← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

🍁 Chapter 125

[ဒါဆို သူက ငါ့ရဲ့ ဘယ်အချက်ကို သဘောကျတာလဲ၊ ငါက သူ့ဆီကို ပြေးဝင်လာတဲ့ အဲ့ဒီမိန်းမတွေထက် အများကြီး အဆင့်နိမ့်တာလေ၊ အဆင့်အတန်း အရဖြစ်ဖြစ်၊ ဆွဲဆောင်မှုအရဖြစ်ဖြစ်၊ ငါက လုံးဝကို ယှဉ်လို့မရဘူးလေ၊ ဟုတ်တယ်မလား]

【တကယ်လို့ နင် အဲ့လောက်တောင် သိချင်နေရင် ဘာလို့ သူ့ကို တိုက်ရိုက် သွားမမေးတာလဲ၊ သူက အခုလောက်ဆို ခိုးနမ်းတာ မိသွားလို့ ကံဆိုးတယ်ဆိုပြီး ကုတင်ပေါ်မှာ ပုန်းနေလောက်ပြီ】

ဟော်ယန် : "......"

အကြံပေးတဲ့အတွက် ကျေးဇူးပဲ :)

【ဟင့်အင်း၊ အဲ့ဒါက သူ့ကို ဖွင့်ပြောဖို့ အခွင့်အရေးပေးသလို ဖြစ်သွားမှာပေါ့၊ ငါက ဘာမှမသိသလို ဟန်ဆောင်နေသရွေ့တော့ အချစ်က ငါ့ဆီကို ရောက်လာမှာ မဟုတ်ဘူး】

စနစ်နှင့် ဟော်ယန် : "......"

နောက်တစ်နေ့ နံနက်တွင် ငတုံးသားသုံးကောင် ရောက်လာကြပြီး မရီးအား ဟိုတယ်သို့ အမြန်ဆုံးပြန်နားစေရန် ရည် ရွယ်ထားသော်လည်း ဟော်ယန် ဆေးရုံဆင်းမည်ဖြစ် ကြောင်းနှင့် လုပ်ထုံးလုပ်နည်းများအားလုံး ပြီးစီးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် တစ်အုပ်စုလုံး ဟော်ယန်အား ကားပေါ်ကူတက်စေပြီး ဟိုတယ်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့ကြသည်။ အံ့သြစရာကောင်းသည်မှာ ဟော်ယန်သည် ရှုယင်းယင်းနှင့် ကားတစ်စီးတည်း အတူမစီးခဲ့ခြင်းပင်။ ဟဲ့ယန်နှင့် ဝမ်ရွှမ်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး မေးလာသည်။

"အစ်ကိုယန် ခင်ဗျားက ဟီးရိုး လုပ်ပြီးသွားပြီပဲ၊ ဘာလို့ တွန့်ဆုတ်နေတာလဲ၊ မရီးကတောင် စကားမပြောတော့ဘူး၊ သူ့ကို ဘာသွားလုပ်လိုက်တာလဲ"

သူတို့နှစ်ယောက်သည် ဟော်ယန်အား စူးစိုက်ကြည့်နေကြပြီး သူ့သေးငယ်သော မျက်နှာလှုပ်ရှားများမှတစ်ဆင့် အတင်း အဖျင်းတစ်ခုခု ရနိုင်မလားဟု ကြိုးစားနေကြသည်။

ဟော်ယန်သည် တစ်ညလုံး နောင်တရစွာအပြစ်တင်နေခဲ့ပြီးနောက် မနက်ခင်းတွင် ရှု ယင်းယင်း၏တည်ငြိမ်အေးဆေးသော အမူအရာကို မြင်သောအခါ သူ ကိစ္စများကို ရှုပ်ထွေးသွားအောင် လုပ်မိပြီဆိုသည့် အချက်ကို လက်ခံလိုက်ရသည်။

ငါသာ စိတ်လိုက်မာန်ပါ မလုပ်ခဲ့ဘူးဆိုရင်... ကျစ်...

ဟော်ယန် ပေါ့ပေါ့ပါးပါးပင် ငြင်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ သူက ငါ သနားအောင် ဟန်ဆောင်နေတာကို ရိပ်မိသွားလို့ စိတ်ဆိုးသွားတာဖြစ်မယ်"

သူ ဖုံးကွယ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မသိမသာ ခိုးရယ်လိုက်ကြသည်။

"အစ်ကိုယန်... ရည်းစားထားရတာက ပရောဂျက်တစ်ခု ညှိနှိုင်းရတာထက် ပိုခက်နေလား"

ဝမ်ရွှမ်း နောက်ပြောင်လာသည်။

"မင်း ဘယ်လိုထင်လို့လဲ"

ဟော်ယန် သူ့အား တစ်ချက်စောင်းကြည့်လိုက်သည်။ နှစ်ယောက်သား ထပ်ရယ်ကြပြန်သည်။

ဟဲ့ယန်က "ငါ့အထင်တော့ မိန်းမတွေ နောက်လိုက်ရတာက ကမ္ဘာပေါ်မှာ အလွယ်ဆုံးအလုပ်ပဲ၊ ဘာအခက်အခဲမှ မရှိဘူး"

သူ့ အရှက်မဲ့မှုကြောင့် ဟော်ယန် ရယ်လိုက်သည်။

"မင်းအတွက်ကတော့ လွယ်မှာပေါ့၊ မင်းက ခံစားချက်မပါဘဲ လိင်ကိစ္စ သက်သက်၊ ပိုက်ဆံနဲ့ အပေးအယူ လုပ်တာချည်းပဲလေ၊ လူတိုင်းက မင်းလို အောက်ပိုင်းနဲ့ပဲ စဉ်းစားတယ်လို့ ထင်နေလား"

"ဟေး... ဒါက ဘာလို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ ဖြစ်သွားရတာလဲ"

ဟဲ့ယန်မှာ နာကြည်းစွာတွေးလိုက်ပြီး မရီးဘက် မသိမသာရောက်သွားမိသည်။ အစ်ကိုယန်ကိုက တကယ် နှိပ်စက်ခံရဖို့ ထိုက်တန်တာပဲ။

"ဖူး... ဟားဟားဟား"

ဝမ်ရွှမ်းမှာ ဟဲ့ယန် အနေရခက်သွားသည်ကို ကြည့်ပြီး လဲကျမတတ် ရယ်မောတော့သည်။

"အစ်ကိုယန် တကယ်လို့ ခင်ဗျားမိန်းမမှာ ခင်ဗျားအပေါ် ခံစားချက် ရှိ၊ မရှိ သိချင်ရင် တခြားမိန်းမတစ်ယောက်နဲ့ သူ့ကို စမ်းသပ်ကြည့်ရုံပဲ လိုတယ်"

ဟော်ယန် မျက်ခုံးပင့်လိုက်သည်။

"ဆက်ပြော"

"အစ်ကို မရီးကို ကျီခိုင်ကိစ္စကူညီမယ်လို့ ကတိပေးထားတယ် မဟုတ်လား၊ အဲ့ဒီအမျိုးသမီးအနုပညာရှင်က အစ်ကိုယန်ကို တကယ်ပဲ စွဲလမ်းနေတယ်ဆိုရင် မရီးရဲ့တုံ့ပြန်မှုကို ကြည့်ဖို့ ဒီအခွင့်အရေးကို အသုံးချလို့ရတာပေါ့ သူသာ နောင်တရတာ ဒါမှမဟုတ် သဝန်တိုတာတွေဖြစ်လာရင် အဲ့ဒါ သူလည်း သဘောကျနေလို့ပေါ့"

ဟော်ယန့် မျက်လုံးများထဲတွင် ဝမ်းသာသွားသည့် အရိပ်အ ယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ယနေ့မနက်က ရှုယင်းယင်း၏အေးတိအေးစက် နိုင်မှုကို တွေးမိသောအခါ သူမသည် မနေ့ညကကိစ္စအား လုံးဝအလေးအနက် မထားခဲ့သလို သူမ ခံစားချက်များနှင့် ပတ်သက်၍လည်း စကားတစ်ခွန်းမျှ မဟခဲ့ပေ။ သူ့အကြည့်များမှာ ရုတ်တရက် မှောင်မိုက်သွားသည်။

"သူက ဘာမှ မတုံ့ပြန်ရင်ကော"

"မတုံ့ပြန်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး၊ မိန်းမတွေရဲ့ ခံစားချက်တွေက ပွင့်လင်းတယ်၊ နားသာ ထောင်စမ်းပါ၊ သူက အစ်ကိုကို စိတ်ဝင်စားတယ်ဆိုရင် တခြား မိန်းမတွေ အနားကပ်လာတာကို သူ ကြည့်နေနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော့်ကို ယုံစမ်းပါ"

ဝမ်ရွှမ်း သူ့အားယုံကြည်မှုရှိရှိ မျက်စိမှိတ်ပြလိုက်သည်။

"တကယ် မိုက်တဲ့အကြံပဲ၊ ကိုယ် သဘောကျတဲ့အရာကို တခြားသူတွေ လိုချင်တပ်မက်နေတာကို ဘယ်သူမှ သည်းမခံနိုင်ဘူး၊ ကြည့်နေတာကိုတောင် သည်းမခံနိုင်ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ရင် ငါက သက်သေလုပ်ပေးနိုင်တယ်"

ဟဲ့ယန် ဝင်ပြောလိုက်သည်။

ဟော်ယန် ခေါင်းညိတ်ပြီး "ကောင်းပြီလေ၊ စမ်းကြည့်ကြတာပေါ့"

အခြား ကားတစ်စီးတွင်မူ ဆေးရုံသို့ ရောက်သည်နှင့် ကျီခိုင် မရီးနှင့် ဟော်ယန်တို့ကြား တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ သေချာတွေးကြည့်လျှင် မနေ့က မရီး၏ စိုးရိမ်ပူပန်မှုများက ဟန်ဆောင်နေပုံမရပေ။ သို့သော် သူတို့က တစ်ညတည်းနှင့် အဘယ်ကြောင့် သူစိမ်းတွေလို ဖြစ်သွားကြသနည်း။

သူသည် ညီအစ်ကို မေတ္တာအရ သူ့သူငယ်ချင်းအပေါ် ကောင်းသောအမြင်ရစေရန် လုပ်ဆောင်ပေးဖို့ လိုအပ်သည်ဟု ခံစားရသဖြင့် စကားပြောရန် ဟန်ပြင်လိုက်စဉ် စာတစ်စောင် ဝင်လာသည်။

သူ စစ်ဆေးရန် ဖုန်းကို ထုတ်ကြည့်လိုက်ရာ ၎င်းမှာ ဟော်ယန်နှင့် အခြားနှစ်ယောက် ပါဝင်သော Group Chat မှ ဖြစ်သည်။ ဟဲ့ယန်က ကျီခိုင်အား သူတို့၏အစီအစဉ်အကြောင်း အတိုချုပ်ပြောပြထားပြီး မရီး၏တုံ့ပြန်မှုအား မြူဆွယ်သည့် နည်းဗျူဟာဖြင့် အရင်စမ်းသပ်ရန်နှင့် သူမမျက်နှာအမူအရာများကိုစောင့်ကြည့်ကာ နောက်မှ ပြန်လည် သတင်းပို့ရန် ညွှန်ကြားထားသည်။

ကျီခိုင် ညွှန်ကြားချက်များကို လက်ခံရရှိပြီးနောက် "မရီး၊ မနေ့ညက ကျွန်တော် စုန့်ချင်းကို ဆက်သွယ်ခဲ့တယ်၊ ရက်အနည်းငယ်နေရင် သူငယ်ချင်း တချို့နဲ့ မိတ်ဆက်ပေးမယ်လို့ပြောလိုက်ပြီး သူ့ကို ဟော်ယန်ရဲ့နောက်ခံအကြောင်းကိုလည်း နည်းနည်းပြောပြခဲ့တယ်၊ သူသာ စုံစမ်းချင်ရင် စုံစမ်းလို့ ရတာပေါ့၊ ဒါပေမဲ့ ရှောင်ရွှမ်းအကြောင်းကိုတော့ လုံးဝမပြောခဲ့ဘူး၊ ကျွန်တော် လုပ်တာ မှန်ရဲ့လား"

ရှုယင်းယင်းသည် ပြတင်းပေါက်မှ အကြည့်ကိုလွှဲလိုက်ပြီး သူမ၏ ရှုပ်ထွေးနေသော အတွေးများကို ရှင်းလင်းကာ သေချာနားထောင်ရန်ပြင်သည်။

"ရှင်လုပ်တာ အရမ်းကောင်းတယ်၊ စုန့်ချင်း ဘာပြောလဲ"

"သူ သဘောတူတယ်၊ ပြီးတော့ သူ့အသံက တော်တော်လေး ပျော်နေပုံရတယ်၊ ရှောင်ရွှမ်းနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခုများရသေးလားလို့တောင် ယဉ်ယဉ်ကျေးကျေး မေးသေးတယ်၊ ကျွန်တော်ကတော့ မရှိဘူးလို့ပဲ ဖြေလိုက်တာပေါ့၊ ပြီးတော့ ရှောင်ရွှမ်းအပေါ် ထားတဲ့ ကျွန်တော့်ရဲ့မပြည့်ဝတဲ့ အချစ်တွေအကြောင်း ညည်းညူပြပြီး လက်လျှော့ချင်နေပြီ ဆိုတဲ့အကြောင်းကိုလည်း သွယ်ဝိုက်ပြီး အရိပ်အမြွက်ပြလိုက်တယ်၊ သူ နည်းနည်းတော့ ယုံသွားလောက်ပါတယ်"

"ရှင် သူနဲ့ လမ်းခွဲပြီးတဲ့ နောက်ပိုင်းမှာ ရှင်က တော်တော်လေး စိတ်ဓာတ်ကျနေတဲ့ ပုံပေါက်နေတာလေ သူသာ ရှင့်ကို စုံစမ်းခိုင်းခဲ့မယ်ဆိုရင် ရှင် ပင်ပန်းနွမ်းနယ်နေတဲ့ ပုံတွေကိုမြင်တွေ့ရမှာပဲ၊ ပြီးတော့ အားယန်နဲ့ နိုင်ငံခြားထွက်သွားတာကိုလည်း စိတ်ဒဏ်ရာကုစားတာလို့ ယူဆလို့ရတယ်၊ အဲ့ဒါကို သူ ယုံမှာပါ"

"ကျွန်တော်လည်း သူ ယုံမယ်လို့ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အစကတည်းက ရည်ရွယ်ချက်တွေကို သဘောတူထားတာလေ၊ သူ ရှောင်ရွှမ်းဆီကို သွားပြီး ပြဿနာရှာရတဲ့ အကြောင်းရင်းက ရှောင်ရွှမ်းရဲ့ အသက် မွေးဝမ်းကျောင်းလုပ်ငန်းက သူ့ထက် ပိုကောင်းနေပြီး၊ အချစ်ရေးကလည်း ပိုအဆင်ပြေနေလို့ မနာလိုဖြစ်နေတာက များတယ်၊ ကျွန်တော့်ရဲ့အလုပ်မှာရှိတဲ့ အတားအဆီးတွေကို ဖယ်ရှားနိုင်ရင် ကျွန်တော့်အတွက် အချိန်တွေ အများကြီးပိုထွက်လာမှာ သေချာတယ်၊ မရီး... လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဟူး... အာရုံလွှဲတဲ့ အဲ့နည်းလမ်းကို ကျွန်မ ရုတ်တရက် စဉ်းစားမိသွားလို့ပါ၊ ကံကောင်းလို့ အားယန်က ပူးပေါင်းပါဝင်ပေးဖို့ သဘောတူလို့၊ သူ ပြန်ကောင်းလာပြီးတရုတ်ပြည်ကို ပြန်ရောက်တာနဲ့ ရှင့်ရဲ့ အချစ်ရေးကိုစတင်လို့ ရပြီလေ၊ ကျွန်မကြောင့်သာ မဟုတ်ရင် ရှင် အခုဆို တရုတ်ပြည်ကိုပြန်ရောက်ပြီး ပြင်ဆင်နေလို့ ရနေပြီ"

"မလောပါဘူး၊ မလောပါဘူး၊ အစ်ကိုယန် ပြန်ကောင်းလာဖို့က ပထမပဲ၊ ဒါပေမဲ့..."

ကျီခိုင် တုံ့ဆိုင်းသွားပြီးနောက် စကားကို ရပ်လိုက်သည်။

"ပြောချင်တာသာ ပြောပါ၊ ရှင်က အားယန်ရဲ့ သူငယ်ချင်းဆိုတော့ ကျွန်မရဲ့ သူငယ်ချင်းလည်း ဟုတ်တာပဲ၊ ကျွန်မနဲ့ အရမ်း တရိုတသေလုပ်မနေနဲ့"

"တကယ်တော့ ဒီအစီအစဉ်မှာ ကျွန်တော် စိုးရိမ်နေတာက စုန့်ချင်းရဲ့ ရည်မှန်းချက်ကြီးတာကိုပဲ၊ သူမ ဟော်ယန်နဲ့ တွေ့ပြီးသွားရင် သူ့ကိုရဖို့ ဘာမဆိုလုပ်မှာကို စိုးရိမ်တယ်၊ အစ်ကိုယန်က ပါးနပ်တယ်လို့ထင်ရပေမယ့် ဆက်ဆံရေးကိစ္စတွေမှာတော့ သူက လုံးဝကို အရူးတစ်ယောက်လိုပဲ၊ သူက မိန်းမတွေအကြောင်းကို နားမလည်ဘူး၊ သူတို့ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်လေးတွေကိုလည်းမြင်အောင် မကြည့်တတ်ဘူး၊ စုန့်ချင်းက အရမ်းရည်မှန်းချက်ကြီးတယ်၊ ကျွန်တော် ပြောချင်တာကို မရီး နားလည်လား"

ကျီခိုင်မှာ သိသာစွာ စိုးရိမ်နေလေသည်။

ရှုယင်းယင်း သူ ဘာကို အရိပ်အမြွက် ပြောနေသည်ကိုသိသော်လည်း သူမအမြင်တွင်တော့ ဟော်ယန်သည် မိန်းမများနှင့် ပတ်သက်လာလျှင် အမြဲတမ်းအေးစက်ပြီး အကြင်နာကင်းမဲ့သူ ဖြစ်သည်။ အလွန်လှပသော ဝမ်ရို့ပင်လျှင် သူ၏ လုပ်ရပ်များကြောင့် ငိုကြွေးခဲ့ရသည်။ သူသည် အသေအချာကို နှလုံးသားမဲ့သော ဘုရင်တစ်ပါးပင်။ ထို့အပြင် ဤအရာအားလုံးက ဟန်ဆောင်မှုမှန်း သူ သိနေသဖြင့် ပိုသတိထားလိမ့်မည်ဖြစ်သည်။

"ကိစ္စမရှိပါဘူး၊ အားယန်က ရှင်ထင်ထားတာထက်ကို ပိုပြီး ပါးနပ်တယ်၊ သူ သဘောမကျတဲ့ မိန်းမတွေဆိုရင် လုံးဝ မညှာမတာ ဆက်ဆံတတ်တာ၊ အဲ့လိုမျိုး တစ်ယောက်မကဘူး ကျွန်မ သိတယ်၊ စိတ်မပူနဲ့"

"တကယ်လား"

ကျီခိုင်က စိုးရိမ်ဟန်ဆောင်လိုက်သည်။

"မရီးက လုံးဝ စိတ်မပူဘူးလား"

🍁 Chapter 126

"လုံးဝပဲ၊ သူ တကယ်ပဲ သူမနဲ့ တစ်ခုခု ငြိစွန်းသွားတယ် ဆိုရင်တောင် အဲ့ဒါက ကျွန်မက သူမလောက် ဆွဲဆောင်မှု မရှိဘူးဆိုတဲ့ သဘောပဲလေ၊ ကျွန်မ ရှုံးတာ တန်ပါတယ်၊ ဟုတ်တယ်မလား"

[နောက်နေတာပဲ၊ သူမ စရိုက်ကို ဘေးဖယ်ထားလိုက်ရင် စုန့်ချင်းက နတ်သမီးလေးတစ်ပါးပဲ၊ ယောက်ျားလေးတွေမပြောနဲ့ ငါတောင် သူ့ကို သဘောကျတယ်]

"..."

ဒါကို သူ ဘယ်လိုပြန်ပြောရမလဲ...

ကျီခိုင်သည် သူ့ စမ်းသပ်မှုရလဒ်များနှင့် ရှုယင်းယင်း၏ အတွေးများကို Group Chat သို့ အမှန်အတိုင်းပြန်လည် ပြောပြလိုက်သည်။ ၎င်းကို ဖတ်ပြီးနောက် သူတို့ သုံးယောက်စလုံး တိတ်ဆိတ်သွားကြသည်။

ဟော်ယန်မှာ ပိုဒေါသထွက်သွားပြီး ဖားတစ်ကောင်ဖြစ်သွားသည့်အလား သူ့ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အံ့များကို တင်းတင်းကြိတ်ထားမိသည်။

ကျီခိုင်: [ငါ နောက်ထပ် ဘာဆက်လုပ်ကြမလဲ]

ဟဲ့ယန်: [ဆက်လုပ်၊ မြားက လေးကြိုးပေါ် ရောက်နေပြီဆိုတော့ ပစ်လွှတ်လိုက်ရုံပဲ]

၀မ်ရွှမ်း: [စိတ်မပူပါနဲ့၊ ငါ့အစီအစဉ်က အလုပ်ဖြစ်မှာ သေချာတယ်၊ ဘယ်သူမဆို ခေါင်းမာလို့ ရတယ်၊ တကယ်တမ်း လက်တွေ့ကျတော့မှ အစစ်အမှန်ကို တွေ့ရမှာပေါ့]

ကျီခိုင်: [စုန့်ချင်းက ကျွန်တော့် မရီးကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်ပါဘူး၊ သူ့ရဲ့ နည်းလမ်းတွေကို ကျွန်တော်ကိုယ် တိုင် မြင်ဖူးတယ်၊ အစ်ကိုယန် ဟန်ဆောင်ရင်းနဲ့ ထိန်းချုပ်မှု လွတ်သွားတာက သဘာဝပါပဲ]

၀မ်ရွှမ်း: [တောင်းပန်ပါတယ်၊ သူက နာမည်ကြီးမင်းသမီးလေး တစ်ယောက်လေ၊ အင်တာနက် တစ်ခွင်လုံး သိလောက်တဲ့ အရှုပ်အရှင်းတချို့ကို သူ အလွယ်တကူ ဖန်တီးနိုင်ပါတယ်၊ မရီး မသိအောင်နေဖို့ဆိုတာ ခက်လိမ့်မယ်]

ဟဲ့ယန်: [အင်း၊ အဲ့ဒီ အရှုပ်အရှင်းတွေကို မရီးကိုပစ်မှတ်ထားပြီး သူ့ရဲ့ သဝန်တိုမှုတွေကို မျိုသိပ်ထားဖို့ ဖိအားပေးလိုက်ရုံပဲ၊ အရမ်းကိုလွယ်တယ်]

ကျီခိုင်: [ဒါက ကျင့်ဝတ်နဲ့ မညီပေမယ့်၊ အသုံးဝင်မယ့်ပုံပါပဲ]

၀မ်ရွှမ်း: [ကျစ်... ကိုယ့် ညီအစ်ကိုကို သူ့မိန်းမနောက်လိုက်ဖို့ ကူညီတာက ကျင့်ဝတ်နဲ့ မညီဘူးတဲ့လား၊ ဒါ ညီအစ်ကိုတွေရဲ့ ကူညီမှု၊ အဆုံးအစမရှိတဲ့ မေတ္တာပဲ]

ဟဲ့ယန်နှင့် ကျီခိုင်တို့ တစ်ချိန်တည်းမှာပင် ပုံတစ်ပုံဖြင့် ပြန်ပို့လိုက်ကြသည်: [ဒီလောက် အရှက်မဲ့တဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး (GIF)]

၀မ်ရွှမ်း: [ကျေးဇူးတင်ပါတယ် (လက်အုပ်ချီထားသောပုံ)]

ဟိုတယ်သို့ ပြန်ရောက်သောအခါ နေ့လယ်ခန့် ရှိနေပြီဖြစ် သည်။ ရှုယင်းယင်း ချက်ချင်းပင် နေ့လယ်စာအတွက် Room Service အား လှမ်းမှာလိုက်သည်။

စားပွဲပေါ်တွင် ပြည့်နှက်နေသောသေသပ်လှပသည့် အနောက်တိုင်း အစားအစာများကို ကြည့်ပြီး ရှုယင်းယင်း မျက်မှောင်ကြုတ်သွားသည်။ နိုင်ငံခြား အစားအစာများမှာ လူနာတစ်ယောက် ပြန်လည်နာလန်ထူရေးအတွက် အထောက်အကူ မဖြစ်ပေ။ သူမ ကိုယ်တိုင်ချက်ပြုတ်ရန် အစီအစဉ်ကို စောစောလုပ်ရတော့မည့်ပုံ ပေါ်သည်။

ဟော်ယန် ထိုင်ပြီးနောက် ဓားနှင့် ခက်ရင်းကိုတည်ငြိမ်စွာယူကာ စတင် စားသောက်လေသည်။

ထိုစဉ်ရှုယင်းယင်းက ရုတ်တရက် "ဒီနေ့ ညနေ ဘာစားချင်လဲ၊ ကျွန်မ ချက်ပေးမယ်လေ"

"ဟင်"

ဟော်ယန်မှာ အံ့အားသင့်သွားသည်။

"ကိုယ် သက်သာလာတဲ့အထိ စောင့်မယ်လို့ မင်း ပြောထားတာ မဟုတ်ဘူးလား"

"ကျွန်မတို့ နိုင်ငံခြားမှာ ရောက်နေတာကို မေ့သွားလို့ပါ၊ ဒီအနောက်တိုင်း အစားအစာတွေကို တစ်ခါတလေ စားတာက ပြဿနာမရှိပေမယ့် နေ့တိုင်းစားရတာတော့ အီလွန်းတယ်၊ အခုချိန်မှာ အားပြည့်စေမယ့် စွပ်ပြုတ်တွေနဲ့ ဆန်ပြုတ်တွေက ရှင့်ရဲ့ဒဏ်ရာပြန်ကောင်းဖို့အတွက် ပိုပြီးအထောက်အကူ ဖြစ်လိမ့်မယ်၊ ကျွန်မလက်ရာက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စားဖိုမှူးတွေလောက် မကောင်းပေမယ့် အိမ်ချက်ဟင်းလျာတချို့ကိုတော့ ချက်တတ်ပါတယ်"

ဟော်ယန် အနည်းငယ် ပြုံးလိုက်သည်။

"ကိုယ် အစားအသောက် မရွေးပါဘူး၊ မင်း ချက်ချင်တာသာ ချက်ပါ၊ ကိုယ် အကုန်ကြိုက်တယ်"

ထိုသို့ တည့်တိုးဆန်လွန်းသော အဖြေကြောင့် ရှုယင်းယင်းမှာ စက္ကန့်ဝက်ခန့် ကြောင်သွားပြီးနောက် "အိုကေ၊ ကျွန်မဘာသာကျွန်မပဲ ချက်လိုက်မယ်"

"အင်း"

ထိုအကြောင်းအရာ ပြီးသွားပြီးနောက် သူတို့ နှစ်ယောက်သား တိတ်ဆိတ်သွားကြသည်။ မနေ့ညက ကိစ္စများနှင့် ပတ်သက်၍ ဟော်ယန် အကြိမ်ကြိမ်စကားစချင်ခဲ့သော် လည်း ရှုယင်းယင်း၏တမင်တကာ ရှောင်လွှဲနေသော အကြည့်များအား သတိထားမိသဖြင့် သူ လက်လျှော့လိုက်ရသည်။

သူမ ဘာမှမသိသလို ဟန်ဆောင်နေဖို့ ဆုံးဖြတ်ထားပုံရတယ် ကျစ်..

နေ့လယ်စာစားပြီးနောက် ဟော်ယန်သူ၏ အခန်းထဲသို့ ပြန်လည် အနားယူရန် အကြောင်းပြချက်ပေးလိုက်ပြီး ရှုယင်းယင်းကမူ အွန်လိုင်းမှ ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများနှင့် အသုံးအဆောင်များဝယ်ရန် ဖုန်းကိုထုတ်လိုက်သည်။

ပိုက်ဆံရှိခြင်း၏အားသာချက်မှာ ပစ္စည်းများ ဝယ်သည့်အခါ ဈေးနှုန်းများအား ကြည့်စရာမလိုဘဲ ကိုယ်လိုချင်သည်ကိုသာ ရွေးချယ်နိုင်ခြင်းဖြစ်သည်။ ထို့အပြင် ဤနေရာရှိ စူပါမားကတ်ကြီးများက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသဖြင့် ဒုက္ခများစွာ သက်သာစေသည်။

ဟော်ယန်အတွက် ချက်ပြုတ်ပေးမည်ဟု သူမ ပြောခဲ့သော် လည်း ရှုယင်းယင်းတွင် ကိုယ်ပိုင်ရည်ရွယ်ချက်လေးများလည်း ရှိနေသည်။ အနောက်တိုင်း အစားအစာများက တကယ်ကို စားမကောင်းပေ။ ဟိုတယ်တွင် တရုတ်အစား အစာရနိုင်သော်လည်း ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များ အကန့်အသတ်ရှိသဖြင့် အရသာမှာ အမြဲတစေ ထူးဆန်းနေပြီး စားချင်စဖွယ်မရှိပေ။

ရှုယင်းယင်း အခြားအရာများကို သည်းခံနိုင်သော်လည်း အစားအသောက်နှင့် ပတ်သက်လာလျှင်တော့ အလျှော့မပေးနိုင်ပေ။ ယခု သူတို့တွင် ပိုက်ဆံရှိနေပြီဖြစ်ရာ သူတို့အစာအိမ်အား ကောင်းကောင်းမွန်မွန်ဆက်ဆံရမည်။

ဟော်ယန်သည် သူ့ အခန်းထဲရှိ ကွန်ပျူတာကို ငေးကြည့်နေသည်။ ပုံမှန်အားဖြင့် သူ့အတွက် အဆုံးအစမရှိဆွဲဆောင်မှုရှိသော K-line ဇယားများနှင့် စျေးကွက် လမ်းကြောင်းများမှာ ယခုအခါ အပြင်ဘက်မှ ရံဖန်ရံခါ ထွက်ပေါ်လာသော အသံများလောက်ပင် ဆွဲဆောင်မှု မရှိတော့ချေ။

သူ ထရပ်လိုက်ပြီး တံခါးအား အနည်းငယ်ဟကာ မီးဖိုချောင်ဘက်သို့ ချောင်းကြည့်လိုက်သည်။ ရှုယင်းယင်း တစ်ယောက်ထမင်းစားခန်းနှင့် မီးဖိုချောင်ကြားတွင် အလုပ်ရှုပ်နေသည်ကိုသာ သူ မြင်ရသည်။

သူမသည် ဒယ်အိုးတစ်လုံးနှင့် လတ်ဆတ်သော ပါဝင်ပစ္စည်းများကို သယ်ဆောင်ကာ ရေခဲသေတ္တာထဲသို့ စိတ်အားထက် သန်စွာ ထည့်သွင်းနေပြီး အဆက်မပြတ် လှုပ်ရှားနေလေသည်။

သူ့အပေါ်ထက် ပါဝင်ပစ္စည်းများအပေါ် ပို၍ စိတ်ဝင်စားမှု ပြသနေသော သူမအား ကြည့်ပြီး ဟော်ယန်မှာရုတ်တရက် ညှိုးနွမ်းနေသော ခရမ်းသီးတစ်လုံးပမာ စိတ်အားငယ်နေရသည်။

သူသည် သူမအား စမ်းသပ်ရန်အတွက် ကျီခိုင်အား စုန့်ချင်းကို ခေါ်လာစေချင်စိတ်များ အပြင်းအထန်ဖြစ်ပေါ်လာပြီး သူမ၏ ခံစားချက်များကိုအတည်ပြုချင်နေမိသည်။

သို့သော် လူတိုင်း သူမ၏အတွေးများကို ကြားနိုင်သည်ဆိုသည့် အသိက သူ့ကို တွေဝေသွားစေသည်။ သူတို့ တရုတ်ပြည်သို့ ပြန်ရောက်သည့်အထိ စောင့်ရမည်ဖြစ်ပြီး အစီအစဉ် မစခင် သူမကို ရှောင်နေရမည်။

ရုတ်တရက် ဟော်ယန်ခေါင်းထဲ အကြံတစ်ခု ရသွားသည်။ သူ အမြန် ဖုန်းထုတ်ကာ ကျီခိုင်အား ဖုန်းဆက်လိုက်သည်။

-----

ရှုယင်းယင်းသည် နေ့လယ်ပိုင်းအား ငါးပေါင်းကြက်စွပ် ပြုတ်ချက်ကာ၊ ဆန်ပြုတ်ပြုတ်ခြင်းနှင့် သက်သတ်လွတ် ဟင်းနှစ်ခွက်ကြော်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးခဲ့သည်။

All Chapters