← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 32 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 32 Ch. 311-312

အခန်း (၃၁၁) - ရန်ယွမ်ဇီကို လွှတ်ပေးရခြင်း၊ ဝူယွမ်၏ စည်းရုံးရေး(၁)

အဆင့်မြင့် ပုဂ္ဂိုလ်ကြီးနှစ်ဦး ထွက်ပေါ်လာသောအခါ ကမ္ဘာခြားနတ်ဆိုးမြို့တော်တစ်ခုလုံးသည် ခေတ္တရပ်တန့်ခြင်းခလုတ်ကို နှိပ်လိုက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ဝူယွမ်က ရန်ယွမ်ဇီကို ဖိနှိပ်နိုင်ခဲ့ခြင်းသည် သူတို့အတွက် အလွန်မထင်မှတ်ထားသော အရာတစ်ခုဖြစ်သည်။ သို့သော် ယခုအခါ တိယွမ်ဇီနှင့် ထျန်းယွမ်ဇီတို့ အတူတကွ ထွက်ပေါ်လာကြလေပြီ။ သူတို့နှစ်ဦးစလုံးသည် ရန်ယွမ်ဇီထက် ပိုမိုအစွမ်းထက်ပြီး ကျော်ကြားသော ဝင်စားခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။

ဝင်စားခြင်းအဆင့်ခြင်း အတူတူပင် ဖြစ်သော်လည်း စွမ်းအားကွာဟချက်မှာ အလွန်ကြီးမားသည်။

ဝူယွမ်က ရန်ယွမ်ဇီကို ဖိနှိပ်နိုင်ခဲ့ခြင်းမှာ ဝိညာဉ်ရတနာလက်နက်တစ်ခု၏ စွမ်းအားကို အဓိက အားကိုးခဲ့ရခြင်းကြောင့်ဟု ထင်ရသည်။

သော် ယခု နောက်ထပ်နှစ်ယောက်ကို သူ ဆက်လက်ဖိနှိပ်နိုင်လိမ့်မည်ဟု လူများ မယုံကြည်ကြတော့ပေ။

သူတို့နှစ်ဦးပေါ်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ဘယ်ညာညှပ်ကာ ဝူယွမ်နှင့် သူ၏ ဧရာမမီးဖိုကြီးကို တိုက်ခိုက်ပြီး အထဲရှိ ရန်ယွမ်ဇီကို ကယ်တင်ရန် ကြိုးစားတော့သည်။

သူတို့၏ အစွမ်းထက်သောအင်အားများဖြင့် ဘေးနှစ်ဖက်မှ ညှပ်ပိတ်တိုက်ခိုက်လာမှုကို အလယ်တွင်ရှိသော ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်ကို အသုံးပြု၍ ခုခံရန် ပြင်ဆင်လိုက်သည်။

“ငါလုပ်မယ်”

ရုတ်တရက် ဝူယွမ်၏စိတ်ထဲသို့ အသံတစ်သံ ဝင်ရောက်လာသည်။

ဝုန်း...

ထိုအချိန်တွင် ကောင်းကင်ယံရှိ လေဟာနယ်က ဟက်တက်ကွဲသွားပြီး မီးခိုးရောင်နှင့် အဖြူရောင်ရောစပ်နေသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ လေးလေးနက်နက်မျက်နှာထားရှိသည့် အမျိုးသားတစ်ဦး လေဟာနယ်ထဲမှ လှမ်းထွက်လာသည်။

သူ ထွက်ပေါ်လာမှုနှင့်အတူ ထျန်းယွမ်ဇီနှင့် အခြားတစ်ဦးတို့ မြို့တစ်မြို့လုံးကို ဖုံးလွှမ်းထားသည့် ဖိနှိပ်မှုအငွေ့အသက်များမှာလည်း ချက်ချင်း ဆုတ်ခွာသွားသည်။

သူကား အခြားသူမဟုတ်... တောင်ဂိုဏ်း ဂိုဏ်းချုပ် ယင်းရွှမ်ဇီပင် ဖြစ်သည်။

သူနှင့်အတူ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးလည်း ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးက ဝူယွမ်၏ ဘယ်နှင့်ညာတွင် အသီးသီး နေရာယူကာ ရန်ယွမ်ဇီနှင့် တိယွမ်ဇီတို့၏ တိုက်ခိုက်မှုများကို ပိတ်ဆို့လိုက်သည်။

“ယင်းရွှမ်းဇီ”

“သရဲအိုကြီးချန်... မင်း အသက်ရှင်နေသေးတာပဲ၊ ပြီးတော့ ဝင်စားခြင်းအဆင့်ကိုတောင် တက်လှမ်းသွားပြီ”

တိယွမ်ဇီတို့နှစ်ဦးက လေဟာနယ်ထဲတွင် ရပ်နေရင်း သူတို့နှစ်ဦးကို အံ့ဩမှု၊ အတိုင်းအဆမရှိသော ဒေါသတို့ဖြင့် စိုက်ကြည့်နေကြသည်။

လက်ရှိအခြေအနေက သူတို့ ယွမ်ဂိုဏ်းဘက်မှ အရေးနိမ့်နေသဖြင့် သူတို့၏ မျက်နှာထားများမှာ အလွန်အမင်း တင်းမာခက်ထန်နေကြသည်။

“ဟဲဟဲ... ငါက ကံကောင်းလို့ အသက်ရှင်ကျန်ရစ်ခဲ့တာပါ” အပြာရောင်ဝတ်ရုံဖြင့် အဘိုးအိုက မှိန်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

“မင်း ရန်ယွမ်ဇီကို ထိန်းချုပ်ထားနိုင်လား”

ယင်းရွှမ်ဇီက ဝူယွမ်ကို လျှို့ဝှက်အသံပို့၍ မေးလိုက်သည်။

“ဂိုဏ်းချုပ်... စိတ်မပူပါနဲ့၊ ဒီကောင် အခုလောလောဆယ် ရုန်းထွက်နိုင်မှာ မဟုတ်ဘူး၊ အချိန်နည်းနည်းပေးမယ်ဆိုရင် သူ့ကို ပြာကျသွားတဲ့အထိတောင် လုံးဝသန့်စင်ပစ်နိုင်လောက်တယ်” ဝူယွမ်က ပြန်ဖြေလိုက်၏။

ဖန်ထျန်းအစီအရင်၏ လက်ရှိစွမ်းအားသည် မဟာရှေးဟောင်းကျောက်တိုင်နှင့် ကမ္ဘာ့သစ်ပင်တို့ ပေါင်းစပ်ထားသဖြင့် မကြာသေးမီကမှ ဝင်စားခြင်းအဆင့်သို့ ဝင်ရောက်လာသော ရန်ယွမ်ဇီကို ကိုင်တွယ်ရန် မခက်ခဲပေ။

“ဒီလောက် မလွယ်ဘူးထင်တယ်၊ အကြီးအကဲချန်နဲ့ ငါက ထျန်းယွမ်ဇီနဲ့ တိယွမ်ဇီရဲ့ ပြိုင်ဘက်မဟုတ်ဘူး၊ ငါတို့ သူတို့ကို အချိန်အကြာကြီး မထိန်းထားနိုင်ဘူး၊ ညှိနှိုင်းဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မယ်” ယင်းရွှမ်းဇီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

အကြီးအကဲချန်မှာ မကြာသေးမီကမှ ဝင်စားခြင်းအဆင့်သို့ တက်လှမ်းခဲ့သူဖြစ်ရာ ဝင်စားခြင်းအဆင့်၏ အစပိုင်းအဆင့်နှင့် ညီမျှသည်။

သူသည် တိယွမ်ဇီဆိုအသာထား ရန်ယွမ်ဇီကိုပင် အနိုင်ယူနိုင်စွမ်း မရှိပေ။ ယင်းရွှမ်ဇီ၏ စွမ်းအားမှာ တိယွမ်ဇီနှင့်သာ နှိုင်းယှဉ်နိုင်ပြီး ဝင်စားခြင်းအဆင့်၏ အလယ်အလတ်အဆင့်ဟု ယူဆနိုင်သည်။

ထျန်းယွမ်ဇီမှာမူ ဝင်စားခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ပြန်လည်မွေးဖွားခြင်းသံသရာကို ထိတွေ့နေပြီဖြစ်သည်။ သူသည် သံသရာအဆင့်သို့ မတက်လှမ်းနိုင်သေးသော်လည်း သာမန် သံသရာအဆင့် ပညာရှင်တစ်ဦး အလွယ်တကူ လှုပ်ခါနိုင်သောသူ မဟုတ်ပေ။

ယနေ့အခြေအနေမှာ တောင်ဂိုဏ်းအတွက် အဆင်မပြေဖြစ်နေဆဲပင်။ သို့သော် ဝူယွမ် ရန်ယွမ်ဇီကို ကြိုတင်ဖိနှိပ်ထားနိုင်ခဲ့ခြင်းက တောင်ဂိုဏ်းကို အလွန်အမင်း အကျပ်အတည်းမဖြစ်စေရန် ကာကွယ်ပေးထားနိုင်ခဲ့သည်။

“ရန်ယွမ်ဇီကို အမြန်လွှတ်ပေးလိုက်၊ မဟုတ်ရင် တောင်ဂိုဏ်းက လူအားလုံး ဒီနေ့ သေရမယ်၊ တောင်ဂိုဏ်းတစ်ခုလုံးက သူ့အတွက် အဖော်ပြုပေးရလိမ့်မယ်”

ထျန်းယွမ်ဇီက ဝူယွမ်နှင့် အခြားနှစ်ဦးကို စူးရှသောလေသံဖြင့် ပြောလိုက်ပြီး သူ၏လက်ထဲတွင် အနက်ရောင် ဓားရှည်တစ်လက် ထွက်ပေါ်နေပြီဖြစ်သည်။

ဝူယွမ်၏အောက်ရှိ ဖန်ထျန်းမီးဖိုသည် မည်မျှအစွမ်းထက်ကြောင်းကို သူ ခံစားသိရှိနိုင်ပြီး ရန်ယွမ်ဇီအထဲတွင် သေချာပေါက် ဒုက္ခရောက်နေမည်ကိုလည်း သိသည်။

“ထျန်းယွမ်ဇီ... ခင်ဗျား အတင်းအဓမ္မလုပ်ရဲရင် ဖန်ထျန်းမီးဖိုတစ်ခုလုံးကို ကျုပ်ဖောက်ခွဲပစ်ပြီး ရန်ယွမ်ဇီကို ပြာကျသွားအောင် လုပ်ပစ်မယ်” ဝူယွမ်က ခြိမ်းခြောက်လိုက်သည်။

“ဟွန့်... ဝူယွမ် မင်းလိုကောင်လေးရဲ့ စွမ်းအားနဲ့ ဝင်စားခြင်းအဆင့် ပညာရှင်တစ်ယောက်ကို တကယ် သတ်နိုင်မယ်ထင်နေလား။ ဟဲဟဲ... သန့်စင်ယွမ်ရတနာ ပေါက်ကွဲသွားရင်တောင် ဝင်စားခြင်းအဆင့် ပညာရှင်တစ်ယောက်ကို သုတ်သင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“မင်း သူ့ကို မလွှတ်ပေးဘူးဆိုရင် ငါ မင်းရဲ့မီးဖိုကို ရိုက်ခွဲပစ်မယ်”

ထျန်းယွမ်ဇီက ဝူယွမ်၏ ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ပေ။ သူက ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်ရာ ကောင်းကင်ယံတွင်ပြည့်နှက်နေသည့် ဓားစွမ်းအင်များက ဝူယွမ်ကို လွှမ်းခြုံသွားသည်။

“ထျန်းယွမ်ဇီ... ဒီလောက် ဒေါသထွက်စရာမလိုပါဘူး၊ ငါတို့ ထိုင်ပြီး စကားပြောလို့ ရပါတယ်”

ယင်းရွှမ်ဇီက ဝူယွမ်၏အရှေ့တွင် ပေါ်လာပြီး မရေမတွက်နိုင်သော ဓားအလင်းတန်းများကို ကာကွယ်ပေးရင်း ပြောလိုက်သည်။

“အရင်ဆုံး ရန်ယွမ်ဇီကို လွှတ်ပေးလိုက်၊ မဟုတ်ရင် စကားပြောစရာ ဘာအကြောင်းမှမရှိဘူး”

ထျန်းယွမ်ဇီက အေးစက်စွာပြောပြီး တည့်တည့်ပြေးဝင်လာသည်။ ဝူယွမ် အချိန်ဆွဲရန် ကြိုးစားနေသည်ကို သူ သိသည်။

အချိန်ကြာလာသည်နှင့်အမျှ ရန်ယွမ်ဇီ ပို၍ ဒုက္ခရောက်မည်ဖြစ်ပြီး နောက်ဆုံးတွင် ခံနိုင်ရည်မရှိတော့ဘဲ ဖိနှိပ်ခံရကာ သေဆုံးသွားနိုင်သည်။

ထိုအချိန်တွင် သူတို့နှစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်လာပါက ယွမ်ဂိုဏ်းမှာ အမှန်တကယ် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။

ထျန်းယွမ်ဇီတို့နှစ်ဦးလုံးက ပြင်းထန်သော တိုက်ခိုက်မှုများကို မည်သို့မျှ ချန်လှပ်ထားခြင်းမရှိဘဲ ထုတ်လွှတ်လိုက်ကြသည်။

အဆုံးမရှိသော ယွမ်စွမ်းအင်များကြောင့် ကမ္ဘာခြားနတ်ဆိုးမြို့တော်တစ်ခုလုံး၏ အထက်ရှိ လေဟာနယ်မှာ ကစဉ်ကလျားဖြစ်သွားပြီး ယွမ်စွမ်းအင်များက ဒေါသတကြီး တိုက်ခတ်လာသည်။

အောက်ဘက်ရှိ လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြပြီး ပြင်းထန်သော စွမ်းအင်လှုပ်ရှားမှုများကြောင့် တိုက်ရိုက်ပင် မကြည့်ရဲကြပေ။

ဝင်စားခြင်းအဆင့် ပညာရှင်များ၏ တိုက်ပွဲသည် သူတို့ အလွယ်တကူ ကြည့်ရှုနိုင်သော အရာများမဟုတ်ပေ။

သူတို့နှစ်ဦး၏ ရူးသွပ်သော တိုက်ခိုက်မှုများအောက်တွင် ယင်းရွှမ်ဇီနှင့် သရဲအိုကြီးချန်တို့မှာ အခြေအနေဆိုးရွားစွာဖြင့် နောက်ဆုတ်နေရသည်။ အထူးသဖြင့် သရဲအိုကြီးချန်မှာ တိယွမ်ဇီ၏ တိုက်ခိုက်မှုအောက်တွင် သွေးများပင် အန်နေရပြီဖြစ်သည်။

တောင်ဂိုဏ်းမှ သူတို့နှစ်ဦးမှာ ထျန်းယွမ်ဇီတို့၏ ပြိုင်ဘက်မဟုတ်ကြောင်း ထင်ရှားသည်။ ဤအတိုင်း ဆက်သွားပါက သရဲအိုကြီးချန် သေဆုံးသွားမည်ဖြစ်သည်။ ပြိုင်ဘက်များသည် ဝူယွမ်ထံ ချဉ်းကပ်ကာ ရန်ယွမ်ဇီကို ကယ်တင်ရန် အခွင့်အရေး ရသွားလိမ့်မည်။

ဝူယွမ်တွင် လက်ရှိ ပြိုင်ဘက်များကို တားဆီးရန် နည်းလမ်းများစွာ မရှိပေ။ ထျန်းယွမ်ဇီ သို့မဟုတ် တိယွမ်ဇီ တစ်ဦးဦး ရောက်လာပါက သူ ရန်ယွမ်ဇီကို ဆက်လက် ဖိနှိပ်ထားနိုင်မည် မဟုတ်တော့ပေ။

“ငါတို့ ဒါကို အချိန်ဆက်ဆွဲထားလို့ မရတော့ဘူးထင်တယ်၊ ဒီအဘိုးကြီးနှစ်ယောက်က အရမ်းကောက်ကျစ်ပြီး လှည့်စားဖို့မလွယ်ဘူး”

ဝူယွမ် သက်ပြင်းချလိုက်သည်။ ရန်ယွမ်ဇီ၏ စွမ်းအားများကို ပိုမိုလျော့ပါးသွားစေရန်နှင့် သူ့ကို လုံးဝချည့်နဲ့သွားစေရန် မျှော်လင့်ကာ အချိန်ပိုဆွဲထားချင်ခဲ့သည်။

သို့သော် ယခုအခါ ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့က ရန်ယွမ်ဇီကို အရင်ကယ်တင်ရန်သာ အာရုံစိုက်နေပြီး သူတို့၏ စကားဖြင့် ရန်စမှုများကို လုံးဝ လလျစ်လျူရှုထားကြ၏။

အကယ်၍ ယင်းရွှမ်းဇီနှင့် သရဲအိုကြီးချန်တို့ ပြိုင်ဘက်များကြောင့် ဒဏ်ရာရသွားပြီး ရန်ယွမ်ဇီကို ကယ်တင်သွားနိုင်ပါက သူတို့ဘက်မှ အမှန်တကယ် အကျပ်အတည်းထဲသို့ ကျရောက်သွားမည်ဖြစ်သည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များ ရူးသွပ်စွာ လှုပ်ရှားသွားပြီး မဟာရှေးဟောင်းကျောက်တိုင်ပေါ်တွင် လေဟာနယ်ပို့ဆောင်ရေး အစီအရင်တစ်ခု တည်ဆောက်ရန် အကြီးအကဲဟွမ်၏ စွမ်းအားနှင့် ပူးပေါင်းလိုက်သည်။

“ကျုပ် သူ့ကိုလွှတ်ပေးမယ်”

ဝူယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏ အသံက ကမ္ဘာခြားနတ်ဆိုးမြို့တော်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ဝူယွမ်၏ စကားကို ကြားလိုက်ရသဖြင့် ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့ နှစ်ဦးလုံး လှမ်းကြည့်လိုက်ကြသည်။

ဝူယွမ်က ဖန်ထျန်းမီးဖိုကို မလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အနီရင့်ရောင် မီးတောက်များ ပန်းထွက်လာသည်။

ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ရန်ယွမ်ဇီမှာ ယခုအခါ မည်းနက်ကျွမ်းလောင်နေကာ ဖရိုဖရဲဖြစ်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ်ထံသို့ ဒေါသတကြီး ပြေးဝင်လာသည်။

“ဝူယွမ်... မင်းလိုကောင်လေးကို ငါသတ်ပစ်မယ်”

သို့သော် ရန်ယွမ်ဇီ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်ပေါ်တွင် ရပ်နေပြီး လုံးဝ ထိတ်လန့်သွားခြင်း မရှိပေ။ ယင်းအစား သူက နှုတ်ခမ်းကိုတွန့်ကာ ရန်ယွမ်ဇီကို ပြောလိုက်သည်။

“အဘိုးကြီး... ခင်ဗျား အရမ်းလောလွန်းနေပြီ”

ဝီ...

ဝူယွမ်၏ အရှေ့ရှိ လေဟာနယ်က ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး မဟာရှေးဟောင်းကျောက်တိုင်ပေါ်တွင် လေဟာနယ်ရူန်းတစ်ခု ထွက်ပေါ်လာသည်။

ရန်ယွမ်ဇီသည် ယခုအခါ ဒေါသကြောင့် စိတ်လွတ်နေပြီး လောင်ကျွမ်းခံရသည့် နာကျင်မှုကြောင့် သူ၏ ဆင်ခြင်တုံတရားများ ယာယီ ပျောက်ဆုံးနေသည်။

ဝူယွမ်ရှေ့ရှိ လေဟာနယ် အပြောင်းအလဲကိုမူ သူ လုံးဝသတိမထားမိဘဲ ယွမ်စွမ်းအင်ဖြင့် ဖန်တီးထားသော မဟာ ရှင်ခြင်းနှင့် သေဆုံးခြင်း လက်ဝါးကြီးက ဝူယွမ်ထံသို့ ကျဆင်းလာသည်။

ရွှီး...

ဝူယွမ်၏ အရှေ့ရှိ လေဟာနယ်က ကွဲအက်သွားပြီး ဧရာမလေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ပွင့်ဟသွားသော လေဟာနယ်က ဝူယွမ်နှင့် ရန်ယွမ်ဇီကို ပိုင်းခြားလိုက်ပြီး ပြိုင်ဘက်၏ မဟာ ရှင်ခြင်းနှင့် သေဆုံးခြင်း လက်ဝါးရာကြီးက လေဟာနယ် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်။

ထို့ပြင် ဧရာမလေဟာနယ်အက်ကွဲကြောင်းကြီးက ဆက်လက်ကျယ်ပြန့်လာပြီးနောက် လူအများ၏ အံ့ဩမှင်တက်နေသော အကြည့်များအောက်တွင်... အငမ်းမရ စားသောက်တတ်သော ပါးစပ်ပေါက်ကြီးတစ်ခုကဲ့သို့ ရန်ယွမ်ဇီကို လွှမ်းခြုံသွားတော့သည်။

တစ်ခဏအတွင်းမှာပင် လေဟာနယ်အက်ကွဲကြောင်းက ပြန်လည်ပိတ်သွားလေသည်။ ရန်ယွမ်ဇီ၏ ပုံရိပ်မှာလည်း ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

ဤလောကတွင် ရန်ယွမ်ဇီ၏ အရိပ်အယောင်မျှပင် မကျန်ရှိတော့ပေ။

အခန်း (၃၁၂) - ရန်ယွမ်ဇီကို လွှတ်ပေးရခြင်း၊ ဝူယွမ်၏ စည်းရုံးရေး(၂)

“ရန်ယွမ်ဇီ”

ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့ အော်ဟစ်လိုက်ကြသည်။

“မင်း သူ့ကို ဘယ်ပို့လိုက်တာလဲ”

သူတို့က ဝူယွမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ မေးလိုက်သည်။

“ကျုပ်လည်း မသိဘူး၊ သူ လေဟာနယ်ထဲ ဝင်သွားပြီး ကမ္ဘာပတ် ခရီးထွက်သွားလောက်တယ်၊ ဘာပဲဖြစ်ဖြစ် အခု သူ အရှေ့ဘက်ရွှမ်ဒေသမှာမရှိတော့ဘူး”

“ကျုပ်ကို လာမကြည့်နဲ့... ကျုပ် သူ့ကို လွှတ်ပေးပြီးပြီလေ သူက ဂုဏ်သိက္ခာမရှိ ကျုပ်ကို ဆက်တိုက်ခိုက်နေလို့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘဲ သူ့ကိုပို့ပစ်လိုက်ရတာ”

ဝူယွမ်က လက်ဖြန့်ကာ အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

ဤသည်မှာ သူ ယခင်ကတည်းက စဉ်းစားထားခဲ့သော ဗျူဟာတစ်ခု ဖြစ်သည်။ ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရန်ယွမ်ဇီကို သတ်ရန် အလွန်ခက်ခဲပြီး ရန်ယွမ်ဇီကိုယ်တိုင်ကလည်း အလွန်ပြဿနာများလှသည်။

သူ့ကို လွှတ်ပေးလိုက်လျှင် ကိုင်တွယ်ရန် ခက်ခဲလွန်းသဖြင့် ရိုးရိုးရှင်းရှင်းပင် လေဟာနယ်ထဲသို့ နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။

သူ ဘယ်ကိုရောက်သွားမည်ကို ဝူယွမ်ကိုယ်တိုင်လည်း မသိပေ။ သူနှင့် အဘိုးကြီးဟွမ်တို့ ပူးပေါင်းကာ သူ့ကို ဖြစ်နိုင်သမျှ အဝေးဆုံးသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ပြီး အရှေ့ဘက်ရွှမ်ဒေသမှ အပြင်ဘက်သို့ ရောက်ရှိသွားမည်မှာ သေချာသည်။

ထို့အပြင် သူတို့က တမင်တကာပင် မိစ္ဆာနယ်မြေဘက်သို့ ဦးတည်ရွေးချယ်ခဲ့သည်။ တိကျမည်မဟုတ်သော်လည်း အလွန်အမင်း ကွာဟနေမည်တော့ မဟုတ်ပေ။

ကစဉ်ကလျားလေဟာနယ်ထဲသို့ ကျရောက်သွားခြင်းကြောင့် ရန်ယွမ်ဇီမှာ သေချာပေါက် ဒုက္ခရောက်မည်ဖြစ်ပြီး ထိုကဲ့သို့ ဒေသဖြတ်ကျော် ပို့ဆောင်ခံရသဖြင့် အခြေအနေကောင်းကောင်းဖြင့် ပြန်လာလိုပါက တစ်လခန့် ကြာမြင့်မည်ဖြစ်သည်။

ယနေ့အတွက်တော့ ရန်ယွမ်ဇီဆိုသူမှာ မရှိတော့ချေ။

“ကျစ်... ဒါက တကယ်ဖြစ်နိုင်တာပဲ... ထက်မြက်တဲ့လုပ်ရပ်ပဲ၊ သူ့ကို မနိုင်ရင် အရင်ဆုံးရှင်းထုတ်လိုက်ပေါ့”

“ရန်ယွမ်ဇီတော့ ဒေါသထွက်လွန်းလို့ သေတော့မယ်ထင်တယ်”

“သူ ဘယ်ကိုရောက်သွားမလဲမသိဘူး”

“ဝင်စားခြင်းအဆင့် သိုင်းပညာရှင်တွေတောင် ကစဉ်ကလျားလေဟာနယ်ထဲမှာ ဒုက္ခရောက်ကြပြီး အသက်အန္တရာယ်တောင် ရှိတယ်လို့ ကြားဖူးတယ်”

“ရန်ယွမ်ဇီက တကယ်သနားစရာကောင်းတာပဲ”

... စူပါဂိုဏ်းအသီးသီးမှ လူများမှာ စိတ်ခံစားမှုမျိုးစုံဖြင့် ပြည့်နှက်နေကြသည်။

ဝူယွမ်၏ လုပ်ရပ်က တကယ်ကို မထင်မှတ်ထားစရာပင်။ ဖြေရှင်း၍ မရနိုင်တော့ဟု ထင်ရသော အခြေအနေတစ်ခုသည် ရန်ယွမ်ဇီ ပို့ဆောင်ခံလိုက်ရသောကြောင့် ရုတ်တရက် ပြန်လည်အသက်ဝင်လာသည်။

ယခုအခါ ဝူယွမ်၊ ရှောင်တျောင်း၊ ယင်းရွှမ်ဇီနှင့် အကြီးအကဲချုပ် သရဲအိုကြီးချန်တို့ ရှိနေပြီး ဝူယွမ်နှင့် ရှောင်တျောင်းက ဝင်စားခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော နည်းလမ်းများကို ထုတ်ဖော်နိုင်သည်။

သူတို့၏ တစ်ဦးချင်းစွမ်းအားမှာ ထျန်းယွမ်ဇီတို့နှစ်ဦးကို မယှဉ်နိုင်သော်လည်း ဤကဲ့သို့ လေးယောက်၊ နှစ်ယောက် အခြေအနေမျိုးတွင် ရလဒ်ကိုခန့်မှန်းရန်ခက်ခဲလှသည်။

“ဂိုဏ်းချုပ်ထျန်းယွမ်ဇီ... ဂိုဏ်းချုပ်ရန်ယွမ်ဇီက လေဟာနယ်ထဲကျသွားပေမယ့် သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် အသက်ရှင်ဖို့က သေချာပေါက် ပြဿနာမရှိပါဘူး၊ ငါတို့ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းသင့်တယ်၊ ကြီးကြီးမားမား ပဋိပက္ခဖြစ်စရာမလိုဘူး မဟုတ်လား”

ဝူယွမ်က ထျန်းယွမ်ဇီကို ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။

သူတို့ မတိုက်ခိုက်ရလျှင် သဘာဝကျကျ ပိုကောင်းမည်ဖြစ်သည်။ ဤထျန်းယွမ်ဇီတို့နှစ်ဦးက အလွန် အစွမ်းထက်လွန်းပြီး သူတို့တွင် ကမ္ဘာခြားနတ်ဆိုး၏ တပည့်များလည်း ရှိနေသေးသည်။ သူတို့ကို တကယ် အနိုင်မယူနိုင်ပေ။

“ဝူယွမ်... မင်းလိုကောင်လေးက ငါ့ယွမ်ဂိုဏ်းတပည့်ငါးရာကျော်ကို ဖျက်ဆီးခဲ့တယ်၊ ဌာနမှူးနဲ့ တာဝန်ခံ ဒါဇင်ချီပြီးသတ်ခဲ့တယ်၊ ပြီးတော့ ဂိုဏ်းချုပ်ရန်ယွမ်ဇီကို ပြင်းထန်တဲ့ ဒဏ်ရာတွေ ရစေပြီး ဘယ်ရောက်သွားမှန်း မသိအောင် လုပ်ခဲ့တယ်၊ အခု မင်းက ငါ့ကို ငြိမ်းချမ်းရေးယူခိုင်းနေတာလား”

ထျန်းယွမ်ဇီ၏ မျက်နှာက စိမ်းဖန့်သွားပြီး ဝူယွမ်ကို အံ့ကြိတ်ကာ စိုက်ကြည့်လိုက်သည်။

ဝူယွမ်က ပြန်လည်ချေပလိုက်လေ၏ “ဂိုဏ်းချုပ်ထျန်းယွမ်ဇီ... ဂိုဏ်းပြိုင်ပွဲမှာ‌ သေခြင်း၊ ရှင်ခြငကို ထည့်မတွက်ဘူးလေ၊ ဒါက စူပါဂိုဏ်းကြီးရှစ်ခုက သတ်မှတ်ထားတဲ့ စည်းမျဉ်းပဲ”

“အရင်ပြိုင်ပွဲတွေတုန်းက ကျွန်တော်တို့ တောင်ဂိုဏ်းက တပည့်တွေ အများကြီး ခင်ဗျားတို့ ယွမ်ဂိုဏ်း တပည့်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်၊ နှစ်တွေ အများကြီး ကြာပြီးတဲ့နောက်မှာ ကျွန်တော်တို့ တောင်ဂိုဏ်းက မခံစားရဘူးလို့ ထင်နေတာလား”

“ဒါပေမဲ့ ကျွန်တော်တို့ တောင်ဂိုဏ်းက ခင်ဗျားတို့လို အရှက်မရှိတဲ့အလုပ်တွေ မလုပ်ခဲ့ပါဘူး၊ အရှုံးကို လက်မခံနိုင်ဘဲ စည်းမျဉ်းတွေကို မချိုးဖောက်ခဲ့ဘူး”

“အခု ကျွန်တော်က ခင်ဗျားတို့ ယွမ်ဂိုဏ်းတပည့်တွေကို သတ်လိုက်တော့ ခင်ဗျားတို့ နာကျင်သွားပြီး စည်းမျဉ်းတွေကို ချိုးဖောက်ချင်နေတာလား၊ ဒါက ခင်ဗျားတို့ ယွမ်ဂိုဏ်းရဲ့ဆောင်ပုဒ်လား”

“တပည့်တွေအကြောင်း မပြောကြေးဆိုရင်တောင် ငါ့ယွမ်ဂိုဏ်းက ဌာနမှူးခြောက်ယောက်ကို သတ်ဖို့ မင်းမှာ ဘာအကြောင်းပြချက်ရှိလို့လဲ”

“ရယ်စရာပဲ၊ သူတို့က ကျုပ်ကို သတ်ချင်နေတာ... ကျုပ်က အသာတကြည်အဖမ်းခံရမှာလား” ဝူယွမ်က အေးစက်စွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ထျန်းယွမ်ဇီ... ခင်ဗျားက စည်းမျဉ်းတွေကို အရင်စပြီး ချိုးဖောက်ခဲ့တာ၊ ကျွန်တော်တို့ တောင်ဂိုဏ်းက စည်းမျဉ်းတွေအတွင်းကနေပဲ လုပ်ဆောင်ခဲ့တာပါ”

ယင်းရွှမ်ဇီကလည်း ရှေ့သို့ထွက်ကာ ဒေါသတကြီး စွပ်စွဲလိုက်သည်။

“ခင်ဗျားတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေက စူပါဂိုဏ်းရှစ်ခုက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုလိုက်တာပဲ၊ ခင်ဗျားတို့က မဟာမိတ်အဖွဲ့ကို အရင်စပြီးသစ္စာဖောက်ခဲ့တာ”

“ကောင်းပြီ... ဂိုဏ်းပြိုင်ပွဲကိစ္စကို ဘေးဖယ်ထားလိုက်လို့ ရတယ်”

ထျန်းယွမ်ဇီက ရှောင်တျောင်းကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

“ဒါပေမဲ့ အဖြစ်မှန်တွေကို ဘေးဖယ်ထားမယ်ဆိုရင်တောင် ကောင်းကင်မြွေပါနဲ့ ပူးပေါင်းကြံစည်တာက ရာဇဝတ်မှုတစ်ခုပဲ”

“ကောင်းကင်မြွေပါမျိုးနွယ်စုက ငါတို့ အရှေ့ဘက်ရွှမ်ဒေသနဲ့ အမြဲတမ်း သဘောထားကွဲလွဲနေခဲ့တာ။ ငါ့ယွမ်ဂိုဏ်းက လူဘယ်နှစ်ယောက်လောက် သူတို့လက်ချက်နဲ့ သေဆုံးခဲ့ရလဲ၊ စူပါဂိုဏ်းတော်တော်များများကလည်း သူတို့နဲ့ ရန်ငြိုးတွေ ရှိကြတယ်”

“ဒီနေ့ မင်းက ယွမ်ဂိုဏ်းကို ဆန့်ကျင်ဖို့ ကောင်းကင်မြွေပါနဲ့ ပူးပေါင်းတာက စူပါဂိုဏ်းကြီးရှစ်ခုကို ရန်စလိုက်တာပဲ”

အောက်ဘက်တွင် ထျန်းယွမ်ဇီ၏ စကားကို ကြားသောအခါ စူပါဂိုဏ်းများမှ လူအများအပြားက တိတ်တဆိတ် ခေါင်းညိတ်ထောက်ခံကြသည်။ ရုပ်သေးတစ်သောင်းဂိုဏ်း၊ မဟာရှေးဟောင်းဂိုဏ်းနှင့် နတ်ဘုရားဂိုဏ်းတို့ကဲ့သို့သော ဂိုဏ်းများတွင် ကောင်းကင်မြွေပါများနှင့် ရန်ငြိုးများ ရှိကြသည်။

“သောက်ပေါက်ကရတွေ... ငါ မင်းတို့လူတစ်ယောက်ကိုမှ မသတ်ခဲ့ဘူး” ရှောင်တျောင်းက ပြန်လည် ချပလိုက်သည်။

ထျန်းယွမ်ဇီ - “မင်း မသတ်ခဲ့ဘူးဆိုရင်တောင် မင်းက ကောင်းကင်မြွေပါမျိုးနွယ်စုက အဖွဲ့ဝင်တစ်ယောက်ပဲ၊ ဒါကလုံလောက်နေပြီ”

“ယင်းရွှမ်ဇီ... အရင်ကိစ္စတွေအတွက် အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရတယ်၊ အခု ငါ ဒီကောင်းကင်မြွေပါကို ဖမ်းချင်တယ်၊ မင်းတို့ တောင်ဂိုဏ်းက ဝင်စွက်ဖက်ရဲရင် ငါတို့ ယွမ်ဂိုဏ်းနဲ့ အရှေ့ဘက်ရွှမ်ဒေသက စူပါဂိုဏ်းတွေရဲ့ ရန်သူဖြစ်သွားလိမ့်မယ်၊

“အဲဒီအခါကျရင် ဂိုဏ်းစစ်ပွဲ စတင်ခဲ့ရင် ငါ့ကိုအပြစ်မတင်နဲ့”

ထျန်းယွမ်ဇီက ယုတ်မာစွာပြောလိုက်သည်။

သူ ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယွမ်ဂိုဏ်းက ရုတ်တရက် ကိုယ်ကျင့်တရားအရ အသာစီးရသွားသကဲ့သို့ ဖြစ်သွားပြီး တောင်ဂိုဏ်းကို ဖိအားပေးရန် အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးကိုပင် အသုံးပြုလိုက်သေးသည်။

“ခင်ဗျား...”

ယင်းရွှမ်ဇီ အနည်းငယ်ဆွံ့အသွားသည်။ ရှောင်တျောင်းက ဝူယွမ်ကို လှမ်းကြည့်လိုက်၏။ ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့က သူတို့၏ ပစ်မှတ်များကို ရှောင်တျောင်းအပေါ်သို့ ပြောင်းလဲလိုက်ပြီဖြစ်သည်။

ဝူယွမ်နှင့် ထိုကောင်းကင်မြွေပါတို့ကြားတွင် ထူးခြားသော ဆက်ဆံရေးရှိကြောင်း သူတို့ မြင်တွေ့ပြီးဖြစ်သည်။ ယင်းရွှမ်ဇီနှင့် သရဲအိုကြီးချန်တို့ ဝင်မစွက်ဖက်သရွေ့ ကောင်းကင်မြွေပါကို သတ်လိုက်ပါက ဝူယွမ် သေချာပေါက် ငြိမ်နေနိုင်မည် မဟုတ်ပေ။

ထိုအချိန်ကျမှ ဝူယွမ်ကိုပါ တစ်ပါတည်း သတ်ပစ်မည်ဖြစ်သည်။ ယင်းရွှမ်ဇီ၏ ရှေးရိုးစွဲဆန်သော သဘာဝအရ သူသည် ယွမ်ဂိုဏ်းနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် တောင်ဂိုဏ်းကို သေချာပေါက် အန္တရာယ်မပေးရဲဟု ထျန်းယွမ်ဇီက တွေးထားသည်။

“ဟားဟား... ထျန်းယွမ်ဇီ၊ ခင်ဗျားက တကယ် အကြောင်းပြချက် ပေးတတ်တာပဲ၊ အခု ကျွန်တော်တို့တောင်ဂိုဏ်းကို ဖိအားပေးဖို့ အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးကိုတောင် ဆွဲထုတ်လာပြီလား၊ ခင်ဗျား ကျွန်တော်တို့ကို ကြောက်နေတာလား”

ဝူယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဝူယွမ်... ငါ မင်းနဲ့ ဆက်ပြီးမငြင်းခုံတော့ဘူး၊ မင်းကိုယ်မင်း ဘာလဲဆိုတာ သိဖို့မျှော်လင့်တယ်၊ ငါတို့က ကောင်းကင်မြွေပါကို ဖမ်းဖို့လာတာ၊ မင်း ဝင်စွက်ဖက်ရဲရင် ငါ မင်းကို သတ်တာကို အပြစ်မတင်နဲ့”

ထျန်းယွမ်ဇီက အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျား ရှောင်တျောင်းကိုသတ်ချင်ရင် ကျုပ်အလောင်းကို အရင်ကျော်သွားရလိမ့်မယ်” ဝူယွမ်က ရုတ်တရက် ပြတ်သားစွာ ပြောလိုက်သည်။

သူ ယင်းရွှမ်းဇီကို ကြည့်ကာ လျှို့ဝှက်အသံပို့ ပြောလိုက်သည်။

“ဂိုဏ်းချုပ်... ရှောင်တျောင်းက ကျွန်တော့်ရဲ့ ညီအစ်ကိုပါ၊ သူက ကျွန်တော့်ကြောင့် ဒီကိုရောက်လာတာ၊ ကျွန်တော် သူ့ကို ပစ်ထားလို့ မရဘူး”

ယင်းရွှမ်းဇီ၏မျက်နှာပေါ်တွင် ခက်ခဲသော အမူအရာတစ်ခု ပေါ်လာသည်။

“ဒါဆို မင်းက သူနဲ့အတူတူ ရှေ့ဆက်တို့ဖို့ ပြင်ဆင်ထားတာပေါ့”

“ဟုတ်ကဲ့”

ဝူယွမ်က ခေါင်းညိတ်လိုက်သည်။ ယင်းရွှမ်ဇီ၏ တုံ့ပြန်မှုကို သူ သိချင်နေသည်။ ယင်းရွှမ်းဇီသည် အလွန်ရှေးရိုးစွဲဆန်ပြီး သူ၏နောက်တွင် တောင်ဂိုဏ်းကဲ့သို့သော မိသားစုကြီးတစ်ခု ရှိနေသဖြင့် လွတ်လပ်စွာ မလုပ်ဆောင်နိုင်ပေ။

“မင်းရဲ့ နည်းလမ်းတွေက တိယွမ်ဇီကို ကိုင်တွယ်နိုင်သေးလား” ယင်းရွှမ်းဇီက လေးနက်သော အသံဖြင့် မေးလိုက်သည်။

ဝူယွမ် - “ကျွန်တော် သူ့ကိုမသတ်နိုင်ဘူး၊ ဒါပေမဲ့ ကျွန်တော်ထွက်သွားချင်ရင် သူ ကျွန်တော့်ကိုမတားနိုင်ဘူး”

“ဒါဆို မင်းတို့နှစ်ယောက် ထွက်သွားဖို့ ငါကူညီပေးနိုင်တယ်”

ယင်းရွှမ်းဇီ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ဝူယွမ်နှင့်အတူ စွန့်စားရန် တောင်ဂိုဏ်းကို သူစွန့်လွှတ်၍မရပေ။

ထို့ကြောင့် ဝူယွမ်ထွက်ပြေးရန်သာ သူ ကူညီပေးနိုင်သည်။

ဝူယွမ်က သူ၏ ယောက္ခမကို အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ်လိုက်ပြီး လျှို့ဝှက်အသံပို့ကာ ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်... အခု ယွမ်ဂိုဏ်းကအတော်လေး အားနည်းသွားပြီဖြစ်သလို ရန်ယွမ်ဇီလည်း မရှိတော့ဘူး၊ ကျွန်တော်တို့ အားလုံး ဝိုင်းတိုက်ရင် သူတို့နှစ်ယောက် ကျွန်တော်တို့ကို မတားနိုင်ဘူး၊

“ဒါပေမဲ့ အဲဒီလိုဖြစ်လာရင် သူတို့ စစ်ပွဲစတင်လိမ့်မယ်၊ အဲ့အန္တရာယ်ကို တောင်ဂိုဏ်းက ရင်ဆိုင်ရလိမ့်မယ်”

“တောင်ဂိုဏ်းက အရှေ့ဘက်ရွှမ်ဒေသမှာ ဆက်နေနိုင်တော့မှာ မဟုတ်ဘူး”

“ကျွန်တော့်ကို ယုံကြည်ရင် ဒီကပ်ဘေးကို အတူတူဖြတ်ကျော်ပြီးတာနဲ့ ကျွန်တော်နဲ့အတူ အရှေ့ဘက်ရွှမ်ဒေသကနေ ထွက်ခွာလာခဲ့ပါ”

“နှစ်အနည်းငယ်ကြာရင် ကျွန်တော်တို့ အရှေ့ဘက်ရွှမ်ဒေသကို ပြန်လာပြီး ယွမ်ဂိုဏ်းကို ဖျက်ဆီးပစ်ကြမယ်”

All Chapters