← Chapters

မေ့လျော့နေသော အတိတ်မှ ရုတ်တရက် တိုက်ခိုက်မှု

Vol. 21 Ch. 201

မေ့လျော့နေသော အတိတ်မှ ရုတ်တရက် တိုက်ခိုက်မှု

Vol. 21 Ch. 201

“ယဲ့ပေ့ရွှမ်၊ နင် ဒီမှာ ဘာလုပ်နေတာလဲ”

စိတ်ဝိညာဉ်ဆေးပင်များ ရောင်းချသည့်အပိုင်းတွင် ယဲ့ပေ့ရွှမ်သည် ဖုန်းချုံယွီနှင့်အတူ ဆေးပင်များကို ကြည့်ရှုနေစဉ် နောက်ကျောဘက်မှ မေးခွန်းထုတ်သံတစ်သံ ထွက်ပေါ်လာ၏။

ယဲ့ပေ့ရွှမ် ခေါင်းလှည့်ကြည့်လိုက်ရာ စိမ်းဖန့်ရောင် ဝတ်ရုံဝတ်ဆင်ထားပြီး သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

သူ အတန်ငယ် ဇဝေဇဝါဖြစ်သွားပြီး သူမ၏အမည်ကို မှတ်ဉာဏ်ထဲ၌ ပြန်လည်ရှာဖွေကြည့်မိ၏။

ခဏအကြာ၌ သူမသည် ဝမ်းကွဲအစ်ကို၏ သူငယ်ချင်းတစ်ဦးဖြစ်ကြောင်း သတိရသွားသည်။

“လုယွဲ့ကျွမ်း၊ မင်း တစ်ခုခု လိုလို့လား”

“ဟော... ယဲ့ပေ့ရွှမ်၊ ဝမ်တောက်ကျောင်းတော်ကို တစ်ခေါက်ရောက်ဖူးရုံနဲ့ နင်က ယဉ်ကျေးမှုတွေကို မေ့သွားပြီပေါ့လေ၊ ငါ့ကို အစ်မကြီး လို့တောင် မခေါ်တော့ဘူးလား”

လုယွဲ့ကျွမ်း ရန်လိုသောလေသံဖြင့် ပြောလိုက်၏။

ဖုန်းချုံယွီသည် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး စီနီယာအစ်ကို ပေ့ရွှမ်အတွက် ပြန်လည်‌ခုခံပေးရန် ပြင်လိုက်သော်လည်း ယဲ့ပေ့ရွှမ်က အလျင်ဦးစွာ ပြောလိုက်သည်။

“မင်းက ဘာဖြစ်လို့ ငါ့ရဲ့ အစ်မကြီးဖြစ်ရမှာလဲ ပြောစရာမရှိရင် ဖယ်ပေးတော့”

သူသည် လုယွဲ့ကျွမ်းကို အမြင်မကြည်ပေ။ အရင်ဘဝတုန်းကလည်း သူမသည် သူ့ကို အမြဲတမ်း အထင်သေးခဲ့၏။

ရွှမ်ယဲ့တောင်ကြားသို့ လာလည်တိုင်း သူ့ကိုတွေ့လျှင် စီနီယာတစ်ယောက်လို ဟန်ဆောင်ကာ သူ့ကောင်းကျိုးအတွက်ဟု အကြောင်းပြချက်ပေး၍ ဆုံးမဩဝါဒ ပေးလေ့ရှိသည်။

“နင်၊ နင်က ငါ့ကို ပြန်ပြောရဲတယ်ပေါ့ နင့်ဝမ်းကွဲအစ်ကိုကို သွားတိုင်လိုက်မှာနော်”

“ကြိုက်သလို လုပ်”

ယဲ့ပေ့ရွှမ်သည် သူမကို ဂရုမစိုက်တော့ဘဲ ဖုန်းချုံယွီကို ခေါ်ဆောင်ကာ ထွက်ခွာသွား၏။ သူမကဲ့သို့သော လူစားမျိုးနှင့် စကားပြောနေခြင်းသည် အချိန်ဖြုန်းခြင်းသာ။

“ဟမ့်”

လုယွဲ့ကျွမ်း နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်၏။

“နင်က နင့်ကိုယ်နင် အရေးပါတဲ့လူတစ်ယောက် ဖြစ်နေပြီလို့ ထင်နေတာလား။ အော် ဒါနဲ့ ငါ ပြောဖို့ မေ့တော့မလို့။ နင့်အဖေနဲ့ နင့်အစ်မ ချင်းဝူတို့ အကြီးအကျယ် ဒုက္ခရောက်နေပြီ။ အခုချက်ချင်း မြန်မြန်သွားရင်တော့ သူတို့အလောင်းကို အမီကောက်နိုင်ဦးမှာပါ”

ထိုစကားကြောင့် ယဲ့ပေ့ရွှမ်သည် ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ့မျက်ဝန်းများထဲတွင် ဒေါသရိပ်များ လွှမ်းကာ လူသတ်ရိပ်များ ဖြာထွက်လာသည်။ သူ့လေသံသည် အေးစက်ကာ ပြောလိုက်၏။

“မင်း ဘာပြောလိုက်တာလဲ”

လုယွဲ့ကျွမ်းသည် သူ့အရှိန်အဝါကြောင့် ကြောက်လန့်သွားကာ အလိုအလျောက် နောက်ဆုတ်သွားမိသည်။

သူမ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “နင် ဘာလို့ ငါ့ကို လာဒေါသထွက်နေတာလဲ။ သတ္တိရှိရင် လဲ့ယန် ဂိုဏ်းက အကောင်ကြီးတွေနဲ့ သွားရင်ဆိုင်လေ။ မိန်းမတစ်ယောက်ကို နိုင်ထက်စီးနင်း လုပ်တာ ဘယ်လိုယောက်ျားမျိုးလဲ”

လဲ့ယန် ဂိုဏ်း၊

ထိုစကားလုံး သုံးလုံးကို ကြားလိုက်ရချိန်တွင် ယဲ့ပေ့ရွှမ်၏ အတိတ်ဘဝမှ မှတ်ဉာဏ်များသည် ဒီရေအလား တိုးဝင်လာခဲ့သည်။

သူ့မှတ်ဉာဏ်များအရ နောက်တစ်နှစ်အကြာတွင် သူ့အစ်မချင်းဝူသည် လဲ့ယန်ဂိုဏ်းမှ ယန်ဝေ့နှင့် လက်ထပ်ခဲ့ရသည်။

ထိုစဉ်က သူ ဘာမှမသိခဲ့ရပေ။ နောက်ထပ် ငါးနှစ်အကြာမှသာ သူမ သေဆုံးသွားခဲ့ကြောင်း သိခဲ့ရ၏။

ချင်းဝူသည် သူတို့မိသားစု၏ မွေးစားသမီးဖြစ်ပြီး အမည်ရင်းမှာ နန်ကုန်းချင်းဝူ ဖြစ်၏။ သူတို့သည် အတူတူ ကြီးပြင်းလာခဲ့ကြပြီး နက်ရှိုင်းသော သံယောဇဉ် ရှိကြသည်။

သူ၏ ယခင်ဘဝတွင် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီးနောက် လဲ့ယန်ဂိုဏ်းသို့ တစ်ဦးတည်းသွားရောက်ကာ ယန်ဝေ့ကို စိန်ခေါ်၍ သတ်ပစ်ခဲ့သည်။

သို့သော် ချင်းဝူက ဘယ်တော့မှ ပြန်မလာနိုင်တော့ချေ။

‘ဒီဘဝမှာတော့ ချင်းဝူကို ယန်ဝေ့လက်ထဲ လုံးဝအ‌ရောက်မခံတော့ဘူး’

“ငါ့အဖေနဲ့ ချင်းဝူ ဘယ်မှာလဲ”

လုယွဲ့ကျွမ်းသည် ထိတ်လန့်သွားကာ တုန်တုန်ရင်ရင်ဖြင့် ဆိုသည်။

“သူ...သူတို့တွေ သတ္တုသန့်စင်တဲ့အပိုင်းမှာ၊ နင့်ရဲ့ ယဲ့မိသားစုက ရွှမ်ယဲ့ သတ္တုကြောတစ်ခုကို မတော်တဆ တွေ့သွားခဲ့တာ။ အဲဒါကြောင့်လည်း နင်တို့ ဒီဖလှယ်ပွဲကို တက်ရောက်ခွင့် ရခဲ့တာပေါ့”

“ဂျူနီယာညီမလေးဖုန်း၊ သွားကြစို့”

ယဲ့ပေ့ရွှမ်သည် ကြောက်လန့်နေသော လုယွဲ့ကျွမ်းကို ဂရုမစိုက်တော့ဘဲ ဖုန်းချုံယွီကို ဆွဲကာ သတ္တုသန့်စင်သည့်အပိုင်းသို့ အမြန်ပြေးသွားတော့သည်။

သူတို့ ဖန်တီးခဲ့သော ဆူညံမှုကြောင့် ဘေးပတ်ဝန်းကျင်မှ လူများစွာ၏ အာရုံစိုက်မှုကို ရရှိသွား၏။

ရှောင်ချန်းနှင့် လွီယွဲ့အာတို့လည်း ထိုလူများထဲတွင် ပါဝင်သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ယဲ့ပေ့ရွှမ်နောက်သို့ တိတ်တဆိတ် လိုက်သွားကြ၏။

မကြာမီတွင် ဆေးပင်များ ဝယ်ယူနေကြသော နျဲ့ရှို့ယွမ်နှင့် ရွှီချိုက်ချန်တို့ကို တွေ့လိုက်ရသည်။

“ဆရာတူဦးလေးနျဲ့ အလုပ်ပြီးရင် မြန်မြန်လိုက်လာခဲ့ဦး”

ရှောင်ချန်းသည် ထိုစကားကို ချန်ထားခဲ့ကာ ယဲ့ပေ့ရွှမ်နောက်သို့ ဆက်လိုက်သွားသည်။

နျဲ့ရှို့ယွမ်နှင့် ရွှီချိုက်ချန်တို့သည် ခဏမျှ မှင်သက်သွားကြ၏။ ရှောင်ချန်းမှန်း သိလိုက်ရသောအခါ ဈေးဆစ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူတို့မျက်စိကျနေသော မူးယစ်ဝိညာဉ်ပန်းကို ချက်ချင်းပင် ဝယ်ယူလိုက်သည်။

ယဲ့ပေ့ရွှမ်သည် နောက်မှ လိုက်လာသူများကို သတိမထားမိပေ။ သူသည် ဖုန်းချုံယွီ၏ လက်ကို ဆွဲထားရင်း လူအုပ်ကို တိုးဝှေ့သွား၏။

မကြာမီမှာပင် လူအုပ်ကြား၌ သူ့ဖခင်နှင့် ချင်းဝူကို တွေ့လိုက်ရ‌သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း သူ့ဖခင်မှာ မှတ်ဉာဏ်ထဲမှ အတိုင်းပင်။

သို့သော် ယခုအခါ ဖခင်ဖြစ်သူ၏ မျက်နှာတွင် ခိုင်မာပြတ်သားမှုနှင့် အလျှော့မပေးသော အမူအရာများ ထင်ဟပ်နေသည်။

သူတို့ဆိုင်ခန်းရှေ့တွင် လူအုပ်ကြီး ဝိုင်းနေ၏။ အလယ်တွင် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် မြင့်မြတ်သောအရှိန်အဝါကို ထုတ်ဖော်ရင်း သူ့ဖခင်နှင့် ချင်းဝူကို အထက်စီးမှ ကြည့်နေသည်။

“သခင်လေးယန်၊ တကယ်လို့ ခင်ဗျားက ဒီ ရွှမ်ယဲ့ သတ္တုတွင်းကို ဝယ်ချင်တယ်ဆိုရင် ကျွန်တော်တို့ ဝမ်းသာအားရ ရောင်းပေးပါ့မယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ တခြားတောင်းဆိုချက်တွေကိုတော့ ကျွန်တော် ယဲ့နန်ထျန်း အနေနဲ့ သဘောမတူနိုင်ဘူး။”

ဂိုဏ်းကြီးတစ်ခုမှ လာသော ယန်ဝေ့ကဲ့သို့သော သူနှင့် ရင်ဆိုင်ရသော်လည်း ယဲ့နန်ထျန်းသည် နောက်ဆုတ်မည့် အမူအရာ လုံးဝမပြပေ။

ယန်ဝေ့က လှောင်ပြုံးပြုံးလိုက်သည်။ “ယဲ့နန်ထျန်း၊ ခင်ဗျားက ခင်ဗျားရဲ့ အခြေအနေကို အခုထိ နားမလည်သေးဘူးပဲ။ ကျွန်တော်က ခင်ဗျားရဲ့ မွေးစားသမီးကို စိတ်ဝင်စားတာ ခင်ဗျားအတွက် ဂုဏ်ယူစရာပဲ။ သူ့ကို ကျွန်တော့်ရဲ့ ကိုယ်လုပ်တော် အဖြစ် ထည့်ပေးလိုက်မယ်ဆိုရင် ခင်ဗျားတို့ ယဲ့မိသားစုခွဲက အဆင့်အတန်း မြင့်တက်လာလိမ့်မယ်”

“ဒါပေမဲ့ ခင်ဗျားက ငြင်းမယ်ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်တောင် လုပ်စရာမလိုဘူး။ အဓိကမိသားစုကပဲ သူ့ကို လဲ့ယန် ဂိုဏ်းဆီ လာပို့ပေးလိမ့်မယ်။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင် လုပ်နေတာလဲ”

“ကျွန်တော် စကားအများကြီး မပြောတော့ဘူး။ သုံးရက် အချိန်ပေးမယ်။ ဖလှယ်ပွဲ မပြီးခင် ကျွန်တော့်ကို ရှင်းလင်းတဲ့ အဖြေတစ်ခုပေးပါ။ ဒါမှမဟုတ် ခင်ဗျားရဲ့ မွေးစားသမီးကို ခေါ်ပြီး ထွက်ပြေးဖို့ ကြိုးစားလို့လည်း ရပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကိုတော့ ခင်ဗျား အသိဆုံး ဖြစ်မှာပါ။ ကျွန်တော် လိုချင်တာမှန်သမျှ မရတာ မရှိဘူး”

သူ့စကားအဆုံးတွင်ပင် အနီးအနားမှ အသံတစ်ခု ထွက်ပေါ်လာသည်။

“ယန်ဝေ့၊ မင်း အခုပဲ လက်လျှော့လိုက်တာ ပိုကောင်းမယ်။ ငါ ယဲ့ပေ့ရွှမ် ရှိနေသရွေ့ ချင်းဝူကို မင်းတို့ လဲ့ယန် ဂိုဏ်းထဲ မရောက်စေရဘူးကွ”

အားလုံး တိတ်ဆိတ်သွားပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

လူငယ်တစ်ဦးသည် လှပသော အမျိုးသမီးတစ်ဦး၏ လက်ကို ဆွဲကိုင်ထားရင်း လူအုပ်ကြားမှ ထွက်လာသည်။

“ရွှမ်အာ”

“ပေ့ရွှမ်”

ယဲ့နန်ထျန်းနှင့် နန်ကုန်းချင်းဝူတို့သည် အလိုအလျောက် အော်ဟစ်လိုက်ကြသည်။

သူတို့ အသံထဲတွင် ဝမ်းသာမှုနှင့် စိုးရိမ်မှု များ ရောယှက်နေ၏။

ယန်ဝေ့သည် နန်ကုန်းချင်းဝူ၏ ငြင်းပယ်မှုကြောင့် စိတ်ပျက်နေစဉ် ယခုကဲ့သို့ လူပုံအလယ်တွင် စိန်ခေါ်ခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။

သဘာဝကျစွာပင် သူသည် ထိုကောင်လေးကို အသုံးချကာ ယဲ့နန်ထျန်းနှင့် သူ့သမီးကို သင်ခန်းစာပေးရန် ကြံစည်လိုက်သည်။

သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ထိုကောင်လေးသည် သူ၏ ဖိအားပေးနေသော အရှိန်အဝါကို လုံးဝဂရုမစိုက်ဘဲ ယဲ့နန်ထျန်းနှင့် ချင်းဝူတို့ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားခြင်းပင်။

ယဲ့ပေ့ရွှမ်သည် သူ့ဖခင်နှင့် ချင်းဝူကို ကြည့်လိုက်သည်။ စကားလုံးပေါင်း ထောင်သောင်းချီ၍ ရင်ထဲတွင် ရှိနေသော်လည်း နောက်ဆုံးတွင် တစ်ခွန်းတည်းသာ ပြောလိုက်၏။

“အဖေ၊ ချင်းဝူ၊ ဒီကိစ္စကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ။ ဘာမှ စိုးရိမ်စရာမလိုဘူး”

ယဲ့နန်ထျန်းသည် သူ့သားကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူသည် ပေ့ရွှမ်ကို ဤကိစ္စတွင် မပါဝင်စေချင်ပေ။

သူ့အမြင်တွင် ပေ့ရွှမ်သည် ဝမ်တောက်ကျောင်းတော်သို့ တက်ရောက်နေရသော်လည်း တာအိုတည်ဆောက်ခြင်း အဆင့်တွင်သာ ရှိသေး၏။

ကောင်းကင်ဇာစ်မြစ် အဆင့်သို့ ရောက်ရှိနေသော ယန်ဝေ့ကဲ့သို့သူကို အဘယ်သို့ရင်ဆိုင်နိုင်မည်နည်း။

သို့သော် သားဖြစ်သူ၏ မျက်ဝန်းထဲမှ ယုံကြည်မှုများကို မြင်လိုက်ရသောအခါ အံကြိတ်ကာ ပြောလိုက်သည်။

“ရွှမ်အာ၊ သတိထားနော်”

“သားအဖကြားက သံယောဇဉ်က တကယ်ကို ကြည်နူးစရာပဲ”

ယန်ဝေ့က လှောင်ပြောင်လိုက်သည်။

“ငါတောင် တော်တော်လေး စိတ်လှုပ်ရှားသွားရတယ်။ ဒါပေမဲ့ ငါ့ကို စော်ကားလိုက်တဲ့အတွက် ပေးရမဲ့ တန်ဖိုးကို သိလား”

သူပြောလိုက်သည်နှင့် ယန်ဝေ့၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ ကောင်းကင်ဇာစ်မြစ်ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါပင်။

ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ထိုပြင်းထန်သော ဖိအားကို ခံစားလိုက်ရပြီး ဒီရေအလား နောက်သို့ ချက်ချင်း ဆုတ်ခွာသွားကြရာ ယဲ့ပေ့ရွှမ်းတို့ အနားတွင် မည်သူမျှ မကျန်တော့ပေ။

ပြင်းထန်သော ဖိအားကြောင့် ယဲ့ပေ့ရွှမ် အသက်ရှူရ ခက်ခဲသွားသော်လည်း နှာခေါင်းရှုံ့လိုက်၏။

“မင်း ငါ့ကို တကယ်ပဲ တိုက်ခိုက်ရဲလို့လား ဒါက မင်းတို့ရဲ့ လဲ့ယန် ဂိုဏ်း မဟုတ်ဘူး။ ဒါက ဘိုင်ယွင်မြို့ ယဲ့မိသားစုရဲ့ နယ်မြေပဲ”

“ဟားဟားဟား...”

ယန်ဝေ့သည် သူ့ရယ်သံကို မထိန်းနိုင်တော့ပေ။

“တကယ်ကို ရယ်စရာကောင်းတာပဲ။ မင်းရဲ့ မျိုးရိုးအမည်က ယဲ့ ဖြစ်နေရုံနဲ့ ဘိုင်ယွင်မြို့က ယဲ့မိသားစုကို ကိုယ်စားပြုတယ်လို့ ထင်နေတာလား။ ငါ့ကို ဆန့်ကျင်ဖို့ ဘယ်သူက သတ္တိပေးလိုက်လဲဆိုတာ ကြည့်ရသေးတာပေါ့”

ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်မှ လူအားလုံးသည် ယဲ့ပေ့ရွှမ်ကို အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူတို့သည် ငတုံး များမဟုတ်ကြပေ။ ယဲ့နန်ထျန်း၏ နောက်ခံမှာ ယဲ့မိသားစု၏ သွေးဝေးဆွေးမျိုးတစ်ခုသာ ဖြစ်ကြောင်း အားလုံး သိကြ၏။

အကယ်၍ သူ့တွင် ပင်မမိသားစုကို ဆွဲဆောင်နိုင်သော ရတနာတစ်ခုခု မရှိပါက ယဲ့မိသားစုသည် ဤလက်ထပ်မှုကို ကန့်ကွက်မည် မဟုတ်ပေ။

ယဲ့ပေ့ရွှမ်အတွက်ကတော့ ယနေ့ အရိုက်ခံရဖို့က သေချာနေပါ၏။

အသက်သာဆုံး လအတော်ကြာ အိပ်ရာပေါ် လဲနေရမှာဖြစ်ပြီး အဆိုးဆုံးကတော့ ဒုက္ခိတ ဖြစ်သွားမှာပင်။ သူ မသေမချင်းတော့ ယဲ့မိသားစုက ဂရုစိုက်မှာ မဟုတ်ပေ။

ယဲ့ပေ့ရွှမ် ပြန်လည်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် လူအုပ်ကြားထဲမှ တစ်ကိုယ်တော်ဆန်ပြီး မောက်မာသော အသံတစ်ခု ထွက်ပေါ်လာသည်။

“သူ့ကို အဲဒီယုံကြည်မှုပေးထားတာ ငါပဲ”

All Chapters