← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

🍁 Chapter 115

ရှုယင်းယင်းသည်တော့ ပတ်ဝန်းကျင်ရှိ လူအများမှာနောက် ဆက်တွဲ ဇာတ်ကြောင်းအား ရင်တမမဖြင့် စောင့်ကြည့်နေကြသည်ကို လုံးဝ သတိမထားမိပဲ အတွေးစများကို စုစည်းလျက် စိတ်ဝင်စားဖွယ် ဇာတ်လမ်းနောက်ကွယ်မှ အကြောင်း အရာများကိုသာ ဆက်လက်၍ အာရုံစိုက်နေမိတော့သည်။

[ဆေးရုံအုပ်ကြီးဆီကနေ အဖေ့အတွက် ကိုက်ညီမယ့် ရိုးတွင်းခြင်ဆီ အလှူရှင်တွေ့ပြီလို့ ကြားလိုက်ရချိန်မှာ၊ အဲဒီလူယုတ်မာရဲ့ မိသားစုတစ်ခုလုံး မျှော်လင့်ချက်ရောင်ခြည်သန်းပြီး ဝမ်းသာမျက်ရည် ကျခဲ့ကြရတာ၊ ဒါပေမယ့် နောက်တစ်နေ့မှာတင် ကျောက်ရှီက ကြားဖြတ်ဝင်လာပြ သူမရဲ့ အာဏာကိုသုံးပြီး အဲဒီရိုးတွင်းခြင်ဆီကိုလုယူသွားခဲ့တာပဲ၊ ပြီးတော့ သေလုမျောပါးဖြစ်နေတဲ့ ဖခင်ကို အသုံးချပြီး သူ့ကို အကျပ်ကိုင် စေ့စပ်ဖို့ ကြိုးစားခဲ့တယ်]

[နောက်တစ်နေ့ကျတော့ အဲဒီလူယုတ်မာ တကယ်ရောက် လာခဲ့တယ်၊ ကျောက်ရှီက ခမ်းခမ်းနားနား ဝတ်ဆင်ထားပြီး ဘေးမှာလည်း ကိုယ်ရံတော် နှစ်ယောက်အပြည့်အစုံနဲ့ ဆေးရုံအုပ်ကြီးရဲ့ ရုံးခန်းထဲကိုဝင်လာခဲ့တာ၊ သူမရဲ့ အရှိန် အဝါနဲ့ မျက်နှာပေးက ငါက ပိုက်ဆံရော၊ အာဏာရောရှိတယ်၊ နင် ငါ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ပြောင် ပြောင်တင်းတင်း စိန်ခေါ်နေသလိုပဲ၊ ဒီအခြေအနေမှာ လူယုတ်မာခမျာ စေ့စပ်ဆွေးနွေးဖို့သတ္တိတွေ ချက်ချင်းလွင့်စင်သွားတော့တာပေါ့၊ ငွေနဲ့ အာဏာမရှိရင် သူများခြေဖဝါးအောက်မှာ ပြားပြားဝပ်နေရမယ်ဆိုတဲ့ လောကစည်းမျဥ်းကို သူ ကောင်းကောင်း နားလည်သွားခဲ့တယ်]

[သူက နည်းနည်းလေးတောင် မရုန်းကန်ကြည့်တော့ဘူးလား၊ ဥပဒေကြောင်းအရ သူ့အခွင့်အရေးကို ကာကွယ်လို့ရတာပဲ၊ ဦးသူယူစနစ်ဆိုတာ ရှိသင့်တယ် မဟုတ်ဘူးလား]

[တရားစွဲဖို့ဆိုတာ သက်သေတွေ ခိုင်ခိုင်လုံလုံစုဆောင်းရမယ်၊ အချိန်တွေလည်း အများကြီးပေးရမယ်လေ၊ အထူး သဖြင့် သေမင်းနဲ့ အပြေးပြိုင်နေရတဲ့ အချိန်မျိုးမှာ တရားမျှတမှုကို တရွေ့ရွေ့လိုက်ရှာနေဖို့ သူ့မှာ အချိန်မရှိဘူး၊ ပြီးတော့ ကျောက်ရှီကသာ သူ့ကို ရဖို့သန္နိဋ္ဌာန်ချထားပြီးရင် သူ တကယ် နိုင်ပါ့မလား]

[ဒါပေမယ့် ဒါက အကျပ်ကိုင်တာထက်တောင် ဆိုးသေးတယ်၊ ဗိုလ်ကျ အနိုင်ကျင့်နေတာပဲ]

[အေးပေါ့၊ အဲဒါက ကျောက်ရှီ လိုချင်တဲ့အရာပဲလေ၊ သူမကို မယှဉ်နိုင်ရင်တောင် အပေးအယူလုပ်လို့ ရသေးတယ်ဆိုတာကို ပြချင်တာ၊ နင်သာ ငါနဲ့ ပူးပေါင်းမယ်ဆိုရင်၊ ခွဲစိတ်မှုကို အမြန်ဆုံးစီစဉ်ပေးပြီး ကုန်ကျစရိတ် အကုန်လုံးကိုလည်း တာဝန်ယူပေးမယ်လို့ ပြောခဲ့တာလေ၊ အစားထိုးကုသမှု အောင်မြင်ရင်တောင် ခန္ဓာကိုယ်ကလက်မခံတဲ့ နောက်ဆက် တွဲပြဿနာတွေကြောင့် အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တယ်၊ သေချာတဲ့ စောင့်ရှောက်မှုမရှိရင် အသက်ရှင်ဖို့ ခက်တယ် ဒါပေမယ့် ကျောက်ရှီရဲ့အာမခံချက် ပါလာရင်တော့ အရာအားလုံးက ချောမွေ့သွားမှာပဲလေ]

[ဘယ်လိုပဲဖြစ်ဖြစ် သာမန်မိသားစုတစ်ခုမှာ လူမမာတစ်ယောက်ရှိနေတာက ပိုက်ဆံတွေကို မီးရှို့ပစ်နေသလိုပဲ၊ လူအများစုက ဒါကို မတတ်နိုင်ကြဘူး၊ လူနာ မသေခင်မှာတင် မိသားစုပါ မွဲပြာကျသွားနိုင်တယ်]

[ဟူး... တကယ်ကို အကြပ်ရိုက်စရာ အခြေအနေပဲ၊ အဆိုးဆုံးက အဲဒီလူနာက လူယုတ်မာကိုယ်တိုင် မဟုတ်ဘဲ၊ သူ့ကို ကြီးပြင်းအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဖခင် ဖြစ်နေတာပဲ၊ သားသမီးဝတ္တရားနားလည်တဲ့ ဘယ်သူမဆို ကိုယ့်အဖေကို သေမင်းလက်ထဲ ဒီတိုင်း လွှတ်မထားရက်ကြပါဘူး]

[ဟုတ်တယ်၊ တကယ်တော့ ကျောက်ရှီက သူမရဲ့ စည်းကမ်းချက်တွေကို ကမ်းလှမ်းလာကတည်းက လူယုတ်မာက သူမရဲ့ အကြံအစည်တွေကိုအကုန်ရိပ်မိပြီးသား၊ ဒါပေမယ့် သဘောတူလိုက်ရုံကလွဲလို့ သူ့မှာ တခြား လမ်းမရှိခဲ့ဘူးလေ]

[ဒါဆို သူ့ရဲ့ အချစ်ဦးကိုရော သူ ဘယ်လို ရှင်းပြခဲ့မလဲဆိုတာ ငါ သိချင်သား]

[သူ ဘာမှ ဖုံးကွယ်မထားခဲ့ဘူး၊ အမှန်တိုင်းပြောပြခဲ့တာပဲ၊ သူ့အဖေရဲ့အခြေအနေကို အချစ်ဦးက ပိုသိတာပေါ့၊ အဖေဖျားနေချိန် တစ်လျှောက်လုံး လူယုတ်မာရဲ့ အမေရယ်၊ အချစ်ဦးရယ်ကပဲ အလှည့်ကျပြုစုပေးခဲ့ကြတာကိုး၊ ပင်ပန်းပေမယ့် မျှော်လင့်ချက်ရောင်ခြည်လေး ရှိနေလို့သာ သူတို့ တောင့်ခံထားနိုင်ခဲ့ကြတာ၊ အခု ကျောက်ရှီ ဝင်ပါလာတော့ အားလုံးရဲ့ ရုန်းကန်ချင်စိတ်တွေ ရိုက်ချိုးခံလိုက်ရသလိုပဲ၊ အချစ်ဦးကလည်း သာမန်အပြစ်ကင်းတဲ့ မိန်းကလေးမျိုးမှ မဟုတ်တာ၊ လူ့အသိုင်းအဝိုင်းရဲ့ရက်စက်တဲ့ စည်းမျဉ်းတွေကို သူ ကောင်းကောင်းသိတယ်၊ နောက်ဆုံးတော့ ဘာမှ မတတ်နိုင်တဲ့အဆုံး သဘောတူလိုက်ရတာပေါ့]

[လူယုတ်မာရဲ့အမေကလည်း ဒီကိစ္စကို သူ့အဖေဆီကနေ ဖုံးကွယ်ထားဖို့နဲ့ သူ့သားကို သမက်အဖြစ်ထည့်ပေးဖို့ ဆုံးဖြတ်လိုက်ရတယ်၊ အချစ်ဦးကို ဘယ်တော့မှသစ္စာမဖောက်ပါဘူးလို့ ထပ်ခါတလဲလဲ ကတိပေးခဲ့သလို အဖေ ရောဂါပျောက်တာနဲ့ ကျောက်ရှီကိုထားခဲ့ပြီး တစ်မိသားစုလုံး အဝေးကို ထွက်ပြေးကြမယ်လို့လည်း တိုင်ပင်ခဲ့ကြတယ်]

[အကြံကတော့ သိပ်မဆိုးဘူးပဲ]

[အကြံကတော့ ဟုတ်နေတာပဲ၊ ဒါပေမယ့် ကျောက်ရှီရဲ့ ရက်စက်မှုကို သူတို့ လျှော့တွက်ခဲ့ကြတယ်၊ သူမရဲ့ငွေကြေးဆိုတာ အလှူပေးတာမှ မဟုတ်တာ၊ အပိုင်ဝယ်လိုက်တာလေ၊ လူယုတ်မာက အိမ်တော်ထဲကို သမက်အဖြစ်ဝင်သွားရပေမယ့် ကျောက်မိသားစုမှာ သူ့အတွက် နေရာမှမရှိခဲ့တာ၊ သူမ သဘောကျရင် အနားခေါ်ထားမယ်၊ စိတ်မကြည်ရင် ကန်ထုတ်မယ်၊ စိတ်ကြိုက် နှိပ်စက်လို့ရတဲ့အရုပ်တစ်ရုပ်လိုပဲ၊ ပိုဆိုးတာက ကျောက်မိသားစုက သူ့ကိုအမြဲတမ်းမျက်ခြည်မပြတ် စောင့်ကြည့်နေတော ဒီနှစ်တွေတစ်လျှောက်လုံး သူက အိမ်အကူထက်တောင်အဆင့်နိမ့်တဲ့ ဘဝနဲ့ ရှင်သန်ခဲ့ရတာ]

[ကျွတ် ကျွတ်... ကျောက်ရှီက တကယ်ရက်စက်လွန်းတယ်လို့ ပြောရမလားပဲ]

[အေးပေါ့၊ သူက အစားထိုးတစ်ယောက်ကို ရှာနေသလိုလိုနဲ့ တကယ်တမ်းကျတော့ ဒေါသဖြေစရာထိုးကြိတ်ခံရုပ်တစ်ခုကို ရှာနေခဲ့တာ၊ ဟော်ယန်အပေါ်မှာ ခံစားနေရတဲ့ နာကြည်းချက်တွေ အကုန်လုံးကို အဲဒီလူယုတ်မာအပေါ် ပုံချနေခဲ့တာလေ၊ အဲဒီလို အခြေအနေမျိုးမှာ ဘယ်သူမဆို လက်စားချေချင်စိတ် ပေါက်လာမှာပဲ]

[ဟက်... ငါ ဘာပြောခဲ့လဲ၊ ဟော်ယန်က တကယ့် မိစ္ဆာကောင်ကြီးလို့၊ လူတွေရဲ့ မက်မောမှုကိုခံရတာ သူ့အမှား မဟုတ်ပေမယ့် အဖိုးတန်လွန်းတဲ့ အရာတစ်ခုကိုပိုင်ဆိုင်ထားတာကလည်း အပြစ်တစ်ခုလိုဖြစ်နေပြီလေ]

ဟော်ယန်က သူမအား ကူကယ်ရာမဲ့နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်သည်။ သူလည်း အပြစ်ကင်းတဲ့ သူတစ်ယောက်လေ...

ထို့ကြောင့်ပင် ထိုလူယုတ်မာသည် အရာအားလုံးကို ခါးစည်းခံခဲ့သည်။ ကျောက်ရှီ မည်မျှပင် အရှက်ခွဲစေကာမူ သူ့ နှုတ် ခမ်းထက်တွင် အပြုံးတစ်ခုကို အမြဲတမ်း ဆင်မြန်းထားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်မိသားစုသည်လည်း သူ၏သနားစရာကောင်းလှသော အခြေအနေအားမြင်ပြီး မည်သည့်အန္တရာယ်မျှမပေးနိုင်တော့ဟု ယူဆကာ သတိလျော့သွားကြသည်။

မည်သို့ပင်ဆိုစေ သူသည် ကျောက်မိသားစုဝင် ဖြစ်နေသေးရာ ရာထူးတစ်ခုမျှမရှိပါက မိသားစုဂုဏ်သိက္ခာကို ကျဆင်းစေမည်စိုးသဖြင့် ကုမ္ပဏီတွင် အလုပ်ဝင်ခွင့်ပြုလိုက်ကြသည်။ သူသည်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ပြကာ သူ့ အရည်အချင်းများကို သက်သေပြနိုင်ခဲ့သဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာပြီး ယခုအခါတွင် ဒုတိယဥက္ကဋ္ဌ ရာထူးကိုပင် ဆုပ်ကိုင်ထားနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင်သူ ယောက္ခမဖြစ်သူထံမှ ယုံကြည်အားထားမှုကိုပင် ရရှိနေပြီဖြစ်ရာ ကျောက်ရှီ၏အသုံးမကျသော အစ်ကိုထက်ပင်ပိုဩ ဇာကြီးမားလာသည်။

ဤကာလများအတွင်း သူသည် သူ့ အချစ်ဦးကိုလည်းအထူးအခွင့်အရေးများပေးရန် မလစ်ဟင်းခဲ့ပေ။ ဦးစွာ ကုမ္ပဏီတွင် အလုပ်ရရန် ဖန်တီးပေးခဲ့ပြီး နောက်ပိုင်းတွင် လျှို့ဝှက်စွာဖြင့် တစ်ဆင့်ချင်း ရာထူးတိုးပေးခဲ့သည်။ သူ့ ချစ်သူမှာလည်း ထက်မြက်သော ပညာတတ်တစ်ယောက်ဖြစ်လေရာ မားကတ်တင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူးရာထူးသို့ အလျင် အမြန် ရောက်ရှိသွားခဲ့သည်။ ဤအဆင့်သို့ရောက်သောအခါတွင်မူ ပရောဂျက် ရန်ပုံငွေများအား သူတို့အိတ်ကပ်ထဲသို့ လွှဲပြောင်းရန်နှင့် ပိုင်ဆိုင်မှုများကို ခဝါချရန် လျှို့ဝှက်ကြံ စည်မှုများက များစွာလွယ်ကူသွားခဲ့သည်။

သနားဖွယ်ကောင်းသော ကျောက်မိသားစုမှာမူ သူတို့၏ သမက်ဖြစ်သူသည် သူတို့အပေါ် မှီခိုနေရပြီး မိသားစု၏ သစ္စာရှိသော ခွေးတစ်ကောင်အဖြစ် အလုပ်ကြိုးစားပေးနေသည်ဟု ထင်မှတ်မှားနေဆဲပင်။ အမှန်တွင်မူ သူနှင့် အချစ်ဦးတို့ ပူးပေါင်းကာ မိသားစု၏ဘဏ္ဍာတိုက်တစ်ခုလုံးအား ပြောင်သလင်းခါသွားအောင် လုယူရန်ကြံစည်နေကြပြီ ဖြစ်ကြောင်းကို အိပ်မက်ပင်မမက်ခဲ့ကြချေ။

ထိုစဥ် ကျောက်ရှီသည် ပရောဂျက် ငွေစာရင်းများတွင် တဖြည်းဖြည်း ကွဲလွဲမှုများများပြားလာခြင်းနှင့် လုပ်ငန်းစစ်ဆေးမှုများအတွင်း အချို့သော အရာရှိကြီးများ၏ မျက်နှာလွှဲခဲပစ် လုပ်တတ်သော အမူအရာများကို ရုတ်တ ရက်သတိရသွားကာ နေရာတွင် ဆက်၍ငြိမ်ထိုင်မနေနိုင်တော့ချေ။

"ဆောရီး... ကိစ္စလေးပေါ်လာလို့၊ ငါ သွားရတော့မယ်"

သူမသည် စကတ်ကိုဆွဲကာ ကပျာကယာ ထွက်သွားသည်ရှုယင်းယင်းမှာ အလွန်တရာအံ့အားသင့်သွားသည်။

[ဟယ်... သူ ဘာလို့ ထွက်သွားရတာလဲ၊ တကယ်ကို ရှားပါးလှတဲ့ အခွင့်အရေးကြီးကို၊ အဲဒီ ဟော်ခွေးကောင်ကို အရက် မူးအောင် တိုက်ပြီး အခန်းထဲပြန်ခေါ်သွားလိုက်ရင် သူ လိုချင်တာအကုန်ရပြီပဲဟာကို၊ ဟားဟား... ဒီညတော့ ငါ့အခန်းကို တစ်ယောက်တည်း အပိုင်ရပြီဟေ့]

"ဖူး... အဟွတ်၊ အဟွတ်"

ဟော်ယန်သည် မထိန်းချုပ်နိုင်တော့ဘဲ သောက်လက်စ အရက်များ သီးသွားကာ လည်ချောင်းတစ်လျှောက် ပူလောင်သွားရတော့သည်။ သူ့အနီးတွင် ရပ်နေသော ဝမ်ရွှမ်းမှာလည်း လန့်ဖျပ်သွားကာ ပါးစပ်ထဲမှ အရက်များအားထွေးထုတ်မိမတတ် ဖြစ်သွားရသည်။

ဘုရားရေ... ဒါဆို မရီးက အစ်ကိုယန်ကို ဒီလောက်သည်းခံခွင့်လွှတ်ပေးနေတာ သူ့ကို သဘောမကျလို့ကိုး၊ အစ်ကိုယန်ကတော့ တကယ့်ကို အပိုင်ချုပ်ခံလိုက်ရပြီပဲ...

သူတို့သည် အချင်းချင်းနားလည်သဘောပေါက်သော အကြည့်များ ဖလှယ်လိုက်ကြပြီးနောက် ဟော်ယန်အား သနားကြင်နာမှု အပြည့်ပါသော မျက်ဝန်းများဖြင့် လှမ်းကြည့်ကြသည်။ ထိုစဉ် တစ်စုံတစ်ယောက်၏နာကြည်းဝမ်းနည်းနေသော အကြည့်က ရှုယင်းယင်း နှလုံးသားအား ဖောက်ထွင်းသွားမတတ် စူးရှနေစွာ ကြည့်နေသည်။

မင်း လူတစ်ယောက်ကို မချစ်ရင်တောင်မှ သူ့ကို နာကျင်အောင်လုပ်လို့မရဘူးလေ။

သူ့အခန်းဆီသို့ ပြန်ရာလမ်းတစ်လျှောက်တွင် ဟော်ယန်၏ ဒေါသတရားတို့မှာ ပိုမိုအရှိန်အဟုန် ပြင်းထန်လာခဲ့သည်။ သူ့ ခြေလှမ်းတိုင်းက မီးပွင့်မတတ် ပြင်းထန်နေပြီး ကြမ်းပြင်ကိုပင် အပေါက်ဖောက်ချင်နေသည့်အလား လေးလံတင်းမာလို့နေသည်။

🍁 Chapter 116

[ကျွတ် ကျွတ်... သူ့မျက်နှာပေါ်က မကျေမနပ် ဖြစ်နေတဲ့ အမူအရာကြီးကို ကြည့်စမ်းပါဦး၊ သူ့နောက်ကို တကောက်ကောက် လိုက်နေတဲ့သူတွေကို ငါက မောင်းထုတ်လိုက်တာမှ မဟုတ်တာ၊ သခင်မလေးက သူ့ဘာသာ ထွက်သွားချင်လို့ ထွက်သွားတာလေ၊ နင် သူ့ကို လိုချင်ရင် နောက်ကနေပြေးလိုက်သွားပေါ့၊ လိုချင်နေရက်နဲ့ နင့်ရဲ့သားရဲလို အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချချင်ဘူးဆိုတော့... အဲဒါ ဟန်ဆောင်ကောင်းလွန်းတာ မဟုတ်ဘူးလား]

စနစ်မှာမူ Host ဖြစ်သူ၏ထုံထိုင်းမှုကြောင့် စိတ်ပျက်သွားရတော့သည်။ လွန်ခဲ့သော စက္ကန့်ပိုင်းလေးကတင် ဟော်ယန်၏ သနားစရာကောင်းသော မျက်ဝန်းလေးများကို သူ သေချာ ပေါက် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။ သူ့ hostက ဟော်ယန်အား အခြားအမျိုးသမီးများနှင့် သဘောတူပေးမည့် အရိပ်အယောင်လေးပြလိုက်သည်နှင့် တစ်ပြိုင်နက် ဤမာနခဲ စီအီးအိုကြီးသည် မကျေမချမ်းဖြစ်နေသော ကလေးဆိုးကြီးတစ်ဦးအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ဟူး... ငါ့ရဲ့ နှလုံးသားမရှိ၊ ခံစားချက်မရှိတဲ့ Host ကတော့....

ရှုယင်းယင်းသည် ထိုညက တစ်ညလုံးမျက်စိတစ်မှိတ်မျှ မအိပ်ခဲ့ရပေ။ သူမသည် အချိန်ကွာဟမှုကြောင့် မအိပ်ပဲ အိပ်ရေး၀နေသောကြောင့်ဖြစ်သည်။

သူမသည် နှင်းလျှောစီးရန် အလွန်တရာစိတ်အားထက်သန်နေသဖြင့် မိုးလင်းသည်နှင့် ချက်ချင်းထကာ အလျင်စလို မျက်နှာသစ်၊ အဝတ်အစားလဲပြီး ဧည့်ခန်းတံခါးအား သမ်းဝေလျက် ဖွင့်လိုက်သည်။ သို့သော် သူမ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိရှေ့တွင် အလွန်တရာသွေးဆူဖွယ်ကောင်းသော မြင်ကွင်းတစ်ခုအား ရုတ်ချည်း ကြုံလိုက်ရတော့သည်။

ဟော်ယန်သည် အနက်ရောင် ပိုးသားညဝတ်ရုံအား ၀တ်ဆင်ထားပြီး ခါးစည်းကြိုးကို ခပ်လျော့လျော့လေး ချည်နှောင်ထားရာ သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တိုင်းတွင် ကျစ်လျစ်သော ဝမ်းဗိုက်ကြွက်သားများကို ရိပ်ကနဲ မြင်တွေ့နေရသဖြင့် ကြည့်ရှုသူအဖို့ စိတ်ကူးယဉ်စရာများစွာကို ချန်ထားရစ်ခဲ့လေသည်။

သူသည် ရေခွက်တစ်ခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ခေါင်းမော့ကာ ရေသောက်နေသည်။ နံနက်ခင်း နေရောင် ခြည်သည် ပါးလွှာသောပြတင်းပေါက် လိုက်ကာများမှတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာပြီး သူ၏ကိုယ်ပေါ်သို့ အလင်းတန်းတစ်ခုအဖြစ် ကျရောက်နေကာ သူ့ကို ရေပြင်ထဲမှ ရုန်းထွက်လာသော တော်ဝင်ကြာပန်းတစ်ပွင့်အလား ထင်မှတ်ရစေသည်။

ထိုစဉ် ရေစိုနေဆဲဖြစ်သော သူ့ ဆံနွယ်အနက်ရောင်များထံမှ ရေစက်ကလေးတစ်စက် ပြုတ်ကျလာပြီး ချောမောခန့်ညားသော မေးရိုးတစ်လျှောက် ဆော့ကစားဆင်းသက်လာကာ နိမ့်ချည်မြင့်ချည် ဖြစ်နေသောလည်စေ့နှင့် လှပပေါ်လွင်သော ညှပ်ရိုးအပြင် ကျစ်လျစ်သော ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက် သားများတစ်လျှောက် ဖြတ်သန်းသွားပြီးနောက် အဆုံးတွင်မူ သူမ၏အမြင်အာရုံအောက်မှ ပျောက်ကွယ်သွားတော့ သည်။

[အိုမိုင်းဂေါ့... ငါ စိတ်ကူးယဉ်ထားတဲ့ ခါးနဲ့ ဝမ်းဗိုက်က အပြင်က အစစ်နဲ့တစ်ထပ်တည်းပဲဟ၊ မဟုတ်ဘူး... တကယ့် မြင်ကွင်းက ငါ စိတ်ကူးယဉ်ထားတာထက်တောင် ပိုပြီးဆွဲဆောင်မှုရှိပြီး သွေးဆူစေသေးတယ်၊ ဘုရားရေ၊ တကယ့်ကို ပြီးပြည့်စုံတဲ့ အလှတရားပဲ ဂလု~]

ဟော်ယန်သည် ရေသောက်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှုယင်းယင်း၏အမဲလိုက်တော့မည့် သားရဲတစ်ကောင်အလား တပ်မက်နေသော မျက်လုံးများအား မျက်လုံးထောင့်မှနေ၍ လှမ်းမြင်လိုက်ရသည်။ သူ လန့်ဖျပ်သွားသဖြင့် မည်သို့မည်ပုံပွင့်ဟသွားမှန်းမသိသော အင်္ကျီကို အလျင်အမြန် ဆွဲစေ့လိုက်လေတော့သည်။ ထိုအပြုအမူကို မြင်လိုက်ရသောအခါ ရှုယင်းယင်း အထင်သေးသလို နှာခေါင်းတစ်ချက် ရှုံ့မိသွားသည်။

[သူ သရုပ်ဆောင် တော်တော်ကောင်းတာပဲ၊ မနေ့ညက ငါတို့ လှုပ်ရှားမယ့် နေရာတွေကို ရှင်းရှင်းလင်းလင်း ခွဲထားပြီးသားလေ၊ သူ ရေချိုးပြီးတာကို ဖရိုဖရဲနဲ့ ဘာလို့လျှောက်သွားနေတာလဲ၊ ဘယ်သူ့ကို မြူဆွယ်ချင်နေတာလဲ၊ ငါလေးသာ သူ့ကို တကယ်ခုန်အုပ်လိုက်ရင် ဘယ်သူက ဘယ်သူ့အတွက် ပိုက်ဆံပေးရမလဲဆိုတာ မသေချာဘူးနော်]

ထိုအတွေးကြောင့် ဟော်ယန်၏မျက်လုံးများ အံ့အားသင့်စွာဖြင့် ပြူးကျယ်လာသည်။ သူမက ဘယ်လိုလုပ် အဲဒီလောက် မျက်နှာပြောင်တိုက်တဲ့ စကားမျိုးကိုပြောထွက်ရတာလဲ။

【Host ရေ၊ သူက ဟိုဘက်မှာ ရပ်နေတာလေ】

【ဟိုဘက်မှာဆိုရင်တောင် မရဘူးလေ၊ ရှောင်ကြဉ်ရမယ့် အရာတွေကို ရှောင်ကြဉ်ရမယ်ဆိုတာ သူ မသိဘူးလား၊ သူက ငါ့ကိုတကယ်ပဲ သူစိမ်းတစ်ယောက်လို သဘောမထားဘူးပဲ၊ သူ့ခန္ဓာကိုယ် အချိုးအစားကောင်းနေတိုင်း ငါက သွားမထိရဘူးလို့ ဥပဒေပြဋ္ဌာန်းထားတာမှ မဟုတ်တာ၊ အဲဒီလိုလာပြနေတာက နှာဘူးကျတာနဲ့ ဘာကွာလို့လဲ】

စနစ် : ကောင်းပါပြီ၊ သူ သဘောပေါက်ပြီ၊ မိန်းကလေးတစ်ယောက်က ယောကျ်ားတစ်ယောက်အပေါ် ကြိုတင် မလိုမုန်း ထားမှု ရှိနေပြီဆိုရင် သူ့လုပ်ရပ်တွေက ဘယ်လောက်ပဲ မှန်နေပါစေ အကြောင်းပြချက်မရှိတော့ဘူးပဲ...

ဟော်ယန်သည် တိတ်ဆိတ်စွာ အံ့ကြိတ်လိုက်ပြီးနောက် ရေခွက်အား ခပ်ကြမ်းကြမ်းချကာ ညဝတ်ရုံကိုတင်းတင်းကျပ်ကျပ် ဆွဲစေ့လိုက်ပြီး ခါးစည်းကြိုးကိုလည်း မြဲမြံစွာ ချည်နှောင်လိုက်သည်။

"ကျွန်မတို့ ဘယ်တော့ နှင်းလျှောစီးသွားကြမလဲ"

ရှုယင်းယင်းသည် သူမ၏တပ်မက်နေသော အကြည့်များကို တည်ငြိမ်စွာ ရုပ်သိမ်းလိုက်ပြီး လိုရင်းကိုသာ ဖြတ်မေးလိုက်သည်။

ဟော်ယန်သည် နာရီကို ကြည့်ဟန်ဆောင်လိုက်ပြီး "မင်း သဘော"

"ဒါဆို အခုပဲ သွားရအောင်"

"ကိုယ် မနက်စာမှာထားတယ်၊ စားပြီးမှ သွားကြမယ်၊ ပြီးတော့ ဟိုသုံးယောက်ကိုလည်း စောင့်ရဦးမယ်"

"အိုကေ"

ရှုယင်းယင်းသည် ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး နိုင်ငံခြား မဂ္ဂဇင်းတစ်အုပ်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်ကာ ပုံများအား ကြည့်နေလိုက်သည်။ ဟော်ယန် အဝတ်အစားလဲရန် အခန်းထဲသို့ ပြန်ဝင်သွားပြီးနောက် မနက်စာ ရောက်လာသည်။ သူတို့နှစ်ယောက်သည် ထမင်းစားခန်းသို့ပြောင်းထိုင်လိုက်ကြပြီး မျက်နှာချင်းဆိုင်ကာ တိတ်ဆိတ်စွာ စားသောက်နေကြလေသည်။

ဟော်ယန်သည် ရိုးရှင်းသော တရုတ်ဆီးရောင် ဆွယ်တာ အင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏သပ်သပ်ရပ်ရပ်မရှိသော ဆံနွယ်များက ပေါ့ပေါ့ပါးပါးနှင့် ပျင်းရိငြီးငွေ့ဖွယ်ကောင်း သော အငွေ့အသက်ကိုပေးစွမ်းနေသည်။ အမြဲတစေ ဝတ်စုံပြည့် ဝတ်ဆင်ထားချိန်နှင့်စာလျှင် ယခုပုံစံက ပိုမိုချဉ်းကပ်ရလွယ်ကူပုံပေါ်ကာ အေးစက်စက်နိုင်မှု လျော့နည်းသွားပြီး ပိုမိုရင့်ကျက်ကာ နူးညံ့သိမ်မွေ့ပုံပေါ်နေသည်။

[ရိုးရိုးသားသားပြောရရင် ဟော်ယန်ရဲ့ ရုပ်ရည်က တကယ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်၊ သူ့ကို လက်ထပ်ရတာက သိပ်မဆိုးလှတဲ့ အပေးအယူတစ်ခုပဲ]

ဟော်ယန်သည် ကော်ဖီမွှေနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး သူ၏ နားများကို စွင့်ထားလိုက်သည်။

[နင် နောက်ဆုံးတော့ သူ့ကို ကြွေသွားပြီပေါ့လေ]

[သူ့ကို ကြွေသွားတာက အဓိကမဟုတ်ပါဘူး၊ ငါတို့က စီစဉ်ပေးထားတဲ့ အိမ်ထောင်ရေးကို ရင်ဆိုင်ရမယ့်ကံကြမ္မာပဲ ရှိတယ်ဆိုရင်တောင် ရုပ်ဆိုးတဲ့သူကို ယူရတာထက်စာရင် ရုပ်ဖြောင့်တဲ့သူဆို ငါတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ပိုကောင်းတယ်လို့ ခံစားရလို့ပါ၊ ပြီးတော့ ငါတို့ရဲ့ ရည်မှန်းချက်တွေကလည်း တူညီတယ်၊ လက်ထပ်ပြီးရင် ငါတို့ရဲ့ အခန်းကဏ္ဍတွေကလည်း ညီမျှသင့်တယ်၊ တစ်ယောက်ကိုတစ်ယောက် မျက်နှာဖုံးစွပ်ပြီး ကာကွယ်ပေးတာကလွဲရင် ငါတို့ဘဝတွေက လွတ်လပ်နေမှာပဲလေ၊ မိဘတွေနဲ့ လူကြီးတွေရဲ့ ချုပ်ချယ်မှုအောက်မှာလည်း နေစရာမလိုသလို၊ လက်ထပ်ပြီးမှ အသားကျအောင် ညှိနှိုင်းရမယ့် အချိန်တွေအတွက်လည်း ပူစရာမလိုတော့ဘူး၊ စဉ်းစားကြည့်ရတာ တော်တော်လေး အဆင်ပြေသား]

[နင် သူ့ကို ဘယ်တော့မှကြွေသွားမှာ မဟုတ်ဘူးလို့ တကယ် သေချာရဲ့လား]

[ထားလိုက်ပါတော့၊ ဒီလို မာနခဲ စီအီးအိုတွေဆိုတာ နှလုံး သားမှ မရှိကြတာ၊ သူတို့ကို ကြွေသွားတဲ့သူတိုင်း နောက်ဆုံးတော့ နာကျင်ရတာချည်းပဲလေ၊ ငါက အဲဒီလောက် တုံးအတဲ့သူ မဟုတ်ဘူး၊ ငါ့မှာ ပိုက်ဆံလည်းရှိတယ်၊ အချိန်လည်း ရှိတယ်၊ စီအီးအိုတစ်ယောက်ကို ခေါင်းထဲထည့်နေမယ့်အစား ချစ်စရာကောင်းပြီး စကားနားထောင်တဲ့ တိတိတစ်ယောက်ကိုရှာတာက ပိုမကောင်းဘူးလား]

ဟော်ယန်သည် သူ့ မျက်ဝန်းများကို အန္တရာယ်ရှိစွာကျဉ်း မြောင်းလိုက်သည်။ တိတိ ? အဲ့ဒါက ဘယ်လို အကြိုက်မျိုးကြီးလဲ...

[နင်က နင့်ဒုတိယအန်တီရဲ့ခြေရာကို နင်းမလို့လား၊ ကိုယ့်ကိစ္စကိုယ်လုပ်ကြမယ့် အကျိုးတူ အိမ်ထောင်ရေးမျိုးပေါ့]

[ချမ်းသာတဲ့ အသိုင်းအဝိုင်းတွေမှာစီစဉ်ပေးတဲ့ အိမ်ထောင် ရေးတိုင်းက အဲဒီလိုပဲ မဟုတ်ဘူးလား၊ အချစ်စစ်ဆိုတာ အဲဒီလောက် ပေါပေါလောလောမရှိပါဘူး၊ ဘဝဆိုတာ တိုတိုလေးရယ်... ဒါကြောင့် ရတုန်းလေး ပျော်ပျော်နေလိုက်တာ အကောင်းဆုံးပဲ၊ လက်ထပ်တယ်ဆိုတဲ့ ဟန်ဆောင်မှုတွေကို စွန့်လွှတ်သင့်တယ်၊ ပြီးတော့ ငါက သူ့ဆီကနေ ဘာမှလည်း မလိုချင်ဘူး၊ ဒါက ငါတို့နှစ်ယောက်စလုံး လိုအပ်နေတဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုပါပဲ]

[ဒါပေမယ့် ဟော်ယန်က နင့်ကို တကယ်သဘောကျနေတယ်လို့ ငါ ခံစားရတယ်၊ အကျိုးတူ အိမ်ထောင်ရေးလောက်ကိုပဲ လိုချင်နေတာ မဟုတ်လောက်ဘူး]

ရှုယင်းယင်း နှာခေါင်းမရှုံ့ဘဲ မနေနိုင်တော့ပေ။

[သူက ငါ့ဆီက ဘာကို သဘောကျမှာလဲ၊ ငါက ပျင်းရိပြီး လောဘကြီးတာလား... ဒါမှမဟုတ် အသုံးမကျလို့များလား]

[အာ...]

ဒီ Host ရဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုကတော့ တော်တော်လေး တိကျတယ်လို့ပြောရမှာပဲ...

[ဒီဘဝမှာ ဘယ်ယောကျ်ားကမှ ငါ့ကို သဘောကျမှာ မဟုတ်ဘူးဆိုတာ ငါ ကောင်းကောင်းသိတယ်၊ ပြီးတော့ ငါလည်း ဘယ်သူ့ကိုမှ သဘောမကျဘူး၊ ငါ ဖြစ်ချင်သလို လွတ်လွတ်လပ်လပ်နေရရင်ကို လုံလောက်နေပြီ]

ဟော်ယန်သည် သူမအား မသိမသာမကြည့်ဘဲ မနေနိုင်တော့ပေ။ သူမ၏ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်မှုမှာ တိကျသလားဆိုသည်ကို သူ အလေးအနက် စဉ်းစားနေပုံရသည်။ သူ သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ သူမ၏စကားများအား ငြင်းပယ်၍ မရနိုင်ပုံပေါ်သော်လည်း သူကမူ စိတ်အနှောင့်အယှက်ဖြစ်စရာဟု မထင်မိဘဲ တော်တော်လေး ချစ်စရာကောင်းသည်ဟုပင် တွေးနေမိသည်။

ဟော်ယန့် ရင်ထဲဝယ် ထိတ်လန့်ဖွယ် နိမိတ်ဆိုးတစ်ခုက ရုတ်ချည်း ထင်ဟပ်လာသည်။

ငါ... သူမကို မသိမသာ ချစ်မိသွားပြီလား...

သူမနှင့် စတင်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ သူ့ တင်းကျပ်လှသော စည်းမျဉ်းစံနှုန်းများအား အကြိမ်ကြိမ်လျှော့ချပစ်ခဲ့မိပုံများအပြင် သူမ၏ စိတ်တွင်းမှ အတင်းအဖျင်းဇာတ်လမ်းများကြားရတိုင်း ရင်ခုန်တက်ကြွစွာ မျှော်လင့်စောင့်စားနေမိတတ်ပုံများကို ပြန်လည်တွေးတောမိလိုက်သောအခါ သူ တဖြည်းဖြည်းမြင်လာသည်။

အိုးမိုင်ဂေါ့... သူ သူတကယ်ပဲ သူမကို သဘောကျနေမိပြီ မဟုတ်လား...

All Chapters