← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

🍁 Chapter 123

နာရီဝက်ခန့် ကြာပြီးနောက် ရှုယင်းယင်း လူနာခန်းထဲသို့ ပြန်ရောက်လာသော်လည်း ဟော်ယန်အား ကုတင်ပေါ်တွင် မတွေ့မိချေ။ သူမက ရေချိုးခန်းဘက်သို့ လှမ်းကြည့်လိုက်ရာ မီးလင်းနေပြီး ရေသံတိုးတိုးလေး ကြားနေရသည်။

ရှုယင်းယင်းမှာ သူ ရေချိုးနေတာလားဟု မေးရန် တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် သူမ တံခါးခေါက်ရန် ဟန်ပြင်လိုက်ချိန်မှာပင် ရေသံရပ်သွားပြီး အဝတ်အစား လဲလှယ်နေသည့် အသံများအား ဆက်တိုက် ကြားလိုက်ရသဖြင့် ရှုယင်းယင်း မျက်မှောင်ကြုတ်သွားသည်။

"ဟော်ယန် ရှင် ရေချိုးလိုက်တာလား"

"အင်း၊ မင်း ရေချိုးခန်း သုံးမလို့လား၊ ကိုယ် အခု ချက်ချင်း ထွက်လာခဲ့မယ်"

ဟော်ယန်အဝတ်အစား မြန်မြန်ဆန်ဆန် လဲလှယ်လိုက်သည်။ သူ၏ သိသာစွာ မြန်ဆန်သွားသော လှုပ်ရှားမှုများကိုကြား လိုက်ရသဖြင့် ရှုယင်းယင်း အလောတကြီး ပြန်ပြောသည်။

"ကျွန်မ မသုံးပါဘူး၊ ဖြည်းဖြည်း လုပ်ပါ၊ ရှင်က ခွဲစိတ်ထားတာကို ရေချိုးလို့ ရလို့လား"

"ဆရာဝန်ကို ခုလေးတင် မေးကြည့်တော့ ရတယ်တဲ့၊ ကိုယ်က ချွေးတွေအရမ်းထွက်ထားတော့ နေလို့သိပ်မကောင်းလို့ပါ"

"အော်..."

ရှုယင်းယင်း စကားဆုံးသည်နှင့် တံခါး ပွင့်လာခဲ့သည်။

အနက်ရောင် ရေချိုးဝတ်စုံအား ဝတ်ဆင်ထားပြီး ရေစိုနေဆဲဖြစ်သော ဟော်ယန်သည် သူမရှေ့တွင်ပေါ်လာသည်။ သူသည် စိုစွတ်နေသော ဆံပင်များအား လက်တစ်ဖက်ဖြင့် သုတ်နေပြီး တံခါးဝတွင်ရပ်နေသော ရှုယင်းယင်းအား မြင်သောအခါ ခေတ္တမျှ ရပ်တန့်သွားသည်။

ရှုယင်းယင်း သူ ဆံပင်သုတ်ရန် လက်မြှောက်လိုက်သည်အားကြည့်ပြီး ဒဏ်ရာကိုထိမိမည်စိုးသဖြင့် သူ့ လက် ကောက်ဝတ်ကို အမြန်ဆွဲတားလိုက်ပြီး ပြောသည်။

"ကျွန်မ သုတ်ပေးမယ်၊ ကုတင်ပေါ် သွားထိုင်နေ"

ဟော်ယန်မှာ ကြိတ်ပြီးသဘောကျသွားသော်လည်း အားနာချင်ယောင်ဆောင်ကာ ပြောလာသည်။

"ရပါတယ်၊ ကိုယ့်ဘာသာ ကိုယ် သုတ်လို့ရပါတယ်"

ရှုယင်းယင်း သူ့အား တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ့တွင် ငြင်းဆန်ခွင့်မရှိသည့် ဟန်ပန်ဖြင့် သူမ လက်သေးသေးလေးအား ဖြန့်ပေးလာသည်။ ထိုအခါ ဟော်ယန်မှာ တဘက်ကို သူမထံ မပေးဘဲ မနေနိုင်တော့ချေ။

"ဒါဆိုလည်း မင်းကို ဒုက္ခပေးရတော့မယ်"

ရှုယင်းယင်း သူ့ ဆံနွယ်များအား အနည်းငယ် စည်းချက်မကျစွာ သုတ်ပေးလိုက်ပြီး ရေအနည်းငယ် ခြောက်သွားသော အခါ ဆံပင်အား ခြောက်သွေ့စေရန် ဆံပင်မှုတ်စက်ကို ယူလိုက်သည်။

ဟော်ယန်သည် နားထဲတွင် စူညံနေသော ဆံပင်မှုတ်စက်သံကို နားထောင်လျက် သူမ လက်သေးသေးလေးများမှာ သူ့ ဆံနွယ်များကြားသို့ တိုးဝင်လာသော ခံစားရသည့် နူးညံ့မှုနှင့် ယားကျိကျိ အထိအတွေ့လေးများကြောင့် ဟော်ယန်၏ နှလုံးခုန်နှုန်းတို့မှာ တဖြည်းဖြည်းမြန်ဆန်လာကာ ပိုလို့ပင် ပြင်းထန်လာရသည်။

ဆံပင်မှုတ်စက် ရပ်သွားသောအခါ အခန်းတွင်း၌ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်ရာ ဟော်ယန်၏နှလုံးခုန်သံမှာ အထူးတလည် ကျယ်လောင်နေသကဲ့သို့ ဖြစ်နေပြီး ထိုအသံကြောင့် ရှုယင်းယင်းပင် အံ့သြသွားရသည်။

သူမက ဟော်ယန် ရင်ဘတ်အား မယုံနိုင်စွာကြည့်ပြီး "ရှင့်နှလုံးခုန်သံက ဘာလို့ ဒီလောက်မြန်နေတာလဲ၊ နေလို့ မကောင်းဘူးလား"

ဟော်ယန် နားရွက်များမှာ ချက်ချင်းနီရဲသွားလေပြီး "မဟုတ်ပါဘူး၊ နေလို့ မကောင်းတာ မဟုတ်ပါဘူး"

[အိုး... အဲ့ဒါ နင့်ကို သဘောကျလို့ နှလုံးတွေ ခုန်နေတာလေ ရှောင်ယင်း၊ နင် တကယ် ဘာမှမသိရှာဘူးပဲ]

ရှုယင်းယင်းမှာ ဆွံ့အသွားရပြီးနောက် ဟော်ယန်၏ နီရဲနေသော နားရွက်များကို ကြည့်ကာ သူမပါ မျက်နှာပူလာရသည်။

"နေ.. နေလို့ မကောင်းတာ မဟုတ်ရင် ပြီးတာပါပဲ၊ ရှင်.. ရှင် လှဲပြီး နားလိုက်တော့လေ၊ ကျွန်.. ကျွန်မ အပြင်ထွက်ပြီး လေလေးဘာလေး သွားရှူလိုက်ဦးမယ်"

ရှုယင်းယင်း လှည့်၍ တံခါးဆီသို့လျှောက်သွားသည်။

"အတော်ပဲ၊ ကိုယ်လည်း ဆေးထည့်ဖို့လိုနေတာ"

ဟော်ယန် ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး အံဆွဲထဲမှ ဆေးနှင့် ပတ်တီးကို ယူရန် လှည့်လိုက်သည်။ ရှုယင်းယင်းသည် သူ ဆေးထည့်ရန် လိုသည်ဟု ကြားသောအခါ သူမစိတ်ထဲ အပြစ်ရှိစိတ်များ တစ်ဖန်ကြီးစိုးလာပြန်သည်။ သူမသည် သူ့ ဒဏ်ရာကို တကယ် ကြည့်ချင်နေပြီး မည်မျှ ပြင်းထန်သည်အား အကဲဖြတ်ချင်နေမိသည်။

"ဒါဆို ကျွန်မ လုပ်ပေးမယ်လေ"

"ရပါတယ်၊ ကိုယ့်ဘာသာ ကိုယ် လုပ်လို့ရပါတယ်"

ရှုယင်းယင်း သူ့လက်ထဲမှ ဆေးနှင့် ပတ်တီးများကို ယူလိုက်ပြီး တဲ့တိုးပင် ပြောချလာသည်။

"ကျွန်မ ရှင့်ဒဏ်ရာကိုကြည့်ချင်တယ်၊ မဟုတ်ရင် စိတ်ထဲမှာ မဖြောင့်လို့"

ဟော်ယန် တုံ့ဆိုင်းနေဟန် ဆောင်လိုက်ပြီး "တကယ်တော့ မလိုပါဘူး၊ မင်းကို လန့်သွားစေမှာ စိုးလို့ပါ"

"ဆေးရုံကဆင်းရင် ဆေးထည့်ပေးဖို့က ကျွန်မ တာဝန်ပဲလေ၊ အခု ကြိုပြီး သင်ထားရမှာပေါ့၊ ပြီးတော့ ကျွန်မက အဲ့လောက်လည်း သတ္တိမကြောင်ပါဘူး၊ အင်္ကျီသာ ချွတ်လိုက်"

ဟော်ယန်သည် သူ့ လက်ကြီးများဖြင့် ရေချိုးဝတ်စုံခါးပတ်ကြိုးကို ကိုင်ထားလျက် သူမအား တွေဝေသလိုလေး ကြည့်နေမိသည်။

ဤမြင်ကွင်းက ယနေ့မနက် ဟိုတယ်တွင် ဖြစ်ပျက်ခဲ့သည်များအား ရှုယင်းယင်းကို ရုတ်တရက် သတိရသွားစေပြီး မသင့်လျော်သော ပုံရိပ်များက သူမ ခေါင်းထဲသို့ တစ်ဖန် ဝင်ရောက်လာပြန်သည်။ သူမသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ဆေးထည့်ရုံလေးပါပဲ၊ ကျွန်မကပဲ ရှင့်ကို အနိုင်ကျင့်တော့မယ့် ပုံစံမျိုးလာမလုပ်နဲ့၊ မြန်မြန်လုပ်၊ ကျွန်မ မြန်မြန် ပြီးအောင် လုပ်ပေးမယ်"

"အိုကေ..."

ဟော်ယန်က အနေရခက်စွာ ပြန်ဖြေလိုက်ရာ သူ့ နားရွက်များမှာ တစ်ဖန်နီရဲလာပြန်သည်။

[အမလေး၊ CEO ကြီးက အရမ်းကိုဖြူစင်လွန်းနေတာပဲ၊ နားရွက်တွေတောင် ထပ်နီလာပြန်ပြီ၊ ကျွတ် ကျွတ် ကျွတ်]

System သည် ဟော်ယန်အား မိခင်တစ်ဦးကဲ့သို့သော အပြုံးမျိုးဖြင့် ကြည့်နေသည်။ ရှုယင်းယင်းလည်း သူ့ နားရွက်များအား မသိစိတ်မှ လှမ်းကြည့်လိုက်မိသည်။

[ပါးစပ်ပိတ်ထားစမ်း]

ဟော်ယန် အင်္ကျီချွတ်ပြီး မည်သို့ဆေးထည့်ရမည်ကို သူမအား ပြောပြနေပြီး ရှုယင်းယင်းကလည်း တစ်ခုချင်းစီ ခေါင်းညိတ် နားထောင်နေသည်။

ဟော်ယန့် ဒဏ်ရာမှာ သူ့ ဗိုက်ကြွက်သားများနှင့် V-line ဆုံရာနေရာ တည့်တည့်တွင် ရှိနေပြီး သစ်ကိုင်းခြောက် စူးမိသော ဒဏ်ရာမှာ အကြွေစေ့ခန့် အရွယ်အစားရှိကာ ခွဲစိတ်ချုပ်ရိုးများမှာ အလွန် သေသပ်လှသည်။ သူ ရေချိုးစဉ်က ဆွဲဆန့်မိ၍ ဖြစ်ဟန်တူကာ သွေးအနည်းငယ်စိမ့်ထွက်နေသည်။ ရှုယင်းယင်း မပျော်မရွှင်ဖြင့် ပြောလိုက်သည်။

"ရှင် နည်းနည်းလောက် သည်းခံပြီးနေလို့မရဘူးလား၊ သွေးတွေတောင် ထွက်နေပြီ"

"ကိုယ် တောင်းပန်ပါတယ်"

ဟော်ယန်မှာ အနည်းငယ် အပြစ်ရှိသလိုမျိုး တောင်းပန်လိုက်သည်။ သို့သော်လည်း ဟော်ယန်ကဲ့သို့သော သခင်လေး ဆယ်ယောက်တွင် ကိုးယောက်မှာ သန့်ရှင်းရေးနှင့် ပတ်သက်လျှင် အစွဲအလမ်းကြီးသူများ ဖြစ်တတ်သည်ကို ထည့်တွက်မိသောအခါ ဤကိစ္စအတွက် သူ့ကို အပြစ်မတင်သင့်ဟု သူမ ခံစားလိုက်ရသည်။

သူမ သက်ပြင်းချလိုက်ပြီး "နောက်သုံးရက်အထိ ရှင် ရေချိုးခွင့်မရှိဘူး၊ နေလို့မကောင်းဘူး ဆိုရင်တောင် တဘက်နဲ့ပဲ ရေပတ်တိုက်၊ အရမ်းဂျီးမများနဲ့"

"ဒါပေမဲ့ တဘက်က ကိုယ့်ကျောဘက်ကို မှီတာမဟုတ်ဘူးလေ"

ဟော်ယန် သနားစရာကောင်းအောင်ပြန်‌ပြောသည်။

"ကျွန်မ တိုက်ပေးမယ်၊ ရပြီလား"

ရှုယင်းယင်း သူ့အား တစ်ချက်စောင်းကြည့်လိုက်သည်။

ဟော်ယန် ခေါင်းညိတ်ကာ "ဒါဆိုလည်း မင်းကိုပဲ ဒုက္ခပေးရတော့မယ်"

ရှုယင်းယင်း သူနှင့် စကားဆက်ပြောမနေတော့ချေ။ သူမသည် စိမ့်ထွက်နေသော သွေးများအား ပိုးသတ်ထားသော ဂွမ်းစဖြင့် သုတ်ပေးလိုက်ပြီး ဒဏ်ရာကို တစ်ဖန် ပြန်လည် ပိုးသတ်ပေးလိုက်သည်။

သူမက လေမှုတ်ပေးလျှင် နာကျင်မှု သက်သာစေမည်ဟု တွေးကာ မှုတ်ရင်းဖြင့် ညင်သာစွာ သုတ်ပေးနေလေသည်။ သို့သော် သူမ၏ထိုလုပ်ရပ်လေးက ဟော်ယန်အား ငိုချင်လာလောက်အောင်ပင် ယားယံသွားစေခဲ့သည်ကို သူမ လုံးဝ မသိခဲ့ချေ။

ဟော်ယန်သည် သူ၏ လက်အောက်ရှိ အိပ်ရာခင်းအား ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး မေးရိုးကို တင်းထားကာ အစွမ်းကုန် သည်းခံနေရသည်။

ရှုယင်းယင်းမှာ ဒဏ်ရာကို ဆေးထည့်ရန်သာ အာရုံစိုက်နေသဖြင့် ဟော်ယန်၏လှုပ်ရှားမှုလေးများကို လုံးဝ မမြင်ခဲ့ချေ။ သူ့ အသားအရေပေါ်တွင် ကြက်သီးမွေးညင်းများ ထနေ သည်ကိုသာ သတိထားမိလိုက်သည်။ ယားနေလို့များလား...

သူမ သံသယများ ပေါ်ထွက်လာချိန်မှာပင် ဟော်ယန်က သူမ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

"ရတယ်၊ ဒီအတိုင်းပဲ ထည့်လိုက်ပါ၊ မင်း နည်းနည်း အားထည့်ပြီး ထည့်လို့ရတယ်"

ရှုယင်းယင်း သူ့အား မော့ကြည့်လိုက်ရာ သည်းခံထားရလွန်းသဖြင့် ဖြစ်ဟန်တူသောနီရဲနေသည့် သူ့ လည်ပင်းကို သတိ ထားမိသွားသည်။ သူ ခံစားချက်များကို အပြင်းအထန် ဖိနှိပ်ထားရပုံကို တွေးမိပြီး ရှုယင်းယင်းမှာ မရယ်ဘဲ မနေနိုင်တော့ချေ။

"ရှင် ယားနေတာလား"

"နည်းနည်းပါ"

ဟော်ယန် သူမ၏စူးစမ်းနေသော အကြည့်များကို ရှောင်လွှဲကာ ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒါဆို ကျွန်မ နည်းနည်း ပိုပြီးအားထည့်ပေးမယ်လေ"

သူမ အားထည့်ပေးမည်ဟု ပြောသော်လည်း သူ့ ဒဏ်ရာကို မြင်သောအခါ သူမလှုပ်ရှားမှုများက မသိစိတ်မှနှေးကွေးပြီး နူးညံ့သွားခဲ့သည်။ အထူးသဖြင့် သူ့အား ပတ်တီးစည်းပေးချိန်တွင် ဖြစ်သည်။ ကျစ်လျစ်သော သူ့ ခါးတစ်ဝိုက်တွင် ပတ်တီးစည်းပေးနေသော သူမ နူးညံ့သည့် လှုပ်ရှားမှုများနှင့် သူမဆံနွယ်များက သူ့ ကျောပြင်အား ပွတ်တိုက်သွားပုံများမှာ မယုံနိုင်လောက်အောင်ပင် ဆွဲဆောင်မှု ရှိလွန်းနေသည်။

ဟော်ယန်မှာ နောင်တများဖြင့် ပြည့်နှက်သွားရသည်။ သူ ဘာတွေများ တွေးနေခဲ့မိတာလဲ...

သူ သူမအား မြူဆွယ်နိုင်မည်ဟု ထင်ခဲ့မိသည်။ သူ၏ ဆွဲဆောင်မှုက သူမကို မလွှမ်းမိုးနိုင်ဘူး ဆိုလျှင်တောင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှာ သူမအား သူ့အပေါ် တပ်မက်လာစေမည်မှာ သေချာသည်။

ဒါပေမဲ့ သူ ဘာလုပ်လိုက်တာလဲ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဒုက္ခပေးသလို ဖြစ်သွားတာ သူကိုယ်တိုင်ပဲလေ၊ သူ ရေအေးအေးနဲ့ ထပ်ပြီး ရေချိုးချင်လာပြန်ပြီ...

"ရလောက်ပြီ"

ဟော်ယန် ရေချိုးဝတ်စုံအား ဆွဲစေ့လိုက်ပြီး စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ မတ်တတ်ရပ်လိုက်သည်။ ရှုယင်းယင်းမှာ ကြောင်အသွားပြီး နားမလည်နိုင်သော အမူအရာဖြင့် သူ့အား ကြည့်လာသည်။

"ကိုယ် တကယ် ယားလို့ပါကွာ"

သူ တခြားအရာများ ဝန်ခံရသည်ထက် ယားသည်ဟု ဝန်ခံလိုက်ရသည်မှာ ပိုပြီးသိက္ခာရှိသေးသည်။ ရှုယင်းယင်းက ရယ်ချင်စိတ်ကို အောင့်ထားသဖြင့် နှုတ်ခမ်းတွန့်ကွေးနေ သည်။

🍁 Chapter 124

"ဆောရီး၊ ကျွန်မလည်း အရမ်းကြမ်းကြမ်းတမ်းတမ်းတော့ မလုပ်ရက်ဘူး၊ ရှင့်ကို နာသွားစေမယ်လို့ချည်းပဲ အမြဲခံစားနေရလို့လေ"

"ရေမစိုသရွေ့တော့ နှစ်ရက်တစ်ခါ ထည့်ပေးလို့ ရတယ်၊ နောက်တစ်ခါကျ ကိုယ့်ဘာသာကိုယ်ပဲ ထည့်လိုက်မယ်"

"အိုကေ၊ အိုကေ"

ရှုယင်းယင်း ခေါင်းညိတ်လိုက်သည်။ သူမသည် ဒဏ်ရာကို မြင်ခဲ့ရပြီးဖြစ်ကာ သူမ ထင်ထားသလောက် မပြင်းထန်ကြောင်း သိသွားလေသည်။ ထို့နောက် သူမ ဆက်ပြောသည်။

"ဆရာဝန်က ဆေးရုံဆင်းခွင့် ပြုတယ်ဆိုရင် ကျွန်မတို့ မနက်ဖြန် ဟိုတယ်ကိုပြန်ကြမယ်လေ၊ ဆေးရုံမှာထက် အဲ့ဒီမှာ နားရတာက ပိုကောင်းတယ်"

"အင်း"

ဟော်ယန်သည် ဝတ်စုံခါးပတ်ကြိုးကို ခိုးပြီး တင်းတင်းကျပ်ကျပ်ဆွဲချည်လိုက်သည်။ ရှုယင်းယင်းမှာ ကြိတ်ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

[ယားနေတာအပြင် သူက နည်းနည်းလေးရှက်နေသလိုပဲ၊ အဲ့ဒါက တစ်မျိုးလေး ချစ်ဖို့ကောင်းသား]

ဟော်ယန်မှာ အနည်းငယ်ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ့ နားရွက်များမှာ ပို၍ပင် နီရဲလာသည်။ ကိုယ်သဘောကျရတဲ့သူဆီကနေ ချစ်ဖို့ကောင်းတယ်လို့ အချီးကျူးခံရတာက လုံးဝကို မမိုက်ဘူးလေ QAQ...

စနစ်သည် လက်ကိုင်ပုဝါအား ကိုက်ထားရသည့် ဟန်ပန်မျိုးဖြင့် သူ၏အသည်းယားနေသော အပြုံးများမှာ ဖန်သားပြင်ပေါ်မှပင် လျှံကျလာမတတ် ဖြစ်နေသည်။

"အချိန်လည်း နည်းနည်းလင့်နေပြီ၊ ရှင် အိပ်တော့မလား"

ရှုယင်းယင်း နာရီကို တစ်ချက်ကြည့်လိုက်သည်။

"မင်း အိပ်ချင်နေပြီလား"

"နည်းနည်းပါ"

"ဒါဆိုလည်း မင်း အရင်အိပ်နှင့်လေ၊ ကိုယ် စာရွက်စာတမ်း တချို့ ကြည့်ပြီးမှ အိပ်တော့မယ်"

"အိုကေ၊ အရမ်း နောက်ကျတဲ့အထိ မနေနဲ့နော်"

"မနေပါဘူး၊ စိတ်မပူနဲ့"

ရှုယင်းယင်း သမ်းဝေလိုက်ပြီး ဘေးနားရှိ ခေါက်ကုတင်ဆီသို့ သူမ၏ နွမ်းနယ်နေသော ခြေလှမ်းများအား တရွတ်တိုက် ဆွဲသွားသည်။

ယနေ့ သူမ အမှန်ပသ် ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်ရာ ချက် ချင်းပင် အပေါ်ရုံအင်္ကျီနှင့် ဖိနပ်ကို ချွတ်ကာ လှဲချလိုက်သည်။

"ဂွတ်နိုက်"

သူမသည် ဟော်ယန်ဘက်သို့ ကျောခိုင်းကာ ကွေးကွေးလေး အိပ်ပျော်သွားသည်။ ဟော်ယန်က သူမ ကျောပြင်လေးကို ကြည့်ပြီး အလိုလိုက်ချင်ပုံရသော ကူကယ်ရာမဲ့အပြုံးမျိုးသည် သူ့ မျက်နှာပေါ်တွင် ပေါ်လာသည်။

"ဂွတ်နိုက်"

ဟော်ယန် အခန်းမီးကြီးကို ပိတ်လိုက်ပြီး သူ့ ကုတင်ဘေးရှိ မီးအိမ်လေးကို ဖွင့်ကာ အီးမေးလ်များအ စတင် စစ်ဆေးနေသော်လည်း မည်သည့်အရာကိုမျှ အာရုံမစိုက်နိုင်ပေ။

သူ ဖုန်းကို ချထားလိုက်ပြီး ရှုယင်းယင်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ရှည်လျားပြီး ညီညာသော အသက်ရှူသံများကို ကြားရသောအခါ အချိန်ကို မသိစိတ်မှ လှမ်းကြည့်လိုက်မိသည်။ သူမသည် သုံးမိနစ်အတွင်း အိပ်ပျော်သွားနိုင်သည်။ အမှန်ပင် ကလေးလေးတစ်ယောက်ပမာ အိပ်စက်နိုင်ခြင်းပင်။

ဟော်ယန်မှာ အားကျမိသလိုလို၊ ရယ်ချင်သလိုလို ဖြစ်သွားရသည်။ သူမသည် မကြာခဏဆိုသလို ဖြူစင်ပြီး ချစ်စရာကောင်းသော ကလေးလေးတစ်ယောက်နှင့် တူနေတတ် သည်။

ဟဲ့ယန် ပြောတာမှန်သည်။ သူ တကယ် ရွှေတွင်းတူးမိခြင်းဖြစ်သည်။ ရှုယင်းယင်းမှာ သူ့အဖိုးတန် ရတနာလေးပင် ဖြစ်သည်။

ရှုယင်းယင်းမှာ ဟော်ယန်ဘက်သို့ လှည့်ကာ လက်တစ်ဖက်အား မျက်နှာအောက်တွင် ခုထားလျက် အိပ်ပျော်နေသည်။ သူမမျက်နှာမှာ ပိန်သွယ်နေသည်မဟုတ်ပဲ သူမ၏ ပါးပြင်လေးများက ပြည့်ဖောင်းနေပြီး ပန်းနုရောင် သန်းကာကြည် လင်နေသော အသားအရေတို့ကြောင့် သူမအား အထူးတ လည် ဖြူစင်ပုံရကာ ချစ်စရာကောင်းနေစေသည်။

ဘေးစောင်း အိပ်နေသဖြင့် သူမ၏ ပါးပြင်လေးများမှာ လက်ဖြင့်ဖိထားမှုကြောင့် အနည်းငယ်စူထွက်နေကာ သူမအားပိုအသည်းယားစရာ ကောင်းနေစေသည်။

ဟော်ယန်မှာ ကြည့်ရုံသာကြံထားသော်လည်း ကြည့်နေရင်းနှင့် ထိုငိမနေနိုင်တော့ချေ။ သူ ကုတင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းလာပြီး သူမဆီသို့ လျှောက်သွားလိုက်သည်။

ဟော်ယန် သူမ၏ကုတင်ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ မျက်နှာပေါ်ကျနေသော ဆံနွယ်များအား ညင်သာစွာ သပ်တင်ပေးကာ အိပ်ပျော်နေသော သူမကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

သူမ၏ ပန်းနုရောင် ပါးပြင်လေးများ၊ ဖျော့တော့သော ပန်းရောင် နှုတ်ခမ်းလေးများ၊ ကော့ညွှတ်နေသော မျက်တောင်လေးများနှင့် သွယ်လျသော နှာတံလေးတို့မှာ ချစ်စဖွယ်ကောင်းချင်တိုင်း ကောင်းနေတော့သည်။

ဤသည်မှာ ဟော်ယန် သူမအား အနီးကပ်မြင်ရခြင်း ဒုတိယအကြိမ်ဖြစ်သည်။ သူတို့၏ ပထမဆုံး တွေ့ဆုံမှုကို ပြန်တွေးကြည့်လျှင် သူမ၏အနည်းငယ် မာနကြီးသော အတွေးများနှင့် သူ့အား မညှာမတာလှောင်ပြောင်ခဲ့ခြင်းများမှာ ယခု သူမ ပုံစံနှင့် လုံးဝကို ကွဲပြားသည်။

အကြိမ်ပေါင်းများစွာပင် မည်သည့်အရာက အစစ်အမှန်ဖြစ်သည်ကို သူ သေချာ မသိခဲ့ပေ။ သို့သော် ထိုအရာများက အရေးမကြီးတော့ချေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်အား သဘောကျသည်ဆိုသည်မှာ ထိုသူနှင့်ပတ် သက်သမျှ အရာအားလုံးကို သဘောကျခြင်းပင်။ သူမ မည်သည့်ပုံစံဖြစ်နေပါစေ၊ သူမ ဖြစ်နေသရွေ့အကြောင်းပြချက် မရှိ၊ ယုတ္တိမရှိဘဲ သူ သူမကို သဘောကျပါသည်။

စနစ်၏သံလိုက်စက်ကွင်းမှာ စတင်မြည်ဟည်းလာပြီး ဟော်ယန်အား စူးစိုက်ကြည့်လာကာ ပထမဆုံးအကြိမ်အဖြစ် နှလုံးခုန်မြန်ခြင်း၏ စိတ်လှုပ်ရှားမှုအား စနစ်ခံစားနေရသည်။

အား... သူ ရှောင်ယင်းကို ခိုးနမ်းတော့မလို့လား၊ ဝါး...

ဟော်ယန် သူ့ကိုယ်ပိုင် ခံစားချက်များ ဖော်ထုတ်ခံလိုက်ရသဖြင့် မြန်ဆန်ပြီး နူးညံ့သော အထိအတွေ့လေးတစ်ခုအား ဖန်တီးရန် ရည်ရွယ်လျက် ရဲတင်းစွာပင် သူမ မျက်နှာဆီသို့ တိုးကပ်သွားလေသည်။ သို့သော် သူ အသက်အောင့်ထားပြီး သူမ၏ မျက်နှာဆီသို့ ငုံ့ကိုင်းသွားစဉ်မှာပင် ရှုယင်းယင်းမှာ မည်သည့် သတိပေးချက်မျှမရှိဘဲ မျက်လုံးများ ပွင့်လာကာ သူ့အား အိပ်မှုန်စုံမွှားဖြင့် ကြည့်လာသည်။

သူတို့၏ အကြည့်များ ဆုံသွားသည့် ခဏမှာပင် နှစ်ယောက်သား ကျောက်ရုပ်လို ဖြစ်သွားကြသည်။ တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ရင်များ တဒိတ်ဒိတ် ခုန်နေပြီး အခြားတစ်ယောက်ကမူ ဘာဖြစ်သွားမှန်းမသိဘဲ ကြောင်တောင် တောင်ဖြင့် မျက်တောင်များကိုသာ ခပ်မြန်မြန်ခတ်နေသည်။

လေထုကြီးတစ်ခုလုံး အေးခဲသွားသကဲ့သို့ တိတ်ဆိတ်သွားသည်။ ဟော်ယန်သည် သူမ၏ကြောင်တောင်တောင် အမူ အရာကို မြင်သောအခါ တုံ့ဆိုင်းနေခြင်းမရှိဘဲ သူမ၏ ပါးပြင်ပေါ်သို့ မြန်ဆန်သော အနမ်းတစ်ပွင့်ကိုချွေချလိုက်သည်။ ထို့နောက် အလျင်အမြန်ထရပ်ကာ သူ့ ကုတင်ဆီသို့ထွက် ပြေးသွားပြီး စောင်အားဆွဲခြုံကာ ခေါင်းကိုပင် ဝှက်ထားလိုက်တော့သည်။

ရှုယင်းယင်းမှာ သူ့ နီရဲနေသော နားရွက်များအား တစ်ချက်မျှသာ ကြည့်ချိန်ရလိုက်ပြီး သူမမြင်လိုက်ရသည်မှာ အဆုံးမရှိသော အဖြူရောင် အိပ်ရာခင်းများ၊ အဖြူရောင် နံရံများနှင့် နွေးထွေးသော လိမ္မော်ရောင် မီးရောင်တို့သာဖြစ်တော့သည်။

【(⊙o⊙)… သူ… သူ အခုလေးတင် ငါ့ကို နမ်းသွားတာလား】

ရှုယင်းယင်း၏ အသံမှာ ဝေခွဲမရမှုများ ရောယှက်နေဆဲပင်။

【အား... သူ နမ်းသွားတယ်၊ အား အား】

စနစ်မှာ အမည်မသိ ထူးဆန်းသော အော်သံကြီးကို ထုတ်လွှင့်လာသည်။

ရှုယင်းယင်း : “…”

နတ်ဘုရားတွေပဲ အဲ့တာဘာသံလဲ သိပါလိမ့်မယ်၊ သူမ မျက်နှာပေါ်မှာ နည်းနည်းယားနေတာကြောင့် အိပ်မှုန်စုံမွှားနဲ့ ကုတ်တော့မလို့ လုပ်တုန်း ဟော်ယန်ရဲ့မျက်နှာကြီး သူမနား အရမ်းကပ်နေတာကို မြင်လိုက်ရတာကို၊ သူမ ဘာမှတောင် မတုံ့ပြန်နိုင်သေးခင်မှာပဲ အနမ်းခံလိုက်ရတာလေ၊ သိပ်လွန်တာပဲ

သူမ ရုတ်တရက် ထိုင်လိုက်ပြီး စောင်အောက်တွင် ပုန်းနေသော အရပ်ရှည်ရှည် ပုံရိပ်ကြီးအား စူးစိုက်ကြည့်နေကာ သူမ ခေါင်းထဲတွင် မေးခွန်းများနေသည်။

[နေပါဦး၊ သူက ဘာလို့ ငါ့ကို ခိုးနမ်းရတာလဲ၊ ငါသာ မသိလိုက်ရင် သူ တခြား တစ်ခုခုများလုပ်ဖို့ စီစဉ်နေတာလား]

ဟော်ယန် စိတ်ထဲတွင် ခေါင်းအားအသည်းအသန် ခါယမ်းနေလေသည်။ မဟုတ်ဘူး၊ မဟုတ်ရပါဘူး၊ လုံးဝ မဟုတ်ဘူး...

[ဘယ်ဟုတ်ပါ့မလဲ၊ အဲ့ဒါက ထိန်းချုပ်လို့မရတဲ့ ခံစားချက်တစ်ခုမလို့ နေမှာပေါ့၊ နင့် ရှေ့မှာ မျက်နှာချင်းဆိုင် နမ်းချင်တယ်ဆိုရင် နင်က သေချာပေါက်ပေးနမ်းမှာမှ မဟုတ်တာ၊ တစ်ဖက်သတ် အချစ်က အရမ်းသနားစရာကောင်းတာပဲ]

ရှုယင်းယင်း သူ၏အလောတကြီး ထွက်ပြေးသွားမှုနှင့် သွေးထွက်မတတ် နီရဲနေသော နားရွက်များကို ပြန်တွေးမိပြီး တောက်တစ်ချက်အား ခပ်တိုးတိုးခေါက်လိုက်သည်။

[အင်းလေ၊ ဒီလို မှောင်နေတဲ့ အခန်းထဲမှာတောင် နီရဲနေတဲ့ သူ့နားရွက်တွေကို တစ်ချက်တည်းနဲ့ မြင်လိုက်ရတယ်၊ အဲ့ဒါက သူ ဘယ်လောက်တောင် သတ္တိကြောင်လဲ ဆိုတာကို ပြနေတာပဲ၊ ထားလိုက်ပါတော့၊ အိပ်ချိန်တန်ပြီ]

ရှုယင်းယင်း ပြန်လှဲချလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဆက်အိပ်လေတော့သည်။

လေထဲ တန်းလန်းဖြစ်နေခဲ့သော ဟော်ယန်၏ နှလုံးသားလေးမှာ ရုတ်တရက် ငြိမ်ကျသွားသော်လည်း သူ ကြားလိုက်ရသည်မှာ "နေပါဦး၊ သူက ဒဏ်ရာရထားတာလေ၊ ခုနက ဆောင့်ကြောင့်ထိုင်လိုက်၊ ထလိုက်လုပ်တာတောင် အရမ်းမြန်နေတာပဲ၊ သူ မဟုတ်မှ ငါ့ရဲ့ ကိုယ်ချင်းစာစိတ်ကို ရအောင်လို့ ဖျားချင်ယောင်ဆောင်ပြီး သူ့ရဲ့သနားစရာကောင်းတဲ့ အခြေအနေကို အသုံးချပြီး ငါ့ကို သတိလက် လွတ်ဖြစ်အောင် လုပ်ပြီးမှ ခိုးနမ်းဖို့ကြံစည်တာများလား၊ တကယ့်ကို ကောက်ကျစ်တဲ့ အကြံအစည်ပဲ"

ရှုယင်းယင်း ရုတ်တရက် ထထိုင်လိုက်ပြီး သူ့ ကျောပြင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ယခုလေးတင်မှ ငြိမ်ကျသွားသော ဟော်ယန့်နှလုံးသားမှာ တစ်ဖန် ပြန်လည် ခုန်ပေါက်လာပြန်သည်။

မကောင်းဆိုးဝါးလေးတစ်ကောင်က သူ့ကို အောက်ကနေ ကြာပွတ်နဲ့ ရိုက်နေသလိုပဲ၊ မဟုတ်ပါဘူး၊ အဲ့လောက်တော့လည်း မဟုတ်သေးဘူး QAQ

[ရှောင်ယင်း... ကိုယ်က လူတစ်ယောက်ကို သဘောကျတဲ့အခါ သူတို့ရဲ့ အာရုံစိုက်မှုရဖို့ ခေါင်းစားခံပြီး စဉ်းစားရတာလေ၊ အဲ့ဒါကို ပါးနပ်တယ်လို့ခေါ်တယ်၊ ကောက်ကျစ်တယ်လို့ မခေါ်ဘူး၊ ဟော်ယန်ကသာ နင့်ကို စိတ်ကစားတာတယ်ဆိုရင် နင့်လိုလူ ဆယ်ယောက်လာရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ သူက အကြင်နာကင်းမဲ့တဲ့ စီးပွားရေးသမား တစ်ယောက်နော်၊ သိရဲ့လား]

ရှုယင်းယင်းသည် သူမရှေ့တွင် အမြဲတမ်း လူကြီးလူကောင်းဆန်ပြီး ယဉ်ကျေးသိမ်မွေ့သော ဟော်ယန်၏အမူအရာကို ပြန်တွေးမိကာ ပြန်လှဲချလိုက်ပြီး နှာမှုတ်လိုက်သည်။

[ငါက ဘယ်သူ့ကိုမှမတွဲဖူးတော့ အဲ့လိုမျိုး အားထုတ်ဖို့ လိုတယ်ဆိုတာ ဘယ်သိပါ့မလဲ]

[အိုး... နင်က တကယ်ကို ကျေးဇူးကန်းတာပဲ၊ တခြားမိန်းမတွေအပေါ် ဟော်ယန် ဘယ်လိုဆက်ဆံလဲဆိုတာ သေချာစဉ်းစားကြည့်၊ ပြီးတော့ နင့်အပေါ် သူ ဘယ်လိုဆက်ဆံလဲဆိုတာ ပြန်တွေးကြည့်ဦး]

ရှုယင်းယင်း မစ္စလင်းနှင့် ကျောက်ရှီတို့အား တွေးမိသော အခါ ပိုနားမလည်နိုင်ဖြစ်သွားရသည်။

All Chapters