← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

🍁 Chapter 117

ထိုစဉ် ရှုယင်းယင်း ရုတ်တရက်မော့ကြည့်လာရာ သူမအား စူးစိုက်ကြည့်နေသော ဟော်ယန်၏ အကြည့်များနှင့် ပက်ပင်းတိုးသွာသည်။ သူမ နားမလည်နိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဘာလို့ ကျွန်မကို အဲဒီလို လိုက်ကြည့်နေတာလဲ၊ ကျွန်မ မျက်နှာမှာ တစ်ခုခုပေနေလို့လား"

ရှုယင်းယင်းသည် သူမ မျက်နှာကို စမ်းသပ်ရန် လက်ကို မြှောက်လိုက်သည့် ခဏလေးအတွင်းမှာပင် လေယာဉ်ပေါ်၌ သူမ ဆံနွယ်များကို သပ်တင်ပေးခဲ့စဉ်က ခံစားခဲ့ရသော နူးညံ့သည့် အထိအတွေ့လေးကို ဟော်ယန် ပြန်လည်မတွေးမိဘဲ မနေနိုင်တော့ချေ။ သူသည် အလန့်တကြားဖြင့် အကြည့်များကိုအမြန်လွှဲလိုက်ပြီး ခေါင်းခါယမ်းပြလိုက်သည်။

"မဟုတ်ပါဘူး၊ မင်း အရမ်းလှနေလို့ပါ"

"ဘာကြီး"

ရှုယင်းယင်းမှာ အံ့အားသင့်သွားရလေသည်။

[ဟဲ့... သူက ငါ့ရုပ်ကို ချီးကျူးလိုက်တာလားဟ]

[ချီးကျူးတာထက် မသိစိတ်ကနေ ယောင်ပြီး ထွက်သွားတဲ့စကားနဲ့ ပိုတူနေတယ်]

[တကယ်ကြီးလား]

ဟော်ယန် : အဲ့စနစ်ပါးစပ်တော့ မြန်မြန်ပိတ်ထားသင့်ပြီ...

"စားလို့ ပြီးပြီလား"

ဟော်ယန်သည် သူ့ မူလတည်ငြိမ်သော ဟန်ပန်ကို အမြန်ပြန်ထိန်းကာ စကားလမ်းကြောင်းလွှဲပစ်သည်။

"အင်း၊ ပြီးပြီ"

ရှုယင်းယင်းသည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ ဟော်ယန် တစ်ယောက် ယနေ့ အနည်းငယ်ထူးဆန်းနေသည်ဟု သူမ ခံစားနေရသည်။

"ဒါဆို သွားကြရအောင်၊ ဒီကနေ နှင်းလျှောစီးမယ့် နေရာကို ကားနဲ့ နှစ်နာရီလောက် မောင်းရဦးမယ်၊ ဒီည အဲဒီမှာပဲ အိပ်ကြမယ်လေ"

"ကောင်းပါပြီ၊ ကျွန်မကတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်"

သူတို့နှစ်ယောက်သည် အပေါ်ရုံအင်္ကျီများကို ကိုယ်စီယူကာ အခန်းထဲမှ တစ်ယောက်နောက် တစ်ယောက် ထွက်လာခဲ့ကြသည်။ ကျန်သုံးယောက်နှင့် ဆုံမိကြသောအခါ ဟော်ယန်၏ ဆုံးဖြတ်ချက်က အားလုံးကိုအံ့အားသင့်သွားစေသည်။ သူသည် ဟဲ့ယန်၊ ဝမ်ရွှမ်းတို့နှင့် ကားတစ်စီးတည်း အတူစီးမည်ဖြစ်ပြီး ရှုယင်းယင်းနှင့် ကျီခိုင်တို့အား အတူတူ သွားစေရန် မထင်မှတ်ဘဲ အကြံပြုလာခဲ့သည်။

ဤမျှ ကြီးလေးသောတာဝန် ပေးအပ်ခံရသော ဖြူစင်သူကျီခိုင်သည် မရီးအား အဖော်ပြုရမည့် အလုပ်ကို မတတ်သာဘဲ လက်ခံလိုက်ရပြီး တစ်ဖွဲ့လုံး သူတို့၏ခရီးစဉ်ဆီသို့ အသီးသီး ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ ကားပေါ်ရောက်သည် နှင့် ဟဲ့ယန်နှင့် ဝမ်ရွှမ်းတို့သည် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဟဲ့ယန်ကစတင်မေးမြန်းလိုက်သည်။

"မင်း မရီးနဲ့ ရန်ဖြစ်ထားလို့လား"

"မဖြစ်ပါဘူး"

ဝမ်ရွှမ်း : "ဒါဆို ဘာလို့ အတူတူ မသွားတာလဲ"

ဟော်ယန် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အလွန်လေးနက်တည်ကြည်သော လေသံဖြင့် မေးခွန်းတစ်ခု ထုတ်လာသည်။

"လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘယ်လိုခံစားရတာမျိုးလဲ"

"ဟမ်"

သူငယ်ချင်းနှစ်ယောက်မှာ ပြိုင်တူ အံ့သြတကြီး ရေရွတ်လိုက်ကြပြီးနောက် သူတို့၏ မျက်ဝန်းများထဲတွင် ပါးနပ်သော အရိပ်အယောင်များ ရုတ်ချည်းပြည့်နှက်သွားသည်။

ဟဲ့ယန်က နောက်ပြောင်ချင်ဟန်ဖြင့် "မင်း မရီးနဲ့ အခြေအနေတွေကိုတောင် သေချာအောင်လုပ်ပြီးနေပြီပဲ၊ လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘယ်လိုခံစားရလဲဆိုတာ ဘာလို့ မသိသေးတာလဲ"

"ငါ့မေးခွန်းကို သေချာဖြေစမ်းပါ၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့"

ဟော်ယန်မှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။

"အဲ့မိန်းမရှုပ်တဲ့သူ တစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘာလဲ သွားမေးနေတာက အပျော်မယ်တစ်ယောက်ဆီ သွားပြီး အချစ်စစ်ဆိုတာ ဘာလဲလို့ သွားမေးနေသလို ဖြစ်မနေဘူးလား"

"..."

ထို့နောက် ဟော်ယန်က ဝမ်ရွှမ်းဘက်သို့ မျှော်လင့်တကြီး လှမ်းကြည့်လိုက်ရာ သူက အလျင်အမြန်ရှင်းပြလေသည်။

"အဲဒါက... မင်း မတွေ့ရရင် သတိရနေမယ်၊ တွေ့ရရင် ကြည် နူးပျော်ရွှင်နေမယ်၊ ပြီးတော့ ကိုယ့်အတွက် ရှက်စရာကောင်းတယ်လို့ ထင်တဲ့ကိစ္စတွေကိုတောင် အဲဒီလူ လုပ်ရင်လက်ခံပေးနိုင်တာမျိုးပေါ့၊ ကိုယ် လုံးဝသည်းမခံနိုင်တဲ့ အရာတွေကိုတောင် သူတို့က ကိုယ့်ကို သဘောကျမယ်ဆိုရင် အကန့်အ သတ်မရှိ သည်းခံပေးနိုင်တာမျိုးလေ၊ သူတို့လုပ်ရပ်တွေက အကြောင်းပြချက် မခိုင်လုံမှန်း သိနေရင်တောင်မှ သူတို့နဲ့အတူတူ အကြောင်းပြချက် မခိုင်လုံချင်တော့ဘူး၊ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားသလိုပဲ၊ လုံးဝကို အကျိုးအကြောင်း မဆီလျော်တော့တာ၊ မင်းမှာ အဲဒီအချက်တွေ အကုန်ရှိနေပြီဆိုရင်တော့ အဲဒါအချစ်စစ်ပဲကွ"

ဟော်ယန်သည် ထိုစကားတစ်ခုစီတိုင်းကို သူ၏ လက်ရှိအခြေအနေများနှင့် ခေါင်းထဲတွင် တစ်ခုချင်းတိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပြီးနောက်၊ သူ့ မျက်ဝန်းထဲမှ အရောင် အဝါများ ချက်ချင်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

သွားပါပြီ၊ သူ တကယ်ပဲ ရှုယင်းယင်းကိုကြွေသွားခဲ့ပြီပဲ...

အမှန်တွင် လူတစ်ယောက်ကို သဘောကျမိခြင်းက ပြဿနာ မဟုတ်ပေ။ အဓိက အကျပ်အတည်းမှာ သူမသည် သူ့အပေါ် မည်သည့် ခံစားချက်မှမရှိခြင်းပင်။ သူမ၏ မျက်လုံးများမှာ ငွေကြေးအပေါ်တွင်သာ ကပ်ငြိနေပြီး သူမအတွက် သူသည် လမ်းလျှောက်နေသော ပိုက်ဆံအိတ်ကြီး တစ်လုံးနှင့်သာ ပိုတူနေမည်မှာ အသေအချာပင်။

သောက်ကျိုးနည်း၊ ငွေက ဒီလောက်တောင်အချစ်ရေးမှာ ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူ တစ်ခါမှ အိပ်မက်တောင် မမက်ဖူးဘူး...

သူ့သူငယ်ချင်းနှစ်ယောက်သည် ဟော်ယန့်မျက်ဝန်းထဲမှ စိတ်ပျက်အားငယ်သွားသော အရိပ်အယောင်များကို အမိအရ ဖမ်းယူလိုက်နိုင်ကြပြီး သူတို့၏အပြန်အလှန်အကြည့်များက ငါတို့ ထင်တဲ့အတိုင်းပဲဟေ့ဟု အသံတိတ် အော်ဟစ်နေကြသည်။

"လူတစ်ယောက်ကို သဘောကျရတာက ပျော်စရာကောင်းတဲ့ ကိစ္စပဲ၊ ကျီခိုင်ကိုပဲ ကြည့်စမ်းပါ၊ အချစ်နဲ့မို့ မျက်နှာကို တောက်ပနေတာပဲ၊ မကောင်းဘူးလား"

"အေးလေ ဟုတ်တယ်၊ မင်းဇနီးလောင်းလေးက တက်ကြွတယ် ပြီးတော့ သူ့ဆီမှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်လက် နက်လေးလည်း ရှိသေးတယ်၊ မင်းဘဝက ဘယ်တော့မှ ပျင်းစရာကောင်းမှာ မဟုတ်ဘူးကွ၊ သူ့ကို လက်ထပ်ရတာက တကယ့်ကို အမြတ်ကြီးစားပဲ"

"ဒါပေမယ့်... သူက ငါ့ကိုမှ သဘောမကျတာ"

ဟော်ယန်ထံမှ ဤမျှစိတ်ဓာတ်ကျဆင်းနေသော အမူအရာမျိုးကို မြင်တွေ့ရခဲသဖြင့် သူ့သူငယ်ချင်းနှစ်ယောက်မှာ အသံထွက်အောင်ပင် အော်ရယ်မိကြသည်။ ဟော်ယန်တစ်ယောက် ဤကဲ့သို့ ကူကယ်ရာမဲ့နေပုံကို မြင်ရခြင်းက ရှားပါးလှသော မြင်ကွင်းတစ်ခုပင် မဟုတ်ပါလား။

"ခံစားချက်ဆိုတာ တဖြည်းဖြည်းပြုစုပျိုးထောင်ယူလို့ ရပါတယ်ကွ၊ အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်တွေ တိုးပွားလာတယ်ဆိုတာ မင်း မကြားဖူးဘူးလား"

"မင်းတို့နှစ်ယောက်က မိဘတွေ စီစဉ်ပေးထားတဲ့ စေ့စပ်ထားသူတွေ မဟုတ်ဘူးလား၊ ဒီအခွင့်အရေးကိုယူပြီး လက် ထပ်လိုက်ပါလား၊ အရင်လက်ထပ်၊ နောက်မှချစ်ဆိုတာ ကောင်းတဲ့ဗျူဟာပဲ၊ နေ့တိုင်းအတူတူရှိနေသရွေ့ ဘယ်လိုလုပ် ခံစားချက်မဖြစ်လာဘဲနေမှာလဲ"

ဟော်ယန့် မျက်လုံးများ ရုတ်တရက်တောက်ပလာသည်။

"မင်းတို့က အဲဒါကို ကောင်းတဲ့အကြံလို့ တကယ်ထင်လို့လား"

"သေချာတာပေါ့ကွ၊ ဒါ သဘာဝအကျဆုံး ဖြစ်စဉ်ပဲလေ၊ နှစ်ဖက်မိဘကလည်း သဘောတူထားပြီးသားဆိုတော့ မင်းတို့နှစ်ယောက်အတွက် ဘာအဟန့်အတားမှ လုံးဝမရှိဘူး"

"ငါပြောတာ နားထောင်၊ အိမ်ပြန်ရောက်တာနဲ့ ဒါကို အမြန်ဆုံး အကောင်အထည် ဖော်လိုက်တော့ကွာ"

ဟော်ယန်သည် အနည်းငယ် တုံ့ဆိုင်းနေဆဲပင်။ သူ သူမအား ဖိအားပေးလိုက်လျှင် သူမ လန့်ပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည်။

"ငါနည်းနည်းလောက် ထပ်စဉ်းစားပါရစေဦး"

"ဟေ့ကောင်... အချိန်က ဘယ်သူ့ကိုမှ စောင့်မနေဘူးနော်၊ မင်းကောင်မလေးကို ဘယ်သူမှ မလိုက်သေးခင် မင်း အမြန်မလှုပ်ရှားရင် ပြိုင်ဘက်တစ်ယောက် ပေါ်လာတဲ့အခါကျရင် မင်းအတွက် ဘယ်ဘက်ကိုအာရုံစိုက်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်သွားလိမ့်မယ်ကွ"

"အေးလေ၊ မင်းကောင်မလေးက လှလည်းလှတယ်၊ သဘောလည်းကောင်းတယ်၊ ကိုယ်ပိုင်တန်ဖိုးထားမှုရော ရုပ်ရည်ရော ပြည့်စုံနေတော့ သူက အပြင်မှာ အရမ်းရေပန်းစားတယ်ဆိုတာ သိရဲ့လား၊ မင်း လက်လွတ်ခံလိုက်ရရင် တစ်သက်လုံး နောင်တရလိမ့်မယ်"

"တကယ်လား"

ဟော်ယန်သည် သူမမြင်ရသော်လည်း လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုအား အလိုလိုအာရုံခံမိလိုက်သည်။

"မင်းတို့တွေ အိမ်ထောင်ရေးဆိုတာ သင်္ချိုင်းလား၊ နတ်ပြည်လားဆိုတာကို စမ်းသပ်ဖို့ ငါ့ကို ဓားစာခံလုပ်နေတာ မဟုတ်ဘူးလို့ သေချာရဲ့လား"

ထိုနှစ်ယောက်မှာ လန့်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ကြရသည်။ ဟဲ့ယန်က အလျင်အမြန်ပင် သူ့ကိုယ်သူ ကာကွယ်လာသည်။

"တခြားတစ်ယောက်ကို ရွေးရင်တော့ သင်္ချိုင်းဖြစ်သွားမှာပေါ့၊ မရီးက မင်းကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးလေ၊ လက်ထပ်ပြီးရင် မလိုအပ်တဲ့ သံသယတွေအကြောင်း စဉ်းစားကြည့်၊ မင်းတော့ ရွှေတွင်းတူးမိတာပဲ၊ မင်းမှာ သတ္တိမရှိရင် ငါ သွားလိုက်မယ်နော်"

ဟော်ယန်သည် သူ့အား ဒေါသတကြီး စိုက်ကြည့်ကာ "မင်း သေချင်နေတာလား၊ မင်းက ယင်းယင်းရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင်မတန်ဘူး"

ဟဲ့ယန် ဆို့နင့်သွားပြီး "ကောင်းပြီလေ... ကောင်းပါပြီ၊ ငါက မတန်ဘူး၊ မင်းကပဲ အထိုက်တန်ဆုံးပါ"

ဝမ်ရွှမ်း အသံကျယ်လောင်စွာ ရယ်မောလျက် "ဘာလို့များ ပွင့်ဖူးနေတဲ့ ပန်းလေးကိုမရွေးဘဲ သစ်တုံးဟောင်းကြီးကို သွားရွေးချင်ရတာလဲ၊ အခုတော့ မှတ်ပြီလား"

"ထွက်သွားစမ်း"

ဟဲ့ယန်က သူ့ကို လှမ်းကန်လိုက်သည်။ ဟော်ယန်သည် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ရင်း လေးနက်သော အတွေးရေယာဉ်ကြောထဲသို့ နစ်မြုပ်သွားလေတော့သည်။

...

နှစ်နာရီခန့် ကြာပြီးနောက် သူတို့သည် ခရီးဆုံးသို့ ရောက်လာကြသည်။ သူတို့ငါးယောက်သည် အသုံးအဆောင်ပစ္စည်းများအား လဲလှယ်ဝတ်ဆင်ပြီးနောက် ဆီးနှင်းများဖုံးလွှမ်းနေသော ရေခဲပြင်ပေါ်သို့ တိုက်ရိုက် ထွက်လာခဲ့ကြသည်။

ဟဲ့ယန်နှင့် ဝမ်ရွှမ်းတို့သည် သူတို့၏ စွမ်းရည်များအား အပြိုင်အဆိုင် ထုတ်ကြွားနေကြပြီး သူတို့လှုပ်ရှားမှုများမှာ အလွန်ပင် သွက်လက်ပေါ့ပါးနေသည်။ ကျီခိုင့် လှုပ်ရှားမှုများမှာမူ ပိုရိုးရှင်းတည်ငြိမ်သော်လည်း ချောမွေ့ပြီး ကျွမ်းကျင်သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ထားသည်။

ဟော်ယန်သည် ရှုယင်းယင်းနှင့်အတူ နောက်ချန်နေရစ်ခဲ့ပြီး သူ့ငတုံး သားသုံးယောက်၏လှုပ်ရှားမှုများအပေါ် အခြေခံ၍ နည်းစနစ်များကို သူမအား စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

"စတင်လေ့လာတဲ့ သူတွေအတွက်ကတော့ နှင်းလျှောစီးပြားနဲ့ စတာက ပိုလွယ်တယ်"

‌

🍁 Chapter 118

ဟော်ယန်က သူမ၏ ရွေးချယ်မှုကို ဝင်မစွက်ဖက်ဘဲ အကြံ သာပြုပေးသည်။

ရှုယင်းယင်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အနီးအနားတစ်ဝိုက်တွင် လူတစ်ယောက်မျှ မရှိသလောက် ရှင်းလင်းနေသည်ကို သတိထားမိသည်။ သူတို့ ဤနေရာအား အပြတ် ဘွတ်ကင်လုပ်ထားခြင်း ဖြစ်ရမည်။ သူမသည် ဟော်ယန်ကို မော့ကြည့်ကာ မေးသည်။

"ကျွန်မ နည်းပြ တစ်ယောက်လောက် ခေါ်လို့ရမလား"

"နည်းပြတွေ အကုန်ခွင့်ယူထားကြတယ်၊ ကိုယ် မင်းကို သင်ပေးပါ့မယ်"

ဟော်ယန် ခဏမျှ ရပ်လိုက်ပြီးနောက် ဆက်ပြောသည်။

"သင်ခက အလကား"

"အလကားရတဲ့ အရာတွေက အကုန်အကျအများဆုံးပဲ၊ ရှင်က ကျွန်မကို တုံးတယ်လို့ထင်ပြီး စိတ်ဓာတ်ကျအောင် ပြောဆိုရင် ဘယ်လိုလုပ်မလဲ၊ အဲဒါက ကျွန်မရဲ့ စိတ်အားထက်သန်မှုကို ထိခိုက်စေလိမ့်မယ်၊ ကျွန်မက ဉာဏ်ကောင်းပြီး မြန်မြန်သင်ယူနိုင်တယ်ဆိုပေမယ့် သူစိမ်းတစ်ယောက်ကိုပဲ သင်ပေးစေချင်တယ်"

ရှုယင်းယင်းသည် သူ့ကို လုံးဝ သင်မပေးစေချင်ပေ။

"ဒါဆို ကိုယ် ကျီခိုင်ကို လာသင်ပေးဖို့ ခေါ်လိုက်ရမလား"

ဟော်ယန်က စမ်းသပ်သည့်ဟန်ဖြင့် မေးသည်။ သူမသည် သူစိမ်းယောက်ျား တစ်ယောက်ယောက်နှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ် ထိတွေ့မှုရှိမည်ဆိုသည့် အတွေးက သူ့အားအလွန်အဆင်မပြေ ဖြစ်စေသောကြောင့် နည်းပြများကို အနားယူခိုင်းလိုက်ပြီး သူကိုယ်တိုင်သင်ပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"ကောင်းပြီလေ"

ဤအဖြေက ကျီခိုင်အား မည်မျှ နာကျင်စေမည်ကိုရှုယင်းယင်း မသိခဲ့ပေ။ သူမက ကျီခိုင်သည် ဟော်ယန်ထက်ပေါင်း သင်းရ ပိုလွယ်ကူသည်ဟုသာ ရိုးရှင်းစွာတွေးခဲ့ခြင်းဖြစ် သည်။ ဟော်ယန်သည် နှုတ်ခမ်းထောင့်အား တွန့်ကွေးပြုံးလိုက်ပြီး ကျီခိုင်ထံ ဖုန်းဆက်ကာ သူ့ရည်ရွယ်ချက် များကို ရှင်းပြသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကျီခိုင်တစ်ယောက် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ နည်းပြတစ်ယောက်မှ အရိပ်အယောင်ပင် မမြင်ရသော နှင်းလျှောစီးစခန်းထဲသို့ စတင်ခြေချလိုက်သည့် အချိန်ကတည်းက တစ်စုံတစ် ယောက်သည် မရီးအား ကိုယ်တိုင် သင်ပေးရန် အခိုင်အမာ ကြံစည်ထားကြောင်း သူ ကောင်းကောင်းရိပ်မိခဲ့သည်။ ယခု သူ့ကို သင်ပေးခိုင်းခြင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ ဘာကွာတော့မည်နည်း။

"ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်"

ကျီခိုင့် အသံမှာ တုန်ယင်နေသည်။

"သူ မကြာခင် ရောက်လာလိမ့်မယ်လို့ ပြောတယ်"

ဟော်ယန် မဲ့ပြုံးတစ်ဝက်ဖြင့် သူမကို ပြန်ပြောပြသည်။ ရှုယင်းယင်း ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီးနောက်ဆောင့် ကြောင့်ထိုင်ချကာ နှင်းလျှောစီးပြားနှင့် စကိတ်တို့၏ကွာ ခြားချက်များကို စိတ်ဝင်တစား လေ့လာနေသဖြင့် တစ်စုံ တစ်ယောက်၏ မျက်လုံးများထဲမှ အေးစက်စက် အကြည့်များအား သတိမပြုမိခဲ့ချေ။

မကြာမီတွင် ဟဲ့ယန်၊ ဝမ်ရွှမ်းတို့နှင့်အတူ ကျီခိုင် ရောက်လာသည်။ သူတို့ သုံးယောက်သည် အချင်းချင်းကြိုတင် နားလည်မှုယူထားသည့်အလား ပြိုင်တူ ချော်လဲပြီး ပြင်းထန်စွာ ဒဏ်ရာရသွားဟန်ဆောင်လိုက်ကြသည်။ ကျီခိုင်က ခြေကျင်းဝတ် လည်သွားဟန်ဆောင်ကာ ခြေထော်ကျိုးဖြစ်သွားပြီး ဟဲ့ယန်က လက်တစ်ဖက်ကိုမာဖလာဖြင့် သိုင်းကြိုးလုပ် ၍ဆိုင်းထားကာ ဝမ်ရွှမ်း၏ လက်ကိုမူ သစ်သားပြား နှစ်ခုဖြင့် ကျပ်စည်း တုပ်နှောင်ထားရသည်။ ထိုအဖွဲ့သည် သူတို့ဆီသို့ ဒရွတ်တိုက် လျှောက်လာသည်။

ရှုယင်းယင်း : "..."

[တကယ်ကြီး နှင်းလျှောစီးတာက အဲဒီလောက် အန္တရာယ်များတာလား၊ သူတို့အကုန်လုံးက ကျွမ်းကျင်တဲ့သူတွေလေ]

စနစ်သည် သူတို့၏အရှက်မရှိသော ဟန်ဆောင်မှုကိုရှင်း ရှင်းလင်းလင်း မြင်နေရသော်လည်း ဘာမှ ဝင်မပြောပေ။

[လူတစ်ယောက်က ကျွမ်းကျင်လေလေ၊ ပေါ့ဆဖို့ အလား အလာ ပိုများလေလေပဲ၊ ဟော်ယန်ကိုပဲ ဘာလို့ မသင်ခိုင်းကြည့်တာလဲ၊ တကယ့် ဆရာသမားအစစ်တွေက ဘယ်တော့မှ ကြွားလုံးမထုတ်ဘူး၊ ငါ့ကို ယုံစမ်းပါ]

ဟော်ယန်သာ ထိုစနစ်လေးကိုမြင်ရပါက ၎င်း၏ခေါင်းလေးကို အကြိမ်ကြိမ် ပွတ်သပ်ပေးချင်မိမည်ဖြစ်သည်။ ၎င်းသည် အရေးကြီးသော အချိန်တွင် အတော်လေး အလိုက်သိတတ် သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ ငတုံးသားသုံးယောက်၏ လက်တွေ့ကျကျ ဟန်ဆောင်မှုက သူ့အား များစွာကျေနပ်စေခဲ့သည်။

"မင်းတို့ ဘာလို့ ဒဏ်ရာရလာကြတာလဲ"

ဟော်ယန်သည် အနားသို့ ကပ်သွားပြ စိုးရိမ်ပူပန်ဟန်ဆောင်လိုက်သော်လည်း သူ့ မျက်ဝန်းများအောက်ခြေတွင်မူ ကျေနပ်အားရမှု၊ ချီးကျူးမှုများ ပြည့်နှက်နေသည်။

ငတုံးသားတစ်ယောက်က သူ့အား အလျင်အမြန် မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် သက်ပြင်းချကာပြော သည်။

"မကစားတာ ကြာလို့ကွာ၊ ငါတော့ သံချေးတက်နေပြီ ထင်ပါရဲ့"

ကျီခိုင်သည် ရှုယင်းယင်းအား တောင်းပန်သည့်ဟန်ဖြင့် လှမ်းကြည့်ကာ ပြောလာသည်။

"ဆောရီးပါ ခယ်မလေး၊ ကျွန်တော် သင်ပေးလို့ မရတော့ဘူး ထင်တယ်"

"ရပါတယ်၊ ရပါတယ်၊ မြန်မြန်ပြန်ကောင်းလာဖို့က အဓိကပါပဲ ရှင့်တို့ နားလိုက်ကြပါဦး"

"ဟုတ်ကဲ့၊ ကျွန်တော် အခုလေးတင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဖုန်းဆက်ထားပြီးပြီ၊ သူတို့ကို ဟိုဘက်မှာ သွားစောင့်ခိုင်းထားတယ်၊ အစ်ကိုယန်တို့ ဆက်လုပ်ကြပါ၊ ကျွန်တော်တို့ သွားပါဦးမယ်"

"ကောင်းပါပြီရှင်"

ရှုယင်းယင်း သူတို့ ဒရွတ်တိုက်ထွက်သွားကြသည်ကို ကြည့်ပြီးနောက် ဟော်ယန်အား စိတ်ပျက်လက်ပျက်ဖြင့် လှည့်ကြည့်လာသည်။

"ကျွန်မ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ ရှင် ထိခိုက်ဒဏ်ရာရရင် ကျွန်မ လုံးဝတာဝန်မယူဘူး"

ဟော်ယန် သဘောကျစွာရယ်မောပြီး "ကိုယ် သိပါတယ်၊ မင်း တာဝန်ယူစရာ မလိုပါဘူး၊ မင်း လဲသွားရင်သာ ကိုယ့်တာဝန်ပါ"

"ပြီးတော့ ကျွန်မ လဲသွားရင် အလုပ်ခွင်ထိခိုက်ဒဏ်ရာရမှုလို့ သတ်မှတ်ရမှာနော်"

"ကောင်းပါပြီ... မင်းသဘောပါ"

ဟော်ယန့်အသံတွင် သူကိုယ်တိုင်ပင် သတိမပြုမိလိုက်သော နူးညံ့ညင်သာမှုများ အပြည့်အဝပါဝင်နေလေသည်။ ဟော်ယန် လှုပ်ရှားမှုများ၏အဓိကအချက်များကို ရှင်းပြပြီး သူမအား လမ်းညွှန်မှုအချို့ပေးပြီးနောက် သူတို့နှစ်ယောက် တရားဝင် စတင်သင်ယူကြတော့သည်။

ငတုံးသားသုံးယောက်မှာမူ တောင်ထိပ်ရှိ သစ်သားအိမ်လေးဆီသို့ ထော့်နဲ့နဲ့ လျှောက်သွားကြပြီး အိမ်ထဲရောက်သည်နှင့် တပြိုင်နက် ဟန်ဆောင်မှုများကို ချက်ချင်းစွန့်လွှတ်ကာ မှန်ပြောင်း တစ်လက်စီကိုကိုင်၍ သူတို့၏ အဝေးကြည့်ရှုခြင်းစစ်ဆင်ရေးအား တက်သရော စတင်ကြတော့သည်။

ဟော်ယန်သည် ရှုယင်းယင်းအား တစ်ဆင့်ချင်း စိတ်ရှည်လက်ရှည် သင်ပေးနေကာ လှုပ်ရှားမှုတိုင်းကို ကိုယ်တိုင် သရုပ်ပြပြီး ရှုယင်းယင်း နားမလည်သော အဓိကအချက်များကို မမောမပန်းရှင်းပြနေသည်။ သူ့ စေ့စပ်သေချာမှု၊ စိတ်ရှည်သည်းခံမှုနှင့် ဂရုတစိုက်ရှိမှုတို့မှာ ယခင်က တစ်ကြိမ်မျှ မရှိခဲ့ဖူးသော အရာများပင်။

မှန်ပြောင်းဖြင့် ကြည့်နေသော ဟဲ့ယန်သည် နှုတ်ခမ်းကိုတွန့်ကွေးလျက် သက်ပြင်းချကာ "အားယန်က ငါတို့ထဲမှာ နှင်းလျှောစီးတာကို အရင်ဆုံးတတ်ခဲ့တဲ့သူပဲ၊ ငါ သူ့ကို သင်ပေးဖို့ ပူဆာတော့ သူက ငါ့ကို နှင်းလျှောစီးပြားပေါ်မှာ ရပ်ခိုင်းပြီး စကားနည်းနည်းပဲပြောပြတယ်၊ ပြီးတာနဲ့ ငါ့ကို နောက်ကနေ ကန်ချလိုက်ပြီး အရှိန်နဲ့ ယိုင်တိုင်တိုင် ဆင်းသွားစေတော့တာပဲ၊ သူကတော့ ငါ့ဘေးနားကနေ စကိတ်ကိုကျက်သရေရှိရှိ စီးပြီး ငါ လက်ရန်းကို ကျော်ကျသွားမယ့် အချိန်ကိုစောင့်နေခဲ့တာလေ၊ အဲဒီတော့မှ သူက ငါ့ကို မသေအောင် ဘယ်လို လဲ ကျရမယ်ဆိုတာ မောက်မောက်မာမာနဲ့ ဆရာလုပ်တော့တာပဲ၊ ငါက ဘာလို့ စောစောစီးစီးမပြောတာလဲလို့ မေးတော့ သူက ကြိုပြောထားရင် ငါ နားထောင်မှာ မဟုတ်ဘူးတဲ့ တကယ် လဲကျပြီး နာသွားမှပဲ သေချာမှတ်မိလိမ့်မယ်တဲ့လေ၊ အဲဒါ ရယ်စရာမကောင်းဘူးလား"

ဝမ်ရွှမ်းလည်း သက်ပြင်းရှည်ကြီးချကာ "ဘယ်သူကများ အဲဒီလို ရက်ရက်စက်စက် မသင်ခဲ့ရလို့လဲ၊ အခု သူ့မိန်းမကို သင်ပေးတုန်းက သူ ဘယ်လောက်တောင် သတိထားနေလဲဆိုတာ ကြည့်စမ်းပါဦး၊ မရီး လဲကျသွားတဲ့အချိန် သူ့မျက်နှာပေါ်က ရင်ကွဲနာကျနေတဲ့ အမူအရာကြီးနဲ့ လှုပ်ရှားမှုတိုင်းကို ဆယ်ခါ၊ ရှစ်ခါလောက် မမောမပန်း ရှင်းပြပြီး မြှောက်ပင့်နေတဲ့ ပုံစံကြီးကိုကြည့်၊ တကယ်ကို မယုံနိုင်စရာပဲကွာ၊ အရင်တုန်းက သူ ငါတို့ကို တိရစ္ဆာန်တွေလို တကယ်သဘောထားခဲ့တာပဲ"

ကျီခိုင်သည် ခေါင်းကို အဆက်မပြတ် ခါယမ်းကာ "အစ်ကိုယန်ကတော့ ဒီတစ်ခေါက် တကယ်ချစ်မိသွားပြီ၊ လုံးဝကို ပြိုလဲသွားတာ၊ ငါတို့ မင်္ဂလာလက်ဖွဲ့တွေ ပြင်ဆင်ဖို့ စသင့်နေပြီ"

"မလောပါနဲ့ကွ၊ မရီးရဲ့ ခေါင်းမာမှုကို ကြည့်ရတာ သူ အများကြီး လိုက်ရဦးမှာ၊ အရင်တုန်းက သူ့လက်ချက်နဲ့ ငါတို့ ခံစားခဲ့ရတဲ့ နှိပ်စက်မှုတွေ အားလုံးအတွက် မရီးက သေချာပေါက် လက်စားချေပေးလိမ့်မယ်၊ ငါတို့ မင်္ဂလာလက်ဖွဲ့ကို နှစ်ဆတိုးပြီး ပြည်သူလူထုအတွက် ဘေးအန္တရာယ်ကိုဖယ်ရှားပေးခြင်း ဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးပါ ထည့်ပေးရမယ်"

ဟဲ့ယန် ကောက်ကျစ်သော အကြံတစ်ခုကိုဝင်ပေးလာသည်။

"ဟားဟားဟား၊ အဓိပ္ပာယ်ရှိတာပဲ"

"အဲ့ဒါ တကယ်မိုက်တဲ့အကြံပဲ"

ကျီခိုင် စိတ်ရောကိုယ်ပါ ထောက်ခံလာသည်။

All Chapters