အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
🍁 Chapter 121
[အစ်ကိုယန်က မရီးဆီကနေ အချစ်ကို တောင်းခံနေရမယ့်ပုံစံကိုတွေးကြည့်လိုက်တာနဲ့တင် ငါ့ရင်တွေ ခုန်လာပြီ၊ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ]
[သူ အချစ်အတွက် ခယတောင်းခံနေရတဲ့ သနားစရာပုံစံကို ဗီဒီယိုရိုက်ထားပြီး နောက်ပိုင်း သူ့ကိုပြန်အကျပ်ကိုင်ဖို့ အကောင်းဆုံး လက်နက်အဖြစ် အသုံးချလိုက်ရရင် သိပ်ကောင်းမှာပဲ၊ အဲဒီအခါကျရင် ငါတို့လည်း သူ့ရှေ့မှာ ခေါင်းမော့နိုင်ပြီပေါ့]
နာရီဝက်ခန့် အကြာတွင်တော့ ဟော်ယန်သည် ခွဲစိတ်ခန်းထဲမှ ထွက်လာသည်။
ဆရာဝန်မှ ကြိုတင်သတိထားရမည့် အချက်များကို ရှင်းပြပြီးနောက် ထွက်သွားရာ သူတို့အဖွဲ့သည်လည်း သူ့နောက်မှ လူနာဆောင်သို့ လိုက်ပါသွားကြသည်။
ရှုယင်းယင်းသည် ဟော်ယန်အားကျောပေးကာ ကုတင်ဘေးတွင် ရပ်လျက်ပြောသည်။
"အားယန်လည်း အန္တရာယ်ကင်းသွားပြီဆိုတော့ ဒီနေ့တော့ ကျွန်မပဲ ဒီမှာ စောင့်ပေးလိုက်မယ်၊ ရှင်တို့ မနက်ဖြန်မှ ထပ်လာခဲ့ကြလေ"
ဟဲ့ယန် ထိုတာဝန်အား လွှဲယူရန်ပြင်လိုက်သော်လည်း ကုတင်ပေါ်မှလူသည် မည်သည့်အချိန်ကတည်းက နိုးနေမှန်းမသိဘဲ သူ့အားအန္တရာယ်ငွေ့များ လွှမ်းခြုံနေသောမျက်လုံးများဖြင့် စူးရဲစွာ ကြည့်နေသည်ကိုမြင်လိုက်ရသည်။ သူ အလျင်စလို ပြန်ဖြေမိသွားသည်။
"ဒါဆိုလည်း ဒုက္ခခံပေးပါဦး မရီးရယ် ကျွန်တော်တို့ပြန်တော့မယ်နော်"
ကျန်နှစ်ယောက်မှာလည်း ကုတင်ဘက်သို့ အလိုလို လှမ်းကြည့်လိုက်မိပြီးနောက် အခြေအနေအား ချက်ချင်းသဘော ပေါက်သွားကာ ထိုနေရာမှ အမြန်လစ်ပြေးကြလေတော့ သည်။ အသံဖမ်းဖို့တွေ၊ မျက်မြင်သက်သေလုပ်ဖို့တွေ ခဏမေ့ထားလိုက်တော့...
ရှုယင်းယင်း သူတို့သုံးယောက်အား နှုတ်ဆက်ပြီးနောက် လူနာဆောင်သို့ ပြန်ဝင်လာကာ လူနာစောင့်ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကုတင်ပေါ်တွင် အိပ်ပျော်နေသောသူကိုသာ စိုးရိမ်တကြီးစိုက်ကြည့်နေမိသည်။ သူ့မျက်နှာအရောင်သည် ပုံမှန်နီးပါးပြန်ဖြစ်နေပြီး နှုတ်ခမ်းများမှာလည်း သွေးရောင် ပြန်လည်စိုပြည်လာသော်လည်း အနည်းငယ်တော့ နွမ်းနယ်နေပုံ ပေါ်နေဆဲဖြစ်သည်။
သူမနှင့် အလွန်နီးကပ်နေသော သူ့ ချောမောသည့် မျက်နှာကို ငေးကြည့်ရင်း၊ ရှုယင်းယင်းသည် နားမလည်နိုင်စွာဖြင့် မေးခွန်းထုတ်မိသည်။
[ရှောင်ချီ သူ ငါ့ကို ကယ်ဖို့အတွက် အသက်ကိုတောင်စွန့်ရဲလောက်အောင် ငါ့ဆီက ဘာကို အဲဒီလောက်တောင် သဘော ကျနေရတာလဲ]
စနစ်နှင့် ဟော်ယန်မှာ တိတ်တဆိတ်ဝမ်းသာသွားသည်။ နောက်ဆုံးတော့ သူ့ရဲ့ခံစားချက်တွေကို သူမ မြင်သွားလို့ ဒီဒဏ်ရာရတာ တန်သွားပြီ။
[လူတစ်ယောက်ကို သဘောကျဖို့ဆိုတာ အကြောင်းပြချက် မလိုဘူး၊ နင့်ရဲ့ ပျင်းရိမှု၊ လောဘကြီးမှု၊ အသုံးမကျမှုတွေကိုပဲ သူက သဘောကျနေတာဖြစ်နိုင်တယ်လေ၊ နင့်ဆီမှာ သူ့အတွက် လိုအပ်နေတဲ့အရာတွေ ရှိနေတာဖြစ်နိုင်တယ်]
ရှုယင်းယင်း နှုတ်ခမ်းများတွန့်ကွေးသွားရသည်။
[ဟဲ့ နင် အဲဒီလောက်ကြီး ပွင့်ပွင့်လင်းလင်း ပြောစရာမလိုပါဘူး]
[ဟီးဟီး... တကယ်တော့ နင်က တော်တော်လေးအရည် အချင်းရှိပါတယ်၊ နင်ကိုယ်တိုင် သတိမထားမိလို့ပါ၊ နင့်ကို သက်တောင့်သက်သာနဲ့ အေးချမ်းတဲ့ ဘဝတစ်ခု ပေးလိုက်ရင်၊ ရည်မှန်းချက်တွေ၊ တခြားသူတွေနဲ့ ယှဉ်ပြိုင်ချင်စိတ်တွေ မရှိဘဲ နင်က လုံးဝကိုရောင့်ရဲတင်းတိမ်နေမှာပဲ၊ နင်က ပုံမှန်ဆိုရင် အတင်းအဖျင်းပြောရတာနဲ့ ဒရာမာကြည့်ရတာကိုပဲ သဘောကျပြီး၊ ချမ်းသာတဲ့မိန်းကလေးတွေရဲ့ ပွဲတွေသွားတာကလည်း သူတို့ ဘယ်လိုနေထိုင်ကြလဲဆိုတာကို အတွေ့ အကြုံယူဖို့ သက်သက်ပဲလေ၊ ဒါပေမယ့် နင်သာ နေ့တိုင်းဇိမ်ကျကျနေရမယ်ဆိုရင် အဲဒါကို ပျင်းစရာကောင်းတယ်လို့ နင် ထင်လာမှာပဲ၊ အတိုချုပ်ပြောရရင် နင့်ကို ပျော်အောင်လုပ်ဖို့က အရမ်းလွယ်တယ်]
[ချမ်းသာတဲ့ အမွေခံမိန်းကလေး တစ်ယောက်မဖြစ်ခင်တုန်းက ငါလည်း ဆင်းရဲခဲ့တာပဲ၊ ကောင်းမွန်တဲ့ ဘဝတစ်ခုရဲ့ အစပိုင်းမှာတော့ စိတ်ကျေနပ်မှုရဖို့ ဆန္ဒတွေ အမြဲရှိတတ်ပေမယ့် အရာအားလုံးကို တွေ့ကြုံခံစားပြီးသွားတဲ့အခါ သာမန်ဘဝကို ပြန်သွားရတာပဲလေ၊ စားလောက်ဝတ်လောက်ရှိမယ်၊ ဝမ်းရေးအတွက် ပူစရာမလိုဘူး၊ သွားချင်တဲ့အချိန် ခရီးသွားနိုင်တဲ့ အခြေအနေရှိမယ် ပြီးတော့အေးချမ်းတဲ့ စိတ်ထားရှိမယ်၊ ဘဝဆိုတာ တိုတိုလေးရယ် ဒါကြောင့် လွတ်လွတ်လပ်လပ်ပဲ နေသင့်တယ်၊ သေချာတာပေါ့... ငါ့ရဲ့ လက်တွဲဖော်က အလုပ်ကို ဦးစားပေးတဲ့သူ တစ်ယောက်ဖြစ်ရင် အရမ်းကောင်းမှာပဲ၊ သူက ပိုက်ဆံရှာဖို့နဲ့ မိသားစုကို ထောက်ပံ့ဖို့ တာဝန်ယူမယ်၊ ငါက လှလှပပလေးနေပြီး ကိုယ့်ဘဝကို ရောင့်ရဲတင်းတိမ်ဖို့ တာဝန်ယူမယ်၊ ဘယ်လောက် အံ့သြစရာကောင်းလိုက်တဲ့ ဘဝလဲ]
[အင်းလေ... အခု နင့်မှာ အဲဒီဆန္ဒပြည့်ဝနေပြီ မဟုတ်ဘူးလား၊ ကုတင်ပေါ်က တစ်ယောက်က အဲဒီလိုလူပဲလေ၊ ပြီးတော့ နင်တို့ မိသားစုတွေက စီစဉ်ပေးထားတာဆိုတော့ လက်ထပ်တာက သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုပဲ မဟုတ်ဘူးလား၊ အရေးကြီးဆုံးက သူက နင့်ကို တကယ်သဘောကျနေတာဆိုတော့ သူ့အပေါ် နင့်အမြင်ပြောင်းလဲသွားသင့်ပြီ မဟုတ်ဘူးလား]
ဤအကြောင်းကို ပြောလိုက်သည်နှင့် ရှုယင်းယင်း စကားလမ်းကြောင်းကို ထပ်မံလွှဲဖယ်ရန် ကြိုးစားတော့သည်။
[သူက ဘယ်လိုလုပ် ငါ့ကို သဘောကျနိုင်မှာလဲ၊ အဲဒါက အဘွားယန်နဲ့ အဘိုးရှုတို့ရဲ့ ဆက်ဆံရေးကြောင့်ပဲ ဖြစ်ရမယ်၊ သူ့လက်ထဲမှာ ငါ အန္တရာယ်ဖြစ်မှာကို သူ ကြောက်လို့ သူ့အသက်ကို စွန့်ပြီး ငါ့ကိုကယ်ခဲ့တာနေမှာပါ၊ တခြား ဘယ်သူနဲ့ဖြစ်ဖြစ် သူ ဒီလိုပဲလုပ်မှာပဲ၊ နင် အများကြီးတွေးလွန်းနေပြီ]
စနစ်လေးမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းသာ ချလိုက်တော့ သည်။ နင်က ကိုယ့်ကိုကိုယ် လှည့်စားနေတာ...
ယခုလေးတင် ကြည်လင်နေသော ကောင်းကင်သည် ရုတ် တရက် ပြန်လည် မှုန်မှိုင်းသွားလေသည်။ သူသည်ပြင်းထန်သော အစီအမံများအား လုပ်ဆောင်ရန်လိုအပ်ပုံရသည်။ အကယ်၍ သူ ဆက်ပြီးအချိန်ဆွဲနေမည်ဆိုလျှင် ဤမြေခွေးမလေးသည် ပုန်းအောင်းရန်သာ စိတ်ထဲရှိပေလိမ့်မည်။
ရှုယင်းယင်းသည် စနစ်နှင့် ဆက်၍မငြင်းခုံလိုတော့သဖြင့် အိပ်ချင်ဟန်ဆောင်ကာ ကုတင်စွန်းကို မှီ၍မျက်လုံးများကို မှိတ်ထားလိုက်လေသည်။ ဟော်ယန်သည့် သူ့ လက်ဖမိုးပေါ်တွင် အမွေးနုနုလေးများနှင့် လာရောက်ထိတွေ့မှုကို ခံစားလိုက်ရသဖြင့် မျက်လုံးများအား စမ်းသပ်သည့်အနေဖြင့် အနည်းငယ် ဖွင့်ကြည့်မိသွားသည်။ သူမသည် ကုတင်ကို မှီ၍ အနားယူနေသည်ကိုမြင်သောအခါ သူ့ မျက်လုံးများကို ရဲရဲဝံ့ဝံ့ ဖွင့်လိုက်ပြီး ဤကျေးဇူးကန်းသော ကောင်မလေးအား စူးစူးရဲရဲကြည့်နေမိသည်။
သူမ အေးချမ်းစွာ အိပ်ပျော်နေချိန်မှာ စကားကြမ်းကြမ်း တမ်းတမ်း ပြောနေချိန်ထက် ပိုချစ်စရာကောင်းနေသည်။ သူမ ပါးစပ်က နှလုံးသားထက် ပိုခေါင်းမာနေသည်ကသာ နှမြောစရာပင်။
နှင်းလျှောစီးစခန်းတွင် သူမ၏ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ စိုးရိမ်နေခဲ့သော အမူအရာကို ကြည့်ခြင်းအားဖြင့် သူမသည် ပြောသလောက် နှလုံးသားမဲ့နေသူမဟုတ်မှန်း သူသိသည်။ သူမတွင် သူ့အပေါ် မည်သည့် ခံစားချက်မှ လုံးဝမရှိဘူးဆိုသည်ကို သူ မယုံကြည်ပေ။
ရှုယင်းယင်းသည် အမှန်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူမသည် နှင်းလျှောစီးစခန်းတွင် နာရီအတော်ကြာအောင် အရူးအမူးကစားခဲ့ပြီး မတော်တဆမှုနှင့် ဟော်ယန်၏ဒဏ်ရာတို့ကြောင့် ရရှိလိုက်သော နှစ်ထပ်ကွမ်းထိတ်လန့်မှုက သူမအား လုံးဝအင်အားကုန်ခန်းသွားစေခဲ့သည်။ ယခု သူမ လုံးဝ စိတ်အေးလက်အေး ဖြစ်သွားသောအခါ အိပ်မောကျခြင်းက သူမအား လျင်မြန်စွာ လွှမ်းခြုံသွားပြီး မိနစ်ပိုင်းအတွင်းမှာပင် သူမ အသက်ရှူသံများ ပုံမှန်ဖြစ်လာသည်။
သူမ၏စည်းချက်ကျပြီး တည်ငြိမ်သော အသက်ရှူသံများကို နားထောင်ပြ ဟော်ယန်လည်း သူမ အိပ်ပျော်သွားပြီဖြစ် ကြောင်း အတည်ပြုလိုက်သည်။ သူသည် သူ့လက်အား သူမ ခေါင်းထိပ်ပေါ်သို့ ညင်သာစွာ တင်လိုက်ပြီး နူးညံ့သောဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ သူ အကြည့်က သူမမျက် နှာဆီသို့ ရွှေ့သွားသောအခါ သူ့ ကြီးမားသော လက်မှာ သူမပါးပြင်ဆီသို့ ရွေ့လျားသွားပြီး သူမ နားရွက်ရှေ့သို့ကျနေသော ဆံပင်စလေးများကို သပ်တင်ပေးသည်။
အိပ်မက်ထဲတွင် ယားကျိကျိ ဖြစ်နေသည်ကို ခံစားရလို့များလားမသိ သူမသည် မျက်မှောင်ကြုတ်ကာ အလိုလိုက်ခံထားရသော ကလေးတစ်ယောက်ပမာ တိုးတိုးလေး ညည်းတွားလာသည်။
ဟော်ယန် လန့်သွားပြီး ကြက်သေသေသွားရသည်။ သို့သော် သူမ နိုးလာမည့် အရိပ်အယောင်ကို မတွေ့ရသဖြင့် စမ်းသပ်သည့်အနေဖြင့် သူ့ လက်ညှိုးဖြင့် သူမပါးပြင်ကို ဖွဖွလေးထိကြည့်လိုက်သည်။ မည်သည့်တုံ့ပြန်မှုမှ မတွေ့ရသောအခါ သူသည် သူမအား ညင်သာစွာဆွဲညှစ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ နှလုံးသားမရှိတဲ့ ကောင်မလေး၊ မင်းက ဘာလို့ ဒီလောက်တောင် အမြင်ကတ်စရာ ကောင်းနေရတာလဲဟမ်...
ဟော်ယန်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူ့လက်ကို ရုပ်သိမ်းကာ ခေါင်းအုံးနောက်သို့ မှီချလိုက်ပြီးနောက် တဖြည်းဖြည်းနှင့် သူကိုယ်တိုင်လည်း အိပ်ပျော်သွားတော့ သည်။ သို့သော် အိပ်မက်ထဲတွင်မူ သူ့လက်က ရှုယင်းယင်း လက်ကလေးအား အလိုအလျောက် ဆုပ်ကိုင်ထားမိလျက်သားဖြစ်နေသည်။
မြို့တွင်းရှိ မီးရောင်များလင်းထိန်လာသည်အထိ ထိုနှစ်ယောက်သည် လက်ချင်းချိတ်ကာ အိပ်ပျော်နေခဲ့ကြသည်။ ရှုယင်းယင်းမှာ ဗိုက်ဆာသဖြင့် နိုးလာပြီး မျက်လုံးဖွင့်လိုက်မှသာ သူမသည် လူနာအား ပြုစုရမည့်သူဖြစ်ကြောင်း သတိရသွားသည်။ သူမသည် ရုတ်တရက် ထထိုင်လိုက်ပြီး ဆေးရုံကုတင်ပေါ်ရှိ ဟော်ယန်ကို ကြည့်လိုက်သည်။
"နိုးပြီလား"
ဟော်ယန်သည် ကွန်ပျူတာဖြင့် အလုပ်လုပ်နေသည်။ သူမ ရုတ်တရက် ထထိုင်လိုက်သည်ကိုမြင်သောအခါ သူ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဘာလို့ ရုတ်တရက်ကြီး ထလိုက်တာလဲ၊ အိပ်မက်ဆိုး မက်လို့လား"
ရှုယင်းယင်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်ပြီး သူမ မျက်လုံးများမှာ အိပ်ချင်မပြေဖြစ်နေသဖြင့် အမှန်အတိုင်း ပြန်ဖြေမိသွားသည်။
"ဗိုက်ဆာလို့"
ဟော်ယန် အံ့သြသွားပြီးနောက် ပြုံးလိုက်ကာ သူ့ဘေးရှိ အစားအသောက်လှည်းကို လက်ညှိုးထိုးပြသည်။
"အစားအသောက်တွေ ဟိုမှာရှိတယ်၊ နွေးသေးလောက်တယ်"
ရှုယင်းယင်းသည် အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ရှစ်နာရီခန့်ပင် ရှိနေပြီဖြစ်သည်။ သူမ တကယ်ပဲ လေးနာရီကြာအောင် အိပ်ပျော်သွားခဲ့တာပဲ...
[နင် တကယ့်ကို တစ်ခုခုပဲ ရှုယင်းယင်း၊ လူနာကိုပြုစုဖို့ ရောက်လာတာ ဟ၊ အားလပ်ရက် အပန်းဖြေခရီးထွက်လာတာ မဟုတ်ဘူး]
🍁 Chapter 122
ဟော်ယန် သူမအား ခိုးကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ပြီး သူမ မျက်နှာပေါ်တွင် နောင်တနှင့် ရှက်ရွံ့မှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်မှာပင် ဟော်ယန် ဗိုက်ထဲမှ အသံများထွက်ပေါ်လာသည်။
ဟော်ယန် နှင့် ရှုယင်းယင်း : "..."
[ဒါက ပိုပြီးတောင် ရှက်စရာကောင်းသေးတယ်]
"ဆောရီး၊ ကျွန်မ အိပ်တာလွန်သွားတယ်"
ရှုယင်းယင်း ထရပ်ကာ အစားအသောက်လှည်းဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။ သူမသည် အစားအ သောက်များ နွေးနေသေးကြောင်း အတည်ပြုပြီးနောက် ကုတင်ဘေးသို့ ပြန်လှည့်လာပြီး စားပွဲပေါ်ရှိ ကွန်ပျူတာအား လက်ညှိုးထိုးပြကာ ပြောလာသည်။
"အလုပ်မလုပ်ခင် အရင်စားလိုက်ပါလား"
"ကောင်းပြီ"
ဟော်ယန် ပြန်ဖြေပြီး ပစ္စည်းများကို သိမ်းဆည်းရန်ပြင်လိုက်သော်လည်း ရှုယင်းယင်း တားလာသည်။
"ရှင်က လူနာလေ၊ ဒါတွေကို ကျွန်မ လုပ်လိုက်မယ်"
သူမသည် စားပွဲကို အမြန်ရှင်းလင်းလိုက်ပြီး နွေးနေသော အစားအသောက်များကို စီစဉ်ကာ ပန်းကန်ငယ်တစ်ချပ်နှင့် တူတစ်စုံကိုယူ၍ ဟော်ယန်အား ခွံ့ကျွေးရန်ပြင်လိုက်သည်။
"မလိုပါဘူး၊ ကိုယ့်လက်က အဆင်ပြေပါတယ်၊ လှုပ်လို့ရတယ်"
ဟော်ယန် အနည်းငယ်အနေရခက်သွားသော်လည်း ရှုယင်းယင်းက ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ပြောသည်။
"ကျွန်မကို ခွံ့ကျွေးခွင့်မပြုတာက ကျွန်မကို အပြစ်တင်တာပဲ၊ ပါးစပ်ဟ"
ထိုသို့မြင်သောအခါ ဟော်ယန် ဆက်၍ မငြင်းဆန်နိုင်တော့ပေ။ သူသည် ပါးစပ်နားသို့ရောက်လာသော ဟင်းသီးဟင်း ရွက်များအား ငုံ့ကြည့်ပြီးပြောသည်။
"ကိုယ် ဟင်းသီးဟင်းရွက်တွေ မစားလို့မရဘူးလား၊ အဲ့တာရဲ့အရသာက တစ်မျိုးကြီးပဲ"
"မရဘူး၊ ရှင် ပြန်ကောင်းလာဖို့လိုတယ်၊ ရှင် အရသာရှိတာ စားချင်တယ်ဆိုရင် ပြန်ကောင်းလာမှ ကျွန်မ လုပ်ကျွေးမယ်"
ဟော်ယန် မျက်ခုံးပင့်ကာ အံ့အားသင့်စွာဖြင့် "တကယ်လား"
"ကျွန်မ အသက်ကိုကယ်ခဲ့တဲ့အတွက် ကျေးဇူးဆပ်တယ်လို့ပဲ သတ်မှတ်လိုက်ပါ"
"ဒါဆိုလည်း ကောင်းပါပြီလေ"
ဟော်ယန်သည် ဟင်းသီးဟင်းရွက် တစ်ဖတ်လုံးကို တုံ့ဆိုင်းခြင်းမရှိဘဲ စားလိုက်ပြီး ရုတ်တရက်တော်တော်လေး အရသာရှိသည်ဟုပင် ခံစားမိသည်။ ရှုယင်းယင်း သူ၏ လိမ္မာသော အသွင်အပြင်ကို ကြည့်ရင်း သူ ဂျီးမများချိန်တွင် တော်တော်လေး ချစ်စရာကောင်းသည်ဟု တွေးလိုက်မိ သည်။
စနစ်သည် သူတို့၏အပြန်အလှန် ဆက်ဆံရေးကို မိခင်တစ်ယောက်၏ အပြုံးဖြင့် အချိန်တစ်လျှောက်လုံး စောင့်ကြည့်နေခဲ့သည်။ သူတို့က အရမ်းချိုမြိန်တာပဲ၊ အပြန်အလှန်တောင် ခွံ့ကျွေးနေကြပြီ၊ အနမ်းတစ်ခုရောက်ဖို့ သိပ်မဝေးတော့ဘူး...
ဟော်ယန် စားသောက်ပြီးနောက် ရှုယင်းယင်းအားပြောလာသည်။
"ကိုယ် မနက်ဖြန် ဆေးရုံဆင်းချင်တယ်"
"မဖြစ်ဘူးလေ၊ ရှင် လုံးဝ ပြန်ကောင်းလာမှ တရုတ်ကို ပြန်မယ်လို့ ဟဲ့ယန်တို့ကို ကျွန်မ ပြောထားပြီးပြီ၊ ဒီပုံစံနဲ့ ရှင် ဘယ်လိုလုပ် လေယာဉ်စီးမှာလဲ၊ ရူးနေလား"
ဟော်ယန် သူမကြောင့် အလျင်စလို ပြန်ချင်နေသည်ဟု ရှုယင်းယင်း ယုံကြည်သဖြင့် ပိုမိုအပြစ်ရှိသလို ခံစားရသည်။
"တကယ်တော့ ဒါက သိပ်ကြီးကြီးကျယ်ကျယ် ကိစ္စမဟုတ်ပါဘူး၊ အရင်တုန်းကဆို ကိုယ်..."
"အရင်တုန်းက ရှင် ဘယ်လိုနေနေ ကျွန်မ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ ရှင် ကျွန်မကြောင့် ဒဏ်ရာရခဲ့တာ၊ ရှင် ပြန်ကောင်းလာတဲ့အထိ ရှင့်ကို ပြုစုပေးဖို့ ကျွန်မမှာ တာဝန်ရှိတယ်"
"တာဝန်ရှိလို့ သက်သက်ပဲလား"
ဟော်ယန် လောဘတကြီး စမ်းသပ်မေးမြန်းသည်။ ရှုယင်းယင်း အနည်းငယ် ကြက်သေသေသွားပြီး သူ့အား မျက် မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ရှင် တခြား ဘာလိုချင်သေးလို့လဲ"
ဟော်ယန်၏မျက်လုံးများတွင် ၀မ်းနည်းမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ခေါင်းသာခါလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ ရှုယင်းယင်း စိတ်ပျက်စွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် အေးစက်စွာပြောလာသည်။
"ရှင် နားလိုက်တော့၊ ကျွန်မ လေညင်းခံဖို့အပြင်ထွက်လိုက်ဦးမယ်"
ဟော်ယန် သူမ ထွက်သွားသည်ကို ကြည့်ပြီးနောက် စိတ် ပျက်လက်ပျက်ဖြင့် ခေါင်းအုံးကို မှီချလိုက်ပြီး သူ့မျက်နှာပေါ်တွင် ပြဿနာတစ်ခုအား ဖြေရှင်းရခက်နေသည့် အမူအရာတစ်ခုပေါ်လာသည်။
သူမကို အနိုင်ရဖို့ သူ ဘာများလုပ်ရမလဲ၊ ဒဏ်ရာရရုံလေးနဲ့တော့ လုံလောက်ပုံမပေါ်ဘူး...
ရှုယင်းယင်းသည် ဆေးရုံ၏အနောက်ဘက် ဥယျာဉ်ဆီသို့ ပြေးထွက်လာသည်။ သူမ ကုလားထိုင်ပေါ်တွင် မှီထိုင်ကာ မှောင်မိုက်ပြာလဲ့နေသော ညကောင်းကင်ယံအား ငေးကြည့်နေမိပြီး သူမ စိတ်ထဲတွင် ဟော်ယန်၏ ဝမ်းနည်းနေသော အမူအရာက ပြည့်နှက်နေသည်။
သူ့လိုလူမျိုးမှာ ထိုခံစားချက်များမပေါ်လာသင့်သည့်အပြင် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမ နှလုံးသားမှာ နာကျင်လာရသည်။
[ကျွတ်... သူက ဘာလို့ ငါ့ကို သဘောကျရတာလဲ၊ သူ့မှာ မိန်းမရှားနေတာမှ မဟုတ်တာ]
[ရှောင်ယင်း... နင် ဘာကို ငြင်းနေတာလဲ နင်လည်း သူ့အပေါ် ခံစားချက်ရှိနေတာ သိသာကြီးကို၊ သူ့အချစ်ကို လက်ခံဖို့က ဘာလို့ အဲဒီလောက် ခက်ခဲနေရတာလဲ]
စနစ်က သူ့သံသယများကို ထုတ်ဖော်ပြောလာသည်။
[ဘာလို့လဲဆိုတော့ အဲဒါက လက်တွေ့မကျဘူးလို့ ငါ ထင်လို့လေ၊ သူက အရမ်းထူးချွန်တယ်၊ ငါတို့ကြားမှာ ကွာခြားချက်တွေက အရမ်းကြီးမားလွန်းတယ်၊ ဒီလို အဆင့်အတန်းနဲ့ အင်အား ကွာခြားမှုက ငါတို့ ဘယ်ကိုမှ မပေါင်းစပ်နိုင်ဘူးဆိုတာကို ဖော်ပြနေတာပဲ၊ နောက်မှ သူစိမ်းတွေအဖြစ် အဆုံး သတ်သွားရမယ့်အစား အစကတည်းက ကိုယ့်ဘာသာကိုယ် နေတာက ပိုကောင်းပါတယ်]
[ဒါပေမယ့် ဒီလိုမညီမျှမှုကပဲ စူးစမ်းလိုစိတ်နဲ့ လေ့လာချင်စိတ်ကို ဖြစ်ပေါ်စေတယ်ဆိုတာ နင် တစ်ခါမှမတွေးဖူးဘူးလား၊ လူတွေက သူတို့မှာ မရှိတဲ့အရာကို အမြဲတမ်း လိုက်ရှာချင်ကြတယ်လေ၊ အဲဒါက စည်းစိမ်ဥစ္စာဖြစ်ဖြစ်၊ စရိုက်လက္ခဏာဖြစ်ဖြစ်၊ အတွေးအခေါ်ဖြစ်ဖြစ်ပေါ့၊ လူတိုင်းကသာ တန်းတူညီမျှမှုကို တောင်းဆိုနေကြရင် အဲဒါ အရမ်း ပျင်းစရာကောင်းမသွားဘူးလား၊ တူညီတဲ့ လူအမျိုးအစားတွေနဲ့ အတူရှိနေတာက ဘာ ပျော်ရွှင်မှုမှ ဖြစ်ပေါ်စေမှာ မဟုတ်ဘူး]
ရှုယင်းယင်း ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ သူမ လိုလားသည့် အချစ်မျိုးမှာ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှရှိသော အချစ်မျိုးဖြစ်သည်။ ထိုအရာသည်မှာ လက်တွဲဖော် နှစ်ဦးစလုံး အတူတကွ ကျရှုံးနိုင်ပြီး ဝမ်းသာမှုသာမက ဝမ်းနည်းမှုကိုပါ မျှဝေခံစားနိုင်သည်။ ထို့အပြင် မည်သူက အလုပ်လုပ်ပြီး မည်သူက အားနေသည်ဆိုတာ မရှိသည့်အပြင် မည်သူက ရည်မှန်းချက်ကြီးပြီး မည်သူက ပေါ့ပေါ့ပါးပါး နေတက်ဆိုတာအား ဘယ်တော့မှ ငြင်းခုံနေစရာ မလိုသည့် အချစ်မျိုးဖြစ်သည်။ ၎င်းမှာ ပျော်ရွှင်မှုနှင့် ဆင်းရဲဒုက္ခများအား အတူတကွ မျှဝေခံစားကာ တစ်ယောက်ကိုတစ်ယောက် ဖေးမထောက်ပံ့ပေးခြင်းပြီး သူတို့၏ ကျန်ရှိနေသော ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းရန် အတူတကွ ဆွေးနွေးတိုင်ပင်ခြင်းကို ဆိုလိုသည်။
သို့သော် ဟော်ယန်မှာ သူမနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဆိုတာ သိသာသည်။ သူမကြောင့် သူ ရှုံးနိမ့်သူတစ်ယောက်ပမာ ဖြစ်သွားရသည်ကို မလိုလားသလို သူ့အားလိုက်မီဖို့ သူမ အတင်းကြိုးစားရမှာကိုလည်း မလိုလားချေ။
လူနှစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြသောအခါ သူတို့ စိုက်ထုတ်ရသော ကြိုးစားအားထုတ်မှု ပမာဏကို လုံးဝ လျစ်လျူရှုထားနိုင်သော်လည်း အချိန်များကြာလာပြီး အချစ်များမှေးမှိန်လာသောအခါ နောက်ဆုံးကျန်ခဲ့မည်မှာ အဆုံးအစမရှိသော ငြင်းခုံမှုများနှင့် အတိတ်က မကျေနပ်ချက်များအား ပြန်တူးဆွမှုသာဖြစ်သည်။ သူမထိုအရာကို ခံနိုင်ရည်မရှိနိုင်သလို ပင်ပန်းစရာလည်း ကောင်းလှသည်။ သူမ ဘာကိစ္စဒုက္ခခံနေမှာလဲ...