အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
🍁 Chapter 113
[တွေ့လား၊ ယောက်ျားဆယ်ယောက်မှာ ကိုးယောက်က ရမ္မက်ကြီးကြတာချည်းပဲ၊ ဒီဟော်ခွေးကောင်လည်း ချွင်းချက်မဟုတ်ဘူး၊ ကြည့်... သူ့မျက်လုံးတွေ တဖြည်းဖြည်း အရောင်ပြောင်းလာပြီ၊ ဖော်ပြလို့မရတဲ့ ကိစ္စတချို့ကို စိတ်ကူးယဉ်နေလောက်ပြီ၊ ဟားဟား... ယောက်ျားတွေက အသေးအဖွဲ စမ်းသပ်မှုကိုတောင် မခံနိုင်ကြပါလား]
ဟော်ယန် : "..."
[ရှောင်ယင်း... သူ လန့်သွားတာလို့ ဖြစ်နိုင်မလား၊ နင် သူ့ကို ဒီလောက် ဗြောင်ကျကျကြီး မြူဆွယ်လိမ့်မယ်လို့ သူ မထင်ထားဘူးလေ]
ဟော်ယန့်ခေါင်းထဲရှိ အသံငယ်လေးသည် အရူးအမူးခေါင်း ညိတ်ထောက်ခံနေသည်။ သူမမှာ ရုတ်တရက်ကြီး မြူဆွယ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူ့လိုရိုးသားတဲ့ ယောက်ျားဆို ဘယ်ခံနိုင်ရည်ရှိမှာလဲ၊ ပြီးတော့ အံ့သြသွားတာလို့။
[ငါက သူ့ကို တမင်သက်သက် မြူဆွယ်ခဲ့ရင်တောင်၊ သူက တကယ့် လူကြီးလူကောင်းသာဆိုရင် ငါ့ကို တွန်းထုတ်ပြီး အရှက်မရှိတဲ့သူဆိုပြီး ဒေါသတကြီး စွပ်စွဲသင့်တာ မဟုတ်ဘူးလား]
[အာ... ဒါကတော့...]
စနစ်သည် သူမ၏ အတွေးလမ်းကြောင်းကို ကောင်းစွာ မလိုက်နိုင်တော့ပေ။ ဟော်ယန် ဒေါသထွက်သွားသည်။ အဲ့လိုလုပ်လိုက်ရင် ငါက ဘယ်လိုလုပ် လူကြီးလူကောင်းတစ်ယောက်လို ဖြစ်တော့မှာလဲ၊ သူမကို နာကျင်စေတာက ပိုပြီး ရိုင်းစိုင်းရာ မကျဘူးလား၊ မဖြစ်ဘူး၊ သူ ဒီကိစ္စကို ဒီအတိုင်း အလွတ်ပေးလို့ မရတော့ဘူး။
ဟော်ယန်သည် သူမ၏ မဆင်မခြင် ပြုမူနေသော လက်သေးသေးလေးများအယး ဖမ်းဆုပ်လိုက်ပြီး သူမ လက်ကောက် ဝတ်ကို ဆွဲကာ သူမ လက်ဝါးအား သူ့နှလုံးသားပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူမထံသို့ ဖြည်းညှင့်စွာ တိုးကပ်သွားကာ သူမအား တစ်လှမ်းချင်းဆုတ်သွားစေရန် ဖိအားပေး လိုက်သည်မှာ ရှုယင်းယင်း ကျောပြင်သည် ဝင်ပေါက်ရှိ ဗီရိုနှင့် ကပ်သွားသည်အထိပင်။ သူမ လက်ဝါးသည် သူ့ မြန်ဆန်စွာ ခုန်ပေါက်နေသော နှလုံးခုန်သံကိုခံစားနေရပြီး သူမမျက် လုံးများက သူ၏ချောမောသော မျက်နှာသွင်ပြင်ကို အနီး ကပ်မြင်တွေ့နေရကာ သူတို့၏ အသက်ရှူသံများမှာလည်း ရောယှက်နေသည်။
"..."
ရှုယင်းယင်း လုံးဝ ကြက်သေသေသွားသည်။
[ဟေး... ရှောင်ချီ၊ သူ... သူ ဘာလုပ်မလို့လဲ]
ရှုယင်းယင်းသည် ထိတ်လန့်သွားပြီး သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ သူ့အကြည့်အား ထိပ်တိုက်ရင်ဆိုင်လျက် လေသံတိုးတိုးဖြင့် မေးသည်။
"ရှင် ဘာလုပ်ချင်လို့လဲ"
[ကယ်ကြပါဦး... သူ ငါ့ကို ဟိုလိုဒီလိုတွေ လုပ်တော့မလို့လား၊ သူက ချောပြီး သူ့ရင်အုပ်ကြွက်သားတွေကလည်း ကိုင်လို့ကောင်းတယ်၊ သူ့ခါးနဲ့ ဝမ်းဗိုက်ကလည်း ငါ့စိတ်ကူးထဲမှာဆို ဆွဲဆောင်မှုရှိတယ်၊ ခြေတံရှည်ပြီး တင်ပါးကလည်း ကောက်ကြောင်းပေါ်တယ်ဆိုတော့ ငါ အရှုံးတော့ မရှိပါဘူး၊ ဒါပေမဲ့ ငါက ဒီအတိုင်း အချောင်နှိုက်ခံလိုက်ရရင် တကယ် လို့များ ငါသဘောကျတဲ့သူနဲ့ တွေ့တဲ့အခါကျရင် ဘယ်လိုလုပ်မလဲ၊ ဒါကမှ တကယ့်အရှုံးကြီးပဲ]
ဟော်ယန့် မျက်လုံးများတွင် မကျေနပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထိုနောက်ဆုံးစကားအား သူ သဘောမကျလှပေ။
"နောက်ထပ် ပရောဂျက်တစ်ခုရောမရှိဘူးလား၊ ကိုယ့်မှာ ပိုက်ဆံအများကြီးရှိတယ်၊ မင်းမှာ အဲဒါကို ရအောင်ယူဖို့ ဆုံးဖြတ်ချက်ရှိ၊ မရှိ အပေါ်မှာပဲ မူတည်တယ်"
ရှုယင်းယင်း သူ့အား တောက်ပစွာ ပြုံးပြလိုက်သည်။
"ဆောရီးပါ... ကျွန်မက ညစ်ပတ်တဲ့ အကြံအစည်တွေနဲ့တော့ ပိုက်ဆံမရှာဘူး"
ရှုယင်းယင်းသည် ဟော်ယန် အာရုံလွတ်သွားသော အခိုက် အတန့်ကို အခွင့်ကောင်းယူကာ သူ့ဆုပ်ကိုင်မှုမှ အမြန်ရုန်းထွက်ပြီး ထွက်ပြေးသွားတော့သည်။
ဟော်ယန်သည် ကျယ်လောင်စွာပိတ်သွားသော တံခါးပိတ်သံကြီးကြောင့် အတွေးကမ္ဘာထဲမှ လက်တွေ့ဘဝဆီသို့ ပြန်ရောက်လာသည်။ ထို့နောက် တံခါးပိတ်သွားသော သူမအခန်းဘက်သို့ လှမ်းကြည့်ပြီး သဘောကျစွာ အသံထွက်ရယ်မောလိုက်လေတော့၏။
ကြောက်တော့ကြောက်တတ်သား၊ ဒါပေမဲ့ ငါ့ကို မြူဆွယ်ဖို့လည်း ကြိုးစားသေးတယ်၊ သူမက ချစ်စရာကောင်းသလိုလိုနဲ့ အမြင်ကတ်စရာလည်း ကောင်းလိုက်သေး ဟမ့်...
ရှုယင်းယင်း အခန်းထဲသို့ ပြန်ရောက်ရောက်ချိန် သူမ မျက် နှာနှင့် လည်ပင်းတစ်၀ိုက်လုံး မီးဟုန်းဟုန်းတောက်မတတ် နီရဲသွားသည်။ သူမ၏ ရင်ခုန်သံများမှာမူ ထိန်းမနိုင်သိမ်းမရအောင် ဆောင့်ခုန်နေပြီး ရင်ဘတ်ထဲမှ အပြင်သို့ပင် ခုန်ထွက်လာတော့မည့်အလားပင်။
[ဟယ်... သူက ဘယ်လိုလုပ်ပြီး ပြန်တုံ့ပြန်လာတာလဲ၊ အဓိကဇာတ်ကောင်တွေရဲ့ အလွန်အကျွံ တုံ့ပြန်တတ်တဲ့ သဘာဝက သူ့အပေါ်ကျ ဘာလို့ အလုပ်မလုပ်ရတာလဲ၊ ငါ့ကို ဘာလို့ ဒေါသတကြီး တွန်းမထုတ်လိုက်တာလဲဟ]
[သူက နင့်ကို တဖြည်းဖြည်း သဘောကျလာတာများ ဖြစ်နိုင်မလား]
[သူ ငါ့ကို သဘောမကျပါဘူးဟယ် ဒါပေမဲ့ အခွင့်အရေးယူချင်တဲ့ လက္ခဏာတွေတော့ ပြလာပြီ]
ကိုယ့်အခန်းထဲသို့ ပြန်မဝင်သေးဘဲ တံခါးအပြင်ဘက်၌ ရပ်နေဆဲဖြစ်သော ဟော်ယန် : "..."
အချိန်တိုင်း အနှောင့်အယှက်ပေးခံရ၊ အချောင်နှိုက်ခံနေရတာက ကိုယ်ပါကွာ၊ ကိုယ်ကကျ ဘယ်သွားတိုင်ရမှာလဲ။
ရှုယင်းယင်းသည် သူမ လက်ဖဝါးပြင်လေးကို ငုံ့ကြည့်လိုက်မိသည်။ အခုအချိန်အထိ ဟော်ယန်၏ခပ်ပြင်းပြင်း နှလုံးခုန်သံများက သူမ လက်ဖဝါးပေါ်တွင် စွဲကျန်ရစ်နေဆဲဟုပင် ခံစားနေရဆဲဖြစ်သည်။
အဲ့တာ တကယ်ကို အရမ်းမြန်လွန်းတယ်၊ သူများ ငါ့ကိုတကယ် သဘောကျနေတာလား...
ရှုယင်းယင်းသည် သူမ၏ခေါင်းကို အဆက်မပြတ် ခါယမ်းပစ်လိုက်သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
[မဖြစ်ဘူး... စိတ်လေးနည်းနည်း ငြိမ်သွားအောင် တစ်ခုခုသောက်မှ ဖြစ်တော့မယ်]
ထိုစဉ်မှာပင် ဟော်ယန် ဖုန်းထဲတွင် သူ၏ ငတုံးသားသုံးယောက်ထံမှ ပထမထပ်ရှိ ဘားတွင် အရက်သွားသောက်ရန် ဖိတ်ခေါ်စာ ဝင်လာလေသည်။ သူ လာမည်ဟု အကြောင်းပြန်လိုက်ပြီးနောက် ရှုယင်းယင်း တံခါးဖွင့်လာမည့် အချိန်ကိုသာ အေးဆေးစွာ ရပ်စောင့်နေသည်။
"ကျီခိုင်တို့နဲ့အတူ အရက်သွားသောက်မလို့ လိုက်မလား"
သူသည် တံခါးဖွင့်လာသော ရှုယင်းယင်းအား လှမ်းမေးလိုက်သည်။
ရှုယင်းယင်းသည် ကျီခိုင်ဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် စိတ်ငြိမ်သွားစေရန် အတင်းအဖျင်း တစ်ခုခုအား အသည်းအသန် နားထောင်ချင်စိတ်ဖြစ်သွားသဖြင့် ချက်ချင်း ခေါင်းညိတ်သဘောတူလာသည်။
"သောက်မယ်လေ"
ထို့နောက် ရှုယင်းယင်းသည် ဟော်ယန်ကိုပင် လှည့်မကြည့်တော့ဘဲ အခန်းထဲမှ အမြန်ထွက်သွားလေရာ သူမ၏ အလျင်လိုကာ ပြာယာခတ်နေသော ပုံစံမှာ မသိသူများအဖို့ ကျီခိုင်သည်သာ သူမ၏ ချစ်သူဟုပင် ထင်မှတ်မှားသွားစေနိုင်လောက်၏။
တကယ်ကို ဒေါသထွက်ဖို့ကောင်းတာပဲ...
ဟော်ယန်သည် သူ့ဒေါသကို မျိုသိပ်ကာ စိတ်ကိုအတင်းလျော့ချပြီး အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။
သူတို့နှစ်ဦး ရှေ့သို့ သိပ်မရောက်သေးခင်မှာပင် ဟိုတယ်စင်္ကြန်လမ်း၌ ကျန်သုံးယောက်နှင့် ဆုံလေသည်။
"မင်္ဂလာပါ မရီး"
သုံးယောက်သား ပြိုင်တူ နှုတ်ဆက်လိုက်ကြရာတွင် ကျီခိုင်အသံက အထူးတလည်ကို တက်ကြွနေသည်။
"မင်္ဂလာပါရှင်"
ရှုယင်းယင်း ပြန်လည်နှုတ်ဆက်ပြ ကျီခိုင်ရှိရာဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။ ထိုအရာကြောင့် ကျီခိုင်မှာ လန့်ဖြန့်သွားပြီး သူမနောက်မှ ပါလာသော တစ်စုံတစ် ယောက်၏ မည်းမှောင်နေသော မျက်နှာကြီးကို မြင်လိုက်ရသောအခါ သူ့ နှလုံးခုန်သံများပင် ရပ်တန့်မတတ် ဖြစ်သွားရသည်။
မဖြစ်နိုင်ဘူး... မရီးက ငါ့ကြောင့် အစ်ကိုယန်နဲ့ ပြဿနာ ထပ်တက်လာပြန်ပြီလား၊ အူးဝါး... ကယ်ကြပါဦးဗျို့၊ ကျွန်တော်က အပြစ်ကင်းတဲ့သူပါဗျ။
ကျန်နှစ်ယောက်မှာမူ ရှုယင်းယင်းနှင့် ကျီခိုင်တို့ ရင်းနှီးစွာ စကားပြောနေသည်အယး ပွဲကြည့်ပရိသတ်အလား သဘော ကျစွာ ကြည့်နေကြပြီး မျက်နှာမည်းမှောင်နေသူကို တစ်ချက်အကဲခတ်ကာ အမြန်နောက်ချန်နေခဲ့ကြသည်။ ထို့နောက် မည်သည့်အရာ ဆက်ဖြစ်မည်နည်းကို စောင့်ကြည့်နေကြလေ၏။
"မရီးက ကျီခိုင်နဲ့ ဆက်ဆံရေး တော်တော်ကောင်းပုံရတယ်နော်"
"အေးလေ အေးလေ... တကယ်ကို အံ့သြစရာကြီးပဲ"
"မင်းတို့ စကားမပြောဘဲ ပါးစပ်ပိတ်နေလို့ အနေတယ်လို့ ဘယ်သူမှ မထင်ပါဘူးကွ"
ဟော်ယန် လှမ်းဟောက်ပြီးနောက် ကျီခိုင်၏ဘေးသို့ ခပ်သွက်သွက်သွားကာ သူတို့နှစ်ယောက်ကြားကို ၀င်ဖြတ်လိုက်သည်။
ကျီခိုင် : QAQ အစ်ကိုတို့ လင်မယား ဇာတ်လမ်းထဲမှာ ကျွန်တော် မပါချင်ဘူးဗျာ... ကယ်ကြပါဦး
ထိုအဖွဲ့သည် ဘားအတွင်း၌ အကောင်းဆုံး ရှုခင်းရနိုင်မည့် VIP နေရာတစ်ခုအား ရွေးချယ်လိုက်ကြပြီး စင်မြင့်ထက်မှ ဖျော်ဖြေမှုကို ကြည့်ရှုကာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသည်။
ကျီခိုင်မှာ သူ့ အချစ်ရေးအတွက် မရီး၏ စိတ်အားထက်သန်စွာ စိုးရိမ်ပူပန်ပေးမှုများကို အလိုက်တသိ တုံ့ပြန်နေရသည့်အပြင် အခြားတစ်ဖက်တွင်လည်း မျက်နှာထား တင်းမာနေသော တစ်စုံတစ်ယောက်၏ ခံစားချက်အား ဂရုစိုက်ကာ မရီးနှင့် လုံခြုံသော အကွာအဝေးတစ်ခုကို သတိထားထိန်းသိမ်းနေရသည်။
"အားယန်... တကယ်ပဲ နင်ပါလား၊ ဘယ်တုန်းက နိုင်ငံခြားကနေ ပြန်ရောက်တာလဲ"
ရုတ်တရက် ချိုသာသောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် အပြာရင့်ရောင် ဝတ်စုံနှင့် မိန်းမလှလေးတစ်ဦးမှာ ကျက်သ ရေရှိစွာ လျှောက်လှမ်းလာပြီး ဟော်ယန်ဘေးရှိ လွတ်နေသော ခုံတွင် ဝင်ထိုင်လိုက်သည်။
ဟော်ယန်မှာ အနည်းငယ် အံ့အားသင့်သွားပြီး သူ့ရှေ့တည့်တည့်တွင် ထိုင်နေသော ရှုယင်းယင်းအား မသိစိတ်မှ လှမ်းကြည့်လိုက်မိသည်။ ထိုအခါ ရှုယင်းယင်းသည် ကျောက်ရှီ၏မျက်နှာကို အလွန်အမင်း စူးစမ်းလိုစိတ်များဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူ မျှော်လင့်နေသည့်အတိုင်း အသံတစ်သံကို ကြားလိုက်ရလေသည်။
[ကျစ်... ငါ နင့်ကို ဘာပြောခဲ့လဲ၊ ဟော်ခွေးကောင်ရဲ့ ဇာတ် ကောင်စရိုက်က ပြဿနာတွေကို ဆွဲငင်တဲ့ သံလိုက်ကြီးလိုပဲ၊ ပြိုင်ဘက်တွေကလည်း ပတ်ချာလည်ဝိုင်းနေတာ၊ သူ့ကို သွားပတ်သက်မိတဲ့ သူတိုင်းကတော့ ဂန့်တာပဲ]
ဟော်ယန် : "..."
ကျန်သုံးယောက်မှာမူ အရက်သောက်ဟန်ဆောင်ထားသော် လည်း အချင်းချင်း ခေါင်းချင်းကပ်ကာ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားကြပြီး ဟော်ယန်အား သနားကြင်နာသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူတို့ မျှော်လင့်စောင့်စားနေရတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ် လမ်းကြီး ရောက်လာပြီဟေ့။
ကျောက်ရှီမှာလည်း အနည်းငယ် ထိတ်လန့်သွားပြီး ထိုဝိုင်းတွင် ရှိနေသော တစ်ဦးတည်းသော အမျိုးသမီးကို မသိစိတ်မှ လှမ်းကြည့်လိုက်မိသည်။ ခုနက ကြားလိုက်တာ သူ့အသံလား၊ ဒါပေမဲ့ သူ ပါးစပ်က မဟခဲ့ဘူးလေ...
🍁 Chapter 114
[ဟော်သခင်လေးက စပြီးမြူဆွယ်တာ မဟုတ်ဘူး၊ ဒီမိန်းမက သူ့ကို အရူးအမူးချစ်ပေမဲ့ လက်မလှမ်းမီလို့ အစားထိုးမယ့်သူ တစ်ယောက်နဲ့ လက်ထပ်လိုက်တာ၊ ဒါပေမဲ့ တကယ့် ဟော်ယန်ကိုတော့ ဘယ်တော့မှ မမေ့နိုင်ဘဲ နှစ်တွေတစ် လျှောက်လုံး တိုက်ဆိုင်မှုတွေကိုဖန်တီးပြီး ဟော်ယန် အရက် မူးနေချိန်တိုင်း အခွင့်အရေးယူဖို့ ကြိုးစားနေတာလေ၊ အဲဒါကြောင့် ဟော်ယန် အရက်သောက်တိုင်း သူနဲ့ အမြဲတိုက်တိုက်ဆိုင်ဆိုင်ပြီး ဆုံနေရတာပေါ့]
ကျောက်ရှီ ထပ်မံ၍ တုန်လှုပ်သွားရပြန်သည်။ ဒါ ဘယ်သူ့အသံလဲ၊ သူတို့က ငါ့ရဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ် ဒီလောက်တောင် အသေးစိတ် သိနေရတာလဲ..
ဟော်ယန်သည် ကျောက်ရှီ မျက်နှာပေါ်မှ အံ့အားသင့်ကာ ထိတ်လန့်နေသော အမူအရာကိုသတိပြုမိလိုက်သည်နှင့် သူ့ မှုန်မှိုင်းနေသော စိတ်အခြေအနေက ရုတ်တရက် လန်းဆန်းသွားတော့သည်။
သူထင်တာသာ မမှားဘူးဆိုရင် အတင်းအဖျင်း ဘုရင်မလေးက ကျောက်ရှီရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တော့မည်မှာ သေချာတယ်...
ကျောက်ရှီးအနေဖြင့် ဤနှစ်တွေတစ်လျှောက်လုံး ထိုသို့တိုက်ဆိုင်မှုမျိုးကို မည်သို့များကြံစည်ဖန်တီးခဲ့သလဲဆိုတာ သူ သိချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူသည် ပုံမှန်နှင့်မတူဘဲ ကျောက်ရှီအား တုံ့ပြန်သည့်အနေဖြင့် အရက်ခွက်ကို ညင်သာစွာ မြှောက်ပြလိုက်သည်။
"မတွေ့တာ တကယ်ကိုကြာပြီပဲ၊ အတူတူ ထိုင်သောက်ကြမလား"
ကျောက်ရှီသည် ဟော်ယန်ဘက်မှ ယခုကဲ့သို့ ဦးစွာစတင် ဖိတ်ခေါ်လာမှုကို ကြုံတွေ့လိုက်ရသောအခါ ဝမ်းသာလွန်း၍ အစောက ထူးဆန်းသော အသံပိုင်ရှင်ကိုပင် မေ့လျော့သွားတော့သည်။
သူမသည် ဝိုင်းထဲရှိ အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်ရာ မည်သူကမျှ ထူးခြားသော တုံ့ပြန်မှုမရှိသည်ကို မြင်လိုက်ရသဖြင့်၊ ခုနကအသံမှာ သူမ၏စိတ်ကူးယဉ်ထင် ယောင်ထင်မှားဖြစ်မှု သက်သက်သာဖြစ်မည်ဟု ယူဆလိုက်သည်။
သူမသည် ဟော်ယန်ကမ်းပေးလာသော အရက်ခွက်ကို အဆင်သင့် လှမ်းယူလိုက်ပြီးနောက်၊ ရှုယင်းယင်းကို လုံးဝ အဖက်မလုပ်တော့ဘဲ လျစ်လျူရှုကာ သူတို့နှင့် စကားစမြည် စတင်ပြောဆိုလေတော့သည်။
အကယ်၍ သူမသာ သေချာစွာ အကဲခတ်ခဲ့ပါလျှင် ဟဲ့ယန်နှင့် ကျန်နှစ်ယောက်သည် အချင်းချင်းအကြည့်ချင်းဖလှယ်နေကြပုံနှင့် သူတို့မျက်လုံးများအတွင်းဝယ် စိတ်လှုပ်ရှားမှုများတောက်ပနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
[ကျစ် ကျစ် ကျစ်... ဟော်ခွေးကောင်က တကယ်ကို ဘာမှမသိတာပဲ၊ အဲ့မိန်းမ ဘာတွေးနေလဲဆိုတာ သူ မမြင်ဘူးလား]
[ဟေ့... နင်ပဲ ပြောခဲ့တာလေ၊ သူက အလုပ်ကိုပဲ အာရုံစိုက်တာ၊ မိန်းမတွေဆိုတာ သူ့ရဲ့ နားလည်နိုင်စွမ်း ပြင်ပမှာပဲရှိတာလို့၊ သူ ဘယ်လိုလုပ် ဒီမိန်းမရဲ့ ရည်ရွယ်ချက်တွေကို မြင်နိုင်မှာလဲ]
[ဒီမိန်းမက သူ့ကို အရမ်းချစ်လွန်းလို့ နှစ်သိမ့်မှုရအောင် အစားထိုးတစ်ယောက်ကို ရှာခဲ့တယ်ဆိုတာသာ သူသိရင် သူ ပျော်သွားမလား၊ စိတ်ဆိုးသွားမလား]
[ဟော်ယန်ရဲ့ ခံစားချက်တွေကို ဘေးချိတ်ထားလိုက်စမ်းပါ၊ ဒီမိန်းမရဲ့အစားထိုးကောင်က တကယ့်လိမ်လည်သူ လူလည်ကြီးဆိုတာ သခင်မလေးသာ သိသွားရင် သေချာပေါက်ကို သွေးတက်သွားလိမ့်မယ်]
[ဟမ်.... ဒါက သတင်းကြီးပဲ မြန်မြန်ပြောပြစမ်းပါဟာ]
အလွန်အရသာရှိလှသော အတင်းအဖျင်းကြီး လာတော့မည်ကို ကြားလိုက်ရသဖြင့် ထိုဝိုင်းတွင်ရှိနေသော လူအားလုံး ကိုယ်စီနားစွင့်လိုက်ကြသည်။
အမှန်ပြောရလျှင် ဤနိုင်ငံခြားမှာ ထိုသို့အတင်းအဖျင်း နားထောင်ခွင့်ရခြင်းသည် သူတို့အတွက်တော့ နတ်ပြည်ပင်။ ကျောက်ရှီမှာ ဟော်ယန်နှင့် ဆုံတွေ့ရခြင်း၏အတွေးလှိုင်းများထဲမှ မရုန်းထွက်နိုင်သေးခင်မှာပင် သူမ ခင်ပွန်းအကြောင်း အတင်းအဖျင်းများ ပါလာသည်ကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူမကိုယ်တိုင်လည်း တိတ်တဆိတ် နားစွင့်လိုက်မိသည်။
သူမ ယောင်္ကျားက ကျောက်မိသားစုအတူ ခုနစ်နှစ်၊ ရှစ်နှစ်လောက် အတူနေလာပြီး အမြဲတမ်း ကိုယ့်ဘာသာအေးအေး ဆေးဆေး နေတတ်တဲ့ လိမ္မာရေးခြားရှိပြီး တာဝန်ကျေတဲ့သူက ဘယ်လိုအရှုပ်တော်ပုံတွေများ ပေါ်လာမှာမို့လို့လဲ...
[ငါ သေချာပြောပြမယ်... သခင်မလေးကျောက်အတွက် ရိုးသားပြီး လိမ္မာတဲ့ပုံပေါက်နေတဲ့ အဲဒီအစားထိုးကောင်က ကျောက်မိသားစုရဲ့ ပိုက်ဆံတွေကိုသုံးပြီး သူ့ရဲ့ အချစ်ဦးကို တိတ်တဆိတ်ထောက်ပံ့နေတာဟ၊ သူက ကားနဲ့ အိမ်တောင် ဝယ်ပေးထားသေးတယ်၊ သူတို့နှစ်ယောက်ရထားတဲ့ ကလေးက အသက်သုံးနှစ်တောင်ရှိနေပြီ၊ ဒီနှစ်မှ မူကြိုစတက်တာတဲ့]
[ဝိုး... အဲဒီအစားထိုးကောင်က တော်တော် အတင့်ရဲတာပဲ]
ဟဲ့ယန်နှင့် ကျန်နှစ်ယောက်လည်း အချင်းချင်းနောက်တစ်ကြိမ်အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။ မိန်းမကို မှီခိုပြီး အသက်မွေးတဲ့ ထမင်းစားဖား ယောက်ျားတွေက တကယ်ကို အရှက်အကင်းမဲ့ဆုံးပဲ...
[ဒါတင်မကသေးဘူး၊ အဲဒီ အစားထိုးကောင်ရဲ့ မိဘတွေကလည်း ဒီကိစ္စကို အကုန်သိတယ်၊ ပြီးတော့ လူကြီးနှစ်ယောက်ကလည်း သူ့ရဲ့ ပထမဆုံးအချစ်ဦးကိုပဲ ချွေးမအဖြစ် လက်ခံခဲ့ကြတာ၊ သူတို့ နေမကောင်းလို့ ဆေးရုံတက်ရတော့လည်း အဲဒီအချစ်ဦးကပဲ သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ပြုစုစောင့်ရှောက်ပေးခဲ့တာလေ]
[အဲဒီတော့ တစ်မိသားစုလုံးက သခင်မလေးကိုဝိုင်းပြီး ဂုတ်သွေးစုပ်နေကြတာပေါ့]
[ဂုတ်သွေးစုပ်ရုံတင် ဘယ်ကမလဲ၊ သူက ကျောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုပါ လျှို့ဝှက်ပြီးလွှဲပြောင်းနေသေးတာ၊ သေချာတာကတော့ ပိုက်ဆံတွေ အလုံအလောက်ရရင် သူ့ရဲ့ ပထမဆုံး အချစ်ဦးနဲ့ နိုင်ငံခြားကို ခိုးရာလိုက်ပြေးချင်လို့ ဖြစ်မယ်]
[သခင်မလေးကျောက်က အပြင်ပန်းကြည့်ရင် တော်တော် ပါးနပ်တဲ့ပုံပါပဲ၊ အဲ့လူယုတ်မာရဲ့ ညစ်ပတ်တဲ့အကြံအစည်တွေကို သူ လုံးဝသတိမထားမိစရာ အကြောင်းမရှိဘူး မဟုတ်လား]
[ဟေ့... ကိုယ့်ယောက်ျားကို တစ်နေကုန် ၂၄ နာရီ ထိုင်စောင့်ကြည့်နေမယ့်သူ ဘယ်သူရှိလို့လဲ၊ ပြီးတော့ အစပိုင်းကတည်းက အဲဒီလူယုတ်မာက သခင်မလေးအပေါ် ရိုးသားပြီး လိမ္မာတဲ့ပုံရိပ်ကို အသေအချာ တည်ဆောက်ထားတာလေ၊ သူ့ရဲ့ ဟန်ဆောင် ဇာတ်ကောင်စရိုက်က အရမ်းကို ပြီးပြည့်စုံလွန်းနေတာကိုး]
[ဘုရားရေ... နောက်ထပ် ငနာလေး တစ်ယောက်ပါလား]
[တကယ်တော့ သခင်မလေးရဲ့ အစပိုင်း ရည်ရွယ်ချက်တွေကလည်း ဖြူစင်တာမှ မဟုတ်တာ၊ အဲဒီလူယုတ်မာက သူဟာ အစားထိုးတစ်ယောက်ပဲဆိုတာကို အမြဲသိနေတယ်၊ ဒါကြောင့် သခင်မလေးက သူ့ကို စိတ်ကုန်သွားပြီး ဘာမှမရဘဲ မောင်းထုတ်ခံရမယ့်အချိန်ကို ထိုင်စောင့်နေမယ့်အစား သူက သမက်နေရာကို အသုံးချပြီး ပိုက်ဆံအများကြီးရှာပြီးတာနဲ့ သူ့ချစ်သူနဲ့ မိသားစုကို ခေါ်ပြီး ထွက်ပြေးဖို့ ကြိုတင် ကြံစည်ထားခဲ့တာလေ]
[ပြီးတော့ သခင်မလေးကျောက်က သူ့ကို စပြီး မျက်စိကျတုန်းကလည်း အောက်လုံးတွေသုံး၊ ကောက်ကျစ်တဲ့ နည်းလမ်းတွေနဲ့ အတင်းအကျပ် ဖိအားပေးခဲ့တာဟ]
[ဝိုး... ကောက်ကျစ်တဲ့ နည်းလမ်းတွေနဲ့ အတင်းအကျပ် လုပ်တာမျိုးဆို နားထောင်ရတာ အရမ်းကြိုက်တာပဲ၊ အသေးစိတ် ထပ်ပြောပြပါဦး]
ကျောက်ရှီသည် သူမလက်သီးပား စားပွဲအောက်တွင် တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သူမ ခင်ပွန်း၏ အတင့်ရဲလှသော သစ္စာဖောက်မှုကြောင့် ရင်ထဲတွင် ဒေါသမီးများ ဟုန်းဟုန်းတောက်သွားသော်လည်း သူမ အာဏာကို စိန်ခေါ်ခံလိုက်ရခြင်းက ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်။
သူက ဘယ်လိုလုပ် ကျောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လောဘတကြီး မက်မောရဲရတာလဲ...
[အဲဒီလူယုတ်မာနဲ့ သူ့ရဲ့ ပထမဆုံး အချစ်ဦးက အထက်တန်း ကျောင်းကတည်းက တွဲလာခဲ့ကြတာ၊ တက္ကသိုလ်တောင် အတူတူတက်ခဲ့ကြတာတဲ့၊ သူတို့က ဘွဲ့ရရင် လက်ထပ်ကြမယ်၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေ အတူတူယူမယ်၊ လစာကောင်းပြီး လေးစားစရာကောင်းတဲ့ အလုပ်တွေရှာမယ်ပြီးမှ ကလေးယူမယ်လို့ သေချာ စီစဉ်ထားခဲ့ကြတာ၊ ဒါပေမဲ့ သူတို့ တက္ကသိုလ်နောက်ဆုံးနှစ်မှာ လူယုတ်မာရဲ့ အဖေက ရုတ်တရက် နေမကောင်းဖြစ်ပြီး ရိုးတွင်းခြင်ဆီ အစားထိုးကုသဖို့ လိုအပ်လာတော့ အခြေအနေတွေ အကုန်ပြောင်းလဲသွားတော့တာပဲ]
[လူယုတ်မာနဲ့ သူ့ကောင်မလေးက နောက်ခံချင်း တူကြတယ်၊ နှစ်ယောက်စလုံးက နယ်မြို့လေးတွေကနေလာတဲ့ ပညာရည်ချွန် ကျောင်းသားတွေဖြစ်ပြီး သာမန်ဝင်ငွေပဲ ရှိကြတာလေ၊ သူတို့က အချိန်ပိုင်းအလုပ်တွေနဲ့ ပညာသင်ဆုတွေကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ရပ်တည်ခဲ့ကြပေမဲ့ သူ့အဖေ နေမကောင်းဖြစ်ကတည်းက ကုသစရိတ်အတွက် ပိုက်ဆံတွေ စုပေါင်းသုံးခဲ့ရလို့ မြန်မြန်ဆန်ဆန်ပဲ ငွေရေးကြေးရေး ပင်ပန်းနွမ်းနယ်လာပြီး သူတို့ရဲ့ ပညာရေးတွေလည်း ထိုးကျသွားခဲ့ရတယ်]
[သူ့ကောင်မလေးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ လူယုတ်မာက သူ့အဖေကို ပြုစုဖို့နဲ့ ပိုက်ဆံရှာဖို့ တာဝန်ယူခဲ့ပြီး နောက်ဆုံး ကျောင်းကနေတောင် ထွက်ခဲ့ရရှာတယ်]
[ဟူး... ဒါဆို သူတို့ရဲ့ အနာဂတ် အစီအစဉ်တွေက အကန့်အ သတ်မရှိ ရွှေ့ဆိုင်းသွားရတော့မှာပေါ့]
[သူတို့ရဲ့ အစီအစဉ်တွေ နောက်ကျသွားရုံတင် မကဘူး၊ သင့်တော်တဲ့ ရိုးတွင်းခြင်ဆီ အလှူရှင်ကိုလည်း ရှာမတွေ့နိုင်လို့ မိသားစုတစ်ခုလုံး စိတ်ပျက်မှု နွံထဲကို ကျဆင်းသွားရတော့တာ]
[အဲဒီအချိန်မှာပဲ ကျောက်ရှီက ပေါ်လာတာ၊ သူမက ကျောင်းရဲ့ စပွန်ဆာတစ်ယောက်အနေနဲ့ ပွဲတစ်ခုအတွက် ကျောင်းကိုသွားရင်း ဟော်ယန်နဲ့ ၇၀ ရာခိုင်နှုန်းလောက်တူတဲ့ အဲဒီယောက်ျားကို ချက်ချင်း သတိထားမိသွားတာ၊ သူက ချက် ချင်းလူလွှတ်ပြီး နောက်ကြောင်းစုံစမ်းခိုင်းပြီး သင့်တော်တဲ့ ရိုးတွင်းခြင်ဆီ အလှူရှင်ကိုကူညီရှာဖွေပေးခဲ့တယ်]
[ပြီးတော့ သူမက အဲ့အချက်ကို အသုံးချပြီး သူ့ကို အလျှော့ ပေးလာအောင် အကျပ်ကိုင်ခဲ့တာပေါ့လေ]
[မဟုတ်ဘူး မဟုတ်ဘူး၊ သူက အစကတည်းက သူ့ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူး၊ သူမအပေါ် အကြွင်းမဲ့ သစ္စာရှိအောင် မလုပ်နိုင်ဘူးဆိုရင် အဲဒီ အစားထိုးကောင်က အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတာ၊ အဲ့လိုသာဆို အလှမ်းဝေးလွန်းတဲ့ ဟော်ယန်ဆိုတဲ့ ပန်းပွင့်ကို တိုက်ရိုက် ခူးယူလိုက်တာကမှ ပိုကောင်းမယ်လို့ တွေးခဲ့တာ]
[အဲဒီတော့ သခင်မလေးက ဘယ်လို ယုတ်မာတဲ့အလုပ်မျိုးကို လုပ်ခဲ့တာလဲဟ]
[သေချာတာပေါ့... သူက အဲဒီလူကို အရပ်မျက်နှာ အသီးသီးကနေ အသေအချာ ထောင့်ပိတ်ဖမ်းလိုက်ပြီးမှ နောက်ဆုံး ဒုက္ခထဲကနေ ကယ်တင်ပေးမယ့် ကယ်တင်ရှင် နတ်သမီးတစ်ပါးလို ဟန်ဆောင် ဆင်းသက်လာခဲ့တာလေ]
[ဝါး... ဒါက အကြံအစည်တွေ အပြည့်ပါတဲ့ အရှုပ်တော်ပုံ ဇာတ်လမ်းတစ်ပုဒ်လိုပဲ၊ ငါ သေချာကို နားစွန့်နေပြီ]
[အကြံအစည်တွေ အပြည့်ပါရုံတင် ဘယ်ကမလဲ၊ သူ အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းစဉ်ကလည်း အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ ငါ ဖြည်းဖြည်းချင်း အသေး စိတ် ပြောပြမယ်]
အတင်းအဖျင်း ခိုးနားထောင်နေသူ အားလုံးသည် ခါးကို မတ်လိုက်ကြပြီး အရက်ခွက်များကို ကိုင်ကာ လည်ချောင်းရှင်းသည့်အနေဖြင့် တစ်ငုံစီ သောက်ကြသည်။ စီးပွားရေးလုပ်ငန်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ စိတ်မဝင်စားတတ်သော ဟော်ယန်ပင်လျှင် သူ့ နားရွက်များကို စွင့်ကာ ဂရုတစိုက် နားထောင်နေဟန်ပြုသည်။
ကျောက်ရှီမှာ ဆို့နင့်သွားပြီး သူမ နှစ်ပေါင်းများစွာ စိတ်ကူးယဉ် ကိုးကွယ်ထားသော အမျိုးသားနတ်ဘုရား၏အေးစက် စက် ပုံရိပ်ကြီးမှာ စတင်အက်ကွဲလာပြီဟုပင် ခံစားလိုက်ရတော့သည်။ ဟော်ယန်သည် ကျောက်ရှီ၏အနည်းငယ် မထီမဲ့မြင်ပြုကာ စိတ်ပျက်သွားဟန်ရှိသော အကြည့်ကို တွေ့လိုက်ရသော်လည်း ဂရုမစိုက်ပဲ မျက်ခုံးတစ်ဖက်ကိုပင့်ကာ လှောင်ချင်စိတ်ဖြင့် ကြည့်လိုက်သည်။
မင်းလို အကြံအစည်ကြီးတဲ့မိန်းမက အတင်းအဖျင်းနား ထောင်ရတာ ဘယ်လောက် ပျော်စရာကောင်းလဲဆိုတာ ဘယ်သိပါ့မလဲ
ဟော်ယန်၏ ကျေနပ်ဂုဏ်ယူနေသော မျက်နှာကြီးတွင် အထင်းသားပေါ်နေသည်မှာ ငါ့မိန်းမရဲ့ အတင်းအဖျင်းတွေက အရမ်းကို ပေါက်ကွဲအား ကောင်းမှကောင်း...