသေးတယ်...'
သို့သော် စဉ်းစားရင်းနဲ့ လက်ထဲက ဖုန်းကို ကြည့်လိုက်မိကြသည်။
"..."
'ငါတို့ တကယ် လုပ်နိုင်ပါ့မလား'
'ဘယ်နှစ်ညလောက် 'မနက်ဖြန်မှ စောစောအိပ်မယ်' ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ခဲ့ကြလဲ'
'ဘယ်နှစ်ကြိမ်လောက် နောက်မှ လေ့ကျင့်ခန်းလုပ်မယ်' ဆိုပြီး အချိန်ဆွဲခဲ့ကြလဲ။
'ဒီအတိုင်းသာ ဆက်သွားရင် ငါတို့အတွက် တကယ်ပဲ မနက်ဖြန်တွေ၊ နောက်တစ်ကြိမ်တွေ ရှိဦးမှာလား'
' ငါတို့ တကယ်ပဲ ကိုယ့်အသက်ကို တန်ဖိုးထားခဲ့ကြရဲ့လား'
ပရိသတ်အားလုံး အတွေးကိုယ်စီနှင့် ငြိမ်သက်သွားကြတော့သည်။
# Original Writer note :
ရန်စစ်မင်ရဲ့ အဖြစ်အပျက်ကနေတစ်ဆင့် ကျွန်တော်တို့အားလုံး သင်ခန်းစာ ယူနိုင်ကြပါစေ။
အလုပ်တွေ၊ စာတွေ ဘယ်လောက်ပဲ များများ၊ ဝါသနာတွေ ဘယ်လောက်ပဲ ပါပါ... ကျန်းမာရေးက ပထမဆိုတာ မမေ့ပါနဲ့
ဝိညာဉ်လောကမှာ စာပေရိပ်မြုံထဲက ဝိညာဉ်ကြီးတွေနဲ့ မတွေ့ချင်ရင်တော့ ကဲ အခုပဲ ဖုန်းကိုချပြီး အနားယူလိုက်ကြရအောင်။