← Chapters

အခန်း (၁၄၅၃-၁၄၅၄)

Vol. 146 Ch. 1453-1454

အခန်း (၁၄၅၃-၁၄၅၄)

Vol. 146 Ch. 1453-1454

အခန်း (၁၄၅၃) - နဂါးနက်လှေကို ပိုင်စိုးခြင်း

အကြီးအကဲ ချင်မှာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေရှာသည်။

သူသည် ခါးသက်သက် အပြုံးဖြင့် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ၂၀ ကို ဖန့်ချန်အား လဲပေးလိုက်ပြီးနောက် ဖန့်ချန်၏ ကျောက်စိမ်းပြားပေါ်မှ ဂုဏ်ထူးရမှတ် ၆၀၀ ကို နှုတ်ယူလိုက်လေသည်။

ထိုအဆင့် ၂ မသေမျိုးမှာလည်း ကြည့်ရင်းနှင့်ပင် နှမြောတသ ဖြစ်နေမိသည်။

ဂုဏ်ထူးရမှတ် ၆၀၀ ဆိုသည်မှာ အဆင့် ၃ နတ်ဆေးပင်တစ်ပင်နှင့် လဲလှယ်နိုင်သည့် ပမာဏဖြစ်ပါလျက် တစ်ဖက်လူကမူ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ၂၀ နှင့်သာ လဲလှယ်လိုက်လေသည်။

သို့သော်လည်း သူသည် ယခုအခါ စကားတစ်ခွန်းပင် ဟဝံ့ခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ အမာခံတပည့် ဖြစ်နေသောကြောင့်ပင်။

သူ၏ အဆင့်အတန်းမှာ ဤနေရာရှိ မည်သူ့ထက်မဆို များစွာ မြင့်မားလွန်းလှသည်။

အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် အကြီးအကဲ ချင်၏ မျက်နှာတွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို ဖန့်ချန် မြင်လိုက်ရသဖြင့် ပြုံး၍ ဆိုလိုက်သည်။

"အကြီးအကဲ ချင်ရဲ့ စေတနာကို ကျနော် ခံစားမိပါတယ်၊ ဒါပေမဲ့ ဒီအထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကို တခြားနေရာမှာ အသုံးချဖို့ ရှိလို့ပါ၊ အလုပ်မရှိ အလုပ်ရှာပြီး စိတ်ဓာတ်ပျက်ပြားနေတာမျိုး မဟုတ်ပါဘူး၊ အကြီးအကဲ ချင်အနေနဲ့ အထင်မလွဲပါနဲ့ဦး"

အကြီးအကဲ ချင်မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် မျက်နှာပေါ်ရှိ ရှက်ရွံ့မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ ဝမ်းသာအားရ ပြုံးလိုက်တော့သည်။

ထိုဝိညာဉ်ကျောက်တုံးများကို တကယ်ပဲ တခြားနေရာမှာ အသုံးချဖို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဖန့်ချန်၏ ဆက်ဆံပုံမှာ လူတစ်ဦးကို နွေဦးလေညင်း ခံစားရသကဲ့သို့ စိတ်ချမ်းမြေ့စေပြီး နွေးထွေးမှုကို ပေးစွမ်းနိုင်ပေသည်။

"ဟေ့ လူအိုကြီး ချင်... ကျုပ်ရဲ့ နတ်ဆေးပင်လေးကိုလည်း မြန်မြန်လဲပေးဦးဗျ"

လင်းတုန်းက ဆိုသည်။

အကြီးအကဲ ချင်က လင်းတုန်း လဲလှယ်လိုသော နတ်ဆေးပင်ကို သေချာမေးမြန်းပြီးနောက် တိုက်ရိုက်ပင် ပြောလိုက်သည်။

"မင်းရဲ့ နတ်ဆေးပင်ကတော့ တန်းစီရဦးမယ်၊ ရှေ့မှာ လူနှစ်ယောက် ရှိသေးတယ်၊ ခန့်မှန်းရရင်တော့ ဒီနှစ်အနည်းငယ်အတွင်းမှာပဲ ရလိမ့်မယ်"

"ရပါတယ်၊ နှစ်အနည်းငယ်ဆိုတာ သိပ်မကြာပါဘူး"

လင်းတုန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး အကြီးအကဲ ချင်ကို သူ၏ ဂုဏ်ထူးရမှတ်များ နှုတ်ယူရန် ခွင့်ပြုလိုက်သည်။

"ဖန့်အမာခံတပည့်... ကျုပ်လည်း တခြားကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦးဗျာ"

ကျိထျန်းကျွင်းက ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

သူသည် ဂုဏ်ထူးဆောင်နန်းတော်မှ ထွက်လာပြီးနောက်တွင်မူ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။

ယခုအခါ ဤပုဂ္ဂိုလ်မှာ အမာခံတပည့် ဖြစ်သွားပြီဖြစ်ရာ သူ့ကို ရှင်းပစ်ရန် မဖြစ်နိုင်တော့ပေ။

သူသည် ဟုန်လျန်မင်းသမီးလေး အနားတွင် ရှိနေသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့။

"မင်းသမီးလေးက ဘာကို သိထားလို့လဲ ဘာဖြစ်လို့ ဒီလူငယ်ကို ဒီလောက်အထိ အရေးတယူ လုပ်နေရတာလဲ၊ ပြီးတော့ ဒီလူငယ်ကလည်း တကယ်ပဲ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အမာခံတပည့် ဖြစ်သွားခဲ့တယ်"

သံသယများစွာဖြင့် ကျိထျန်းကျွင်းမှာ ခပ်သွက်သွက်ပင် ထွက်ခွာသွားတော့သည်။

ဒီတစ်ခေါက်တော့ တစ်ဖက်လူနှင့် မျက်မှန်းတန်းမိသွားပြီဖြစ်ရာ နောက်တစ်ကြိမ်တွေ့လျှင် စကားပြောရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။

အကြီးအကဲ ချင်နှင့် အခြားသူများမှာ အခန်းထဲမှ ထွက်ခွာသွားကြပြီး လင်းတုန်းနှင့် ဖန့်ချန်တို့ စကားပြောနိုင်ရန် နေရာပေးခဲ့ကြသည်။

"မထင်ထားခဲ့ဘူးပဲ... ငါ လင်းတုန်းတစ်ယောက် ကျွယ်မင်နန်းတော်မှာ ဒီလောက်နှစ်အတော်ကြာအောင် ရုန်းကန်ခဲ့ရပေမဲ့၊ ဝတ်ကျေတမ်းကျေ လက်ခံခဲ့တဲ့ တပည့်လေးကတော့ အမာခံတပည့် ဖြစ်သွားခဲ့ပြီ"

လင်းတုန်း၏ မျက်နှာတွင် သက်ပြင်းချသလို အမူအရာ ပေါ်လာပြီး ဖန့်ချန်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဖန့်အမာခံတပည့်... ကျုပ် ခင်ဗျားကို တပည့်အဖြစ် လက်ခံခဲ့တာက ခင်ဗျားရဲ့ ပါရမီကို သဘောကျလို့ပါ၊ အကြီးအကဲ ချင် ပြောသလိုပဲ ဒါဟာ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ။ ခင်ဗျားကို ကျုပ်အနေနဲ့ ဘယ်လို ကျင့်စဉ် ဒါမှမဟုတ် အတတ်ပညာမှ သင်ပေးခဲ့တာ မရှိဘူး၊ ဆရာတပည့် ဆိုတဲ့ အမည်နာမတစ်ခုပဲ ရှိခဲ့တာပါ။ အခု ခင်ဗျားက အမာခံတပည့် ဖြစ်နေပြီဆိုတော့ ဒီအမည်နာမကတော့ အတည်မဖြစ်နိုင်တော့ပါဘူး"

ဖန့်ချန်က ပြုံး၍ ဆိုသည်

"အမည်နာမ သက်သက်ဆိုရင်တောင် ကျနော့်အပေါ်မှာ ကာကွယ်စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတော့ ရှိပါတယ်၊ တပည့်တစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုမျိုး လျစ်လျူရှုနိုင်ပါ့မလဲ ဒီအမည်နာမက ဆက်ပြီး အတည်ဖြစ်နေမှာပါ၊ အကယ်လို့ ဆရာက အလိုမရှိဘူးဆိုရင်တော့ တပည့်အနေနဲ့ ဆရာ့စကားအတိုင်း နားထောင်ရမှာပေါ့"

လင်းတုန်း၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး ကျေနပ်အားရစွာ ခေါင်းတငြိမ့်ငြိမ့် လုပ်နေတော့သည်။

"တပည့်က အခု အမာခံတပည့် ဖြစ်သွားပြီဆိုတော့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်တွေကိုလည်း စုဆောင်းရတော့မယ်၊ ဆရာ့အနေနဲ့ရော အဖွဲ့ထဲ ဝင်ဖို့ ဆန္ဒရှိပါသလား "

ဖန့်ချန်က မေးလိုက်သည်။

ဒါကတော့ တကယ့်ကို အဆင်ပြေလှပေသည်။

လင်းတုန်းက ချက်ချင်းပင်

"ဒါပေါ့... ဆန္ဒရှိတာပေါ့"

"ဒါပေမဲ့..."

သူသည် ခဏမျှ ရပ်တန့်သွားပြီး ခါးသက်သက် ပြုံးလိုက်သည်။

"ကျုပ်က ဟိုအဆင့် ၄ နတ်ဆေးပင်ကို စောင့်ရဦးမယ်..."

"ကိစ္စမရှိပါဘူး၊ တပည့်ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့မှာ အဆင့် ၄ မသေမျိုး တစ်ယောက် ရှိနှင့်နေပါပြီ။ ဒီအတောအတွင်းမှာ ဆရာက ကျွယ်မင်ကြယ်ပေါ်မှာပဲ တံခါးပိတ်ကျင့်ကြံနေလိုက်ပါ၊ နောက်ကျရင် တပည့် အပြင်ထွက်ဖို့ လိုအပ်လာတဲ့အခါ နဂါးနက်လှေပေါ်မှာလည်း စောင့်ရှောက်ပေးမယ့်သူ ရှိပါတယ်"

ဖန့်ချန်က ဆိုသည်။

လင်းတုန်းမှာ စိတ်ထဲတွင် အလွန်ပင် အံ့ဩတသ ဖြစ်နေမိသည်။

အမာခံတပည့် ပါရမီရှင် ပီသပါပေသည်။

သူ့ထံသို့ လာရောက်ခိုလှုံသော အဆင့် ၄ မသေမျိုးပင် ရှိနေပြီဖြစ်ရာ၊ ထိုကျွယ်မင်နန်းတော်သို့ ရောက်ရှိလာသည်မှာ နှစ် ၁၀၀ ပင် မပြည့်သေးသော ဖန့်ချန်၏ စုဆောင်းမှုမှာ သူ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရမှုထက်ပင် သာလွန်နေချေပြီ။

စကားအနည်းငယ် ပြောဆိုပြီးနောက် ဖန့်ချန်မှာ နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။

"အမာခံတပည့်တွေက ပြင်ပကျင့်ကြံသူတွေကို စစ်ဆေးမှု ခံယူစရာမလိုဘဲ စိတ်ကြိုက် စုဆောင်းနိုင်တာက တကယ့်ကို အဆင်ပြေတာပဲ"

ဖန့်ချန်သည် ဟွမ်ဝူကျီ တံခါးပိတ်ကျင့်ကြံနေသော ဂူဗိမာန်သို့ ရောက်လာသည်။

သူ စိတ်လှုပ်ရှားလိုက်သည်နှင့် ဖန့်ထျန်းဇွန်၊ ဖန့်ရွှမ်ရန် နှင့် ဖန့်လူသား ဟူသော ကိုယ်ပွားသုံးဦးမှာ ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။

ဟွမ်ဝူကျိ မှာ စာရင်းသွင်းပြီးသား အပြင်စည်းကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့်၊ ဖန့်ချန်သည် ကိုယ်ပွားသုံးဦးကို ခေါ်ဆောင်ကာ သူတို့အတွက် စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များကို သွားရောက် ဆောင်ရွက်ပေးလိုက်သည်။

အမာခံတပည့် အဆင့်အတန်းကို ထုတ်ပြလိုက်ပြီးနောက်တွင် လုပ်ငန်းစဉ်အားလုံးမှာ အလွန်ပင် ချောမွေ့သွားခဲ့သည်။

မကြာမီမှာပင် ကိုယ်ပွားသုံးဦးမှာ တရားဝင် အဆင့်အတန်းများ ရရှိသွားခဲ့ပြီး နောင်တွင် ကျွယ်မင်နန်းတော်အတွင်း သွားလာရာ၌ မည်သည့် ပြဿနာမျှ ရှိတော့မည် မဟုတ်ပေ။

ထိုကိစ္စ ပြီးစီးသွားမှသာ ဖန့်ချန်သည် ထိုလေးဦးကို ခေါ်ဆောင်၍ ကြာနီနတ်မိမယ် တို့ရှိရာသို့ သွားခဲ့သည်။

"ဒီသုံးယောက်က ဘယ်သူတွေလဲ..."

ကြာနီနတ်မိမယ်သည် ဟွမ်ဝူကျိ မှာ ဖန့်ချန်၏ လူဖြစ်သည်ကို သိသော်လည်း ဖန့်ထျန်းဇွန်တို့ တစ်သိုက်ကိုမူ မမြင်ဖူးသေးပေ။

"နောင် ကျုပ်ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်တွေပါ"

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

"ကျနော်တို့က ဟုန်အမာခံတပည့်ကို ဂါရဝပြုပါတယ်"

ဖန့်ထျန်းဇွန်က ဦးဆောင်၍ ကိုယ်ပွားသုံးဦးမှာ ပြိုင်တူပင် ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

လင်းယွမ် အပါအဝင် သုံးဦးမှာ ရုတ်တရက် စိုးရိမ်စိတ်များ ဝင်လာပြီး၊ အဆင့် ၁ မသေမျိုးအဖြစ်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် စိတ်ထဲတွင် ကျုံးဝါးလိုက်ကြသည်။

သို့မဟုတ်ပါက သူတို့ကဲ့သို့ ကျင့်ကြံမှု အဆင့်မျိုးနှင့် နယ်မြေကိုးခု နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲတွင် ပါဝင်နေခြင်းမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပေလိမ့်မည်။

ကြာနီနတ်မိမယ်၏ ကျင့်ကြံရာ နေရာသို့ ပြန်ရောက်သည့်အခါ ဖန့်ချန်က ဖန့်ထျန်းဇွန်အား အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများကို စတင် လေ့ကျင့်စုပ်ယူရန် ခိုင်းစေလိုက်သည်။

တာအိုသုံးထောင်နယ်မြေ အစွမ်း မရှိတော့သည့်အတွက် ဝိညာဉ်ကျောက်တုံးများကို လေ့ကျင့်စုပ်ယူရန် လိုအပ်သော အချိန်မှာ အတော်လေး ကြာမြင့်မည် ဖြစ်ရာ၊ ဖန့်ထျန်းဇွန်အနေဖြင့် အတော်ကြာအောင် ဤနေရာမှ ထွက်ခွာနိုင်မည် မဟုတ်ချေ။

ကျွယ်မင်နန်းတော်က စိတ်ဝိညာဥ်နယ်မြေ ရဲ့ ထိပ်တန်း အင်အားစု တစ်ခု ဖြစ်တာတောင်၊ သူတို့ စုဆောင်းထားတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေထဲမှာ အသုံးဝင်တာ ၂၀ ပဲ ရှိတယ်။

မဟာကောင်းကင်ဘုရင်ဆေးကျမ်း အတွက် လိုအပ်တဲ့ ရှေးဟောင်းဝိညာဉ်စွမ်းအား ၉၉ မျိုးကို စုံအောင် စုဆောင်းဖို့ဆိုတာ အချိန်အတော်ကြာမယ့် အလုပ်တစ်ခု ဖြစ်နိုင်တယ်...

ဖန့်ချန်သည် ဝိညာဉ်ကျောက်တုံးများကို စုပ်ယူနေသော ဖန့်ထျန်းဇွန်ကို ကြည့်ရင်း စိတ်ထဲမှ မှတ်ချက်ပြုလိုက်မိသည်။

သို့သော်လည်း အကယ်၍ ယခုတစ်ခေါက် အမာခံတပည့်အဖြစ် ရာထူးမတိုးခဲ့ပါက ရှေးဟောင်းဝိညာဉ်စွမ်းအား ၉၉ မျိုး စုဆောင်းရန် အချိန်မှာ ယခုထက် များစွာ ပို၍ ကြာမြင့်နိုင်ပေသည်။

နောင်တွင် အချိန်အနည်းငယ် ပိုပေးရသော်လည်း ထိုက်တန်လှပေသည်၊ အဘယ်ကြောင့်ဆိုသော် မဟာကောင်းကင်ဘုရင်ဆေးကျမ်း၏ အထွတ်အထိပ်မှာ အဆင့် ၉ အထိ ဖြစ်နိုင်သောကြောင့်ပင်။

ယနေ့ခေတ် ကာလတွင် မသေမျိုးလမ်းစဉ် တစ်ခုစီ၌ အဆင့် ၉ မသေမျိုး တစ်ဦးတည်းသာ ရှိနိုင်သော်လည်း၊ ဖန့်ထျန်းဇွန်ဟူသော ထိုကိုယ်ပွားမှာ ထိုစနစ်ပြင်ပသို့ ထွက်ခွာနေခြင်းနှင့် တူလှသည်။

အကယ်၍ အဆင့် ၉ သို့ အမှန်တကယ် ရောက်ရှိနိုင်မည်ဆိုလျှင် မည်မျှပင် ပေးဆပ်ရပါစေ ထိုက်တန်လှပေသည်။

ဤသို့ တွေးမိသည်နှင့် ဖန့်ချန်၏ အကြည့်မှာ သန်မာထွားကျိုင်းသော ဖန့်ရွှမ်ယန် ဆီသို့ ရောက်သွားသည်။

သူသည် ရွှမ်ယန် စတုတ္ထအဆင့် အတွက် လိုအပ်သော လျှို့ဝှက်ဆေးရည်သာ ရရှိပါက ထိုမသေမျိုးအတတ်ပညာကို ပြည့်စုံအောင် ကျင့်ကြံနိုင်မည် ဖြစ်သည်။

သို့သော် သူ၏ အမြင့်ဆုံးအဆင့်မှာ အနည်းငယ် နိမ့်ပါးနေပြီး အဆင့် ၂ သို့မဟုတ် အဆင့် ၃ မသေမျိုးအဆင့်အထိသာ ရောက်ရှိနိုင်ပေလိမ့်မည်။

ထို့နောက် အေးဆေးတည်ငြိမ်သော မျက်နှာထားရှိသည့် ဖန့်လူသား ကို ကြည့်လိုက်ရာ၊ သူကမူ အနည်းငယ် ထူးခြားလှသည်။

သူသည် လူသားလောက၏ မသေမျိုးဆန္ဒများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ ဝမ်ချွမ်းမြစ် အတွင်း မရေမတွက်နိုင်သော သံသရာများကို ဖြတ်သန်းပြီးမှ နောက်ဆုံးတွင် ပုံပေါ်လာခြင်း ဖြစ်သည်။

သူ၏ အလားအလာမှာ ဖန့်ရွှမ်ရန်တို့ထက် သာလွန်မည်မှာ သေချာလှပြီး ဖန့်ထျန်းဇွန်၊ ဖန့်ဝူရှီး နှင့် ဖန့်ယိန့်ကွမ်း တို့ပင်လျှင် ဖန့်လူသား ၏ ပါရမီကို ယှဉ်နိုင်မည် မဟုတ်ပေ။

"အကယ်လို့ အဲဒီတုန်းက အသုံးချခဲ့တာက လူသားလောက သာ ဖြစ်ခဲ့ရင်၊ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားတဲ့ စီနီယာအစ်မကြီးဟာ တိုက်ပွဲမစခင်ကတည်းက ရှုံးနိမ့်သွားလောက်ပြီ"

ဖန့်ချန်က တစ်ဦးတည်း ရေရွတ်လိုက်ပြီးနောက် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။

ခြောက်လခန့် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤအတောအတွင်း ဖန့်ချန်သည် ကိုယ်ပွားအသီးသီးထံမှ သတင်းစကားအချို့ကို လက်ခံရရှိခဲ့သည်။

သူတို့၏ ကျင့်ကြံမှုအဆင့်မှာ အလွန်အမင်း တိုးတက်မလာသော်လည်း အားလုံးကို ပေါင်းစည်းလိုက်သည့်အခါ ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးစွမ်းအင်မှာ အတိုင်းအတာတစ်ခုအထိ တိုးပွားလာခဲ့သည်။

တစ်နေ့တွင် တိုက်ပွဲတစ်ရာမသေမျိုး သည် ကိုယ်တိုင်ကိုယ်ကျ ထပ်မံရောက်ရှိလာပြီး ဖန့်ချန်ကို ကျွယ်မင်နန်းတော်သို့ ခေါ်ဆောင်သွားကာ စီနီယာအစ်မကြီးနှင့် အကြီးကဲ ချန် တို့နှင့် တွေ့ဆုံပေးခဲ့သည်။

"ဒါက မင်းရဲ့ နဂါးနက်လှေပဲ၊ ဒါကို အစီရင်ဗဟိုချက် နဲ့ လေ့ကျင့်ပေါင်းစပ်လိုက်ပါ၊ အဲဒီအခါမှာ ဒါက မင်း မသေမချင်း မင်းတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားလိမ့်မယ်"

အကြီးကဲ ချန်က နဂါးနက်လှေ အသေးစားလေးတစ်ခုကို ထုတ်ယူကာ ဖန့်ချန်အား ကမ်းပေးလိုက်သည်။

"အကြီးကဲ ချန်ကို ကျေးဇူးတင်ပါတယ် "

ဖန့်ချန်က နဂါးနက်လှေကို လက်ခံလိုက်ပြီး စိတ်လှုပ်ရှားလိုက်သည့်အခါ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ အဆက်မပြတ် တုန်လှုပ်လာပြီး စိမ်းဖန့်ဖန့် အလင်းတန်းများမှာ အစီရင်ဗဟိုချက်တစ်ခုအဖြစ် စုစည်းသွားကာ နဂါးနက်လှေအတွင်းသို့ စီးဝင်သွားလေတော့သည်။

အခန်း (၁၄၅၄) - နတ်ဝိညာဥ်ဘုရားနန်းတော်

နဂါးနက်လှေသည် အစီရင်ဗဟိုချက် နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဖန့်ချန်နှင့် ဆက်သွယ်မှု စတင်တည်ဆောက်လေတော့သည်။

၎င်းမှာ ယခင်က မှော်လက်နက်များကို လေ့ကျင့်ပေါင်းစပ်ရသကဲ့သို့ပင် ဖြစ်သော်လည်း တစ်ခုလုံးခြုံငုံကြည့်ပါက အနည်းငယ် ကွဲပြားသော ခံစားချက်ရှိနေသည်။

ဖန့်ချန်သည် ရှေ့မှ မြင်ကွင်းကို ငြိမ်သက်စွာ ကြည့်ရှုရင်း ထိုကွဲပြားခြားနားမှုကို အသေးစိတ် ခံစားကြည့်နေမိသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ သူသည် အဘယ်ကြောင့် ထူးဆန်းနေရသည်ကို နောက်ဆုံး၌ သဘောပေါက်သွားတော့သည်။

နဂါးနက်လှေသည် လက်ရှိတွင် သူနှင့် တိုက်ရိုက် ဆက်သွယ်မှု တည်ဆောက်နေခြင်း မဟုတ်ဘဲ အစီရင်ဗဟိုချက်နှင့်သာ ဆက်သွယ်မှု တည်ဆောက်နေခြင်း ဖြစ်သည်။

'အကယ်လို့ အမာခံတပည့်တိုင်းက ဒီလိုမျိုးပဲဆိုရင်... နဂါးနက်လှေကို ထိန်းချုပ်မောင်းနှင်နိုင်တာဟာ အစီရင်ဗဟိုချက်ပဲ ဖြစ်ရမယ်၊ အမာခံတပည့် ကိုယ်တိုင် မဟုတ်ဘူး'

ဖန့်ချန်က စိတ်ထဲမှ တွေးလိုက်မိသည်။

နာရီအနည်းငယ် ကြာပြီးနောက် ဖန့်ချန်သည် လေ့ကျင့်ပေါင်းစပ်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး ဤနဂါးနက်လှေကို သူ အပြည့်အဝ ထိန်းချုပ်နိုင်သွားခဲ့ပြီ ဖြစ်သည်။

စိတ်လှုပ်ရှားလိုက်ရုံဖြင့် နဂါးနက်လှေပေါ်ရှိ မည်သည့် အစီရင်အတတ်ကိုမဆို စေခိုင်းနိုင်ပြီ ဖြစ်သည်။

"နဂါးနက်လှေကို အသုံးချဖို့ မင်း အချိန်နည်းနည်းတော့ လိုလိမ့်မယ်၊ ဥပမာ အစီရင်တွေကို စုစည်းတာနဲ့ နောက်ပိုင်းမှာ သုံးရမယ့် အစီရင်မသေမျိုးအတတ်တွေပေါ့"

အကြီးအကဲ ချန်က ပြုံး၍ ဆိုသည်

"မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ထူးခြားလို့ အစီရင်ဗဟိုချက်နဲ့ ပေါင်းစပ်ဖို့ အချိန်အတော်လေး နည်းခဲ့တယ်၊ ဒါကြောင့် မင်းအနေနဲ့ အစီရင်မသေမျိုးအတတ်တွေကို အချိန်တိုအတွင်းမှာ နားလည်သဘောပေါက်သွားနိုင်တယ်"

"ဒါပေမဲ့ ဘယ်လောက်ပဲ တိုတို နှစ်တစ်ရာ၊ နှစ်ရာလောက်တော့ ကြာဦးမှာပဲ။ ဒီကိစ္စကို ခဏထားလိုက်ဦး၊ မင်းကို ပေးအပ်ရမယ့် အမွေအနှစ်တစ်ခု ကျန်သေးတယ်၊ ကျုပ်တို့နောက်ကို လိုက်ပြီး ယင်လောက ကို သွားကြစို့"

"ပြီးခဲ့တဲ့တစ်ခေါက် မင်း ယင်လောကကို သွားတုန်းက မင်းဘာသာမင်း အန္တရာယ်ရှိတဲ့ နေရာထဲ ရောက်သွားတာဆိုတော့ ကျွယ်မင်ယင်လောက ကို သေချာ မလေ့လာရသေးဘူး မဟုတ်လား ဒီတစ်ခေါက်တော့ ငါနဲ့ အကြီးအကဲ ချန်က မင်းကို လိုက်ပို့ပေးမယ်၊ ပြီးတော့ မင်းနဲ့ ဘယ်လို ရာထူးမျိုးက သင့်တော်မလဲဆိုတာ တစ်ခါတည်း ကြည့်ပေးမယ်"

စီနီယာအစ်မကြီးက ပြုံး၍ ဆိုလိုက်သည်။

"အကြီးအကဲ ချန်နဲ့ စီနီယာအစ်မကြီးကို ဒုက္ခပေးရဦးမှာပဲ"

ဖန့်ချန်က လက်အုပ်ချီ၍ ပြုံးလျက် ဆိုလိုက်သည်။

သူသည်လည်း ယင်လောကသို့ သွားကြည့်ချင်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။

တစ်ခါတည်း ကျွယ်မင်နန်းတော်၏ ယင်မသေမျိုး မှာ ဘယ်လိုမျိုးလဲဆိုတာကိုပါ လေ့လာကြည့်ချင်နေမိသည်။

သုံးဦးသား အတူတကွ ယင်လောကသို့ ကူးပြောင်းသွားကြရာ မကြာမီမှာပင် ကမ်းခြေသို့ ရောက်ရှိသွားကြသည်။

အနီးအနားရှိ ဝတ်ရုံနက်ဝတ် လူများမှာ အကြီးအကဲ ချန်နှင့် စီနီယာအစ်မကြီးကို မြင်လိုက်ရသည့်အခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြရသည်။

ထိုအထဲမှ တစ်ဦးမှာ သူတို့သုံးဦးရှေ့သို့ ခပ်သွက်သွက် လျှောက်လာပြီး ရိုသေစွာ ဂါရဝပြုလိုက်သည်။

"တပည့်က အကြီးအကဲနဲ့ စီနီယာ ရှဲ့ ကို ဂါရဝပြုပါတယ်"

တိုက်ဆိုင်လိုက်ပါဘိ။ ဖ

န့်ချန်သည် ထိုဝတ်ရုံနက်ဝတ်လူကို မှတ်မိနေသည်။

ပြီးခဲ့သည့်တစ်ခေါက် သူ ယင်လောကသို့ လာစဉ်က ကျိရှန့်ကို လာရောက်ကြိုဆိုပေးခဲ့သူပင် ဖြစ်သည်။

"အင်း... လှေငယ်တစ်စင်း ပြင်ထားလိုက်"

စီနီယာအစ်မကြီးက ခပ်အေးအေးပင် အမိန့်ပေးလိုက်သည်။

ဝတ်ရုံနက်ဝတ်လူမှာ ချက်ချင်း ခေါင်းညိတ်လိုက်သော်လည်း သူ၏ အကြည့်မှာ ဖန့်ချန်ပေါ်သို့ မတော်တဆ ကျရောက်သွားသည့်အခါ ကြောင်အသွားတော့သည်။

သူ ဖန့်ချန်ကို မှတ်မိသွားသည်။

ဤသူမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ခွင့်ပြုချက်မရှိဘဲ ယင်လောကသို့ ဆင်းသွားသော ကောင်လေး မဟုတ်ပါလား။

နောက်ပိုင်းတွင် ထိုကောင်လေးမှာ ပြဿနာတက်ပြီး ယင်မိစ္ဆာကြီး ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ပျောက်ဆုံးသွားခဲ့သည်။

ထိုစဉ်က ယင်စစ်သည်ဌာန နှင့် တရားသူကြီးဌာန တို့က သူ့ကို လာရောက် စစ်ဆေးမေးမြန်းခဲ့သဖြင့် သူ၏ ယင်သက်တမ်း ကိုပင် နှစ်ပေါင်းများစွာ အပြစ်ပေး နှုတ်ယူခြင်း ခံခဲ့ရသည်။

ထိုအတောအတွင်း သူသည် စိတ်ထဲ၌ ဤကောင်လေးကို အကြိမ်ကြိမ် ဆဲဆိုနေခဲ့ဖူးပြီး တစ်နေ့ပြန်တွေ့လျှင် မည်သို့ မည်ပုံ ပြန်ဆဲရမည်ဟုပင် စိတ်ကူးယဉ်ခဲ့ဖူးသည်။

သို့သော် ယခု ပြန်တွေ့သည့်အခါတွင်မူ တစ်ဖက်လူမှာ အကြီးအကဲတစ်ဦးနှင့် အမာခံတပည့်များ၏ ခေါင်းဆောင်နှင့်အတူ ပါလာချေပြီ။

ဒီကောင်က ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ

"အင်း ဘာလို့ သွားမပြင်သေးတာလဲ "

စီနီယာအစ်မကြီးက မျက်မှောင်ကြုတ်လိုက်သည်။

ဝတ်ရုံနက်ဝတ်လူမှာ ထိုမှသာ အသိဝင်လာပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် လက်ဟန်ပြကာ လှေငယ်တစ်စင်းကို ခေါ်လိုက်တော့သည်။

အကြီးအကဲ ချန်က ဝတ်ရုံနက်ဝတ်လူ၏ အံ့ဩနေမှုကို ရိပ်မိပုံရပြီး ပြုံး၍ ဆိုသည်။

"မင်း ဖန့်အမာခံတပည့်ကို မြင်ဖူးလို့လား "

ဖန့်... အမာခံတပည့်

"အမေ့..."

ဝတ်ရုံနက်ဝတ်လူမှာ ကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့်

"အကြီးအကဲ... ပြီးခဲ့တဲ့တစ်ခေါက် ဖန့်အမာခံတပည့် ယင်လောကကို လာတုန်းက ကျနော်မျိုးပဲ ကြိုဆိုခဲ့တာပါ"

"ဒါဆိုရင်တော့ မင်းတို့က ရေစက်ရှိကြတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက် ဖန့်အမာခံတပည့်က ကျွယ်မင်နန်းတော်ကို ရောက်တာ မကြာသေးဘူး၊ အခု ပြန်တွေ့တော့ သူက အမာခံတပည့် ဖြစ်နေပြီ"

အကြီးအကဲ ချန်က ပြုံး၍ ဆိုသည်။

"ဟုတ်ကဲ့ပါဗျာ..."

ဝတ်ရုံနက်ဝတ်လူ၏ မျက်နှာပေါ်တွင် အားတင်း၍ ပြုံးထားရသော်လည်း စိတ်ထဲတွင်မူ အလွန်ပင် စိတ်ဓာတ်ကျသွားတော့သည်။

လူသစ်တစ်ယောက်တောင် ဒီလောက်မြန်မြန် အမာခံတပည့် ဖြစ်သွားနိုင်ပါလျက်၊ သူကတော့ ဘယ်နှစ်နှစ်လောက်ထိ ထပ်ပြီး ရုန်းကန်နေရဦးမှာလဲ။

လှေငယ် ရောက်ရှိလာသဖြင့် သုံးဦးသား လှေပေါ်သို့ တက်လိုက်ကြသည်။

ဘေးနားရှိ ဝိညာဉ်အပေါင်း၏ မနာလိုဖွယ် အကြည့်များအောက်တွင် ကျွယ်မင်အဝီစိဆီသို့ ဦးတည်ခုတ်မောင်းသွားလေတော့သည်။

"ဖန့်မောင်လေး... ငါ မင်းကို တစ်ခု တိုးတိုးလေး ပြောပြမယ်၊ယင်မသေမျိုးလမ်းစဥ် ကို မင်းကျင့်ချင်ရင် ကျင့်၊ မကျင့်ချင်ရင်လည်း ဟန်ဆောင်ပန်ဆောင်ပဲ လုပ်ထားလိုက်"

စီနီယာအစ်မကြီးက အသံကို နှိမ့်၍ ပြောလိုက်သည်။

"မဟုတ်ရင် အချိန်နဲ့ စွမ်းအင်တွေ အများကြီး ကုန်လိမ့်မယ်၊ မင်းရဲ့ မသေမျိုးလမ်းစဉ် ကျင့်ကြံမှုကိုပဲ အမြန်ဆုံး တိုးမြှင့်တာ ပိုကောင်းတယ်၊ ဒါမှ အစီရင်မသေမျိုးအတတ်တွေကို ပိုပြီး မြန်မြန် နားလည်နိုင်မှာ"

အကြီးအကဲ ချန်က ခါးသက်သက် ပြုံးလိုက်ပြီး

"မင်းကတော့လေ... အသုံးမဝင်တာတွေကိုပဲ လျှောက်သင်ပေးနေတာပဲ"

သူသည် စီနီယာအစ်မကြီးအား ပြန်လည်ချေပရန် အခွင့်မပေးဘဲ ဖန့်ချန်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

"ငါ မင်းကို ယင်မသေမျိုးလမ်းစဉ်အကြောင်း အရင်ပြောပြမယ်။ ဒီလမ်းစဉ်က မင်းရဲ့ ဝိညာဉ်ကို ကျင့်ကြံတာပဲ။ အကယ်လို့ မင်းရဲ့ ဝိညာဉ်က မသေမျိုးအဆင့်ကို ရောက်သွားရင် နောက်ပိုင်းမှာ မင်း သေသွားရင်တောင် လူသားလောကနဲ့ ယင်လောကကြားမှာ ကူးချည်သန်းချည် လုပ်လို့ရတယ်၊ အသက်ရှင်နေတာနဲ့ မခြားဘူး"

"ဘယ်မှာ အသက်ရှင်တာနဲ့ တူမှာလဲ၊ အဲဒီကျရင် ယင်သက်တမ်းကိုပဲ စားသုံးရတော့မှာ၊ လူသားလောကက အရာအားလုံးနဲ့ ဘာမှ မဆိုင်တော့ဘူး"

စီနီယာအစ်မကြီးက နှုတ်ခမ်းမဲ့၍ ဆိုသည်။

"အဲဒီအချိန်ကျရင် ဘယ်သူက ဒီလို အာသာဆန္ဒတွေကို ဂရုစိုက်နေဦးမှာလဲ "

အကြီးအကဲ ချန်က စီနီယာအစ်မကြီးကို တစ်ချက် မျက်စောင်းထိုးလိုက်ပြီး ဆက်ပြောသည်။

"နတ်ဘုရားဝိညာဥ် ရာထူးကို ရသွားရင် ကျွယ်မင်ယင်လောက မှာ ဆက်တိုက် ကျင့်ကြံလို့ ရတယ်။ ယင်သက်တမ်း လုံလောက်သရွေ့ အသက်ရှည်ဖို့အတွက် စိုးရိမ်စရာ မလိုတော့ဘူး။ မင်း ဒါကို နားလည်ရဲ့လား "

"အသက်ရှည်ဖို့ စိုးရိမ်စရာ မလိုဘူးဆိုတော့... ဒါဟာ ထာဝရအသက်ကို ရတာ မဟုတ်ဘူးလား "

ဖန့်ချန်က အံ့အားသင့် ဟန်ဖြင့် မေးလိုက်သည်။

"အတိအကျပဲ"

အကြီးအကဲ ချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်

"ဒါဟာ ထာဝရအသက်ကို ရတာပဲ။ ကျုပ်တို့ ကျင့်ကြံသူတွေ ဘာကို ရှာဖွေနေကြတာလဲ၊ ထာဝရအသက် မဟုတ်ဘူးလား"

"ဒါက ယင်လောကထဲမှာပဲ ထာဝရအသက် ရတာပါ၊ လူသားလောကမှာ သားသမီး ရတနာ ထွန်းကားအောင် လုပ်လို့ရတာမှ မဟုတ်တာ"

စီနီယာအစ်မကြီးက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"ဒါတင်မကသေးဘူး၊ ဒီလို ထာဝရအသက်မျိုးက သိပ်ကောင်းလှတယ်လို့လည်း မထင်ဘူး၊ နှစ်အတော်ကြာအောင် ရှင်သန်နေတဲ့ ယင်မသေမျိုးတချို့ဆိုရင် လူလည်းမကျ ဝိညာဉ်လည်းမကျ ဖြစ်နေကြပြီ၊ ဥပမာအားဖြင့်..."

"အချို့စကားတွေကို ဖန့်အမာခံတပည့် နားထောင်ဖို့က အချိန်မကျသေးဘူး"

အကြီးအကဲ ချန်က စီနီယာအစ်မကြီး၏ စကားကို ဖြတ်ပြောလိုက်သည်။

ဖန့်ချန်၏ စိတ်ထဲတွင် တစ်ခုခုကို ရိပ်မိလိုက်သည်။

ထိုယင်မသေမျိုးလမ်းစဉ်မှာ တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိနေသဖြင့် စီနီယာအစ်မကြီးက ဤမျှအထိ ငြင်းဆန်နေခြင်း ဖြစ်နိုင်ပါသလား။

စီနီယာအစ်မကြီးနှင့် အကြီးအကဲ ချန်တို့မှာ ထပ်မံ၍ စကားမပြောကြတော့သဖြင့် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားတော့သည်။

ဖန့်ချန်သည်လည်း ဘာမှ မပြောဘဲ လိုက်ပါလာရာ လှေငယ် ကမ်းကပ်သည့်အခါ သူတို့နောက်မှ လိုက်၍ ကျွယ်မင်ယင်လောကထဲသို့ ဝင်ခဲ့သည်။

ဤတစ်ကြိမ်တွင် အကြီးအကဲ ချန်နှင့် စီနီယာအစ်မကြီးတို့၏ ဦးတည်ချက်မှာ ဗဟိုချက်မသို့သာ ဖြစ်ပြီး အပြင်ဘက်ပိုင်းတွင် အချိန်ဆွဲခြင်း မရှိခဲ့ပေ။

သူတို့သည် ဖန့်ချန်အား အထပ်မြင့် အဆောက်အအုံကြီးတစ်ခု ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

တံခါးဝရှိ အစောင့်များမှာ သူတို့နှစ်ဦးကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြပြီး ဖန့်ချန်ကို မသိစိတ်ဖြင့် ကြည့်လိုက်ကြသည်။

အကယ်၍ အမာခံတပည့်အသစ် ရောက်လာလျှင်သာ ထိုသို့သော ပုဂ္ဂိုလ်ကြီးများ ရောက်လာတတ်သဖြင့်၊ ရှေ့မှ လူငယ်မှာ အမာခံတပည့်အသစ် ဖြစ်ရမည်မှာ သေချာလှသည်။

သူတို့ စိတ်ထဲမှ တိတ်တဆိတ် အံ့ဩနေမိသည်

'လွန်ခဲ့တဲ့ အတောအတွင်းမှာ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ရောက်လာတာ မကြာသေးဘူး၊ အခု နောက်ထပ် အမျိုးသား ကျင့်ကြံသူတစ်ယောက် ထပ်ရောက်လာပြန်ပြီ။ ဒီအတောအတွင်းမှာ အမာခံတပည့် ဖြစ်ရတာ အရင်ကထက် ပိုလွယ်သွားတာလား'

"မြွေအိုကြီး ရှိသလား"

အကြီးအကဲ ချန်က ခပ်အေးအေး မေးလိုက်သည်။

"မြွေဝိညာဉ်မင်း က နတ်ဘုရားဝိညာဥ်နန်းတော် ထဲမှာ ကျင့်ကြံနေပါတယ်၊ ကျနော်တို့နောက်ကို လိုက်ခဲ့ပါ"

အစောင့်တစ်ဦးက ရိုသေစွာဖြင့် ဆိုပြီးနောက် သူတို့သုံးဦးကို အထဲသို့ ဦးဆောင်ခေါ်သွားတော့သည်။

မကြာမီမှာပင် သုံးဦးသားသည် တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။

အစောင့်က တံခါးကို အသာအယာ ခေါက်လိုက်ပြီးနောက် အခန်းတံခါး ပွင့်လာသည်။

မျက်နှာထား အေးစက်တည်ငြိမ်သော အဘိုးအိုတစ်ဦး ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။

သူသည် ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝေဝါးနေသော မျက်ဝန်းများမှာ သေလူတစ်ဦးကဲ့သို့ အသက်ကင်းမဲ့နေကာ ကိုယ်ပေါ်တွင်လည်း ယင်လောကသို့ ကူးပြောင်းလာသူတို့၏ အငွေ့အသက်မျိုး မရှိချေ။

'သူ သေသွားပြီပဲ'

ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။

ဤအဘိုးအိုမှာ အမှန်တကယ်ပင် သေဆုံးသွားခြင်း ဖြစ်သော်လည်း သူသည် ယင်မိစ္ဆာ မဟုတ်သလို၊ ယင်လောက၏ တရားဝင် နတ်ဘုရား လည်း မဟုတ်ပေ။

သူ၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ အနည်းငယ် ထူးခြားနေပြီး နတ်ဘုရား အငွေ့အသက် အနည်းငယ် ပါဝင်နေသော်လည်း စင်ကြယ်မှု မရှိပေ။

"လူအိုကြီး ချန်... လူသစ် ထပ်ရောက်တာလား"

အဘိုးအိုက ဖန့်ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်ကာ ခပ်အေးအေး ဆိုလိုက်သည်။

သူ၏ အသံမှာ အနည်းငယ် အက်ရှရှ ဖြစ်နေသည်။

"ဟုတ်တယ်၊ ကျုပ်တို့ကို အဲဒီအခန်းထဲ ခေါ်သွားပေးပါဦး၊ သူ့ရဲ့ အမည်နာမကို အပေါ်မှာ ရေးထိုးရမယ်"

အကြီးအကဲ ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

"ဝင်ခဲ့ကြ"

အဘိုးအိုက လှည့်၍ အခန်းထဲသို့ ပြန်ဝင်သွားသည်။

အကြီးအကဲ ချန်နှင့် စီနီယာအစ်မကြီးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဖန့်ချန်ကို ခေါ်ဆောင်ကာ အတွင်းသို့ ဝင်ခဲ့ကြသည်။

သူတို့ သုံးဦး ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတွင်း မြင်ကွင်းမှာ ပြောင်းလဲသွားပြီး စကြဝဠာကြီးအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

လူတိုင်း၏ ရှေ့တွင်မူ အလွန်ပင် ကြီးမားလှသော၊ တစ်စုံတစ်ရာသော သားရဲအရေခွံဖြင့် ပြုလုပ်ထားပုံရသော စာမျက်နှာကြီးတစ်ခုမှာ ဖြည်းဖြည်းချင်း လွင့်မျောနေသည်ကို တွေ့လိုက်ရလေတော့သည်။

All Chapters