အခန်း (၁၄၅၇-၁၄၅၈)
Vol. 146 Ch. 1457-1458
အခန်း (၁၄၅၇) - ဌာနချုပ်မှူး ထိုက်ရွှမ်၏ ဖိတ်ကြားချက်
"ဖေစီနီယာကို ဂါရဝပြုပါတယ်"
ဖေထု မတ်တတ်ရပ်၍ အရိုအသေပေးလိုက်သည်။
ဖန့်ချန်ကလည်း လိုက်ပါမတ်တတ်ရပ်လိုက်သည်။
စီနီယာအစ်မကြီး တစ်ဦးတည်းသာလျှင် ထိုင်ခုံတွင် တည်ငြိမ်စွာ ဆက်လက်ထိုင်နေပြီး ထရပ်မည့်ဟန် မရှိပေ။
သူမက ဖျော့တော့စွာ ပြုံးလျက် ဆိုသည်
"နံပါတ်ရှစ်... ဖန့်မောင်လေးက အမည်စာရင်းသွင်း စေတမန်လုပ်ဖို့ ဆုံးဖြတ်ပြီးပြီ။ မင်း လူနာမည် လုချင်ရင်တော့ ရှောင်ထုနဲ့ ဖန့်မောင်လေးတို့ရဲ့ သဘောထားကို အရင်ကျော်ဖြတ်ရလိမ့်မယ်"
"အမည်စာရင်းသွင်း စေတမန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဟုတ်လား "
လီရှန်းဇီ၏ မျက်နှာတွင် နှမြောတသသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"တကယ် နှမြောစရာပဲ၊ ဖန့်ညီလေးရဲ့ အရည်အချင်းက ဒီလောက်ကောင်းတာ၊ သေတ္တာပိတ် စေတမန်လုပ်ရင် ဘယ်လောက်ကောင်းမလဲ"
"လီစီနီယာ့ လက်အောက်မှာ လူတော်လူကောင်းတွေ ဒီလောက်များတာပဲ၊ ဖန့်ညီလေးကိုတော့ ကျနော့်ဆီပဲ ပေးထားလိုက်ပါဗျာ"
ဖေထုက ရယ်မော၍ ဆိုလိုက်သည်။
ဖန့်ချန်၏ နောက်ခံမှာ မရိုးရှင်းကြောင်း သူ ပို၍ ခံစားလာရသည်။
မဟုတ်လျှင် လီရှန်းဇီကဲ့သို့ ပုဂ္ဂိုလ်မျိုးက အဘယ်ကြောင့် ရုတ်တရက် ပြေးလာရမည်နည်း။
အစီရင်မသေမျိုးအတတ်ကို နားလည်သဘောပေါက်ပြီးနောက် လီရှန်းဇီ၏ အဆင့်အတန်းမှာ ယခင်နှင့် လုံးဝ မတူတော့ပေ။
သာမန်ကိစ္စမျိုးဆိုလျှင် သူ ကိုယ်တိုင် ထွက်လာရန်ပင် ပျင်းရိနေမည့်သူ ဖြစ်သည်။
"ဒါနဲ့ ထိုက်ရွှမ်ကော ဘယ်မှာလဲ "
စီနီယာအစ်မကြီးက ရုတ်တရက် မျက်မှောင်ကြုတ်လျက် မေးသည်။
"သူက ခုမှ ရာထူးတက်တာကို သံသရာဌာနမှာ မရှိဘူးလား "
"စီနီယာအစ်မကြီး အထင်မလွဲပါနဲ့၊ ဌာနချုပ်မှူး ထိုက်ရွှမ်က အခု သံသရာလည်မယ့် စာရင်းတွေကို စစ်ဆေးနေတာပါ။ အမည်စာရင်းသွင်းခြင်း၊ စစ်ဆေးခြင်း၊ သေတ္တာပိတ်ခြင်း အဆင့်ဆင့် ပြီးသွားပေမဲ့လည်း ဌာနချုပ်မှူးက ဒီကိစ္စကို အလွန်အရေးကြီးတယ်လို့ သတ်မှတ်ထားတာကြောင့် ကိုယ်တိုင် ကြည့်ရှုနေတာပါ"
လီရှန်းဇီက ရှင်းပြလိုက်သည်။
"ဪ... ဒါဆိုလည်း ပြီးတာပဲ။ ဖန့်မောင်လေးကို ခဏတော့ မင်းတို့ဆီ အပ်ထားမယ်၊ ဒါပေမဲ့ ပထမပိုင်း နှစ်တွေမှာတော့ သူ့ကို အရေးကြီးတဲ့ အလုပ်တွေ မခိုင်းကြနဲ့ဦး။ သူက လူသားလောကကို ပြန်ပြီး ကျင့်ကြံရဦးမှာ၊ အဆင့်တက်ဖို့က ပိုအရေးကြီးတယ်"
စီနီယာအစ်မကြီးက ခေါင်းညိတ်ပြပြီးနောက် ထရပ်၍ ထွက်ခွာသွားတော့သည်။
"ဖန့်ညီလေး... သံသရာဌာနမှာ မသိတာရှိရင် ဖေစီနီယာကို မေးလိုက်ပေါ့၊ ငါလည်း ပြန်ဦးမယ်"
လီရှန်းဇီကလည်း နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
သူတို့ ထွက်သွားပြီးနောက် ဖေထုက ဖန့်ချန်ကို ပြုံး၍ ဆိုသည်။
"ဖန့်ညီလေး... ငါ မင်းကို အမည်စာရင်းသွင်းတဲ့ အလုပ်တွေ လိုက်ပြမယ်၊ တစ်ဆက်တည်းမှာပဲ မင်းကို ကူညီဖို့ အရန်ကျင့်ကြံသူတစ်သိုက် စီစဉ်ပေးမယ်လေ"
"ဖေစီနီယာကို ဒုက္ခပေးရဦးမှာပဲ"
ဖန့်ချန်က လက်အုပ်ချီ၍ ပြုံးလျက် ဆိုလိုက်သည်။
ဖေထုသည် ဖန့်ချန်ကို သံသရာဌာနအတွင်း ခေတ္တမျှ လိုက်လံပြသပြီးနောက် ခမ်းနားသော နန်းဆောင်ကြီးတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။
နန်းဆောင်အတွင်း၌ ရှည်လျားသော နီညိုရောင် သစ်သားစားပွဲကြီး ၃၃ လုံး ရှိနေသည်။
သို့သော် ယခုအချိန်တွင် စားပွဲ ၇ လုံး၌သာ လူရှိနေပြီး ထိုသူတိုင်းမှာ ကျွယ်မင်နန်းတော်၏ အမာခံတပည့်များ ဖြစ်ကြသည်။
ထိုသူ ၇ ဦးအပြင် နန်းဆောင်အတွင်း၌ အရန်ကျင့်ကြံသူ အများအပြားမှာလည်း မှတ်တမ်းတွဲများကို ပိုက်၍ အလုပ်ရှုပ်နေကြသည်မှာ မြင်မကောင်းအောင်ပင်။
အမည်စာရင်းသွင်း စေတမန် ၇ ဦးမှာ ဖေထု ဝင်လာသည်ကို သတိပြုမိသော်လည်း တစ်ချက်မျှ မော့ကြည့်ရုံသာ ကြည့်ပြီးနောက် လက်ရှိအလုပ်ကို ဆက်လက် လုပ်ကိုင်နေကြသည်။
ဖေထုက ဖန့်ချန်ကို အမည်စာရင်းသွင်း စေတမန်တစ်ဦး၏ ဘေးသို့ ခေါ်သွားသည်။
ထိုသူ၏ ရှေ့တွင် မကုန်နိုင် မခမ်းနိုင်သော မှတ်တမ်းတွဲများ စုပုံနေသည်ကို ဖန့်ချန် တွေ့လိုက်ရသည်။
ထိုမှတ်တမ်းများတွင် လွင့်မျောနေသော ဝိညာဉ်တစ်ဦးချင်းစီ၏ လူသားဘဝ အသေးစိတ် အချက်အလက်များ ပါဝင်ပြီး၊ စေတမန်က ထိုအချက်အလက်များနောက်တွင် နေရာဒေသအမည်တစ်ခုကို ရေးခြစ်၍ မှတ်ချက်ပြုပေးရခြင်း ဖြစ်သည်။
"ကျုပ်တို့ ကျွယ်မင်ယင်လောကမှာ တစ်နေ့တည်းနဲ့ သံသရာထဲ ပို့ပေးရတဲ့ ဝိညာဉ်တွေက မရေမတွက်နိုင်အောင် များပြားလှတယ်။ အမည်စာရင်းသွင်းတဲ့ အလုပ်က ကြည့်ရတာတော့ ငြီးငွေ့စရာ ကောင်းပေမဲ့ တကယ်တော့ အဲဒီဝိညာဉ်ရဲ့ နောင်ဘဝ ဇာတ်မြစ်ကို အဆုံးအဖြတ် ပေးလိုက်တာပဲ"
ဖေထုက ပြုံးလျက် ရှင်းပြသည်။
"ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားရဘူး။ အရင်ဘဝက မကောင်းမှု လုပ်ခဲ့ရင် ဆင်းရဲတဲ့ ဒေသကို ပို့ပစ်ရမယ်၊ ကောင်းမှုလုပ်ခဲ့ရင်တော့ ချမ်းသာကြွယ်ဝတဲ့ နေရာကို ပို့ပေးရမှာပေါ့"
"ဖေစီနီယာရယ်... အမည်စာရင်းသွင်း စေတမန်က စုစုပေါင်း ၃၃ ယောက်ရှိတာ၊ အခုကြည့်ပါဦး... အလုပ်တွေက ဒီလောက် ပုံနေတာကို ဒီနေ့ ၇ ယောက်ပဲ ရှိတယ်"
"ကျန်တဲ့ ၂၆ ယောက်က အားလပ်ရက် ခရီးထွက်နေကြတာလား ဒါမှမဟုတ် ရှေးဟောင်းတားမြစ်နယ်မြေ တစ်ခုခုမှာ သွားပြီး တိုက်ခိုက်နေကြတာလား "
ထိုအမည်စာရင်းသွင်း စေတမန်က ဖေထုကို မော့ကြည့်ကာ သရော်သလို ပြောလိုက်သည်။
"ကျန်းညီလေး... ဒီရက်ပိုင်းတော့ သည်းခံပြီး လုပ်ပေးကြပါဦး၊ ကျန်တဲ့လူတွေကို ငါ သတင်းပို့ထားပြီးပါပြီ၊ သူတို့ သတင်းရတာနဲ့ ပြန်လာကြမှာပါ"
ဖေထုက အားနာဟန်ဖြင့် ရယ်မောလိုက်သည်။
ထို့နောက် သူက စကားကို ခေတ္တရပ်ကာ
"မင်းတို့ အလုပ်ခဏရပ်ဦး၊ ဒီဖန့်ညီလေးက အသစ်ရောက်တဲ့ အမည်စာရင်းသွင်း စေတမန်ပဲ၊ ကျုပ်တို့ နန်းတော်ရဲ့ အမာခံတပည့်သစ်ပေါ့"
"ဪ... မကြာသေးခင်ကမှ ဟုန်ညီမလေး အမာခံတပည့် ဖြစ်သွားတာ၊ အခု နောက်ထပ် ညီလေးတစ်ယောက် ထပ်တိုးပြန်ပြီလား ကြည့်ရတာ ကျုပ်တို့ ကျွယ်မင်နန်းတော်က အောင်မြင်မှုတွေ တရဟော ရနေတဲ့ အချိန်ပဲ"
စေတမန် ၇ ဦးစလုံး ထရပ်ကာ ဖန့်ချန်ရှေ့သို့ လာ၍ နှုတ်ဆက်ကြသည်။
အနီးအနားရှိ အရန်ကျင့်ကြံသူများမှာလည်း အလုပ်ရပ်၍ ဖန့်ချန်ကို ရိုသေစွာ ကြည့်ကြသည်။
ထိုအထဲမှ အပြင်စည်းကျင့်ကြံသူ အချို့မှာမူ အလွန် စိတ်လှုပ်ရှားနေကြပြီး ၎င်းတို့မှာ တုရုဖုန်း နှင့် အပေါင်းအပါများ ဖြစ်ကြသည်။
အားလုံး အချင်းချင်း မိတ်ဆက်ပြီးနောက် စေတမန် ၇ ဦးမှာ ညည်းညူသံ အချို့ပြုလုပ်ကာ စားပွဲဆီသို့ ပြန်သွား၍ အလုပ်ဆက်လုပ်ကြသည်။
သူတို့၏ အလုပ်လုပ်နှုန်းမှာ အလွန်ပင် မြန်ဆန်လှပြီး တစ်ခါတလေ တစ်စက္ကန့်အတွင်းမှာပင် မှတ်တမ်းပေါင်း ရာချီကို ဆောင်ရွက်ပြီးစီးကြသည်။
"စီနီယာအစ်မကြီးက မင်းကို အလုပ်တွေ အရင်လေ့လာခိုင်းထားတာ ဆိုတော့ အခုချက်ချင်း အလုပ်လုပ်ဖို့ မလိုသေးပါဘူး၊ လူသားလောက ကျင့်ကြံမှုက ပိုအရေးကြီးတယ်။ ငါ အပြင်စည်းကျင့်ကြံသူ အချို့ကို ခေါ်ပေးမယ်၊ မင်းက အယောက် ၁၀၀ ရွေးလိုက်၊ အဲဒီလူတွေက မင်းရဲ့ လက်ဝင်တဲ့ အလုပ်တွေကို ခွဲဝေလုပ်ပေးကြလိမ့်မယ်"
ဖေထု ပြောပြီးသည်နှင့် လူလွှတ်၍ အရန်ကျင့်ကြံသူ ရာနှင့်ချီကို ခေါ်လိုက်သည်။
သူတို့သည် သံသရာဌာနတွင် အထွေထွေ အလုပ်သမားများဖြစ်ကြပြီး မည်သည့် စေတမန်၏ လက်အောက်သို့မျှ မရောက်ရှိသေးသူများ ဖြစ်ကြသည်။
တိုက်ဆိုင်စွာပင် တုရုဖုန်းတို့ အုပ်စုမှာလည်း ထိုအထဲတွင် ပါဝင်နေသည်။
ဖန့်ချန်က ထိုအခြေအနေကို မြင်သည်နှင့် သူတို့ကို သဘာဝကျကျပင် ရွေးချယ်လိုက်ပြီး အခြားလူအချို့နှင့် ပေါင်းကာ လူ ၁၀၀ ပြည့်အောင် ရွေးလိုက်သည်။
ထိုအလုပ်များ ပြီးစီးပြီးနောက် ဖေထုက ဖန့်ချန်ကို သံသရာဌာနအတွင်းရှိ သူ၏ နေအိမ်သို့ လိုက်လံပို့ဆောင်ပေးကာ နာရီအနည်းငယ် ကြာမှ ပြန်သွားတော့သည်။
ကျယ်ဝန်းလှသော ခြံဝင်းအတွင်း၌ ကျွယ်မင်နန်းတော်၏ အရန်ကျင့်ကြံသူ ၁၀၀ မတ်တတ်ရပ်နေကြသည်။
သူတို့သည် ကျွယ်မင်ယင်လောကတွင် ရှိနေနိုင်သူများ ဖြစ်ကြသဖြင့် ကျင့်ကြံသူအများအပြားထဲမှ ထူးချွန်သူများ ဖြစ်ကြသည်မှာ သေချာလှသည်။
"ကျနော်မျိုးတို့ ဖန့်အမာခံတပည့်ကို ဂါရဝပြုပါတယ် "
လူ ၁၀၀ စလုံး စုပေါင်း၍ အရိုအသေပေးသံမှာ ကောင်းကင်သို့ ဟိန်းထွက်သွားတော့သည်။
"အားနာစရာ မလိုပါဘူး"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြကာ တုရုဖုန်းတို့ကိုသာ ချန်ထားရစ်ပြီး ကျန်ရှိသူများကို ထွက်သွားခွင့် ပေးလိုက်သည်။
"ဖန့်... ဖန့်အမာခံတပည့်"
တုရုဖုန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်အရှား ပေါ်နေသည်။
"စီနီယာ အမာခံတပည့် ဖြစ်ဖြစ်ချင်းမှာပဲ ရှောက်ဇီက ယင်လောကကို ဆင်းလာပြီး ကျနော်တို့ကို အကြောင်းကြားခဲ့ပါတယ်။ စီနီယာ ဖူထူလောကမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပြီးမှ ပြန်ရောက်လာတာနဲ့ ချက်ချင်း အမာခံတပည့် ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး၊ တကယ့်ကို စံပြပုဂ္ဂိုလ်ပါပဲ "
"မြှောက်ပင့်တာတွေ ခဏထားလိုက်ပါဦး၊ ငါက ဒီအလုပ်နဲ့ ပတ်သက်ပြီး သိပ်မသိသေးတော့ နောင်ကျရင် မင်းတို့ပဲ ကူညီပေးကြရမှာ၊ အလွဲအချော်တွေ မဖြစ်အောင်ပေါ့"
ဖန့်ချန်က ရယ်မော၍ ဆိုသည်။
တုရုဖုန်းက ချက်ချင်း ရင်ဘတ်ကို ပုတ်ကာ အာမခံသည်။
"စိတ်ချပါ စီနီယာ၊ ကျနော်တို့ ဒီဌာနမှာ တာဝန်ထမ်းဆောင်လာတာ ကြာပါပြီ၊ ဒီနေရာအကြောင်း အတော်လေး နှံ့စပ်ပါတယ်၊ ဒီကိစ္စကို ကျနော်တို့အပေါ်ပဲ ပုံအပ်ထားလိုက်ပါ"
"အသစ်တက်လာတဲ့ အမည်စာရင်းသွင်း စေတမန် ဖန့်အမာခံတပည့် ဆိုတာ မင်းပဲလား "
ခြံဝင်းအပြင်ဘက်မှ လူရိပ်တစ်ခု လျှောက်လှမ်းဝင်လာပြီး ဖန့်ချန်ကို အဝေးမှနေ၍ အရိုအသေပေးလိုက်သည်။
လာရောက်သူ၏ အငွေ့အသက်မှာ အလွန်သိပ်သည်းလှသဖြင့် မသေမျိုးအဆင့် တစ်ဦး ဖြစ်ရပေမည်။
တုရုဖုန်းတို့မှာ ထိုသူကို မြင်လိုက်ရသည်နှင့် လန့်သွားကြသည်။
သူတို့သည် ထိုသူမှာ ဌာနချုပ်မှူး ထိုက်ရွှမ် ၏ ဘေးတွင် အမြဲလိုက်ပါလေ့ရှိသော၊ ဌာနချုပ်မှူးနှင့် အလွန်ရင်းနှီးသော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း မှတ်မိကြသည်။
ဖန့်ချန်ကမူ ထိုသူကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။
ယခင်က နန်ချင်းကြယ်တာရာ၏ ကျင့်ကြံသူနှီးနှောဖလှယ်ပွဲတွင် သူ တွေ့ဖူးခဲ့သည့် ထိုက်ရွှမ်မသေမျိုး၏ တပည့်ဦးကြီး ကျိကန်း ပင် ဖြစ်သည်။
"ဟုတ်ပါတယ်၊ မိတ်ဆွေက ဘယ်သူများပါလဲ "
ဖန့်ချန်က လက်အုပ်ချီ မေးမြန်းလိုက်သည်။
"အားနာစရာ မလိုပါဘူး၊ ကျနော့်နာမည်က ကျိကန်းပါ၊ ဌာနချုပ်မှူး ထိုက်ရွှမ်ရဲ့ ဘေးမှာ တာဝန်ထမ်းဆောင်နေသူပါ။ အခု ဌာနချုပ်မှူးရဲ့ အမိန့်အရ ဖန့်အမာခံတပည့်ကို လာရောက် ဖိတ်ကြားတာပါ၊ ခဏလောက် တွေ့ဆုံစကားပြောချင်လို့ပါ"
ကျိကန်းက ပြန်လည်နှုတ်ဆက်သည်။
ဌာနချုပ်မှူး ထိုက်ရွှမ်က ဖိတ်တယ်
တုရုဖုန်းတို့မှာ စိတ်ထဲမှ အံ့ဩနေကြသည်။
အမာခံတပည့် ဖြစ်ရသည်မှာ တကယ်ကို မဆိုးလှ၊ ဌာနချုပ်မှူးကဲ့သို့သော ပုဂ္ဂိုလ်ကြီးကပင် ကိုယ်တိုင် ဖိတ်ကြားခြင်းကို ခံရပေသည်။
"ဒါဆိုရင်လည်း ကျိမိတ်ဆွေ ရှေ့ကနေ လမ်းပြပေးပါဦး"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ဝမ်ချုံစန်းသည် ခုနက စီနီယာအစ်မကြီး ရှိနေစဉ်က ထွက်မလာခဲ့ခြင်းမှာ စီနီယာအစ်မကြီးနှင့် မတွေ့ချင်သောကြောင့် ဖြစ်နိုင်ပေသည်။
အဘယ်ကြောင့်နည်း... လူမိမှာ ကြောက်လို့လား၊ ဒါမှမဟုတ် တစ်ခုခုကို အပြစ်မကင်းသလို ခံစားနေရလို့လား။
အခန်း (၁၄၅၈) - နယ်မြေချဲ့ထွင်ရေးအဖွဲ့တွင် ရွေးချယ်ခံရခြင်း
သံသရာဌာန၊ ဌာနချုပ်မှူးရုံးခန်း
ထိုနေရာ၏ အရှေ့အနောက်တွင် ကျွယ်မင်ကျင့်ကြံသူ အများအပြား နေရာယူစောင့်ကြပ်နေကြပြီး လူတိုင်း၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်နေကြသည်။
ကျိကန်းသည် လမ်းတစ်လျှောက် မည်သည့်အတားအဆီးမျှမရှိဘဲ ဖန့်ချန်ကို တံခါးဝအထိ ခေါ်ဆောင်လာခဲ့ပြီးနောက် ကိုယ်ကိုညွတ်၍ ထွက်ခွာသွားတော့သည်။
"ဝင်ခဲ့ပါ"
ဌာနချုပ်မှူး ထိုက်ရွှမ်၏ အသံမှာ အေးဆေးတည်ငြိမ်စွာ ထွက်ပေါ်လာသည်။
ဖန့်ချန် တံခါးကိုတွန်း၍ ဝင်လိုက်သောအခါ ပြတင်းပေါက်နားတွင် ကျောခိုင်းရပ်နေသည့် ထိုက်ရွှမ်မသေမျိုးကို မြင်လိုက်ရ၏။
"တပည့် ဖန့်ချန်... ဌာနချုပ်မှူး ထိုက်ရွှမ်ကို ဂါရဝပြုပါတယ်"
ဖန့်ချန်က လက်အုပ်ချီ၍ ဆိုလိုက်သည်။
နောက်ဘက်ရှိ တံခါးမကြီးမှာ အလိုအလျောက် ဖြည်းညှင်းစွာ ပိတ်သွားတော့သည်။
"ရပါပြီ... ငါတို့ကြားက စကားတွေကို ဘယ်သူမှ ကြားနိုင်မှာ မဟုတ်ဘူး။ မင်းလည်း အခြေအနေအချို့ကို ရိပ်မိနေလောက်ပြီလို့ ငါခန့်မှန်းမိသားပဲ"
ထိုက်ရွှမ်မသေမျိုးက လှည့်လာပြီး ဖန့်ချန်ကို ကြည့်ကာ ခပ်နောက်နောက် အပြုံးမျိုးဖြင့် ဆိုလိုက်သည်။
"ဝမ်စီနီယာ့ရဲ့ နည်းလမ်းတွေက ဒီလောက်အထိ နက်နဲလိမ့်မယ်လို့ မထင်ထားမိလို့ပါ။ သံသရာဌာနရဲ့ ဌာနချုပ်မှူးတောင် ဖြစ်လာနိုင်တယ်ဆိုတော့လေ"
ဖန့်ချန်က အနည်းငယ် အံ့ဩတသဟန်ဖြင့် ဆိုသည်။
ဝမ်ချုံစန်းက သူ၏ဦးခေါင်းကို လက်ညှိုးဖြင့် အသာအယာ တို့ပြလိုက်ပြီး
"ဒါကတော့ ဒီဦးနှောက်ကို သုံးပြီး လုပ်ရတာပေါ့။ ဒီကိစ္စအတွက် ငါ နှစ်ပေါင်းများစွာ ကြံစည်ခဲ့ရတာ။ အခြေအနေအရပ်ရပ် ပြည့်စုံသွားတဲ့အခါမှာတော့ အရာအားလုံးက အလိုလို ဖြစ်လာတာပဲ"
"အမာခံတပည့် လီရှမ်းဇီကော... သူက မိစ္ဆာသန္ဓေသားကို ဖောက်ထွက်နိုင်ခဲ့ပြီလား "
ဖန့်ချန်က မေးမြန်းလိုက်သည်။
"ငါနဲ့ သူနဲ့ ပတ်သက်မှုက သူ့ညီမလေးဆီက စတာ။ သူ့ညီမက စိတ်ဝိညာဥ်တောင်ရဲ့ တပည့်ပဲ၊ ငါကလည်း ငယ်စဉ်ကတည်းက စိတ်ဝိညာဥ်တောင်မှာ ပညာသင်ခဲ့တာဆိုတော့ အခုဆို သူ့ညီမရဲ့ ဆရာဖြစ်နေပြီပေါ့။ ဒါ့အပြင် ငါ့ရဲ့ တပည့်ကြီး ကျိကန်းကလည်း ကျွယ်မင်နန်းတော်ထဲမှာ လီရှမ်းဇီနဲ့အတူ အချိန်အတော်ကြာ တွဲလုပ်ခဲ့ဖူးတယ်။ ပြောရရင် ကျိကန်းက လီရှမ်းဇီထက်တောင် ကျွယ်မင်နန်းတော်ကို အရင်ရောက်တာ"
ဝမ်ချုံစန်းက ဖန့်ချန်ကို ထိုင်ရန် အချက်ပြရင်း ရယ်မောလျက် ဆိုသည်။
"ဒီလို ရေစက်တွေကြောင့် ငါနဲ့ လီရှမ်းဇီက ဆက်ဆံရေး အရမ်းကောင်းတာပေါ့။ ဒါပေမဲ့ သူကတော့ မိစ္ဆာသန္ဓေသား ကို မဖောက်ထွက်နိုင်သေးပါဘူး"
"ကျနော် သိရသလောက်တော့ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် အတော်များများက ကျွယ်မင်ကြယ်က လာကြတာ။ သူတို့က ဒီလောကထဲမှာ သံသရာလည်နေတာ အကြိမ်ကြိမ်ပဲ။ အကယ်၍ သူတို့ရဲ့ မှတ်ဉာဏ်တွေကို ပြန်ဖော်ပေးနိုင်ရင် မိစ္ဆာဘက်က မှတ်ဉာဏ်တွေကို ချိတ်ပိတ်ထားပြီး ကိုယ့်လူအဖြစ် ပြောင်းလဲလို့ ရနိုင်မလား "
ဖန့်ချန်က မေးသည်။
"လူ့စိတ်ဆိုတာ ခန့်မှန်းရခက်တယ်၊ ကိုယ့်လူဆိုတာတောင် အမြဲတမ်း ယုံကြည်လို့ရတာ မဟုတ်ဘူး။ အခုချိန်မှာ ငါက ငါ့ကိုယ်ငါပဲ ယုံကြည်တယ်"
ဝမ်ချုံစန်းက အေးဆေးစွာ ပြုံးလိုက်ပြီး
"ဟိုဘက်ခြမ်းမှာ နေရတာက မလွယ်ဘူး၊ ဒီဘက်ကို ကူးလာဖို့ဆိုတာလည်း လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ အစပိုင်းတုန်းကတော့ သူတို့က သံသရာလည်ပြီး အသက် ၁၈ နှစ်ရောက်ရင် မှတ်ဉာဏ်တွေ အလိုလို ပွင့်လာမယ်လို့ ထင်ခဲ့ကြတာ"
"ဒါပေမဲ့ ငါတို့ဘက်က ယန်ရှန်း တွေကလည်း လူညံ့တွေ မဟုတ်ဘူးလေ၊ သူတို့ရဲ့ နည်းလမ်းနဲ့ပဲ သူတို့ကို ပြန်တုံ့ပြန်ခဲ့တာ။ အခုဆိုရင် အဲဒီ ချိတ်ပိတ်မှုကို သူတို့ မဖြေရှင်းနိုင်သရွေ့ ဒီဘက်ကို ကူးလာဖို့ ဘယ်တော့မှ ရဲမှာမဟုတ်တော့ဘူး။ ဒါကြောင့် ငါ့အနေနဲ့ ကျွယ်မင်နန်းတော်က အမာခံတပည့်တွေကို သွားထိပြီး စွန့်စားနေစရာ မလိုဘူး"
"ဒါဆို စီနီယာ ဘာလုပ်ဖို့ စီစဉ်ထားလဲ "
ဖန့်ချန်က စပ်စုသည့်အဟန်ဖြင့် မေးလိုက်သည်။
"မမေးနဲ့၊ မင်းကို ငါ ဒါတွေ မပြောချင်ဘူး"
ဝမ်ချုံစန်းက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
"တကယ်တော့... ကျနော် အကြမ်းဖျင်းတော့ ခန့်မှန်းလို့ ရပါတယ်၊ စီနီယာ ယုံကြည်ရတဲ့ မျိုးစေ့ တွေကို ကျွယ်မင်ကြယ်မှာ ချထားပြီး သံသရာလည်စေပြီး ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်နေရာတွေကို တဖြည်းဖြည်း အစားထိုးခိုင်းချင်တာ မဟုတ်လား။ အချိန်အတော်ကြာသွားရင် သူတို့က ကျွယ်မင်နန်းတော်ရဲ့ အထက်လူကြီးတွေ၊ အကြီးအကဲအဖွဲ့ဝင်တွေ၊ နောက်ဆုံး... နန်းတော်သခင်အထိတောင် ဖြစ်လာနိုင်တယ်လေ"
ဖန့်ချန်က ခွဲခြမ်းစိတ်ဖြာပြလိုက်သည်
"အဲဒီအချိန်ရောက်ရင် ကျွယ်မင်နန်းတော် တစ်ခုလုံးမှာ လူသားကျင့်ကြံသူတွေက ၉၉ ရာခိုင်နှုန်းအထိ ရှိနေတာကို စီနီယာ သေချာပေါက် အာမခံနိုင်မှာပေါ့"
"မင်းက အဲဒီလို ပြောချင်ရင်လည်း ဟုတ်တာပေါ့။ ဒါတွေကို ခဏထားလိုက်ပါဦး၊ မင်း ဒီလောက်အထိ မြန်မြန်ဆန်ဆန် အမာခံတပည့် ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
ဝမ်ချုံစန်းက ပြုံး၍ ဆိုသည်
"ငါတို့ရဲ့ အစီအစဉ်ကို နောက်ထပ် အချိန်အနည်းငယ် ကြာရင် စတင်လို့ ရပြီ။ မင်း ရှောင်ယွီ ကိုပါ ခေါ်လာပြီး သူမကို သံသရာလည်စေဖို့ စိတ်ကူးရှိလား "
"ဘယ်လောက်ကြာဦးမှာလဲ"
ဖန့်ချန်၏ စိတ်အာရုံတို့ လှုပ်ခတ်သွားရသည်။
"အနည်းဆုံး... နှစ် ၂၀၀ ဝန်းကျင်လောက် ထပ်စောင့်ရဦးမယ်"
ဝမ်ချုံစန်းက ခေတ္တစဉ်းစားပြီး ဆိုလိုက်သည်။
"နှစ် ၂၀၀ တောင်လား စီနီယာက အခု သံသရာဌာနရဲ့ ဌာနချုပ်မှူး၊ အကြီးဆုံးအရာရှိ ဖြစ်နေတာကို ဘာလို့ နှစ် ၂၀၀ တောင် ကြာဦးမှာလဲ "
ဖန့်ချန်က နားမလည်နိုင်ဘဲ မေးလိုက်သည်။
"သံသရာလည်ခြင်းကို ထိန်းချုပ်တဲ့ ရတနာက ဝိညာဥ်ရတနာ တစ်ခုပဲ။ အဲဒီအပေါ်မှာ ငါ့ရဲ့ လက်ကွက်အချို့ကို ချန်ထားနိုင်ဖို့ ကြံစည်ရဦးမယ်။ မဟုတ်ရင် အဲဒီရတနာက အဲဒီ မျိုးစေ့ တွေဟာ အရင်က ကျွယ်မင်ကြယ်မှာ ရှင်သန်ခဲ့ဖူးသူတွေ မဟုတ်တာကို သိသွားရင် အဲဒီဝိညာဉ်တွေဟာ ဝူကျန်းငရဲ ထဲကို ကျရောက်ပြီး ပြာဖြစ်သွားတဲ့အထိ အလောင်ခံရလိမ့်မယ်"
ဝမ်ချုံစန်းက အေးဆေးစွာ ဆိုသည်
"ဒါ့အပြင် အမည်စာရင်းသွင်းခြင်းနဲ့ စစ်ဆေးခြင်းဆိုင်ရာ အရာရှိချုပ်တွေကိုလည်း ငါ့လူတွေနဲ့ အစားထိုးရဦးမယ်"
"ဝိညာဥ်ရတနာလား"
ဖန့်ချန်က တွေးတောနေပြီးနောက် ဆက်မေးလိုက်သည်။
"သေတ္တာပိတ်ခြင်းဆိုင်ရာ အရာရှိချုပ် လီရှမ်းဇီကော"
"သူ ငါနဲ့ ပူးပေါင်းလာအောင် ငါ့မှာ အာမခံချက် ရှိပါတယ်။ ကျွယ်မင်ကြယ်က လူတွေအားလုံးက ဒီမှာပဲ မွေးဖွားကြီးပြင်းလာကြတာလို့ မင်း တကယ်ထင်နေတာလား ဝိညာဉ်အတော်များများက အပြင်လောကက လာကြတာပါ"
"သံသရာဌာနက လာဘ်လာဘ အပေါဆုံးဖြစ်ရတဲ့ အကြောင်းအရင်းကလည်း ကိုယ့်ဆွေမျိုးသားချင်းတွေကို ကျွယ်မင်ကြယ်မှာ သံသရာလည်စေပြီး နောင်တစ်ချိန်မှာ အမာခံတပည့် ဖြစ်လာနိုင်အောင် မျှော်လင့်ချက်နဲ့ လူတိုင်းက လာဘ်ထိုးချင်ကြလို့ပဲ။ ဒီလို လာဘ်လာဘမျိုးတွေကို လီရှမ်းဇီက လက်လွတ်ခံမှာ မဟုတ်ဘူး၊ သူက တော်တော်လေး လောဘကြီးတယ်လေ"
"လောဘကြီးတာတော့ ဟုတ်တယ်၊ အရင်က ကျနော် အဆင့် ၄ မသေမျိုးဆေးပင် ရှစ်ပင် ဆက်သခဲ့တာကို သူက အဆင့် ၃ မသေမျိုးဆေးပင်လို့ လိမ်ပြီး တင်ပြခဲ့တာလေ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် စကားကို ခေတ္တရပ်ကာ
"နန်ချင်းကြယ်တာရာက ကျင့်ကြံသူနှီးနှောဖလှယ်ပွဲတုန်းက ချန်ခုန်းမသေမျိုး လည်း ရှိနေသလို ထိုက်ရွှမ်မသေမျိုး လည်း ရှိနေတာပဲ။ စီနီယာက ဘာလို့ ကိုယ့်ဘာကိုယ် ပြန်ပြီး ဒုက္ခပေးနေရတာလဲအကယ်၍ ချန်ခုန်းမသေမျိုးက ထိုက်ယီမသေမျိုးဂိုဏ်းက ယန်ထုံ ကို မသေမျိုးအရိုးဆီ တွေ မထောက်ပံ့ပေးခဲ့ရင် စီနီယာ မသေမျိုးစာရင်းဝင်ခွင့်ကို ဒီထက်စောစော ရနိုင်တာပေါ့"
"ငါက ထိုက်ယီမသေမျိုးဂိုဏ်းနဲ့ ပူးပေါင်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု လိုချင်လို့ပါ။ ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူး"
"ကျနော် နောက်ပိုင်း တော်တော် စဉ်းစားကြည့်တယ်... စီနီယာ့မှာ ထိုက်ယီမသေမျိုးဂိုဏ်းထဲမှာလည်း နောက်ထပ် ကိုယ်ပွား တစ်ခု ရှိနေပြီး... အခုဆိုရင် အဲဒီကိုယ်ပွားကလည်း ရှေးဟောင်းမသေမျိုး အဆင့်ကို ရောက်နေပြီလား "
ဖန့်ချန်၏ စကားအဆုံးတွင် ဝမ်ချုံစန်းက တိုးညှိစွာ ရယ်မောလိုက်တော့သည်။
"မင်းရဲ့ စိတ်ကူးစိတ်သန်းက တကယ့်ကို ကောင်းတာပဲ၊ ငါ့မှာ အဲဒီလောက်အထိ အားအင်တွေ ဘယ်ရှိမလဲ ငါ ရှေးဟောင်းမသေမျိုး ဖြစ်လာဖို့နဲ့ အခုရှိနေတဲ့ ကိုယ်ပွားတွေကို ပြုစုဖို့အတွက်တင် ငါ့ရဲ့ အားအင် ၉၉ ရာခိုင်နှုန်းကို သုံးစွဲထားရတာ။ အဆင့် ၆ မသေမျိုး ကိုယ်ပွား နောက်တစ်ခု ထပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ဝမ်ချုံစန်းက ခေါင်းကိုခါယမ်းကာ တိုက်ရိုက်ပင် ငြင်းဆိုလိုက်ပြီးနောက် စပ်စုသည့်အဟန်ဖြင့် မေးသည်။
"မင်းကို ခေါ်လိုက်တာက မင်းရဲ့ သေခြင်းရှင်ခြင်းမှတ်တမ်း အကြောင်း မေးချင်လို့။ သူတို့ မင်းကို နာမည်သွားရေးခိုင်းတယ် မဟုတ်လား မင်းက စစ်မှန်တဲ့ ငရဲမင်း ဆိုတော့ နာမည်ရေးပြီးတဲ့နောက် ဘာဖြစ်သွားလဲ "
"မှတ်တမ်းပေါ်မှာ ကျနော့်နာမည်က တည်မြဲမနေဘူး"
ဖန့်ချန်က ခေါင်းခါလိုက်သည်။
"သေခြင်းရှင်ခြင်းမှတ်တမ်းက ယင်လောကမှာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ၊ အရမ်းကို ထူးဆန်းတဲ့ ဝိညာဥ်ရတနာ တစ်ခုပဲ။ နှမြောစရာကောင်းတာက အခုတော့ အဲဒါက မပြည့်စုံတော့ဘူး၊ မဟုတ်ရင်တော့ သူ့ရဲ့ စွမ်းအားက မင်းနဲ့ငါ ခန့်မှန်းထားတာထက် အများကြီး ပိုမှာပဲ။ မင်း အဲဒီအကြောင်း ဘယ်လောက် သိထားလဲ "
"လုံးဝနီးပါး မသိပါဘူး"
"မပြောချင်လည်း နေပါတော့"
ဝမ်ချုံစန်းက ဖန့်ချန် တမင်သက်သက် မပြောပြခြင်း ဖြစ်သည်ဟု ယူဆကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်ဝေ့ယမ်းလိုက်သည်။
"မင်း သွားတော့၊ သံသရာဌာနမှာ ဘာပြဿနာမှ မရှာနဲ့ဦး၊ ဟိုကိစ္စကိုတော့ ငါ့ရဲ့ အကြောင်းကြားချက်ကိုပဲ စောင့်နေလိုက်"
"ဟုတ်ကဲ့"
ကျွယ်မင်ယင်လောကတွင် ဆယ်ရက်ကျော် ကြာမြင့်ပြီးနောက် ဖန့်ချန်သည် လူသားလောကသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ ပြန်ရောက်လာသည်နှင့် ကျွယ်မင်နန်းတော်၏ အငွေ့အသက်မှာ အနည်းငယ် ပုံမှန်မဟုတ်သည်ကို သတိပြုမိလိုက်သည်။
ကြာနီနတ်မိမယ် မှာလည်း ကျင့်ကြံခြင်းခန်းမမှ ထွက်လာကာ ဖန့်ချန်၏ ကိုယ်ပွားကို စောင့်ကြပ်ပေးနေသည့် ဂူတံခါးဝသို့ ရောက်ရှိနေသည်။
ဖန့်ချန် ထွက်လာသည်နှင့် ကြာနီနတ်မိမယ်က ဆိုသည်။
"ကျမတို့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ မှာ ရွေးချယ်ခံရတယ်"
"နယ်မြေချဲ့ထွင်ရေးအဖွဲ့"
ဖန့်ချန်၏ စိတ်အာရုံတို့ လှုပ်ခတ်သွားရသည်
"ဘယ်နေရာကို ချဲ့ထွင်မှာလဲ "
"နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေပဲ။ အဲဒီနေရာကို ရုလိုင်ဘုန်းတော်ကြီးကျောင်း က စောင့်ကြပ်နေတာ၊ သူတို့ စောင့်ကြပ်ရမယ့် အချိန်ကာလ ပြည့်သွားပြီဆိုတော့ အင်အားစု အသီးသီးရဲ့ စိန်ခေါ်မှုကို လက်ခံရတော့မယ်"
"ဒီတစ်ခေါက်က စီနီယာအစ်မကြီး ကိုယ်တိုင် ဦးဆောင်မှာ၊ ရုလိုင်ဘုန်းတော်ကြီးကျောင်း ဘက်ကလည်း သူတို့ရဲ့ ဗုဒ္ဓသားတော် ရှောက်ကွမ်းယင် ကိုယ်တိုင် စောင့်ကြပ်ခိုင်းလိမ့်မယ်လို့ ခန့်မှန်းရတယ်။ ကျမ ကြားရတာတော့ ရုလိုင်ဘုန်းတော်ကြီးကျောင်းက အရင်းအနှီးတွေ အများကြီး သုံးထားပုံပဲ၊ အသွေးသားနန်းတော် ၊ ထိုက်ယီမသေမျိုးဂိုဏ်း နဲ့ ကြယ်တစ်သောင်းနန်းတော် တို့က အဲဒီအချိန်ကျရင် သူတို့ဘက်က ရပ်တည်ပေးကြလိမ့်မယ်ထင်တယ်"