အခန်း (၃၁၅-၃၁၆)
Vol. 32 Ch. 315-316
အခန်း (၃၁၅) - ရွှေကျီးကန်း ထွက်ပေါ်လာခြင်း(၁)
ညီအစ်ကိုသုံးယောက်လုံး သူတို့၏ စွမ်းအားများကို အပြည့်အဝ ပေါက်ကွဲထုတ်လွှတ်လိုက်ပြီးနောက် သူတို့၏ အရှိန်အဝါများမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလာခဲ့သည်။
ယခုအချိန်တွင် တိယွမ်ဇီ မည်မျှ ဖိအားပေးခံနေရသည်ကို သူ၏ မျက်နှာအမူအရာမှတစ်ဆင့် သိမြင်နိုင်သည်။
သူတို့ထဲမှ တစ်ယောက်ယောက်ကို တစ်ဦးချင်း ကိုင်တွယ်ရန်မှာ ပြဿနာမရှိသော်လည်း သုံးယောက်လုံးက တစ်ပြိုင်နက်တည်း ဝိုင်းရံတိုက်ခိုက်လာသောအခါ ပြဿနာက ကြီးမားလာသည်။
“ဝေါင်းးး”
ရှောင်ယန်က ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပူပြင်းလွန်းသော ဗာမီလီယံအစစ်အမှန်မီးတောက်များက ရစ်ပတ်လွှမ်းခြုံသွားပြီး သူ၏နောက်ကျောတွင် နီရဲရဲ ဗာမီလီယံငှက် အရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။
“ဗာမီလီယံငှက် မီးတောက်... မိစ္ဆာကျားလှံ”
ရှောင်ယန်၏ ခန္ဓာကိုယ်မှ ထောင်ပေါင်းများစွာသော ဗာမီလီယံအစစ်အမှန်မီးတောက်များသည် သူ၏ဝိညာဉ်တုတ်ဆီသို့ စီးဝင်သွားပြီး အနက်ရောင် မိစ္ဆာတုတ်တွင် လှံထိပ်ဖျားအဖြစ် ဖွဲ့စည်းသွားသည်။
အနက်ရောင်လက်ကိုင်ရိုးနှင့် အနီရောင်လှံသွားဖြင့် ရှောင်ယန်သည် ချက်ချင်းပင် မိစ္ဆာနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားတော့သည်။
ကောင်းကင်ကို တုန်လှုပ်စေသော အမှောင်ထုအငွေ့အသက်များ သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ၏လက်ထဲရှိ ဧရာမလှံကြီးက လေထုကို ဆုတ်ဖြဲကာ တိယွမ်ဇီ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ဝိညာဉ်ချိတ်ပိတ်အစီအရင်”
တိယွမ်ဇီ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားသည်။
ဘယ်ဘက်လက်တွင် အသက်စွမ်းအား၊ ညာဘက်လက်တွင် သေဆုံးခြင်းစွမ်းအားတို့ဖြင့် သူသည် အဆက်မပြတ် လက်ဟန်များ ဖွဲ့စည်းလိုက်သည်။ နက်နဲသော
နက်နဲသော လက်ဟန်သင်္ကေတများ တစ်ခုပြီးတစ်ခု ပစ်လွှတ်ထွက်ပေါ်လာပြီး စက်ဝိုင်းပုံစံ ဧရာမအစီအရင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှောင်ယန်၏ မိစ္ဆာကျား ဗာမီလီယံငှက်လှံကို ပိတ်ဆို့လိုက်သည်။
မီးတောက်လှံထိပ်ဖျားက စက်ဝိုင်းပုံစံ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း အစီအရင်ကို ရိုက်ခတ်သွားပြီး ဗာမီလီယံငှက် မီးတောက်များက အဆက်မပြတ် ကုန်ဆုံးသွားသည်။
ဝီ... ဝီ... ဝီ... မြေကြီးတစ်ခုလုံး တုန်ခါသွားသည်။
ကောင်းကင်ယံတွင် ကြီးကျယ်ခမ်းနားသော တိုက်ပွဲတစ်ခု ဆင်နွှဲနေစဉ် အောက်ဘက်ရှိ မြေပြင်ပေါ်တွင်မူ ခြောက်သွေ့သွေ့ အငွေ့အသက်တစ်ခု ပျံ့နှံ့လာသည်။
လူတိုင်း လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ လင်းတုန်သည် သူ၏လက်ဝါးကို မြေပြင်ပေါ်သို့ ဖိချထားသည်ကို တွေ့လိုက်ရသည်။
သူ၏အောက်ရှိ မြေပြင်ပေါ်တွင် ဧရာမလက်ဝါးရာကြီးတစ်ခု ထွက်ပေါ်လာပြီး ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ထို့နောက် ကျယ်ပြောလှသော ဤမြေပြင်ကြီးက အံ့ဩဖွယ်ကောင်းသော အရှိန်နဖြင့် ကန္တာရအဖြစ် ပြောင်းလဲသွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
မြေကြီးက တုန်ခါသွားပြီး ကန္တာရနယ်မြေက ဒေါသတကြီး ပြန့်နှံ့သွားသည်။ အသက်ဆယ်ကြိမ်ရှူစာ အချိန်တိုလေးအတွင်းမှာပင် မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။
လင်းတုန်၏ ခန္ဓာကိုယ်မှ သွေးစက်များကျဆင်းလာပြီး နောက်ဆုံးတွင် မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။ ထို့နောက် ထိုအချိန်မှာပင် ကန္တာရနယ်မြေက ထပ်မံ၍ လျင်မြန်စွာ ပြန့်နှံ့သွားသည်ကို လူတိုင်းမြင်တွေ့လိုက်ရပြန်သည်။
မိုင်ငါးဆယ်... မိုင်ခုနစ်ဆယ်... မိုင်တစ်ရာ... မိုင်နှစ်ရာ။
မိုင်နှစ်ရာ ပတ်လည်အတွင်း ကောင်းကင်နှင့် မြေကြီးရှိ အရာခပ်သိမ်းသည် သူတို့၏ အသက်စွမ်းအင်များ ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သွားသည်။
လှိမ့်တက်လာသော ကျယ်ပြောလွန်းသည့် စွမ်းအင်တစ်ခုက မြေအောက်မှ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လင်းတုန်၏အောက်ရှိ မြေပြင်ကို ဖောက်ထွက်လာကာ ပေတစ်ရာခန့်မြင့်သော စွမ်းအင်တိုင်လုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုစွမ်းအင်တိုင်လုံးကြီးက ကောင်းကင်သို့ တိုက်ရိုက် ထိုးတက်သွားကာ လင်းတုန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝလွှမ်းခြုံသွားသည်။
ရွှေခေါင်းလောင်း ခန္ဓာကိုယ်၊ နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင်နှင့် ကောင်းကင်ပြာနဂါးပြောင်းလဲခြင်း ကျင့်စဉ်ကဲ့သို့သော အစွမ်းထက်သိုင်းပညာရပ်များကို ကျင့်ကြံထားပြီးနောက် မဟာရှေးဟောင်းကျမ်းကို ပေါက်ကွဲထုတ်လွှတ်လိုက်သောအခါ လင်းတုန်ခံနိုင်ရည်ရှိသော စွမ်းအားမှာ တူညီသောကာလရှိ မူရင်းဝတ္ထုထဲကထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားနေပြီဖြစ်သည်။
သူသည် မိုင်နှစ်ရာပတ်လည်မှ စွမ်းအင်အားလုံးကို ဆွဲယူလိုက်ခြင်းပင်။
“မဟာရှေးဟောင်းကျမ်း”
ဝူယွမ်နှင့် ယင်းရွှမ်ဇီတို့ကို သတိထားနေခဲ့သော ထျန်းယွမ်ဇီက ဤမြင်ကွင်းကို ကြည့်ကာ သူ၏မျက်နှာမှာ အလိုအလျောက် မည်းမှောင်သွားတော့သည်။
သူက မျက်လုံးများမှေးကျဉ်းပြီး ဧရာမအလင်းတိုင်ကြီးအတွင်းရှိ အရိပ်သဏ္ဌာန်ကို စိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် မှိန်ဖျော့ဖျော့ အေးစက်သော အရိပ်အယောင်တစ်ခု ရုတ်တရက် လင်းလက်သွားသည်။
ရင်းနှီးနေသော ဤသိုင်းပညာရပ်က လွန်ခဲ့သော နှစ်တစ်ရာခန့်က သူတို့၏ယွမ်ဂိုဏ်းကို တစ်ယောက်တည်း ဝင်စီးခဲ့သော ရူးသွပ်လွန်းသည့် ကျိုးထုံကို သတိရမိသွားစေသည်။
“အရင်က ကျိုးထုံတောင် ဒီလောက် ကြောက်စရာမကောင်းခဲ့ဘူး၊ စွမ်းအင်တွေက အရမ်းများလွန်းတယ်၊ ဒီစွမ်းအင်တွေကို တိယွမ်ဇီ ပိတ်ဆို့ဖို့ ခက်ခဲလိမ့်မယ်” ထျန်းယွမ်ဇီက မျက်နှာပျက်ယွင်းစွာဖြင့် ပြောလိုက်သည်။
သူ ဝင်ပါချင်နေပြီဖြစ်သည်။ သို့သော် ဤအချိန်တွင် ဝူယွမ်၏အငွေ့အသက်က သူ့ကို အထင်အရှား ပစ်မှတ်ထားနေလေသည်။
ဆိုလိုရင်းက ရှင်းလေသည်... ‘ခင်ဗျား လှုပ်ရှားရင် ကျုပ်လည်း လှုပ်ရှားမယ်'
ကျယ်ပြောလှသော စွမ်းအင်တိုင်လုံးကြီးအတွင်း လင်းတုန်၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး သူ၏အသားအရေပေါ်တွင် နဂါးပြာအကြေးခွံများ ထွက်ပေါ်လာသည်။
စွမ်းအင်အမြောက်အမြားကို ရုတ်တရက် စုပ်ယူလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်က ထန်းပိုးထားနိုင်သော၀န်မှာလည်း အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
“ငရဲနတ်ဘုရားလှံ”
လင်းတုန်က ဟိန်းဟောက်လိုက်ရာ သူ၏ယွမ်စွမ်းအင်များ ရူးသွပ်စွာ လှုပ်ရှားသွားပြီး ခန္ဓာကိုယ်ရှိ အမှုန်အမွှားတိုင်း တုန်ခါသွားကာ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ဧရာမလေပွေကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ယွမ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ထူးခြားဆန်းကြယ်သည့် ရွှေပြာရောင်လှံရှည်ကြီးတစ်ခုက ထိုလေပွေအတွင်းမှ ဆန့်ထွက်လာ၏။
လင်းတုန်၏ ပတ်ဝန်းကျင်တွင် ငရဲဘုံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပြည့်နှက်နေသည်။
မြေကြီးမှ စုပ်ယူထားသော ကျယ်ပြောလှသည့် အလင်းတိုင်ကြီးတစ်ခုလုံးသည်လည်း ငရဲနတ်ဘုရားလှံထဲသို့ လုံးလုံးလျားလျား စုစည်းသွားသည်။
ဤသည်မှာ နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် သိုင်းပညာရပ်အတွင်းရှိ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးနည်းစနစ်ဖြစ်ပြီး ယခုအခါ လင်းတုန်က မဟာရှေးဟောင်းကျမ်းနှင့် ပူးတွဲကာ ပေါက်ကွဲထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ရွှေပြာရောင် လှံရှည်ကြီးက ကြောက်မက်ဖွယ် လှုပ်ရှားမှုတစ်ခုကို သယ်ဆောင်လျက် ရုတ်တရက် ပစ်လွှတ်ထွက်ခွာသွားပြီး လျှပ်စီးတန်းတစ်ခုကဲ့သို့ တိယွမ်ဇီကို တိုက်ခိုက်လိုက်သည်။
“ကျစ်”
တိယွမ်ဇီ၏မျက်နှာက အလွန်အမင်း ရုပ်ဆိုးအကျည်းတန်သွားသည်။ သူသည် ရှောင်ယန်ဖန်တီးထားသော မိစ္ဆာကျား ဗာမီလီယံငှက်လှံကို ခုခံနေရဆဲဖြစ်ပြီး လုံးဝရှောင်တိမ်း၍မရနိုင်ပေ။
ဤအချိန်တွင် သူ၌ ရွေးချယ်စရာမရှိတော့ဘဲ လက်တစ်ဖက်ကို လွတ်အောင်ရုန်းကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရသည်။
“ပြန့်ကွဲသွားစမ်း”
တိယွမ်ဇီက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့ကို ဤအခြေအနေအထိ ရောက်အောင် တွန်းပို့နိုင်သူ မရှိသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
သူ၏လက်များ အက်ကွဲနေပြီဖြစ်ပြီး သွေးရောင် ဧရာမလက်ဝါးကြီးတစ်ခုမှ သွေးလက်ဝါးရာတစ်ခု ထွက်ပေါ်လာကာ ရှောင်ယန် လှံနှင့် လင်းတုန်၏လှံကို အသီးသီး ဖမ်းဆုပ်ထားလိုက်သည်။
လှံနှစ်လက်လုံး ရုတ်တရက် ရပ်တန့်သွားပြီး သူတို့၏တိုက်ခိုက်မှုများကို တိယွမ်ဇီက အတင်းအဓမ္မ ရပ်တန့်ပစ်လိုက်သည်။
ဂျွတ်တ်...
ရှောင်ယန်၏လှံထိပ်ဖျားတွင် ပုံဆောင်ခဲများအလား အစိုင်အခဲဖြစ်သွားသော ဗာမီလီယံအစစ်အမှန်မီးတောက်များကို တိယွမ်ဇီက ချေမွပစ်လိုက်ရာ ချက်ချင်း ပေါက်ကွဲသွားသည်။
အလင်းတန်းများက တောက်ပနေသော နေမင်းတစ်စင်းကဲ့သို့ ကောင်းကင်ယံတွင် ထွက်ပေါ်လာပြီး ကောင်းကင်ယံအပြည့် မီးတောက်များ ပြန့်ကျဲသွားသည်။ ချက်ချင်းပင် တိယွမ်ဇီက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ရှောင်ယန်လွင့်စင်သွားသည်။
သို့သော် တိယွမ်ဇီ၏လက်ကိုလည်း ဗာမီလီယံအစစ်အမှန်မီးတောက်များက ဖုံးလွှမ်းသွားပြီး သူ၏အသားများကို သွေးအလိမ်းလိမ်းဖြစ်သည်အထိ လောင်ကျွမ်းသွားတော့သည်။
သို့သော် သူ၏အခြားလက်တစ်ဖက်မှာမူ လင်းတုန်၏ ငရဲနတ်ဘုရားလှံကို ချေမွပစ်ရန် မဖြစ်နိုင်သေးပေ။
ဤအချိန်တွင် လှံထိပ်ဖျားက သူ လက်ဝါးထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။ ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦး၏ ကာကွယ်မှုပင်လျှင် ငရဲနတ်ဘုရားလှံ၏ အစွမ်းထက်သော တိုက်ခိုက်မှုကို မပိတ်ဆို့နိုင်ပေ။
မိုင်နှစ်ရာပတ်လည်မှ စုပ်ယူထားသော မြေကြီး၏စွမ်းအင်များဖြင့် ပေါက်ကွဲထွက်လာသည့် ငရဲနတ်ဘုရားလှံသည် ဝင်စားခြင်းအဆင့်ပညာရှင်တစ်ဦးကို ခြိမ်းခြောက်ရန် လုံလောက်နေပြီဖြစ်သည်။
တိယွမ်ဇီ၏မျက်လုံးများက မီးတောက်များ ပန်းထွက်နေသကဲ့သို့ပင်။
သူသည် အခြားလက်တစ်ဖက်ဖြင့် ကြောက်မက်ဖွယ်ကောင်းသော အနက်နှင့်အဖြူရောင် ဧရာမ အပြားကြီးတစ်ခုကို စုစည်းလိုက်ပြီး လင်းတုန်ထံသို့ ရိုက်ချရန် ပြင်ဆင်လိုက်သည်။
သို့သော် ယခုအခါ သူသည် ပြိုင်ဘက်သုံးဦးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ရွှီး...
ရှောင်တျောင်း၏ စူးရှသောအော်ဟစ်သံက ကောင်းကင်ယံမှ မြည်ဟည်းကျဆင်းလာသည်။ နောက်တစ်စက္ကန့်တွင် တိမ်တိုက်များ လှိမ့်တက်လာပြီး ပေတစ်သောင်းခန့် ကျယ်ဝန်းသော ခရမ်းနက်ရောင် လခြမ်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
လခြမ်းက ကောင်းကင်ယံတွင် တွဲလွဲခိုနေပြီး လူတိုင်း၏ နှလုံးသားထဲတွင် အကြောက်တရားများ ဖြစ်ပေါ်စေသည့် ကြောက်မက်ဖွယ် လှုပ်ရှားမှုတစ်ခုကို ထုတ်လွှတ်နေသည်။
“မိစ္ဆာလစက်ဝိုင်း”
ခရမ်းနက်ရောင် ဧရာမလက်သည်းကြီးတစ်ခုက တိမ်တိုက်များကို ဖောက်ထွက်လာပြီး လခြမ်းကို ဖမ်းဆုပ်လိုက်သည်။
သို့သော် လခြမ်းက ရပ်တန့်သွားခြင်းမရှိပဲ အောက်ဘက်သို့ ရုတ်တရက် လှည့်ပတ်သွားကာ လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲပြီး တိယွမ်ဇီအပေါ်သို့ ဒေါသတကြီး ခုတ်ပိုင်းကျလာသည်။
လခြမ်းက ကောင်းကင်ယံကို ဖြတ်သန်း ကျဆင်းလာသည်။ ပေထောင်ချီ ကွာဝေးနေသော်လည်း ကမ္ဘာခြားနတ်ဆိုးမြို့တော်တွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာနေပြီဖြစ်သည်။
ဤလခြမ်း၏ စွမ်းအားမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
တိယွမ်ဇီက ဤမြင်ကွင်းကို ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏ ယွမ်ဝိညာဉ်ကလည်း သတိပေးချက်တစ်ခု ထုတ်လွတ်နေပြီဖြစ်သည်။
ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် သူ မဝံ့ပေ။ လင်းတုန်ကို တိုက်ခိုက်ရန်ပြင်ဆင်ကာ စုစည်းထားသော တိုက်ခိုက်မှုက ကောင်းကင်ရှိ ရှောင်တျောင်းဘက်သို့ လှည့်သွားလေသည်။
သူက လက်တစ်ဖက်ဖြင့် တွန်းထုတ်လိုက်ရာ ရှင်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများက တဝီဝီမည်ကာ လှိမ့်တက်သွားပြီး သူ၏အထက်တွင် အနက်နှင့်အဖြူရောင် ရောယှက်နေသော ဧရာမချပ်ပြားကြီးတစ်ခုကို တိုက်ရိုက် ဖွဲ့စည်းလိုက်သည်။
ချပ်ပြားကြီးမှာ ယင်နှင့်ယန် ပေါင်းဆုံနေသကဲ့သို့ အနက်နှင့်အဖြူရောင် ဖြစ်နေသည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ချပ်ပြား စုစည်းသွားသည်နှင့်တစ်ပြိုင်နက် လခြမ်းက ပြင်းထန်စွာ ရောက်ရှိလာပြီးနောက် ဥက္ကာခဲများတိုက်မိသကဲ့သို့ အချင်းချင်း အပြင်းအထန် ရိုက်ခတ်သွားကြသည်။
ဘုန်း...
မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံတစ်ခုက ကောင်းကင်ယံအပြည့် ပဲ့တင်ထပ်သွားသည်။
ထို့နောက် ပေထောင်ချီကျယ်ဝန်းသော စွမ်းအင်လှိုင်းများက ဒီရေလှိုင်းများကဲ့သို့ ကောင်းကင်ယံတွင် ရူးသွပ်စွာ တိုက်ခတ်သွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် လေဟာနယ်က တိုက်ရိုက်ပြိုကွဲသွားပြီး မိစ္ဆာကြီး၏ ဟက်တက်ကွဲနေသော ပါးစပ်ပေါက်ကြီးများကဲ့သို့ ဧရာမ အနက်ရောင်အက်ကွဲကြောင်းများ အဆက်မပြတ် ပေါ်လာခဲ့သည်။
ထိုရိုက်ခတ်မှုအောက်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ချပ်ပြားမှာ အမှန်တကယ်ပင် နှစ်ပိုင်းကွဲသွားပြီး ဖြတ်တောက်ခံလိုက်ရသည်။
လင်းတုန်နှင့် ရှောင်တျောင်းတို့၏ ဘေးနှစ်ဖက်မှ ညှပ်ပိတ်တိုက်ခိုက်မှုအောက်တွင် တိယွမ်ဇီမှာ သွေးသုံးလုတ် အန်လိုက်ရတော့သည်။
အခန်း (၃၁၆) - ရွှေကျီးကန်း ထွက်ပေါ်လာခြင်း(၂)
ထို့နောက် သူ၏ သွေးအဆီအနှစ်များကို စတေးကာ သွေးရောင် ဧရာမအတားအဆီးတစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများကို ယာယီ ပိတ်ဆို့ထားလိုက်ရသည်။
လက်တစ်ဖက်က လင်းတုန်ကို ဆွဲထားပြီး နောက်ကျောတွင် ရှိနေသော ကောင်းကင်မြွေကိုပါ ကာကွယ်ထားရသည့် တိယွမ်ဇီက အော်ဟစ်လိုက်သည်။
“ထျန်းယွမ်ဇီ... ငါ့ကို ကယ်ပါဦး”
အခြားရွေးချယ်စရာ နည်းလမ်း မရှိတော့ပေ။ ဤအတိုင်းသာ ဆက်သွားပါက လင်းတုန်နှင့် အခြားနှစ်ဦး၏ စွမ်းအင်ပေါက်ကွဲမှုမှ အသက်ရှင်ကျန်ရစ်လျှင်တောင် သူ အခြေအနေ ကောင်းမည်မဟုတ်ပေ။
“ပုရွက်ဆိတ်သုံးကောင်က ဆင်တစ်ကောင်ကို ဝါးမျိုနိုင်တာပဲ”
ထျန်းယွမ်ဇီ၏ မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေပြီး တွန့်လိမ်ပုံပျက်နေသည်။ တစ်သက်လုံး မျက်မှောင်ကြုတ်ခဲ့ရသည့် အကြိမ်အရေအတွက်အားလုံး ပေါင်းလိုက်လျှင်ပင် ယနေ့လောက် မများပေ။
သူက လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံရှိ ရှောင်တျောင်းဆီသို့ အနက်ရောင်အလင်းတန်းတစ်ခုက တိုး၀င်သွားသည်။
“ခွေးအိုကြီး... ခင်ဗျား ဒီလိုလုပ်မယ်ဆိုရင် ကျုပ်ကလည်း ခင်ဗျားလုပ်ချင်တိုင်းလုပ်တာကို ထိုင်ကြည့်နေမှာ မဟုတ်ဘူး”
ဝူယွမ်က ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ ခရမ်းရောင် လျှပ်စီးဓားအလင်းတန်းက ထျန်းယွမ်ဇီ ပစ်လွှတ်လိုက်သော အနက်ရောင်အလင်းတန်းကို ဖျက်ဆီးပစ်လိုက်လေသည်။
“မင်းက ဝင်စွက်ဖက်ချင်နေမှတော့ ဒီအရှင်သခင်က မင်းကို အရင်ဆုံး ရှင်းပစ်ရတာပေါ့”
ထျန်းယွမ်ဇီက ဝူယွမ်လှုပ်ရှားလာမည့်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်က ဝူယွမ်ကို သတ်ရန်ပင်။
“သေလိုက်စမ်း”
သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ရှင်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများက အနက်နှင့်အဖြူရောင် ဓားရှည်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူယွမ်ဆီသို့ ထိုးစိုက်လာသည်။
“ဂိုဏ်းချုပ် ထျန်းယွမ်ဇီ... ဘာလို့ ဒီလောက် အကျယ်ချဲ့နေရတာလဲ။ အားလုံး အေးအေးချမ်းချမ်း နေကြတာ ပိုမကောင်းဘူးလား”
ယင်းရွှမ်ဇီ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ လက်နှစ်ဖက်ဖြင့် လက်ဟန်များ ဖွဲ့စည်းကာ ကောင်းကင်ဧကရာဇ်ကျမ်းမှ သိုင်းပညာရပ်တစ်ခုဖြစ်သော မဟာကောင်းကင် မိုယွမ်ဓားကို ထုတ်ဖော်လိုက်၏။
ဧရာမဓားအလင်းတန်းကြီးက ခုတ်ပိုင်းကျလာပြီး ထျန်းယွမ်ဇီ၏ ရှင်ခြင်းနှင့် သေဆုံးခြင်း ဓားစွမ်းအင်ကို ခွဲကြေသွားစေသည်။
“မင်းက တိုက်ခိုက်ရဲတယ်ပေါ့”
ထျန်းယွမ်ဇီက ယင်းရွှမ်ဇီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ယနေ့ ယင်းရွှမ်းဇီ ဤမျှ အလျှော့မပေးဘဲ တောင့်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ငါ မင်းတို့ကို သည်းခံနေတာကြာလွန်းနေပြီ”
ယင်းရွှမ်ဇီက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ ကျယ်ပြောလွန်းသော ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အစွမ်းကုန်တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ဖော်ပြနေသည်။
“မင်းလည်း ငါ့ကို တားနိုင်မှာမဟုတ်ပါဘူး၊ ငါ့ကို တားဆီးရဲတဲ့ အကျိုးဆက်တွေကို မင်းစဉ်းစားပြီးပြီလား၊ တောင်ဂိုဏ်းတစ်ခုလုံး မင်းနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်”
ထျန်းယွမ်ဇီက အေးစက်စွာ ပြောလိုက်ပြီး ဆက်လက်၍ အချိန်ဖြုန်းမနေတော့ပေ။ ယနေ့ သူသည် ဝူယွမ်ကိုသတ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးဖြစ်သည်။
“ဘယ်သူမှ မင်းကိုမကယ်နိုင်ဘူး”
သူ၏လက်ထဲတွင် ဓားရှည်တစ်လက် ထွက်ပေါ်လာ၏။ တစ်ချက် ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ထက်မြက်သည့် ဓားအလင်းတန်းများက တိုးထွက်သွားပြီး ဝူယွမ်ကို အစအနမကျန် ဆွဲဖြဲပစ်ရန် ရည်ရွယ်ကာ တိုက်ခိုက်လိုက်သည်။
“ဧကရာဇ်ခေါင်းလောင်း”
ယင်းရွှမ်ဇီက ဧရာမ ရွှေဝါရောင်ခေါင်းလောင်းကြီးတစ်ခုကို စုစည်းလိုက်ပြီး ဝူယွမ်၏အရှေ့တွင် ပိတ်ဆို့ကာကွယ်ပေးထားလိုက်သည်။
“ငါတို့ အတူတူတိုက်ကြရအောင်” သူက သရဲအိုကြီးချန်ကို ပြောလိုက်သည်။
“သွားမယ်”
သရဲအိုကြီးချန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဝူယွမ်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ကာ ချက်ချင်း ပျံသန်းထွက်သွားသည်။
သူ၏ခန္ဓာကိုယ်မှ ဧရာမဓားကြီးတစ်လက် ပျံသွက်ထွက်လာပြီး ကောင်းကင်ယံမှ ခုတ်ပိုင်းချလိုက်သည်။
သူတို့သုံးဦးက ထျန်းယွမ်ဇီကို ဝိုင်းရံကာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်တော့သည်။
နှစ်ဖက်စလုံးက သုံးယောက်တစ်ယောက် ဖြစ်နေပြီး ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့ နှစ်ဦးလုံးမှာ ညှပ်ပိတ်တိုက်ခိုက်ခံရကာ အနည်းငယ် ဖရိုဖရဲဖြစ်နေခဲ့သည်။
“တောင်ဂိုဏ်းက တကယ်ကို ငါတို့မျှော်လင့်ထားတာထက် ပိုအားကောင်းလွန်းနေတယ်၊ သူတို့ဆီမှာ ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်တွေ အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“မူလက တောင်ဂိုဏ်းကို ယွမ်ဂိုဏ်းက ဒီတစ်ခါ တာဝန်ယူဖြေရှင်းခိုင်းပြီး ဝူယွမ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားတာ၊ ဒါပေမဲ့ ဝူယွမ် တစ်ယောက်တည်းက ယွမ်ဇီတစ်ယောက်ကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ဝူယွမ်ရဲ့ အလားအလာက အရမ်းကြောက်စရာကောင်းတယ်၊ သူက အခု ရန်ယွမ်ဇီကို ကိုင်တွယ်နိုင်နေပြီ။ သူ ထျန်းယွမ်ဇီကို အနိုင်ယူနိုင်ဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူးထင်တယ်၊ ယင်းရွှမ်ဇီက သူ့ကို မကာကွယ်ပေးစရာ အကြောင်းမရှိဘူး”
“ပြီးတော့ လင်းတုန်... သူ ပေါက်ကွဲထုတ်လွှတ်လိုက်တဲ့ အစွမ်းထက်တဲ့စွမ်းအားကို ကြည့်ဦး၊ တိယွမ်ဇီတောင် သူ့ကို ကိုင်တွယ်ရ ခက်ခဲနေတယ်”
“ဒီနှစ်ယောက်သာ လွတ်လွတ်လပ်လပ်ကြီးလာခဲ့ရင် တောင်ဂိုဏ်းမှာ ဝင်စားခြင်းအဆင့် ပညာရှင် လေးယောက် ရှိလာလိမ့်မယ်၊ အဲဒီအချိန်ကျရင် ယွမ်ဂိုဏ်းရဲ့ ယွမ်ဇီသုံးယောက်က လုံလောက်တော့မှာ မဟုတ်ဘူး"
“ပြီးတော့ အရှေ့ဘက်ရွှမ်ဒေသရဲ့ နံပါတ်တစ်ဂိုဏ်းဆိုတဲ့ ဘွဲ့ကလည်း ပြောင်းလဲသွားလိမ့်မယ်”
...လူတိုင်းက ကမ္ဘာခြားနတ်ဆိုးမြို့တော် အနီးတစ်ဝိုက်မှ ဆုတ်ခွာသွားကြပြီး အဝေးမှနေ၍ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများ၏ ရှုပ်ထွေးသော တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
သူတို့၏ စွမ်းအားမှာ ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီးမှ ထွက်ပေါ်လာသည့် လှုပ်ရှားမှုများကို ပိတ်ဆို့ရန်ပင် မနည်းကြိုးစားနေရသည်။
ယခုအခါ ကမ္ဘာခြားနတ်ဆိုးမြို့တော်၏အထက်ရှိ ကောင်းကင်ယံသည် ယွမ်စွမ်းအင်များ ပေါက်ကွဲရာ ဗဟိုချက်ဖြစ်လာပြီး လေဟာနယ်များ ပြိုကျကာ စွမ်းအင်များဒေါသတကြီး လှုပ်ခတ်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့၏ အဆင့်အားသာချက်များကလည်း ထင်ရှားလာသည်။
တောင်ဂိုဏ်းဘက်တွင် ဝူယွမ်နှင့် သူ၏ညီအစ်ကိုသုံးယောက်ထဲ၌ ဝူယွမ်မှလွဲ၍ ကျန်သုံးယောက်မှာ အချိန်တိုလေးသာ ပေါက်ကွဲထွက်နိုင်ပြီး ကြာရှည်မခံနိုင်ပေ။
မကြာမီမှာပင် သူတို့သုံးဦး၏ စွမ်းအားများ ဆုတ်ယုတ်သွားသည်။
တိယွမ်ဇီသည်လည်း အတော်လေး ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သော်ငြား သူ၏အခြေခံက ခိုင်မာပြီး ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲဖြစ်ရာ ဝင်စားခြင်းအဆင့် တိုက်ခိုက်မှုများကို စိတ်ကြိုက် ထုတ်လွှတ်နိုင်စွမ်း ရှိနေသေးသည်။
ဝူယွမ်တို့မဇ အခြေအနေမှာ ပို၍ဆိုးရွားနေခဲ့သည်။ ယင်းရွှမ်ဇီ တစ်ဦးတည်းကသာ ထျန်းယွမ်ဇီကို အရှေ့ဘက်မှ မနည်းထိန်းထားနေရပြီး ဝူယွမ်က ‘ရှင်း’၊ ‘ကျဲ့’၊ နှင့် ‘ချယ်’ အက္ခရာလျှို့ဝှက်ချက်သုံးခုကို ပေါက်ကွဲထုတ်လွှတ်ကာ ထျန်းယွမ်ဇီကို အတော်လေး ဖိအားပေးနိုင်ခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် မကြာသေးမီကမှ ဝင်စားခြင်းအဆင့်သို့ တက်လှမ်းခဲ့သော သရဲအိုကြီးချန်မှာတော့ ထျန်းယွမ်ဇီကဲ့သို့သော ဝင်စားခြင်းအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ ပြိုင်ဘက်မဟုတ်ပေ။
တိုက်ကွက်နှစ်ကြိမ် ဖလှယ်ပြီးနောက်မှာပင် ထျန်းယွမ်ဇီ၏ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားခဲ့သည်။ သူတို့အတွက် အခြေအနေက တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေ၏။
တိယွမ်ဇီက လင်းတုန်နှင့် အခြားနှစ်ဦးကို သေစေလောက်သော တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်သည်။
“ဝူယွင်”
ဝူယွမ်က အော်ဟစ်လိုက်ရာ ရုတ်တရက် သူ၏ရင်ဘတ်ထဲမှ တောက်ပသော အလင်းတန်းတစ်ခု ပစ်လွှတ်ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ခြေသုံးချောင်းပါ ကျီးကန်းတစ်ကောင်က မဟာရှေးဟောင်းကျောက်တိုင်ထဲမှ ပျံသန်းထွက်လာခဲ့၏။
“အား... အား”
ကျီးကန်းက စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏တောင်ပံများကို ခတ်လိုက်ရာ လေပြင်းများထသွားပြီး ၎င်းအထဲတွင်း အစစ်အမှန် နေမင်းမီးတောက်၏အစွမ်းများ သယ်ဆောင်လာသည်။
“ဟိုကောင်က အသက်စွမ်းအင် အတော်လေးနည်းနေပြီ။ သူ့ကို လောင်ကျွမ်းပစ်လိုက်... ဒါပေမဲ့ သတိတော့ထားဦး”
ဝူယွမ်က ရွှေကျီးကန်းကို ညွှန်ကြားလိုက်ပြီး တိယွမ်ဇီကို ကိုင်တွယ်ရန် ပြောလိုက်သည်။
ဝူယွင်သည် အစွမ်းထက်သော်လည်း မကြာသေးမီကမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ကလေးငယ်သာ ဖြစ်သေးသည်။
ဝူယွမ်က တိယွမ်ဇီကဲ့သို့သော ဝါရင့်ဘီလူးကြီးတစ်ကောင်ကို သူတစ်ဦးတည်း ကိုင်တွယ်ခိုင်းရန် စိတ်မချပေ။ ထို့ကြောင့် လင်းတုန်နှင့် အခြားနှစ်ဦးကို လမ်းခင်းပေးရန်နှင့် တိယွမ်ဇီကို အနည်းငယ် အားအင်ကုန်ခမ်းသွားစေရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် ဝူယွင်အတွက် အခွင့်အရေးရှိလာနိုင်သည်။
“ရွှေကျီးကန်းကို ငါသွားကူညီလိုက်မယ်”
အဘိုးအို ဖန်ထျန်းက ရုတ်တရက် လျှို့ဝှက်အသံပို့ကာ ပြောလိုက်သည်။
ယခုမှ ပေါက်ဖွားလာသည့် နတ်ဘုရားသားရဲလေးမှာ ကလေးငယ်သာ ရှိသေးသည်။
တိယွမ်ဇီကဲ့သို့သော အဘိုးအို ဘီလူးကြီးတစ်ကောင်နှင့် တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုသည့်အတွက် အဘိုးအို ဖန်ထျန်း အနည်းငယ် စိတ်မအေးဖြစ်မိနေသည်။
သူ၏အမြင်တွင် ဤရွှေကျီးကန်းသည် အဆောင်ဘိုးဘေးကို ကျော်လွန်နိုင်သည့် အလားအလာရှိပြီး အနာဂတ်တွင် ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ကို ဆန့်ကျင်ရန် ဝူယွမ်ပြီးလျှင် အစွမ်းထက်ဆုံး အဓိကအကာအကွယ်တစ်ခု ဖြစ်သည်။
ယခု သူ့ကို ကာကွယ်ပေးခြင်းသည် နောင်တွင် သူ့အား ကမ္ဘာကြီးကို ကယ်တင်ခွင့်ပေးရာ ရောက်ပေလိမ့်မည်။
“အကြီးအကဲ ဖန်ထျန်း... ခင်ဗျားလည်း သတိထားဦး၊ ပြိုင်ဘက်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်ရင်ရပြီ။ အခုချက်ချင်း သူတို့ကို သူသေကိုယ်သေ တိုက်ခိုက်စရာ မလိုသေးဘူး”
ဝူယွမ်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
အဘိုးအိုဖန်ထျန်း၏ လက်ရှိအခြေအနေမှာ အလွန်မတည်မငြိမ်ဖြစ်နေသည်။ သူ့ကိုယ်သူ အတင်းအဓမ္မ တွန်းအားပေး တိုက်ခိုက်ခြင်းက သူ၏ စွမ်းအင်များကို ကုန်ဆုံးစေပြီး ရှင်သန်ရန်မျှော်လင့်ချက်ကို လျော့ကျစေလိမ့်မည်။
ယခင်က ဝူယွမ်သည် အဘိုးအိုဖန်ထျန်းကို သူ၏ တွက်ချက်မှုများထဲတွင် ထည့်သွင်းမစဉ်းစားခဲ့ပေ။ သေချာသည်မှာ ကျီးကန်းကိုကူညီရန် အဘိုးအိုဖန်ထျန်းအားခွင့်ပြုပေးလိုက်ခြင်းက ပြဿနာကြီးကြီးမားမား မဖြစ်သင့်ပေ။
“စိတ်မပူပါနဲ့၊ ဖန်ထျန်းမီးဖိုရှိနေသရွေ့ ဒီအဘိုးကြီး မသေပါဘူး”
အဘိုးအိုဖန်ထျန်းက ဖန်ထျန်းမီးဖိုကို ထိန်းချုပ်ကာ တိယွမ်ဇီထံသို့ ပြေးဝင်သွားသည်။
“လှည့်ကွက်တွေ ရှိနေသေးတာလား”
တိယွမ်ဇီက ကျိန်ဆဲချင်စိတ်ပင် ပေါက်သွားသည်။
သူသဘ် ဝင်စားခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း ယနေ့ အကြိမ်ကြိမ် နှိပ်စက်ခံနေရသည်။
ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန် နေမင်းမီးတောက်များက အရပ်မျက်နှာ အသီးသီးမှ တိုက်ခတ်လာသည်။
ဤတစ်ကြိမ်တွင် မီးတောက်များသည် ယခင်က ဗာမီလီယံအစစ်အမှန်မီးတောက်များထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေ၏။ ထို့ပြင် ဖန်ထျန်းအစီအရင်လည်း ရှိနေသေးသည်။
မကြာမီမှာပင် တိယွမ်ဇီ၏ ခန္ဓာကိုယ်မှာ အသားပြားတစ်ခုလို လောင်ကျွမ်းသွားပြီး သူ၏ယွမ်ဝိညာဉ်မှာလည်း ပူလောင်နေခဲ့သည်။
အစီအရင်အတွင်းတွင် သူက ဆက်လက်ရပ်တည်နိုင်ရန် မနည်းကြိုးစားနေရပြီး ထိုကျီးကန်းကို သတ်ချင်နေသော်လည်း လုံးဝလိုက်မမီနိုင်ပေ။
“ထျန်းယွမ်ဇီ... ငါ့ကို ကယ်ပါဦး”
တိယွမ်ဇီက ထပ်မံအော်ဟစ်လိုက်ရပြန်သည်။
“ကျစ်….”
ထျန်းယွမ်ဇီ၏ မျက်နှာက ရေခဲတုံးတစ်ခုကဲ့သို့ တည်ကြည်အေးစက်သွားသည်။
“မင်းတို့အားလုံး သေကြစမ်း”
သူ၏ ဓားသိုင်းပညာရပ်က ပိုမိုကြောက်မက်ဖွယ်ကောင်းလာပြီး ယင်းရွှမ်ဇီကို ရူးသွပ်စွာ တိုက်ခိုက်လာသည်။
မုန်တိုင်းတစ်ခုသဖွယ် တစ်ရက်ဆက် တိုက်ခိုက်မှုအောက်တွင် ယင်းရွမ်းဇီသည်လည်း ဒဏ်ရာများရရှိခဲ့ပြီး ခက်ခက်ခဲခဲ ကာကွယ်နေရသည်။
“ဂိုဏ်းချုပ်... မလောပါနဲ့၊ ကျွန်တော့်ကို သုံးစက္ကန့်လောက် အချိန်ပေး”
ဝူယွမ်က ဝိညာဉ်စွမ်းအင်ဖြင့် အသံပို့ကာ ပြောလိုက်သည်။ သူ၏စွမ်းအားကိုပါ ပေါက်ကွဲထုတ်လွှတ်တော့မည်ဖြစ်သည်။
သူ စုပ်ယူထားသော ကျယ်ပြောလွန်းသည့် ယွမ်ဝိညာဉ်စွမ်းအင်များက သူ၏နီဝမ်နယ်ပယ်ထဲတွင် စတင်စုစည်းလာတော့သည်။
ကိုယ်ပိုင် ရည်မှန်းချက်များက သူ့ကို ရှေ့ဆက်ရန် အမြဲတစေ တွန်းအားပေးနေတော့သည်။