အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
🍁 Chapter 105
ရွှီယင်ယင်တစ်ယောက်တစ်ယောက် အချိုပွဲ စောင့်နေစဉ်မှာပင် စာချုပ်အား ရေးဆွဲပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ဟော်ယန်၏ တုံ့ပြန်မှုအား စောင့်မျှော်ရင်း ဝမ်းသာအားရဖြင့် သူ့ထံသို့ ကမ်းပေးလိုက်သည်။
ဟော်ယန်က ၎င်းအား တစ်ချက်မျှသာ ကြည့်ပြီးနောက် သဘောတူလာသည်။
"ကိုယ် ဘာမှ ပြင်စရာမလိုပါဘူး၊ မင်းရဲ့ တောင်းဆိုချက်တွေအတိုင်းပဲ သွားကြတာပေါ့၊ တစ်လကို ဆယ်သန်းပဲ၊ မလို လားအပ်တဲ့ ပိုးပန်းမှုတွေကို ရှင်းထုတ်ပေးရမယ့် ကိစ္စတွေ၊ ပွဲလမ်းသဘင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲတွေမှာ ကိုယ်နဲ့ အဖော်လိုက်ပေးရမယ့် အခါမျိုးတွေအတွက်ကတော့ တစ်ပွဲကို သုံးသန်း ပေးမယ်၊ ဝတ်စုံသတ်မှတ်ချက်ရှိတဲ့ ပွဲတွေအတွက်ဆိုရင်တော့ ကိုယ် ကြိုပြီးပြင်ဆင်ပေးထားမယ်၊ ဟုတ်ပြီလား"
"ဝါး... ဘော့စ်က တကယ်ကို လက်ဖွာတာပဲ၊ ကျွန်မ တောင်းတဲ့ဈေးထက် သုံးဆတောင်ပိုများနေပါလား"
ဟော်ယန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးစေ့ကို အနည်းငယ် ပင့်လိုက်ပြီး "ဘာပြဿနာမှ မရှိဘူးဆိုရင် မနက်ဖြန် ကိုယ့်ရှေ့နေကို စာချုပ်ပြင်ဆင်ခိုင်းပြီး မင်း လက်မှတ်ထိုးဖို့အတွက် ကုမ္ပဏီကိုပို့ခိုင်းလိုက်မယ်၊ အိုကေလား"
"အိုကေ၊ အိုကေ" ရှုယင်းယင်း OK ဟုပင် လက်သင်္ကေတ ပြလိုက်သည်။
"ရှင့်အနေနဲ့ ကျွန်မကို ပွဲတစ်ခုခု တက်ပေးဖို့ လိုအပ်လာရင် တောင် ကျွန်မက ရှင့်ဆီကနေ အပိုကြေးထပ်တောင်းနေမှာ မဟုတ်ပါဘူး"
ဟော်ယန်မှာ ကိုယ်က မင်းထက်အများကြီး ပိုပြီးရက်ရောတယ်ဟု ပြောချင်နေသည့်အလား ရှုယင်းယင်းအား ကြည့်လိုက်သော်လည်း ထိုသို့မပြောမိချေ။
"မင်း တောင်းလို့ ရပါတယ်၊ မင်းရဲ့ လုပ်အားခထဲကနေပဲ ပြန်နုတ်လိုက်ပေါ့၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေကလည်း အဲဒီလောက်ကြီး မများပါဘူး"
"..."
ဒီမိန်းမက တကယ့်ကို စေ့စပ်သေချာလွန်းတယ်။
[ ဟက်... ရှင်က ကျွန်မဆီကနေ အမြတ်ထုတ်ချင်နေတာလား၊ လာနောက်မနေနဲ့]
အစတည်းက ဒီစီးပွားရေးလက်ထပ်ပွဲ ရှင့်အတွက် သီးသန့် ဖန်တီးပေးထားတဲ့ အစီအစဉ်တစ်ခုလေ၊ ကျွန်မအတွက်က လက်မထပ်လည်းရတာပဲ၊ ကျွန်မက အလုပ်ကလွဲရင် အထက်တန်းလွှာက ချမ်းသာတဲ့ကောင်မလေးတွေနဲ့ လူမှုရေးပွဲတွေ သွားရသေးတယ်။ ပြီးတော့ ရွက်လှေပါတီတွေ၊ ရေကူးကန်ပါတီတွေ၊ အားကစားပါတီတွေရော၊ အဲဒါတွေက တကယ်ကို ပျော်စရာကောင်းတာ၊ ရှင့်ကို အလိုက်အ ထိုက်နေပေးနေရတာက ကျွန်မရဲ့ အပန်းဖြေချိန်တွေကို စတေးထားရတာ သိရဲ့လား ဟော်ခွေးကောင်ရဲ့။
[ တကယ်လို့ နင့် အဘိုးက သဘောမတူရင်ရော]
[ အဲဒါဆိုလည်း တခြားယောကျ်ားတစ်ယောက် ငှားလိုက်မှာပေါ့၊ ပိုက်ဆံရှိနေမှတော့ ဘယ်မှာသုံးရမလဲဆိုတာ ပူစရာလိုလို့လား]
[ တခြားတစ်နည်းနဲ့ ပြောရရင် နင်က ဟော်ယန်ရဲ့ ပိုက်ဆံကို သုံးပြီး တခြားအမျိုးသားအဖော်တွေကို ငှားမယ်ပေါ့၊ အဲဒါက တော်တော်လေး လည်တဲ့ အကွက်ပဲ]
[ ဟေး... ဒါကို သေချာ နားလည်ထားစမ်းပါ၊ ဒါက ငါတို့ကြားက အရောင်းအဝယ်တစ်ခု သက်သက်ပဲ၊ တကယ့် ဆက်ဆံရေး မဟုတ်ဘူး၊ သူ့ပိုက်ဆံက ငါ့ရဲ့ လုပ်အားနဲ့ ရှာထားတာ၊ ငါ ကြိုက်သလို သုံးလို့ရတယ်၊ နားလည်လား ]
[ အေးပါ၊ နားလည်ပါတယ်၊ နားလည်ပါတယ်၊ အဲဒီတော့ ဟော်ယန်က တကယ့် ငတုံးကြီးပေါ့]
[ ငါ့ရဲ့ ဝန်ဆောင်မှုတွေကို သူ လိုအပ်ရမယ်လို့ ဘယ်သူကပြောလို့လဲ]
ဟော်ယန်မှာ တိတ်တဆိတ် လက်သီးဆုပ်လိုက်မိသည်။ ဟုတ်ပါသည်၊ သူသည် မလိုလားအပ်သော ပြစ်တင်ဝေဖန်မှုများအား ဒိုင်ခံဖြေရှင်းပေးမည့်သူတစ်ဦး လိုအပ်နေကြောင်းနှင့် သူမ အစီအစဉ်မှာ အလွန်ကောင်းမွန်ကြောင်း မည်သူကများ သူ့ကိုပြောခဲ့သနည်း။ သူ ကျော့ကွင်းထဲ အလိုက်တသိ တိုးဝင်သွားခဲ့မိသည်မှာ သဘာဝကျသည် မဟုတ်ပါလား။
ဟော့ယန်၊ ဟော့ယန်... မင်း တစ်နေ့ ဒီလိုမိန်းမမျိုးလက်ထဲ အလည်လွန်ပြီး မြောင်းထဲကျတော့မယ်ဆိုတာကို ကြိုမမြင်နိုင်ခဲ့ဘူးလား... :-(
နေ့လယ်စာစားပြီးနောက် ဟော်ယန်က ရှုယင်းယင်းအား ကုမ္ပဏီသို့ ပြန်ပို့ပေးရင်း ပြောလိုက်သည်။
"ဒီအပတ် ပိတ်ရက်မှာ အချိန်ရအောင် သေချာလုပ်ထားဦး၊ ကိုယ် မင်းကို သူငယ်ချင်းတချို့နဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမလို့"
ရှုယင်းယင်းမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
[ ဒီအပတ် ပိတ်ရက်မှာ ငါ ယီယီနဲ့အတူ သူ့မိသားစုရဲ့ကိုယ် ပိုင်လေယာဉ်နဲ့ နှင်းလျှောစီးသွားဖို့ စီစဉ်ထားတာကို၊ အဲဒီ ကျိန်ဆဲခံရမယ့် ခေါင်းပုံဖြတ် အရင်းရှင်ကြီး၊ သူက အရမ်းကိုကပ်စေးနဲတာပဲ၊ တစ်ပြားမှတောင် အလွတ်မပေးဘူး]
"ဒီအပတ်ပိတ်ရက်ကို ရှင် တကယ်သွားချင်လို့လား၊ စာချုပ်ထဲမှာ ပိတ်ရက်တွေကို အချိန်ပိုလို့ သတ်မှတ်ထားပြီး လုပ်အားခက နှစ်ဆပေးရမှာနော်"
ရှုယင်းယင်း သူ့အား စိတ်ပြောင်းသွားစေရန် သွယ်ဝိုက်သောနည်းဖြင့် ခြောက်လှန့်ကြည့်လိုက်သည်။
"ကိုယ် သေချာတယ်"
ဟော်ယန်က သူမ ဘာတွေးနေသည်ကို အတိအကျကြားခဲ့သည်။ သူမ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်လေလေ သူ ပိုပြီး ပျော်ရွှင်လေလေပင်။
"ကောင်းပြီလေ"
ရှုယင်းယင်း တစ်ကိုယ်လုံးမှ မကျေနပ်ချက်များ ဖြာထွက်နေလျက် ကားပေါ်မှတက်ကြွမှုမရှိဘဲ ဆင်းလိုက်သည်။ သူမ ကုမ္ပဏီဂိတ်ပေါက်ထဲသို့ ဝင်ပြီးနောက် အားမလိုအားမရ ဖြစ်နေဆဲဖြစ်ရာ နောက်သို့လှည့်ပြီး ဟော့ယန်၏ကားအား ဒေါသတကြီး စိုက်ကြည့်မိသည်။
[ အဲဒီ ခွေးကောင်၊ သူက အရမ်းယုတ်မာတဲ့ အရင်းရှင်ကြီးပဲ]
သူမကျိတ်ပြီး ကျိန်ဆဲလိုက်ပြီးနောက် ခပ်သွက်သွက် လျှောက်သွားတော့သည်။ ဟော့ယန်သည် သူမကြောင့် ရယ်ချင်သွားခဲ့ပြီး သူမပုံရိပ် လုံးဝပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှသာ သူကိုယ်တိုင်လည်း ထွက်လာခဲ့သည်။
ရှုယင်းယင်း အလုပ်ခုံတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုယောင်တစ်ယောက် ဘေးဘက်ရှိ အနားယူခန်းထဲမှ ထွက်လာပြီး အတင်းအဖျင်း စပ်စုချင်သော မျက်နှာထားဖြင့် ချောင်းကြည့်လာသည်။
"ကျဲ... ကျဲတို့နှစ်ယောက် အတူတူ အကြာကြီးစားခဲ့ကြတယ်နော်၊ ဘာတွေ ပြောဖြစ်ကြလဲ"
"အလုပ်အကြောင်းတွေပေါ့ဟ၊ ဘာလဲ၊ စီးပွားရေးအရ လက်ထပ်ကြတာတွေက ဒီလိုပဲ သွားကြတာ မဟုတ်ဘူးလား"
"..." ရှုယောင် စကားဆွံ့အသွားသည်။
သူ ဖုန်းထဲမှ အွန်လိုင်းဘဏ်စနစ်ကို ဖွင့်လိုက်သည်။
"ကျဲ အကောင့်နံပါတ်ပေး၊ ကျွန်တော် ပိုက်ဆံလွှဲပေးမလို့"
ရှုယင်းယင်း ဟော်ယန်ပေးထားသည့် သန်း ၅၀ သာရှိသော သူ့ အကောင့်လက်ကျန်ငွေကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"ထားလိုက်ပါတော့၊ နင်ပဲ ယူထားလိုက်ပါ၊ ငါ့ရဲ့ ဘဏ်အကောင့် လက်ကျန်ငွေက နင့်ထက် အဆနှစ်ဆယ်လောက်ပိုများတယ်"
"ဒီလောက် ချမ်းသာတာလား"
ရှုယောင် အံ့သြမှင်တက်သွားသည်။
"ကျဲ အဲဒီလောက် ပိုက်ဆံတွေ အများကြီးဘယ်ကရတာလဲ"
"ပါးနဲ့မားက ပေးထားတဲ့ မုန့်ဖိုးတွေရယ်၊ ပြီးတော့ ဖုန်းရီကုမ္ပဏီမှာ အဘိုးပေးထားတဲ့ ၅% ရှယ်ယာတွေရယ် ပေါင်းထားတာလေ၊ အမြတ်ဝေစုချည်းပဲ တစ်နှစ်ကို သန်း ၅၀၀ လောက် ရတယ်၊ နင့်မှာ မရှိဘူးလား"
"..."
ရှုယောင်မှာ ဘာမှမပြောနိုင်တော့ပေ။ သူ့မိဘများက သူ့ ငွေကြေးအားလုံးကို ထိန်းချုပ်ထားသည်။
"အို... ငါ မှတ်မိပြီ၊ နင်က လွတ်လွတ်လပ်လပ်နေချင်နေတာဆိုပေမဲ့ အခုထိ မလုပ်နိုင်သေးဘူးလေ၊ အဲဒီတော့ အပိုငွေရှာဖို့ အခွင့်အရေးတိုင်းကို တန်ဖိုးထားပါ၊ နင် အလုပ်ခွင်ထဲ ဝင်တဲ့အခါ တစ်လကို လေးသောင်း၊ ငါးသောင်းလောက် ရရင် တောင် စားဝတ်နေရေးအတွက် ရုန်းကန်ရဦးမှာပဲ"
"လေးသောင်း၊ ငါးသောင်းကို လစာလို့ သတ်မှတ်တာလား"
ရှုယောင်၏လက်တွေ့ဘဝနှင့် ကင်းကွာနေမှုက စတင်ပေါ် လွင်လာသည်။
"တိတိ... နင့်အထင် လစာတစ်ခုက ဘယ်လောက်ရှိသင့်တယ်လို့ ထင်လဲ"
"အနည်းဆုံး အခြေခံလစာက တစ်သိန်းလောက်တော့ ရှိသင့်တာပေါ့၊ ဖုန်းရီမှာဆို အဲဒါက ပျမ်းမျှလစာလေ၊ မဟုတ်ဘူးလား"
"ဟက်... နင်က ဘဝရဲ့အခက်အခဲတွေကို တကယ် မသိသေး တာပဲ၊ ပျမ်းမျှဆိုတာက အမြင့်ဆုံးနဲ့ အနိမ့်ဆုံး အလွှာတွေရဲ့ ဝင်ငွေကိုမျှပြီး တွက်ထားတာလေ၊ ဖုန်းရီက ထိပ်တန်း အမှုဆောင်တချို့ဆို တစ်နှစ်ကို သန်းနဲ့ချီပြီး ရကြပေမဲ့ တစ်လကို တစ်သောင်းရတဲ့ ဧည့်ကြိုမလေးကလည်း လုပ်ငန်းခွင်မှာ ထိပ်တန်းအဆင့်လို့ သတ်မှတ်ခံရတာပဲ၊ နင် အိပ်မက်မက်နေတာလား"
"အဲ့လိုလား"
"နင် အတောင်ပံဖြန့်ပြီး မပျံသန်းခင်မှာ စျေးကွက် သုတေ သနလေး ဘာလေးလုပ်သင့်တယ်"
ရှုယောင် ခေါင်းယမ်းလိုက်သည်။ သူသည် သာမန်လူတို့၏ အခက်အခဲများကို တကယ်ပင် မသိပေ။
"တစ်လကို ငါးသောင်းရတာက နင့်ကို ငါတို့နိုင်ငံရဲ့ ဝင်ငွေအများဆုံး ထိပ်သီးထဲမှာ ပါသွားစေနိုင်တယ်၊ သာမန်လူ အများစုက ပျမ်းမျှ သုံးထောင်လောက်ပဲ ရတယ်၊ အဲဒီထက် မပိုဘူး"
"ဘာ၊ သုံးထောင်ဆိုတာ ထမင်းတစ်နပ်စာတောင် မလောက်ဘူးလေ"
"ဟက်... နောင်တစ်ချိန်မှာ နင်ရှာနိုင်မယ့် သုံးထောင်ဆိုတာက စားစရိတ်အတွက်တင် မဟုတ်ဘူး၊ အိမ်လခ၊ ရေဖိုးမီးဖိုး၊ နေထိုင်မှုစရိတ်၊ လူမှုရေးကိစ္စတွေ၊ ဆေးရုံတက်စရိတ် စတာတွေအတွက်ပါ ကာမိရမှာ၊ နင်သာ အလုပ်မှာ အမှားလုပ်မိရင် လစာဖြတ်ခံရပြီး နင့်လက်ထဲရမယ့် ငွေက တစ်ဝက်လောက်ပဲ ကျန်တော့မှာ၊ အဲဒီအခါကျရင် နင် မြေအောက်ခန်းမှာနေရပြီး၊ သက်တမ်းကုန်ခါနီး အစားအစာတွေကို စား၊ ရေကျဲကျဲ ဆန်ပြုတ်ကို သောက်ရလိမ့်မယ်၊ ကျွတ် ကျွတ် ကျွတ်... တိတိရေ၊ ဘဝဆိုတာ ခက်ခဲပါတယ်၊ နင့်အသက်ကို ကယ်ဖို့ ဒီပိုက်ဆံကို သိမ်းထားလိုက်"
"..."
ရှုယောင်မှာ ကြီးမားသောထိုးနှက်ချက်တစ်ခုကို ခံစားမိနေသည်။
"တကယ်ပဲ အဲဒီလောက်ကြီးတောင် အခြေအနေ ဆိုးဝါးလို့လား"
ရှုယင်းယင်း သူ့မျက်လုံးများထဲမှ ရှင်းလင်းလှသော တုံးအမှုကို သတိပြုမိသွားပြီးနောက် သူ့အား ဆွဲထူကာ ရုံးခန်းဧရိယာအပြင်ဘက်ရှိ စင်္ကြန်ဆီသို့ ခေါ်သွား လေသည်။ ထို့နောက် ဝန်ထမ်းတစ်ဦးအား လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"သူက စျေးကွက်ရှာဖွေရေးဌာနက ရှောင်လီလေ၊ ဆံပင်အထူဆုံးနဲ့ ကုတ်အင်္ကျီဝတ်ထားတဲ့သူပဲ၊ MIT ကနေ ဘွဲ့ရထားတာ၊ တစ်လကို လေးသောင်းရတယ်၊ တော်တော်လေး မိုက်တယ် မဟုတ်လား"
"အင်း၊ ဟုတ်တယ်"
"သူ ဘယ်လို ရာထူးတိုးပြီး လစာတိုးသွားလဲဆိုတာ နင် သိလား"
"စွမ်းရည်နဲ့ ကြိုးစားအားထုတ်မှုကြောင့်ပေါ့"
"မဟုတ်ဘူး၊ သူဌေးရဲ့မျက်နှာသာပေးမှုကိုရဖို့ ကြိုးကြိုးစားစား ဖားယားပြီး၊ သူဌေးရဲ့မယားငယ်ကိုတောင် ဟန်ပြလက် ထပ်ပေးခဲ့ရတာ၊ သူတို့ရဲ့ ဖောက်ပြန်မှုကို ဖုံးကွယ်ပေးပြီး လိုအပ်ရင် ကိုယ့်ဂုဏ်သိက္ခာကိုတောင် စတေးပြီးတော့မှ သူက ထိပ်တန်းအရောင်းစွမ်းဆောင်ရည်ကို ရယူနိုင်ခဲ့ပြီး တစ်လကို လေးသောင်းရသွားတာပဲ"
ရှုယောင် အံ့သြတကြီးဖြင့် အသက်ရှူမှားသွားခဲ့သည်။
"ဘုရားရေ"
🍁 Chapter 106
"MIT ဘွဲ့ရတယ်ဆိုတာ လုံလောက်အောင်ကို အထင်ကြီးစရာ ကောင်းပေမဲ့ ရလဒ်က ဘာလဲ၊ သူက လက်တွေ့ဘဝရဲ့ ဖိအားတွေအောက်မှာ ဦးညွှတ်ပြီး အရှက်သိက္ခာကိုပါ ချွတ်ချထားရတုန်းပဲလေ"
"ပြီးတော့ ဟိုလူကို ကြည့်လိုက်ဦး၊ အပ်ချုပ်ဆိုင်က သီးသန့်ချုပ်ထားတဲ့ ဝတ်စုံတွေနဲ့ အီတလီ လက်လုပ်သားရေ ဖိနပ်တွေကို ဝတ်ဆင်ထားပြီး၊ ကြည့်ရတာ ဂုဏ်သရေရှိတဲ့ ဝယ်ယူရေးမန်နေဂျာ တစ်ယောက်လိုပဲ၊ အဲဒါက အဓိကရှယ်ယာရှင်ရဲ့ မြေး၊ ယွီလန်လေ၊ သူက နာမည်မရှိတဲ့ တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားတာ၊ ဘာကျွမ်းကျင်မှုမှလည်း မရှိဘူး၊ ဒါပေမဲ့ တစ်လကို တစ်သိန်းခွဲရပြီး နှစ်ကုန်ဆုကြေးပါ ရသေးတယ်"
"အား... အဲဒါက နည်းနည်း မတရားလွန်းဘူးလား"
"အဲဒါ လူကြီးတွေရဲ့ လက်တွေ့ကမ္ဘာပဲ၊ တရားမျှတမှုဆိုတာ ဘယ်တော့မှ မရှိနိုင်ဘူး၊ တချို့လူတွေက တခြားသူတွေ တစ်သက်လုံး ရုန်းကန်ရမယ့် ပန်းတိုင်မှာ မွေးဖွားလာကြပြီး တချို့ကျတော့လည်း ဝမ်းရေးလေး ပြည့်ဖို့အတွက် တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရတယ်"
ရှုယင်းယင်းသည် ရှုယောင်အား ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါကတော့ ကွာတယ်လေ၊ ငါ့မှာ စံပြရည်မှန်းချက်တွေရော၊ ရည်ရွယ်ချက်တွေရော မရှိဘူး၊ ဘဏ်ထဲက ရတဲ့ အတိုးတွေကိုတောင် ငါ သုံးလို့ မကုန်နိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် အိမ်မှာ ငါ့ကို ဂရုစိုက်တဲ့ မိဘတွေရှိတယ်၊ ငါ့ရဲ့ အစားအ သောက်နဲ့ နေ့စဉ်ဘဝကို ပြုစုစောင့်ရှောက်ပေးမယ့်သူ ရှိတယ်၊ အလုပ်ကနေ ကြိုဖို့ ကားရှိတယ်၊ ပြီးတော့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တွေ့ပြီး ပါတီပွဲ တစ်ခုပြီးတစ်ခု ဆင်နွှဲရတယ်၊ ငါက စည်းစိမ်ချမ်းသာနဲ့ သာယာပျော်ရွှင်တဲ့ ဘဝကို နေထိုင်နေတာဖြစ်လို့ ပိုက်ဆံဆိုတာ ငါ့အတွက်တော့ အသုံးမဝင်တဲ့ ဂဏန်းတွေ တစ်ပုံကြီးပဲ၊ ဒါပေမဲ့ နင်ကတော့ ဒီလိုဘဝမျိုးကို ဘယ်တော့မှ ကြုံတွေ့ရမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နင်က ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်နေလို့လေ၊ ဆက်လုပ်ပါ၊ ရဲရဲဝံ့ဝံ့ ပျံသန်းလိုက်စမ်း၊ စိတ်ပိုင်းဆိုင်ရာအရတော့ နင့်ကို ငါ ထောက်ခံပါတယ်"
"..."
ရှုယောင် စကားဆွံ့အသွားသည်။
[ ဟားဟားဟား၊ နင် အရမ်းကိုယုတ်မာတာပဲ၊ ကလေးကို အဲဒီလို သွားမခြောက်ပါနဲ့]
[ ငါက အဖြစ်မှန်ကို ပြောပြနေတာပါ၊ အားယောင်လို အလို လိုက်ခံထားရတဲ့ သခင်လေးတစ်ယောက်က လောကကြီးရဲ့ ကြမ်းတမ်းမှုကို ကိုယ်တွေ့ကြုံဖို့နဲ့ လက်တွေ့ဘဝရဲ့ ရိုက်နှက်မှုကို ခံရဖို့ အပြင်ထွက်ဖို့ လိုအပ်တယ်၊ နံရံတွေ အများကြီးကို ကိုယ်တိုင်ဝင်တိုက်ကြည့်မှ အဲဒါတွေကို တကယ်နား လည်နိုင်မှာ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ဘယ်တော့မှကြိုးကြိုးစားစား အလုပ်လုပ်မှာ မဟုတ်ဘူး၊ ငါ့ရဲ့ သက်သောင့် သက်သာရှိတဲ့ ဇုန်ထဲမှာပဲ အေးအေးဆေးဆေး နေသွားလိုက်ချင်တယ်]
"ထားပါတော့၊ အဲဒီအကြောင်း မပြောကြတော့နဲ့၊ ယောင် ယောင်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ငါ့ကိုတစ်ခုခု ပြောပြဦး၊ သူ သူ့မိခင်အရင်းကို သွားတွေ့သေးလား"
"မတွေ့ဘူး၊ အဘိုးက ယောင်ယောင်ကို အလုပ်တာဝန်အသစ် တစ်ခုပေးထားတယ်၊ ပါးနဲ့အတူတု AI ပရောဂျက်တစ်ခုမှာ အလုပ်လုပ်ခိုင်းထားတာ ထူးခြားတာတော့ ဘာမှ မရှိပါဘူး"
"နင့် အဖေကရော"
"ပါးက အခုတလော ပိုပြီးအလုပ်ရှုပ်နေတယ်၊ အဘိုးက မားအလုပ်တချို့ကို သူ့ဆီ လွှဲပေးလိုက်ပုံရတယ်၊ သူတို့နှစ်ယောက်က အလုပ်တစ်ခုတည်းကိုလုပ်ရင်း တစ်ယောက်နဲ့တစ်ယောက် တိတ်တဆိတ်ပြိုင်ဆိုင်နေကြတာဆိုတော့ နှစ်ယောက်လုံး လုံးဝကိုအချိန်မရဖြစ်နေကြတာ"
[ အဘိုးက ဒေါ်လေးထန်ရဲ့အာဏာကို လျှော့ချဖို့ ကြိုးစားနေတာ ဖြစ်ရမယ်၊ အဲဒါက သူ့ကို အကျပ်ရိုက်သွားစေမှာ မဟုတ်ဘူးလား]
[ သူမက ဘာများ လုပ်နိုင်မှာမို့လို့လဲ၊ အတွင်းရေးမှူးစွင်းရဲ့ ကိစ္စတစ်ခုတည်းနဲ့တင် သူ့ကို ဒုက္ခပေးဖို့ လုံလောက်နေပြီလေ]
[ ဟငိး... ခွင့်ပြုချက်မရှိဘဲ ချုပ်နှောင်ထားတာ၊ ပြစ်မှုကျူးလွန်ဖို့ သွေးထိုးလှုံ့ဆော်တာ၊ အဲဒီစွဲချက်တွေထဲက တစ်ခုခုဆိုရင်တောင် သူမကို ထောင်ဒဏ်ငါးနှစ်ကနေ ဆယ်နှစ်အထိကျခံရနိုင်တယ်၊ တကယ်လို့ အဲဒီလိုသာ တကယ်ဖြစ်လာရင် ရှုယောင် ပြိုလဲသွားမလား]
[ သနားစရာကောင်းတဲ့ အားယောင်လေး]
ရှုယောင်မှာ လက်သီးများကို တိတ်တဆိတ် ဆုပ်ထားလိုက်မိသည်။ သူသည် မိခင်ဖြစ်သူ၏ကံကြမ္မာအား ကြိုတင် ခန့်မှန်းမိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကလေးတစ်ယောက်သာဖြစ်နေ၍ ဘာမှလုပ်နိုင်စွမ်း မရှိခဲ့ပေ။ အကယ်၍ ထိုသို့ အမှန်တကယ် ဖြစ်လာခဲ့ပါကလည်း ထိုအရာသည် သူမကိုယ်တိုင်ကျူးလွန်ခဲ့သော အပြစ်များကြောင့်သာ ဖြစ်ပေလိမ့်မည်။
"ကျဲ... ကျွန်တော့် မားကို မုန်းလား"
ရှုယောင် ရုတ်တရက် မေးလိုက်ရာ သူ့မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ စွန်းထင်းနေသည်။
"ဘာလို့ မေးတာလဲ"
"ဘာလို့လဲဆိုတော့ သူက ဦးလေးကို အမြဲဆန့်ကျင်နေပြီး အရင်ကလည်း အန်တီ့ရဲ့ယောကျ်ားနဲ့ ဖောက်ပြန်ခဲ့ဖူးတယ်လေ၊ သူက ရှုမိသားစုကိုဗြောင်းဆန်အောင် လုပ်ခဲ့တာ၊ အဘိုးက သည်းခံပေးနေခဲ့တယ်ဆိုတာကို ကျွန်တော်သိပေမဲ့ သူက နောင်တမရသလို သူ့ကိုယ် သူ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုလည်း မသိဘူး၊ နောက်ဆုံးကျရင် သူက သူ့ကိုယ်သူ ဒုက္ခတွင်းထဲ ဆွဲချလိမ့်မယ်၊ သူက ဆိုးတဲ့သူဆိုပေမဲ့ ကျွန်တော် သူ့ကို မုန်းလို့ မရဘူးဖြစ်နေတယ်၊ ဘာလို့လဲဆိုတော့ သူက ကျွန်တော်ရဲ့ အမေလေ၊ ကျွန်တော့်ကို အသက်ပေးခဲ့တဲ့သူမို့လို့ပံ"
[ အား... ဒါက... ဟင့်၊ ငါ အားယောင်ကို အရမ်းသနားတာပဲ]
ရှုယင်းယင်း သူ့ကအား တင်းကျပ်စွာ ဖက်ထားလိုက်ပြီး နှစ်သိမ့်ပေးရန် ကျောလေးကိုပုတ်ကာ ပြောလိုက်သည်။
"ငါတို့က မျိုးဆက်သစ်တွေလေ၊ ဒုတိယအဒေါ်နဲ့ မိသားစုကြားက ပဋိပက္ခက အရင်မျိုးဆက်တွေရဲ့ ကိစ္စဖြစ်ပြီး အဲဒါက သူ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ၊ အားယောင်... ဒုတိယအဒေါ် ဘာပဲဖြစ်ဖြစ် အဲဒါက နင့်အပြစ်မဟုတ်ဘူး၊ မှတ်ထားနော်၊ အိုကေလား"
"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ ကျဲ... ကျေးဇူးတင်ပါတယ်"
"အားယောင်၊ နင်က နင်ထင်ထားတာထက်ကို ပိုပြီး ထူးချွန်တဲ့သူပါ၊ နင့်ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ချင်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ ရှေ့ဆက်သွားပါ၊ အဆိုးဆုံးဆိုရင်တောင် နင့်ကျဲက နင့်ကို ထောက်ပံ့ပေးမယ်လေ ပြီးတော့ အကုန်လုံး အဆင်မပြေဖြစ်သွားခဲ့ရင်တောင် နင့်မှာ အသုံးချလို့ရတဲ့ ယောက်ဖတစ်ယောက် ရှိနေသေးတယ် မဟုတ်လား"
"အဲဒါလည်း ဟုတ်တာပဲ"
ရှုယောင်သည် ညင်သာစွာ ပြုံးလိုက်ရာ သူ့နှလုံးသားသည် ကျေးဇူးတင်မှုများဖြင့် ပြည့်သွားခဲ့သည်။
သောကြာနေ့ညတွင် ဟော်ယန်သည် သူ့ ငယ်သူငယ်ချင်းများအား ယခင်က တစ်ခါမှမဖိတ်ဖူးသည့်အတိုင်း ထူးခြားစွာဖိတ်ကြားခဲ့သည်။ အမျိုးသားလေးဦးသည် ကလပ်ရှိ VIP room တစ်ခုတွင် စုဝေးခဲ့ကြပြီး ဝိုင်သောက်ကာ စကားစ မြည် ပြောဆိုနေကြသည်။ သူတို့ ခဏတာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် လူတိုင်းက ဟော်ယန် သူတို့အားရုတ်တ ရက် ဖိတ်ကြားရသည့် အကြောင်းရင်းကို စတင် စုံစမ်းမေး မြန်းကြတော့သည်။
"အားယန်၊ မင်းက ဒီလိုစုဆုံဖို့ ဦးဆောင်ဦးရွက် လုပ်လာတာ တွေ့ရခဲတယ်၊ ငါတို့ကို ပြောပြစရာ ဝမ်းသာစရာ သတင်းတစ်ခုခုများ ရှိနေလို့လား"
ဝမ်ရွှမ်းက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ဟော်ယန်အား မေးလိုက်ရာ သူ၏မျက်လုံးများမှာ စပ်စုလိုစိတ်များဖြင့်ပြည့်နှက်နေခဲ့သည်။
"ငါ ခန့်မှန်းကြည့်မယ်၊ မင်း ရုတ်တရက်ကြီး အချစ်နဲ့ တွေ့သွားတာတော့ မဟုတ်ပါဘူးနော်၊ ငါတို့လို လူပျိုကြီး သုံးယောက်ရှေ့မှာ လာကြွားချင်နေတာလား"
ဟဲ့ယန် နောက်ပြောင်သည့်ဟန်ဖြင့် စူးစမ်းလိုက်သည်။
"ဟေ့... လူပျိုကြီးတွေအကြောင်းပြောရင် ငါ့ကိုတော့ ထည့်မတွက်နဲ့၊ ငါက တစ်ယောက်ယောက် ရှာမှာ"
ကျီခိုင် ကျေနပ်ဂုဏ်ယူစွာဖြင့် ဝင်ပြောလိုက်သည်။
"ချီး... မင်းက ကြွားနေတာ သက်သက်ပါ၊ မင်းရဲ့ ရွှေလှောင် ချိုင့်ထဲက ငှက်ကလေးတောင် ပျံထွက်သွားပြီကို၊ ဘာလို့ ကြွားနေသေးတာလဲ"
ကျီခိုင်သည် ဘာမှမပြောဘဲ ပြုံးနေလိုက်ပြီး သူ့အရက်အား အေးအေးလူလူ သောက်နေခဲ့သည်။ ဝမ်ရွှမ်းနှင့် ဟဲ့ယန်တို့အပေါ်ထားရှိသော သူ့မျက်နှာအမူအရာမှာ မင်းတို့ သာမန်လူတွေက ဘာမှနားမလည်ပါဘူးလေဟု ပြောနေသည့်အလားပင်။
"အိုးး... ဒါဆို မင်းမှာ ဆက်ဆံရေးအသစ် ရှိနေပြီပေါ့"
ဟဲ့ယန်က ကျီခိုင်၏ကော်လံနားသို့ နှာခေါင်းတိုးကာ အနံ့ခံကြည့်လိုက်ပြီး နောက်ပြောင်သော အပြုံးဖြင့် အနားသို့ တိုးသွားခဲ့သည်။
"ဒီတစ်ခါ ပန်းလေးက ဘယ်သူလဲကွ"
"ဖယ်စမ်းပါ၊ သူက စစ်မှန်တဲ့ အနုပညာရှင်လေးကွ"
ကျီခိုင် မေးစေ့ကို အနည်းငယ် ပင့်လိုက်ရာ သူ့ဂုဏ်ယူမှုများမှာ ပြည့်လျှံနေသကဲ့သို့ပင်။
"အနုပညာရှင်တစ်ယောက်က မင်းလို အလိုလိုက်ခံထားရတဲ့ သခင်လေးကို စိတ်ဝင်စားမှာ မဟုတ်ပါဘူးကွာ၊ မင်း အရင်တုန်းက ငှက်ကလေးတစ်ကောင် မွေးထားဖူးတယ်ဆိုတာ လူတိုင်းသိကြတာပဲ၊ သိမ်မွေ့ပြီး ဂုဏ်သိက္ခာကြီးတဲ့ အနုပညာရှင်တစ်ယောက်က အဲဒါကို လက်ခံပါ့မလားလို့ မင်း ထင်နေလား"
"အေးလေ၊ ငါထင်တာ မင်း ရူးသွားပြီဖြစ်မယ်"
ဝမ်ရွှမ်း လှောင်ပြောင်လိုက်သည်။
"သွားစမ်းပါ... သူများကိစ္စကို လာစွက်ဖက်မနေနဲ့၊ ဒီညရဲ့ အဓိက ဇာတ်လိုက်က အားယန်ပဲ၊ ငါ့ကို လာရှုပ်မနေနဲ့"
ကျီခိုင်၏သတိပေးမှုကြောင့် ထိုနှစ်ဦးမှာ အမြန် သတိပြန်ဝင်သွားသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ အားယန်ကို အရင် စစ်ဆေးရေး လုပ်ရမယ်၊ ပြီးမှ မင်းအလှည့်ပဲ"
သူတို့သုံးဦးသည် စပ်စုလိုသော မျက်လုံးများဖြင့် ဟော်ယန်အား ကြည့်လာကြသည်။
ဟော်ယန်သည် သူ့ဝိုင်ခွက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ နွေးထွေးသော လိမ္မော်ရောင် အလင်းတန်းသည် ပယင်းရောင် ဝိုင်အရည်အပေါ်သို့ ကျရောက်နေပြီး ခရစ္စတယ်ဖန်ခွက်၏ အလင်းယိုင်မှုမှတစ်ဆင့် သူ၏ အလွန်လှပသော လက်ချောင်းများထံသို့ တောက်ပသော အလင်းရောင်တစ်ခု ကူးစက်နေခဲ့သည်။
သူသည် လက်ကောက်ဝတ်အား ညင်သာစွာ လှည့်လိုက်ရာ နက်မှောင်သော အပြာရောင် ကျောက်မျက်ရတနာ ကြယ်သီးများက ထင်းခနဲ ပေါ်လာသည်။ ယခုလက်ရှိ သူ၏ ပျင်းရိကာ လွတ်လပ်ပေါ့ပါးနေသော ဟန်ပန်နှင့် ပေါင်းစပ်လိုက်သော အခါ သူသည် အထက်တန်းလွှာ သခင်လေးတစ်ယောက်၏ စံပြပြယုဂ်တစ်ခုအဖြစ် အပြည့်အဝ ပီပြင်နေတော့သည်။
ဤမြင်ကွင်းကြောင့် ကျန်အမျိုးသားသုံးဦးစလုံး မနေနိုင်ဘဲ သက်ပြင်းချမိသွားကြသည်။
လုံးဝကို အဓိပ္ပာယ်မရှိချက်... နွီးဝါနတ်ဘုရားမက ဟော်ယန်ကို ဖန်ဆင်းတုန်းက တအားကို မျက်နှာလိုက်ခဲ့တာပဲ၊ ဘယ် လိုလုပ်ပြီး လူတစ်ယောက်ကနေရာတိုင်း၊ ထောင့်တိုင်းမှာ ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ၊ ကျစ်...
"ငါ့အဖွားက ငါ့အတွက် အိမ်ထောင်ဖက် စီစဉ်ပေးထားတယ်၊ ငါလည်း အတည်တကျနေတော့မယ်လို့ စဉ်းစားထားတာ"
သူသည် ဤဗုံးတစ်လုံးကဲ့သို့ ပြင်းထန်သောစကားအား ပေါ့ပေါ့ပါးပါးပင် ဖောက်ခွဲချလိုက်သည်။
"ဘာကြီး"