← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

🍁 Chapter 127

မွှေးပျံ့သော အနံ့များကြောင့် ဟော်ယန် ထွက်လာချိန်တွင် ရှုယင်းယင်းလည်း ဟင်းရည် ခပ်နေပြီဖြစ်သည်။ ပန်းကန် ခွက်ယောက်များနှင့် တခြားဟင်းလျာများကိုလည်း ပြင်ဆင်ပြီးနေပြီဖြစ်သည်။ သူမနောက်ကျောမှ အသံကြားသော အခါ၊ သူမ လှည့်ကြည့်လိုက်ပြီး ဟော်ယန်အား တစ်ချက်စောင်းကြည့်လာသည်။

"သွား လက်ဆေးတော့၊ မကြာခင် စားလို့ရပြီ"

ဟော်ယန် ခေါင်းညိတ်လိုက်သော်လည်း သူ့ခန္ဓာကိုယ်က လှုပ်ရှားချင်စိတ်မရှိပေ။ အေပရွန်ဝတ်ထားပြီး အလုပ်ရှုပ်နေသော ရှုယင်းယင်းနှင့် မီးဖိုပေါ်မှ ပွက်ပွက်ဆူနေသော ဆန်ပြုတ်အပြင် အခန်းတစ်ခုလုံး ဖုံးလွှမ်းနေသော မွှေးပျံ့သည့်အနံ့တို့မှာ အိမ်လေးတစ်အိမ်၏လေထုကို ဖန်တီးပေးနေသည်။ ဟော်ယန် ဤနေရာမှ ဘယ်တော့မှထွက်မသွားချင်တော့ပေ။ သူ သူမကိုသာ ကြည့်နေချင်သည်။

သူမ အလုပ်ရှုပ်နေမှုကြောင့် သူမ ဆံပင်များမှာ နားထင်နားတွင် ရှုပ်ပွနေသည်။ သူ မလှုပ်သေးသည်ကို သတိထားမိပုံရကာ သူမက လှည့်ပြီး နောက်တစ်ကြိမ်ကြည့်လာသည်။

"ဘာလုပ်နေတာလဲ၊ သွား လက်ဆေးလေ"

"ဆေးပြီးပြီ"

"ဒါဆို ဒီကိုလာပြီး မြည်းကြည့်ပေး"

ရှုယင်းယင်း လှည့်ကာကြက်စွပ်ပြုတ် ဇွန်းသေးသေးလေး တစ်ဇွန်းအား ခပ်ယူလိုက်ပြီး သူ့ကို လှမ်းခေါ်လိုက်သည်။

ဟော်ယန် အမြန်လျှောက်သွားလိုက်ပြီး ဇွန်းကိုယူရန် ဟန် ပြင်လိုက်သော်လည်း ရှုယင်းယင်းက သူ့ နှုတ်ခမ်းနားသို့ ရောက်အောင် တေ့ပေးပြီးနေပြီဖြစ်သည်။ သူ စက္ကန့်ဝက်ခန့် တုံ့ဆိုင်းသွားပြီးနောက် သူမ၏ စည်းချက်အတိုင်း အနည်း ငယ် သောက်ယူလိုက်သည်။

သူ့ ပါးစပ်ထဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက်ကြက်စွပ်ပြုတ်၏ မွှေးပျံ့သောအနံ့က သူ၏အာရုံများကို လွှမ်းမိုးသွားကာ အချိုးကျသောအရသာနှင့် အသား၏အရသာက ပြည့်ဝနေသည်။ ရှုယင်းယင်းက သူ့အား မျှော်လင့်တကြီး ကြည့်နေပြီး ဟော်ယန်ကလည်း သဘောကျစွာ လက်မ ထောင်ပြပြ ချီးကျူးလိုက်သည်။

"အရမ်းကောင်းတယ်၊ အငန်ဓာတ်က အနေတော်ပဲ"

ထိုစကားကို ကြားသောအခါ ရှုယင်းယင်းမျက်လုံးများက လှပသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး ဂုဏ်ယူသည့် အရိပ်အယောင်လေး တစ်ခုလည်းပါဝင်နေသည်။

"ကျွန်မရဲ့ ချက်ပြုတ်မှု စွမ်းရည်က တော်တော်လေးကောင်းတယ် မဟုတ်လား"

"အရမ်းကောင်းတယ်၊ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက် နီးပါးပဲ"

ရှုယင်းယင်း ကျေနပ်စွာပြုံးလိုက်သည်။ ချီးကျူးစကားကို ဘယ်သူက မကြားချင်ဘဲ နေမလဲ...

"ဒီမှာ ရှင် လုပ်စရာ ဘာမှမရှိတော့ဘူး၊ စားပွဲမှာ သွားထိုင်ပြီး စားဖို့ စောင့်နေလိုက်"

ရှုယင်းယင်း သူ့အား မောင်းထုတ်ရန် သူ့ လက်မောင်းကို တွန်းလိုက်သည်။ သို့သော် ဟော်ယန်က သူမအား နှင်ထုတ် ခွင့်မပြုပေ။

"မင်း တစ်မွန်းလွဲလုံး အလုပ်ရှုပ်နေတာ၊ ကျန်တာ ကိုယ်လုပ်ပါ့မယ်၊ ကိုယ်က ကျောလေးနာသွားတာပါ၊ လက်တွေ ခြေတွေက ကောင်းနေတုန်းပဲ၊ ကိုယ့်ကို အသုံးမကျတဲ့သူ တစ်ယောက်လို အမြဲတမ်းမဆက်ဆံပါနဲ့"

"ဒါဆို ရှင် ဟင်းရည် ခပ်လိုက်၊ ကျွန်မ ထမင်းခူးမယ်"

"ဟုတ်ပြီ"

ဟော်ယန် ဇွန်းကို ယူကာ ကျွမ်းကျင်စွာခပ်လေသည်။ ရှုယင်းယင်း ထမင်းခူးနေစဉ် သူမ သူ့အား ခိုးကြည့်မိပြီး ထိုသို့သခင်လေးက ဤသို့အလုပ်များ လုပ်တတ်ပါ့မလားဟု တွေးနေမိသည်။

သူ့အပေါ် ကျရောက်နေသော စူးစမ်းသည့် အကြည့်များကို ခံစားမိသောအခါ ဟော်ယန် ရယ်မောလိုက်သည်။

"ကိုယ်လည်း ချက်တတ်ပါတယ် တစ်နေ့ကျရင် ကိုယ့်ရဲ့ စွမ်းရည်တွေကို မင်းကို ပြရဦးမယ်"

"ကောင်းပြီလေ၊ ဒါပေမဲ့ ကျွန်မက အစားအသောက်ရွေးတယ်၊ ကိုယ်မကြိုက်တဲ့ အရာတစ်ခုကိုတော့ အတင်းအကျပ် ချီးကျူးမှာ မဟုတ်ဘူးနော်"

ဟော်ယန် ရယ်မောလိုက်ပြီး သဘောကျသွားသည်။

"ဒါဆိုရင် မင်းပိုပြီး ချီးကျူးလာအောင် ကိုယ် အမြန်ပြန်သွားပြီး သင်ရတော့မှာပေါ့"

"အိုကေ"

ရှုယင်းယင်း သဘာဝကျကျပင် သဘောတူလိုက်သည်။ စနစ်သည် သူတို့၏အပြန်အလှန် ပြောဆိုမှုများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး သက်ကြီးရွယ်အိုဇနီးမောင်နှံများဟုပင် ထင်ယောင်ထင်မှား ဖြစ်လာသည်။

ကျွတ် ကျွတ် ကျွတ် ဒီလောက်တောင် ဖြစ်နေတာကို ဘာခံ စားချက်မှ မရှိဘူးလို့ ပြောနေကြတုန်းပဲလား၊ Host ကတကယ့် လူလိမ်...

နှစ်ယောက်သား သူတို့၏အစားအစာကို သာယာစွာ စားသုံးခဲ့ကြပြီး လေထုမှာ ယခင်ကလောက် မလေးလံတော့ပေ။ သူတို့စားသောက်ပြီးနောက် ပျင်းရိသွားပြ မလှုပ်ချင်ကြတော့ချေ။

"ပန်းကန်တွေကို ထားခဲ့လိုက်၊ သန့်ရှင်းရေး ဝန်ထမ်းတွေ လာရှင်းပေးလိမ့်မယ်"

ဟော်ယန် ညင်သာစွာ သတိပေးလိုက်သည်။

"ကျွန်မ ဆေးဖို့ အစီအစဉ် မရှိပါဘူး"

ဟော်ယန်ပြုံးကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါဆို ဒီကစပြီး ပန်းကန်တွေကို ကိုယ် ဆေးမယ်"

"ဟင်"

ရှုယင်းယင်း အနည်းငယ် အံ့သြသွားသည်။

[အဲ့ဒါက ဘာအဓိပ္ပာယ်လဲ]

ဟော်ယန် သူ ဘာပြောလိုက်မိသည်ကို ရုတ်တရက် သတိပြုမိသွားပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။

"ကိုယ့် ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး၊ သန်ဘက်ခါ တရုတ်ပြည်ကို ပြန်ကြမလား"

"ရှင် သေချာလို့လား"

ရှုယင်းယင်း၏အာရုံက အောင်မြင်စွာ လွှဲပြောင်းခံလိုက်ရသည်။ ရိုးရိုးသားသားပြောရလျှင် အပြင်ထွက်ပြီး မပျော်ရဘူးဆိုလျှင် သူမ အိမ်ပြန်ချင်သည်။

တစ်နေကုန် ဟိုတယ်ထဲမှာ နေရသည်မှာ ပျင်းစရာကောင်းလှသည်။

"သေချာတယ်၊ ကိုယ့် ဒဏ်ရာကို မင်း မမြင်ဘူးလား၊ မနက်ဖြန် ပြန်လို့ရတယ်"

"ဟင့်အင်း၊ မရဘူး၊ ကျွန်မ စားစရာတွေ အများကြီးဝယ်ထားတယ်၊ အလဟဿမဖြစ်စေနဲ့၊ သန်ဘက်ခါ ပြန်မယ်ဆိုရင်၊ ပါဝင်ပစ္စည်းတွေ အကုန်ထုတ်ပြီးချက်လိုက်မယ်၊ ကျီခိုင်တို့ကိုပါ ခေါ်ပြီး ဟော့ပေါ့ အတူတူ စားကြတာပေါ့"

ရှုယင်းယင်းက စိတ်အားထက်သန်စွာ အကြံပြုလိုက်သည်။ သူ့ အနာဂတ်ဇနီးလောင်းက တခြားယောက်ျားတစ်ယောက်အတွက် ချက်ပြုတ်ပေးမည်ဆိုသည့်အတွေးက သူ့ကို အလွန် ဒေါသထွက်စေသည်။

"သူတို့က အစားကြီးတယ်၊ မင်းတစ်ယောက်တည်း ချက်ဖို့ဆိုတာ ခက်လိမ့်မယ၊ မလိုပါဘူး၊ မစားနိုင်တာတွေကို လွှင့်ပစ်လိုက်ရုံပဲ"

"ဒါပေမဲ့ ဟော့ပေါ့က လူများများနဲ့ စားမှ ပိုပျော်စရာကောင်းတာလေ၊ ကျွန်မ စားချင်တယ်"

ရှုယင်းယင်း သူ့အား မျှော်လင့်တကြီး ကြည့်လိုက်သည်။ ဟော်ယန်သည် ရှုယင်းယင်း၏ချစ်စရာကောင်းသော အမူ အရာကို မခံနိုင်သဖြင့် ဆန့်ကျင်သည့် စကားတစ်ခွန်းမျှမပြောနိုင်တော့ချေ။

"ကောင်းပြီလေ၊ ခဏနေ ကျီခိုင်ရောက်လာရင် သူတို့လည်း လာကူညီနိုင်ရင် အကောင်းဆုံးပဲလို့ပြောလိုက်"

သူတို့ကို အလကားကျွေးမှာ မဟုတ်ဘူး။

"ကျီခိုင် လာမှာလား"

"အင်း၊ ပြန်ရောက်တဲ့အခါ စုန့်ချင်းကို ဆက်သွယ်လို့ရအောင် သူက ကိုယ်နဲ့ အရင် ကြိုတင်ဇာတ်တိုက်ချင်လို့တဲ့"

ထိုစကားကို ကြားသောအခါ၊ ရှုယင်းယင်း၏အပြုံးက အနည်းငယ် တောင့်တင်းသွားသည်။

[သူ ဒီလောက် အမြန်ပြန်ချင်နေတာ ငါ သိသားပဲ၊ တကယ်တော့ သူ စုန့်ချင်းကို အမြန်ဆုံးဆက်သွယ်ချင်လို့ကိုး]

[ဘာလို့ ငါ ချဉ်စူးစူး အနံ့ရနေပါလိမ့်၊ ဟော်ယန်ကို သူနဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့တာ မင်း မဟုတ်ဘူးလား၊ အခု နောင်တရနေပြီလား]

[နောင်တရတာလား၊ ကျီခိုင်ကို ကူညီမယ်လို့ ငါ ကတိပေးထားတာလေ၊ အမြန်ဆုံးဖြစ်တာ အကောင်းဆုံးပေါ့]

သို့သော် ရှုယင်းယင်းမှာ သက်သောင့်သက်သာ မဖြစ်သလို ခံစားနေရဆဲဖြစ်ပြီး ရင်ဘတ်ထဲတွင် တင်းကျပ်နေသလို ခံစားရသည်။ ဟော်ယန်မှာ ရယ်ချင်စိတ်အား အပြင်းအထန် အောင့်ထားရသည်။ ဤနည်းဗျူဟာမှာ အလုပ်ဖြစ်လာသည်။

"စိတ်မပူပါနဲ့၊ မင်းကို ကတိပေးထားပြီးပြီဆိုတော့ ကိုယ် အပြည့်အဝ ပူးပေါင်းပါဝင်ပေးမှာပါ၊ မင်းကို သံသယဖြစ်စရာ တစ်ကွက်မှအပြမခံပါဘူး"

"အင်း"

ရှုယင်းယင်း အေးစက်စက် ပြန်ဖြေသည်။

[စုန့်ချင်းကသာ ရှင့်ကိုပူဆာနေရင် ရှင် သူ့ကိုပါလက်ခံလိုက်မှာလား]

"ဒါနဲ့ ကျီခိုင်ဆီကကြားတာတော့ စုန့်ချင်းက တော်တော် ရည်မှန်းချက်ကြီးတယ်တဲ့၊ သူက ကိုယ့်ကို အတင်းပိုင်စိုးပိုင် နင်းလုပ်ဖို့ ကြိုးစားလာနိုင်တယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ ရွံရှာမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရမယ်၊ သူ့ကို တွန်းမထုတ်ဘူး ပြီးတော့ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စကားတွေလည်း မပြောဘူး၊ ဟုတ်ပြီလား"

"ရှင် လုပ်ချင်တာ လုပ်လေ၊ ဘာလို့ ကျွန်မကို အစီရင်ခံနေရတာလဲ၊ ကျွန်မက ကျီခိုင်မဟုတ်ဘူး၊ ရှင် သူ့ဆီသွားပြီး တိုင်ပင်လိုက်၊ ကျွန်မက အစပိုင်းဆက်သွယ်ပေးရုံပဲ၊ အိပ်ချင်လာပြီ... အခန်းထဲ ပြန်အိပ်တော့မယ်"

ရှုယင်းယင်း ပြောပြီးသည်နှင့် အခန်းထဲပြန်ရန် ထရပ်လိုက်သည်။ တံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ ခေါင်းအုံးတစ်လုံးကို ဆွဲယူကာ အားကုန်ထိုးချလိုက်သည်။

[အဲ့ဒီ ခွေးကောင် ဟော်ယန်က တမင် သူ့ရဲ့ဆွဲဆောင်မှုကို ပြနေတာလား၊ စုန့်ချင်းက သူ့ကို သေချာပေါက်သဘောကျမယ်ဆိုတာကို အရမ်းယုံကြည်နေတာပဲ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်တောင် ထိန်းချုပ်ဖို့ကြိုးစားနေသေးတယ်၊ သူမကို တွန်းမထုတ်ဘူး၊ စိတ်အနှောင့်အယှက် မဖြစ်စေဘူးတဲ့၊ ဟက်၊ သိပ်ကို အရှက်မဲ့တာပဲ]

[ရှောင်ယင်း... ဟော်ယန်က တကယ်ကို ဆွဲဆောင်မှုရှိတာလေ၊ နင် သူ့ကို သိတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ လိပ်ပြာလေးတွေ အတော်များများက သူ့ဆီကို ရောက်လာနေပြီ၊ အားလုံးက သူ့ကိုပဲ လိုချင်တဲ့သဘောထားမျိုးတွေ ပြနေကြတာ၊ သူ့ကိုတော့ ငါ ချီးကျူးရမယ်]

[ပြီးတော့ ဒါကို အစပြုခဲ့တာက နင်လေ၊ ဘာလို့ စိတ်ဆိုးနေရတာလဲ၊ သူက နင့်ရဲ့ ညွှန်ကြားချက်တွေအတိုင်း ပူးပေါင်းပါ ဝင်ပေးနေရုံပါပဲ]

[ငါ... ငါ လုံးဝ စိတ်မဆိုးပါဘူး၊ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမှုကိုပဲ ဒေါသထွက်တာ၊ ဟုတ်တယ်၊ ငါ့ကို ဒါတွေ လာပြောပြနေတာက သူ့ရဲ့ ဆွဲဆောင်မှုကိုကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား၊ သူက ငါကကောင်းတာကို မသိဘူးလို့ သွယ်ဝိုက်ပြီးပြောနေတာ]

[နင်က တကယ်ကို ကောင်းတာကိုမသိတာ၊ တခြားသူတွေ သေမတတ် လိုချင်နေတဲ့သူကို နင်က ဆက်တိုက်ငြင်းပယ်နေတာပဲ၊ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ]

[နင် စိတ်ပျက်တယ်လို့ ခံစားရရင် ငါ့ကို သဘောမကျလို့ရတာပဲ၊ သူ့ကို ဘယ်သူမှ အတင်းမခိုင်းဘူး]

[စိတ်မပူပါနဲ့၊ သူ လက်လျှော့သွားမှာပါ၊ ဘာပဲဖြစ်ဖြစ်၊ စုန့်ချင်းလို ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ကို ဘယ်ယောက်ျားမှ မငြင်းဆန်နိုင်ပါဘူး]

[ဟေး... နင်က ဘယ်သူ့ရဲ့ စနစ်လဲ၊ သူများရဲ့စိတ်ဓာတ်ကို အဲ့လိုမျိုး ဘယ်လိုလုပ်မြှင့်တင်ပေးနိုင်ရတာလဲ]

[ငါ အမှန်တရားကို ပြောပြရုံပါ၊ ဘာပဲဖြစ်ဖြစ် နင်လည်း သူ့ကိုသဘောမကျဘူးလေ၊ ဒါဆို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ၊ အရာအားလုံးအဆင်ပြေပြီး ကျီခိုင် သူ့ဆန္ဒ ပြည့်ဝသွားဖို့ပဲ အရေးကြီးဆုံမဟုတ်လား]

[ပါးစပ်ပိတ်ထား၊ နင် အရမ်းဆူတာပဲ]

🍁 Chapter 128

ရှုယင်းယင်းသည် ငှက်ကုလားအုတ်ကဲ့သို့ ကိုယ့်ကိုယ်ကို အထီးကျန်စေသည့် မုဒ်သို့ ပြောင်းကာ ခေါင်းအုံးထဲသို့ ခေါင်းကို ဝှက်ထားလိုက်သည်။ ဟော်ယန်ကမူ အပြင်ဘက်တွင် အလွန်ဝမ်းသာနေရသည်။ သူအားလုံးကို ကြားလိုက်ရသည်။ မျက်နှာနှစ်ဖက်နဲ့ ကောင်မလေး...

ဟော်ယန်သည် ကျီခိုင်ထံ စာပို့လိုက်ချိန် ကျီခိုင် ချက်ချင်း တံခါးလာခေါက်သည်။

[ကျီခိုင် ရောက်လာပြီ၊ နင် သွားနားထောင်ချင်လား]

စနစ်က လက်နှစ်ဖက်ကို ပွတ်ရင်း သူမကို မြူဆွယ်လိုက်သည်။

[လုံးဝပဲ၊ လုံးဝ မသွားဘူး၊ ပါးစပ်ပိတ်ထား]

[ကောင်းပြီလေ၊ ဒါဆို ငါ့ဘာသာ ငါပဲ နားထောင်လိုက်မယ်]

စနစ်က သူ့အသံဖမ်းစက်ကို မြှောက်လိုက်သည်။ ရှုယင်းယင်း ခေါင်းပေါ်မှခေါင်းအုံးအား ဖယ်လိုက်ပြီး စောင်အောက်တွင်ပုန်းကာ သတိထား၍ နားစွင့်လိုက်သည်။

သို့သော် သူမ တံခါးကို ပိတ်ထားပြီး ဧည့်ခန်းနှင့်ဝေးနေသဖြင့် ဘာမှမကြားရကြောင်း သူမ အမြန်သတိပြုမိသွားသည်။

သူမ စိတ်ပျက်စွာဖြင့် အတင်းအိပ်ရန် ကြိုးစားလိုက်သည်။

တံခါးအပြင်ဘက်တွင်မူ ကျီခိုင်က ခပ်တိုးတိုးလေး မေးလိုက်သည်။

"မရီးရော"

"သူ့အခန်းထဲမှာ"

"ဘယ်လိုလဲ၊ တုံ့ပြန်မှု ရှိလား"

ဟော်ယန် ပြုံးလိုက်ပြီး "ရှိတယ်၊ အရမ်းပြင်းထန်တယ်၊ အစီအစဉ်က လှုပ်ရှားနေပြီ"

ကျီခိုင် အဆုံးတွင် စိတ်သက်သာရာရသွားသည်။

"ဒီအစီအစဉ်က အလုပ်ဖြစ်မယ့်ပုံပဲ၊ စုန့်ချင်းရဲ့ လိပ်စာကတ်ကို အခုပဲ မင်းကို ပေးလိုက်မယ်၊ သူ ဆယ်မိနစ်တောင် မကြာခင် မင်းကို Add လိမ့်မယ်၊ လုပ်ငန်းခွင်မှာ သူ့အတွက်လမ်း ခင်းပေးနိုင်မယ့် အရင်းအမြစ်တွေရှိတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ငါ သူ့ကို ပြောထားပြီးပြီ၊ မင်းက သူခေါ်တဲ့အတိုင်းသာ လိုက်လုပ်၊ ပိုပြီးသဘာဝကျလေ ပိုကောင်းလေပဲ၊ အမှန်တရားပေါ်လာတဲ့အခါ အသုံးချခံရတာ ဘယ်လိုခံစားရလဲ ဆိုတာကို သူ့ကိုမြည်းစမ်းခိုင်း လိုက်"

"ဒါပေမဲ့ အဲ့ဒါက သူ့ကို အရမ်းဖိအားပေးလွန်းရာ မကျဘူးလား"

ဟော်ယန် ထိုသို့ တစ်ခါမှမလုပ်ဖူးပေ။ အမြဲတစေ ညှိနှိုင်းစရာနေရာလေး တစ်ခုချန်ထားသင့်သည်ဟုသာ သူ ယုံကြည်သည်။

"ဘာလဲ၊ မင်းက အခုကတည်းက သနားနေပြီလား"

ကျီခိုင် အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ ဟော်ယန်က နာကျင်ရသူ မဟုတ်သဖြင့် ထိုခံစားချင်အား နားလည်မည်မဟုတ်ချေ။

"မဟုတ်ပါဘူး၊ နောက်ပိုင်းကျရင် ငါ ဘယ်လို ရုန်းထွက်ရမလဲဆိုတာကို စိုးရိမ်လို့ပါ၊ အပြန်အလှန် အကျိုးရှိတာကို အဓိကထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ငါ ပိုသဘော ကျတယ်"

"ဘာအဓိပ္ပာယ်လဲ"

ဟော်ယန် သူ့ အစီအစဉ်ကို ပြောပြလိုက်ပြီးနောက် ဆက်ပြောသည်။

"မင်းတို့နှစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့ အငြိုးအာဃာတတွေ မရှိဘူးလေ၊ သူက မင်းကိုလှည့်စားခဲ့တယ်၊ ဒါပေမဲ့ မင်းရဲ့ အစပိုင်း ရည်ရွယ်ချက်တွေကလည်း မဖြူစင်ခဲ့ပါဘူး၊ အငြိုးအတေးထားတဲ့ ယောက်ျားတစ်ယောက်က စိတ်သ ဘောထား သေးသိမ်တယ်၊ မင်းရဲ့ရည်ရွယ်ချက်က သူ့အစ်မကိုအနိုင်ရဖို့ပဲ၊ သူကတော့ လူမှုရေးအဆင့်အတန်း မြင့်မားဖို့ကိုပဲ လိုချင်ခဲ့တာ၊ ငါ မင်းတို့နှစ်ယောက်စလုံးကို တစ်ပြိုင် နက်တည်းကူညီနိုင်တယ်၊ အဲ့ဒါက နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အခြေအနေ မဟုတ်ဘူးလား၊ ဒီလက်စားချေမှု သံသရာက ဘယ်တော့မှပြီးဆုံးမှာလဲ"

ကျီခိုင် စဉ်းစားကြည့်လိုက်ရာ ထိုအရာမှာ ယုတ္တိတန်ရှိကြောင်းသိလိုက်ရသည်။ ဘယ်လို ယောက်ျားကများ မိန်းမတစ်ယောက်နဲ့ အသေးအဖွဲ ကိစ္စလေးတွေအတွက် ငြင်းခုံနေမှာလဲ...

"အိုကေ၊ မင်း ပြောတဲ့အတိုင်းလုပ်မယ်၊ ရှောင်ရွှမ်းရဲ့ နှလုံး သားကို ငါ အပိုင်ရပြီး မင်းလည်း မရီးကို သေချာသိမ်းပိုက် သူမကိစ္စက အဲ့လောက်အရေးမကြီးဘူး"

"ဟုတ်တာပေါ့၊ ယောက်ျားဆိုတာ အမြင်ကျယ်ရမယ်"

"ငါ သိပါတယ်၊ ဒါဆိုလည်း မင်းရဲ့နည်းလမ်းအတိုင်းပဲ လုပ်မယ်၊ ငါ အပြည့်အဝ ပူးပေါင်းပါဝင်ပေးပါ့မယ်"

"သန်ဘက်ခါ ငါတို့ တရုတ်ပြည်ကိုပြန်ကြမယ်၊ ပြီးတော့ ယင်းယင်းက မနက်ဖြန်ညကျရင် မင်းတို့ကို ဟော့ပေါ့ကျွေးမလို့တဲ့"

"ဟော့ပေါ့လား၊ ဒါ R နိုင်ငံလေ၊ ဘယ်မှာ ဟော့ပေါ့ဆိုင် ရှိလို့လဲ"

"မင်း ဝင်လာတုန်းက ဘာအနံ့မှ မရဘူးလား"

ဟော်ယန်သည် စတင်၍ကြွားလုံးထုတ်တော့သည်။ ကျီခိုင် ပြန်တွေးကြည့်လိုက်သည်။

"အစားအသောက် အနံ့ သဲ့သဲ့လေးရလိုက်သလိုပဲ၊ မရီးက မင်းအတွက် ချက်ပေးထားတာလား"

"ဒါပေါ့"

ဟော်ယန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးကိုပင့်လိုက်ပြီး စားပွဲဆီသို့ မသိမသာ ညွှန်ပြလိုက်သည်။ ကျီခိုင်မှာ စုပ်သတ်လိုက်ပြီး စားပွဲဆီသို့ ပြေးသွားသည်။ ကျီခိုင်မှာ ကျန်နေသော အစားအစာများကိုကြည့်ပြီး သွားရည်ကျလာတော့သည်။

"တရုတ်အစားအစာတွေကို ငါ ဘယ်လောက်တောင် စားချင်နေလဲဆိုတာ နတ်ဘုရားတွေပဲ သိလိမ့်မယ်! မင်းက ဘယ်လိုလုပ် ဒီလောက်မျက်နှာလိုက်နိုင်ရတာလဲ၊ မင်းအတွက်ပဲ ချက်ပေးပြီး ငါတို့ကျတော့ လျစ်လျူရှုထားတယ်ပေါ့၊ အနောက်တိုင်း အစားအစာတွေကို စားရတာ ငါ သိပ်မုန်းတာပဲ၊ ပြီးခဲ့တဲ့ ရက်တွေတုန်းက ပီဇာနဲ့ဟမ်ဘာဂါတွေချည်းပဲ စားနေရလို့ ငါ အန်ချင်နေပြီ၊ မင်းကတော့ ကြက်စွပ်ပြုတ် သောက်နေတယ်ပေါ့လေ၊ အဲ့ဒါ ငါ အကြိုက်ဆုံးကွ"

ကျီခိုင် သောက်ရန် ဇွန်းတစ်ချောင်းအား ကောက်ကိုင်ရင်း ပြောလိုက်သည်။ မြေအိုးထဲရှိ စွပ်ပြုတ်မှာ နွေးနေဆဲဖြစ်ပြီး ခပ်သဲ့သဲ့လေး ထွက်ပေါ်နေသော မွှေးရနံ့မှာ လုံးဝကိုဆွဲဆောင်မှုရှိလွန်းနေသည်။

"ချထားစမ်း၊ အဲ့ဒါ ငါ့ဟာ"

ဟော်ယန် ကပ်စေးနဲစွာဖြင့် သူ့အားတားလိုက်သည်။ ကျီခိုင်က စွပ်ပြုတ်ကို ပါးစပ်ထဲ ထည့်တော့မည့်ဆဲဆဲတွင် ရပ်သွားသည်။

"မင်း အဲ့လောက်တောင် လုပ်ဖို့ လိုလို့လား၊ စွပ်ပြုတ် တစ်ပန်းကန်လေးကိုများ"

"အဲ့ဒါက ဘယ်သူချက်တာလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လေ၊ ရေခဲသေတ္တာထဲမှာ တခြားပါဝင်ပစ္စည်းတွေ ရှိသေးတယ်၊ မင်း စားချင်ရင်ယူပြီး ကိုယ့်ဘာသာ ကိုယ် ချက်စားလိုက်"

"ငါသာ ချက်တတ်ရင် မရီးရဲ့လက်ရာကို လိုပါ့မလား"

"ဒါဆိုရင် မနက်ဖြန်ည လာစားဖို့ပဲ စောင့်နေလိုက်၊ အဲ့တာကို မထိနဲ့၊ ယင်းယင်းက ငါ့အတွက် အထူးတလည်ချက်ပေးထားတာ၊ သူ တစ်မွန်းလွဲလုံး အချိန်ယူပြီးချက်ထားတာကွ၊ စွပ်ပြုတ် တစ်ငုံချင်းစီတိုင်းက သူ့ရဲ့ ဂရုစိုက်မှုနဲ့ ပူပန်မှုတွေရဲ့ ပြယုဂ်ပဲ၊ နားလည်လား"

ကျီခိုင်မှာ ထိုချွဲပစ်ပစ် စကားများကြောင့် အန်ချင်သွားရသည်။ သူ ဇွန်းကို အမြန်ချလိုက်ပြီး ခပ်ခွာခွာနေလိုက်သည်။

"မင်းက တကယ်ကို ရွံစရာကောင်းတာပဲ၊ ငါ ဆန်ပြုတ်လေး နည်းနည်းလောက်တော့ သောက်လို့ရတယ်မလား"

ကျီခိုင်မှာ ရွှေရောင်သန်းနေကာ နူးညံ့ပြီး ချိုမြိန်မည့်ပုံပေါ်သော ဆန်ပြုတ်အား တစ်ချက်ကြည့်လိုက်ပြီး တံတွေးမြိုချလိုက်သည်။ ဟော်ယန်သည် အစားအစာများကို အလဟဿ မဖြစ်စေရန် ရှုယင်းယင်း ပြောခဲ့သည်ကို သတိရသွားပြီး ပြောလိုက်သည်။

"မင်းပဲ စားလိုက်တော့၊ စားပြီးရင် အိုးပါ ဆေးထားခဲ့၊ မနက် ဖြန်မနက်ကျရင် ယင်းယင်းအတွက် ငါ ဆန်ပြုတ်အသစ်ပြန်ပြုတ်ပေးလိုက်မယ်"

"မင်း... ဟော်ယန်၊ မင်းက ငါ့ကို အမှိုက်ပုံးလို သဘောထားနေတာလား"

"ကဲ... မင်း စားမှာလား၊ မစားဘူးလား"

"စားမှာပေါ့"

အရသာရှိတဲ့ အစားအသောက်တွေရှေ့မှာ မာနက ဘာလုပ်ရမှာလဲ...

ကျီခိုင်သည် ကျန်နေသော ဆန်ပြုတ်များအား ဒေါသတကြီး စားသောက်လိုက်ပြီး၊ ဟော်ယန် ကြည့်မနေခိုက် ကြက်သား အနည်းငယ်ကို အမြန်ဆွဲယူကာ တစ်ခဏအတွင်း စားပစ် လိုက်သည်။ ထို့နောက် ကြက်ရိုးများဖြင့် လက်ခလယ်ထောင်သည့် ပုံစံလုပ်ကာ စားပွဲပေါ်တွင် တင်ထားခဲ့သေးသည်။ ထို့နောက် အိုးဆေးပြီး သူ ကျေနပ်စွာထွက်သွားသည်။

ဟော်ယန် : "..."

သူ ဒီလောက် သဘောကောင်းမနေခဲ့သင့်ဘူး။

နောက်တစ်နေ့ နံနက်တွင် ရှုယင်းယင်း မျက်နှာသစ်ပြီးနောက် သူမ၏ တံခါးကို ဖွင့်လိုက်ရာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ဟော်ယန်ကို အဝေးမှမြင်လိုက်ရသည်။ သူမ အမြန် လျှောက်သွားပြီး မေးလိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ"

"ရွှေဖရုံသီး ဆန်ပြုတ်ပြုတ်နေတာ၊ ပြီးတော့မှာ၊ မင်း အရင်လက်ဆေးပြီး စားဖို့စောင့်နေနော်"

ဟော်ယန်သည် ကြက်ဥနှင့် ဘေကွန်အသားညှပ်ပေါင်မုန့် လုပ်နေလျက် ပြန်ဖြေလိုက်သည်။ ရှုယင်းယင်းက အင်းဟု ပြန်ထူးလိုက်ပြီး လှည့်ထွက်တော့မည့်ဆဲဆဲတွင် ထမင်းစားပွဲပေါ်ရှိ ဟော်ယန်၏ ဖုန်းမှအသံများ ဆက်တိုက် ထွက်ပေါ်လာလေကာ WeChat စာတိုများ ဝင်လာပုံရသည်။ ဟော်ယန်က ၎င်းမှာ စုန့်ချင်းဖြစ်ကြောင်း သိသဖြင့် သူမအား ပြောလိုက်သည်။

"ကိုယ့်ဖုန်းလေး ခဏ ယူပေးလို့ ရမလား၊ ထမင်းစားပွဲပေါ်မှာ"

"အွန်း"

ရှုယင်းယင်း ဖုန်းအား ကောက်ကိုင်လိုက်သည်နှင့် တစ်ပြိုင် နက် ဖန်သားပြင်ပေါ်တွင် စုန့်ချင်းထံမှ စာတစ်စောင် ပေါ်လာလေသည်။

[မင်္ဂလာနံနက်ခင်းပါ မစ္စတာဟော်]

ရှုယင်းယင်း၏ သူငယ်အိမ်များ ကျုံ့သွားပြီး ဖုန်းကို ကိုင်ထားသော သူမ လက်ချောင်းများမှာ ရုတ်တရက် တင်းကြပ်သွားလေသည်။

[ဒီမနက် သူ ဒီလောက်တောင် လန်းဆန်းနေတာ မဆန်းပါဘူး၊ အဲ့ဒီ မိန်းမလှလေးနဲ့ အပြန်အလှန် စကားပြောရတာကို သဘောကျနေတာကိုး၊ လူယုတ်မာကြီး]

ဟော်ယန် ကြက်ဥကြော်နေရင်း အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ့ နှုတ်ခမ်းထောင့်များမှာ ပိုမိုနက်ရှိုင်းသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားလေသည်။ ရှုယင်းယင်းသည် သူမ၏ ရှင်းပြမရသော ဒေါသကိုမြိုသိပ်လိုက်ပြီး ဖုန်းအားကောင် တာပေါ် တင်ကာ ရင့်သီးသော လေသံဖြင့် သတိပေးလိုက်သည်။

"ရှင့်ဆီကို တစ်ယောက်ယောက်စာပို့နေတယ်၊ တော်တော် လောနေပုံပဲ"

"အင်း၊ ကိုယ် သိပြီ၊ ခဏနေမှ သူ့ကို ပြန်စာပို့လိုက်မယ်၊ သွား လက်ဆေးလေ"

"ဆေးပြီးပြီ၊ ကျွန်မ စားဖို့ပဲစောင့်နေတာ"

သူမသည် ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်ပြီး ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။

[သိသားပဲ၊ သူ သူမစာကို စောင့်နေတာ.. ဟွန့်]

[စုန့်ချင်းက တကယ်ပဲ အဲ့လောက်တောင် မြူဆွယ်တတ်တာလား၊ မနေ့ညကမှ ကျီခိုင် ရောက်လာတာကို ဒီမနက်တင် သူက လာဆက်သွယ်နေပြီ၊ ဘယ်သူလဲလို့တောင် ငါ မပြောရသေးဘူး၊ သူက သိတယ်လို့ပြောနေတယ်၊ ဟားဟား၊ သူက တကယ့်ကို တိတ်တိတ်ပုန်းကြိုက်တတ်တဲ့သူပဲ၊ တခြား မိန်းမတွေအပေါ် သူ ဒီလောက် ဂရုတစိုက်ရှိတာကို ငါ တစ်ခါမှမမြင်ဖူးပါလား၊ သူက ဖုန်းကြည့်ရတာကို ဒီလောက်တောင် အာရုံစိုက်နေတာ၊ တကယ်သာ တွေ့ကြမယ်ဆိုရင်၊ တစ်စက္ကန့်အတွင်း သူမဆီ ကျရှုံးသွားမှာ မဟုတ်ဘူးလား]

【တခြား ဘယ်မိန်းမမှ သူ့လောက် မလှဘူးလေ၊ စုန့်ချင်းရဲ့ အလှတရားက သဘာဝကျပြီး အတွင်းထဲကနေဖြာထွက်နေတာ၊ ဒါက သူ ငယ်ငယ်ကတည်းက ဘဲလေးအက သင်ခဲ့ရလို့ပဲ၊ အဲ့ဒီလို ကျက်သရေရှိပြီး ယုံကြည်မှုအပြည့်နဲ့ခပ်ချေချေ နေတတ်တဲ့ပုံစံက အရမ်းကိုဆွဲဆောင်မှုရှိတယ်လေ]

စနစ်မှ တစ်ဖန်ပြဿနာစရှာလေသည်။

【နင်က သိပြန်ပြီပေါ့】

All Chapters