← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 47 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 47 Ch. 461-462

အခန်း (၄၆၁) - ဗလာကျင်းတာအိုဝတ်ရုံ ၊ ရဲတင်းတည်ငြိမ်သော လူငယ်ကျွမ်းကျင်သူ ၊ ဗုဒ္ဓဘာသာ၏ နတ်မျက်စိ

အမှန်တကယ်တော့ ကျွေ့ဟွာ မပြောဘဲ ချန်ထားခဲ့သည့် အချက်တစ်ချက် ရှိသေးသည်။

သူမ လူသွင်ပြင် ပြောင်းလဲနိုင်ခြင်းမှာ ဘဝသစ်ကို ပြန်လည်ရရှိခြင်းနှင့် တူညီပြီး သွေးမျိုးဆက်၏ အကန့်အသတ်များကို ကျော်ဖြတ်ကာ သက်တမ်းကိုလည်း တိုးမြှင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ကျင့်ကြံမှု အကန့်အသတ် မြင့်တက်သွားခြင်းဖြစ်ပြီး သက်တမ်းမှာလည်း အစမှ ပြန်လည်ရေတွက်ကာ ကျင့်ကြံခြင်း ပါရမီနှင့် အရှိန်အဟုန်တို့မှာလည်း ပိုမိုကောင်းမွန်လာခဲ့သည်။

ထို့ပြင် အစောပိုင်းကာလ ကျင့်ကြံခြင်းမှာ အသစ်လေ့ကျင့်နေရခြင်း မဟုတ်ဘဲ မူလအစွမ်းများကို ပြန်လည်ဆယ်ယူနေရခြင်းသာ ဖြစ်သည်။

သို့သော် သူမကတော့ လောလောဆယ်တွင် ထိုအချက်ကို ထုတ်မပြောသေးဘဲ အချိန်တန်မှ တစ်ချက်တည်းနှင့် အစွမ်းပြ ရန် ကြံစည်ထားသည်။

တောနက်ထဲတွင် လောကီနှင့် အဆက်ဖြတ်ကာ ကျင့်ကြံခဲ့သည့် မိစ္ဆာကြီးတစ်ကောင်၊ တောင်စောင့်နတ်ဘုရား ရာထူးကို ရယူထားသည့် အစွမ်းထက်လှသော မိခင်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဖခင်တို့ ရှိထားသည့်သူ ဖြစ်သော်လည်း... ယခု ချင်းယွန်းကျောင်းတွင် အတန်ကြာ နေထိုင်ပြီးနောက်တွင်မူ အစွမ်းပြရသည်ကို ဝါသနာပါလာခဲ့ချေပြီ ထိုသည်မှာ ကျောင်းတော်၏ အနေအထား ကြောင့်လား သို့မဟုတ် အတူနေသူ၏ စရိုက်ကြောင့်လား ဆိုသည်ကိုမူ မသိနိုင်ချေ။

ချင်းယွန်းကျောင်းထဲတွင် အမျိုးသမီး အဝတ်အစားများ မရှိပေ။

တာအိုကျောင်းတစ်ခုတွင် ထိုကဲ့သို့သော အရာများ မည်သို့ ရှိနေပါမည်နည်း။

ကျွေ့ဟွာမှာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း တာအိုမယ်နှင့် လုံးဝမတူဘဲ ဝတ်စုံဆင်ယင် ကစားနေသူ နှင့်သာ တူနေသည်။

မည်သည့် တာအိုမယ်က ဝတ်ရုံအောက်တွင် ဘာမှမဝတ်ဘဲ နေပါမည်နည်း။

ဘာမှမတတ်နိုင်သဖြင့် လီယန်ချူသည် မြို့ထဲသို့ သွားကာ သူမအတွက် အဝတ်အစား နှစ်စုံ ဝယ်ပေးလိုက်ရတော့သည်။

ဒီလိုမှန်းသိရင် ငါ သူမကို ဗောဓိဆေးလုံး မပေးခဲ့ပါဘူး ဟု လီယန်ချူ စိတ်ထဲမှ တွေးနေမိသည်။

အရာအားလုံး စီစဉ်ပြီးနောက်တွင်မူ ကျောက်ချန်း ရောက်ရှိလာသည်။

သူနှင့်အတူ ကိုယ်လုံးကိုယ်ပေါက် သန်မာထွားကျိုင်းသည့် ဘုန်းကြီးလူငယ်တစ်ပါးလည်း ပါလာသည်။

"ကျိချင်းဆရာကြီး... ဒါကတော့ ချင်းယွန်းကျောင်းက လီတာအိုဆရာပါ။ အခု လျူမျိုးနွယ် ကို သွားတဲ့အခါ လီတာအိုဆရာကလည်း တစ်တပ်တစ်အား ကူညီပေးပါလိမ့်မယ်"

ထိုဘုန်းကြီးလူငယ်မှာ မျက်လုံးအစုံ၌ ထူးကဲသော အလင်းများ တောက်ပနေပြီး ရဲရင့်သော ရုပ်ရည်ရှိသည်။

သူက လီယန်ချူကို လက်အုပ်ချီနှုတ်ဆက်လိုက်သည်။

ကျောက်ချန်းက နှစ်ဖက်စလုံးကို မိတ်ဆက်ပေးလိုက်သဖြင့် သူတို့နှစ်ဦး ရင်းနှီးသွားကြသည်။

ရှေးယခင်ကတည်းက ဗုဒ္ဓဘာသာနှင့် တာအိုဘာသာမှာ သိပ်မတည့်ကြသော်လည်း ဤကျိချင်းဘုန်းကြီးမှာမူ ရန်လိုမှု တစ်စက်မျှ မရှိချေ။

သူသည် မြောက်ဖုံးနယ်မှ သာမန်ဘုန်းကြီးကျောင်းငယ်လေးတစ်ခုမှ လာသူ ဖြစ်သည်။

ကျောင်းငယ်လေးမှ ဖြစ်သော်လည်း သူ့ကို အလေးထားရခြင်း အကြောင်းရင်းမှာ ရိုးရှင်းပါသည်။

တိုက်နိုင်ခိုက်နိုင်သောကြောင့် ပင် အလွန်တရာ တိုက်နိုင်ခိုက်နိုင်သူ ဖြစ်သည်။

မြောက်ဖုံးနယ်၏ ကျင့်ကြံခြင်းလောကတွင် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ မိစ္ဆာများကို နှိမ်နင်းရင်း နာမည်ကျော်ကြားလာသူ ဖြစ်သည်။

"လီတာအိုဆရာ... အစွမ်းအစရှိတဲ့ ထူးခြားတဲ့ လူတစ်ယောက်လည်း လျူမျိုးနွယ် မျိုးနွယ်ဝတ်ပြုကျောင်း ကို အတူတူ သွားဖို့ ရှိပါသေးတယ်၊ သူ အခုပဲ ရောက်လာတော့မှာပါ"

ဟု ကျောက်ချန်းက ဆိုသည်။

ကျောက်ချန်းမှာ လူခေါ်ကောင်းသူ ဖြစ်သည်ဟု ဆိုရမည်။

လီယန်ချူ ခေါင်းမော့ကြည့်လိုက်စဉ်မှာပင် သူဌေးသား လူငယ်လေးတစ်ဦး ရောက်လာသည်။

ရုပ်ရည်က ချောမောသော်လည်း ကြည့်ရသည်မှာ အနည်းငယ် အားနည်း နေပုံရသည်။

"ဟော"

"အမလေး"

ထိုလူငယ်လေးက အလန့်တကြား အော်ဟစ်လိုက်ပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြေးလာတော့သည်။

"ချောင်ချောင် တာအိုဆရာကြီး"

"နောက်ဆုံးတော့ ကျနော် ခင်ဗျားကို ရှာတွေ့ပြီ"

လီယန်ချူ၏ နှုတ်ခမ်းထောင့်များ တွန့်သွားရသည်။

ဒါ ကျန်းဝေ မဟုတ်ပါလား ဒီကောင်ကလည်း ကျွမ်းကျင်သူတဲ့လား

"လီတာအိုဆရာ... ခင်ဗျားတို့ သိကြတာလား "

ကျောက်ချန်းမှာ အံ့ဩသွားရသည်။

ထိုကျန်းသခင်လေးမှာ နောက်ခံအင်အား အလွန်ကြီးပုံရသည်။

တရားလွှတ်တော်ချုပ် မှ ကျင့်ကြံသူများပင် သူနှင့်ပတ်သက်လျှင် လျှို့ဝှက်ချက်များစွာ ရှိနေတတ်သည်။

ယခု ကျန်းဝေ လာမည်ဟု ကြားသောအခါ လူထပ်မလွှတ်တော့ဘဲ နေကြသည်။

ထို့ပြင် ကျန်းဝေ၏ အေးစက်စက်နှင့် မာနကြီးသော အမူအရာမှာ တကယ့်ကို လူငယ်ကျွမ်းကျင်သူ စစ်စစ်ကြီး တစ်ဦးကဲ့သို့ပင် လူကတော့ အရှိန်အဝါ အပြည့်ပင်။

လီယန်ချူက ခေါင်းညိတ်ပြကာ

"တွေ့ဖူးပါတယ်" ဟု ဆိုသည်။

"တွေ့ဖူးရုံတင် ဘယ်ကမလဲဗျာ၊ ကျနော် က စီနီယာကြီးရဲ့ ခြေတော်ရင်းမှာ ခွေးတစ်ကောင်လိုတောင် ခစားချင်နေတာ "

ကျန်းဝေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဤကဲ့သို့သော အကြီးအကဲမျိုးရှေ့တွင် ဓားကိုင်ပေးရသည့် ကလေးတစ်ယောက် အဖြစ် နေရလျှင်ပင် အမြတ်ပင် မဟုတ်ပါလား။

လီယန်ချူက ဘာမှမပြောဘဲ ပြုံးနေမိသည်။

ဤကောင်၏ စရိုက်မှာ တကယ့်ကို ပေါ့ပျက်ပျက်နိုင်လှသည်။

ပိုင်ကြီး နှင့်ပင် တူနေသေးတော့သည်။

ပိုင်ကြီး ကို သတိရမိသောအခါ သူနှင့်အတူ လေပေါခဲ့သည့် နေ့ရက်များကို လွမ်းဆွတ်မိသွားသည်။

ကျန်းဝေမှာမူ သူ လေးစားရသော စီနီယာ ချောင်ချောင်က တခြားလူတစ်ယောက်အကြောင်း တွေးနေသည်ကို မသိချေ။

သိလျှင်ပင် သူ ဂရုစိုက်မည် မဟုတ်ပါ။

စီနီယာသာ ကြိုက်မည်ဆိုလျှင် သူက ဘာမဆို ဖြစ်ပေးရန် အဆင်သင့်ပင်။

"စီနီယာ ချောင်ချောင်... ဟိုတစ်ခါက ကျနော်အိမ်ကို ဧည့်သည်အဖြစ် ကြွဖို့ ဖိတ်ခဲ့တာလေ..."

ကျန်းဝေက သတိထားကာ မေးလိုက်သည်။

"နောက်တစ်ခါပေါ့" လီယန်ချူက ဖြေသည်။

ကျန်းဝေသည် သူ၏ ဒုတိယအစ်မအကြောင်းကို မိတ်ဆက်ပေးချင်သော်လည်း ထိုနေရာ၌ ပြင်ပလူများ များနေသဖြင့် အဆင်မပြေနိုင်ဟု တွေးကာ ခေါင်းသာ ညိတ်လိုက်တော့သည်။

"ချောင်ချောင်" ကျောက်ချန်းမှာ အံ့ဩသွားသည်။

လီတာအိုဆရာ၏ ဘွဲ့အမည်မှာ ချောင်ချောင် တဲ့လား ဤအမည်က ကျောက်ချန်းအား တစ်မျိုးတစ်ဖုံ စွမ်းအားရှိသော ခံစားချက်မျိုး ပေးစွမ်းနေသည်။

ကျိချင်းဘုန်းကြီးမှာမူ လီယန်ချူကို အံ့ဩတကြီး ကြည့်နေမိသည်။

ထိုကျန်းဝေမှာ ငယ်ရွယ်ပြီး နုံးချည့်နေပုံရသော်လည်း သူ၏ ကျင့်စဉ်စွမ်းအား မှာမူ အလွန်ထူထဲ ပြင်းထန်လှသည်။

အင်အားကြီး ဂိုဏ်းကြီးများမှ ထွက်လာသည့် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သိသာလှသည်။

ဤကဲ့သို့သော သူများသည် မာနကြီးတတ်ကြသော်လည်း ယခု လီတာအိုဆရာရှေ့တွင်မူ ခြေတော်ရင်း၌ ခွေးတစ်ကောင်လို ခစားချင်သည်ဟု ဆိုနေသည်မှာ...

ဒီလီတာအိုဆရာက ဘယ်လို နတ်ဘုရားမျိုးလဲ။

ကျိချင်းဘုန်းကြီးမှာ အံ့ဩနေမိသည်။

သူ၏ ဆရာတူဂိုဏ်းမှာ မထင်ရှားသဖြင့် သူသည် ကျင့်ကြံခြင်းလောက၏ နောက်ဆုံးရ သတင်းအချက်အလက်များကို ရရှိရန် ခဲယဉ်းလှသည်။

သူတို့ လေးဦးသည် ကျယ်ဝန်းသော မြင်းရထားတစ်စီးကို စီးနင်းကာ လျူမျိုးနွယ် သို့ လျှင်မြန်စွာ ရောက်ရှိလာကြသည်။

နေ့ခင်းကြောင်တောင် အချိန်ဖြစ်သော်လည်း ဤမျိုးနွယ်ဝတ်ပြုကျောင်း မှာ ကြက်သီးထစရာကောင်းလောက်အောင် အေးစိမ့်ယုတ်မာသော အငွေ့အသက်များကို ပေးစွမ်းနေဆဲပင်။

"ဒီနေရာကတော့ သရဲခြောက်နေတဲ့ မျိုးနွယ်ဝတ်ပြုကျောင်း ပါပဲ၊ ကျင့်ကြံသူ သုံးဦးတောင် ပျောက်ဆုံးသွားခဲ့ပါပြီ။တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် အဲဒီသုံးယောက်ကို ကယ်ထုတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ဟု ကျောက်ချန်းက ဆိုသည်။

သူသည် ဤကျင့်ကြံသူများကို အလေးထားသူ ဖြစ်သည်။

ထိုသို့ ပြောဆိုပုံမှာ အနည်းငယ် စိတ်နုရာ ရောက်သော်လည်း လူကို စိတ်မပျက်စေပေ။

"စိတ်ချပါ အရာရှိမင်း... ကျနော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်"

ဟု ကျိချင်းဘုန်းကြီးက လေးနက်စွာ ဆိုသည်။

သူ၏ အသံမှာ ပြတ်သားပြီး ခွန်အားပါသည်။

ပြည့်တန်ဆာအိမ်တော်ထဲသို့ ကိုယ်ယောင်ဖျောက် ဝင်ရောက်နိုင်သည့် ထိုဘုန်းကြီးလူငယ်မှာ ရန်ငြိုးရန်စများကို မုန်းတီးပြီး မတရားမှုကို ခွင့်မလွှတ်တတ်သည့် ပုံစံမျိုး ရှိသည်။

တကယ့်ကို ကြမ်းကြုတ်သည့် အသွင်ပင်

လီယန်ချူက ကျောက်ချန်းကို တစ်ချက် ကြည့်လိုက်ရာ ကျောက်ချန်းမှာ နားလည်မှုရှိစွာဖြင့် ထွက်ခွာသွားတော့သည်။

သူသည် ဓားအရှိန်အဝါ ကို ထုတ်လွှတ်ကာ အဝေးမှ လူကို ဒဏ်ရာရစေနိုင်သည့် သိုင်းပညာရှင် ဖြစ်သော်လည်း ဝိညာဉ်ဆိုးများနှင့် မိစ္ဆာများကို ရင်ဆိုင်ရာတွင်မူ အားနည်းချက် ရှိသည်။

အထူးသဖြင့် ဆန်းကြယ်လှသော မိစ္ဆာအတတ်များကို ရင်ဆိုင်ရန်မှာ ခက်ခဲလှသည်။

ကျိချင်းဘုန်းကြီးသည် ဟောင်းနွမ်းပျက်စီးနေသော မျိုးနွယ်ဝတ်ပြုကျောင်းထဲသို့ အရှိန်အဟုန်ဖြင့် လှမ်းဝင်သွားပြီး လီယန်ချူနှင့် ကျန်းဝေတို့က နောက်မှ ကပ်လိုက်သွားကြသည်။

ဝတ်ပြုကျောင်းထဲတွင် ပုပ်စပ်စပ် အနံ့အသက်များ ရှိနေသော်လည်း ရှေ့တံခါးမှ ဝင်လာသည့် တစ်လျှောက်တွင် မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရချေ။

ကျိချင်းဘုန်းကြီး၏ မျက်လုံးအစုံမှာ ရွှေဝါရောင် တောက်ပလာပြီး တစ်စုံတစ်ခုကို မနားတမ်း ရှာဖွေနေသည်။

ထိုဘုန်းကြီး၏ ဗုဒ္ဓဘာသာ နတ်မျက်စိအဘိညာဉ် မှာ အလွန်ပင် အစွမ်းထက်လှသည်။

မကြာမီမှာပင် သူက သဲလွန်စကို ရှာတွေ့သွားတော့သည်။

"လျူမျိုးနွယ် ဝတ်ပြုကျောင်းထဲမှာ လူတွေ ဘာလို့ ပျောက်ကုန်သလဲဆိုတာ သိပြီ၊ ဒီနေရာက ယင်နဲ့ယန် တိုက်ရိုက်ပဋိပက္ခဖြစ်နေတဲ့ အလွန်ယုတ်မာတဲ့ နေရာပဲ"

ဟု ကျိချင်းဘုန်းကြီးက ဆိုသည်။

"ယင်ယန် တိုက်ရိုက်ပဋိပက္ခ "

ကျန်းဝေမှာ မူလက ဂရုမစိုက်သော်လည်း ဤစကားကို ကြားသောအခါ ရုတ်တရက် သတိရှိသွားသည်။

ကျိချင်းဘုန်းကြီးက ခေါင်းညိတ်ကာ

"ကျနော် ခန့်မှန်းရသလောက်တော့ ဒီနေရာက ဝိညာဉ်နယ်မြေ ထဲကို ဝင်တဲ့ အပေါက်ပဲ၊ ပျောက်ဆုံးသွားတဲ့ ဘုန်းကြီးတွေနဲ့ တာအိုဆရာတွေဟာ အဲဒီ ဝိညာဉ်နယ်မြေထဲမှာ ပိတ်မိနေတာ ဖြစ်ရမယ်"

သူသည် ရင်ဘတ်ထဲမှ သစ်သားငါး တစ်ခုကို ထုတ်ယူလိုက်ပြီး

"ထူးခြားတဲ့ နည်းလမ်းမရှိရင် ဝိညာဉ်နယ်မြေ အဝင်ဝကို ရှာလို့မရဘူး၊ ဝိညာဉ်နယ်မြေက ကျနော်တို့ကို ဝါးမြိုတာကိုပဲ ထိုင်စောင့်နေရလိမ့်မယ်"

ဟု တိုးတိုးဆိုသည်။

ဒုတိယနည်းလမ်းမှာ အချိန်ကြာမြင့်မည်ဖြစ်ပြီး ဝိညာဉ်နယ်မြေထဲတွင် ပိတ်မိနေသော လူသုံးဦးမှာ အမှန်တကယ်ပင် အသက်ပျောက်သွားနိုင်ပေသည်။

တောက် တောက် တောက်

ကျိချင်းဘုန်းကြီးသည် ခေါင်းငုံ့ကာ သစ်သားငါးကို ခေါက်လိုက်ရာ မမြင်ရသော လှိုင်းလုံးများမှာ အပြင်ဘက်သို့ အလွှာလိုက် ပျံ့နှံ့သွားတော့သည်။

ထိုသန်မာသော ဘုန်းကြီးလူငယ်မှာ ကျမ်းစာများကို ကျယ်လောင်စွာ ရွတ်ဆိုနေသည်။

တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးများမှာ ပိုမိုတောက်ပလာပြီး ရွှေရောင်အလင်းတန်းများမှာ သူ၏ မျက်လုံးများအတွင်းမှ ထွက်ပေါ်လာတော့သည်။

သူ၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့အတွင်း၌ ရွှေရောင်အလင်းစုများ ရှိနေသကဲ့သို့ပင်။

ရုတ်တရက်

ကျိချင်းဘုန်းကြီးသည် တစ်နေရာသို့ စိုက်ကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်တော့သည်။

"ဒီနေရာမှာပဲ"

"ဗုဒ္ဓတရားတော်သည် အတိုင်းအဆမရှိ"

သူ၏ မျက်လုံးအစုံအတွင်းမှ ဗုဒ္ဓအလင်းတန်း တစ်ခု ထွက်ပေါ်လာတော့သည်။

ဒိုင်း

မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်၏ မြင်ကွင်းများမှာ ရုတ်တရက် လိမ်ရှုံ့သွားတော့သည်။

အခန်း (၄၆၂) - ဒီဘုန်းကြီးကတော့ အတန်အသင့် အစွမ်းရှိသားပဲ ၊ သွေးလမင်းအောက်က လျှို့ဝှက်ဆန်းကြယ်မြို့ကလေး ၊ အိမ်မက်ဟင်းလင်းပြင်

ထိုမြင်ကွင်းအတွင်း၌ ဟာလာဟင်းလင်းဖြစ်နေသော ကွက်လပ်တစ်ခု ထွက်ပေါ်လာသည်။

ကျိချင်းဘုန်းကြီးမှာ ယခုအခါ ဗုဒ္ဓအလင်းတန်းများ ဝန်းရံထားလျက် ငယ်ရွယ်သော်လည်း တကယ်ပင် တရားရရဟန်းမြတ်တစ်ပါး၏ အသွင်မျိုး ပေါက်နေတော့သည်။

သူသည် မိမိ၏ ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့် လျူမျိုးနွယ်ဝတ်ပြုကျောင်း ဝိညာဉ်နယ်မြေ၏ အဝင်ဝကို အတင်းအကျပ် ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်။

ဒီဘုန်းကြီးကတော့ အတန်အသင့် အစွမ်းရှိသားပဲ ဟု လီယန်ချူ စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။

ကျိချင်းဘုန်းကြီးသည် ထိုဟင်းလင်းပြင်ကွက်လပ်ထဲသို့ အရှိန်အဟုန်ဖြင့် လှမ်းဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။

လီယန်ချူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ၎င်းနောက်မှ ကပ်၍ လိုက်သွားခဲ့သည်။

ဒါက ယင်ယန်တိုက်ရိုက်ပဋိပက္ခဖြစ်နေတဲ့ အန္တရာယ်ရှိတဲ့နေရာပဲ... ကျန်းဝေ၏ မျက်နှာမှာ လေးနက်သွားကာ အလောတကြီး အော်ပြောလိုက်သည်။

"စီနီယာ... ကျနော့်ကို စောင့်ပါဦး "

သူတို့သုံးဦး ဝင်သွားပြီးနောက်တွင်မူ ထိုဟင်းလင်းပြင်ကွက်လပ်မှာ တဖြည်းဖြည်းနှင့် မူလအတိုင်း ပြန်ဖြစ်သွားပြီး ပတ်ဝန်းကျင်၏ လိမ်ရှုံ့နေသော မြင်ကွင်းများလည်း ပျောက်ကွယ်သွားတော့သည်။

ခုနကဖြစ်ပျက်ခဲ့သမျှမှာ ထင်ယောင်ထင်မှားများသဖွယ်ပင်။

ကောင်းကင်ယံမှာ မှင်ရည်ကဲ့သို့ မည်းမှောင်နေပြီး သွေးရောင်လမင်းတစ်စင်းမှာ ကောင်းကင်ထက်၌ မြင့်မားစွာ ချိတ်ဆွဲထားသည်။

ထိုစူးရှသော သွေးနီရောင်မှာ ကြည့်ရသူကို ကြက်သီးထစေလောက်သည်။

လီယန်ချူမှာ ကြောင်အသွားရသည်။

ဤနေရာမှာ တကယ့်ကို တခြားကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲသွားခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။

ယခုအခါ သူသည် သာမန်မြို့ကလေးတစ်မြို့ထဲသို့ ရောက်ရှိနေခြင်းပင်။

လှမ်းကြည့်လိုက်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမည်းရောင်သမ်းနေပြီး ပုံသဏ္ဌာန်မကွဲပြားသော တောနက်ကြီးများနှင့် တောင်တန်းများက ဝန်းရံထားသည်။

အလွန်တရာ ဆိတ်ငြိမ်အေးစိမ့်လှပြီး လူကို ဝါးမြိုမည့် ထိတ်လန့်စရာ အရာတစ်ခုခု ပုန်းအောင်းနေသကဲ့သို့ပင်။

ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ သာမန်အရပ်သားနေအိမ်များသာဖြစ်ပြီး အလွန်ပင် ရိုးရှင်းလှသည်။

ကြည့်ရသည်မှာ သာမန်မြို့ကလေးတစ်မြို့နှင့် တူနေသည်။

လီယန်ချူ၏ မျက်လုံးများထဲတွင် စဉ်းစားဆင်ခြင်နေသော အရိပ်အယောင်များ ပေါ်လာပြီး အတွေးပေါင်းများစွာမှာ ဦးနှောက်ထဲတွင် ဖြတ်သန်းသွားတော့သည်။

သူသည် ဤမြို့ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သာမန်လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ချေပြီ။

တစ်ကိုယ်လုံးရှိ ပြင်းထန်လှသော သွေးချီစွမ်းအင်များနှင့် ထူထဲသော ကျင့်စဉ်စွမ်းအားများမှာ လုံးဝကွယ်ပျောက်သွားသည်။

ယင်ဝိညာဥ် အထွတ်အထိပ် အဆင့်ရှိသော ကျင့်ကြံမှုလည်း မရှိတော့ဘဲ ဝိညာဉ် မှာလည်း သာမန်လူတစ်ယောက်နှင့် ဘာမှမခြားတော့ပေ။

ဒီနေရာက စိတ်ဝင်စားဖို့ ကောင်းသားပဲ ဟု လီယန်ချူ စိတ်ထဲမှ ဆိုလိုက်သည်။

သူသည် အတွေးမျိုးစုံကို ပြန်လည်စုစည်းကာ ဤနေရာမှာ အိမ်မက်ဟင်းလင်းပြင် သို့မဟုတ် မိမိကိုယ်ပိုင် စည်းမျဉ်းများရှိသည့် ထူးခြားသော နယ်မြေတစ်ခုဖြစ်ကြောင်း လျင်မြန်စွာပင် ဆုံးဖြတ်လိုက်သည်။

ထိုနယ်မြေထဲသို့ ဝင်လာသူတိုင်းမှာ ဤစည်းမျဉ်းများ၏ ချည်နှောင်မှုကို ခံရမည်သာ ဖြစ်သည်။

သူသည် သူ၏ ဝိညာဉ်အတွင်းရှိ ခရမ်းရွှေရောင်စွမ်းအင် နှင့် လျှို့ဝှက်ဆန်းကြယ်သော မီးနတ်ဘုရားဂါထာတော် တို့ကို ဆက်သွယ်ရန် ကြိုးစားကြည့်ရာ ဆက်သွယ်မှု ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုမျှမကသေး...

သူ့ကိုယ်ပေါ်တွင် မည်သည့်ပစ္စည်းမှ မပါတော့ဘဲ ကျန့်ကျောင်းဓား နှင့် ရှစ်ခွင်မှန် တို့လည်း ပျောက်ကွယ်သွားသော်လည်း၊ သူ၏ အာရုံထဲတွင်မူ ထိုနတ်လက်နက်များအားလုံးမှာ သူ၏ အသိစိတ်အာရုံ ထဲတွင် ရှိနေကြောင်း တစ်ခဏချင်းမှာပင် သိလိုက်ရသည်။

ဓားသွားမှာ ချောမွေ့လှပပြီး တန်ခေတ်ဓား ပုံစံရှိသော ကျန့်ကျောင်းဓား

ဖြူလွလွအလင်းများ တောက်ပနေသော ရှစ်ခွင်မှန်

ဆုတောင်းမေတ္တာပို့သရာတွင် သုံးသော ဒိုချန်ပုတီးစေ့ နှင့်အစီရင်ဝတ်စုံ တို့မှာ အသိစိတ်ထဲတွင် ငြိမ်သက်စွာ လွင့်မျောနေကြသည်။

ထို့ပြင် ရှေးဟောင်း တံဆိပ်တော် တစ်ခုနှင့် လိမ္မော်ဝါရောင် အလံတော် တစ်ခုလည်း ရှိနေသေးသည်။

သူသည် စိတ်ကို တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ဤအစွမ်းထက်လှသော နတ်လက်နက်များကို အချိန်မရွေး အသုံးပြုနိုင်ကြောင်း ခံစားမိသည်။

ထိုသို့ အသုံးပြုလိုက်သည်နှင့် သူ၏ကိုယ်ပေါ်ရှိ ချည်နှောင်မှုများကို ဖြိုခွဲကာ ဤနေရာမှ ထွက်ခွာနိုင်မည်ဖြစ်သည်။

ဒီနေရာရဲ့ ကန့်သတ်ချက်က သိပ်မကြီးလှပါဘူး

ဟု လီယန်ချူ စိတ်ထဲမှ တွေးလိုက်သည်။

သူသည် ထိုအစွမ်းထက်နတ်လက်နက်များကို အသုံးပြုရန် မရည်ရွယ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုလက်နက်များကို သုံးလိုက်သည်နှင့် ဤနေရာမှ ပြန်လည်လွတ်မြောက်နိုင်သော်လည်း၊ ဤထူးဆန်းသော ဟင်းလင်းပြင်ထဲသို့ ထပ်မံဝင်ရောက်နိုင်တော့မည် မဟုတ်ကြောင်း စိတ်ထဲမှ ခံစားမိနေသောကြောင့်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အချိန်မရွေး ထွက်ခွာနိုင်မည့် အစွမ်းထက် ဝှက်ဖဲများ ရှိနေသဖြင့် လီယန်ချူမှာ မထိတ်လန့်တော့ဘဲ ပန်းပဲဖိုတစ်ခုကို ရွေးချယ်ကာ ဝင်သွားလိုက်သည်။

တိတ်ဆိတ်ခြောက်ကပ်နေသော လမ်းမပေါ်တွင် လူတစ်ယောက်မျှ မရှိဘဲ ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေသည်။

လီယန်ချူသည် တည်ငြိမ်သော မျက်နှာထားဖြင့် ပန်းပဲဖိုတံခါးကို တွန်းဖွင့်ကာ ဖြည်းဖြည်းချင်း ဝင်သွားသည်။

အမှန်တကယ်တွင်မူ သူ၏ ခန့်မှန်းချက်မှာ အများအားဖြင့် မှန်ကန်နေသည်။

ဤနေရာမှာ သာမန်ဝိညာဉ်နယ်မြေ မဟုတ်ဘဲ အိမ်မက်ဟင်းလင်းပြင်တစ်ခု ဖြစ်သည်။

မည်သူမဆို ဝင်လာခဲ့လျှင် အလွယ်တကူ ပြန်ထွက်သွားနိုင်ရန် ခဲယဉ်းပြီး မိမိ၏ စွမ်းရည်များကိုလည်း မသုံးနိုင်ပေ၊ ယခင်က ပါလာသော လက်နက်ကိရိယာများကိုလည်း ပြောမနေပါနှင့်တော့။

ဘာမှမတတ်နိုင်ပေ...

လီယန်ချူ၏ ကိုယ်ပေါ်တွင်ပါလာသော နတ်လက်နက်များက အလွန်ပင် အစွမ်းထက်လွန်းလှသည် မဟုတ်ပါလား။

ထိုက်ရှန်းဖူကျွင်းတံဆိပ် ကို မပြောနှင့်ဦး၊ ရှင်းဟွမ်အလံတော်မှာလည်း နတ်အဆင့်လက်နက်ဖြစ်သည်။

ကျန့်ကျောင်းဓား၊ ရှစ်ခွင်မှန် ၊ဒိုချန်ပုတီးစေ့ နှင့် အစီရင်ဝတ်စုံ တို့မှာလည်း မိမိကိုယ်ပိုင် အသိစိတ်ရှိကြသော ကုသိုလ်တစ်သိန်းတန် နတ်လက်နက်များ ဖြစ်ကြသည်။

ခရမ်းရွှေရောင်စွမ်းအင်နှင့် မီးနတ်ဘုရားဂါထာတော် တို့မှာလည်း နတ်ဘုရားတို့၏ အမွေအနှစ်များပင် ထိုအရာများ၏ အဆင့်အတန်းမှာ မြင့်မားလွန်းလှသဖြင့် ဤဝိညာဉ်နယ်မြေက ဖိနှိပ်ထားရန် မစွမ်းသာချေ။

ထို့ကြောင့်ပင် ဤထူးခြားသော အခြေအနေ ဖြစ်ပေါ်လာရခြင်းပင်။

ကြည့်ရသည်မှာ အလွန်ပင် အန္တရာယ်ကြီးသော်လည်း အမှန်တကယ်တွင်မူ သူသည် အချိန်မရွေး ထွက်ခွာနိုင်သည်။

သူသည် ပန်းပဲဖိုထဲသို့ ရောက်သောအခါ အတွင်းရှိ မီးဖိုမှာ ငြိမ်းမသွားသေးသော်လည်း လူအရိပ်အယောင်တော့ မရှိပေ။

သူသည် ကောင်းကောင်းမွန်မွန် ပြုလုပ်ထားသော လက်နက်တစ်ခုခုကို ရွေးချယ်လိုသည်။

အကြောင်းမှာ ယခုလက်ရှိ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူထက် အနည်းငယ်သာ ပိုကောင်းသဖြင့်၊ မိမိကိုယ်ကို ကာကွယ်ရန် လက်နက်နှစ်ခုလောက် ရွေးချယ်ထားခြင်းက ထိုအိမ်မက်ကမ္ဘာထဲတွင် ရှင်သန်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

သို့သော် သူ အံ့ဩသွားရသည်မှာ ဤမြို့ကလေးရှိ ပန်းပဲဖိုထဲတွင် တိုက်ခိုက်ရေးလက်နက် တစ်ခုမျှ မရှိခြင်းပင်။

ပေါက်တူး၊ တံစဉ်၊ ဓားမ၊ သံအိုး...

သူ ကြည့်လိုက်ရာ အများစုမှာ မပြီးပြတ်သေးသော ပစ္စည်းများသာ ဖြစ်နေသည်။

နောက်ဆုံးတွင်မူ လီယန်ချူသည် ထက်မြက်သော ဓားမ တစ်ချောင်းကို ရွေးချယ်ကာ ခါးနောက်တွင် ထိုးလိုက်သည်။

"ဒီအိမ်မက်ဟင်းလင်းပြင်ထဲက မြို့ကလေးက ယုတ္တိဗေဒကို အရမ်းကို အလေးထားတာပဲလား "

"မြို့ကလေးရဲ့ ပန်းပဲဖိုမှာ တိုက်ခိုက်ရေးလက်နက် တစ်ခုမှ မရှိဘူးပေါ့"

လီယန်ချူက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

ဓားမတစ်ချောင်းတည်းနှင့် သူ အားမရသဖြင့် ပန်းပဲဆရာ၏ သံတူကြီး ကိုပါ ထမ်းသွားလိုက်တော့သည်။

ဤအရာမှာ အလေးချိန် စီးလှသဖြင့် ထိုအလေးချိန်နှင့်ပင် တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ...

သွေးလမင်း ဝန်းရံထားသော မြို့ကလေးထဲတွင် တာအိုဆရာ လူငယ်တစ်ဦးမှာ သံတူကြီးတစ်လုံးကို ထမ်းလျက် လမ်းမပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေတော့သည်။

ခါးနောက်တွင်လည်း ဓားမတစ်ချောင်း ထိုးထားသေးသည်။

ဤပုံစံမှာ အလွန်ပင် ကွဲလွဲနေသော်လည်း လီယန်ချူက ရုပ်ရည်ချောမောနေသဖြင့် ကြည့်ကောင်းနေပြန်သည်။

သူ၏ မျက်နှာမှာ ထင်းထင်းရှားရှားနှင့် ယောက်ျားပီသကာ၊ ပုခုံးကျယ်၍ ခါးသေးသည်။

အရပ်ရှည်ရှည် ချောချောမောမောပင်။

သူသည် ခြေတံရှည်ကြီးများဖြင့် လမ်းမပေါ်တွင် လျှောက်လှမ်းရင်း ဘေးပတ်ဝန်းကျင်ရှိ အေးစိမ့်သော အငွေ့အသက်များကို ခံစားကြည့်ရာ တစ်မျိုးတစ်ဖုံ ဆန်းသစ်နေသည်ဟု ခံစားရသည်။

သူ လမ်းပေါ်တွင် လျှောက်သွားနေခြင်းမှာ ထိုအိမ်မက်ဟင်းလင်းပြင်ထဲသို့ ဝင်လာကြသည့် တခြားလူများကို ရှာဖွေလိုသောကြောင့် ဖြစ်သည်။

ကိုယ်လုံးကိုယ်ပေါက် သန်မာသည့် ကျိချင်းဘုန်းကြီးနှင့် ကျင့်ကြံသူမိသားစုမှ ကျန်းဝေ... သူတို့ ယခု ဘယ်လိုနေကြမည်ကို မသိပေ။

ရုတ်တရက်

လီယန်ချူ ခြေလှမ်းတန့်သွားသည်။

သူသည် ငွေစက္ကူ ၊ အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ရောင်းသည့် ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်သွားပြီး မျက်လုံးများမှာ မသိမသာ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

"ဒီနေရာကတော့ အသေအချာ သရဲရှိမှာပဲ၊ ဒီဆိုင်ထဲမှာတော့ ဝိညာဉ်တွေကို နှိမ်နင်းဖို့ ပစ္စည်းတစ်ခုခု ရှိမှာပါ"

ထိုသို့သော စိတ်ထားဖြင့် လီယန်ချူသည် အရှိန်အဟုန်ဖြင့် ဆိုင်ထဲသို့ လှမ်းဝင်သွားသည်။

သာမန်လူတစ်ယောက်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် စိတ်ထဲ၌ ထင့်နေမည်သာ ဖြစ်သည်။

သရဲခြောက်တဲ့ ဝတ်ပြုကျောင်း၊ အိမ်မက်ကမ္ဘာ၊ နာရေးသုံးပစ္စည်းဆိုင်...

ဒီဆိုင်က ပိုပြီး သရဲခြောက်ဖို့ လွယ်တာပေါ့

သို့သော် လီယန်ချူမှာ အချိန်မရွေး ထွက်ခွာနိုင်သည့် ဝှက်ဖဲရှိသဖြင့် အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပင် ရဲရဲဝံ့ဝံ့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ဝင်သွားသည်နှင့် တစ်ပြိုင်နက် အေးစိမ့်သော အငွေ့အသက်တစ်ခု ရိုက်ခတ်လာပြီး လည်ဂုတ်တွင် တစိမ့်စိမ့်နှင့် အေးလာတော့သည်။

ပုခုံးပေါ်တွင် တစ်စုံတစ်ယောက်က ကပ်၍ လေအေးများ မှုတ်နေသကဲ့သို့ပင်။

ဆိုင်ထဲတွင် ငွေစက္ကူများ၊ အမွှေးတိုင်များ၊ နိဗ္ဗာန်စာသားပါသော စက္ကူမီးအိမ်ဖြူများသာမက စက္ကူရုပ်များ၊ စက္ကူမြင်းများနှင့် စက္ကူဝေါယာဉ်များလည်း ရှိနေသည်။

သို့သော် လက်ရာမှာမူ ကြမ်းတမ်းလှသည်။

အထူးသဖြင့် ထို စက္ကူယောင်္ကျားလေးနှင့် မိန်းကလေး ရုပ်နှစ်ရုပ်မှာ... သူ ယခင်က တွေ့ခဲ့ဖူးသည်များထက် အများကြီး ညံ့ဖျင်းလှသည်။

တူညီသောအချက်မှာ ကြည့်ရသည်မှာ အလွန်ပင် ယုတ်မာဆန်းကြယ် နေခြင်းပင်။

ပါးနီကြီးများမှာ ရဲနေပြီး ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းနေသည်။

လီယန်ချူသည် ဘာကြောင့်မှန်းမသိ၊ ထိုစက္ကူရုပ်များကို မြင်ရသည်မှာ မကြောက်ရသည့်အပြင် ရင်းနှီးသလိုတောင် ခံစားနေရသည်။

"ဒီပစ္စည်းတွေ နောက်တစ်ခါ ပြန်တွေ့ပြန်ပြီပဲ"

သူသည် ပြုံးလိုက်ပြီး ဆိုင်ထဲ၌ တန်ဖိုးရှိမည့် အရာများကို ရှာဖွေတော့သည်။

လူသေဝတ်စုံများ၊ ငွေစက္ကူများ၊ ဖယောင်းတိုင်နီကြီးများ၊ ဖယောင်းတိုင်ဖြူများ... စီရီထားသမျှ အရာအားလုံးမှာ လူသေများနှင့်သာ သက်ဆိုင်နေသည်။

တခြား သတ္တိနည်းသူဆိုလျှင် ကြောက်လန့်နေလောက်ပြီ ဖြစ်သော်လည်း လီယန်ချူမှာမူ သတ္တိကောင်းလှသဖြင့် လက်နှင့် ဟိုလှန်သည်လှန် ရှာဖွေနေသေးသည်။

သူ ဆိုင်၏ နောက်ဘက်သို့ ရောက်သွားသောအခါ မျက်လုံးအိမ်မှာ ရုတ်တရက် ကျုံ့သွားတော့သည်။

ဤနေရာ၌ ခေါင်းတလား တစ်လုံး ရှိနေပြီး၊ အပေါ်တွင်လည်း မင်ကြိုး များဖြင့် တားဆီးထားသည်။ ဤပုံစံမျိုးမှာ အထဲတွင် ဖုတ်ကောင် တစ်ကောင် ပိတ်မိနေသည့် ပုံစံမျိုးပင်။

ငယ်ငယ်ကတည်းက ဦးလေးကျိူး၏ ရုပ်ရှင်များကို ကြည့်ခဲ့ဖူးသော လီယန်ချူမှာ ဤအရာနှင့် အလွန်ပင် ရင်းနှီးနေသည်။

သူသည် ခေါင်းတလားကို တစ်ပတ်ပတ်ကြည့်ကာ သေသေချာချာ အကဲခတ်နေမိတော့သည်။

All Chapters