အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
🍁 Chapter 109
ရှုယင်းယင်း အိမ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဟော်ယန့် အင်္ကျီလက်ကို ရုတ်တရက် လွှတ်ချလိုက်ပြီး ဒေါသတကြီး ပြောသည်။
"ရှင့်ကို ဘယ်သူက အိမ်ထဲဝင်ခိုင်းလို့လဲ၊ ရှင့်ကို မလိုဘူးလို့ ကျွန်မ မပြောခဲ့ဘူးလား"
"ကိုယ်လည်း မဝင်ချင်ပါဘူး၊ ဒါပေမဲ့ ဦးလေးက မနက်ခင်း အပြေးကျင့်ရာကနေ အပြန်နဲ့တိုးသွားလို့ မနှုတ်ဆက်ရင် မကောင်းတတ်လို့ပါ"
ဟော်ယန် မျက်တောင်မခတ်ဘဲလိမ်ပြောလိုက်သည်။ ရှုယင်းယင်း သူ့ မျက်လုံးကျဉ်းကာ ကြည့်လိုက်သည်။
"တကယ်ပဲ တိုက်ဆိုင်သွားတာလား"
[ရှောင်ချီ... သူ လိမ်နေတာမှတ်လား]
ဟော်ယန်၏ ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားသည်။ ဒုက္ခပဲ၊ သူမမှာ ကြံရာပါတစ်ယောက်ရှိနေတာကို သူ မေ့သွားတယ်၊
ထိုစဉ်စနစ်က ယုံကြည်မှုရှိစွာဖြင့်ဖြေလိုက်သည်။
[မဟုတ်ဘူး၊ သူ တကယ်ကြီး တိုက်ဆိုင်သွားတာ]
သူ့စိတ်ထဲတွင်လည်း ဤစုံတွဲကို သဘောကျနေမိပြီဖြစ်ရာ ငြင်းဆန်စရာအကြောင်းမရှိပေ။ ဟော်ယန်သည် ဤစနစ်မှာ ထိုမျှအထိ ပူးပေါင်းဆောင်ရွက်တတ်လိမ့်မည်ဟု တွေးမထားခဲ့ပေ။ သူ လျှို့ဝှက်စွာ ဝမ်းသာသွား၏။
"အင်း... တိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲ"
ရှုယင်းယင်း မျက်နှာထားတင်းတင်းဖြင့် သတိပေးလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ကို ကျွန်မ ပိုက်ဆံမပေးဘူးနော်၊ အဲဒါ ကျွန်မ တောင်းဆိုတာ မဟုတ်ဘူး"
ဟော်ယန် ရယ်မောလိုက်ပြီး "မင်းပိုက်ဆံကို ကိုယ် မယူပါဘူး၊ မင်း ပေးမယ်ဆိုရင်တောင် မယူဘူး၊ ကိုယ်က အရမ်းသဘောထားကြီးတာ"
ရှုယင်းယင်း နှာခေါင်းရှုံ့လိုက်ပြီး သူ့ကားဆီသို့ တည့်တည့်လျှောက်သွားသည်။ ဟော်ယန့် အပြုံးသည် တဖြည်းဖြည်း ကြီးမားလာပြီး သူ၏အမြဲတမ်း တည်ငြိမ်နေတတ်သော နှလုံးသားသည် ရေပြင်ပေါ်သို့ ကျောက်ခဲတစ်လုံးပစ်ချခံလိုက်ရသည့်အလား ဂယက်ထ လှုပ်ခတ်သွားသည်။
ဟော်ယန် လေဆိပ်သို့သွားရာလမ်းတွင် သူ့ သူငယ်ချင်းများကို ကြိုတင်မိတ်ဆက်ပေးထားသည်။
"ခဏနေရင် ကိုယ်တို့နဲ့အတူ သွားမယ့် သူငယ်ချင်း သုံးယောက်ပါမယ်၊ ဆံပင်နည်းနည်းကောက်ကောက်နဲ့ ပြုံးလိုက်ရင် ပါးချိုင့်လေးပေါ်တဲ့တစ်ယောက်က ဝမ်ရွှမ်း၊ နောက်တစ်ယောက်က မိန်းမရှုပ်မယ့်ရုပ်နဲ့သူက ဟဲ့ယန်၊ ပြီးတော့ နောက် ဆုံးတစ်ယောက်က ပညာတတ် ရုပ်နဲ့သပ်သပ်ရပ်ရပ်လေး သူ့နာမည်က ကျီခိုင်"
"ရှင့် သူငယ်ချင်းတွေကို ကျွန်မနဲ့ လူချင်းတွေ့မှ မိတ်ဆက်ပေးသင့်တာ မဟုတ်ဘူးလား၊ အခုလို ကြိုပြောထားတော့ ကျွန်မ ဘယ်လိုလုပ်မှတ်မိမှာလဲ၊ ကျွန်မ မှားခေါ်မိရင် ဘယ်လိုလုပ်မလဲ၊ လူတွေက ကျွန်မကို ရိုင်းတယ်လို့ မထင်သွားဘူးလား"
"သူတို့နဲ့တွေ့တဲ့အခါကျရင် ကိုယ် မင်းကို ထပ်မိတ်ဆက်ပေးမှာပါ၊ အခုကတည်းက မှတ်ထားစရာ မလိုဘူး"
သူ လူချင်းတွေ့မှ မိတ်ဆက်ပေးသင့်သည်ကို သိသော်လည်း ကျီခိုင်၏အတင်းအဖျင်းများအား ကြိုတင်၍ ခိုးနားထောင်ချင်သောကြောင့် ဤသို့ လုပ်ရခြင်းဖြစ်သည်။
"အဲဒါဆိုလည်း တော်သေးတာပေါ့"
ရှုယင်းယင်း သက်ပြင်းချလိုက်သည်။
[ရှောင်ချီ... ခုနက သူ ကျီခိုင်ဆိုတဲ့ နာမည်ကို ပြောလိုက်တာလား၊ အဲဒါ မြင်းခြံမှာ ငါတို့တွေ့ခဲ့တဲ့ ငနာမဟုတ်လား]
[ဟုတ်တယ်၊ အထက်တန်းလွှာ အသိုင်းအဝိုင်းဆိုတာ အဲဒီလောက်လေးတင် ရှိတာလေ]
[စကားမစပ်... သူ ယောင်္ကျားလေးလိုဝတ်ထားတဲ့ သူ့ရဲ့ အမြွှာအစ်မကို ရှာတွေ့သွားပြီလား]
ဟော်ယန် မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ ကျီခိုင်သည် ယောင်္ကျားလေးလိုဝတ်ထားသည်ဟု ပြောစဉ်က တစ်ခုခုကို ဖုံးကွယ်ထားကြောင်း သူ ရိပ်မိခဲ့သည်။ တကယ်ကို သူထင်တာမှန်တာပဲ။
[ရှာတွေ့သွားပြီ၊ ဒါပေမဲ့ အစ်မဖြစ်သူက သူ့ကို မတွေ့ချင်ဘူး၊ ဘာလို့လဲဆိုတော့ ညီမဖြစ်သူက သူ့ထက်အရင်လက် ဦးမှုရယူပြီး ကျီခိုင်ကို ဘယ်လောက်ချစ်ကြောင်းနဲ့ ကျီခိုင်မရှိဘဲ မနေနိုင်ကြောင်းတွေ ငိုယိုပြီးသွားပြောလိုက်လို့လေ၊ သူမက အရမ်းသနားစရာကောင်းအောင် ငိုပြလိုက်တော့ အစ်မဖြစ်သူရဲ့ ရင်ထဲမှာကျန်နေသေးတဲ့ လှိုင်းဂယက်လေးတွေတောင် လုံးဝငြိမ်းသက်သွားပြီး ကျီခိုင်အပေါ် ခံစားချက်ရှိနေမိတဲ့ သူ့ကိုယ် သူတောင် အပြစ်တင်နေမိတာ]
[ငါ နင့်ကို ဘာပြောခဲ့လဲ၊ ညီမဖြစ်သူက တကယ့်ကို စိတ်ထားကောက်ကျစ်တဲ့ ကြာဖြူမလေးလို့လေ၊ သူ့အစ်မကို ယောက်ျားလေးလို ဝတ်ခိုင်းပြီး ကျီခိုင်ကို မြူဆွယ်ဖို့ သွေးထိုးပေးခဲ့တာတင် လုံလောက်အောင် ယုတ်မာနေပြီကို၊ အခု သူ့အစ်မရဲ့ ခံစားချက်တွေကို သိသွားတော့လည်း ပြဿနာထပ်ရှာပြန်ပြီ၊ သူက ငါ မရရင် ဖျက်ဆီးပစ်မယ်ဆိုတာမျိုးပဲ မဟုတ်လား]
[ဟူး... အဲ့အရူးက သူတို့ကို မယှဉ်နိုင်ဘူး၊ ညီမဖြစ်သူရဲ့ ကောက်ကျစ်မှုက တကယ်ကိုအဆင့်မြင့်တယ်၊ အစ်မဖြစ်သူက ညီမအပေါ် အပြစ်ရှိသလို ခံစားနေရပြီ၊ အခု ကျီခိုင်လည်း မရှိတော့ ညီမဖြစ်သူရဲ့ဖျော်ဖြေရေးလောကက လမ်းကြောင်းက ပိုခက်ခဲသွားပြီလေ၊ အစ်မဖြစ်သူကတော့ အမြင့်ကိုပျံသန်းနေပြီး ရနိုင်သမျှဆုတွေ ဂုဏ်ပြုမှုတွေ အကုန်ရနေတော့ ဘဝရဲ့ တကယ့်အနိုင်ရသူလေ]
[ညီမဖြစ်သူက မနာလိုလွန်းလို့ ရူးမတတ်ဖြစ်နေတာ၊ ဖျော် ဖြေရေးလောကထဲကို ဝင်ဖို့လုပ်တာ သူ့ကို ဘာလို့မတားခဲ့တာလဲဆိုပြီး သူ့အစ်မကိုတောင် အပြစ်တင်နေသေးတယ်၊ သူသာ အကသမားဖြစ်ခဲ့ရင် သူ့ရဲ့အောင်မြင်မှုက အစ်မဖြစ်သူထက် လျော့မှာမဟုတ်ဘူးတဲ့]
[အိုမိုင်းဂေါ့... သူ ဘယ်လိုလုပ် အဲဒီလောက်တောင် အရှက်မရှိရတာလဲ၊ သူ့အစ်မက သူ့အပေါ် အရမ်းကောင်းခဲ့တာကို၊ သူ့အတွက်ဆိုပြီး သိက္ခာတွေကိုတောင် စွန့်လွှတ်ပြီး ကျီခိုင်ကိုလိမ်ညာပေးခဲ့တာလေ၊ ညီမဖြစ်သူက အရမ်းလောဘကြီးတာပဲ၊ ကျီခိုင်က ဘယ်လိုလုပ် အဲဒီလိုလူမျိုးကို သွားပတ် သက်မိတာလဲ၊ စုန့်ချင်းလိုကြာပန်းဖြူမမျိုးကို ဟော်ယန်လို လက်ဖက်စိမ်းကောင်မျိုးနဲ့ ပေးတွေ့ရမှာ]
ဟော်ယန်သည် အံ့ကြိတ်မိသွားသည်။ မင်းကို ပိုက်ဆံပေးတဲ့သူက ဘယ်သူလဲ ??
[နေဦး... ဟော်ယန်က စုန့်ချင်းကိုသွားပြီး တာ၀န်ယူပေးလိုက်ရင်ရော၊ အဲ့လိုဆို ကျီခိုင်နဲ့ သူ့အစ်မရဲ့အချစ်စစ်အတွက် နေရာဖယ်ပေးသလို ဖြစ်မသွားဘူးလား]
ဟော်ယန် : "..."
မင်းက ကျီခိုင်အတွက်ပဲ အရမ်းစဉ်းစားပေးတာပဲ။
သူသည် သူမအား လှည့်မကြည့်ဘဲ မနေနိုင်အောင်ဖြစ်သွားရသည်။ ရှုယင်းယင်းသည် အတင်းအဖျင်းများထဲတွင် နစ်မြုပ်နေသဖြင့် သူ့အား မမြင်သော်လည်း စနစ်ကမြင်လိုက်၏။
ကျွတ် ကျွတ်... အဲ့ဝမ်းနည်းနေတဲ့ မျက်လုံးလေးကိုကြည့်စမ်း၊ သူက ကျီခိုင်အတွက် ဒေါသထွက်ပေးနေတာကိုများ သဝန်တိုနေတာလား...
[ဟေ့၊ နင်သိလား... ဒီအကြံက တော်တော်လေးကောင်းတယ်၊ ဟော်ယန်ရဲ့ပိုင်ဆိုင်မှုက ကျီခိုင်ထက် အများကြီးသာတာပေါ့၊ သူ ပေါ်လာတာနဲ့ စုန့်ချင်းက သူ့ဆီ ချက်ချင်းခုန်အုပ်မယ်ဆိုတာ ငါ အာမခံတယ်]
ပွဲကောင်းတစ်ပွဲအား ဘယ်တော့မှ လက်လွတ်မခံတတ်သော စနစ်ကလည်း မီးလောင်ရာလေပင့်ပေးသည်။
ဟော်ယန် : ဒီစနစ်ကို အလိုက်သိတယ်ဆိုပြီး ငါပြောထားတဲ့စကားကို ပြန်ရုပ်သိမ်းတယ်
[နင်လည်း အဲ့လိုထင်တယ်မလား၊ အဲဒါဆိုရင် ခဏနေအခွင့် အရေးရှာပြီး သူ့ကို သတိပေးလိုက်မယ်၊ လူတစ်ယောက် သေတော့မလို ဖြစ်နေတာကို လက်ပိုက်ကြည့်နေတာ ငါ့စတိုင် မဟုတ်ဘူး]
ဟော်ယန် မကျေမနပ်ဖြင့် အသံထွက် ရယ်မောလိုက်ရာ ရှုယင်းယင်းမှာ သူ့အား သံသယမျက်လုံးဖြင့် ကြည့်လာသည်ကို သတိထားမိမှ သူ့ကိုယ်သူပြန်ထိန်းရသည်။ ငါက ဘာကို ဒီလောက်တောင် ဒေါသထွက်နေရတာလဲ...
"ရှင် ဘာဖြစ်နေတာလဲ"
"လည်ချောင်းနာနေလို့"
ဟော်ယန်သည် လည်ချောင်းနာ ဟန်ဆောင်ကာ လည်ချောင်းရှင်းလိုက်သည်။
"ရှင်အအေးမိတာ ကျွန်မကို ကူးရင် အလုပ်ခွင်ထိခိုက်ဒဏ် ရာရမှုလို့ သတ်မှတ်မှာနော်"
"ကိုယ် အဆင်ပြေပါတယ်၊ မင်း အအေးမမိပါဘူး"
ဟော်ယန် ဒေါသထွက်သွားသည်။ ဒီကောင်မလေးက တကယ် ပိုက်ဆံမက်တဲ့သူပဲ ဖြစ်ရမယ်။
ကားသည် လေဆိပ်သို့ အလျင်အမြန် ရောက်ရှိသွားရာ VVIP လေယာဉ်မယ်တစ်ဦးက သူတို့အား ဂရုတစိုက် ဆီးကြိုပြီး သီးသန့်ဂျက်လေယာဉ် နားနေခန်းသို့ တိုက်ရိုက်ခေါ်ဆောင် သွားကာ အဆင့်မြင့်အချိုပွဲများနှင့် အချိုရည်များကို တစ်ခုပြီးတစ်ခု တည်ခင်းဧည့်ခံသည်။
ရှုယင်းယင်းမှာ အလွန်အံ့သြသွားသော်လည်း လေယာဉ်မယ်အားလုံးထွက်သွားသည်အထိ တည်ငြိမ်သော အမူအရာအား ထိန်းသိမ်းထားပြီးနောက်မှသာ စိတ်လှုပ်ရှားစွာဖြင့် အော် ဟစ်တော့သည်။
[ဟော်ခွေးကောင်မှာ ကိုယ်ပိုင်ဂျက်လေယာဉ်ရှိမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး၊ ချမ်းသာတဲ့သူတွေက တကယ်ပဲ သူတို့ပျံသန်းချင်တဲ့အချိန် ပျံသန်းလို့ရတာပဲကိုး၊ ကျစ် ကျစ် ကျစ်... အဲဒီ ဆိုးယုတ်တဲ့ အရင်းရှင်တွေကတော့..]
[နင့်ဘဏ်အကောင့်ထဲက ပိုက်ဆံတွေနဲ့ဆို လေယာဉ်တစ်စင်းဝယ်ဖို့တောင် ပိုနေသေးတာပဲဟာ၊ ငါတို့လည်း တစ်စင်းလောက် မဝယ်ကြဘူးလား၊ သွားချင်တဲ့နေရာရှိရင် လေကြောင်းလိုင်း လျှောက်ထားလိုက်ရုံပဲလေ]
[အာ... ဘယ်ဖြစ်ပါ့မလဲ၊ ဝယ်ဖို့ ပိုက်ဆံရှိတယ်ဆိုဦးတော့ ပြုပြင်ထိန်းသိမ်းစရိတ်က ဘယ်လိုလုပ်မလဲ၊ လေယာဉ်ဆိုတာ သောက်ရမ်းကို ကုန်ကျစရိတ်ကြီးတဲ့အရာတွေ၊ ငါတော့ မတတ်နိုင်ပါဘူးဟယ်]
[ပြီးတော့ ငါ့ကိုတွေ့ချင်တဲ့ အမျိုးသမီးတွေကနောက်နှစ်နှစ်အထိတောင် အချိန်ဇယားတွေ ကြိုဘွတ်ကင်လုပ်ထားကြတာ၊ သူတို့ဘယ်သွားမလဲဆိုတာ ငါ ပူစရာမလိုဘူး၊ သူတို့နောက် လိုက်သွားရုံပဲ၊ ဒါပေမဲ့ သူတို့ ငါ့ဆီက ဘာကိုများ အဲဒီလောက် သဘောကျနေကြတာလဲ၊ အားလုံးက အရမ်းကို တက်ကြွနေကြတာ၊ ငါတော့ မခံနိုင်တော့ဘူး]
[ဂရုစိုက်မနေစမ်းပါနဲ့၊ ကိုယ့်ကို သဘောကျတဲ့သူရှိတာ အမြဲတမ်းကောင်းတာပဲလေ]
[အင်းပါ...]
ရှုယင်းယင်းသည် တံခါးဝဆီသို့ ငေးကြည့်လျက် တီးတိုး ရေရွတ်လိုက်၏။
[ဟိုကောင်ကျီခိုင်စုတ်က ဘာလို့ မရောက်သေးတာပါလိမ့်]
ဟော်ယန်သည် သူကိုယ်တိုင် ငွေအကုန်အကျခံ ငှားရမ်းထားရသူမှာ အခြားယောက်ျားတစ်ယောက်အပေါ် ဤမျှအာရုံ စိုက်နေသည်အားတွေ့လိုက်ရချိန် အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ စိတ်အလိုမကျဖြစ်သွားရသည်။
သူ ပြဇာတ်အား ထိုင်ကြည့်ချင်ဇောဖြင့် သူကိုယ်တိုင်ပင် ပူလောင်နေရကာ ဤခရီးစဉ်သို့ ကျီခိုင်အား ခေါ်လာမိသည်ကိုပင် နောင်တရသွားမိသည်။ ထိုစဉ် တံခါးဝဆီမှ ခြေသံများနှင့်အတူ ရယ်မောသံများလည်း ရောယှက်ကာ ထွက်ပေါ်လာ၏။
【သူ ရောက်နေပြီလား】
【လာပြီ လာပြီ】
ရှုယင်းယင်း ချက်ချင်းမတ်မတ်ထိုင်လိုက်ပြီး သူမ၏ အဝတ် အစားများအား သပ်ရပ်သွားစေရန်ဆွဲဆန့်လိုက်ကာ ပခုံးအထိရှည်သော ဆံပင်နုနုလေးများအား သူမလက်ဖြင့် ပေါ့ပေါ့ပါးပါး သပ်တင်လိုက်သည်။
တစ်ယောက်သောသူသည်တော့ ထပ်ပြီး မပျော်မရွှင်ဖြစ်သွားရပြန်သည်။ သူ့ကို စတွေ့တုန်းကကျတော့ သူမ ဘာကြောင့် ဒီလောက်တောင် လေးလေးနက်နက်မရှိခဲ့ရတာလဲ....
🍁 Chapter 110
ဟဲ့ယန်သည် တံခါးအား ဦးစွာတွန်းဖွင့်လိုက်ရာ ရှုယင်းယင်း ၏ဖမ်းစားနိုင်လွန်းသော အပြုံးချိုချိုနှင့် ချက်ချင်းဆုံမိသွားပြီး ထိုအပြုံးနောက်ကွယ်ရှိ ဟော်ယန့် မည်းမှောင်နေသော မျက်နှာချောချောကိုပါ တစ်ဆက်တည်း မြင်လိုက်ရသည်။ အမျိုးသမီးကလပ်များသို့ မကြာခဏ သွားလေ့ရှိသော ပလေးဘွိုင်ဟဲ့ယန်မှာ သူမ၏ဟန်ဆောင်မှုအား ချက်ချင်း ရိပ်မိသွားသည်။ ဒီကောင်မလေး သူ့ကို ကြွေသွားပြီပဲ။
"ဟိုင်း... မရီး၊ ကျွန်တော်က ဟဲ့ယန်ပါ"
"မင်္ဂလာပါ၊ ရှုယင်းယင်းလို့ခေါ်ပါတယ်"
ထိုနှစ်ယောက် လက်ဆွဲနှုတ်ဆက်ကာ ယဉ်ကျေးစွာနှုတ် ခွန်းဆက်သလိုက်ကြသည်။ ဟဲ့ယန့်အနောက်မှ ကပ်ပါလာသူမှာ ဝမ်ရွှမ်းဖြစ်ပြီး ထို့နောက်တွင်တော့ အနည်းငယ်နေရခက်နေပုံပေါ်သော မျက်နှာထားဖြင့် ကျီခိုင် ရပ်နေသည်။
"အစ်ကိုယန် ခင်ဗျားအကြောင်းခဏခဏပြောတာ ကြားဖူးပါတယ်၊ ဒီနေ့ အပြင်မှာတွေ့ရတာ တကယ်ကို လှတာပဲ၊ မင်္ဂလာပါ မရီး"
ဝမ်ရွှမ်းက ပြုံးကာ သူမလက်ကိုဆွဲ၍နှုတ်ဆက်သည်။
"မင်္ဂလာပါ၊ မင်္ဂလာပါရှင်"
ရှုယင်းယင်းသည် ကျီခိုင်အား ကြည့်ကာ ရုတ်တရက် အံ့သြသွားဟန်ဆောင်လိုက်သည်။
"အယ်... ကျွန်မတို့ တစ်နေရာရာမှာ တွေ့ဖူးကြတယ်မလားဟင်"
[ထင်တဲ့အတိုင်းပဲ၊ အဲဒီ ငနာလေး ကျီခိုင်ပါလား။]
ဟဲ့ယန်နှင့် ဝမ်ရွှမ်းတို့ နှစ်ဦးစလုံး တစ်ပြိုင်တည်းတုန်လှုပ်သွားကြသည်။ သူတို့မရီးမှာ နှုတ်ခမ်းပင်မဟရသေးသော်လည်း ထိုအသံကထွက်ပေါ်လာသည်။
သူတို့နှစ်ဦးမှာ မသိစိတ်အရ ကျန်နှစ်ဦးထံသို့ အကဲခတ်ရန် လှမ်းကြည့်လိုက်မိကြရာ ထိုသူနှစ်ယောက်မှာ ဤအခြေ အနေကို ကောင်းစွာလက်ခံထားပုံရသဖြင့် သူတို့လည်း ထိတ်လန့်မှုအား အတတ်နိုင်ဆုံးထိန်းချုပ်လိုက်ကြသည်။
ဒါပေမဲ့ ငနာလေး ကျီခိုင်ဆိုတာ ဘာကြီးလဲ၊ ကျီခိုင်ကို ပြောတာလား ?
ထိုမေးခွန်း ခေါင်းထဲပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနှစ်ယောက်သည် ကျီခိုင်ကိုပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။
ကျီခိုင်မှာမူ ရင်ထဲတွင် သည်းခြေပျက်မတတ် ခါးသီးနေ သည်။ နောက်ဆုံးတော့ ဒီနေ့ရောက်လာခဲ့ပြီပေါ့ QAQ
သူ အားတင်းပြုံးလိုက်ပြီး "ပြီးခဲ့တဲ့တစ်ခေါက် ယန်ယီယီရဲ့ မြင်းခြံမှာ ကျွန်တော်တို့ ခဏလေးဆုံဖူးကြတာပါ"
"အာ... ဟုတ်သားပဲ၊ ဟုတ်တယ်၊ အခုမှ ကျွန်မ မှတ်မိတော့တယ်၊ ဒါနဲ့... ဘာလို့ ရှင့်ကောင်မလေးကို ခေါ်မလာတာလဲ၊ ကျွန်မ နာမည်ကြီးစတားဆီကနေ လက်မှတ်လေး ဘာလေး တောင်းချင်လို့ကို"
ကျီခိုင်နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားရသည်။ သူ စုန့်ချင်း၏အကြံအစည်အား ဖော်ထုတ်ရန် ကူညီပေးခဲ့သော ရှုယင်းယင်းအား ကျေးဇူးတင်မိသော်လည်း သူ့ ရှက်ဖွယ်ကောင်းသောအတိတ်ကို လူပုံအလယ်တွင် ဖော်ထုတ်ခံရခြင်းအတွက် စိတ်ပျက်မှုကိုတော့မလျော့ကျစေခဲ့ပေ။
"စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့ ကျွန်တော်တို့ လမ်းခွဲလိုက်ကြပါပြီ"
"တကယ် နှမြောစရာပဲ၊ စိတ်မကောင်းပါဘူးရှင်"
[နင် သူ့ကို လမ်းခွဲခဲ့သင့်တာ ကြာလှပြီ၊ စုန့်ချင်းက နင့်ကို အရမ်းလွယ်လွယ်လေး ကြိုးကိုင်ခြယ်လှယ်သွားတာ၊ သူက နင့်ကို ကြိုးကိုင်ရုံတင်မကဘူး၊ နင့်ရဲ့ တကယ့်ချစ်ရသူလေးကိုပါ ကိုယ်ကျင့်တရားအရအကျပ်ကိုင်ပြီး နင့်ကို သူ ဘယ် လောက်ချစ်ကြောင်း နေ့တိုင်း သူ့အစ်မဆီသွားငိုပြတာတို့ အရက်တွေသောက်တာတို့လုပ်ပြနေပြီ၊ သူ အဲဒီလို လုပ်လေလေ သူ့အစ်မက နင့်အနားကနေ ပိုဝေးဝေးကိုထွက်သွားချင်လေလေပဲ၊ ကျစ်... သနားစရာကောင်းလိုက်တာဟယ်]
ကျီခိုင် ခြေထောက်များမှာ ရုတ်တရက် အားအင်ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျမတတ် ယိုင်နဲ့သွားသည်။
စုန့်ချင်းက ရှောင်ရွှမ်းဆီကို တကယ်ကြီးသွားငိုပြခဲ့တာလား၊ သူ ဘယ်လိုလုပ် ဒီလောက်တောင် အရှက်မရှိရတာလဲ။
ကျီခိုင်သည် အမြန်ပင် စိတ်ကိုတည်ငြိမ်အားထားလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဝန်ခံလိုက်သည်။
"နောင်တရတယ်လို့တော့ မဟုတ်ပါဘူး၊ တကယ်တော့ ကျွန်တော်က သူ့အမြွှာအစ်မကို အရင်သဘောကျခဲ့တာပါ"
ဤကဲ့သို့ ဟန်ဆောင်မှုဖြင့် စိတ်နှိပ်စက်ခံရမည်ထက်စာလျှင် လူယုတ်မာတစ်ယောက်အဖြစ် အမြင်ခံလိုက်မည်ဟုသာ သူ ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် ရှုယင်းယင်း သူ့အား ဒေါသတကြီး ပြစ်တင်ရှုတ်ချလာသောအခါ သူ မသိသေးသော အသေးစိတ်အချက်အလက်များကို ပိုမိုထုတ်ဖော်လာနိုင်ပြီး ရှောင်ရွှမ်းကို ပြန်လည်ခြေရာခံရန် ပိုလွယ်ကူသွားစေရန် မျှော်လင့်မိသည်။
"ဘာကြီး"
ဘာမှမသိရှာသော လူနှစ်ယောက်မှာ အံ့သြတကြီး ရေရွတ်မိကြသည်။
ဝိုး... ဒါက တကယ်ကို မိုက်တာပဲ၊ ချမ်းသာတဲ့ သခင်လေးနဲ့ အမြွှာအလှလေးနှစ်ယောက်၊ မင်း တကယ်ကို ကစားတတ်တာပဲ။
"ယောက်ျားတွေ နည်းနည်းပုံမှန်မဟုတ်တတ်တာ ပုံမှန်ပါပဲ၊ ကျွန်မ နားလည်ပါတယ်"
ရှုယင်းယင်း မတုန့်ဆိုင်းစွာ ဖြေလာသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငနာလေးပဲလေ၊ သူ့ဆီကနေ ဘာများ မျှော်လင့်လို့ရမှာလဲ၊ ဘာမှမသိရှာသော နှစ်ယောက်သည်တော့ ရှုယင်းယင်း ၏သဘောထားကြီးမှုကြောင့် ချက်ချင်းလေးစားသွားကြသည်။
သူတို့သည် ဟော်ယန်အား တိတ်တဆိတ် လက်မထောင်ပြလိုက်ကြပြီး ခပ်တိုးတိုးဖြင့် "အစ်ကိုယန်က မျက်စိစူးရှတာပဲ၊ မရီးက အမိုက်ဆုံးပဲ"
ဟော်ယန် : "..."
[အမလေး... သူလေးက ငနာလေးကျီခိုင်ပါလား၊ အခုချိန်ထိ နင်က သူ့ကို ဘာလို့ ကာကွယ်ပေးနေရတာလဲ၊ သူက နင်နဲ့ သူ့အစ်မကို အတူတူမရှိစေချင်ရုံသက်သက်ပဲလေ၊ နင်တို့နှစ်ယောက်ရဲ့ အပြန်အလှန်ဆက်ဆံရေးကို သူက မနာလိုလွန်းလို့ ရူးမတတ်ဖြစ်နေတာ၊ အလုပ်ကထွက်ပြီး အချိန်ရှိသရွေ့ သူ့အစ်မဆီမှာ သွားငိုနေတာက သူ့အစ်မ တရုတ်ပြည်ကနေ အမြန်ဆုံးထွက်သွားပြီး နင့်ကို ဘယ်တော့မှ ပြန်မတွေ့ရ အောင်လို့ လုပ်တာပဲလေ]
ကျီခိုင် ယိုင်နဲ့သွားသည်။ ရှောင်ရွှမ်းကသာ သူ့အားလမ်းခွဲဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားလျှင် သူ သူမအားဘယ် တော့မှ ပြန်တွေ့ရတော့မည်မဟုတ်ပေ။ သူ ဘာလုပ်ရမလဲ...
"ဒါကလည်း ကျွန်တော် သေချာမကိုင်တွယ်နိုင်ခဲ့တဲ့ ကျွန်တော့်အမှားပါ၊ ကျွန်တော်သာ သူ့ကို စောစောစီးစီးပြောခဲ့ရင် သူ နာကျင်ရမှာ မဟုတ်ဘူး"
[ဘုရားရေ... နင်က ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရတာ ကြိုက်တဲ့သူလား၊ နင်က သူ့ကို တမင်သက်သက် အခွင့်အရေးယူဖို့ ကြိုးစားနေတာပဲ၊ သူက နင့်ကို ဂေးဖြစ်အောင်လုပ်တော့မလို့ဟာကို၊ သူ့အတွက် နင် အပြစ်ရှိသလို ခံစားနေစရာမလိုဘူး]
ဘေးမှ ကြည့်နေသူများမှာ ဆွံ့အသွားကြသည်။ ဘာကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာလဲ၊ ဖြောင့်တဲ့ယောက်ျားကို ဂေးဖြစ်အောင်လုပ်တာကရော ဘာကြီးလဲ၊ အား... မရီးရေ အသေး စိတ် ထပ်ပြောပြပါဦး၊ ငါတို့ ကြားချင်လို့ပါ....
"ခံစားချက်ဆိုတာ အရမ်းကို ကိုယ်ရေးကိုယ်တာဆန်တဲ့ ကိစ္စပါ၊ လူတစ်ယောက်ကို သဘောကျရင် ကျမယ်၊ မကျရင် မကျဘူး၊ ဘာလို့ အတင်းအကျပ် လုပ်နေမှာလဲ၊ စုန့်ချင်းလည်း ပိုကောင်းတဲ့ အထောက်အပံ့ရှာတွေ့သွားရင် မကြာခင် လက် လွှတ်နိုင်သွားမယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ သူက တော် တော်လေး ပေါ့ပေါ့ပါးပါး နေတတ်တဲ့ပုံစံပဲဟာ"
[ငါ ဒီလောက်ထိ အရိပ်အမြွက် ပြောပြထားပြီးပြီပဲ၊ သူ ငါ့စကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သင့်ပြီ မဟုတ်လား၊ စုန့်ချင်းကို အာရုံလွှဲဖို့အသုံးချခံမယ့် ငတုံးတစ်ယောက်ကိုမြန်မြန်ရှာပေးလိုက်၊ အဲဒါမှ နင့်အစ်မကို ပြန်ရဖို့ အခွင့်အရေးရှိမှာပေါ့]
ကျီခိုင်၏မှေးမှိန်နေသောမျက်လုံးများ ရုတ်တရက် တောက် ပလာသည်။ ဒါက တကယ်မဆိုးလှတဲ့ အကြံဉာဏ်ပဲ၊ ဒါပေမဲ့ သူ ဘယ်သူ့ကို ရွေးရမလဲ...
ရှုယင်းယင်းသည် ကျီခိုင်၏တုံ့ပြန်မှုအား တိတ်တဆိတ် အကဲခတ်နေသည်။ ကျီခိုင် မျက်လုံးများ တောက်ပလာပြီးနောက် ပြန်လည်ရှုပ်ထွေးသွားသည်ကို မြင်လိုက်ရသောအခါ သူမ၏ စိတ်မရှည်တတ်သောစိတ်က ဝင်ရောက်လာသည်။
"ရှင်က တကယ်ပဲ အမှားကိုပြင်ဆင်ချင်တယ်ဆိုရင် မစ္စစုန့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသင့်တယ်၊ ဥပမာ - ဖျော်ဖြေရေးလောကမှာ သူ့ရဲ့လမ်းခရီး ချောမွေ့စွာ ဆက်သွားနိုင်ဖို့ တခြားသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတာမျိုးပေါ့"
ရှုယင်းယင်း စကားပြောအပြီးတွင် သူမသည် ကျန်သုံးယောက်အား အဓိပ္ပာယ်ပါပါလှမ်းကြည့်လိုက်ပြီး ဟော်ယန်အပေါ်တွင် အကြည့်က စက္ကန့်အနည်းငယ်မျှ ရပ်တန့်နေပြီးမှ ဖယ်ခွာသွားသည်။
"ရှင့်ရဲ့ ဒီသူငယ်ချင်း သုံးယောက်စလုံးက တာဝန်ယူပေးလို့ရတာပဲ၊ ဒါပေမဲ့ စုန့်ချင်ရဲ့ ရည်မှန်းချက်အရကြည့်ရင် ဟော်ယန်က ပိုပြီးသင့်တော်တာထင်ရှားတယ်။ ကျွန်မ ရှင့်ကို ထောက်ပြပြီးပြီနော်၊ ရှင် နားမလည်သေးဘူးဆိုတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား"
ကျီခိုင် သဘောပေါက်သွားသည်။
သူမက သူ့အား စုန့်ချင်နှင့် ဟော်ယန်အား မိတ်ဆက်ပေးစေချင်နေသည်။ ဒါပေမဲ့ မရီးရယ်... အဲဒါ မရီးရဲ့ ချစ်သူမဟုတ်ဘူးလား၊ မရီးက အရမ်း သဘောထားကြီးလွန်းနေပြီ....
ကျီခိုင်သည် ဟော်ယန်အား သနားကြင်နာစွာလှမ်းကြည့်လိုက်ပြီး ကျန်နှစ်ယောက်မှာလည်း သူတို့၏ရယ်မောချင်စိတ်အား အတတ်နိုင်ဆုံး ထိန်းချုပ်ထားကြသည်။ မရီးက တကယ်ကို သဘောထားကြီးတာပဲ...
ဟော်ယန် : "..."
သူမက တစ်ခါပဲဆုံဖူးတဲ့ ကျီခိုင်အတွက်နဲ့ ဒီလောက်အထိတောင် လုပ်ပေးရသလား၊ ကောင်းတယ်... သိပ်ကောင်းတယ်...
ကျီခိုင်က အားတင်းပြုံးလိုက်ပြီး "ဒါက တကယ်ကောင်းတဲ့ အကြံပဲ၊ ကျွန်တော် နည်းနည်းလောက် ထပ်စဉ်းစားပါရစေဦး"
[ကျစ်... နင်က ဘာကို တွန့်ဆုတ်နေတာလဲ၊ ညီအစ်ကိုကောင်းဆိုတာ လိုအပ်ချက်တွေ ဖြည့်စည်းပေးဖို့အတွက် ရှိတာလေ၊ ပြီးတော့ နင်က စုန့်ချင်ရဲ့အာရုံကို လွှဲပေးရုံသက်သက်ပဲဟာ၊ ဟော်ယန်ရဲ့ အေးစက်ပြီး ရက်စက်တဲ့ပုံစံအရ သူက လုံးဝ ချစ်မိသွားမှာ မဟုတ်ဘူး၊ ဟော်ယန်ရဲ့ဂရုမစိုက်မှုက စုန့်ချင်းရဲ့အနိုင်ယူလိုစိတ်ကို ပိုပြီး မီးထိုးပေးလိုက်သလို ဖြစ်သွားမှာ၊ သူတို့နှစ်ယောက် အပြန်အလှန်အကြိတ်အနယ် အားပြိုင်ကြတဲ့အခါကျရင် နင့်အတွက် အခွင့်အရေးရသွားမှာပေါ့၊ နင်က အရူးပဲ]
ကျီခိုင်၏မျက်လုံးများ တစ်ဖန်တောက်ပလာပြန်သည်။ ဒါ တော်တော်လေး အဓိပ္ပာယ်ရှိတဲ့စကားပဲ...
ဘေးမှ ကြည့်နေသူများကလည်း အကြံကောင်းတစ်ခုဟု ထင်ကြသည်။ မည်သို့ပင်စေ ဤနေမှာရှိနေသည့် သူအားလုံးထဲတွင် ဟော်ယန်တစ်ယောက်တည်းသာ ထိုကိစ္စအားခံနိုင် ရည်ရှိခြင်းဖြစ်သည်။ မိန်းမလှလေးရဲ့ ထောင်ချောက်မှာ သူကတော့ လုံး၀ရှုံးမှာ မဟုတ်ဘူး။
ရုတ်တရက် စိတ်အားထက်သန်နေသော အကြည့်သုံးစုံကို ပြိုင်တူ လက်ခံရရှိလိုက်သော ဟော်ယန် : "..."
သူတို့က ငါ့ကို အလကားရတဲ့ အသုံးချခံ ငတုံးတစ်ယောက်လို့ တကယ်ထင်နေကြတာလား၊ အိပ်မက်သာ မက်နေလိုက်စမ်း။