← Chapters

အခန်း (၁၄၅၉-၁၄၆၀)

Vol. 146 Ch. 1459-1460

အခန်း (၁၄၅၉-၁၄၆၀)

Vol. 146 Ch. 1459-1460

အခန်း (၁၄၅၉) - အင်အားစုစည်းခြင်း

"ရှင် အမြန်ဆုံး နယ်မြေချဲ့ထွင်ရေးအဖွဲ့တစ်ခုကို စုစည်းရမယ်။ လင်းယွမ်တို့ချည်းပဲနဲ့တော့ ရှင့်ရဲ့ မသေမျိုးလှေအစီရင် ကို အသက်သွင်းတဲ့အခါ လိုအပ်တဲ့ မသေမျိုးစွမ်းအင် အများစုကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး"

ကြာနီနတ်မိမယ်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေသည်။

"ထွက်ခွာဖို့ ဘယ်လောက်လောက် လိုသေးလဲ"

ဖန့်ချန်က မေးလိုက်သည်။

"မြန်ရင် ခြောက်လ၊ ကြာရင် တစ်နှစ်ပေါ့။ ဒီတစ်ခေါက် ခရီးက အသွားအပြန်ဆိုရင် နှစ်ပေါင်း ရာနဲ့ချီ ကြာမြင့်နိုင်တယ်"

ကြာနီနတ်မိမယ်က ခါးသက်စွာ ပြုံးလျက် ဆိုသည်

"နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေ ရုလိုင်ဘုရားကျောင်းက ဝူရှန်းငရဲထက်တောင် ပိုဝေးသေးတယ်"

"နှစ်ပေါင်း ရာနဲ့ချီ..."

ဖန့်ချန်၏ စိတ်ထဲတွင် အနည်းငယ် တွန့်ဆုတ်သွားမိသည်။

ဝမ်ချုံစန်း ကြံစည်နေသည့် ကိစ္စနှင့် လွဲချော်သွားမည်ကို သူ စိုးရိမ်နေမိခြင်း ဖြစ်သည်။

ထိုသို့ တွေးတောနေစဉ်အတွင်း လူရိပ်အချို့မှာ သူတို့နှစ်ဦး၏ အပေါ်ယံကောင်းကင်မှ ပျံသန်းသွားကြသည်။

ကြာနီနတ်မိမယ်သည် ထိုသူများထဲမှ တစ်ဦးကို မြင်လိုက်ရသောအခါ သက်ပြင်းချလျက် ဆိုသည်။

"စီနီယာ ထိုက်ရွှမ်လည်း ဒီတစ်ခေါက် နယ်မြေချဲ့ထွင်ရေးမှာ ပါပုံရတယ်"

"သူတောင် သွားရမှာလား ဒါဆိုရင် ဟိုဝိညာဥ်ရတနာကို ကိုင်တွယ်ဖို့ အချိန်ရပါဦးမလား "

ဖန့်ချန်သည် စိတ်ထဲမှနေ၍ ရုလိုင်ဘုန်းတော်ကြီးကျောင်းကို ကျိန်ဆဲမိတော့သည်။

အကယ်၍ ထိုဘုန်းကြီးများက စီနီယာအစ်မကြီး ကို ရန်မစခဲ့လျှင် ယခုကဲ့သို့ အင်အားအလုံးအရင်းနှင့် သွားရောက်ရမည့် အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။

"ငါ လူအချို့သွားရှာလိုက်ဦးမယ်၊ လှေပေါ်မှာ စွမ်းရည်မြင့်တဲ့သူတွေ ပါနိုင်သမျှ ပါအောင် စုရမယ်"

"ကျမလည်း ရှင်နဲ့အတူ လိုက်ခဲ့ပေးမယ်"

ကြာနီနတ်မိမယ်က ဆိုသည်။

သူမ၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့မှာ လူအင်အား ပြည့်စုံနေပြီဖြစ်သဖြင့် စိုးရိမ်စရာ မရှိပေ။

"နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်တွေက များလေကောင်းလေဆိုပေမဲ့၊ သူတို့ ငါ့အဖွဲ့ထဲ ဝင်လာပြီးရင် ငါက အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူတို့အတွက် တာဝန်ယူပေးရမယ့် ဝတ္တရားတွေ ရှိလာပြီ။ ဒါကြောင့် လူရွေးတဲ့နေရာမှာတော့ အရမ်းကြီး ပေါ့ပေါ့တန်တန် လုပ်လို့မဖြစ်ဘူး"

ဖန့်ချန်က တိုးညှိစွာ ရေရွတ်လိုက်သည်။

ယနေ့ လူသစ်ခေါ်ပြီး မနက်ဖြန်ကျမှ အကြောင်းပြချက်မရှိဘဲ ပြန်ထုတ်ပစ်၍ မရပေ။

နောင်တွင် သူ၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့အတွက် လူရှာရ ခက်ခဲသွားနိုင်သလို၊ သူတို့မရှိလျှင် မသေမျိုးလှေအစီရင်၏ စွမ်းပကားကိုလည်း အပြည့်အဝ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

"အကယ်၍ အဆင့် ၆ မသေမျိုး တွေက လိုက်ပါဖို့ သဘောတူရင်တော့ လူဦးရေ အများကြီး မလိုတော့ဘူး။ လူအများကြီး ရှိနေတာကလည်း တကယ်တော့ မကောင်းလှဘူး"

ကြာနီနတ်မိမယ်က ခေါင်းညိတ်ထောက်ခံသည်။

လူများလေလေ၊ ရရှိလာမည့် အကျိုးအမြတ်များကို ခွဲဝေပေးရသူ များလေလေ ဖြစ်သည်။

လူအင်အားကို ကွက်တိဖြစ်အောင် စီစဉ်နိုင်ခြင်းက အကောင်းဆုံးပင်။

"အဆင့် ၆ မသေမျိုးတွေက စီနီယာအစ်မကြီးတို့နောက်ပဲ လိုက်ကြမှာပါ။ ငါတို့လို အမာခံတပည့်သစ်တွေကတော့ သူတို့ကို ဖိတ်လို့ရမှာ မဟုတ်ဘူး"

ဖန့်ချန်က ရယ်မောလျက် ဆိုလိုက်သည်။

"ဖန့်အမာခံတပည့်... နယ်မြေချဲ့ထွင်ရေးအဖွဲ့မှာ ရွေးချယ်ခံရတယ်လို့ ကြားသိရပါတယ်။ ကျနော်လည်း ခင်ဗျားနဲ့အတူ လိုက်ပါခွင့် ရမလား "

လူရိပ်တစ်ခုမှာ ပျံသန်းဝင်ရောက်လာသည်။ သူကား ကျွယ်မင်ယင်လောကတွင် ခဏတာ တွေ့ဆုံခဲ့သည့် ကျိကန်း ပင် ဖြစ်သည်။

'သူလား ဝမ်ချုံစန်းရဲ့ အစီအစဉ်လား'

ဖန့်ချန်၏ စိတ်အာရုံတို့ လှုပ်ခတ်သွားရသည်။

ဤကျိကန်းသည် စစ်မှန်သော အဆင့် ၆ မသေမျိုး တစ်ဦးဖြစ်သည်။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တိုက်ပွဲတစ်ရာမသေမျိုး ကို မမီနိုင်သော်လည်း၊ အဆင့် ၆ မသေမျိုး တစ်ဦးအနေနှင့် သူ ရှိနေခြင်းက ဖန့်ချန်၏ အဖွဲ့ဝင်ဦးရေကို အတော်လေး လျှော့ချပေးနိုင်မည် ဖြစ်သည်။

"ဒါက..."

ကြာနီနတ်မိမယ် အံ့ဩသွားရသည်။

သူမသည် ကျိကန်းကို မမြင်ဖူးသော်လည်း၊ တစ်ဖက်လူက ကိုယ်တိုင်လာရောက် ကမ်းလှမ်းသည်ဆိုကတည်းက အစွမ်းမနိမ့်ကြောင်း သိလိုက်သည်။

မကြာသေးမီကပင် လူအချို့မှာ ဖန့်ချန်၏ အဖွဲ့ထဲဝင်ရန် သူမထံမှတစ်ဆင့် ကြိုးစားခဲ့ကြသေးသည်။

ထိုကျင့်ကြံသူများအနက် အနိမ့်ဆုံးမှာ အဆင့် ၂ မသေမျိုးများ ဖြစ်ကြပြီး၊ အဆင့် ၁ မသေမျိုးများမှာမူ ပါးစပ်ပင် မဟရဲကြပေ။

"ကျိမိတ်ဆွေ ဖြစ်နေတာကိုး။ အကယ်၍ ကျိမိတ်ဆွေက ကျနော့်အဖွဲ့ထဲ ဝင်ချင်တယ်ဆိုရင်တော့ ကျနော်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပေါ့"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ကျိမိတ်ဆွေရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်မှာ ရှိပါသလဲ "

ကြာနီနတ်မိမယ်က ရုတ်တရက် မေးလိုက်သည်။

ကျိကန်းသည် ကြာနီနတ်မိမယ်ကို တစ်ချက်ကြည့်ကာ ဖျော့တော့စွာ ပြုံးလျက်

"ဟုန်အမာခံတပည့်... ကျနော်က အဆင့် ၆ တာ့လော့မသေမျိုး ပါ။ လက်နက်ကိရိယာ သန့်စင်ခြင်း မှာ ကျွမ်းကျင်ပါတယ်။ တာ့လော့မသေမျိုးရဲ့ မသေမျိုးစွမ်းအင်က ရတနာပစ္စည်းတွေကို ပြုပြင်တဲ့နေရာမှာ အစွမ်းထက်ပါတယ်။ အကယ်၍ နဂါးနက်လှေက မတော်တဆ ထိခိုက်ပျက်စီးသွားရင် ကျနော် ကူညီပေးနိုင်ပါတယ်"

"အဆင့် ၆ မသေမျိုး ဟုတ်လား "

ကြာနီနတ်မိမယ်မှာ မှင်တက်သွားရသည်။

အဆင့် ၆ မသေမျိုး တစ်ဦးက ဖန့်ချန်၏ အဖွဲ့ထဲဝင်ရန် ကိုယ်တိုင်လာရောက် တောင်းဆိုလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။

ဖန့်ချန်သည် တစ်နာရီကျော်အတွင်းမှာပင် အစီရင်ဗဟိုချက်နှင့် စာချုပ်ချုပ်နိုင်ခဲ့ခြင်းကို ပြန်လည်တွေးတောမိသောအခါမှ သူမ စိတ်သက်သာရာ ရသွားတော့သည်။

ဤအဆင့် ၆ မသေမျိုးသည်လည်း ထိုသတင်းကို ကြားသိထား၍ ဖြစ်ရပေမည်။

ကြာနီနတ်မိမယ်မှာ အနည်းငယ် အားကျသွားမိသည်။

အဆင့် ၆ တာ့လော့မသေမျိုး ဆိုသည်မှာ နယ်မြေချဲ့ထွင်ရေးအဖွဲ့တစ်ခုအတွက် အဓိက အမာခံအဖွဲ့ဝင် ဟု ဆိုနိုင်ပေသည်။

"ဖန့်အမာခံတပည့်... လက်ရှိ အဖွဲ့ထဲမှာ အဖွဲ့ဝင် ဘယ်နှစ်ယောက် ရှိနေပြီလဲ "

ကျိကန်းက ခေတ္တစဉ်းစားပြီး မေးလိုက်သည်။

"အဆင့် ၄ မသေမျိုး တစ်ယောက် ရှိတယ်၊ နောက်ပြီး အဆင့် ၃ မသေမျိုး တစ်ယောက် ရှိတယ်။ ဒါပေမဲ့ အဲဒီ အဆင့် ၃ မသေမျိုးက နယ်မြေချဲ့ထွင်ရေးကြယ်ပေါ်မှာ ကျနော် တရားဝင် ဂါရဝပြုထားတဲ့ ဆရာပါ။ သူက အခု အဆင့် ၄ မသေမျိုးဆေးပင် ရဖို့ စောင့်နေတာဆိုတော့ ဒီတစ်ခေါက် လိုက်နိုင်မလား မသေချာသေးဘူး၊ ကျနော် သွားမေးကြည့်လိုက်ဦးမယ်"

ဖန့်ချန်က ဆိုသည်။

သုံးဦးသားသည် လင်းတုန်း ၏ နေအိမ်သို့ မကြာမီ ရောက်ရှိသွားကြသည်။

လင်းတုန်းသည် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ အတူတူ ရောက်လာသည်ကို မြင်သောအခါ အလွန်ပင် အံ့ဩတသသွားရသည်။

"နံပါတ် ၄၃၂ နယ်မြေချဲ့ထွင်ရေးကြယ်မှာ အမာခံတပည့် တစ်ယောက်မှ မပေါ်ဖူးခဲ့တာ၊ အခုတော့ ငါ့လက်ထက်မှာတင် နှစ်ယောက်တောင် ထွက်လာပြီ။ ဒီကိစ္စက နောက်ထပ် နှစ်ပေါင်း တစ်သောင်း၊ နှစ်သောင်း ကြာရင်တောင် ကျွယ်မင်နန်းတော်မှာ ပုံပြင်တစ်ပုဒ်လို ကျန်ရစ်နေဦးမှာပဲ"

လင်းတုန်းသည် ဝမ်းသာအားရဖြင့် သူတို့သုံးဦးကို ဂူအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

"ဖန့်အမာခံတပည့်... ဒီမိတ်ဆွေက ဘယ်သူပါလဲ "

လင်းတုန်း၏ အကြည့်မှာ ကျိကန်းထံသို့ ရောက်ရှိသွားသည်။

ဖန့်ချန် အနည်းငယ် အံ့ဩသွားသည်။

လင်းတုန်းသည် ကျွယ်မင်နန်းတော်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း ကျိကန်းကို မမြင်ဖူးခြင်းလော။

"ကျနော့်နာမည် ကျိကန်းပါ"

ကျိကန်းက မိတ်ဆက်ပေးသည်။

"ကျိကန်း ကျိမိတ်ဆွေ ဖြစ်နေတာကိုး၊ ရိုင်းပျမိတာ ခွင့်လွှတ်ပါဗျာ "

လင်းတုန်းသည် အလျင်အမြန် ထရပ်ကာ အရိုအသေပေးလိုက်သည်။

သူသည် ကျိကန်း၏ အမည်ကို ကြားဖူးသည်မှာ ကြာပြီဖြစ်သော်လည်း၊ ကျိကန်းက ကျွယ်မင်ကြယ်တွင် နေထိုင်ပြီး သူက နယ်မြေချဲ့ထွင်ရေးကြယ်တွင်သာ နေထိုင်ခဲ့ရသဖြင့် လူချင်းတွေ့ခွင့် မရခဲ့ခြင်း ဖြစ်သည်။

ယခင် ဝူရှန်းငရဲ ခရီးစဉ်တွင်လည်း ကျိကန်း မပါဝင်ခဲ့ပေ။

"အားနာစရာ မလိုပါဘူး၊ နောင်ဆို ကျုပ်တို့က အသင်းဖော်တွေ ဖြစ်လာမှာပဲကို"

ကျိကန်းက ပြုံးလျက် ဆိုသည်။

'အသင်းဖော်'

လင်းတုန်းသည် စိတ်ထဲမှ အံ့ဩမှုကို ထိန်းချုပ်လိုက်ရသည်။

ဖန့်ချန်သည် တစ်နာရီအတွင်း အစီရင်ဗဟိုချက်နှင့် စာချုပ်ချုပ်နိုင်ခဲ့သည်ကို သူ မသိရှိပေ။

ထို့ကြောင့် အဆင့် ၆ မသေမျိုး တစ်ဦးက ဖန့်ချန်နောက်သို့ လိုက်ပါရန် သဘောတူသည်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် လှိုင်းထန်သွားရတော့သည်။

"ဆရာ... ဒီတစ်ခေါက် ကျနော် နယ်မြေချဲ့ထွင်ရေးအဖွဲ့မှာ ပါသွားပြီ၊ နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေ ကို သွားရမှာ။ ဒါကြောင့် ဆရာ့ကို လာမေးတာပါ၊ ဒီမှာပဲ အဆင့် ၄ မသေမျိုးဆေးပင်ကို ဆက်စောင့်နေမလား၊ ဒါမှမဟုတ် ကျနော်နဲ့အတူ လိုက်ခဲ့မလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

"ဒါပေါ့... မင်းနဲ့အတူ လိုက်ရမှာပေါ့"

လင်းတုန်း၏ မျက်နှာမှာ တည်ကြည်သွားသည်

"နယ်မြေချဲ့ထွင်ရေးမှာ ပါဝင်ခွင့်ရတာက ငါ့အတွက်တော့ အခွင့်အရေးတစ်ခုပဲ၊ အဆင့် ၄ မသေမျိုးဆေးပင်ကတော့ ပြန်လာမှ သုံးလည်း ရပါတယ်"

သူက ခေတ္တရပ်ကာ

" ချင်အကြီးအကဲကိုလည်း သွားမေးကြည့်ရင် ကောင်းမလား။ သူက ဒီမှာ နေရတာ ငြီးငွေ့နေလောက်ပြီ၊ လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် မင်းရဲ့ အဖွဲ့အကြောင်းကို လှည့်ပတ်မေးနေသေးတယ်"

"ချင်အကြီးအကဲလား ဒါဆို အခုပဲ သွားမေးကြည့်ကြတာပေါ့"

ဖန့်ချန်က ရယ်မောလျက် ဆိုလိုက်သည်။

ထိုအကြီးအကဲအပေါ် ဖန့်ချန်၏ အမြင်မှာ မဆိုးလှပေ။

ထိုသူသည် ကျွယ်မင်နန်းတော်၏ အကျိုးစီးပွားကို အလေးထားသလို၊ မျိုးဆက်သစ်တွေကိုလည်း လမ်းပြပေးတတ်သူ ဖြစ်သည်။

"ဒါဆို အတူတူ သွားကြတာပေါ့၊ ချင်အိုကြီးတော့ ဒီတစ်ခါ သိပ်ကို ဝမ်းသာသွားတော့မှာပဲ။ အမာခံတပည့် နှစ်ယောက်ရယ်၊ ကျိမိတ်ဆွေ တစ်ယောက်ရယ်ဆိုတော့ မျက်နှာပန်း တော်တော်လှတာပဲ"

လင်းတုန်းက ပြုံးစိစိဖြင့် ဆိုလိုက်သည်။

ဂုဏ်ထူးဆောင်

"ချင်အကြီးအကဲ...အကြီးကဲ လေ့ကျင့်ထားတဲ့ ကူမသေမျိုး ပညာရပ်က ကျွယ်မင်နန်းတော်မှာ ရှားပါးတဲ့ ပညာရပ်တစ်ခုပဲ။ အဆင့် ၄ တက်ဖို့ လိုအပ်တဲ့ နဂါးဗုဒ္ဓပိုးကောင် ကို အခုထိ မရသေးဘူးလို့ ကြားတယ်။ တာ့လေးယင်း ဘက်မှာ နဂါးဗုဒ္ဓပိုးကောင်ကို တွေ့ခဲ့တဲ့လူတွေ ရှိတယ်လို့ ကျုပ်ကြားဖူးတယ်၊ အခု ကျုပ်ရဲ့ အဖွဲ့ထဲဝင်မယ်ဆိုရင် ကျုပ် ခင်ဗျားကို တာ့လေးယင်းအထိ ခေါ်သွားပေးမယ်"

အမာခံတပည့် တစ်ဦးသည် ချင်အကြီးအကဲကို အလေးအနက်ထား၍ ပြောဆိုနေသည်။

သူ၏ နောက်ကွယ်တွင် ကျင့်ကြံသူ အများအပြား ရှိနေပြီး ကျန်းချန် လည်း ပါဝင်နေကာ ထိုအုပ်စုတွင် ကျင့်ကြံမှု အမြင့်ဆုံးသူ ဖြစ်သည်။

ထိုအမာခံတပည့်မှာမူ အဆင့် ၂ မသေမျိုး တစ်ဦးသာ ဖြစ်ပြီး၊ ဝါရင့်မှုအရ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ထက် နှစ်ပေါင်း ရာဂဏန်းမျှသာ ပို၍ ဝါရင့်သူ ဖြစ်သည်။

"ယွီအမာခံတပည့် ... ဒီအဘိုးကြီးရဲ့ အရိုးတွေက တောင့်တင်းနေပါပြီ၊ သိပ်မလှုပ်ရှားချင်တော့ဘူး။ နောက်ပြီး မင်းရဲ့ အဖွဲ့ထဲမှာ ကျန်းချန်လို ပါရမီရှင်တွေ ရှိနေတာပဲ၊ ငါ့လို အဘိုးကြီးကို ဘာလုပ်ဖို့ ခေါ်နေတာလဲ "

ချင်အကြီးအကဲက ပြုံးလျက် ဆိုသည်

"ငါ့သတင်းကလည်း တော်တော်နှံ့တာနော်၊ ပါရမီရှင် ကျန်းချန်က ကြာနီနတ်မိမယ်ရဲ့ အဖွဲ့ကနေ ထွက်လာတာ... မျိုးဆက်သစ်တွေကို ဖိနှိပ်လို့ ဆိုလား"

ထိုသို့ပြောပြီးနောက် သူ၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားကာ အေးစက်စွာ ဆိုလိုက်သည်

"ငါကတော့ အဲဒီလို လူမျိုးနဲ့ အတူတူ အလုပ်မလုပ်ချင်ဘူး၊ ယွီအမာခံတပည့်... နောက်ထပ် လာမဖျောင်းဖျပါနဲ့တော့"

ကျန်းချန်၏ မျက်နှာမှာ ချက်ချင်းပင် အလွန်ကြည့်ရဆိုးသွားတော့သည်။

ယွီအမာခံတပည့်သည် မျက်မှောင်ကြုတ်သွားပြီး အနေအထိုင်မတတ်သည့် ထိုအဘိုးကြီးကို မကျေမနပ်ဖြစ်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

အခန်း (၁၄၆၀) - ကိုယ်ပွားကူ

ယနေ့တွင် ဂုဏ်ထူးဆောင် ခန်းမသို့ အဝင်အထွက်ပြုနေကြသော အပြင်စည်းကျင့်ကြံသူများမှာ တော်တော်ပင် များပြားလှသည်။

ထိုထဲတွင် ချင်အကြီးအကဲထက်ပင် ဝါရင့်သည့် အဆင့် ၄ မသေမျိုးများ၊ ထိုမှတစ်ဆင့် အဆင့် ၅ မသေမျိုးများပင် ပါဝင်နေကြသည်။

သို့သော်လည်း သူတို့သည် ရှေ့သို့တိုး၍ ဤဆူညံပွဲတွင် ပါဝင်ပတ်သက်ခြင်း မပြုကြပေ။

ထို ယွီအမာခံတပည့် သည် ဝါရင့်မှု နုနယ်သေးသော်လည်း အမာခံတပည့်ဆိုသည်မှာ အမာခံတပည့်ပင် ဖြစ်သည်။

ကျွယ်မင်နန်းတော်တွင် အမာခံတပည့်များမှာ ဤအပြင်စည်းအဖွဲ့ဝင်များထက် အမြဲတမ်း ပို၍ မြင့်မြတ်လှပေသည်။

"ချင်အကြီးအကဲ က ဂုဏ်ထူးဆောင် ခန်းမမှာ နေတာ ကြာသွားလို့ ထင်တယ်၊ အချက်တစ်ခုကို မေ့နေပုံရတယ်"

"အို... ခင်ဗျားကို အပြစ်တင်လို့လည်း မရပါဘူးလေ၊ အရင်က ခင်ဗျားလိုက်ပါခဲ့တဲ့ အမာခံတပည့်က ရှေးဟောင်းတားမြစ်နယ်မြေမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တာကိုး။ အဲဒီတုန်းက မင်းတို့ရဲ့ နဂါးနက်လှေ ပေါ်ကနေ နောက်ဆုံးမှာ ခင်ဗျားတစ်ယောက်ပဲ အသက်ရှင် လွတ်မြောက်လာခဲ့တာ"

"ဒါကြောင့်လည်း ရှေးဟောင်းတားမြစ်နယ်မြေကို သွားဖို့ဆိုရင် ခင်ဗျားစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့နေတာလား တကယ်တော့ လူဆိုတာ တစ်ခါတလေ ကြောက်ရွံ့မှုကို ထိပ်တိုက်ရင်ဆိုင်ရဲမှပဲ အဲဒါကို အနိုင်ယူ ချေမှုန်းနိုင်မှာပါ။ အဲဒီလိုမှလည်း မီးပုံထဲက ရုန်းထွက်လာတဲ့ ဖီးနစ်ငှက်လို အသစ်တစ်ဖန် ပြန်လည်မွေးဖွားနိုင်မှာပေါ့"

ယွီအမာခံတပည့်က ပြုံးလျက် ဆိုသည်

"ခင်ဗျားမေ့နေတဲ့ အချက်ကို အခု ကျနော် သတိပေးလိုက်ပါ့မယ်။ တကယ်လို့ အမာခံတပည့်တစ်ဦးက ခင်ဗျားကို လှေပေါ်တက်ဖို့ ဆင့်ခေါ်မယ်ဆိုရင် ငြင်းပယ်ပိုင်ခွင့် မရှိဘူးဆိုတာပါပဲ"

ချင်အကြီးအကဲ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားပြီး စိတ်ရှုပ်ထွေးသွားရသည်။

တစ်ဖက်လူ ပြောသည့်စကားမှာ မှန်ကန်ပေသည်။

အကယ်၍ သူ့ကို အတင်းအကျပ် ဆင့်ခေါ်မည်ဆိုလျှင် သူ ငြင်းပယ်ရန် အကြောင်းပြချက် မရှိသလို၊ ငြင်းပယ်နိုင်စွမ်းလည်း မရှိပေ။

"ဘယ်သူတွေက လျှောက်ပြောနေလဲတော့ မသိဘူး၊ ကျနော် ကြာနီနတ်မိမယ်ရဲ့ အဖွဲ့ကနေ ထွက်လာတာက ကိုယ်ပိုင်အကြောင်းပြချက်ကြောင့်ပါ။ယွီအမာခံတပည့်က ခင်ဗျားရဲ့စွမ်းဆောင်ရည်ကို အလေးထားလို့ လာခေါ်တာပဲ၊ ကျနော် ကတော့ ဒါတွေကို ထည့်တွက်နေမှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ ခင်ဗျား အခုနက ပြောလိုက်တဲ့စကားတွေက အထက်လူကြီးကို စော်ကားရာ ရောက်နေပြီ"

ကျန်းချန်က အေးစက်စွာ ဆိုလိုက်သည်။

သူကဲ့သို့သော ထင်ရှားသည့် အဆင့် ၄ မသေမျိုးတစ်ဦးက အဆင့် ၃ မသေမျိုး မျိုးဆက်သစ်တစ်ဦး၏ နှာခေါင်းကို လက်ညှိုးထိုး ဆဲဆိုခြင်း ခံလိုက်ရသည်မှာ ပုံမှန်ဆိုလျှင် မည်သို့မျှ သည်းခံနိုင်မည် မဟုတ်ပေ။

သို့သော် ဒီတစ်ကြိမ်တွင် သူကိုယ်တိုင် ပြဿနာအချို့နှင့် ငြိစွန်းနေသဖြင့် အခြေအနေကို ကြည့်၍ ငြိမ်ကုပ်နေရခြင်း ဖြစ်သည်။

"အဘိုးကြီး ချင်... ယွီအမာခံတပည့် ကိုယ်တိုင် လာဖိတ်တာပဲ၊ မင်းအတွက် မျက်နှာပန်း တော်တော်လှနေတာကို ဘာလို့ မာနကြီးနေရတာလဲ "

"ဟုတ်ပဗျာ... ဂုဏ်ထူးဆောင် ခန်းမမှာ ဒီအတိုင်း အချိန်ဖြုန်းနေတာထက်စာရင် အပြင်ထွက်ပြီး အောင်မြင်မှုတွေ ရှာဖွေတာက ပိုပြီး စိတ်ချမ်းသာဖို့ မကောင်းဘူးလား"

"ငါမှတ်မိသလောက်တော့ မင်း အရင်က ဒီလိုမဟုတ်ပါဘူး။ အဲဒီနှစ်က ကျုပ်တို့တွေ အတူတူ စာမေးပွဲအောင်ပြီး ကျွယ်မင်နန်းတော်ကို ဝင်ခဲ့ကြတုန်းက အမာခံတပည့် မဖြစ်လာနိုင်ရင်တောင် ရှေးဟောင်းမသေမျိုး အဆင့်အထိ တက်လှမ်းပြမယ် လို့ မင်း ပြောခဲ့တာလေ "

ယွီအမာခံတပည့်၏ နောက်ကွယ်မှ အဖွဲ့ဝင်များထဲတွင် ချင်အကြီးအကဲနှင့် ရင်းနှီးသူအချို့ ပါဝင်နေသဖြင့် ဝိုင်းဝန်း၍ ဖျောင်းဖျနေကြခြင်း ဖြစ်သည်။

"ယွီအမာခံတပည့် ကျနော့်ကို အတူတူ လိုက်ပါဖို့ ခေါ်တာက ကိုယ်ပွားကူ ကြောင့် ထင်ပါရဲ့"

ချင်အကြီးအကဲက အခြေအနေကို ရိပ်မိသွားသည့် အကြည့်ဖြင့် ယွီအမာခံတပည့်ကို ကြည့်ကာ ဖြည်းညှင်းစွာ ဆိုလိုက်သည်။

"ကူမသေမျိုး လမ်းစဉ်ရဲ့ အဆင့် ၃ မသေမျိုးဆေးပင်က ကိုယ်ပွားကူ ပဲ ကျနော့်ဆီမှာ ဒီကူရှိနေတာက အသက်တစ်ချောင်း ပိုရှိနေတာနဲ့ အတူတူပါပဲ။ အဲဒီကူကိုပဲ အမာခံတပည့်ကို လက်ဆောင်ပေးလိုက်ပါ့မယ်၊ နယ်မြေချဲ့ထွင်ရေး ကိစ္စကိုတော့ နောက်ထပ် မပြောပါနဲ့တော့"

"ဪ... ဒါကြောင့်ကိုး..."

ဘေးပတ်ဝန်းကျင်ရှိ လူအများအပြားမှာ သဘောပေါက်သွားကြသည့် အမူအရာများ ဖြစ်ပေါ်လာသည်။

ယွီအမာခံတပည့်သည် မိမိ၏ အတွင်းစိတ်က ရုတ်တရက် ဖော်ထုတ်ခံလိုက်ရသဖြင့်၊ ၎င်းမှာလည်း လူအများရှေ့တွင် ဖြစ်နေသဖြင့် နောင်တစ်ချိန် သတင်းပျံ့သွားပါက သိက္ခာကျမည်ကို စိုးရိမ်ကာ စိတ်ထဲမှ နာကျည်းသွားမိသည်။

သူက အေးစက်စွာ ဆိုလိုက်သည်

"လျှောက်ပြီး ခန့်မှန်းမနေနဲ့၊ အမာခံတပည့်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မင်းက ဘယ်လိုလုပ် ဝေဖန်နိုင်မှာလဲ ဒါပဲ... ဒီနေ့ကစပြီး မင်း ငါ့ရဲ့ ရှန်ဗန့် နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲ ဝင်ရမယ်"

ချင်အကြီးအကဲ၏ မျက်နှာမှာ ညိုမှောင်သွားပြီးနောက် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။

ဤတစ်ခေါက် ခရီးစဉ်မှာ အပြန်လမ်းမရှိသည့် ခရီးစဉ် ဖြစ်သွားနိုင်ချေ ရှိသည်။

ထိုကဲ့သို့သော အမာခံတပည့်တစ်ဦးကို ပြစ်မှားမိပြီးနောက် ပြဿနာမတက်ဘဲ နေရန်မှာ ခဲယဉ်းလှပေသည်။

သူက ခေါင်းညိတ်၍ သဘောတူရန် ပြင်လိုက်စဉ်မှာပင် ဖန့်ချန်တို့ တစ်သိုက် ဂုဏ်ထူးဆောင် ခန်းမအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာကြသည်။

လင်းတုန်းသည် ချင်အကြီးအကဲကို မြင်သည်နှင့် ဝမ်းသာအားရ လက်ဝှေ့ယမ်း၍ လှမ်းခေါ်လိုက်သည်။

"အဘိုးကြီး ချင် "

ချင်အကြီးအကဲ၏ မျက်နှာပေါ်တွင် အားယူထားရသော အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

"အဘိုးကြီး ချင်... ဖန့်အမာခံတပည့်က ဒီနေ့ မင်းကို သူ့ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲ ဝင်ဖို့ ကိုယ်တိုင်လာဖိတ်တာ"

လင်းတုန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သလို စိတ်ချင်းဆက်၍လည်း သတိပေးလိုက်သည်။

"သူက မင်း ကူမသေမျိုး လမ်းစဉ်ကို လိုက်နေတာကို မသိဘူး"

ချင်အကြီးအကဲမှာ မှင်တက်သွားပြီး ဖန့်ချန်ကို ကြောင်စီစီဖြင့် ကြည့်နေမိသည်။

ကျန်းချန်သည် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ အတူတူ ရောက်ရှိလာသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး ချက်ချင်းပင် ခေါင်းငုံ့ကာ ဘေးသို့ ကပ်ရပ်လိုက်ပြီး အခြေအနေကို စောင့်ကြည့်နေတော့သည်။

ယွီအမာခံတပည့်မှာမူ လင်းတုန်း၏ စကားကို ကြားသောအခါ မျက်နှာ ချက်ချင်းပင် တင်းမာသွားပြီး အေးစက်စွာ ဆိုလိုက်သည်။

"ချင်အကြီးအကဲက ငါ့ရဲ့ ရှန်ဗန့် နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲ ဝင်ပြီးပြီ၊ မင်းတို့ နောက်ကျသွားပြီ"

"ဒီစီနီယာ... ခင်ဗျား အထင်လွဲနေပုံရတယ်။ ချင်အကြီးအကဲက အရင်ကတည်းက ကျနော့်ရဲ့ ကိုးနယ်မြေ နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲ ဝင်ဖို့ သဘောတူထားပြီးသားပါ။ ခင်ဗျားပဲ တစ်လှမ်း နောက်ကျသွားတာ၊ အားနာပါတယ်ဗျာ"

ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီ၍ ဆိုလိုက်သည်။

"ငါ မင်းကို မမြင်ဖူးပါဘူး၊ မင်းက ဘယ်က အမာခံတပည့်လဲ ဘယ်သူအရင်ရောက်လဲဆိုတဲ့ စည်းကမ်းကို မသိဘူးလား၊ ဒီလိုမျိုး လူလုရသလား "

ယွီအမာခံတပည့်၏ အကြည့်မှာ လျှပ်စီးကဲ့သို့ စူးရှနေပြီး ဖန့်ချန်ကို အကဲခတ်နေသည်။

ဘေးနားရှိ လူတစ်ဦးက ကျိကန်း ရှိနေသည်ကို သတိပြုမိသွားပြီး မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားကာ ယွီအမာခံတပည့်ထံသို့ တိုးညှိစွာ စိတ်ချင်းဆက်၍ သတင်းပေးလိုက်သည်။

"ယွီအမာခံတပည့်... သူ့ဘေးမှာ ပါလာတဲ့သူက အဆင့် ၆ မသေမျိုး ကျိကန်းပဲ။ သူက မကြာသေးခင်ကမှ ရာထူးတက်သွားတဲ့ ထိုက်ရွှမ်ရှေးဟောင်းမသေမျိုးရဲ့ တပည့်ပဲ"

'ဘာ '

ယွီအမာခံတပည့်မှာ ဆွံ့အသွားရသည်။

တစ်ပါးသူ သတိပေးမှ သူလည်း ကျိကန်းကို မှတ်မိသွားပြီး မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားတော့သည်။

ချင်အကြီးအကဲသည်လည်း ယခုမှ အသိပြန်ဝင်လာကာ ယွီအမာခံတပည့်ကို ချက်ချင်းပင် ပြုံး၍ ဆိုလိုက်သည်။

"ယွီအမာခံတပည့်... အခုနက အဘိုးကြီး ငြင်းခဲ့တာကလည်း ဒီအကြောင်းကြောင့်ပါပဲ၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောဖို့ မသင့်တော်လို့ပါ။ ယွီအမာခံတပည့် အပြစ်မယူပါနဲ့လို့ တောင်းပန်ပါတယ်"

ယွီအမာခံတပည့်က မချိုမချဉ် ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက် မကျေမနပ်ဖြစ်နေသော အကြည့်ဖြင့် ဖန့်ချန်ကို ကြည့်ကာ

"ဖန့်အမာခံတပည့်က မျက်နှာစိမ်း ဖြစ်နေတယ်၊ ဘယ်တုန်းက အမာခံတပည့် ဖြစ်သွားတာလဲ "

"ဟော... အဘိုးကြီး ယွီ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ "

ထိုစဉ် ဘေးမှနေ၍ အခြေအနေကို ကြည့်နေသည့် အမာခံတပည့် တစ်ဦးက အလျင်အမြန် လျှောက်လာပြီး ဖန့်ချန်တို့ နှစ်ဦးကို နှုတ်ဆက်ကာ ယွီအမာခံတပည့်ကို ဆွဲခေါ်သွားတော့သည်။

ယွီအမာခံတပည့်မှာ ဂုဏ်ထူးဆောင် ခန်းမ အပြင်ဘက်အထိ အဆွဲခံလိုက်ရပြီးနောက် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ လက်ကို ခါထုတ်လိုက်ကာ

"မင်း ဒါ ဘာလုပ်တာလဲ "

"ဖန့်အမာခံတပည့်ကို မပြစ်မှားမိဖို့ သတိထားဦး၊ သူက စီနီယာအစ်မကြီးရဲ့ လူပဲ။ နောက်ပြီး သူ မသေမျိုးလှေအစီရင်ဗဟိုချက်နဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့ အရှိန်က မင်းထင်ထားတာထက် အများကြီး ပိုမြန်တယ်။ အကြီးအကဲအဖွဲ့က သူ့ကို အတော်လေး အလေးထားနေတာ၊ အဆင့် ၃ ကူမသေမျိုး တစ်ယောက်အတွက်နဲ့ ရန်ဖြစ်ရတာ မတန်ဘူး"

"ဘာ "

ယွီအမာခံတပည့်မှာ မှင်တက်သွားရသည်။

သူက ကျွယ်မင်နန်းတော်သို့ ပြန်ရောက်ကာစ ဖြစ်သဖြင့် ဤသတင်းကို မကြားရသေးခြင်း ဖြစ်သည်။

ဂုဏ်ထူးဆောင် ခန်းမအတွင်း၌မူ ယွီအမာခံတပည့် ထွက်ခွာသွားသည်ကို လူတိုင်းမြင်လိုက်ရသဖြင့် ဤကိစ္စမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။

ချင်အကြီးအကဲမှာ မူလကတည်းက ဖန့်ချန်၏ အဖွဲ့ထဲဝင်ရန် စိတ်ကူးရှိပြီးသားဖြစ်သလို၊ ယနေ့တွင် ဖန့်ချန်ကိုယ်တိုင် လာဖိတ်သဖြင့် ပြတ်ပြတ်သားသားပင် သဘောတူလိုက်တော့သည်။

ခန်းမအတွင်းရှိ အရန်ကျင့်ကြံသူ အများအပြားမှာလည်း တိတ်တဆိတ် အားကျနေကြသည်။

အမာခံတပည့် နှစ်ဦးက ကိုယ်တိုင်လာရောက် ဖိတ်ကြားရသည်အထိ ဤချင်အကြီးအကဲ၏ မျက်နှာမှာ အတော်ပင် ကြီးမားလှပေသည်။

"ချင်အကြီးအကဲ... ကျနော်က ဝိညာဥ်ပစ္စည်း အချို့ကိုပါ တစ်ခါတည်း စစ်ဆေးချင်လို့ပါ"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

"ဖန့်အမာခံတပည့် ပြောပါ"

ချင်အကြီးအကဲက အနည်းငယ် ကြောင်သွားပြီးနောက် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

သူ၏ စိတ်ထဲတွင် ရုတ်တရက် ထိတ်လန့်သွားမိသည်မှာ တစ်ဖက်လူက အထွတ်ထိပ်ဝိညာဥ်ကျောက်တုံးများ အကြောင်း ထပ်မေးဦးမှာလား

သူက ဆက်ပြောလိုက်သည်

"အထွတ်ထိပ်ဝိညာဥ်ကျောက်တုံးတွေကတော့ အရင်တစ်ခေါက်ကအတိုင်းပါပဲ၊ အသစ်မရောက်သေးပါဘူး"

"ဒီတစ်ခေါက်က ဝိညာဥ်ကျောက်တုံးတွေ ဝယ်ချင်တာ မဟုတ်ပါဘူး၊ အဲဒါက..."

ဖန့်ချန်သည် ဝိညာဥ်ပစ္စည်း အချို့၏ အမည်များကို ပြောလိုက်သည်။

ထိုအရာများမှာ ရွှမ်ယန်ကိုယ်ထည် စတုတ္ထအဆင့် အတွက် လိုအပ်သော လျှို့ဝှက်ဆေးများ သို့မဟုတ် တောက်အသော နတ်ဘုရားမျက်လုံး စတုတ္ထအဆင့် အတွက် လိုအပ်သော လျှို့ဝှက်ဆေးများ ဖြစ်ကြသည်။

သူသည် ထိုအရာများကို ရောနှော၍ ပြောလိုက်သဖြင့် တစ်ပါးသူ နားထောင်မိလျှင်ပင် သူ ဘာလုပ်ချင်သည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

"ဖန့်အမာခံတပည့် ခဏစောင့်ပါဦး၊ ကျနော် နောက်ဘက်မှာ သွားစစ်လိုက်ပါ့မယ်"

ချင်အကြီးအကဲမှာ အလျင်အမြန် ထွက်ခွာသွားသည်။

ခေတ္တခဏ ကြာပြီးနောက် သူသည် စာရင်းတစ်ခုနှင့်အတူ ပြန်လာကာ ဖန့်ချန်ကို ပေးလိုက်သည်။

"ဒီဝိညာဥ်ပစ္စည်းတွေ အားလုံး ရှိပါတယ်၊ ဒါပေမဲ့ အမျိုးအစား နှစ်ခုကတော့ ကျုပ်တို့ဆီမှာ ပစ္စည်းပြတ်နေတယ်"

ချင်အကြီးအကဲက ဆိုသည်။

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

လိုအပ်နေသည့် ပစ္စည်းနှစ်မျိုးမှာ ရွှမ်ယန်ကိုယ်ထည် လျှို့ဝှက်ဆေး၏ အဓိကပစ္စည်းဖြစ်သော နဂါးသည်းခြေသွေးတစ်ရာ နှင့် နတ်ဘုရားမျက်လုံး စတုတ္ထအဆင့်၏ အဓိကပစ္စည်းဖြစ်သော သက်တမ်းမျက်ဝန်း တို့ ဖြစ်ကြသည်။

"ချင်အကြီးအကဲကို ဒုက္ခပေးရပါဦးမယ်၊ ဒီပစ္စည်းတွေအတွက် လိုအပ်တဲ့ ဂုဏ်ထူးဆောင်မှတ် ကို တွက်ပေးပါ။ ကျနော် အားလုံး တစ်စုံစီ ယူပါ့မယ်"

ဤမျှ များပြားလှသော ဝိညာဥ်ပစ္စည်းများကို ကျွယ်မင်နန်းတော်တွင် တစ်နေရာတည်း စုစည်းနိုင်ခြင်းမှာ ကောင်းမွန်သည့် ကိစ္စပင်။

နဂါးသည်းခြေသွေးတစ်ရာ နှင့် သက်တမ်းမျက်ဝန်း တို့အတွက်မူ မှန်လေး ကိုသာ အကူအညီ တောင်းရတော့မည် ဖြစ်သည်။

All Chapters