← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

🍁 Chapter 129

【မဟုတ်ပါဘူး၊ ငါက ယောက်ျားတွေရဲ့ နှလုံးသားကို နားလည်လို့ပါ၊ ဟော်ယန်လည်း ယောက်ျားပဲလေ၊ ယောက်ျားတွေရဲ့ အကြီးမားဆုံး အကြိုက်နှစ်ခုက လိမ္မာတဲ့ မိန်းကလေးတွေကို လမ်းမှားရောက်အောင် ဆွဲဆောင်တာနဲ့ ပျက်စီးနေတဲ့ မိန်းမတွေကို လမ်းမှန်ရောက်အောင် ပြုပြင်ပေးတာပဲ၊ စုန့်ချင်းက ဒုတိယအချက်နဲ့ ကွက်တိကျနေတော့ သူက ဆက်ပြီးအကြံပေးနေရမှာပေါ့】

【ဟမ့်】

ဟော်ယန်သည် ဆန်ပြုတ်နှင့် အသားညှပ်ပေါင်မုန့်များအား ယူလာပေးရာ ရှုယင်းယင်းမှာ လိမ္မာစွာပင်စားလိုက်သည်။ သူမ ဒေါသထွက်နေလျှင်ပင် ထုတ်ပြရန်ဆန္ဒမရှိပေ။

"အားခိုင်ကို ဒီည ဟော့ပေါ့စားမယ်လို့ ကိုယ် ပြောထားတယ်၊ ဒါကြောင့် ရေခဲသေတ္တာထဲက ဟာတွေကိုပဲ သုံးလိုက်ကြတာပေါ့၊ ကိုယ်ပဲ ချက်လိုက်မယ်၊ မင်းက ညွှန်ကြားပေးရုံပဲ"

"လူနာတစ်ယောက်ကို ကျွန်မက ဘယ်လိုလုပ်ညွှန်ကြားရက်မှာလဲ၊ ရှင်သာ နားနေလိုက်ပါ၊ ရှင် စကားပြောနေတာကို ကျွန်မ အနှောင့်အယှက် မပေးပါဘူး"

ရှုယင်းယင်းက အနည်းငယ် သရော်သည့်လေသံဖြင့် ပြောလိုက်သည်။ ဟော်ယန်မှာ ရယ်ချင်စိတ်ကို အပြင်းအထန် အောင့်ထားရင်း သတိထားကာ စမ်းသပ်မေးမြန်းလိုက်သည်။

"မင်း စိတ်ဆိုးနေတာလား"

"ဒါက ဘယ်လို မေးခွန်းမျိုးလဲ၊ ကျွန်မက ဘာလို့ စိတ်ဆိုးရမှာလဲ၊ အဲ့ဒါက ကျွန်မ ရှင့်ကို မကျွေးချင်သလိုဖြစ်နေပြီ"

ရှုယင်းယင်းသည် သူမပန်းကန်ထဲရှိ ဆန်ပြုတ်ကိုဇွန်းဖြင့် ဖိချေလိုက်ရာ သူမ တစ်ကိုယ်လုံးမှ မကျေနပ်မှုများ ဖြာထွက်နေလေသည်။

"ကိုယ့်ဘက်က မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အမှားတစ်ခုခု လုပ်မိလို့လား"

ဟော်ယန် စိုးရိမ်တကြီး မေးလိုက်သည်။ သူ့ နှိမ့်ချပြီး သတိ ထားနေသော အမူအရာက ရှုယင်းယင်းဒေါသကိုပိုမိုလောင် ကျွမ်းသွားစေသည်။

"မဟုတ်ပါဘူး၊ ရှင် လုပ်တာ အရမ်းကောင်းတယ်၊ အဘက်ဘက်ကနေ ကျွန်မ မျှော်လင့်ထားတာထက်တောင် ပိုနေသေးတယ်၊ ရှင့်ကို ချီးကျူးရတာနဲ့တင် ကျွန်မ တော်တော်လေး အလုပ်ရှုပ်နေပြီ"

"ဒါဆိုရင်လည်း ကိုယ့်ကို ချီးကျူးလေ"

ဟော်ယန်သည် သူမထံမှ ချီးကျူးစကားကို အရှက်မဲ့စွာ တောင်းဆိုလိုက်သည်။

"...ဆန်ပြုတ်က အရသာရှိတယ်၊ အသားညှပ်ပေါင်မုန့်လည်း ကောင်းတယ်"

ရှုယင်းယင်း အံ့ကြိတ်ကာ ပြန်ဖြေလိုက်သည်။

"ယင်းယင်း၊ မင်း သဝန်တိုနေတာလား"

ဟော်ယန် အခွင့်ကောင်းယူ၍ထပ်မေးလိုက်သည်။ ဤစကားက ရှုယင်းယင်း ဒေါသကို လုံးဝပေါက်ကွဲသွားစေတော့ သည်။ သူမ ဇွန်းကို ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

"သဝန်တိုတာလား၊ ဘယ်သူ့ကို သဝန်တိုရမှာလဲ၊ ရှင်နဲ့ စုန့်ချင်းကိုလား၊ ကျွန်မက သဝန်တိုစရာလိုလို့လား၊ သူ့ကို မြူဆွယ်ဖို့ ရှင့်ကိုခိုင်းခဲ့တာ ကျွန်မလေ၊ ဘာကိစ္စ ကိုယ့်သေတွင်းကိုယ် တူးရမှာလဲ၊ ကျွန်မကို အရူးများမှတ်နေလား"

"ကိုယ် သူ့နာမည် ထည့်မပြောမိပါဘူး"

ဟော်ယန်မှာ အပြစ်ကင်းစင်စွာ ပြန်ဖြေလိုက်သော်လည်း သူ့ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို ရှုယင်းယင်း အတိအကျဖမ်းမိလိုက်သည်။

[အမလေး၊ ငါတော့ ထောင်ချောက်မိသွားပြီ၊ အဲ့ဒီ ခွေးကောင် ဟော်ယန်တော့]

"တကယ်တော့ ကိုယ် အဲ့လိုမလုပ်ချင်..."

"ပါးစပ်ပိတ်ထား၊ ကျွန်မ မကြားချင်ဘူး၊ ရှင့်ကို တာဝန်ပေးပြီးကတည်းက ကျီခိုင်ကို အထောက်အကူဖြစ်သရွေ့ ရှင် လုပ်ချင်တာ လုပ်၊ ကျွန်မက ကြားပွဲစား တစ်ယောက်ပါ၊ ရှင့်ရဲ့ ဘော့စ်မဟုတ်ဘူး၊ အသေးအဖွဲ ကိစ္စလေးတွေကအစ ကျွန်မကို အစီရင်ခံနေစရာ မလိုဘူး၊ ကျွန်မ စိတ်မဝင်စားဘူး၊ ကြားလည်း မကြားချင်ဘူး"

ရှုယင်းယင်း ဇွန်းကို ချလိုက်သည်။

"ကျွန်မ စားလို့၀ပြီ"

သူမ ဟော်ယန် တုံ့ပြန်မှုကို မစောင့်တော့ဘဲ အခန်းဆီသို့ အမြန် ထွက်ပြေးသွားကာ ကုတင်ပေါ်သို့ လှဲချလိုက်ပြီးမှ နောင်တရသွားမိသည်။

[ရှုယင်းယင်း၊ နင် ဘာတွေ လုပ်နေတာလဲ၊ ရူးနေပြီလား၊ ဘာလို့ သွားရစ်နေတာလဲ၊ ဟော်ယန် ဘာအမှား လုပ်မိလို့လဲ]

[ဝန်ခံလိုက်စမ်းပါ၊ နင် သူ့ကို သဘောကျနေပြီ]

စနစ်က မညှာမတာ တွန်းပို့လိုက်သည်။

【မဟုတ်ဘူး၊ သူ ဘဝင်မြင့်နေတာကို မကြည့်ချင်ရုံ သက်သက်ပဲ】

【ဒါဆို ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ၊ လူနာကို ပြုစုချင်တယ် ပြောပြီးတော့ အခုကျ သရော်ပြီး လှောင်ပြောင်လာတယ် ကျွတ် ကျွတ်"

【ပါးစပ်ပိတ်ထား၊ နင် ဒီတလော စကားတွေ အရမ်းများနေပြီ】

【ဒီပုံအတိုင်းဆိုရင် စုန့်ချင်းက တရုတ်ပြည် ပြန်ရောက်တာနဲ့ အားကုန်တိုက်ခိုက်တော့မှာ၊ ဟော်ယန်ရဲ့ကြောင်တောင် တောင် အမူအရာကို ကြည့်ရတာ ရန်သူရဲ့ ထိုးစစ်ကို သူ ခံနိုင် ရည်ရှိဖို့ ခက်ခဲလိမ့်မယ်လို့ထင်တယ်၊ အန္တရာယ်ပဲ】

【စဉ်းစားကြည့်လေ၊ စုန့်ချင်းက ဖျော်ဖြေရေးလောကထဲက ရည်မှန်းချက်ကလည်း ကြီးတယ်၊ ဟော်ယန်ကလည်း ပူပူနွေးနွေးလူပျိုကြီး ပြီးတော့ ချမ်းသာတယ်၊ သူ့ရဲ့ ကျောပြင် ဒါမှမဟုတ် ဘေးစောင်းလေးကို ပါပါရာဇီတွေ မြင်သွားတာနဲ့ ချက်ချင်းကို Trending ဖြစ်သွားမှာပဲ၊ အကြောင်း အရာတစ်ခု ဝင်လာတာနဲ့ လူစိတ်ဝင်စားမှုက အထွတ်အထိပ် ရောက်သွားမှာ၊ ဖျော်ဖြေရေး လောကမှာက အခွင့်အရေး သမားတွေအပြည့်ပဲ၊ အရင်းအမြစ်တွေကလည်း အလွယ် တကူရနိုင်တယ်၊ စုန့်ချင်းက ချိုမြိန်တဲ့အရသာကို မြည်းစမ်းမိသွားတာနဲ့ ဟော်ယန်ကိုတွယ်ကပ်ပြီး သူ့ဆီကနေ အမြတ်ထုတ်တော့မှာ သေချာတယ်၊ ကျွတ် ကျွတ် ကျွတ်၊ ဘယ်လိုပဲ ကြည့်ကြည့် ဟော်ယန်က နင့်ကြောင့် လုံးဝကိုပျက်စီးသွားရပြီ၊ သူ ဘာလို့ နင့်စကားကို ဒီလောက် နားထောင်နေရတာလဲ】

【အင်းလေ၊ သူ မအဘူးပဲ၊ ဘာလို့ ငါ့စကားကို နားထောင်နေရတာလဲ၊ တကယ့်ကို ဒေါသထွက်စရာပဲ】

【အချစ်ကြောင့်ပေါ့၊ ဟူး... သူရဲကောင်းတွေတောင် မိန်းမလှလေးတွေကို မလွန်ဆန်နိုင်ကြပါလား~~】

【မကြားချင်ဘူး၊ ငါ မကြားချင်ဘူး】

ရှုယင်းယင်းသည် နားနှစ်ဖက်အား ပိတ်ကာ ကိုယ့်ကိုယ်ကိုယ် လှည့်စားရန် ကြိုးစားနေသည်။

【ငါ နားမလည်နိုင်တာက နှစ်ယောက်စလုံးစိတ်ဝင်စားနေရင် ဘာလို့ အတူတူတွဲပြီး အိမ်မပြန်ကြတာလဲ၊ ဘာတွေ အရမ်းရှုပ်နေရတာလဲ】

【နင့်ကိစ္စ မဟုတ်တာ ဝင်မပါနဲ့၊ ပါးစပ်ပိတ်ထား】

ရှုယင်းယင်း သူမ ဘာကို အနေရခက်နေမှန်း သူမကိုယ်တိုင်လည်း မသိပေ။ သူမမှာ ထိုအရာများကိုစတင်ခဲ့သူ ဖြစ်သော် လည်း အဆုံးသတ်တွင် သူမ၌ သူတစ်ပါးအား ကူညီလိုက်ရသည့် ခံစားချက်မျိုးမရှိဘဲ အမည်တပ်မရသော ဒေါသများသာ ဗိုက်ထဲတွင် ပြည့်နှက်နေသည်။

သူမက ချစ်မိနေတာကို တကယ်ပဲ မသိတာများလား...

ရှုပ်ထွေးနေသော ရှုယင်းယင်းနှင့် ယှဉ်လိုက်လျှင် ဟော်ယန်မှာ အတော်လေး တည်ငြိမ်အေးဆေးနေသည်။ အစီအစဉ်က စတောင် မစရသေးဘူး၊ သူမရဲ့ လှည့်ကွက်လေးတွေက ပေါ်လွင်နေပြီ၊ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ...

ဒီလို ရှားပါးတဲ့အခွင့်အရေးမျိုးမှာ သူ သူမကို နည်းနည်း ထပ်စရမှာပေါ့၊ သူမ ထပ်ပြီး ခေါင်းမာရဲသေးလား ကြည့်ရမယ်၊ အကြင်နာကင်းမဲ့တဲ့ ကောင်မလေး...

🍁 Chapter 130

တတိယမြောက်နေ့ မွန်းလွဲပိုင်းတွင်တော့ ဟော်ယန်တို့အဖွဲ့ တရုတ်ပြည်သို့ ပြန်ရောက်ရှိလာကြသည်။ ရှုယင်းယင်းမှာ လေယာဉ်ဆင်းသက်သည်နှင့် တစ်ပြိုင်နက်ကမန်းကတန်း ဆင်းသွားခဲ့ပြီး ကားပါကင်တွင် စောင့်ဆိုင်းနေသော သူမကားဆီသို့ အမြန်လျှောက်သွားသည်။

ဟော်ယန်လည်း သူမအား တားဆီးခြင်းမပြုဘဲ သဘောအတိုင်းသာ လွှတ်ထားလိုက်သည်။

ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ် ညလေးပြီးကတည်းက ရှုယင်းယင်းသည် သူ့အား စကားတစ်ခွန်းမျှ မပြောတော့ချေ။ သူမ ဟော့ပေါ့ကျွေးသည့် ညကပင်လျှင် ငတုံးသားသုံးယောက်နှင့်သာ သောက်စားစကားပြောနေခဲ့ပြီး သူ့ကိုမူ အေးစက်စက် အကြည့်မျိုးဖြင့်သာ တုန့်ပြန်သည်။

ပုံမှန်ဆိုလျှင် ဤအခြေအနေမျိုး၌ ဟော်ယန်မှာ ပူပန်နေရမည်ဖြစ်သော်လည်း ယခုအခါ ထူးခြားစွာပင် စိတ်အေးရှိနေသည်။ သူမ ဒေါသထွက်လေလေ သူ့အပေါ် ဂရုစိုက်ကြောင်း သက်သေပြခြင်းမဟုတ်ပါလား...

ငတုံးသားသုံးယောက်သည်လည်း မရီးဖြစ်သူ၏ အနေရခက်နေမှုအား သတိထားမိကြကာ တစ်ယောက်မှ၀င်မပြောကြဘဲ ဟော်ယန်အား လျစ်လျူရှုကာ အလိုက်တသိ နေပေးသည်။ သူတို့သည် ညီအစ်ကိုသံယောဇဉ်အား ပြသကာတစ်ချိန်တည်းမှာပင် ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပါ ရှင်းလင်းနေကြခြင်းဖြစ်သည်။

မရီးဖြစ်သူ ဒေါသတကြီးဖြင့် ကားပေါ်တက်ကာ မောင်းထွက်သွားသည်အား ကြည့်ပြီးနောက်မှ သူတို့သုံးယောက် ပူပန်မှုကို ထုတ်ပြလာကြသည်။

ကျီခိုင် "အစ်ကိုယန်၊ ဘာမှတောင် မစရသေးဘူး၊ မရီးက ဒီလောက်တောင် ဒေါသထွက်နေပြီ၊ ဆက်လုပ်ဦးမှာလား"

ဝမ်ရွှမ်း "ဆက်လုပ်ရမှာပေါ့၊ မရီး ဒေါသထွက်နေပြီပဲ၊ ဘာလို့ ဆက်မလုပ်ရမှာလဲ၊ သူမ ဒေါသထွက်လေလေ ပိုကောင်းလေပဲ၊ တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ ကြိုးစားရမှာပေါ့"

ဟဲ့ယန်က သဘောတူစွာ ခေါင်းညိတ်ပြီး "ငါတို့ ဒီအထိတောင် ရောက်လာပြီပဲ၊ အစ်ကိုယန် ရုတ်တရက်ကြီး ရပ်လိုက်ရင် မရီးက ပေါက်ကွဲစရာ အကြောင်းမရှိတော့ဘူးလေ၊ သုညကနေ ပြန်စရသလို ဖြစ်သွားမှာပေါ့၊ ခံစားချက်ဆိုတာ ထုတ်ဖော်ပြသရတယ်ကွ၊ မျိုသိပ်ထားရင် လွဲချော်သွားဖို့ပဲ ရှိတယ်၊ အချစ်ဆိုတာ ဖွင့်ပြောရတယ် နားလည်လား"

ဟော်ယန်သည် ရှုယင်းယင်း ထွက်သွားသည့် လမ်းကြောင်းအား ကြည့်ကာပြုံးလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူ ငါ့အပေါ် ခံစားချက်ရှိနေတာပဲလေ"

ဆဲတာက ချစ်လို့ဆိုသလိုပေါ့...

၎င်းတို့သုံးယောက်မှာ ဟော်ယန်၏ယုံကြည်မှုလွန်ကဲကာ ချွဲပစ်ပစ်နိုင်သော လေသံကြောင့် ကြက်သီးထသွားကြပြီး နှုတ်ခေါင်းရှုံ့ကာ ခပ်ခွာခွာသွားကြသည်။ ဟော်ယန်ကမူ ဂရုမစိုက်ပဲ မင်းတို့ ရည်းစားမရတာ ဒါ ကြောင့်ကိုဆိုသည့်စကားနှင့် အီမိုဂျီတစ်ခုပို့ပြီး သူ့ကားကို အရှိန်တင်ကာ မောင်းထွက်သွားသည်။

ထိုနေ့ညတွင်ပင် စုန့်ချင်းသည် ရေပန်းစားသော သတင်း ခေါင်းစဉ်များစာရင်းတွင် ရုတ်တရက် ပါဝင်လာသည်။

#ရုပ်ရှင်ရိုက်ကွင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဘော့စ်တစ်ဦးကို တွေ့ရှိ၊ နာမည်ကြီး မင်းသမီးအချစ်သစ်တွေ့နေကြောင်း သံသယဖြစ်မိ#

ဓာတ်ပုံထဲတွင် ဟော်ယန်မှ သူမ၏လက်မောင်းကို ယုယုယယတွဲကိုင်ပေးထားပြီး သူမကိုယ်တစ်ဝက်မှာ သူ့အပေါ် မှီတွဲကျနေသည်။ ထိုပုံမှာ မတော်တဆချော်လဲကျသွားပုံ ပေါက်သော်လည်း အမှတ်တွင်မူ အတော်လေးတွက်ချက်ထားပုံရသည်။ ဟော်ယန် စုန့်ချင်းအားကြည့်နေသည့် အကြည့်များမှာလည်း မြတ်နိုးယုယမှုများ၊ တွယ်တာမှုများဖြင့် ပြည့်နှက်နေပုံရသည်။

ပုံမှာ ဝါးနေသော်လည်း အကြောင်းစုံသိနေသော ရှုယင်းယင်းမှာ ဟော်ယန်၏မျက်နှာအမူအရာကို အထူးသတိပြုမိပြီး သူမတွေးထားမှုများ မှန်ကန်ကြောင်းသေချာသွားတော့ သည်။

【ကြည့်စမ်း၊ သူ အရမ်းပျော်နေတာပဲ၊ သူ တကယ်ကိုကြိုးကြိုးစားစားနဲ့ အရာအားလုံးကို ပြီးပြည့်စုံအောင် လုပ်ပေးနေတာပဲ】

【တာဝန်ယူမှုရှိတဲ့ သူတွေဆိုတာ အဲ့လိုမျိုးပဲလေ၊ သူအစထဲကအကောင်းဆုံးလုပ်ပေးပါ့မယ်လို့ ကတိပေးထားတာကိုး】

ရှုယင်းယင်း မျက်စိလှန်လိုက်ပြီး ဖန်သားပြင်အား ပိတ်ကာ စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။ ထို့နောက် တိုက်ခိုက်ရေး ဂိမ်းကစားရန်အတွက် သူမဂိမ်းစက်ကို ဖွင့်လိုက်သည်။

"ကျဲ၊ ကျဲ"

ရှုယောင်က အလောတကြီးပြေးဝင်လာပြီး စိုးရိမ်တကြီး မေးသည်။

"Trending topics တွေကို တွေ့ပြီးပြီလား၊ စုန့်ချင်းရဲ့ ကောလဟာလထွက်နေတဲ့ ကောင်လေးက အစ်ကိုယန်နဲ့ အရမ်းတူနေတယ်၊ ကြည့်ပါဦး"

ဘာမှမသိရှာသော ရှုယောင်သည် ပုံတစ်ပုံအားထုတ်ပြလာသည်။ ထိုပုံမှာ ဟော်ယန်၏မျက်နှာအား ဝါးနေအောင်အုပ်ထားသော အနီးကပ်ပုံကြီးတစ်ပုံဖြစ်သည်။ ရှုယင်းယင်းမှာ နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်မှု လှိုင်းတစ်ခုအား ခံစားလိုက်ရပြန်သည်။

【တွေ့လား၊ သူ့ကို သိတဲ့သူတိုင်းက ချက်ချင်းမှတ်မိနိုင်တယ်၊ ဝါးထားတာက အလကားပဲ၊ သူက သူ့ကိုယ် သူ ဖုံးကွယ်ဖို့တောင် မကြိုးစားဘူး၊ တကယ့်ကို တိတ်တိတ်ပုန်း နှာဘူးကြီးပဲ】

ရှုယောင် မျက်လုံးများ ကျုံ့သွားသည်။

တမင်တကာဆိုတာက ဘာသဘောလဲ၊ တိတ်တိတ်ပုန်း နှာဘူးဆိုတာကရော ဘာကိုဆိုလိုတာလဲ၊ မဟုတ်မှ စိတ်ဝင် စားစရာ အတင်းအဖျင်းများ ရှိနေတာလား...

ရှုယောင် တစ်ယောက်တွေးရင်းဖြင့် ခေါင်းခြောက်သွားရကာ သူ အံ့သြချင်ယောင်ဆောင်ပြီး ပြောလာသည်။

"ဒီလို မဖြစ်သင့်ပါဘူး၊ စုန့်ချင်းက အစ်ကိုခိုင်ရဲ့ လူလေ၊ ယောက်ဖက သူ့ကို မတော်တဆတွေ့သွားတာ နေမှာပါ၊ ဟုတ်တယ်၊ မတော်တဆပဲဖြစ်ရမယ် ပြီးတော့ ဟိုဘက်က လူကလည်း တိုက်တိုက်ဆိုင်ဆိုင် ခြေကျင်းဝတ်လည်သွားတာဖြစ်မယ်၊ အဲ့ဒါကို ပါပါရာဇီတွေက ကောလဟာလတွေလုပ်ပြီး အမှုဆင်လိုက်တာပဲ"

ရှုယင်းယင်း သူ့အား အေးစက်သော အကြည့်တစ်ချက် ပေးလိုက်သည်။

"နင့်မှာ လုပ်စရာ အိမ်စာတွေ မရှိဘူးလား၊ အဲ့လောက်တောင် အားနေလား"

"မဟုတ်ပါဘူး၊ ကျွန်တော်က ကျဲကို စိတ်ပူလို့ပါ၊ အစ်ကိုယန်က ကျဲကို ဘာမှ မရှင်းပြဘူးလား"

"ငါတို့က အကျိုးတူ လက်ထပ်ရမယ့် ကိစ္စပဲလေ၊ အချစ်စစ်မှ မဟုတ်တာ ပြီးတော့ ငါတို့က လက်မှ မထပ်ရသေးတာ၊ သူ ဘာလုပ်လုပ် ငါ့ကိုပြောပြစရာမလိုဘူး"

"ဒါလည်း ဟုတ်တာပဲ၊ ယောက်ျားဆယ်ယောက်မှာ ကိုးယောက်က မျက်နှာများကြတာပဲ၊ အစ်ကိုယန်လည်း ချွင်းချက် မဟုတ်ဘူထင်ပါရဲ့၊ ကျွန်တော် သူ့ကို အထင်ကြီးလွန်းသွားပြီ၊ မရဘူး ကျွန်တော် ကျဲအတွက် လက်စားချေပေးရမယ်၊ သူ့ဆီကနေ နောက်ထပ်တစ်သန်း၊ နှစ်သန်းလောက် ထပ်ညှစ်ပစ်မယ်၊ သူ့ရဲ့ ယောက်ျားကောင်း သိက္ခာကိုဖောက် ဖျက်ဖို့ ဘယ်သူက ခိုင်းလို့လဲ"

ရှုယောင် ပြောပြောဆိုဆိုဖြင့် သူ့ဖုန်းကို ထုတ်ကာ ဟော်ယန်အား တိုက်ခိုက်ရန် WeChat အား ဖွင့်လိုက်သည်။ ရှုယင်းယင်းမှာ အပြစ်ရှိသလို ခံစားသွားရပြီး သူ့အား အမြန်တားလိုက်သည်။

"ငါ နင့်ကို ပိုက်ဆံပေးမယ်၊ သူ့ကို သွားမစနဲ့"

"မရပါဘူး၊ စုန့်ချင်းကပဲ သူ့ကို အသုံးချတာဖြစ်ဖြစ်၊ အစ်ကိုယန်ကပဲ အရင် စခဲ့တာဖြစ်ဖြစ်၊ အိမ်ထောင်ဖက် တစ်ယောက်အနေနဲ့ သူ ကျဲကို ရှင်းပြသင့်တယ်၊ ပူးပေါင်းဆောင်ရွက်မှုပဲ ဆိုရင်တောင်မှ သူက စာချုပ်ရဲ့ စည်းမျဉ်းတွေကို လိုက်နာသင့်တယ်လေ၊ ဘယ်လိုလုပ်ပြီး ဒီလောက် သတိလက်လွတ် နိုင်ရတာလဲ၊ အစ်ကိုယန်ကို ကျွန်တော် သတိပေးမှရမယ်"

ရှုယောင်၏ပြတ်သားသော သဘောထားကို မြင်သော်အခါ ရှုယင်းယင်းမှာ ဖွင့်ပြောရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

"ငါ သူ့ကို မြူဆွယ်ခိုင်းလိုက်တာ"

"ဘာကြီး"

ရှုယောင်၏မေးစေ့များ ကြမ်းပြင်ကိုကျသည်အထိ အံ့သြသွားတော့သည်။ သူ့ အစ်မဖြစ်သူသည် အလွန်ဆန်းသစ်လှသော အချစ်ရေးကစားပွဲတစ်ခုအား ကစားနေသည်ဟု သူ ခံစားလိုက်ရသည်။ ရှုယင်းယင်းမှာ ကျီခိုင်အား ကူညီပေးသည့် အကြောင်းကို ရှင်းပြလိုက်ပြီးနောက် ထပ်ပြောလာသည်။

"ဒါက ဟန်ဆောင်မှုသက်သက်ပဲ၊ ပြဿနာမလုပ်နဲ့၊ ပြီးတော့ ဝင်မပါနဲ့၊ နားလည်လား"

"ကြည့်ရတာ အစ်ကိုယန်က ကျဲ စကားကို တော်တော်နားထောင်ပုံရတယ်၊ အဲ့ဒါကြောင့် ဘွားဘွားယန်က ဘိုးဘိုးကို အစ်ကိုယန် ဒီတစ်ခါတော့ တကယ်အတည်ပဲလို့ အမြဲပြောနေတာကိုး၊ ကျဲ... ကျွန်တော်ထင်တာကျဲတို့ နှစ်ယောက် အတုကနေ အစစ်ဖြစ်သွားဖို့ သေချာသလောက်ပဲ"

"ဟော်ယန်က ဘွားဘွားယန် စကားကို နားမထောင်ဘူးလား"

ရှုယင်းယင်း သံသယဖြင့် မေးလိုက်သည်။ သူတို့ စတွေ့စဉ်ကတောင် အဘွားယန်သည် သူ့အား ကလေးလေးဆိုပြီးစနောက်နေသေးသည် မဟုတ်ပါလား။

"အစ်ကိုယန်က ငယ်ငယ်ကတည်းက ဘယ်သူ့စကားမှ နားမထောင်တဲ့သူလေ၊ သူက ဘွားဘွားယန် စကားကိုလည်း နားမထောင်ဘူး၊ ဦးလေးဟော်နဲ့ အန်တီဟော်ကိုလည်း နားမထောင်ဘူး၊ ဘာပဲဖြစ်ဖြစ် သူက ငယ်ငယ်ကတည်းက ထူးထူးခြားခြား ဉာဏ်ကောင်းခဲ့တာ၊ ဆယ့်ရှစ်နှစ်မှာ MBA ပြီးတယ်၊ အသက်နှစ်ဆယ်မှာ ကိုယ်ပိုင်ရှယ်ယာဝင် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး နှစ်ဆယ့်လေးနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းရဲ့ ထိပ်တန်းသုံးယောက်ထဲမှာ ပါဝင်ခဲ့ပြီး အဲ့ဒီနေရာမှာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တယ်၊ အဲ့လိုလူမျိုးက ဘယ်သူ့စကားကို နားထောင်မှာလဲ"

【သူ့မိန်းမ စကားနားထောင်မှာပေါ့】

စနစ်က ဖြည်းညင်းစွာ ဝင်ပြောသည်။

ရှုယင်းယင်း "..."

ရှုယောင် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

"ကျဲ အစ်ကိုယန်က ကျဲစကားကို ဒီလောက်တောင် နား ထောင်နေတာ၊ သူ ကျဲကို သူ့ရဲ့ အနာဂတ်ဇနီးအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်နေလို့များလား၊ သူက ကျဲ မရှိရင် မနေနိုင်တော့ဘူးထင်တယ်နော်"

"ဟမ့်"

ရှုယင်းယင်းသည် သူ၏ စူးစမ်းနေသော အကြည့်များအား ရှောင်လွှဲကာ စတင်ရန် ခလုတ်ကို နှိပ်ပြီး ဂိမ်းကစားနေလိုက်သည်။ ရှုယောင်သည် အစ်မဖြစ်သူ မျက်နှာအမူအရာကို တက်ကြွလာပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။

"နေပါဦး၊ ကျဲကိုသာ အစ်ကိုယန်တကယ်ကြိုက်ရင် ဒီလို အရမ်းလွန်ကဲတဲ့ တောင်းဆိုမှုမျိုးကို လက်ခံရဲမှာမဟုတ်ဘူး"

【တွေ့လား၊ သူသာ ငါ့ကို တကယ်ကြိုက်ရင် ဒီကိစ္စ သဘော တူမှာ မဟုတ်ဘူး သိလား】

စနစ်က ဘာမှ ပြန်မပြောပေ။ ရှုယောင်၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး စိုးရိမ်တကြီးပြောလိုက်သည်။

"နေပါဦး၊ ဖျော်ဖြေရေး လောကက တော်တော်လေးရှုပ် ထွေးတာနော်၊ အဲ့ဒီကနေ ထွက်လာတဲ့ သူတိုင်းက အကြံအ စည်တွေချည်းပဲ၊ အစ်ကိုယန်တော့ ငွေရော လူရော ဆုံးရှုံးရလိမ့်မယ်၊ အကြံအစည်ရှိတဲ့ တစ်ယောက်ယောက်ကများ သူ့ကို ဆေးခတ်ပြီး၊ အရှက်ရစရာ ဓာတ်ပုံတွေရိုက်ပြီးတော့ အွန်လိုင်းက troll တွေကို အသုံးပြုပြီး အဲ့ဒီမိန်းမက ငိုယိုသနားခံမယ်ဆိုရင် သူ့ရဲ့နာမည်ကောင်းက ချက်ချင်းကိုပျက်စီးသွားမှာပဲ၊ အစ်ကိုယန် အဲ့ဒါတွေကို ကိုင်တွယ်နိုင်ပါ့မလား"

ဂိမ်းကစားနေသော ရှုယင်းယင်း၏လက်များ ရုတ်တရက် တုန်ယင်သွားသည်။ တကယ်လား၊ အဲ့လောက်တောင် အန္တရာယ်များတာလား...

All Chapters