အခန်း (၃၁၇-၃၁၈)
Vol. 32 Ch. 317-318
အခန်း (၃၁၇) - ဟွမ်ဟွမ်၏ ရေခဲသခင်မအသွင် ထွက်ပေါ်လာခြင်း(၁)
ထျန်းယွမ်ဇီမှာ သိသိသာသာကို စိတ်လောနေပြီဖြစ်ကာ အချိန်ဆွဲနေရန် ရည်ရွယ်ချက်မရှိတော့ချေ။ ယင်းရွှမ်းဇီအပေါ် ထုတ်သုံးလိုက်သည့် သိုင်းကွက်တိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်သည်အထိ ပြင်းထန်လွန်းလှသည်။
ယွမ်ဂိုဏ်း၏ ပထမဂိုဏ်းချုပ်ဖြစ်သည့်အားလျော်စွာ ထျန်းယွမ်ဇီ၏ စွမ်းအားက အရှေ့ဘက်ရွှမ်ဒေသတွင် အသန်မာဆုံးဟု ဆို၍ရနိုင်ပေသည်။ ဝင်စားခြင်းအဆင့်သို့ ယခုလေးတင် လှမ်းတက်ထားနိုင်ခဲ့သည့် အကြီးအကဲချန်ပင်လျှင် သူ၏လက်အောက်၌ သုံးကွက်ထက်ပို၍ တောင့်ခံထားနိုင်စွမ်း မရှိခဲ့ချေ။
ယင်းရွှမ်းဇီအနေဖြင့် ယခုအချိန်အထိ တောင့်ခံထားနိုင်ရန်မှာ လွယ်ကူလှသည့် ကိစ္စတစ်ရပ် မဟုတ်ခဲ့ပေ။
သို့သော်လည်း အချိန်ထပ်ဆွဲနေမည်ဆိုပါက ဆက်လက်တောင့်ခံနိုင်တော့မည်မဟုတ်ဘဲ ထျန်းယွမ်ဇီ၏ ပြင်းထန်သော တိုက်ကွက်များကို ရှောင်လွှဲနိုင်မည်မဟုတ်သလို အသက်ပင် ဆုံးရှုံးသွားနိုင်ခြေရှိနေသည်။
ဝူယွမ်ကတော့ မိမိ၏ဂိုဏ်းချုပ် ထျန်းယွမ်ဇီကို တစ်ကိုယ်တော် ရင်ဆိုင်နေရသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ သေချာလှပေသည်။ ပြိုင်ဘက်အတွက် လက်ဆောင်ငယ်လေးအချို့ကိုလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ဝိညာဉ်သန္ဓေသား ဆယ်ခုထက်မကကို စုစည်းလိုက်ကာ နီ၀မ်နယ်ပယ်အတွင်း၌ သုံးလက်မခန့် ရှည်လျားသော ဝိညာဉ်သန္ဓေသား ဓားသန္ဓေလောင်းတစ်ခုအဖြစ် ပုံဖော်လိုက်သည်။
အနက်ရောင် ဝိညာဉ်သန္ဓေသား၊ ဓားသန္ဓေသားလောင်းသည် ပုံပေါ်လာသည်နှင့် ဝူယွမ်၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာတော့သည်။
ဤသည်ကား ဝူယွမ်အနေဖြင့် ရရုပ်လုံးပေါ်လာသော မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းဖြင့် ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်ကို ပထမဆုံးအကြိမ် အစစ်အမှန် ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်သည်။
မူလဝိညာဉ်စွမ်းအင်များကို ပေါင်းစပ်ထားခြင်းသာ ဖြစ်သော်ငြား ပြီးပြည့်စုံသည့် ဓားသန္ဓေသားလောင်းတစ်ခုကို ဖွဲ့စည်းနိုင်စွမ်း ရှိနေပြီဖြစ်သည်။ ၎င်းသည် အသန်မာဆုံးသော ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှု ဓားသိုင်းပညာရပ်တစ်ခုပင်။
“ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်”
ဝူယွမ်က စိတ်ထဲမှ တိုးညှင်းစွာ ရေရွတ်လိုက်ရင်း မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းကို ထိန်းချုပ်ကာ ထျန်းယွမ်ဇီဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်တော့သည်။
အနက်ရောင်ဓားသန္ဓေလောင်းသည် လေထုကို ခွင်းသွားကာ ကောင်းကင်ယံ၌ အနက်ရောင်အလင်းတန်းတစ်ခုကိုသာ ချန်ရစ်ခဲ့သည်။
ကြီးမားလွန်းသည့် ယွမ်စွမ်းအင်လှိုင်းဂယက်များ ပါဝင်သော သာမန် ယွမ်စွမ်းအင်တိုက်ခိုက်မှုများနှင့်မတူပဲ လုံးဝကို ကွာခြားလွန်းလှပေသည်။
မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းသည် မူလဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းထားကာ စွမ်းအင်များ အနည်းငယ်မျှပင် ယိုစိမ့်ထွက်ပေါ်လာခြင်း မရှိချေ။
ပုံမှန်အခြေအနေမျိုးတွင်ဆိုလျှင် လူအများစုအနေဖြင့် ဤကဲ့သို့သော ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုကို သတိထားမိနိုင်ရန် ခက်ခဲပေလိမ့်မည်။
ထိုအချိန်တွင် ထျန်းယွမ်ဇီသည် ယင်းရွှမ်ဇီကို ရူးသွပ်စွာ တိုက်ခိုက်နေဆဲဖြစ်သည်။ ထက်ရှလွန်းသော ဓားအလင်းတန်းများသည် ယင်းရွှမ်းဇီ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ သွေးများယိုစီးကျလာပြီး အံကြိတ်ကာ တောင့်ခံထားရသည်။
ရုတ်တရက် ထျန်းယွမ်ဇီ၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ ခေါင်းကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။
သူသည် ဝူယွမ်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့၏။ ဤလူငယ်လေးသည် ဆန်းကြယ်ရှင်ခြင်းအဆင့်တွင်သာ ရှိသေးသည်ဟု ထင်ရသော်လည်း အကြီးအကဲချန်ထက်ပင် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ပေးစွမ်းနိုင်နေပေသည်။
မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းဝိညာဉ်သန္ဓေသားက ချက်ချင်း သတိပေးချက် ထုတ်ပြန်လိုက်သည်။
ဝင်စားခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ ဝင်စားမှု၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်ထားပြီးဖြစ်ရာ အသက်အန္တရာယ်နှင့် နီးကပ်လာသည်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိနေပေသည်။
သူ၏ နီ၀မ်နယ်ပယ်တစ်ခုလုံး တုန်ခါနေကာ ဤမူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းက သူ့ကို စိတ်မအေးနိုင်လောက်အောင် ခြောက်ခြားစေခဲ့သည်။
သို့သော်ငြား ဓားသန္ဓေသားလောင်း၏အရှိန်က မြန်ဆန်လွန်းလှကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထျန်းယွမ်ဇီမှာ ရှောင်တိမ်းရန် အချိန်မရတော့ဘဲ မူလဝိညာဉ်စွမ်းအင်ကိုသာ အလျင်အမြန် စုစည်းလိုက်ရတော့သည်။
ကြီးမားလှသည့် ယွမ်စွမ်းအင်များသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်ဒိုင်းကာများအဖြစ် အလွှာလိုက် ချက်ချင်း ပုံပေါ်လာကာ ကာကွယ်လိုက်သည်။
သို့သော် ဝူယွမ်က သူ့အား မည်သို့ အခွင့်အရေးပေးလိမ့်မည်နည်း။
ရှင်းအက္ခရာလျှို့ဝှက်ချက်ကို အသက်သွင်း၍ ခြေလှမ်းလိုက်ကာ အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းက ထျန်းယွမ်ဇီဆီသို့ ပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကစဉ်ကလျားသန္ဓေသားကလည်း အသက်ဝင်လာခဲ့သည်။
၎င်းအပေါ်ရှိ ငြိမ်သက်ခြင်းရူန်းများက တဖျတ်ဖျတ်တောက်ပလာပြီး မြင်ရခက်သော အင်အားတစ်ရပ်က ထျန်းယွမ်ဇီအပေါ်သို့ ရိုက်ခတ်သွားတော့သည်။
ထျန်းယွမ်ဇီ တစ်ကိုယ်လုံး ချက်ချင်းပင်အေးခဲသွားခဲ့သည်။
“ငြိမ်သက်စမ်း၊ နတ်ဘုရားဖျက်ဆီးခြင်း”
ဝူယွမ်က အကျယ်ကြီး အော်ဟစ်လိုက်သည်။ မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းက ထျန်းယွမ်ဇီ၏ ခေါင်းထဲသို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားကာ အနက်ရောင် အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။
“အား....”
ထျန်းယွမ်ဇီမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ မျက်ခုံးနှစ်ခုကြားတွင် မည်သည့်ဒဏ်ရာမျှ မရှိသော်လည်း သွေးများစီးကျလာကာ မျက်လုံးများ ဝေဝါးသွားပြီး ဝိညာဉ်အလင်းတန်းများ ဖရိုဖရဲဖြစ်သွားခဲ့ရသည်။
ဤမူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းက မူလစိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ဖျက်ဆီးမပစ်နိုင်ခဲ့သော်လည်း နီ၀မ်နယ်ပယ်ကို ဆွဲဖြဲလိုက်ကာ မူလစိတ်ဝိညာဉ်ကို ကမောက်ကမ ဖြစ်သွားစေခဲ့သည်။
ဝိညာဉ်မှတစ်ဆင့် ခံစားရသော နာကျင်မှုက ရုပ်ခန္ဓာ၏နာကျင်မှုထက် အဆပေါင်း ထောင်သောင်းမက ပိုမိုပြင်းထန်လှပေသည်။
ထို့အပြင် ဝိညာဉ်ဒဏ်ရာကြောင့် မှတ်ဉာဏ်များ ရှုပ်ထွေးသွားကာ စွမ်းအားများလည်း ကမောက်ကမ ဖြစ်သွားလေသည်။ ခန္ဓာကိုယ်ကို ထိန်းချုပ်မရဘဲ ကောင်းကင်ပေါ်မှ ပြုတ်ကျမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ဤဝိညာဉ်တိုက်ခိုက်မှုက ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ကွဲကွာသွားစေမတတ် ဖြစ်စေခဲ့ပြီး ဝင်စားခြင်းဘဝသို့ ပို့ဆောင်လုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ထျန်းယွမ်ဇီက ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ယခုအချိန်တွင် သူ၏ မျက်လုံးများနှင့် မျက်ခုံးနှစ်ခုကြားမှ သွေးများ စီးကျနေဆဲဖြစ်သည်။
“ကျက်သရေတုံးတဲ့ ကောင်စုတ်လေး၊ ငါ့ကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်နိုင်တဲ့သူ မရှိတာ တော်တော်ကြာနေပြီ”
ထျန်းယွမ်ဇီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း ဟိန်းဟောက်လိုက်သည်။ ပုရွက်ဆိတ်ကဲ့သို့ သေးငယ်လွန်းသော ကောင်မျိုး၏ လက်ချက်ဖြင့် သူ၏မူလစိတ်ဝိညာဉ် ဤမျှလောက် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးထားခဲ့ဖူးချေ။
ဝူယွမ်ကိုသာ အာရုံစိုက်မထားခဲ့မိလျှင် မူလစိတ်ဝိညာဉ်ကို တစ်ဖက်လူက လုံးဝ ဖျက်ဆီးပစ်လိုက်နိုင်ခြေ ရှိပေသည်။ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။
စောင့်ကြည့်နေသူများအားလုံး မှင်သက်သွားကြသည်။ ဝူယွမ်က ထျန်းယွမ်ဇီကို အမှန်တကယ်ပင် ဒဏ်ရာရစေနိုင်ခဲ့သည်မဟုတ်လော။
“ကျစ်.... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အတုကြီးလား၊ ဒီဝူယွမ်က ဘယ်လိုလုပ် ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နိုင်မှာလဲ”
“ဆန်းကြယ်ရှင်ခြင်းအဆင့်မှာတောင် ဒီလိုစွမ်းဆောင်နိုင်တယ်ဆိုရင် ဝင်စားခြင်းအဆင့်ကို ရောက်သွားတဲ့အခါ ကောင်းကင်ကိုတောင် အန်တုနိုင်တဲ့အထိ ဖြစ်မလာနိုင်ဘူးလား”
“ဒီနေ့ ဝူယွမ်သာ မသေသွားဘူးဆိုရင် နောင်တစ်ချိန် ယွမ်ဂိုဏ်းကတော့ သေချာပေါက် ပျက်စီးရတော့မှာပဲ”
“ခုနကလိုမျိုး အဆင့်မြင့်တိုက်ခိုက်မှုကို သူ ထပ်ပြီး ထုတ်သုံးနိုင်ဦးမလားဆိုတာတော့ မသိဘူး”
“ကြည့်ရတာ ထျန်းယွမ်ဇီက ဒေါသမိုးထိနေပြီ၊ ဝူယွမ်ရဲ့ ဒီနေ့ ကံကြမ္မာကတော့ ဆိုးရွားလွန်းသွားပြီ”
“တောင်ဂိုဏ်းကလည်း တကယ်ကို သနားစရာပါပဲ၊ အရင်က ကျိုးထုံ၊ အခု ဝူယွမ်၊ အံ့မခန်း ပါရမီရှင်တွေချည်းပဲ၊ ဒါပေမဲ့ အမြဲတမ်း ယွမ်ဂိုဏ်းရဲ့ ဒုက္ခပေးတာကို ခံနေရတယ်၊ ဝမ်းသာရမလား ဝမ်းနည်းရမလားတောင် မသိတော့ပါဘူးကွာ”
အောက်ဘက်ရှိ လူအုပ်ကြီးမှာ တီးတိုး ဝေဖန်ပြောဆိုနေကြတော့သည်။
ထျန်းယွမ်ဇီ၏ ဒေါသအရှိန်အဝါများက အမြင့်ဆုံးသို့ ထိုးတက်သွားခဲ့ပြီဖြစ်သည်။
ကြီးမားလှသည့် ယွမ်စွမ်းအင်များက ခန္ဓာကိုယ်အတွင်းမှ လှိုင်းထန်စွာ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုစိတ်များက အရာဝတ္ထုတစ်ခုပမာ လွှမ်းခြုံလာကာ ဝူယွမ်၏ပတ်လည်ရှိ လေဟာနယ်ကို ပိတ်ဆို့လိုက်တော့သည်။
“ဒီနေ့ မင်းကိုမသတ်ရရင် ငါ့ရင်ထဲက ဒေါသမီးကို ငြိမ်းသတ်နိုင်မှာမဟုတ်ဘူး”
ဝူယွမ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်ရင်း လူသတ်ချင်စိတ်များ ပြည့်နှက်နေသည့်လေသံဖြင့် ကြိမ်းဝါးလိုက်သည်။
ထိုအချိန်တွင် ယင်းရွှမ်းဇီနှင့် အကြီးအကဲချန်တို့မှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး ဓားရာများဖြင့် ဖုံးလွှမ်းနေခဲ့ပြီဖြစ်သည်။ ခန္ဓာကိုယ်အတွင်း၌ ထျန်းယွမ်ဇီချန်ရစ်ခဲ့သော ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဓားချီများက သူတို့၏ အသက်စွမ်းအင်များကို အဆက်မပြတ် စားသုံးနေဆဲဖြစ်သည်။
သူတို့နှစ်ဦးလုံး သွေးများ ယိုစီးကျနေကာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်၍ ဝူယွမ်ကိုကူညီရန် လုံးဝ မဖြစ်နိုင်တော့ချေ။
တောင်ဂိုဏ်းအဖွဲ့အတွင်း၌ ချင်းတန်သည် သူမ၏ ဖြူဖွေးနူးညံ့နေသော လက်ကလေးဖြင့် အမှောင်မိစ္ဆာတံစဉ်ကို ဆုပ်ကိုင်ထားသည်။ သူမက အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်ရင်း ရေရွတ်နေသည်။
“မဖြစ်ဘူး၊ ကိုကိုဝူယွမ်ကို သွားကူညီမှရမယ်”
“ပြန်လာခဲ့”
လင်းတုန်က အချိန်မီလှမ်းဆွဲကာ တားဆီးလိုက်သည်။
“ညီမလေး သွားရင် အစ်ကိုကြီး အာရုံနောက်ရုံပဲရှိလိမ့်မယ်၊ ထျန်းယွမ်ဇီက အရမ်းသန်မာလွန်းတယ်၊ ညီမလေးရဲ့ အခုလက်ရှိစွမ်းအားနဲ့ သူ့ကို ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး”
“ဒါပေမဲ့”
“စိတ်မပူပါနဲ့၊ အစ်ကိုကြီးက ယုံကြည်မှုမရှိတဲ့တိုက်ပွဲမျိုးကို ဘယ်တော့မှမတိုက်ခိုက်ဘူး၊ ပြီးတော့ သူ အသုံးမချရသေးတဲ့ အရန်အစီအစဉ်တွေ သေချာပေါက်ရှိနေသေးတယ်”
လင်းတုန်က ချင်းတန်ကို နှစ်သိမ့်ပေးလိုက်သည်။ သူနှင့် အစ်ကိုကြီးတို့သည် နေ့ရောညပါ အတူတူ ဖြတ်သန်းလာခဲ့ကြသူများဖြစ်ရာ အစ်ကိုကြီး၏အကြောင်းကို မည်သူ့ထက်မဆို ပို၍ နားလည်ထားသည်ဟု ယုံကြည်ထားသည်။
အစမှ အဆုံးတိုင်အောင် အစ်ကိုကြီး၏မျက်နှာပေါ်တွင် ထိတ်လန့်နေသည့် အရိပ်အယောင်မျိုး တစ်ကြိမ်တစ်ခါမျှ မတွေ့ရဖူးဘဲ အရာအားလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့် အေးဆေးစွာ ရင်ဆိုင်ဖြေရှင်းတတ်သည်။
ဤအခြေအနေတွင်လည်း အစ်ကိုကြီးသည် အဆိုးရွားဆုံးသော ရလဒ်များကို ကြိုတင်တွေးတောထားပြီးဖြစ်မည်မှာ သေချာသည်။ အစ်ကိုကြီး၏မျက်နှာထားက အလွန်ကို တည်ငြိမ်နေသည့်အတွက် မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ချေ။
အကယ်၍ သူတို့က အတင်းအဓမ္မ သွားရောက်ကူညီမည်ဆိုပါက ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ ချင်းတန်သာ ထျန်းယွမ်ဇီ၏ လက်ထဲသို့ မတော်တဆ ကျရောက်သွားခဲ့ပါက တစ်ဖက်လူက အစ်ကိုကြီးကို ခြိမ်းခြောက်ရန် အသုံးချလာမည် မဟုတ်လော။
ထို့ကြောင့် လင်းတုန်က တားဆီးလိုက်ရခြင်းဖြစ်သည်။ သို့သော် သူသည် ချင်းတန်တစ်ယောက်တည်းကိုသာ တားဆီးနိုင်ခဲ့၏။
ယခုအချိန်တွင် ဝူယွမ်အတွက် စိုးရိမ်နေသူမှာ ချင်းတန်တစ်ယောက်တည်း မဟုတ်ဘဲ အခြားသော မိန်းကလေး အတော်များများလည်း ရှိနေသေးသည်။
ထျန်းယွမ်ဇီ၏ဒေါသများ ပေါက်ကွဲထွက်လာချိန်တွင်ပင် အံ့မခန်း အေးစက်လွန်းသော အငွေ့အသက်တစ်ခုက ကောင်းကင်နှင့် မြေကြီးအနှံ့ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
ထိုအေးစက်မှုက ဝိညာဉ်များကိုပင် အေးခဲသွားစေနိုင်သည့်အလား ထင်မှတ်ရပေသည်။
ထျန်းယွမ်ဇီ၏မျက်နှာထားက တောင့်တင်းသွားခဲ့သည်။ ဤအအေးဓာတ်က သူ၏ ဒေါသထွက်နေသော စိတ်ကို အနည်းငယ် ကြည်လင်သွားစေခဲ့သည်။
တောင်ဂိုဏ်းအဖွဲ့အတွင်းရှိ တပည့်များအားလုံး ခေါင်းလှည့်ကြည့်လိုက်ကြသည်။ သူတို့သည် ထိုအေးစက်မှုကို ပထမဆုံး ခံစားလိုက်ရသူများပင်။
ထျန်းယွမ်ဇီ၏ မျက်၀န်းများ ရုတ်တရက်ကျုံ့ဝင်သွားခဲ့သည်။ ဝူယွမ်ထံမှ အကြည့်လွှဲလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ အဝေးရှိ တောင်ဂိုဏ်းတပည့်များကြားမှ သွယ်လျလှပသော မိန်းကလေးတစ်ဦး၏ ပုံရိပ်လေး လွင့်မျောတက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ယခုအချိန်တွင် သူမ၏ ကျီးကန်းတောင်ပံကဲ့သို့ နက်မှောင်နေသော ဆံကေသာများသည် အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် အံ့မခန်း မြန်ဆန်သော အရှိန်အဟုန်ဖြင့် ရေခဲပြာရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဝိညာဉ်များကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည့် အေးစက်မှုက သူမ၏ခန္ဓာကိုယ်မှ စိမ့်ထွက်နေခြင်းပင်။
အခန်း (၃၁၈) - ဟွမ်ဟွမ်၏ ရေခဲသခင်မအသွင် ထွက်ပေါ်လာခြင်း(၂)
မိန်းကလေးသည် လေထဲတွင်လွင့်မျောနေပြီး သူမ၏ ရေခဲပြာရောင် ဆံကေသာက ရေတံခွန်တစ်ခုပမာ ဖြာဆင်းနေသည်။
မူလက လှပသော သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများတွင်လည်း ယခုအချိန်၌ ရေခဲပြာရောင်များ ပြည့်နှက်နေခဲ့ပြီဖြစ်သည်။
သူမ၏ မျက်ခုံးနှစ်ခုကြားတွင်မူ စက်ဝိုင်းပုံစံ အဆောင်အမှတ်အသားတစ်ခုက အလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေကာ ၎င်း၏ မျဉ်းကွေးများက ပြန်ဝင်လာသကဲ့သို့ ဆန့်ထွက်နေပြီး ဖျက်ဆီး၍မရနိုင်သော ထာဝရတည်မြဲမှုတို့ကို ဖော်ဆောင်နေပေသည်။
“ဝင်စားခြင်းအမှတ်အသားလား”
ထျန်းယွမ်ဇီ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူတစ်ယောက်တည်းသာမက ထိုနေရာရှိ လူအားလုံးကပါ ထိုအရာဆီသို့ အကြည့်ရောက်သွားကြသည်။
ဤရုတ်တရက် ထွက်ပေါ်လာသော အေးစက်မှုက ကောင်းကင်နှင့် မြေကြီးတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။
လေထုကပင် အေးခဲသွားသည့်အလား သိမ်မွေ့သော ကွဲအက်သံများကို ထုတ်လွှင့်နေသယောင် ရှိသည်။
ကမ္ဘာခြားနတ်ဆိုးမြို့တော် အတွင်းရှိ အဆောက်အအုံများအားလုံးကို ပါးလွှာသော နှင်းခဲလွှာတစ်ခုက ဖုံးလွှမ်းသွားခဲ့၏။
ထိုအေးစက်မှုက ဝိညာဉ်များကိုပင် အေးခဲသွားစေနိုင်သည့်အလား လူအများအပြား၏ ခန္ဓာကိုယ်အတွင်းမှ အအေးဓာတ်များ စိမ့်တက်လာကာ ယွမ်စွမ်းအင်လည်ပတ်မှုပင် နှေးကွေးသွားခဲ့ရသည်။
အံ့သြမှုများ ပြည့်နှက်နေသော မရေမတွက်နိုင်သည့် အကြည့်များက ကောင်းကင်ယံတွင် လွင့်မျောနေသည့် မိန်းကလေးကို စိုက်ကြည့်နေကြသည်။
ရေခဲပြာရောင် ဆံကေသာက လေနှင့်အတူ လွင့်မျောနေပြီး သူမ၏ပတ်လည်တွင် နှင်းပွင့်များ ဖြစ်တည်လာကာ ညင်သာစွာ ကျဆင်းလာနေသည်မှာ နှင်းနတ်သမီးလေးတစ်ပါးအလား ထင်မှတ်ရပေသည်။
“ဟွမ်ဟွမ်”
ယင်းရှောင်ရှောင်နှင့် တောင်ဂိုဏ်းမှအခြားသူများလည်း ဤမြင်ကွင်းကြောင့် တအံ့တသြဖြစ်သွားကြကာ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
ယင်းဟွမ်ဟွမ်က အဘယ်ကြောင့် ဤမျှ ထူးဆန်းသော အပြောင်းအလဲမျိုး ရုတ်တရက် ဖြစ်ပေါ်လာရသနည်းဆိုသည်ကို သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ယင်းဟွမ်ဟွမ်သည် သံသရာဝင်စားသူတစ်ဦး ဖြစ်သည်ဆိုသည်ကို သိရှိသူ အလွန်နည်းပါးလှ၏။ ဝူယွမ်နှင့် သူ၏ ညီအစ်ကိုများအပြင် တောင်ဂိုဏ်းမှ ယင်းရွှမ်ဇီနှင့် အကြီးအကဲချန်တို့သာ သိရှိထားကြသည်။
သို့သော်လည်း ယခုအချိန်တွင် ဝင်စားခြင်းအမှတ်အသား ပေါ်လာသည်နှင့် ဗဟုသုတအနည်းငယ်ရှိသူ မည်သူမဆို ၎င်းကို မှတ်မိနိုင်စွမ်းရှိပေသည်။
“သံသရာဝင်စားသူ”
“ဟွမ်ဟွမ်က တကယ်ပဲ သံသရာဝင်စားသူ ဖြစ်နေတာလား”
ချီလဲ့၊ ချန်ကျန်းနှင့် အခြားသူလေးဦးလုံးက အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြရင်း မျက်လုံးများထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
အခြားသော အင်အားစုအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များလည်း အလွန်အမင်း အံ့အားသင့်သွားကြသည်။
သံသရာဝင်စားသူတစ်ဦး.... ဤသည်မှာ ယင်းဟွမ်ဟွမ်သည် ယခင်ဘဝက သံသရာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်ဟု သက်သေပြနေခြင်းပင်ဖြစ်ပြီး ဝင်စားခြင်းကပ်ဘေးကို အစစ်အမှန် ကျော်ဖြတ်နိုင်ခဲ့သည့် ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။
အရှေ့ဘက်ရွှမ်ဒေသတွင် အသန်မာဆုံးဖြစ်သည့် ထျန်းယွမ်ဇီပင်လျှင် ၀င်စားခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေပြီး သံသရာအဆင့်သို့ အမှန်တကယ် လှမ်းတက်နိုင်ခဲ့ခြင်း မရှိသေးချေ။
ဝင်စားခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည့် ကျင့်ကြံသူဆိုသည်မှာ ဤလောကတွင် ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခုပင် ဖြစ်သည်။
“တောင်ဂိုဏ်းက တကယ်ကို သောက်ကျိုးနည်း မိစ္ဆာဆန်လွန်းတဲ့ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ၊ အရင်က ဝူယွမ်နဲ့ လင်းတုန်၊ အခု သံသရာဝင်စားသူတစ်ယောက်တောင် ထွက်လာပြန်ပြီ”
“ဘုရားရေ၊ ယွမ်ဂိုဏ်းကတော့ ပျားအုံကို သွားဆွမိပြီ ထင်ပါရဲ့”
“နောင်တစ်ချိန် ဝူယွမ်နဲ့ လင်းတုန်တို့အကြောင်းကိုတော့ အတိအကျ ပြောရခက်ပေမဲ့ ဒီ ယင်းဟွမ်ဟွမ်ကတော့ သေချာပေါက် သံသရာအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ”
လူတိုင်းက ကောင်းကင်ယံ၌ ဖြည်းညင်းစွာ လွင့်မျောနေသည့် မိန်းကလေးကို အံ့အားသင့်စွာဖြင့် ကြည့်နေကြတော့သည်။
မရေမတွက်နိုင်သော အကြည့်များ စုဆုံလာမှုအောက်တွင် မိန်းကလေးသည် ကောင်းကင်ယံ၌ လွင့်မျောနေရင်း ဝူယွမ်၏ ရှေ့မှ ကာကွယ်ရပ်တန့်လိုက်သည်။
“သံသရာဝင်စားသူ၊ မင်းက စောစောစီးစီး ပေါ်လာခဲ့မှတော့ မင်းကို အသက်ရှင်ခွင့် မပေးဖို့ ငါ့မှာ ပိုပြီး အကြောင်းပြချက် ခိုင်လုံသွားတာပေါ့”
ထျန်းယွမ်ဇီ၏ သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့လာကာ ယင်းဟွမ်ဟွမ်ကိုပါ သူ၏ သတ်မှတ်စာရင်းထဲသို့ ထည့်သွင်းလိုက်ပြီဖြစ်သည်။
ယင်းဟွမ်ဟွမ်၏ ရေခဲပြာရောင်မျက်လုံးများထဲတွင် မည်သည့်ခံစားချက်မျှ မရှိတော့ဘဲ အဝေးရှိ ထျန်းယွမ်ဇီကို အေးစက်စွာ စိုက်ကြည့်နေသည်။
ထို့နောက် သူမ၏ နုနယ်သောလက်ကလေးကို မြှောက်လိုက်ရာ အေးစက်သော လေပြင်းများ တဝူးဝူး တိုက်ခတ်လာတော့သည်။
အေးစက်သောလေထု ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေဟာနယ်ကပင် အေးခဲသွားခဲ့ရသည်။
“သူ့ကို ထိဖို့တော့ စိတ်ကူးတောင်မယဉ်နဲ့”
သူမက အေးစက်ပြီး အာဏာအပြည့်ဖြင့် အော်ဟစ်လိုက်ကာ ကျောက်စိမ်းရောင် လက်ကလေးကို ဆုပ်လိုက်သည်။ ထျန်းယွမ်ဇီ ရှိနေသော လေဟာနယ်အတွင်းသို့ အံ့မခန်း အေးစက်သော လေထုများ ရုတ်တရက် ပျံ့နှံ့သွားခဲ့၏။
ပေရာနှင့်ချီ၍ ကြီးမားသော မရေမတွက်နိုင်သည့် အပြာရောင်ရေခဲစူးချွန်ကြီးများသည် လေဟာနယ်ထဲမှ တိုက်ရိုက်ထိုးထွက်လာပြီးနောက် လျှပ်စီးလက်သကဲ့သို့ အလျင်ဖြင့် ထျန်းယွမ်ဇီဆီထံသို့ ပစ်လွှတ်လိုက်သည်။
အမည်းနှင့်အဖြူရောင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်များသည် ထျန်းယွမ်ဇီ၏ ခန္ဓာကိုယ်မှ အလျင်အမြန် ထွက်ပေါ်လာကာ ကာကွယ်ပေးထားသည့် အမည်းနှင့် အဖြူရောင် အလင်းဒိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဘန်း.... ဘန်း.... ဘန်း....
ရေခဲစူးချွန်ကြီးများက အလင်းဒိုင်းကို ပြင်းထန်စွာ ဝင်ရောက်တိုက်မိသွားကြသည်။ အလင်းဒိုင်းကို အဆက်မပြတ် တုန်ခါသွားစေခဲ့သော်လည်း ဖောက်ထွင်းဝင်ရောက်နိုင်စွမ်း မရှိခဲ့ချေ။
ထိုသည်မှာ ပုံမှန်ပင်။ ယင်းဟွမ်ဟွမ်သည် သံသရာဝင်စားသူတစ်ဦး ဖြစ်နေလျှင်တောင် အပြည့်အဝ နိုးထလာခြင်း မရှိသေးသလို ရေခဲသခင်မ အပြည့်အဝ ဖြစ်မလာသေးပေ။
အချိန်တိုအတွင်း စွမ်းအင်များ ပေါက်ကွဲထွက်လာမှုမှတစ်ဆင့် အံ့မခန်းစွမ်းအားများကို ထုတ်ဖော်နိုင်သော်လည်း ထျန်းယွမ်ဇီကို အမှန်တကယ် အနိုင်ယူနိုင်စွမ်း မရှိသည်မှာ သေချာလှသည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူကလည်း သံသရာအဆင့်သို့ ခြေတစ်လှမ်း ချင်းနင်းဝင်ရောက်နေပြီဖြစ်သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ဦးပင် မဟုတ်ပါလား။
“သံသရာဝင်စားသူတွေက အရမ်းကြောက်စရာကောင်းပေမဲ့ မင်းရဲ့ နိုးထမှုအဆင့်က ငါ့ကို မခြိမ်းခြောက်နိုင်သေးပါဘူး”
ထျန်းယွမ်ဇီ၏ မျက်နှာက ရိုင်းစိုင်းကြမ်းတမ်းနေခဲ့သည်။ မူလစိတ်ဝိညာဏ် ဒဏ်ရာရနေလျှင်ပင် သူ၏ တိုက်ခိုက်ရေးစွမ်းအားက ပြိုင်ဘက်ကို အထင်အမြင်သေးနိုင်ဆဲဖြစ်သည်။
သူ၏ ပတ်လည်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများ လှိုင်းထန်နေသည်ကို မြင်တွေ့လိုက်ရပြီး အချိန်တိုအတွင်း ကြီးမားလှသည့် လက်ဝါးရာကြီးတစ်ခုအဖြစ် စုစည်းသွားကာ ယင်းဟွမ်ဟွမ်ဆီသို့ ပစ်လွှတ်လိုက်သည်။
ယင်းဟွမ်ဟွမ်က ခေါင်းမော့ကာ ကျဆင်းလာသည့် အမည်းနှင့် အဖြူရောင် စွမ်းအင်လက်ဝါးကြီးကို သူမ၏ ရေခဲပြာရောင် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
သူမ၏ ပတ်လည်ရှိ လေဟာနယ်အတွင်း၌ မရေမတွက်နိုင်သော ရေခဲစများနှင့် နှင်းပွင့်များ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
မှုန်ဝါးဝါးဖြင့် မိန်းမပျိုလေးတစ်ဦး၏ ပုံရိပ်က သူမ၏အနောက်ဘက် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
ထိုပုံရိပ်၏ မျက်နှာကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသော်လည်း သူမပေါ်လာချိန်တွင် လောကကြီးတစ်ခုလုံးက ပြင်းထန်လွန်းသော ဆောင်းရာသီသို့ ဝင်ရောက်သွားသည့်အလား ထင်မှတ်ရပေသည်။
ကောင်းကင်ယံတစ်ခွင်လုံး နှင်းပွင့်များ ကျဆင်းလာကာ အောက်ဘက်ရှိ ကမ္ဘာခြားနတ်ဆိုးမြို့တော်ကို ထူထဲသော နှင်းဖြူများ အလျင်အမြန် ဖုံးလွှမ်းသွားခဲ့သည်။
ထိုမိန်းမပျိုလေး၏ ပုံရိပ်က သူမ၏ကျောက်စိမ်းရောင် လက်ကလေးကို မြှောက်လိုက်ပြီး အမည်းနှင့် အဖြူရောင် စွမ်းအင်လက်ဝါးကြီးအပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။
ထိုသန့်စင်လှသော ကျောက်စိမ်းရောင်လက်ကလေးနဲ့ ထိလိုက်သည်နှင့် နှင်းခဲများက အံ့မခန်း မြန်ဆန်သော အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။
အမည်းနှင့် အဖြူရောင် စွမ်းအင်လက်ဝါးကြီးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် နှင်းခဲများဖြင့် ဖုံးလွှမ်းသွားခဲ့ကာ ၎င်းအတွင်းရှိ ကြီးမားကျယ်ပြန့်လှသော ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများလည်း ထိုအေးစက်သော စွမ်းအင်ကြောင့် အေးခဲသွားပြီးနောက် ကွဲအက်သံများ ထွက်ပေါ်လာကာ မြေပြင်အနှံ့ အပိုင်းပိုင်းအစစ ကွဲကြွေကျသွားတော့သည်။
“မင်း ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲ ကြည့်ရသေးတာပေါ့”
ထျန်းယွမ်ဇီ၏ မျက်လုံးများက အနည်းငယ် အေးစက်သွားကာ ယင်းဟွမ်ဟွမ်ကို တိုက်ရိုက်သုတ်သင်ပစ်လိုစိတ်ဖြင့် အစွမ်းထက်လှသော စွမ်းအင်လက်ဝါးများကို အဆက်မပြတ် ပစ်လွှတ်လိုက်သည်။
ယင်းဟွမ်ဟွမ်ကတော့ ဝူယွမ်၏အရှေ့တွင် ခိုင်မြဲစွာ ရပ်တည်နေဆဲပင် ဖြစ်သည်။ နှင်းများနှင့် ရေခဲများက သူမ၏ပတ်လည်တွင် ဝဲလည်နေကာ အဆုံးမရှိသော အေးစက်မှုများက သူမကို ဗဟိုပြု၍ ပျံ့နှံ့ထွက်ပေါ်နေသည်။
သူမ၏ အနောက်ဘက်တွင် ရပ်နေသော ဝူယွမ်သည် ဤအေးစက်မှုကို အများဆုံး ခံစားနေရသော်လည်း ခန္ဓာကိုယ်က အေးစက်နေချိန်တွင် ရင်ထဲ၌မူ နွေးထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
မိမိအရှေ့ရှိ အပြာရောင်ပုံရိပ်လေးကို ကြည့်လိုက်ရင်း ရင်ထဲ အနက်ရှိုင်းဆုံးနေရာမှ မှင်တက်လှိုက်မောမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
‘ဒီကောင်မလေးက အခုထိ ဖြူစင်နေဆဲပဲ၊ အချစ်အတွက် ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်ဘဲ အရာအားလုံးကို စတေးဖို့ ဝန်မလေးပါလား.’
ဝူယွမ်အနေဖြင့် ယခုအချိန်တွင် ယင်းဟွမ်ဟွမ်သည် ရေခဲသခင်မ၏ လွှမ်းမိုးမှုကို ခံနေရခြင်း ဟုတ်မဟုတ် မသိသလို မည်သူ၏ဝိညာဉ်က ကြီးစိုးနေသည်ကိုလည်း မသိချေ။
သို့သော် အချက်တစ်ချက်ကိုတော့ သေချာသိထားသည်။ သူ၏အရှေ့ရှိ မိန်းကလေးသည် ရေခဲသခင်မဖြစ်စေ၊ ယင်းဟွမ်ဟွမ်ဖြစ်စေ သူ့ကို ကာကွယ်လိုသည့် ဆန္ဒက မယုံနိုင်လောက်အောင် ခိုင်မာပြီး တုန်လှုပ်ဖွယ်မရှိပေ။
မိန်းကလေး အမြောက်အမြားထဲတွင် ယင်းဟွမ်ဟွမ်က ဝူယွမ်၏ရင်ထဲ၌ အနက်ရှိုင်းဆုံးသော အထင်အမြင်ကို ချန်ရစ်ထားနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကိုယ့်ချစ်သူကို ကာကွယ်ပေးဆုံး မိန်းကလေးတစ်ဦး ဖြစ်နေသောကြောင့်ပင်။
ယခုအချိန်တွင် ယင်းဟွမ်ဟွမ်သည် သူမ၏အတိတ်ဘဝရော လက်ရှိဘဝကိုပါ အသုံးပြု၍ ဝူယွမ်ကို ကာကွယ်ပေးနေခြင်း ဖြစ်သည်။
ထျန်းယွမ်ဇီ၏ အန္တရာယ်ရှိသော တိုက်ခိုက်မှုကို ရင်ဆိုင်နေရချိန်တွင်ပင် သူမသည် ခြေတစ်လှမ်းမျှ နောက်မဆုတ်ခဲ့ချေ။
ဝူယွမ်တွင် မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းများ ရှိမရှိဆိုသည်ကို သူမမသိချေ။
သို့သော် အန္တရာယ်ရှိလာပါက ဝူယွမ်၏အရှေ့တွင် တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ရပ်ပေးလိမ့်မည်ဖြစ်သည်။
‘ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ဟွမ်ဟွမ်.... အချစ်အတွက်ဆို အသက်ကိုတောင် စွန့်စားရဲတယ်'
“ငါ့ရဲ့ချစ်ရပါသော ဟွမ်ဟွမ်၊ မင်းလေးထိခိုက်နစ်နာရမှာကို ကိုယ်က ဘယ်လိုလုပ် ရက်စက်နိုင်ပါ့မလဲ”
ဝူယွမ်က စိတ်ထဲမှ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ဤအချိန်တွင် အရိုးစူးမတတ် ပြင်းပြသော စိတ်ပိုင်းဖြတ်မှုတစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။
သူ၏ စိတ်အခြေအနေကလည်း ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ဤချစ်စရာကောင်းသော မိန်းကလေးအတွက် မိမိကိုယ်ကို လောင်ကျွမ်းပစ်ရမည်ဆိုလျှင်တောင် သူ နောင်တရမည် မဟုတ်ချေ။
ဤခိုင်မာပြတ်သားလှသော စိတ်အခြေအနေအောက်တွင် ဝူယွမ်သည် အံ့မခန်း အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ ညာလက်ဖြင့် မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို ဆုပ်ကိုင်ထားလိုက်၏။
ဓားက သူ၏တိုက်ခိုက်လိုစိတ်များကို အာရုံခံမိသွားသည့်အလား တဝီဝီ မြည်သံများ ထုတ်လွှင့်ရင်း အနည်းငယ်တုန်ခါနေခဲ့သည်။
သူ၏ စိတ်ထဲတွင် ယခင်က နားလည်ရန်ခက်ခဲပြီး ရှုပ်ထွေးသည်ဟု ခံစားခဲ့ရသော ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်က ရုတ်တရက် ရှင်းလင်းသွားခဲ့သည်။
ချုပ်နှောင်မှုအားလုံးမှ ရုန်းထွက်လွတ်မြောက်သွားသည့် ခံစားချက်မျိုး ပေါက်ကွဲထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများ ဆူပွက်လာတော့သည်။
ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်ကို ထုတ်ဖော်နိုင်မည့် ခံစားချက်ကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
ဝူယွမ် ခြေတစ်လှမ်း လှမ်းလိုက်ကာ အားလပ်နေသော ဘယ်ဘက်လက်ဖြင့် နှင်းခဲများ ဖုံးလွှမ်းနေသည့် ယင်းဟွမ်ဟွမ်ကို ပွေ့ဖက်လိုက်သည်။
"ကိုယ် မင်းနဲ့အတူ တိုက်ခိုက်မယ်"
ဝူယွမ်က သူမ၏ နားနားကပ်ကာ တီးတိုးပြောလိုက်၏။
ရင်ခွင်ထဲတွင် ချစ်စဖွယ်မိန်းကလေးတစ်ဦးကို ပွေ့ဖက်ထားသဖြင့် တိုက်ခိုက်မှုစွမ်းအားက နှစ်ဆ တိုးလာခဲ့ပြီဖြစ်သည်။
ဝူယွမ် ကောင်းကင်ကို အန်တုတော့ပေမည်။