← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

🍁 Chapter 107

သူတို့သုံးယောက်စလုံး မယုံနိုင်စွာဖြင့် မျက်လုံးများပြူးကျယ်သွားကြသည်။

"မဖြစ်နိုင်တာ၊ မင်းက အဲဒီလောက်တောင် ပြောရလွယ်သွားတာလား၊ မင်းလိုကောင်က အတည်တကျ ဖြစ်သွားပြီပေါ့"

"ဘယ်သူလဲ၊ ဘယ်အိမ်က သမီးကများ ငါတို့ရဲ့ တောင်ထိပ်က နှင်းကြာပန်းလေးကို ခူးသွားရတာလဲ"

"အားယန်... အဖွားက သူ့ကိုယ်သူ သတ်သေမယ်လို့များ ခြိမ်းခြောက်ထားရင် မျက်တောင် နှစ်ချက်လောက် ခတ်ပြစမ်းပါ၊ ငါတို့ အရာအားလုံးကို ရင်းပြီး မင်းကို အဲ့ငရဲတွင်းထဲကနေ ကယ်ထုတ်ပေးမယ်"

သူတို့၏ တဖြည်းဖြည်း ချဲ့ကားလာသော စကားများကို ကြားရသောအခါ ဟော်ယန်မှာ ရယ်ချင်စိတ်အား မနည်းထိန်းနေရသည်။

"ဘာလဲ... မင်းတို့က ငါ့ကို ဘုန်းကြီးဝတ်သွားသင့်တယ်လို့ ထင်နေတာလား"

"မဟုတ်လို့လား"

သုံးယောက်သားက တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။

ဟော်ယန် : "..."

ဝမ်ရွှမ်းက တည်ငြိမ်စွာဖြင့် ဝင်ပြောလိုက်သည်။

"မဟုတ်သေးဘူး... ဘုန်းကြီးဝတ်တာထက်စာရင် မင်းကိုဂေးလို့တောင် သံသယဝင်စရာ ဖြစ်နေတာ"

အခြားနှစ်ယောက်လည်း အပြင်းအထန် ခေါင်းညိတ် ထောက်ခံကြသည်။

"သွားစမ်းပါ"

ဟော်ယန် သူ့ ခြေတံရှည်များဖြင့် ဝမ်ရွှမ်းအား လှမ်းကန်လိုက်သည်။

"စဉ်းစားကြည့်လေ၊ မင်းနားမှာ ငယ်ငယ်ကတည်းက လိပ်ပြာလေးတွေလို ဝဲပျံနေတဲ့ လှပတဲ့ မိန်းကလေးတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပေမဲ့ မင်း သူတို့ကို တစ်ချက်လေးတောင် ဂရုစိုက်ဖူးလို့လား၊ ငယ်ငယ်တုန်းကဆို မင်း မိန်းကလေးတွေကိုငိုအောင်လုပ်ခဲ့တာ အကြိမ်ရေ မရေမတွက်နိုင်အောင်ပဲ၊ မင်း ကြီးလာတော့ ပိုပြီး ထူးချွန်လာတာနဲ့အမျှ မင်းကို ပိုးပန်းတဲ့သူတွေက ပိုတောင် များလာသေးတယ်၊ ဒါပေမဲ့ မင်းကတော့ သူတို့ကို ခင်မင်တဲ့အကြည့် တစ်ချက်လေးတောင် မပေးခဲ့ဘူးလေ၊ ပြဿနာတွေကို ရှောင်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတွင်းရေးမှူးကိုတောင် ယောကျ်ားလေးနဲ့ အစားထိုးလိုက်သေးတယ်၊ ဟက်... မင်းဂေးနေတာကို ဖုံးထားတယ်လို့တောင် ငါတို့ထင်မိတာ"

"အေးလေ၊ အေးလေ... အဲဒါက တော်တော်လေး ဟုတ်တယ်၊ မင်း ပေါ်လာပြီဆိုရင် ဆယ်မိုင်ပတ်လည်မှာ မိန်းမဆိုတာ ထားလိုက်ဦး၊ ခြင်မလေး တစ်ကောင်တောင် မရှိဘူးလေ၊ အဲဒီလို မတွေးဘဲနေဖို့က ခက်သား"

ထိုစဉ် ကျီခိုင်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သတိထားနေသော လေသံဖြင့် မေးလိုက်သည်။

"အားယန်... တစ်ဖက်လူက မင်းစိတ်ဝင်စားအောင်လို့ ယောကျ်ားလေး ဟန်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်များ ဖြစ်နေမလား"

ကျီခိုင်တွင် စိတ်ဒဏ်ရာ အတော်လေးရထားပုံပေါ်သည်မှာ ရှင်းလင်းလှသည်။ ဤသည်မှာ သူ့ ကိုယ်တွေ့အတွေ့အကြုံအရ အခြေခံကာပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ... မင်းတော်တော် အတွေးလွန်တာပဲ၊ အဲဒီလိုတောင် တွေးရဲတယ်ပေါ့လေ"

ဝမ်ရွှမ်းသည် ချီးကျူးသည့်အနေဖြင့် သူ့အား လက်မထောင်ပြလိုက်သည်။ ဟော်ယန်သည် သူ့အား စူးရှသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းကြည့်ရတာ တော်တော်လေး အတွေ့အကြုံရှိတဲ့ပုံပဲ"

ကျီခိုင်သည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သေဆုံးနေပြီဖြစ်သော မှတ်ဉာဏ်ဟောင်းများက သူ့အား ပြန်လည် ခြောက်လှန့်လာလေတော့သည်။ သူက အနေရခက်စွာဖြင့် ချက်ချင်းပြောလာသည်။

"ငါ ပြောတာတွေကို ခေါင်းထဲမထားပါနဲ့၊ ငါ ပါးစပ်ပိတ်ထားလိုက်ပါတော့မယ်"

ထိုသုံးယောက်စလုံးက တစ်ချိန်တည်းမှာပင် သူ့အား လှမ်းကြည့်လိုက်ကြပြီး တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ချက် ချင်းအာရုံခံမိသွားကြသည်။

"သောက်ကြမယ်၊ သောက်ကြမယ်"

ကျီခိုင် တည်ငြိမ်ဟန်ဆောင်ကာ သူတို့၏အာရုံကို လွှဲရန်အတွက် သူ့ ခွက်ကို မြှောက်လိုက်သည်။

အကယ်၍ ဤသူငယ်ချင်းများသာ သူ့ မယုံနိုင်စရာကောင်း သော အတွေ့အကြုံအကြောင်းအား သိသွားခဲ့ပါက သူ့ကို တစ်သက်လုံး လှောင်ပြောင်နေကြမည် မဟုတ်လား။

မဟုတ်သေးဘူး၊ သူတို့က စုပေါင်းပြီး ဒီဘဝဇာတ်ကြောင်းကို သူ့ရဲ့ ဂူဗိမာန် ကျောက်စာအဖြစ်တောင် ပြောင်းပစ်ပြီးတော့ နောင်လာနောက်သား မျိုးဆက်တွေအတွက်ပါ လှောင်ရယ်စရာတစ်ခု ဖြစ်အောင် လုပ်ပစ်ကြမှာ သေချာတယ်။

ထိုမြင်ကွင်းကို တွေးကြည့်ရုံမျှဖြင့် သူ ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားခဲ့သည်။ ထို့ကြောင့် သူ လုံးဝလုံးဝပြောပြ၍ မဖြစ်ပေ။

"စကားလမ်းကြောင်းလွှဲတာကို ရပ်လိုက်စမ်းပါ၊ မြန်မြန်ပြောစမ်း... သူက ဘယ်မိသားစုက သမီးလဲ၊ ပြီးတော့ ငါတို့ သူ့ကို ဘယ်တော့လောက် တွေ့ရမလဲ"

ဟဲ့ယန်က စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

"ဖုန်းရီဂရုရဲ့ မြေးအကြီးဆုံး၊ ရှုယင်းယင်း"

ဟော်ယန်သည် ပြတ်သားစွာ ကြေညာလိုက်သည်။

"ဘာကြီး"

"ဖူး..."

ကျီခိုင်သည် ဝိုင်ကိုပင် ထွေးထုတ်မိသွားသည်။

"အဟွတ် အဟွတ် အဟွတ်..."

ကျီခိုင်မှာ ချောင်းဆိုးရင်း အသက်ရှူရပ်လုမတတ် ဖြစ်နေ သည်။

ဘာလို့ လူတွေအများကြီးထဲကမှ ရှုယင်းယင်း ဖြစ်နေရတာလဲ၊ အား... အဲဒီမိန်းမက အတင်းအဖျင်းတွေနဲ့ ပတ်သက်လာရင် တအားကို လွန်လွန်းတယ်၊ အား... ငါ့ရဲ့ လျှို့ဝှက်ချက်တော့ ပေါ်တော့မယ်၊ ကယ်ကြပါဦး...

"အားခိုင်... မင်းရဲ့ တုံ့ပြန်မှုက နည်းနည်းလွန်လွန်းနေပြီနော်၊ မရီးရဲ့နောက်ခံက လျှို့ဝှက်ဆန်းကြယ်တယ် ဆိုပေမဲ့လည်း ရှုမိသားစုနဲ့ ဟော်မိသားစုက မိတ်ဆွေဟောင်းတွေလေ၊ သူတို့ကြားက အိမ်ထောင်ရေးက လုံးဝကိုအကြောင်းပြချက် ခိုင်လုံတယ်၊ ဝိုင်တွေပါ ထွေးထုတ်ရလောက်အောင် ဘာလို့ အဲဒီလောက် အံ့သြသွားရတာလဲ"

ရှုယင်းယင်း၏မိသားစုပြန်လည်ဆုံစည်းခြင်း ညစာစားပွဲမှာ ခမ်းနားကြီးကျယ်သော ပွဲတစ်ခုဖြစ်ပြီး ထိုနေရာတွင် ရှိနေသော လူငယ်များအားလုံး၏မိဘများသာ အတွင်းရေးကို သိရှိထားကြသည်။

"ငါ ရုတ်တရက် မတော်တဆ သီးသွားလို့ပါ"

ဟော်ယန်သည် သူ တစ်ခုခုကို ဖုံးကွယ်နေကြောင်း ခံစားမိသဖြင့် သံသယဖြင့် မေးလိုက်သည်။

"မင်း ယင်းယင်းနဲ့ ကြိုတွေ့ထားတာများလား"

ကျီခိုင် ခဏတာငြိမ်သက်သွားပြီးနောက် ဟော်ယန်၏ စူးစမ်းနေသော အကြည့်ကိုရင်ဆိုင်ကာ ပေါ့ပေါ့ပါးပါး ဟန်ဆောင်လျက် ပြောလိုက်သည်။

"ပြီးခဲ့တဲ့အပတ်က ငါ သူငယ်ချင်းတချို့နဲ့ ယန်မိသားစုရဲ့ မြင်းခြံကို သွားခဲ့တယ်၊ အဲဒီမှာ သူ့ကို ခဏလေးတွေ့ခဲ့တာ၊ သူက တော်တော်လှပြီး စရိုက်လည်း ကောင်းတယ်၊ အဲဒီက သခင်မလေးတွေ အားလုံး သူ့ကို သဘောကျကြတဲ့ပုံပဲ"

"တကယ်လား"

ဟော်ယန် သံသယဝင်နေဆဲပင်။ သို့သော် သူသည် အဓိကအချက်ကို လျင်မြန်စွာ ဆက်စပ်သဘောပေါက်သွားခဲ့သည်။ ကျီခိုင်သည် လူပျိုဖြစ်ခြင်းနှင့် ပတ်သက်၍ ရှောင်လွှဲပြောဆိုနေခဲ့ပြီး ယခုလေးတင် ထူးဆန်းသော Cross-dressing အကြောင်းအားပြောခဲ့သည်။ တစ်ဖက်တွင်လည်း ရှုယင်းယင်းသည် သူမ ပတ်ဝန်းကျင်ရှိ သူများ၏အရှုပ်တော်ပုံများအား ဖော်ထုတ်ရာတွင် အလွန်ကျွမ်းကျင်သူဖြစ်သည်။ သူမသည် ကျီခိုင်၏အားနည်းချက်များကို ဆုပ်ကိုင်ထားကာ သူ့အား အကျပ်ကိုင်နေခြင်း ဖြစ်နိုင်သည်။

ကျစ်... ငါ့မှာသာ ရွှီယင်းယင်းလိုမျိုးစိတ်ဝင်စားစရာ အတင်း အဖျင်းတွေ ကြားနိုင်တဲ့စွမ်းရည်ရှိရင် ဘယ်လောက်ကောင်းမလဲ၊ အပျင်းပြေအောင်လုပ်လို့ ကောင်းမှာပဲ။

"ဒီအသိုင်းအဝိုင်းက သခင်မလေးတွေက ဘယ်လောက်တောင် လူရွေးတတ်လဲဆိုတာ မင်းတို့ အကုန်သိသားပဲ၊ မရီး ပေါ်လာတာနဲ့ တစ်ပြိုင်နက် သူတို့ ဝိုင်းအုံနေတာကို ခံရတယ်ဆိုတော့ သူ ဘယ်လောက်တောင် နာမည်ကြီးလဲဆိုတာ ပြနေတာပဲ"

"အဲဒါက သူ့မှာ ပွင့်လင်းတဲ့ စရိုက်ရှိတယ်ဆိုတဲ့ သဘောလည်း သက်ရောက်တယ်လေ၊ ဒါဆို ငါတို့နဲ့လည်း အဆင် ပြေပြေ နေနိုင်မှာပေါ့၊ ဟုတ်တယ်မလား"

"မင်းသိလား၊ အိမ်ထောင်ကျပြီးတဲ့နောက် ညီအစ်ကိုတွေကြားမှာ အများအားဖြင့် ခပ်စိမ်းစိမ်း ဖြစ်သွားရတဲ့ အဓိက တရားခံက တကယ်တော့ သူတို့ရဲ့မိန်းမတွေပဲ၊ သူတို့မိန်းမတွေက တွေ့ဆုံပွဲတွေကို သဘောမတူဘူးဆိုရင် ဘယ် လောက်ပဲ ရင်းနှီးတဲ့ဘော်ဒါတွေဖြစ်ဖြစ် ကွဲကွာသွားကြတာပဲ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါကြောင့် ငါတို့တွေ လွတ်လွတ်လပ်လပ် ဆက်ပြီး သွားလာလို့ ရအောင်ဆိုပြီး အိမ်ထောင်မပြုကြဖို့ ငါတို့အားလုံး တိတ်တဆိတ် သဘော တူထားကြတာလေ၊ အဲဒါကို တိုက်တေနီယမ် သတ္တုနဲ့ပေါင်းထားတဲ့ ညီအစ်ကို သံယောဇဉ်လို့ခေါ်တာကွ"

"ဖူး... မင်းမှာ အရှက်ဆိုတာလေး နည်းနည်းတောင် မရှိဘူးလား၊ မင်းက မိန်းမတစ်ယောက်တည်းဆီမှာပဲ မနေချင်တာကို ငါတို့ကို ဓားစာခံအနေနဲ့ အသုံးမချစမ်းပါနဲ့"

ဝမ်ရွှမ်းသည် ဟဲ့ယန်၏ အရှက်မရှိမှုအား သနားညှာတာမှုကင်းစွာ လှောင်သည်။

"ငါကတော့ အဲဒါကို ဘဝဆိုတာ တိုတိုလေးမို့၊ ရနိုင်တုန်းလေး ပျော်ထားလို့ ခေါ်တယ်၊ အားယန်ရဲ့ ရသေ့လို နေထိုင်မှုပုံစံမျိုးကို ငါဆိုရင် တစ်မိနစ်လေးတောင် သည်းခံနိုင်မှာ မဟုတ်ဘူး"

လူတိုင်းက သူ့အား မထီမဲ့မြင်ဖြင် လှောင်ပြောင် ရယ်မောကြသည်။

"ကဲပါ၊ နောက်တာတွေ ရပ်လိုက်တော့၊ မင်းတို့ရဲ့ အပတ်စဉ် ပိတ်ရက်တွေကို အားအောင်လုပ်ထားကြ၊ နှင်းလျှောစီးဖို့ R နိုင်ငံကို လေယာဉ်နဲ့ သွားကြမယ်"

"ဘာ၊ R နိုင်ငံကို နှင်းလျှောစီးဖို့ လေယာဉ်နဲ့ သွားမယ်ဟုတ် လား၊ ငါ့ရဲ့ ဧကတစ်ထောင်ကျယ်တဲ့ လူလုပ် နှင်းလျှောစီး အပန်းဖြေစခန်းက မင်းအတွက် မလုံလောက်လို့လား"

ဟဲ့ယန်သည် ဟော်ယန်အား မင်း ရူးနေလားဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"အပျော်သွားမလို့ပါကွာ၊ မင်းတို့ လိုက်မှာလား"

"ငါ လိုက်မယ်၊ ငါ လိုက်မယ်"

ဝမ်ရွှမ်း စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်သည်။

"ငါတို့ လေးယောက်တည်းလား"

ကျီခိုင် စိုးရိမ်တကြီး မေးလိုက်သည်။

"ငါ ယင်းယင်းကို ခေါ်လာခဲ့မယ်"

ကျန်နှစ်ဦးက ချက်ချင်းအဓိပ္ပာယ်ပါပါ ကြည့်လာကြသည်။

"အိုး~~~~"

သူတို့မျက်လုံးများသည် စနောက်ချင်စိတ်များဖြင့် ဖုံးလွှမ်းသွားကြသည်။ ကျီခိုင်တစ်ယောက်သာ တွေဝေသွားခဲ့သည်။ သူ ထိုအတင်းအဖျင်း ဘုရင်မကြီးနှင့် မတွေ့ချင်ပေ။

"အားခိုင်... မင်းက သိပ်စိတ်ပါလက်ပါရှိပုံ မပေါ်ဘူးနော်၊ ငါတို့ကို ပြောပြဖို့ အခက်အခဲဖြစ်နေတဲ့ ကိစ္စတစ်ခုခု ရှိနေလို့လား"

ဝမ်ရွှမ်းက သူ့ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိသွားခဲ့သည်။

"မင်း မရီးကို တွေ့ရမှာ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်၊ ဘာဖြစ်လို့လဲ၊ မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြလို့လား"

ဟဲ့ယန်က မှန်းဆလိုက်သည်။ ကျီခိုင်သည် ဟော်ယန်လည်း လှမ်းကြည့်လာသည်ကို မြင်ဆသာအါ သူ့လက်များကို ကမန်းကတန်း ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါတို့ တစ်ခါပဲ တွေ့ဖူးသေးတာ၊ ဘာပြဿနာ ရှိနိုင်မှာလဲ"

"ဒါဆို မင်းဘာလို့ တွန့်ဆုတ်နေတာလဲ"

ဝမ်ရွှမ်းသည် ပြုံးဖြီးဖြီးဖြင့် အနားသို့ တိုးသွားကာ မေးလိုက်သည်။

"မင်းလည်း မင်းရည်းစားကို ခေါ်လာချင်နေတာလား"

"မဟုတ်ပါဘူး၊ ငါ အဲဒီလောက် မမြန်သေးပါဘူး"

"မင်း ပိုပြီး လျှို့ဝှက်ဆန်းကြယ်လေလေ၊ ငါက မရီးကို ပိုပြီး မြင်ချင်လေလေပဲ၊ လူတွေကို သည်းထိတ်ရင်ဖို ဖြစ်အောင် လုပ်ထားတာကို ငါ မုန်းတယ်၊ မင်းသာ ငါ့ကို ဒေါသထွက်အောင် လုပ်ရင် မနက်ဖြန်ကျရင် လူလွှတ်ပြီး စုံစမ်းခိုင်းမှာ"

ဟဲ့ယန်သည် စိတ်မြန်သူဖြစ်သည်။

"မစုံစမ်းနဲ့၊ မင်းသာ စုံစမ်းရဲ စုံစမ်းကြည့်၊ ငါ မင်းနဲ့ အဆက် အသွယ် ဖြတ်ပစ်မယ်"

"အိုကေ၊ အိုကေ... မင်းအဖေက မစုံစမ်းတော့ပါဘူး၊ မင်းက အဖေ့ရဲ့ သားလိမ္မာလေး ဆက်လုပ်လို့ရပါပြီ"

"သွားစမ်းပါ"

ထိုနှစ်ယောက်သည် ကလေးဆန်စွာပင် လုံးထွေး သတ်ပုတ်နေကြသည်။ ဟော်ယန်သည် ကျီခိုင်၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသွားပြီး သူ၏ ဖွင့်ပြော၍မရသော လျှို့ဝှက်ချက်အကြောင်းကို ပိုမိုစပ်စုချင်စိတ် ပြင်းပြလာခဲ့သည်။

[ ငါ့မှာသာရှုယင်းယင်းလိုမျိုး စိတ်ဝင်စားစရာ အတင်းအ ဖျင်းတွေကို ကြားနိုင်တဲ့စွမ်းရည် ရှိရင် ဘယ်လောက်ကောင်းမလဲ၊ အပျင်းပြေမှာပဲ]

ယနေ့ဟော်ယန် : ရှုယင်းယင်းအား မေးခွန်းထုတ်ခြင်း (√)၊ ရှုယင်းယင်းအား နားလည်လာခြင်း (√)၊ ရှုယင်းယင်းအဖြစ် ပြောင်းလဲလာခြင်း (တိုးတက်မှု ၂၀%)

🍁 Chapter 108

သောကြာနေ့ ညနေခင်းတွင် ရှုယင်းယင်းတစ်ယောက် ရှုယောင်နှင့်အတူ ဂိမ်းထဲ အာရုံနစ်မြုပ်နေစဉ်မှာပင် အရေးအကြီးဆုံး အချီသို့အရောက် ဟော်ယန်ထံမှ ဖုန်းဝင်လာသည်။

သူမသည် ဂိမ်းကစားရာတွင် အနှောင့်အယှက်ကင်းစေရန် ဖုန်းကို Do Not Disturb မုဒ် ပြောင်းထားသော်လည်း မရပ်မနား လင်းလက်နေသည့် ဖုန်းစခရင်ကမူ တစ်စုံတစ် ယောက် အတင်းအကြပ် ဆက်သွယ်နေကြောင်း သက်သေပြနေ၏။ လေးငါးကြိမ်ခန့် လင်းလက်သွားပြီးနောက် ရှုယောင်က ‌ဦးစွာ သတိထားမိသွားကာ မျက်လုံးထောင့်မှနေ၍ လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ယောက်ဖဆီက ဖုန်းလာနေတာ"

"ဘယ်က ယောက်ဖလဲ"

ရှုယင်းယင်း ချက်ချင်းသဘောမပေါက်ဘဲ မေးလိုက်သည်။

"အစ်ကိုယန်လေ၊ နင့်မိသားစုက စီစဉ်ပေးထားတဲ့ စေ့စပ်ထားသူ"

ရှုယောင် ဂိမ်းဆော့နေလျက် ရှင်းပြသည်။

"ဒီပွဲလေးသာ ပြီးအောင်ဆော့ရအောင်၊ နင့်ကို ငါ သေချာ ပေါက် အသေသတ်မယ်"

ရှုယင်းယင်း၏ကြိမ်းဝါးသံ ဆုံးသွားရုံသာရှိသေး စခရင်ပေါ်ရှိ သူမ၏ ဇာတ်ကောင်မှာ ရှုယောင်၏အပြင်းအထန်တိုက် ခိုက်မှုအောက်တွင် KO ဖြစ်ကာ မြေပြင်သို့ ဘိုင်းခနဲ လဲကျသွားသည်။ ရှုယောင်သည် ဒေါသပေါက်ကွဲနေသော ရှုယင်းယင်းအား လှည့်ကြည့်ပြီး ကောက်ကျစ်စွာပြုံးလိုက်၏။

"ယောက်ဖကို အကြာကြီး စောင့်ခိုင်းမနေနဲ့လေ"

သူ့ စကားအဆုံးတွင် ရှုယင်းယင်းထံမှ ကန်ချက်တစ်ချက် ပြေးဝင်လာသဖြင့် ရှုယောင်၏မျက်နှာအား ရှုံ့မဲ့သွားစေခဲ့သည်။ ထိုအချိန်မှာပင် ဖုန်းက ထပ်မံမြည်ဟည်းလာပြန် သည်။ ရှုယင်းယင်းသည် စိတ်မရှည်စွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဘာကိစ္စလဲ"

ဟော်ယန် မျက်မှောင်ကြုတ်သွား၏။ ဒါ အချိန်ပိုဆင်းရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ညည်းညူသံများလား။

"ဘာလို့ အဲဒီလောက် ဒေါသထွက်နေတာလဲ၊ မင်းကို ဘယ်သူကများ စိတ်အနှောင့်အယှက် ပေးနေလို့လဲ"

"ရှင်နဲ့မဆိုင်ပါဘူး၊ ပြောစရာရှိတာ မြန်မြန်ပြော"

"ကျွန်တော့်အစ်မ ဂိမ်းရှုံးသွားလို့ဗျာ၊ ယောက်ဖရေ... သူ့ကို နည်းနည်းလောက် နှစ်သိမ့်ပေးလိုက်ပါဦး"

တစ်ဖက်မှ ရှုယောင်က အော်ပြောလိုက်သည်။

ဟော်ယန်မှာ အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သဘောကျစွာရယ်မောမိသည်။

"ရှုံးသွားရင်လည်း ပြန်ကစားလိုက်ပေါ့၊ ဒေါသထွက်နေလို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူး"

"ကိုယ့်ကိစ္စ ကိုယ်ပဲ ဂရုစိုက်စမ်းပါ၊ ပြောစရာရှိရင် ပြော၊ မရှိရင် ဖုန်းချလိုက်တော့"

"နေဦး၊ ကိုယ်ပြောစရာရှိတယ်"

ဟော်ယန်က အလျင်စလိုတားသည်။

"ပြောလေ"

"မနက်ဖြန် မနက် ၈ နာရီ ကိုယ် မင်းကို လာကြိုမယ်၊ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး မင်း ကိုယ်နဲ့အတူ ရှိနေပေးရမယ်"

"ဟေ့... အရမ်းလွန်မ့ာနဲ့နော်၊ ရှင်က နှစ်ရက်စလုံးကို ယူထားတော့ ကျွန်မအတွက် နားချိန်တောင် မရှိတော့ဘူးပေါ့"

ရှုယင်းယင်း အသံတွင် မကျေနပ်မှုများ အထင်းသား ပေါ်လွင်လာသည်။

"ကိုယ် မင်းကို အပိုကြေးပေးပါ့မယ်၊ တစ်ရက်ကို ယွမ် 5 million ဆိုရင်၊ ဘယ်လိုလဲ"

ရှုယင်းယင်း မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွား၏။ အပိုကြေးပေးခြင်းသည် ရက်စက်သော အရင်းရှင်တစ်ယောက်၏ စတိုင်မျိုးမဟုတ်ပေ။ သူ သူမကို အလုပ်တွေပိုခိုင်းဖို့များ ကြံစည်နေတာလား။

"ပိုက်ဆံပိုပေးရင်တောင် အလုပ်တော့ ပိုမလုပ်နိုင်ဘူးနော်"

"ကိုယ်သိပါတယ်၊ မင်းကို အလုပ်ပိုမခိုင်းပါဘူး၊ နိုင်ငံခြားမှာ နှင်းလျှောစီးဖို့ ခေါ်သွားမလို့၊ ပြီးတော့ ကိုယ့်သူငယ်ချင်း တချို့နဲ့လည်း တွေ့ရမယ်"

"ဒါပဲလား"

ရှုယင်းယင်းမှာ အနည်းငယ် သံသယဝင်သွားသည်။

"အင်း၊ ဒါပဲ၊ တခြားဘာမှမရှိဘူး"

[ဝိုး... နှင်းလျှောစီးဖို့လေးများ နိုင်ငံခြားအထိ သွားစရာလား၊ ပြည်တွင်းမှာပဲ ကစားလို့ မရဘူးလား၊ တကယ် ကြွားလွန်းတဲ့ကောင်၊ ဒါပေမဲ့ ငါ ကြိုက်တယ်... ဟီးဟီးဟီး]

[အမလေး... ငါသိသားပဲ ဒါက ဘောစိတွေရဲ့ စတိုင်ဆိုတာ၊ နင့်ရဲ့ စနေ၊ တနင်္ဂနွေ နှင်းလျှောစီးမယ့် အစီအစဉ်တွေ ပျက်သွားတာကို သူက ချက်ချင်းပြန်ဖြည့်ဆည်းပေးတာပဲ၊ မသိတဲ့သူတွေဆိုရင် သူ စိတ်ဖတ်နိုင်တယ်လို့တောင် ထင်သွားဦးမယ်]

[ဟီးဟီး... ဒါက ပလေးဘွိုင်းတွေ မိန်းကလေးတွေကိုမြှူဆွယ်တဲ့ ပုံစံပါပဲ၊ ကြင်နာတတ်လိုက်တာဆိုတာ ချီးလိုပဲ၊ တကယ်သာ ကြင်နာတတ်ရင် ငါ့ကို ဘာမှမလုပ်ခိုင်းဘဲ ပိုက်ဆံပေးမှာပေါ့]

ဟော်ယန် : "......"

"ကျွန်မ တစ်ခုခုပြင်ဆင်ထားဖို့ လိုသေးလား"

"မလိုဘူး၊ ကိုယ် အကုန်ပြင်ဆင်ထားပြီးပြီ၊ မင်း ဘာမှမပါဘဲ လက်ဗလာနဲ့ လာခဲ့လို့ရတယ်"

"ကောင်းပြီလေ၊ ဒါဆို မနက်ဖြန် မနက် ၈ နာရီ၊ အဲဒီနေ့ညက ကားပေါ်ကဆင်းခဲ့တဲ့ နေရာမှာပဲ စောင့်နေမယ်၊ တခြား ဘာရှိသေးလဲ"

"မရှိတော့ဘူး"

"တီ.. တီ.. တီ.."

ဟော်ယန်သည် ဖုန်းကျသွားသော အသံကိုကြားလိုက်ရသောအခါ ခဏမျှကြက်သေသေသွားပြီးနောက် သူမ၏ အကြင်နာကင်းမဲ့မှုကြောင့် ထပ်မံရယ်မောမိပြန်သည်။

မျက်လုံးဖြူမြေခွေးမလေး...

နောက်တစ်နေ့နံနက်တွင် ရှုယင်းယင်း အောက်ထပ်သို့မဆင်းရသေးခင်မှာပင် ဧည့်ခန်းဆီမှ ရယ်မောသံများနှင့် စကား ပြောသံများကို ကြားလိုက်ရသည်။ သူမ အိမ်အကူကို မေးကြည့်လိုက်သောအခါ ဟော်ယန်ရောက်နေကြောင်း သိလိုက်ရ၏။

သူမသည် ပစ္စည်းများအား ကပျာကယာ သိမ်းဆည်းပြီး အောက်ထပ်သို့ အမြန်ဆင်းလာခဲ့ရာ ထိုလူလည်ကြီးသည် သူမ၏ချမ်းသာသော မိဘများနှင့် ပျော်ရွှင်ကြည်နူးစွာ စကားစမြည် ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။

သူမအား မြင်သည်နှင့် သူက အရှက်မရှိစွာဖြင့် ပြုံးရွှင်ကာ ပြောလာသည်။

"ဆောရီးကွာ၊ ကိုယ် မင်းစကားကို နားမထောင်ဘဲ အထဲ၀င်လာခဲ့မိတာ၊ ရောက်တုန်းရောက်ခိုက် မရိုင်းရအောင် မင်းမိဘတွေကို ဝင်နှုတ်ဆက်သင့်တယ်လို့ ထင်လို့လေ"

ရှုယင်းယင်းသည် သူ့ဟန်ဆောင်ကောင်းလွန်းသော အသံကြောင့် ရယ်ချင်စိတ်ကိုထိန်းချုပ်လိုက်ရပြီး ချက်ချင်းပင် အလိုက်သင့် ပြန်သရုပ်ဆောင်သည်။

"သေချာမစဉ်းစားမိတာ ကျွန်မ အမှားပါ၊ အစကတော့ ကျွန်မတို့ ဆက်ဆံရေးကို သေချာအောင်အတည်ပြုပြီးမှ ပါးနဲ့ မားကို သေချာမိတ်ဆက်ပေးမလို့ပဲ၊ ဒါပေမဲ့လည်း ရှင်ရောက်နေပြီဆိုတော့ သူတို့နဲ့ တွေ့ပြီးပြီလို့ပဲ သတ်မှတ်လိုက်တော့"

ထိုသို့ဆိုလျှင် ဟော်ယန်အနေဖြင့် နောင်တွင် သူ့အဘိုးကျင်းပမည့် မည်သည့်ပွဲလမ်းသဘင်ကိုမဆို လာရောက်ရမည်ဖြစ်သဖြင့် သူမအတွက် ငှားရမ်းခလည်း ပိုရမည်ဖြစ် သည်။ ဤစကားကို ကြားသောအခါ ဇနီးမောင်နှံနှစ်ဦးမှာ ဝမ်းသာအားရ ပြုံးရွှင်သွားကြလေသည်။

ကျန်းရှင်းသည် ရှုယင်းယင်းလက်အား အမြန်ဆွဲကိုင်ကာ သူမဘေးတွင် ထိုင်စေလိုက်သည်။

"သမီးတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သဘော ကျကြတာ သိပ်ကောင်းတာပဲ၊ လူကြီးတွေကြောင့် သမီးတို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်လုပ်နေရတာလားလို့ မားက စိတ်ပူနေတာ"

"မဟုတ်ပါဘူး အန်တီ၊ ဘာဒုက္ခမှ မရှိပါဘူး၊ ယင်းယင်းက သိပ်တော်တဲ့မိန်းကလေးပါ၊ သူ့ကို သိခွင့်ရတာ ကျွန်တော့်ရဲ့ ကံကောင်းမှုပဲ"

[အမလေး... ဒီကောင့် သရုပ်ဆောင်စွမ်းရည်ကတော့ အကယ်ဒမီပေးရမယ်၊ သူများအိမ်က အနာဂတ်သမက်လေးကျနေတာပဲ၊ ဟေ့လူကြီး... အဲဒီလိုပိုလုပ်ပြနေလည်း ရှင့်ကို အပိုကြေး လျှော့ပေးမှာမဟုတ်ဘူးနော်]

ကျန်းရှင်း၏အပြုံးသည် ရုတ်တရက် ရပ်တန့်သွားပြီး သူမ လက်များ အနည်းငယ် တုန်ယင်သွားသည်။ ထို့နောက် ဟော်ယန် ဆက်ပြောသည်ကို ကြားလိုက်ရ၏။

"ယင်းယင်းနဲ့ ကျွန်တော်က ခုမှ စသိကြတာဆိုတော့ တစ်ယောက်ကိုတစ်ယောက် ပိုသိလာအောင် အချိန်ပိုပေးသွားပါမယ်၊ စိတ်မပူပါနဲ့ အန်တီ၊ ကျွန်တော် ယင်းယင်းကို စိတ်ပျက်အောင် ဘယ်တော့မှမလုပ်ပါဘူး"

ကျန်းရှင်းသည် ခါးသက်သက် ပြုံးလိုက်မိသည်။ ဘုရားရေ... နင်တို့နှစ်ယောက်က တကယ်ပဲ အပေးအယူလုပ်ပြီး ဟန်ဆောင်နေကြတာဆိုရင်တောင် နှစ်ယောက်စလုံးတော် တော်လေး ပီပြင်အောင် ကြိုးစားနေကြတာပဲ၊ အား... ငါ့နှလုံးသားလေး...

ကျန်းရှင်းသည် ရှုယန်ဝမ်အား မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ရာ သူက အမြန်ဝင်ပြောလာသည်။

"အဆက်အသွယ်ပိုလုပ်တာ ကောင်းတဲ့ကိစ္စပဲ၊ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိတာက ပိုအဆင်ပြေပြေနေနိုင်ဖို့ ကူညီပေးလိမ့်မယ်၊ ဦးလေးတို့ကတော့ သဘောထားကြီးပါတယ်၊ ကိုယ့်အတွက် အဆင်မပြေဘူးလို့ထင်ရင် အတင်း အကျပ် ရှေ့ဆက်မလုပ်ပါနဲ့၊ မိဘတွေအတွက်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားပေး စဉ်းစားစရာမလိုဘူး၊ လူတစ်ယောက်ကို သဘောကျရင်တွဲမယ်၊ မကျရင် အချိန်မီလက်လွှတ်လိုက် ပါ၊ သမီးတို့ကို ပါးတို့ ဘယ်တော့မှ အတင်းအကျပ်မလုပ်ဘူး၊ အိမ်ထောင်ရေးဆိုတာ ကစားစရာမဟုတ်ဘူး၊ ဒါကြောင့် သေချာဂရုစိုက်ရမယ်၊ နားလည်လား ယင်းယင်း"

"ဟုတ်ကဲ့၊ သမီး နားလည်ပါတယ်၊ ပါးစကားကို သမီး သေချာပေါက် မှတ်ထားပါ့မယ်"

[ပါးတို့ သမီးကို အတင်းအကျပ်မလုပ်ဘူးဆိုတာ ငါ သိသားပဲ၊ အရမ်းပျော်တာပဲ]

[ငါတောင် နင့်မိဘတွေရဲ့ သားသမီးဖြစ်ချင်လာပြီ၊ အဲဒီလို မိဘမျိုးက တကယ် မိုက်တာပဲ]

"အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် ဦးလေး၊ ကျွန်တော် မှတ်ထားပါ့မယ်"

"ဒါဆို သမီးတို့ သွားလိုက်ပါဦးမယ်၊ သွားပြီနော် ပါးနဲ့ မား"

ရှုယင်းယင်းသည် ဟော်ယန်၏အင်္ကျီလက်ကို ဆွဲကာ အိမ်အပြင်သို့ ခေါ်ထုတ်လာသည်။ ထိုနှစ်ယောက် ထွက်သွားသည်ကိုကြည့်ပြီးနောက် ကျန်းရှင်းသည် တုံ့ဆိုင်းဆိုင်းဖြင့် ပြောသည်။

"အားယန်က ယင်းယင်းရဲ့အတွေးတွေကို ကြားနိုင်ရမှာပေါ့၊ ဒါပေမဲ့ သူက သရုပ်ဆောင်နေပုံလည်းမပေါ်ဘူး၊ ကိုယ် သိပ်နားမလည်တော့ဘူး မိန်းမရယ်"

"နားမလည်ရင်လည်း နေပါစေ၊ ကျွန်မတို့ရပ်တည်ချက်ကိုလည်း ပြောပြီးပြီပဲ သူတို့က တကယ်ပဲဖြစ်ဖြစ်၊ ပူးပေါင်းဆောင်ရွက်နေတာပဲဖြစ်ဖြစ် ကျွန်မတို့ရည်ရွယ်ချက်က ယင်းယင်း မတရားမခံရဖို့ပဲ၊ အားယန်က စရိုက်ကောင်းတဲ့ လူကောင်းတစ်ယောက်ပါ၊ ယင်းယင်းလည်း အရမ်းဉာဏ် ကောင်းတော့ သူမဘာသာ သေချာဖြေရှင်းနိုင်မှာပါ၊ ကျွန်မတို့က သူ့ကို ယုံကြည်ပေးဖို့ပဲ လိုတာ"

"အခုချိန်မှာ ယင်းယင်းရဲ့ အိမ်ထောင်ရေးထက် ပိုအရေးကြီးတာက ကျိုးရှင်းရီရဲ့ အကြံအစည်ကို လုံးဝဖျက်ဆီးပစ်ပြီး သူတို့ကို ဝန်ခံလာအောင်နဲ့ ဥပဒေအရအရေးယူခံရအောင် လုပ်ဖို့ပဲ၊ မဟုတ်ရင် ငါတို့မိသားစုရဲ့ အကျပ်အတည်းက ဆက်ရှိနေဦးမှာ၊ ယင်းယင်း ဟော်ယန်နဲ့ အတူရှိနေတာ ကောင်းတယ်၊ သူ့ကို ကာကွယ်ပေးမယ့်သူရှိတော့ ကိုယ်တို့ ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတာပေါ့"

"ဟုတ်တယ် ဟုတ်တယ်၊ ကျိုးရှင်းရီရဲ့အမြစ်ကို လုံးဝဖြတ်ပစ်နိုင်မှ ကျွန်မတို့မိသားစု စိတ်အေးလက်အေးနေရမှာ"

All Chapters