အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
🍁 Chapter 111
ရှုယင်းယင်းသည် ကျီခိုင်၏ တုံ့ဆိုင်းကို ရိပ်မိသွားပြီး ဟော်ယန်ဘေးတွင် တက်ကြွစွာ ဝင်ထိုင်လိုက်ကာ ပြုံးလျက်ပြော သည်။
"အားယန်... မနေ့က ရှင် ရုပ်ရှင်တစ်ကားမှာ ရင်းနှီးမြှုပ်နှံချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ အခု အားခိုင်ဆီမှာ လမ်းညွှန်ပေးနိုင်မယ့်သူ ရှိနေတယ်"
"အားခိုင်ဆီမှာလား"
ဟော်ယန်သည် သူမစကားကြောင့် ခပ်ဟဟ ရယ်မောလိုက်သည်။
"မင်းတို့အခုမှ နှစ်ခါပဲ တွေ့ဖူးသေးတာ မဟုတ်ဘူးလား"
ရှုယင်းယင်း နင်သွားသော်လည်း မတုန်မလှုပ်ဘဲပြန်ပြော သည်။
"ဒါပေမဲ့ သူနဲ့ကျွန်မက ရေစက်ပါသလို ခံစားရတယ်၊ နှစ်ခါပဲ ဆုံဖူးတဲ့ပုံ မပေါက်ဘူးလေ"
"အဲဒီလိုလား"
ဟော်ယန် ဟန်ဆောင်အပြုံးဖြင့် ပြန်ပြောသည်။
"ကိုယ့်မှာ ပိုက်ဆံမရှိဘူး"
ရှုယင်းယင်း : "......"
[ဟမ်... သူ ဘာဖြစ်နေတာလဲ၊ အရင်းရှင်တစ်ယောက်က ပိုက်ဆံကို တကယ်ကြီးငြင်းလိုက်တာလား၊ မယုံနိုင်စရာပဲ]
[ရှောင်ယင်း... သူ သဝန်တိုနေတာများ ဖြစ်နိုင်မလား၊ နင် ကျီခိုင်အပေါ် အရမ်းကောင်းလွန်းနေလို့လေ]
ဤစကားများက ကျီခိုင်အားလန့်ဖြန့်သွားစေသည်။ ဒါက ပေါ့ပေါ့တန်တန် ပြောရမယ့်ကိစ္စ မဟုတ်ဘူးလေ။
ဘေးမှ ကြည့်နေသူများ၏မျက်လုံးများ အရောင်လက်လာပြီး သူတို့အကြည့်များမှာ ပတ်သက်နေသူ နှစ်ဦးအပေါ်တွင် ရပ်တန့်နေကာ ဟော်ယန်တို့အား နေရာတင်ချကြပါတော့ဟု ကြိတ်ဆုတောင်းနေကြသည်။
[ဟေး... ငါက ကျီခိုင်ကို သနားလို့ ကူညီပေးချင်ရုံလေးပါ၊ ဘာကိစ္စ သူက သဝန်တိုရမှာလဲ၊ သူက သူ့ညီအစ်ကိုတွေရှေ့မှာ ငါ့ကို တမင်သက်သက် အရှက်ခွဲဖို့ကြိုးစားနေတာ၊ သူ ဘယ်လောက် အငြိုးကြီးတတ်လဲဆိုတာ ငါ အသိဆုံးပဲ]
ထိုမနက်က မိဘများရှေ့တွင် မျက်နှာလုပ်နေသည်အား သူမက တားဆီးခဲ့ခြင်းအတွက် ဟော်ယန် လက်စားချေနေခြင်းဖြစ်မည်ဟု ရှုယင်းယင်း ခံစားမိသည်။ ရှုယင်းယင်းသည် သူ့အား မကျေမနပ်စိုက်ကြည့်လိုက်ပြီး သူမ ဒေါသများကို ကိတ်မုန့်အပေါ်တွင်သာ ပုံချတော့သည်။
ဟော်ယန်လည်း ဒေါသထွက်နေသည်။ ဘာလို့ ကျီခိုင်ကို ကူညီဖို့အတွက် ငါက ငါ့ကိုယ် ငါ စတေးရမှာလဲ၊ သူမရဲ့ အပြုအမူကို သူ ဒီတစ်ခါတော့ သည်းခံမှာ မဟုတ်ဘူး။
ကျီခိုင်မှာ လေထုအခြေအနေကိုကြည့်ပြီးအကြောင်းပြချက် မရှိစွာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ မရီးက သူ့ကို ကူညီဖို့ ကြိုးစားခဲ့ပေမဲ့ ဒါကအခု သူအတို့နှစ်ယောက်ကြားမှာ အက်ကွဲကြောင်းတစ်ခု ဖြစ်သွားစေခဲ့ပြီလေ...
"မကြာသေးခင်က ငါလည်း ရုပ်ရှင်တစ်ကားမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတာ၊ မင်း ငါ့ကို လူတစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးရင် ဘယ်လိုလဲ အားခိုင်"
ဟဲ့ယန်က ကူညီရန် ကမ်းလှမ်းလိုက်သည်။ ကျီခိုင်နှင့် ရှုယင်းယင်း နှစ်ယောက်စလုံး သူ့အားလှမ်းကြည့်လာသည်။
"ရှင်က အဆင်မပြေပါဘူး၊ ရှင်ပုံစံက မိန်းမရှုပ်တဲ့သူလေ၊ စုန့်ချင်းက ရှင့်လို ပုံစံမျိုးကို စိတ်မဝင်စားဘူး"
ဟဲ့ယန် : "..."
ဝမ်ရွှမ်းသည် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ပြီး ပြဿနာကို ဖိတ်ခေါ်မည့် သူ့ရည်ရွယ်ချက်အား တိတ်တဆိတ် စွန့်လွှတ်လိုက်လေသည်။
[ဟဲ့ယန်က ပလေးဘွိုင်ရုပ်ပေါက်နေပေမဲ့ သူက ဒုက္ခရောက်နေတဲ့ သူငယ်ချင်းတွေကို တကယ် ကူညီပေးတာ၊ တစ် ယောက်ယောက် သေတော့မလိုဖြစ်နေတာတောင် လက်ပိုက် ကြည့်နေတတ်တဲ့ ဟော်ခွေးကောင်နဲ့တော့ မတူဘူး၊ အလကား သတ္တိကြောင်တဲ့ကောင်]
ဟော်ယန်သည် သူ့ လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်သည်။ ငါ သည်းခံမယ်။
[ပြီးတော့ ငါက သူ့ကို သွားပြီး ယဇ်ပူဇော်ခံခိုင်းနေတာမှ မဟုတ်တာ၊ မျက်နှာလေးသွားပြပြီး စုန့်ချင်းကို မျှော်လင့် ချက်လေးပေးထားဖို့ရယ်၊ ကျီခိုင် သူ့ကောင်မလေးကိုလိုက်ဖို့ အချိန်ရအောင် ဆွဲပေးထားဖို့ရယ်ပဲဟာ၊ အဲဒါက ဘယ် လောက်များ ခက်ခဲနေလို့လဲ၊ အဲဒါလေးတောင် မလုပ်ပေးချင်ဘူးလား၊ ကပ်စေးနှဲတဲ့ကောင်၊ သူ့ကို ငါ ထိုးပစ်ချင်လာပြီ]
ရှုယင်းယင်းသည် ဝက်ဝံရုပ်ပုံစံ ကိတ်မုန့်လေး၏ဝမ်းဗိုက်တည့်တည့်အား ခက်ရင်းဖြင့် အားရပါးရ ထိုးစိုက်ချလိုက်ပြီး အတုံးကြီးတစ်တုံးကို ပလုတ်ပလောင်း စားလိုက်သည်။ သူမ၏ ဖောင်းမို့မို့ ပါးပြင်လေးများမှာ လှုပ်စိလှုပ်စိ ဖြစ်နေပြီး ဒေါသကြောင့် မျက်နှာပေါ်တွင် ပေါ်လာသော သွေးရောင်ဖျော့ဖျော့လေးက သူမအားး ထူးဆန်းစွာချစ်စရာကောင်းစေသည်။
ဟော်ယန်သည် သူမ တရှူးရှူးတရှားရှား ဖြစ်နေသည်ကို မြင်သောအခါ ဒေါသများ ချက်ချင်းပြေကျသွားသည်။ သူက လူကြီးလူကောင်း တစ်ယောက်ဆိုတော့ မိန်းမတစ်ယောက်နဲ့ ဘယ်လိုလုပ် ငြင်းခုံနေလို့ရမလဲ၊ ထားလိုက်ပါတော့...
သူသည် ကော်ဖီခွက်အား ကောက်ကိုင်၍ တစ်ငုံသောက်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောသည်။
"ဘီလီယံတစ်ရာလောက် ဝင်ငွေရနိုင်မယ့် အလားအလာမရှိဘူးဆိုရင်တော့ ကိုယ် ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး"
ထိုနေရာရှိလူအားလုံးမှာ ထိတ်လန့်သွားကြသည်။ သူ သဘောတူလိုက်တာလား၊
သူ ခုနလေးတင် အရမ်းခေါင်းမာနေတာ မဟုတ်ဘူးလား...
သူတို့သုံးယောက် အချင်းချင်း တိတ်တဆိတ်အကဲခတ်လိုက်ကြပြီး ရှုယင်းယင်းအား ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။ အစောလေးတင် တရှူးရှူးတရှားရှား ဖြစ်နေသော အမျိုးသမီးမှာ မျက်နှာလေး လင်းလက်သွားပြီး ဟော်ယန်အားကြည့်လာသည်။
[ဟား... ငါ နင့်ကို ဘာပြောခဲ့လဲ၊ သူ ဟန်ဆောင်နေတာပါလို့၊ သူ ပိုက်ဆံအရမ်းလိုချင်တာ သိသာကြီးကို၊ ဂရုမစိုက်သလို ဟန်ဆောင်နေသေးတယ်]
[နင့်အတွက်ဆိုတဲ့ ဖြစ်နိုင်ခြေလေးရော မစဥ်းစားမိဘူးလား]
[အေးလေ... ငါ့ရဲ့ ခံစားချက်တွေ ကမောက်ကမဖြစ်သွားအောင် သူက ငါ့ကိုအရင်နင်းခြေတယ်၊ ပြီးတော့မှ ငါနဲ့ အလိုက်သင့် ပြန်လိုက်ပေးတယ်၊ ပြီးပြည့်စုံတဲ့ လူကောင်းတစ်ယောက်လို ဟန်ဆောင်ပြီး နာမည်ကောင်းရော အမြတ်ရော အကုန်လုယူသွားတာ၊ သောက်ကျိုးနည်းလိုကောင်]
ဟော်ယန် : "......"
ဒေါသမထွက်နဲ့... ဒေါသမထွက်နဲ့...
အဟမ်း... ငါတို့ရဲ့ အစ်ကိုယန်တော့ ဒီတစ်ခေါက် တကယ်ကို ကျရှုံးသွားပြီနဲ့တူတယ်။
လေထုသည် တင်းမာကာ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် လေယာဉ်မယ်များ အချိန်မီရောက်ရှိလာပြီး ခရီးသည်များအား လေယာဉ်ပေါ်တက်ရန် သတိပေးလိုက်ရာ ထိုအကျပ် အတည်းမှ လွတ်မြောက်သွားရ၏။
ရှုယင်းယင်းသည် ဟော်ယန်၏ကျောပြင်အား ဒေါသတကြီး စိုက်ကြည့်ပြိး နောက်မှလိုက်ပါလာသည်။ ဟော်ယန်ကိုယ် တိုင်လည်း ရင်ထဲတွင် မကျေမချမ်းဖြစ်နေရ၏။ သူက သူမအတွက် ဒီလောက်ထိ အလျှော့ပေးခဲ့ပြီးပြီကို၊ ဒီမိန်းကလေးက ဘာကိုများ မကျေမနပ် ဖြစ်နေရသေးတာလဲ၊ တကယ်ကို အတော့်ကို လွန်လွန်းနေပြီ၊ သူမက ကိုယ့်ကိုယ်သူ သနားစရာကောင်းအောင် တမင်သက်သက်ဟန်ဆောင်နေလားလို့တောင် သူ ထင်ယောင်ထင်မှား ဖြစ်သွားမိပြီ ဟမ့်...
ကျန်သူငယ်ချင်းသုံးယောက်မှာမူ ထိုနှစ်ယောက်နှင့် မီတာဝက်ခန့် တမင်သက်သက် ခွာကာ နောက်မှလိုက်လာကြပြီး အချင်းချင်း တိုးညှင်းစွာအတင်းတုတ်နေကြသည်။
ဟဲ့ယန် "အစ်ကိုယန်က သူ့အဘွား စီစဉ်ပေးနေတဲ့ Blind date တွေကို စိတ်ရှုပ်လွန်းလို့ ခပ်လွယ်လွယ်ပဲ တစ်ယောက် ယောက်ကို ရွေးပြီးတွဲလိုက်တာလို့ ငါ အမြဲထင်ခဲ့တာကွ၊ ဒါပေမဲ့ ဒီနေ့ အခြေအနေကို ကြည့်ရတာတော့ သူ တကယ်ကြီး အချစ်မြားစိုက်သွားပြီဆိုတာ သေချာနေပြီ"
ဝမ်ရွှမ်း "အဲဒါကြောင့် သစ်တုံးဟောင်းကြီး ပန်းပွင့်လာတာက အံ့သြစရာကောင်းတယ်လို့ ပြောကြတာပေါ့၊ အရင်က ဘီလီယံရာချီတန်တဲ့ ပရောဂျက်တစ်ခုမှာ ပူးပေါင်းလုပ်ဖို့ ငါ သူ့ကိုပြောခဲ့တုန်းက သူက သေချာစဉ်းစားရဦးမယ်ဆိုပြီး အချိန်ဆွဲခဲ့တာ၊ အခုကိစ္စကျတော့ ဘာအကျိုးအမြတ်မှလည်းမရှိဘဲနဲ့ သူ့မိန်းမက နည်းနည်းလေးကောက်ပြလိုက်တာနဲ့ အကုန်အိုကေသွားရော၊ သူက အချစ်အတွက်နဲ့ စည်းမျဥ်းတွေကိုပါ မေ့ပစ်လိုက်တဲ့ သစ္စာဖောက်ကြီး မဟုတ်လား"
ဟဲ့ယန်သည် ကျီခိုင်၏ပခုံးကို ပုတ်ကာ သနားစရာသတ္တဝါလေးတစ်ကောင်အား ကြည့်သည့်ဟန်ဖြင့် ပြောသည်။
"အားခိုင်... မင်းနဲ့ မင်းမရီးက တကယ်ကို လိုက်ဖက်တာပဲ၊ ငါထင်တာတော့..."
"အစ်ကိုယန်ရဲ့ ပုံစံကို ကြည့်ရတာ မင်းတော့ အတော်လေး ဒုက္ခရောက်ဖို့ ရှိတယ်၊ သူရဲကောင်းတွေတောင် အလှလေးတွေရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘူးလို့ ပြောကြတာ မဆန်းပါဘူးကွာ၊ မင်းချစ်ရတဲ့ အမြွှာအစ်မက မင်းနဲ့ ညားပါစေလို့ပဲ ဆုတောင်းနေလိုက်တော့၊ မဟုတ်ရင် မင်း မိန်းမရော စစ်တပ်ပါ ဆုံးရှုံးရလိမ့်မယ်"
ကျီခိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။
"တော်ပါတော့... မင်းတို့ ဝမ်းသာအားရ မပြောပါနဲ့တော့၊ မရီးက အဲဒီလောက် သဘောကောင်းမှန်း ငါ ဘယ်လိုလုပ် သိမှာလဲ၊ အစ်ကိုယန်ကို အသုံးချဖို့ ငါ တကယ်ရည်ရွယ်ခဲ့တာ မဟုတ်ဘူးကွ၊ အခုတော့ ငါလည်း အခက်တွေ့နေပြီ"
အကယ်၍ အစ်ကိုယန်သာ မရီးအား တကယ်ကြွေနေပါက သူ ပြဿနာသွားရှာမိလျှင် အသက်ကိုးချောင်းရှိလည်း လောက်မည်မဟုတ်ချေ။
အား... ငါ တကယ်ကို မတရားခံရတာပဲ QAQ
လေယာဉ်ပေါ်သို့ ရောက်သောအခါ ထိုသုံးယောက်သည် သူတို့၏အပြစ်ရှိစိတ်အား လျှော့ချနိုင်ရန်အတွက် အဓိကလူနှစ်ဦးအတွက် တစ်ခုတည်းသော နှစ်ယောက်ထိုင်ခုံကို အလိုက်တသိ ဖယ်ပေးခဲ့ကြပြီး ရှုယင်းယင်းအား ပြတင်းပေါက်ဘေးခုံသို့ နွေးထွေးစွာ ခေါ်ဆောင်သွားကြသည်။ ထို့နောက် သူမအား အရသာရှိသော အစားအသောက်များနှင့် အချိုရည်များကို တစ်ခုပြီးတစ်ခု တည်ခင်းဧည့်ခံကြပြီး စောင်၊ ဖိနပ်နှင့် မျက်လုံးအကာတို့ကိုပါ သူမ လက်လှမ်းမီရာတွင် အဆင် သင့် ထားပေးကြသည်။ သူတို့သည် သူမအား နတ်သမီးတစ်ပါးလို သေချာဂရုစိုက်ပေးပြီးမှသာ နေရာများသို့ ကိုယ်စီ ပြန်သွားကြသည်။
ရှုယင်းယင်းသည် ယခင်က လေယာဉ်တစ်ခါမှ မစီးဖူးခဲ့ချေ။ ယခုတော့ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် ထိုင်နေရပြီး သက်တောင့်သက်သာရှိလွန်းသော ထိုင်ခုံများ၊ ကျယ်ဝန်းလှသော အတွင်းပိုင်းနှင့် ကျယ်ပြန့်သော မြင်ကွင်းရှိနေကာ အရာအားလုံးက ပြီးပြည့်စုံနေသဖြင့် ဟော်ယန်အပေါ်ရှိနေသော မကျေနပ်ချက် အားလုံးကိုပင် တခဏချင်း လွင့်စင်သွားစေလောက်အောင် ပြီးပြည့်စုံနေသည်။
အထူးသဖြင့် ဟော်ယန်၏ သူငယ်ချင်းသုံးယောက်မှာ ဤမျှဧည့်ဝတ်ကျေပွန်လွန်းနေသောကြောင့် သူမအနေဖြင့် အားနာစိတ်ကို ဘေးဖယ်ကာ ပျော်ရွှင်စွာခံစားလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ဟော်ယန်သည် သူမ သူနှင့်အတူထိုင်ရန် ငြင်းဆန်ခြင်းမရှိသည်ကို မြင်လိုက်ရသောအခါမှရင်ထဲရှိ အလုံးကြီးကျသွားသည့်အလား မစိတ်သက်သာရာရသွားသည်။
ရှုယင်းယင်းတစ်ယောက် အစားအသောက်များထဲတွင် နစ်မြုပ်နေခိုက် ကျီခိုင်သည် ဟော်ယန်အားဘေးဘက်ရှိ အစည်းအဝေးခန်းဆီသို့ အမြန်ဆွဲခေါ်သွားသည်။
"အစ်ကိုယန်၊ မရီးရဲ့ အကြံပြုချက်ကို အစ်ကို ဂရုစိုက်စရာ မလိုပါဘူး၊ ကျွန်တော့်ဘာသာ ဖြေရှင်းလိုက်ပါ့မယ်"
စုန့်ချင်းကို မြူဆွယ်ပေးရန် ဟော်ယန်အား တောင်းဆိုဖို့ သူ့မှာ သတ္တိမရှိချေ။ အစ်ကိုယန်အား တောင်းဆိုခြင်းထက် ငရဲမင်းရှေ့တွင် သွားကပြရသည်ကမှ အသက်ရှင်ရန် အခွင့်အလမ်း ပိုများလိမ့်မည်။ ဟော်ယန်က သူ့အား တစ်ချက်စိုက်ကြည့်လိုက်သည်။
"မင်းမှာ တကယ်ပဲ နည်းလမ်းရှိရင် မသက်ဆိုင်တဲ့လူတွေကို စိတ်ပူခိုင်းနေမလား"
ဤစကားတစ်ခွန်းတည်းဖြင့် သူသည် ကျီခိုင်နှင့် ရှုယင်းယင်းအား ရှုံချလိုက်ရုံသာမက ကျီခိုင်၏ အရည်အချင်းမရှိမှုကိုပါ သွယ်ဝိုက်၍လှောင်ပြောင်သည်။
🍁 Chapter 112
ကျီခိုင် : ကြည့်စမ်း... ဒီလူက ညီအစ်ကိုတွေအပေါ် လုံးဝ သံယောဇဉ်မရှိတာပဲ :)
"ဒါက တိုက်ဆိုင်သွားတာ မဟုတ်ဘူးလား အစ်ကိုယန်ရဲ့ မရီးက အတင်းအဖျင်းတွေကို ဘယ်လောက်တောင် နှစ်သက်လဲဆိုတာကို အစ်ကို ကိုယ်တိုင် ကြုံဖူးပြီးသားမဟုတ်လား"
"သူ ဝင်ပါတာကို မင်းက အပြစ်တင်နေတာလား"
ဟော်ယန်က သူ့အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့် သည်။
"မဟုတ်ပါဘူး... မဟုတ်ရပါဘူး၊ အဲဒီလို လုံး၀ မဟုတ်ပါဘူး၊ မရီးလေးက လှလည်းလှတယ်၊ သဘောလည်းကောင်းတယ်၊ အတင်းအဖျင်းတွေကို သဘောကျနေရင်းနဲ့တောင် အတင်း ပြောခံရတဲ့သူဘက်ကနေ ရပ်တည်ပေးဖို့ မမေ့ဘူး၊ ဒါက တကယ်ကို ရှားပါးတဲ့ အရည်အချင်းပဲ၊ သူ့ကို ချီးကျူးဖို့တောင် စကားရှာမတွေ့ဘူး အစ်ကိုယန်ရယ်"
ကျီခိုင်သည် သူ့တွင် စာပေအနုပညာ အားနည်းပြီး မြှောက် ပင့်စကားများပြောရာတွင် သိပ်မသိမ်မွေ့ခဲ့ခြင်းကိုသာ နောင်တရနေမိသည်။ ဟော်ယန် ခပ်ဟဟ ရယ်မောသည်။
"မင်း သိရင်ပြီးတာပဲ"
ထိုအချိန် ဟော်ယန်မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာကို အထင်းသား မြင်လိုက်ရကြောင်း ကျီခိုင် သေချာသည်။
ကျစ် ကျစ်... ငါတော့ သွားပါပြီ။
"အစ်ကိုယန်၊ ဒီကိစ္စကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"
ကျီခိုင် စမ်းသပ်သည့်သဘောဖြင့် မေးသည်။
"ယင်းယင်း ပြောသလိုပဲ၊ မင်းကို ကူညီဖို့အတွက် ငါ့ကိုယ် ငါ စတေးလိုက်ပါ့မယ်"
"ဒါပေမဲ့ စုန့်ချင်းက တကယ်ပဲ ငါးမျှားချိတ်ကို ဟပ်ပြီး အစ်ကို့ကို တွယ်ကပ်နေရင်ရော"
"သူ တကယ် တွယ်ကပ်လာရင် အဲဒါ ယင်းယင်း တာဝန်ပဲ၊ မင်း စိတ်ပူစရာမလိုဘူး"
ကျီခိုင်သည် ထိုစကားများ နောက်ကွယ်မှနက်ရှိုင်းသော အဓိပ္ပာယ်အား တွေးမိပြီး အံ့အားသင့်သွားသည်။ သူက ဒီကိစ္စအတွက် ခယ်မလေးဆီကနေ တစ်ခုခု ပြန်တောင်းဆိုဖို့များ ကြိုးစားနေတာလား။
ကျီခိုင် ဟော်ယန်အား မော့ကြည့်လိုက်ချိန် ဟော်ယန်က အတည်ပြုပေးသည်။
"ဟုတ်တယ်၊ မင်း ထင်တဲ့အတိုင်းပဲ"
ကျီခိုင် : အဲဒီတော့ ငါကလည်း အစ်ကို့ ကစားပွဲထဲက အစိတ် အပိုင်းတစ်ခုပေါ့ :)
ဟော်ယန်သည် သူ့ ခုံသို့ ပြန်ရောက်လာသောအခါ ရှုယင်းယင်းသည် ခေါင်းလေးစောင်းကာ အိပ်မောကျနေပြီး သူမရှေ့ရှိ တက်ဘလက်ပေါ်တွင် ရုပ်ရှင်ကားတစ်ကား ပြသနေဆဲဖြစ်သည်။
ဟော်ယန်သည် မသိစိတ်အရ ပြုံးလိုက်မိပြီး ညင်သာစွာ ထိုင်ချလိုက်ကာ တက်ဘလက်ကို ပိတ်လိုက်သည်။ ထို့နောက် ဘေးရှိစင်ပေါ်မှ စောင်တစ်ထည်ကိုယူ၍ သူမကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်ပြီး သူမ ပိုသက်တောင့်သက်သာ အိပ်စက်နိုင်စေရန် ထိုင်ခုံအား ဖြည်းညှင်းစွာ နှိမ့်ချပေးသည်။
သူမ၏စောင်းနေသော ခေါင်းလေးမှနေ၍ ပါးပြင်ပေါ်သို့ ကျနေသော ဆံပင်စလေးများနှင့် အပေါ်နှုတ်ခမ်းရှိ ကိတ်မုန့်ခရင်အနည်းငယ်ကို သူ မြင်လိုက်ရသောအခါ မရယ်ဘဲ မနေနိုင်တော့ပဲ သူ့ မျက်လုံးများတွင် နူးညံ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူမ စိတ်ထဲမှနေ၍ တရှူးရှူးတရှားရှား ဒေါသထွက်နေချိန် ဒေါသထွက်စရာကောင်းသော်လည်း တစ်ခါတစ်ရံ ဤကဲ့သို့ တိတ်ဆိတ်နေတက်သော အခိုက်အတန့်လေးများကလည်း အလွန်ချစ်စရာကောင်းနေပြန်သည်။
အား... ငါ မင်းကို ဘယ်လိုလုပ်ရမလဲ...
ဟော်ယန် သူမလေးအား စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်စွာ ငေးကြည့်နေပြီးနောက် ဆံပင်စလေးများကို ဖယ်ရှားပေးရန် လက်လှမ်းလိုက်ကာ သူ့လက်ချောင်းထိပ်လေးများဖြင့် နှုတ်ခမ်းပေါ်မှ ခရင်များကို ညင်သာစွာ သုတ်ဖယ်ပေးသည်။ သူမအား စောင်သေချာစွာ ဖုံးအုပ်ထားကြောင်းနှင့် နေမထိုးကြောင်း သေချာစေပြီးနောက်မှ သူသည် လပ်တော့ပ်ကိုဖွင့်ကာ အလုပ်လုပ်ရန် ခတ်မတ်မတ်ပြန်ထိုင်သည်။
သို့သော်လည်း သူ အကြည့်တစ်ချက် ဝေကြည့်လိုက်ချိန်တွင် ကျန်သုံးယောက်မှာ သူ့အား အဓိပ္ပာယ်ရှိစွာ ပြုံးပြနေသည်ကို မြင်သောကြောင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
သူက တည်ငြိမ်စွာ မေးလိုက်သော်လည်း သူ့ အမူအရာတွင်မူ လက်ပူးလက်ကြပ် မိသွားခြင်းအတွက် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
"အစ်ကိုယန်၊ အစ်ကို့ဆီကနေ အဖေတစ်ယောက်ရဲ့အနံ့လေး ရနေသလိုပဲ"
ဟဲ့ယန်က ပြဿနာများအား မကြောက်သည့်ဟန်ဖြင့် နောက်ပြောင်လာသည်။ ဟော်ယန်က ကြင်နာသော အပြုံးအတုကို တက်ဆင်ပြီး "မတတ်နိုင်ဘူးလေ... ငါ့ရဲ့ ငတုံးသားသုံးယောက်စလုံးက တော်တော်လေးလက်ပေါက်ကတ်တာကိုး"
ငတုံးသား သုံးယောက် : "..."
သူတို့ ခရီးဆုံးသို့ ဆိုက်ရောက်သောအခါ ညဆယ်နာရီပင် ထိုးနေပြီဖြစ်သည်။ ရှုယင်းယင်းသည် လမ်းတစ်လျှောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သဖြင့် လန်းဆန်းတက်ကြွနေသည်။
ယာဉ်မောင်းသည် လေဆိပ်တွင် ကြိုတင်စောင့်ဆိုင်းနေပြီး သူတို့အား မြင်သည်နှင့် ခရီးဆောင်အိတ်များကို အမြန်ကူညီသယ်ဆောင်ပေးကာ ကားတံခါးကို ဖွင့်ပေးလာသည်။
ရှုယင်းယင်းနှင့် ဟော်ယန်တို့သည် ကားတစ်စီးတည်း အတူစီးကြပြီး ကျန်သုံးယောက်မှာ အခြားကားတစ်စီးအား စီးကာ မြို့လယ်ရှိ သူတို့၏ဟိုတယ်ဆီသို့ တည့်တည့်မတ်မတ်ထွက်လာကြသည်။
ရှုယင်းယင်းသည် ပြတင်းပေါက်အပြင်ဘက်သို့ ဆက်တိုက်ကြည့်နေပြီး သူမ မျက်လုံးများတွင် ဖုံးကွယ်မထားနိုင်သော စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။ သူမ အပြင်ပန်းတွင် တည်ငြိမ်နေပုံပေါ်သော်လည်း အတွင်းစိတ်မှ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများက ဟော်ယန်ထံသို့ လှိုင်းလုံးများပမာ ရိုက်ခတ်လာသည်။
[ရှောင်ချီ... ဒါ ငါ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးပဲ၊ အရာအားလုံးက အရမ်းအံ့သြစရာကောင်းတာပဲ]
[ငါက ဆင်းရဲမနေတော့ပေမဲ့ ငါ့မှာ အချိန်မလောက်ဘူးလို့ ဘာလို့ ခံစားနေရတာလဲ၊ စိတ်ကူးပေါက်ရင် ပေါက်သလို ထွက်သွားတဲ့ ခရီးဆိုတာက အခုထိ အိပ်မက်တစ်ခုလိုပဲ ရှိနေတုန်းပဲ]
[နင့်အဘိုး နင့်ကို အလုပ်လုပ်ခိုင်းလို့ပဲ မဟုတ်ဘူးလား၊ နင် ဘာမှမလုပ်ရဘူးဆိုပေမဲ့ အနည်းဆုံးတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ရတဲ့ အလုပ်တစ်ခုပဲလေ၊ နင် ဘာလို့ အလုပ်မထွက်တာလဲ]
[ငါလည်း အလုပ်မလုပ်သင့်ဘူးလို့ ခံစားရတယ်၊ ပျင်းပျင်းရိရိနေပြီး သူဌေးတွေရဲ့ကပ်ပါးကောင်လုပ်မယ်လို့ ငါ သေချာဆုံးဖြတ်ထားရက်နဲ့ ဘာလို့များ ရည်မှန်းချက်ကြီးနေရတာဲ၊ ကျစ်...]
[ဒါပေမဲ့ အဲ့လိုဆို ဘိုးက ဒေါသမထွက်ပဲနေမလား၊ အလို လိုက်ခံရတဲ့ သခင်မလေးတစ်ယောက်ရဲ့ အခွင့်အရေးတွေကို ခံစားနေပြီး ဘာမှလည်းမလုပ်ဘူးဆိုတော့ နည်းနည်းတော့ မတရားသလိုပဲ]
[ဒါဆို နင်က ပိုက်ဆံလိုချင်တာလား၊ အားလပ်ချိန် လိုချင်တာလား]
[နှစ်ခုစလုံး လိုချင်တာပေါ့၊ ဒါပေမဲ့ ထားလိုက်ပါတော့၊ နည်းနည်းလောက် ထပ်စောင့်ပါဦးမယ်၊ ဒုတိယအန်တီရဲ့ ကိစ္စ ပြေလည်သွားပြီး ရှုမိသားစုက လွှဲပြောင်းပေးထားတဲ့ အာဏာကို အပြည့်အဝ ပြန်ယူပြီးသွားရင် အလုပ်ထွက်ဖို့ စဉ်းစားကြမယ်]
[တကယ်တော့ အလုပ်သွားစရာမလိုဘဲ အဘိုးကို စိတ်ချမ်း သာအောင် လုပ်ပေးနိုင်တဲ့ နောက်တစ်နည်း ရှိသေးတယ်]
[ဘာနည်းလမ်းလဲ]
ရှုယင်းယင်းသည် ခါးကို မတ်လိုက်ပြီး သူမဘေးရှိ ဟော်ယန်လည်း နားစွင့်လိုက်သည်။
[ဟော်ယန်နဲ့ လက်ထပ်လိုက်လေ၊ လက်ထပ်ပြီးသွားရင် ဘယ်သူကမှ နင့်ကို ထိန်းချုပ်လို့ မရတော့ဘူး၊ သူက အဘိုး သဘောတူထားတဲ့သူပဲ၊ လက်ထပ်ပြီးရင် နင်နဲ့ ဟော်ယန်က အချက်သုံးချက်ကို ဆက်ပြီး သဘောတူထားလို့ရတယ်၊ တစ်ယောက်ကိုတစ်ယောက် ဖုံးကွယ်ပေးဖို့၊ ပြီးတော့ ကိုယ့်ကိစ္စကိုယ်လုပ်ကြဖို့၊ ဒါဆို တစ်ခါတည်းနဲ့ ပြဿနာရှင်းသွားပြီပေါ့]
ဟော်ယန်သည် သဘောတူသည့်ဟန်ဖြင့် မျက်ခုံးပင့်ကာ အသံတိတ်ထောက်ခံသည်။ ကိုယ့်ကိစ္စကိုယ် လုပ်ကြရန်ဆိုသည့် နောက်ဆုံးအချက်မှလွဲ၍ ဤစနစ်သည် အချက်ကျကျ ပြောသွားသည်။
သူသည် ရှုယင်းယင်းအား တိတ်တဆိတ် လှမ်းကြည့်မိ သည်။
[ထားလိုက်ပါတော့၊ ငါ့မှာ ဒီလိုအကြံရှိမှန်း ဟော်ခွေးကောင် သိသွားရင် ငါ့ကို ဘယ်လောက်တောင် အမြတ်ထုတ်မလဲ ဘယ်သိမလဲ၊ အခုလောလောဆယ် သူ ငါ့အကူအညီကို လိုအပ်နေတာမို့လို့ ငါက ပိုတောင်းဆိုပြီး လုပ်ချင်တာလုပ်လို့ရတာပေါ့၊ နေရာချင်းသာ ပြောင်းသွားရင် သူ ငါ့ကို လက်စား ချေလိမ့်မယ်၊ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ နေရမယ့်အစား အလုပ်မှာပဲ ခိုကပ်နေလိုက်တော့မယ်]
ဟော်ယန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူမရဲ့ စိတ်ထဲမှာ ငါက အဲဒီလောက်တောင် သဘောထားသေးသိမ်တဲ့သူလား...
[ဟေ့... သူက အဲဒီလောက်လည်း သဘောထားမသေးသိမ်ပါဘူး]
[ဟမ့်]
ဟော်ယန် : သူ ငါ့ကို ထပ်ပြီး နှာခေါင်းရှုံ့သွားပြန်ပြီ QAQ
သူတို့အဖွဲ့သည် ခမ်းနားထည်ဝါသော ဟိုတယ်ကြီးဆီသို့ အလျင်အမြန် ရောက်ရှိလာကြသည်။ ၎င်းသည် ဟော်ယန်၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုဖြစ်သောကြောင့် တည်းခိုရန် စာရင်းသွင်းသည့် လုပ်ငန်းစဉ်များ မလိုအပ်ပေ။ သူတို့အဖွဲ့ သီးသန့်ဓာတ်လှေကားဖြင့် အပေါ်ဆုံးထပ်သို့ တိုက်ရိုက် တက်သွားကြသည်။ လူငါးယောက်အတွက် အမြင့်ဆုံးအဆင့် အခန်းလေးခန်းကို ပြင်ဆင်ထားသည်။
ရှုယင်းယင်းသည် ဟော်ယန်နှင့် အခန်းတစ်ခန်းတည်း အတူနေရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမက ချစ်သူကောင်မလေးနေရာကနေ သရုပ်ဆောင်နေခြင်းဖြစ်ပြီး ပိုက်ဆံလည်း ယူထားပြီးဖြစ်သဖြင့် အလွန်အကျွံဟန်ဆောင် နေ၍ မရပေ။ သို့သော် ဟော်ယန် တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုယင်းယင်းသည် ဧည့်ခန်းအလယ်တွင် ရပ်ကာ လက်ဟန်ခြေဟန်အပြည့်ဖြင့် ပြောလာသည်။
"ကျွန်မတို့က တခြားသူတွေရှေ့မှာပဲ ဟန်ဆောင်ကြမယ်၊ ဘယ်သူမှမရှိရင်တော့ စည်းသေချာခြားထားဖို့လိုတယ်၊ ဒီဘက်ခြမ်းက ကျွန်မဟာ၊ ဟိုဘက်ခြမ်းက ရှင့်ဟာ"
"ကောင်းပြီလေ"
ဟော်ယန်သည် ထိုသို့ပင်လုပ်ရန် စီစဉ်ထားသော်လည်း သူမက ဦးအောင် ပြောလိုက်သောအခါ သူမတွင် အခြားရည် ရွယ်ချက်များရှိနေသည်ဟု သူ ခံစားမိသွားသည်။
"ဒါပေမဲ့..."
ရှုယင်းယင်း ရုတ်တရက် သူ့အားပြုံးပြလာသည်။
"ရှင် တခြားဝန်ဆောင်မှုတွေ တောင်းဆိုချင်တယ်ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ပိုက်ဆံသာပိုပေး လိုက်"
ဟော်ယန်သည် မျက်ခုံးတစ်ဖက်ကို ပင့်ကာ သူမအား စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်သည်။
"တခြားဝန်ဆောင်မှုဆိုတာ ဘာကိုဆိုလိုတာလဲ"
"ရှင်သိပါတယ်၊ စုံတွဲတွေ လုပ်တတ်တဲ့ ကိစ္စလေးတွေလေ"
ရှုယင်းယင်းသည် သူမ၏သွယ်လျသော လက်ချောင်းများဖြင့် သူ့ရင်ဘတ်ကို ညင်သာစွာ ထိတွေ့ကာ၊ ကြယ်သီးများတစ်လျှောက်အောက်သို့ ဖြည်းညှင်းစွာ ပွတ်ဆွဲသွားပြီး မျက်စိတစ်ဖက် မှိတ်ပြသည်။
ဟော်ယန်၏မျက်လုံးများ အံ့အားသင့်စွာဖြင့် ကျယ်လာသည်။ သူ... သူမ သူ့ကို မြူဆွယ်နေတာလား...
ရှုယင်းယင်းသည် သူ့ခန္ဓာကိုယ် သိသိသာသာတောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။ သူ၏မယုံကြည်နိုင်မှုနှင့်အတူ မျှော်လင့်ချက်အရိပ်အယောင်လေးများ ရောယှက်နေသော မျက်လုံးများကိုမြင်လိုက်ရချိန် သူမအပြုံးမှာ ဆက်ရှိနေသော်လည်း စိတ်ထဲတွင်တော့ လှောင်ပြောင်နေသည်။