← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း (၃၁၉) - ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်၊ ထျန်းယွမ်ဇီအား ကွပ်မျက်ခြင်း(၁)

ကောင်းကင်ယံထက်တွင် ထျန်းယွမ်ဇီ၏ ကြီးမားကျယ်ပြန့်လှသော ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်လက်ဝါးကြီးက အလင်းတန်းများဖြာထွက်လျက် ကျဆင်းလာသည်။

ထိုလက်ဝါးရာကြီးထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် ဖိအားကြောင့် အောက်ဘက်ရှိ လူအများစုမှာ ချွေးစေးများပင် ပြန်လာခဲ့ကြသည်။

တောင်ဂိုဏ်းမှ လူအားလုံး၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများက အထင်းသား ပေါ်လွင်နေသည်။

ယင်းရှောင်ရှောင်က ဖခင်ဖြစ်သူ ယင်းရွှမ်ဇီကို တွဲကူထားရင်း သားအဖနှစ်ဦးစလုံးက ယင်းဟွမ်ဟွမ်ဆီသို့ ကြင်နာယုယမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

ယင်းဟွမ်ဟွမ်၏ လက်ရှိအခြေအနေအရ ထျန်းယွမ်ဇီကို ယှဉ်ပြိုင်နိုင်စွမ်းမရှိသည်မှာ သေချာနေပြီး အတင်းအဓမ္မတောင့်ခံထားရုံသာ ရှိပေသည်။

“ဟွမ်ဟွမ်...” သားအဖနှစ်ဦးလုံးက စိုးရိမ်တကြီး ရေရွတ်လိုက်ကြသည်။

သူတို့ စိုးရိမ်ပူပန်နေချိန်မှာပင် ကောင်းကင်ယံ၌ ယင်းဟွမ်ဟွမ်က သူမ၏အသက်ကိုပဓာနမထားဘဲ ကာကွယ်ပေးထားသည့် အမျိုးသားက သူမကို လှမ်း၍ပွေ့ဖက်လိုက်သည်။

ယခုအချိန်တွင် ဝူယွမ်သည် သူ၏ ဘယ်ဘက်လက်ဖြင့် ယင်းဟွမ်ဟွမ်ကို ပွေ့ဖက်ထားပြီး ညာဘက်လက်တွင်မူ လျှပ်စီးများ တဖျတ်ဖျတ် တောက်ပနေသော ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည်။

သူ၏ ခန္ဓာကိုယ်မှ မှေးမှိန်သော ခြိမ်းခြောက်မှုအငွေ့အသက်များ ထွက်ပေါ်နေကာ သွေးနီရောင်အလင်းတန်းတစ်ခုက သူ့ကို ဖြတ်သန်းတောက်ပနေသည်။

သူတို့နှစ်ဦးသည် လေဟာနယ်ထဲတွင် ပခုံးချင်းယှဉ်ကာ ရပ်နေကြ၏။ တစ်ဦးက ရေခဲပြာရောင်၊ တစ်ဦးက သွေးနီရောင်ဖြင့် လိုက်ဖက်ညီလွန်းလှပေသည်။

သူတို့၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော ထျန်းယွမ်ဇီမှာမူ ချစ်သူနှစ်ဦးကို ခွဲခွာပစ်မည့် လူကြမ်းကြီးတစ်ဦးနှင့် အလွန်တူနေတော့သည်။

ဝီ…ဝီ...။

ဝူယွမ်၏ လက်ထဲရှိ ဓားထံမှ ကြည်လင်ပြတ်သားသော တုန်ခါမြည်ဟည်းသံများ ထွက်ပေါ်လာကာ ကမ္ဘာခြားနတ်ဆိုးမြို့တော် တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားသည်။ မြို့ထဲရှိ လူတိုင်းက ထိုအသံကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရ၏။

ယခုအချိန်တွင် လူတိုင်း တွေ့လိုက်ရသည်မှာ မူလက ခရမ်းရောင်အဆင်းများ ရောယှက်နေသော ငွေရောင်လျှပ်စီးဓားရှည်ကြီးသည် ယခုအခါ သွေးနီရောင်အလင်းတန်းများ စွန်းထင်းနေပြီး တောက်ပသော သွေးရောင် မိစ္ဆာဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

သာမန်သွေးမဟုတ်ပေ။ ဤသည်ကား ကောင်းကင်ပြာဧကရာဇ်၏ သွေးအဆီအနှစ်များပင် ဖြစ်သည်။

အာဏာရှင်သွေး၏ စွမ်းအားနှင့် ဝူယွမ်၏ခန္ဓာကိုယ်အတွင်းရှိ ဘီလီယံပေါင်းများစွာသော ကြံ့ခိုင်သည့် ခန္ဓာကိုယ်အမှုန်များ၏ စွမ်းအားများဖြစ်သည်။ ယခုအချိန်တွင် ဤစွမ်းအားများအားလုံးကို စုပ်ယူကာ သူထုတ်ဖော်တော့မည့် ဓားသိုင်းပညာရပ်တွင် အသုံးပြုရန် ပြင်ဆင်နေခြင်းပင်။

မိစ္ဆာဓားက သွေးနီရောင် ပြောင်းလဲသွားသည့် အခိုက်အတန့်မှာပင် ဝူယွမ်၏အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သွေးရောင်ဓားအလင်းတန်း သက်သက်ကပင် ထျန်းယွမ်ဇီ ရိုက်ချလိုက်သည့် ကြီးမားသော ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်လက်ဝါးကြီးများကို အပိုင်းပိုင်းအစစ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။

လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားကြသည်။ ဝူယွမ်အနေဖြင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပဲ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြရသည်။

လောကသို့ ဆင်းသက်လာသော နတ်ဆိုးဘုရားတစ်ပါးအလား ဝူယွမ်၏ အရှိန်အဝါက ကောင်းကင်ယံသို့ ထိုးတက်သွားကာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

သူ၏ လက်ထဲရှိ ဓားရှည်ကြီးမှာလည်း သွေးဓားတစ်လက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပြီး ဓားသွားတစ်ခုလုံးက လတ်ဆတ်သော သွေးများဖြင့် ဖွဲ့စည်းထားသည့်အလား ထင်မှတ်ရသည်။

ထျန်းယွမ်ဇီမှာလည်း ဆိုးရွားသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ အက်ကွဲနေပြီဖြစ်သော မူလစိတ်ဝိညာဥ်က အန္တရာယ်ရှိကြောင်း တုန်ခါကာ သတိပေးနေသည်။

သူက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်လက်ဝါးကြီးကို ထပ်မံထုတ်မသုံးရဲတော့ပေ။

ထိုအစား သူ၏ စွမ်းအားအားလုံးကို စုစည်းကာ ခုခံကာကွယ်ရန်သာ ပြင်ဆင်လိုက်သည်။ ဤကောင်လေးက နောက်ထပ် ဘယ်လို အစွမ်းထက်တဲ့ တိုက်ခိုက်မှုမျိုး ထုတ်သုံးလာမည်ကို သူမသိပေ။

စောစောက မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းကပင် သူ၏ အသက်ကို နှုတ်ယူလုနီးပါး ဖြစ်ခဲ့သည်မဟုတ်ပါလား။

ယခု ဝူယွမ်ကို ရင်ဆိုင်ရချိန်တွင် သူ ထပ်ပြီး ပေါ့ဆရဲခြင်း မရှိတော့ချေ။

ဝူယွမ်က ခြောက်လုံးလှန့်လုံး လုပ်နေခြင်းလော၊ အမှန်တကယ်ပင် သေစေနိုင်လောက်သည့် သိုင်းကွက်တစ်ခု ပိုင်ဆိုင်ထားခြင်းလော၊ ဆိုသည်ကို သူသေချာမသိသဖြင့် စိုးရိမ်နေမိသည်။

သို့သော်ငြား ထျန်းယွမ်ဇီ၏တုံ့ပြန်မှုက မည်သို့ပင်ရှိစေကာမူ ဝူယွမ်၏ ကောင်းကင်ကို အန်တုလိုသော ပြတ်သားသည့် စိတ်ပိုင်းဖြတ်မှုကိုမူ မလွှမ်းမိုးနိုင်ခဲ့ပေ။

ဝူယွမ်သည် အလွန်တရာ နက်နဲလှသော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ မည်သည့် ချုပ်နှောင်မှု၊ ကန့်သတ်မှုမျှ မရှိတော့ဘဲ သွေးစွမ်းအင်များကို လောင်ကျွမ်းစေကာ အသက်စွမ်းအင်များကို ထုတ်ယူသုံးစွဲလျက် အတားအဆီး အနှောင်အဖွဲ့ဟူသမျှကို ရိုက်ချိုးဖျက်ဆီးပစ်မည့် အခြေအနေမျိုးပင် ဖြစ်သည်။

ဤသည်မှာ ပိုမိုကြီးမားသော တိုက်ခိုက်မှုစွမ်းအားကို ရရှိရန် မိမိကိုယ်ကို စတေးရသည့် နတ်ဆိုးဓားသိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ဝူယွမ် ဤသို့ မိမိကိုယ်ကို စတေးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ယင်းဟွမ်ဟွမ်ပင် ဖြစ်သည်။

ထို့ကြောင့် အနည်းငယ် အေးစက်နေသော မိန်းကလေးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း သူ၏တိုက်ခိုက်လိုစိတ်များက ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးလောက်အောင် မြင့်တက်လာခဲ့သည်။

သူ၏ အသက်စွမ်းအင်များ အဆက်မပြတ် ပြောင်းလဲကုန်ဆုံးနေသော်လည်း အရှိန်အဝါကမူ ရူးသွပ်စွာ ထိုးတက်နေသည်။

သူ၏ ရင်ခွင်ထဲရှိယင်းဟွမ်ဟွမ်က ဝူယွမ်ကို နီးနီးကပ်ကပ် စိုက်ကြည့်နေသည်။ သူ၏ အသားအရေများ အိုမင်းရင့်ရော်လာမှု၊ ဆံပင်များဖြူစွတ်လာမှုနှင့် သူမကဲ့သို့ပင် ခန္ဓာကိုယ်အပူချိန် ကျဆင်းလာမှုတို့ကို မျက်မြင်ကိုယ်တွေ့ ခံစားနေရသည်။

သူမ၏ မျက်လုံးများထဲတွင် အဆုံးမဲ့ ကြင်နာယုယမှုများဖြင့် ပြည့်နှက်လာသည်။

ဝူယွမ် မည်သည့် ဓားသိုင်းပညာရပ်ကို ထုတ်သုံးနေသည်ကို သူမ မသိသော်လည်း အလျင်အမြန် ဆုတ်ယုတ်လာနေသော သူ၏ အသက်စွမ်းအင်များအရ ဤဓားသိုင်းပညာရပ်က အသက်ကိုပင် ပေးဆပ်ရနိုင်သည့် သိုင်းကွက်ဖြစ်ကြောင်း သူမ သိရှိနားလည်လိုက်သည်။

ယခုအချိန်တွင် ဝူယွမ်၏အခြေအနေကို ယင်းဟွမ်ဟွမ်ထက် ပို၍နက်နက်ရှိုင်းရှိုင်း ခံစားနားလည်နိုင်သူ မရှိနိုင်တော့ချေ။ သူ၏ လက်ထဲရှိ ဓားက ပို၍အစွမ်းထက်လာလေလေ၊ သူ၏ခန္ဓာကိုယ်က ပို၍အားနည်းလာလေလေပင် ဖြစ်သည်။

ဓားသွားပေါ်ရှိ မျက်စိကျိန်းမတတ် တောက်ပနေသော အနီရင့်ရောင်စွမ်းအင်သည် ဝူယွမ်၏ သွေးများနှင့် အသက်စွမ်းအင်များပင် ဖြစ်သည်။

ဓားသွားထံမှ ထွက်ပေါ်လာသော ကြည်လင်သည့် မြည်ဟည်းသံသည် ဝူယွမ်၏ ဟိန်းဟောက်သံ၊ ဝူယွမ်၏ ငိုကြွေးသံပင် ဖြစ်သည်။ ဓားသွားထံမှ အဆက်မပြတ် မြင့်တက်လာနေသော စွမ်းအားများသည် ဝူယွမ်၏ အသက်၊ ဝူယွမ်၏ ဝိညာဉ်ပင် ဖြစ်သည်။

အရာအားလုံးကို ထိုဓားအတွက် စတေးထားခြင်း ဖြစ်သည်။

“ဟင့်အင်း...”

ယင်းဟွမ်ဟွမ်က ငိုကြွေးကာ အော်ဟစ်လိုက်သော်လည်း စကားသံများ ထွက်ပေါ်မလာခဲ့ချေ။ ဝူယွမ်၏ နားနားကပ်၍ အပူတပြင်း အော်ခေါ်နေသော်လည်း သူမ၏ပူနွေးသော နှာငွေ့လေးများသာ သူ၏ နားစည်ကို ရိုက်ခတ်သွားခဲ့သည်။

သူမက ဝူယွမ်၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း သူ၏ကိုယ်ထဲသို့ ပျော်ဝင်သွားလိုသည့်အလား၊ သူမ၏ကိုယ်ပိုင် အသက်စွမ်းအင်များဖြင့် ဝူယွမ်ကို ဖြည့်ဆည်းပေးလိုသည့်အလား ကြိုးစားနေမိသည်။

သူမ၏အသက်ကိုပေး၍ ကာကွယ်ပေးလိုသော အမျိုးသားက ယခုအခါ သူ၏အသက်ကိုပေး၍ သူမကို ပြန်လည်ကာကွယ်ပေးနေရသည် မဟုတ်လော။

အောက်ဘက်ရှိ လူများက ဤမြင်ကွင်းကို ကြည့်ရင်း မျက်ရည်များ ဝဲတက်လာကြသည်။ ဤချစ်သူနှစ်ဦးက သူတို့အတွက် စစ်မှန်သော အချစ်ဆိုသည်မှာ မည်သို့သောအရာဖြစ်ကြောင်း လက်တွေ့ သက်သေပြနေကြသည် မဟုတ်လော။

“အစ်ကိုကြီးနဲ့ မရီး၊ သူတို့နှစ်ယောက်လုံး နိုးထလာကြတော့မှာလား” ရှောင်တျောင်းက တီးတိုးရေရွတ်လိုက်သည်။

ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့သည် ဝင်စားခြင်းမတိုင်မီ ယခင်ဘဝကတည်းက ချစ်သူများဖြစ်ခဲ့ကြပြီး ဤဘဝတွင် ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်မည်ဟု သူ အမြဲတမ်း ယုံကြည်ထားခဲ့သည်။

ယခင်က ခန့်မှန်းရုံသက်သက်သာ ဖြစ်သော်လည်း ယခု ရေခဲသခင်မ ပြန်လည်ရောက်ရှိလာပြီး ကာကွယ်ပေးသည့် အနေအထားမှသည် အစ်ကိုကြီး၏ ရုတ်တရက် ပေါက်ကွဲထွက်လာမှုနှင့် သူမကို ကာကွယ်ရန် အသက်ကိုပင်စတေးဝံ့သည့် အပြုအမူများအရ သံသယဖြစ်ဖွယ် မရှိတော့ပေ။

အစ်ကိုကြီးသည် သူ၏ ယခင်ဘဝမှ စွမ်းအားများကို ငှားရမ်းအသုံးပြုနေခြင်းမှာ သေချာလှသည်။ သူတို့နှစ်ဦးစလုံး အတိတ်ဘဝက မှတ်ဉာဏ်များ နိုးထလာကာ အချင်းချင်း ပြန်လည်မှတ်မိသွားကြပြီဟု သူကောက်ချက်ချလိုက်သည်။

“ညီမလေးလည်း ကိုကိုဝူယွမ်နဲ့အတူ ယှဉ်တွဲတိုက်ခိုက်ချင်တယ်”

ချင်းတန်က သူမ၏လက်သီးဆုပ်လေးများကို တင်းတင်းဆုပ်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။ ဤအချိန်တွင် သူမ၏ရင်ထဲ၌ မနာလိုဝန်တိုမှု စိုးစဉ်းမျှ မရှိတော့ဘဲ ကိုကိုဝူယွမ်နှင့်အတူ ယှဉ်တွဲမရပ်တည်နိုင်သည့်အတွက် မိမိကိုယ်ကိုယ်သာ စိတ်ပျက်ဝမ်းနည်းနေမိသည်။

အကယ်၍ သူမသာ လုံလောက်သော စွမ်းအားများ ပိုင်ဆိုင်ထားပါက အောက်ဘက်တွင် ဘာမှမတတ်နိုင်ဘဲ ရပ်ကြည့်နေရမည် မဟုတ်ဘဲ ကိုကိုဝူယွမ်နှင့်အတူ အစွမ်းထက်သော ရန်သူကို ရင်ဆိုင်နိုင်မည် မဟုတ်လော။

သူမ မဟာယန်ပြည်ထောင်စုမှ ထွက်ခွာပြီး အမှောင်နန်းတော်သို့ သွားရောက်ခဲ့ခြင်းမှာလည်း ပိုမိုသန်မာလာစေရန်နှင့် ကိုကိုဝူယွမ်၏ ခြေလှမ်းများကို အမီလိုက်နိုင်ရန်ပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူမသည် လုံလောက်အောင် မသန်မာသေးဘဲ ကိုကိုဝူယွမ်ကို မကူညီနိုင်ခဲ့ချေ။

ယင်းဟွမ်ဟွမ်ကို အားကျမိသော်လည်း တစ်ချိန်တည်းမှာပင် ကိုကိုဝူယွမ်၏ဘေးတွင် ယင်းဟွမ်ဟွမ် ရှိနေပေးသည့်အတွက် စိတ်သက်သာရာ ရမိသည်။

အနည်းဆုံးတော့အနည်းဆုံးတော့ ယင်းဟွမ်ဟွမ်က ကိုကိုဝူယွမ်၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေခံစားပေးနိုင်ပြီး သူ၏အရှေ့တွင် ရပ်တည်ကာ သူ၏အစား အသေခံပေးဝံ့သည် မဟုတ်လော။

“အမှောင်နန်းတော်ကို ပြန်ရောက်တာနဲ့ အမှောင်တရားစီရင်ရေးရုံးတော်ထဲကို ညီမလေးဝင်မယ်၊ ကိုကိုဝူယွမ်နဲ့ ဟွမ်ဟွမ်တို့ တစ်ခုခုဖြစ်ခဲ့ရင် ယွမ်ဂိုဏ်းတစ်ခုလုံးကို အဲဒီအတွက် တန်ဖိုးပြန်ပေးဆပ်စေရမယ်”

ချင်းတန်က ပြတ်သားသော မျက်ဝန်းများဖြင့် ဆိုလိုက်၏။

ယခုအချိန်တွင် သိုင်းပညာလမ်းစဉ်၌ ပိုမိုသန်မာလာလိုသော သူမ၏ ရည်မှန်းချက်က ယခင်ကထက်ပင် ပိုမိုပြင်းထန်လာခဲ့သည်။ ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ တစ်ဦးအတွက်တစ်ဦး စတေးဝံ့သကဲ့သို့ သူမသည်လည်း ကိုကိုဝူယွမ်အတွက် စတေးခံရန် အသင့်ရှိနေသည်။

ကိုးကောင်းကင် တိုင်ချင်းနန်းတော် အဖွဲ့အတွင်း၌မူ လင်းချင်းကျူနှင့် စုရိုတို့သည် ကောင်းကင်ယံ၌ ပွေ့ဖက်ထားကြသော ပုံရိပ်နှစ်ခုကို ငေးမောကြည့်နေကြသည်။ စုရို၏မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့၏။

“ငါ သူမလောက် မကောင်းပါလား” လင်းချင်းကျူက ရင်ထဲမှ ခါးသီးစွာ ရေရွတ်လိုက်မိသည်။

ယင်းဟွမ်ဟွမ်၏ဖြူစင်မှု၊ ယင်းဟွမ်ဟွမ်၏ဇွဲလုံ့လ၊ ယင်းဟွမ်ဟွမ်၏ အရာအားလုံးကို စွန့်လွှတ်ရဲမှုတို့နှင့် နှိုင်းယှဉ်ပါက သူမ၊ လင်းချင်းကျူတွင်မူ စိုးရိမ်ပူပန်စရာများနှင့် စွန့်လွှတ်၍မရနိုင်သော အရာများစွာ ရှိနေသည်။

ဝူယွမ်ကို ချစ်မြတ်နိုးသည့် နေရာတွင် သူမသည် ယင်းဟွမ်ဟွမ်ထက် သာလွန်မှုမရှိခဲ့ချေ။

အမှန်တကယ်ပင် ဤကဲ့သို့သော မိန်းကလေးမျိုးသည် ဝူယွမ်အနေဖြင့် အသက်ကိုပေး၍ တိုက်ခိုက်ကာကွယ်ပေးထိုက်သူ ဖြစ်ပေသည်။

အကယ်၍ သူမနေရာတွင်သာ ဆိုလျှင်လည်း ဝူယွမ်က ထိုကဲ့သို့ပင် ပြုလုပ်ပေးမည် မဟုတ်လော။ သို့သော် လင်းချင်းကျူမှာမူ အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးနေမိသည်။

သူမသည် မိမိကိုယ်ကိုယ် ဂရုမစိုက်ဘဲနေနိုင်သော်လည်း သူမ၏ဂိုဏ်းကိုမူ လျစ်လျူရှု၍မရနိုင်ခဲ့ချေ။

ဝီ…ဝီ...

ဓား၏ တုန်ခါမြည်ဟည်းသံကြီးက ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ဝူယွမ်က သူ၏စွမ်းအားများကို စုစည်းနေချိန်မှာပင် ထျန်းယွမ်ဇီက ကြီးမားလွန်းသော အမည်းနှင့် အဖြူရောင် အလင်းတန်းကြီးတစ်ခုကို သူ၏လက်ထဲတွင် စုစည်းလိုက်သည်။

“ဝူယွမ်၊ မင်းလို ကောင်စုတ်လေးက ငါ့ကို ဘာများလုပ်နိုင်မှာလဲ၊ ကြည့်ရသေးတာပေါ့” သူက ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အမည်းနှင့် အဖြူရောင် အလင်းတန်းကြီးကို ဝူယွမ်ဆီသို့ ပစ်လွှတ်လိုက်သည်။

‘ကောင်းကင်၊ အန်တုခြင်း၊ နတ်ဆိုး၊ ဓားချက်၊ ခုနစ်ချက်'

အခန်း (၃၂၀) - ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်၊ ထျန်းယွမ်ဇီအား ကွပ်မျက်ခြင်း(၂)

ဝူယွမ်က သူ၏စိတ်ထဲတွင် စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ရေရွတ်လိုက်ပြီးနောက် သူ၏လက်ထဲရှိ ဓားဖြင့် နောက်ဆုံးတွင် ခုတ်ပိုင်းလိုက်တော့သည်။

သူ၏စိတ်ထဲတွင် စကားလုံးတစ်လုံးပေါ်လာတိုင်း လက်ထဲရှိ ဓားကပါ လိုက်ပါ လှုပ်ရှားသွားပြီး ကြီးမားလွန်းသော ဓားအလင်းတန်းကြီးများက အပြင်ဘက်သို့ ပြင်းထန်စွာ ပျံ့နှံ့ထွက်ပေါ်လာသည်။

ပထမဆုံး ဓားချက်ဖြစ်သည့် အစွန်းရောက် ဖျက်ဆီးခြင်း ဓားချက်ထွက်ပေါ်လာရာ သွေးနီရောင် လင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ကြီးမားသော ဓားအလင်းတန်းက ကောင်းကင်ယံ တစ်ခုလုံးကို သွေးရောင်အဖြစ် ဆေးချယ်လိုက်လေသည်။

ပစ်လွှတ်လိုက်သော ကြီးမားသည့် အမည်းနှင့် အဖြူရောင် အလင်းတန်းကြီးမှာ ထိုဓားအလင်းတန်း၏ ခုတ်ပိုင်းမှုကြောင့် နှစ်ပိုင်းကွဲသွားကာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ထျန်းယွမ်ဇီ၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး ဒုတိယ ဓားချက်က အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။

ဒုတိယ ဓားချက်ဖြစ်သည့် ကောင်းကင်ဖျက်ဆီးခြင်းဓားချက် ထွက်ပေါ်လာရာ ဓားအလင်းတန်းက တဟုန်းဟုန်း တောက်လောင်လာပြီး ထျန်းယွမ်ဇီ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်အကာအကွယ်ကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။

တတိယဓားချက်၊ စတုတ္ထဓားချက် ဓားချက်များ ဆက်တိုက် ထွက်ပေါ်လာရာ ထျန်းယွမ်ဇီက သူ၏လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်သော်လည်း သူ၏လက်မောင်းနှစ်ဖက်လုံး ပြတ်တောက်သွားခဲ့ရသည်။

ပဉ္စမ ဓားချက်၊ ဆဋ္ဌမ ဓားချက်များတွင် ထျန်းယွမ်ဇီက ခြေထောက်များကို အသုံးပြု၍ ခုခံရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ် အောက်ပိုင်းတစ်ပိုင်းလုံး တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။

လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားကြပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ ဓားအလင်းတန်းက အံ့မခန်း မြန်ဆန်လွန်းလှပြီး တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထွက်ပေါ်လာကာ ထျန်းယွမ်ဇီ၏ခြေလက်များကို လျင်မြန်စွာ ဖြတ်တောက်နေခဲ့လေသည်။

သို့သော် အရာအားလုံးက ပြီးဆုံးသွားသေးပုံမရချေ။

ဝူယွမ်သည် လက်ထဲရှိဓားကို ဆက်လက် လွှဲယမ်းနေဆဲ ဖြစ်သည်။ ဤအချိန်တွင် ဓားပေါ်ရှိ သွေးရောင်အလင်းတန်းက အလွန် မှေးမှိန်နေပြီဖြစ်ပြီး ဓားသွားပေါ်တွင်လည်း အက်ကွဲရာများ ထွက်ပေါ်လာနေပြီဖြစ်သည်။

ဝူယွမ်၏ စွမ်းအားကို ၎င်းက ဆက်လက်၍ ခံနိုင်ရည်မရှိတော့သည့်အလား ထင်မှတ်ရသည်။

သို့သော် ဝူယွမ်ကိုယ်တိုင်လည်း အခြေအနေကောင်းလှသည်တော့မဟုတ်ပေ။

သူ၏ခန္ဓာကိုယ်အတွင်း၌ မည်သည့် အသက်စွမ်းအင်ကိုမျှ အာရုံခံ၍ မရနိုင်တော့ဘဲ ဆံပင်များက ဖြူလျော့လျော့အရောင်မှ ခြောက်သွေ့သော အဝါရောင်သို့ ပြောင်းလဲသွားကာ ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲရာများဖြင့် ဖုံးလွှမ်းနေသည်။

သူ၏ မျက်လုံးများသာလျှင် ယခင်အတိုင်း ပြတ်သားခိုင်မာနေခဲ့လေသည်။

သူသည် လက်ထဲရှိ လျှပ်စီးဓားကို အားယူကာ လွှဲယမ်းလိုက်ပြီး ဤနောက်ဆုံးဓားချက်ကို ထုတ်ဖော်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်၊

ဓားချက် ခုနစ်ချက် ပေါင်းစပ်ခြင်း။

အောင်မြင်စွာ ထုတ်ဖော်နိုင်ပါက ကောင်းကင်ကိုပင် အန်တုနိုင်မည်ဖြစ်ပြီး မထုတ်ဖော်နိုင်ပါက အနောက်ဘုံသို့ ခရီးသွားရပေလိမ့်မည်။

“ရှင်သေသွားမှာကို ကျွန်မ မမြင်ချင်ဘူး” ယင်းဟွမ်ဟွမ်က ဝူယွမ်ကို ကြင်နာစွာ ပွေ့ဖက်ထားရင်း သူမ၏အသက်စွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ပို့လွှတ်ပေးနေကာ သူ၏နားနားတွင် အတန်တန် တီးတိုးရေရွတ်နေမိသည်။

သူမ၏အသံကို ကြားလိုက်ရချိန်တွင် ဝူယွမ်၏ မျက်လုံးများ လှုပ်ရှားသွားပြီး သူမ၏ လှပသော မျက်နှာလေးကို မြင်တွေ့လိုက်ရသည်။

သူမ၏ ရေခဲပြာရောင် မျက်၀န်းများထဲတွင် သူ့အတွက် အဆုံးမဲ့ သနားကြင်နာမှုများ ပြည့်နှက်နေပြီး မျက်တောင်ဖျားတွင်မူ ပုံဆောင်ခဲသဖွယ် ပြာလဲ့လဲ့ မျက်ရည်စတစ်စက်က ရေခဲပွင့်လေးအဖြစ် အေးခဲနေပြီဖြစ်သည်။

ယခုအချိန်တွင် ယင်းဟွမ်ဟွမ်သည် ရေခဲသခင်မအသွင်အပြင်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း သူမ၏ နွေးထွေးသော နှလုံးသားကိုမူ ဝူယွမ် ခံစားနေရဆဲပင်။

“ရှင်သေသွားမှာကို ကျွန်မ မလိုလားဘူး... ရှင် သေသွားမှာကို ကျွန်မ မမြင်ချင်ဘူး”

ယင်းဟွမ်ဟွမ်က အားပျော့စွာဖြင့် ပြောလိုက်သည်။ သူမ ပို့လွှတ်လိုက်သော အသက်စွမ်းအင်များကြောင့် ဝူယွမ်၏ ခန္ဓာကိုယ်ပင် အေးခဲနေခဲ့ပြီဖြစ်သော်လည်း ဝူယွမ်အတွက်မူ အသုံးမဝင်ခဲ့ချေ။

“ကိုယ် မင်းကိုချစ်တယ်၊ ဟွမ်ဟွမ်”

သူက ခက်ခက်ခဲခဲ ပြောလိုက်ရင်း သူ၏ ခေါင်းက အားပျော့စွာ ကျဆင်းသွားသည်။

သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းဖြင့် ယင်းဟွမ်ဟွမ်၏ နဖူးလေးကို နမ်းရှိုက်လိုက်ရာ နွေးထွေးမှု တစ်စိတ်တစ်ပိုင်းက နှုတ်ခမ်းမှတစ်ဆင့် ကူးစက်သွားခဲ့သည်။

ရင်းနှီးကျွမ်းဝင်နေသော ရနံ့လေးတစ်ခုက သူ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ဤရနံ့လေး၊ ဤမိန်းကလေးက သူ ကာကွယ်ရမည့်သူ ဖြစ်သည်။

ဤသည်ကပင် ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်ကို သူ ထုတ်ဖော်ရသည့် အကြောင်းရင်းပင်။

ဝူယွမ်၏ မျက်လုံးများထဲတွင် သွေးကြောများ ရုတ်တရက်ထောင်တက်လာသည်။ သူ၏ လေးလံနေသော ညာဘက်လက်က စတင် လှုပ်ရှားလာခဲ့သည်။

သတ္တမမြောက် ဓားချက်။

“အန်တုခြင်း ဓားချက်”

တောက်ပသော အလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားကာ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဝူယွမ်က နောက်ထပ် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ယခင် ဓားချက် ခြောက်ချက်နှင့် မတူညီဘဲ ဤဓားချက်တွင် မည်သည့်အရောင်အဆင်းမျှ မရှိကာ ဗလာနတ္တိအလား ထင်ရသော်လည်း ဓားအလင်းတန်းက လေဟာနယ်ကို ဖြတ်သန်းလာပြီ ဖြစ်သည်။

ခြေလက်များ ပြတ်တောက်နေပြီး မျက်လုဲးများ ပြူးကျယ်နေသော ထျန်းယွမ်ဇီသည် လေဟာနယ်များ တစ်လက်မချင်း ပြိုကျပျက်စီးလာကာ သူ့ထံသို့ လျင်မြန်စွာ ရောက်ရှိလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

ထို့နောက် ခုခံ၍မရနိုင်သော စွမ်းအားတစ်ခု သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ပြန်လည်မပြည့်စုံလာသေးသော ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲပျက်စီးသွားတော့သည်။

“အား...”

အသည်းကွဲမတတ် အော်ဟစ်သံနှင့်အတူ ခေါင်းအပါအဝင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

နောက်ဆုံးအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ လွတ်မြောက်သွားသော ဖြူရော်ရော် မူလစိတ်ဝိညာဉ် အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

“တိယွမ်ဇီ၊ ပြေးတော့”

ထျန်းယွမ်ဇီ၏ မူလစိတ်ဝိညာဉ်က အော်ဟစ်လိုက်သည်။ တိယွမ်ဇီကိုပင် မစောင့်နိုင်တော့ဘဲ လေဟာနယ် အက်ကွဲကြောင်းတစ်ခုထဲသို့ ချက်ချင်းဝင်ရောက်ကာ ထိုနေရာမှ ထွက်ပြေးသွားတော့သည်။

ယခုအချိန်တွင် တိယွမ်ဇီမှာ ဝူယွင်နှင့် အဘိုးအိုဖန်ထျန်းတို့၏ မီးလျှံလောင်ကျွမ်းမှု ဒဏ်များကို ခံနေရသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကောင်းမွန်သော နေရာဟူ၍ မကျန်တော့ဘဲ မီးကင်ထားသော ကန်စွန်းဥတစ်လုံးကဲ့သို့ ဖြစ်နေချေပြီ။

သူ တောင့်မခံနိုင်တော့သည်မှာ ကြာပြီဖြစ်ပြီး အကြိမ်ကြိမ် အော်ခေါ်နေခဲ့သည်။

“ထျန်းယွမ်ဇီ၊ ငါ့ကို ကယ်ပါဦး”

သူ အကြိမ်ကြိမ် အော်ဟစ်နေခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

ယခုမှ ရုတ်တရက် တုံ့ပြန်သံ ကြားလိုက်ရသော်ငြား ၎င်းမှာ သူ့ကို အမြန်ထွက်ပြေးရန် ပြောဆိုနေခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူက မည်သို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်မည်နည်း။ အဘိုးအိုဖန်ထျန်း၏ ဖန်ထျန်းအစီအရင်ထဲတွင် ပိတ်မိနေပြီဖြစ်ရာ ရုန်းထွက်ရန်ပင် အခက်အခဲ ဖြစ်နေပြီဖြစ်သည်။

နောက်ဆုံးအချိန်တွင် ထျန်းယွမ်ဇီက မူလစိတ်ဝိညာဥ်နှင့်သာ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် သူလည်း ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ ရုပ်ခန္ဓာကို စွန့်လွှတ်လိုက်ကာ မူလစိတ်ဝိညာဉ်ဖြင့် အလျင်အမြန် ထွက်ပြေးသွားတော့သည်။

အကယ်၍ အမြန်မထွက်ပြေးပါက သူ၏ မူလစိတ်ဝိညာဉ်ပင် ပျက်စီးနိုင်ဖွယ်ရာရှိသည်။

သူ၏ မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာပြီး လေဟာနယ် အက်ကွဲကြောင်းထဲသို့ ဝင်ရောက် ထွက်ပြေးသွားသည်နှင့် တစ်ပြိုင်နက် ပြိုကျလုနီးပါး ဖြစ်နေသော သူ၏ခန္ဓာကိုယ်ကြီးမှာ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ဝူယွင်၏ အစစ်အမှန် နေမင်းမီးတောက်ကြောင့် လုံးဝ လောင်ကျွမ်းသွားကာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤအချိန်တွင် ကမ္ဘာခြားနတ်ဆိုးမြို့တော် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ယွမ်ဂိုဏ်း ဂိုဏ်းချုပ် သုံးဦးအနက် တစ်ဦး ထွက်ပြေးလွတ်မြောက်သွားပြီး နှစ်ဦးက ခန္ဓာကိုယ်များ ပျက်စီးသွားရသည်။

အခြေအနေ အကောင်းဆုံးမှာ ရန်ယွမ်ဇီ ဖြစ်ပြီး အစောပိုင်းကတည်းက ဝူယွမ်၏နည်းဗျူဟာအရ အဝေးသို့ ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

ထျန်းယွမ်ဇီနှင့် တိယွမ်ဇီ နှစ်ဦးစလုံးမှာ မူလစိတ်ဝိညာဉ်များဖြင့်သာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပြီး ထျန်းယွမ်ဇီ၏ မူလစိတ်ဝိညာဉ်မှာလည်း ဝူယွမ်၏လက်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရကာ အက်ကွဲနေပြီဖြစ်သည်။

အကယ်၍ သူက အခြားခန္ဓာကိုယ်တစ်ခုကို ဝင်ရောက်ပူးကပ်မည်ဆိုလျှင်တောင် ဘေးထွက်ဆိုးကျိုးများ ကျန်ရစ်နေဦးမည် ဖြစ်သည်။

အနည်းဆုံးတော့ နှစ်တစ်ရာအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့် ထပ်မံတိုးတက်လာရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ချေ။ ဤတစ်ကြိမ်တွင် ယွမ်ဂိုဏ်း၏အရှုံးက အလွန်အမင်း ဆိုးရွားလွန်းလှပေသည်။

သို့သော်ငြား ယခုအချိန်တွင် ဝူယွမ်၏ ခန္ဓာကိုယ်အခြေအနေမှာလည်း သိပ်မကောင်းလှပေ။

အပြင်ပန်းကြည့်လျှင် အလွန်ဆိုးရွားနေပုံပေါ်သည်။ နောက်ဆုံးအချိန်တွင် သူ၏စိတ်ဆန္ဒကို အတင်းအဓမ္မထိန်းချုပ်ကာ ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်ကို ထုတ်ဖော်အပြီးတွင် ဝူယွမ်သည် အသိစိတ်များ လွတ်ထွက်ကာ သတိလစ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်များလည်း လုံးဝကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။

ဤဓားသိုင်းပညာရပ်က သူ့အတွက် ဝန်ထုပ်ဝန်ပိုး အလွန်ကြီးမားလွန်းလှသည်။

ကံကောင်းထောက်မစွာဖြင့် အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့ပြီး ကျင့်စဉ်၏အကျိုးသက်ရောက်မှုအောက်တွင် အသက်စွမ်းအင်များ ပြန်လည် စီးဆင်းလာခဲ့သည်။

သေလုမြောပါး အခြေအနေသို့ ရောက်ရှိသွားမှသာလျှင် အသက်ပြန်လည်ရှင်သန်လာနိုင်ခြင်းသည် ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်၏ ကောင်းကင်ကို အန်တုနိုင်သော အချက်ပင် ဖြစ်သည်။

ဤဓားသိုင်းပညာရပ်က အချိန်၏စည်းမျဉ်းများ၊ ဝင်စားခြင်း၏ အစစ်အမှန် အဓိပ္ပာယ်များနှင့်ပါ ပတ်သက်ဆက်နွယ်နေပြီဖြစ်သည်။

ဝူယွမ်၏ ခန္ဓာကိုယ်အတွင်း၌ အသက်စွမ်းအင် အငွေ့အသက်လေးတစ်ခုက ဖြည်းညင်းစွာ စတင်ထွက်ပေါ်လာသည်။ သို့သော် အချိန်တိုအတွင်းမှာတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ချေ။

ကံကောင်းသည်မှာ ဒဏ်ရာများကို အလျင်အမြန်ပျောက်ကင်းစေနိုင်သော ရှေးဟောင်း လျှို့ဝှက်သိုင်းပညာရပ်တစ်ခုဖြစ်သည့် ကျဲ့အက္ခရာလျှို့ဝှက်ချက် ရှိနေခြင်းပင် ဖြစ်သည်။

အဓိကအကြောင်းရင်းမှာ ဝူယွမ်အနေဖြင့် ကျဲ့အက္ခရာလျှို့ဝှက်ချက်ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသေး၍သာ ဖြစ်သည်။

ထိုသို့မဟုတ်ပါက မသေသေးသရွေ့ ကျဲ့အက္ခရာလျှို့ဝှက်ချက်က ဒဏ်ရာများကို ချက်ချင်း ပြန်လည်ကောင်းမွန်လာစေနိုင်စွမ်း ရှိပေသည်။

သို့သော် ဤတစ်ကြိမ်တွင် ဝူယွမ်၏အသိစိတ်များပါ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည့်အတွက် ကျဲ့အက္ခရာလျှို့ဝှက်ချက်ကို တက်ကြွစွာ အသုံးမပြုနိုင်တော့ချေ။

သူ၏ ခန္ဓာကိုယ်က အလိုအလျောက် ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်လာသည်ကိုသာ အားထားရမည်ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားမှသာလျှင် အလျင်အမြန် ပြန်လည်ကောင်းမွန်လာနိုင်မည် ဖြစ်သည်။

ကံကောင်းသည်မှာ အကျပ်အတည်းက ပြီးဆုံးသွားပြီဖြစ်ပြီး ဝူယွမ်သည် ယင်းဟွမ်ဟွမ်၏ရင်ခွင်ထဲတွင် စိုးရိမ်ပူပန်မှုကင်းမဲ့စွာဖြင့် ငြိမ်သက်စွာ လဲလျောင်းနေသည်။

ယင်းဟွမ်ဟွမ်သည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ သူမ၏ ဝင်စားခြင်းအမှတ်အသားက ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

သို့သော် ဤနိုးထမှုက သူမနှင့် ရေခဲသခင်မ၏ စွမ်းအားများကို ပိုမို ပေါင်းစပ်သွားစေခဲ့သည်။ ပုံမှန်အခြေအနေတွင်ပင် သူမ၏မျက်လုံးများက မှေးမှိန်သော ရေခဲပြာရောင် သန်းနေဆဲဖြစ်သည်။

သို့သော်ငြား သူမ၏မျက်လုံးများထဲတွင် ယခင်ဘဝအတွေ့အကြုံများ၏ အရိပ်အယောင်များ စွန်းထင်းနေပြီဖြစ်သော်လည်း ဝူယွမ်ကိုကြည့်သော သူမ၏အကြည့်များတွင်မူ အချစ်များဖြင့် ပြည့်နှက်နေပြီး မျက်၀န်း အနက်ရှိုင်းဆုံးနေရာတွင် နက်ရှိုင်းသော ကြင်နာယုယမှုများကို ဖုံးကွယ်ထားဆဲပင်။

သူမက ဝူယွမ်ကိုပွေ့ချီကာ အောက်ဘက်ရှိ တောင်ဂိုဏ်းအဖွဲ့ဝင်များရှိရာသို့ ဆင်းသက်လာခဲ့သည်။

ချင်းတန်၊ လင်းတုန်နှင့် အခြားသူများလည်း ဝူယွမ်၏အခြေအနေကို စစ်ဆေးရန် အလျင်အမြန် ဝိုင်းအုံလာကြသည်။

လင်းချင်းကျူနှင့် စုရိုတို့လည်း မနေနိုင်ဘဲ အနားသို့ ရောက်ရှိလာကြသည်။ ဤအချိန်တွင် သူတို့သည် ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းမှ မှေးမှိန်သော အသက်စွမ်းအင်ကို အာရုံခံမိနေကြပြီဖြစ်သည်။

သူ မသေသေးဘူး။

ဤသည်မှာ အကောင်းဆုံးသတင်းပင်။

“ရေခဲသခင်မ၊ သူ့ကို ကျုပ်ဆီသာလွှဲပေးလိုက်ပါ” မဟာရှေးဟောင်းကျောက်တိုင်ကြီးက လွင့်မျောလာပြီး ၎င်း၏ကြီးမားလွန်းသော အရွယ်အစားကြီးက လူကြီးတစ်ဦး၏ အရပ်အမောင်းခန့်အထိ သေးငယ်သွားသည်။

ရှေးဟောင်းကျောက်တိုင်ပေါ်တွင် အဘိုးအိုတစ်ဦး၏ပုံရိပ် ထွက်ပေါ်လာကာ ယင်းဟွမ်ဟွမ်ကို ပြောလိုက်သည်။ သူ စကားပြောနေစဉ်မှာပင် ရှေးဟောင်းကျောက်တိုင်ထဲမှ စိမ်းလန်းစိုပြည်သော သစ်ကိုင်းတစ်ကိုင်း ထွက်ပေါ်လာသည်။

ထိုသစ်ကိုင်းက ဝူယွမ်ကို ရစ်ပတ်လိုက်ပြီး စိမ်းလန်းသော အသက်စွမ်းအင်လှိုင်းလေးများက ဝူယွမ်၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်ပျော်ဝင်သွားတော့သည်။

ဤသို့ တင်းမာနေသော လေထုထဲတွင် ရုတ်တရက် ဝူယွင်လေးက မီးတောက်များကို သိမ်းဆည်းလိုက်ပြီး အနားသို့ လွင့်မျောလာကာ ဝူယွမ်ကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“ကျီ...”

“မေမေ၊ မေမေ၊ မေမေ...”

လူတိုင်းက မျက်လုံးပြူးကာ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့လေသည်။

All Chapters