အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
🍁 Chapter 131
【အားယောင်လေး အရွယ်ရောက်လာပြီပဲ၊ ဒီလိုတွေ ဖြစ်လာမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး၊ စုန့်ချင်းက ရည်မှန်းချက်ကြီးတဲ့သူဆိုတော့ ဟော်ယန်လို လူမျိုးကိုလက်လွတ်ခံလိုက်ရရင် နောက်ထပ် အဲ့လိုလူမျိုး ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူးဆိုတာ သူသိမှာပဲ၊ သူမကိုယ် သူမ သူ့ဆီမှာ တွယ်ကပ်ထားဖို့ ရှိသမျှအရာအားလုံးကိုရင်းဖို့လုပ်မှာပဲ၊ ရှုယောင်ရဲ့ စိုးရိမ်မှုတွေက အခြေအမြစ်မရှိတာတော့ မဟုတ်ဘူး】
【အကြံအစည်တွေနဲ့ ပတ်သက်လာရင် ဟော်ယန်ကလည်း သိပ်လျှို့ဝှက်တတ်တာပဲလေ မဟုတ်ရင် သူ ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမားတဲ့ စီးပွားရေး အင်ပါယာကြီးကိုတည် ဆောက်နိုင်မှာလဲ】
ရှုယင်းယင်း အနည်းငယ် တွေဝေစွာဖြင့် ပြန်ချေပသည်။
【စီးပွားရေးလောကနဲ့ ဖျော်ဖြေရေးလောကကို နှိုင်းယှဉ်လို့ ရပါ့မလား၊ နင် မစဉ်းစားကြည့်ဘူးလား၊ ဟော်ယန်က စီးပွားရေးလောကမှာ ပြိုင်ဘက်ကင်းပဲ၊ ဘယ်နှစ်ယောက်ကများ သူ့ကို မလိုလားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြမလဲ၊ သူ့မှာရှိတဲ့ ပြိုင်ဘက်တိုင်းက အမြတ်ထုတ်ချင်နေကြတာ၊ တစ်ယောက်ယောက်ကများ စုန့်ချင်းကိုအသုံးပြုပြီး သူ့ရဲ့ နာမည်ကောင်းကို ဖျက်ဆီးချင်နေရင် ဘယ်လိုလုပ်မလဲ】
【တကယ် အဲ့လိုရှိတာလား】
ရှုယင်းယင်းမှာ ပိုလို့မသေချာမရေရာ ဖြစ်လာတော့သည်။
【ဖျော်ဖြေရေးလောကမှာက သူတို့ရဲ့ ကိုယ်ပိုင်စနစ်နဲ့ ပါဝါပြိုင်ဆိုင်မှုတွေ ရှိတယ်၊ အလောတကြီးဝင်သွားရင် သေချာ ပေါက် မကျေနပ်မှုတွေ ဖြစ်လာမှာပဲ၊ အဲ့ဒါက အကြံအစည်ရှိတဲ့သူက အကြံအစည်မရှိတဲ့သူကို အကွက်ဆင်သလို ဖြစ်နေလိမ့်မယ်၊ ဟော်ယန်က ဖျော်ဖြေရေးလောကရဲ့ ကစားကွက် စည်းမျဉ်းတွေကို မသိဘူးဆိုတော့ အတော်လေးအန္တရာယ်များမယ့်ပုံပဲ】
သူမ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်ကို မြင်သောအခါ ရှုယောင်သည် မကြာသေးမီက နာမည်ကြီး အနုပညာရှင်တစ်ဦးသည် အင်တာနက် ဆယ်လီတစ်ဦးနှင့် တွဲပြီးနောက် မည်သို့လိမ်လည်ခံခဲ့ရကြောင်းအား အမြန်ပြန်ပြောပြလိုက်ရာ ရှုယင်းယင်းအား ပိုစိတ်မသက်မသာ ဖြစ်သွားစေသည်။
ဟော်ယန်အား အန္တရာယ်ကြုံစေရန် သူမ တကယ် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် သူသာ အကွက်ဆင်ခံရမည်ဆိုပါက သူမသည် သွယ်ဝိုက်သောနည်းဖြင့် ကျူးလွန်သူ ဖြစ်သွားလိမ့်မည်။ ၎င်းမှာ သူမ လိုချင်သောအရာ မဟုတ်ပေ။
【ဒါဆို ငါ ဘယ်လိုလုပ်ရမလဲ၊ အခုပဲ ရပ်ခိုင်းလိုက်ရမလား】
【ဒါပေါ့၊ သူ သေမယ့်လမ်းသွားနေတာကို နင် ဒီအတိုင်း ကြည့်နေလို့မရဘူးလေ】
ဟော်ယန်နှင့် ကျီခိုင်တို့၏ပြင်ဆင်ထားသော အစီအစဉ်မှာ လုံးဝဘေးကင်းကြောင်း စနစ်က သေချာပေါက် သိနေသော် လည်း Host ဖြစ်သူ၏ဟန်ဆောင်မှုကိုတော့ သည်းမခံနိုင်တော့ပေ။ တစ်ယောက်ကိုတစ်ယောက် သဘောကျနေသည်မှာ သိသာနေလျက်နှင့် အနေရခက်အောင် ဟန်ဆောင်နေခြင်းမှာ စနစ်အား ရူးမတက်ပေါက်ကွဲချင်စိတ်ပေါ်လာမိသည်။ သို့ဖြစ်ရာ သူတို့နှစ်ယောက်အား အောင်သွယ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
"ကျဲ ယောက်ဖကို ဖုန်းဆက်ပြီး ကြိုသတိပေးထားလိုက်ပါလား၊ ဖျော်ဖြေရေးလောကက တကယ်ရှုပ်ထွေးတာနော်"
ရှုယောင်က သွယ်ဝိုက်၍သွေးဆောင်သည်။ ရှုယင်းယင်းသည် ဂိမ်းစက်ကိုင်ထားသော သူမလက်အား ချလိုက်ချိန် သူမဂိမ်းကာရိုက်တာမှာ အရိုက်ခံ၍ အသေခံလိုက်ရသဖြင့် စိတ်မသက်မသာ ပိုဖြစ်သွားရသည်။
အဆုံးတွင်တော့ သူမ ဖုန်းအား ကောက်ကိုင်လိုက်ပြီး ဝရန်တာ အသေးလေးဆီသို့ထွက်လာခဲ့သည်။ ဖုန်းဝင်သွားချိန်တွင် ဟော်ယန်သည် စုန့်ချင်း၏ အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်အား လက်မှတ်ရေးထိုးနေချိန်ဖြစ်သည်။
သူ တီဗီဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များနှင့် မျိုးစုံသော ဖျော်ဖြေရေး အစီအစဉ်များအပါအဝင် စုန့်ချင်း၏ လှုပ်ရှားမှု အားလုံးအား စပွန်ဆာပေးမည်ဖြစ်သော်လည်း သူက အမြတ်ငွေ၏ ၄၀%ကို ရရှိမည်ဖြစ်ကာ စုန့်ချင်းက ၆၀% ရရှိမည်ဖြစ်သည်။
စုန့်ချင်းသည် အများစုရရှိမည့်အပြင် သြဇာကြီးမားသော သူဌေးကြီးတစ်ယောက် အောက်တွင်လှဲစရာမလိုသဖြင့် သူမ ဝမ်းသာအားရ သဘောတူခဲ့သည်။
ဟော်ယန်၏ရင်းနှီးမြုပ်နှံငွေများကြောင့် ကုမ္ပဏီမှာ ပိုလို့ အင်အားကြီးမားလာပြီး စုန့်ချင်းအား ငွေတွင်းကြီးတစ်ခုသဖွယ် သဘောထားကာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိသော အခြေအနေတစ်ရပ်ဖြစ်လာခဲ့သည်။ ပူးပေါင်းဆောင် ရွက်မှုသည် ထိုသို့ဖြင့်အောင်မြင်စွာ ပြီးဆုံးသွားသည်။
ဟော်ယန်သည် ဖုန်းခေါ်ဆိုသူ၏အမည်ကို ငုံ့ကြည့်လိုက်ရာ အပြင်လူများအပေါ် အမြဲတစေ အေးစက်တတ်သော သူ့ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခုပေါ်လာသည်။ စုန့်ချင်းက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"ရှင့်မိန်းမကို ကျွန်မ တကယ်အားကျမိတယ်၊ သူ့ကို ဒီလောက်တောင် အလိုလိုက်ထားတာ သူရော သိရဲ့လား"
သူမ ဟော်ယန်အား WeChat တွင် Add လိုက်သည့် အချိန်ကတည်းက သူ ယခုလိုလုပ်ရခြင်းသည် သူ့ အနာဂတ်ဇနီးလောင်းစိတ်အား အနိုင်ယူရန်အတွက်ဖြစ်ကြောင်း သူမကို ရိုးသားစွာပြောပြခဲ့သည်။ ရှုယင်းယင်း၏နာမည်ကို ကြား လိုက်ရချိန် စုန့်ချင်း ချက်ချင်းနားလည်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမသည် ကျီခိုင်အား အထောက်အပံ့များအတွက် ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။ ကိုယ်ရေးကိုယ်တာ ခံစားချက်များမှာ သူမ၏ ဘဝအစီအစဉ်တွင် မပါဝင်ခဲ့ချေ။ သို့ဖြစ်ရာ သူမ အာရုံကိုလွှဲရန် ဟော်ယန်အားအသုံးပြုခဲ့သည့် ကျီခိုင်အကြံအစည်သည် အထူးတလည် ရှက်စရာကောင်းသည်ဟု မခံစားရပေ။
သူမလည်း သူ့အားနာကျင်စေခဲ့သဖြင့် သူလည်း သူမအား ပြန်လည်တုံ့ပြန်ခဲ့သည်ဟူသောစိတ်ဖြင့် ဟော်ယန်၏ ရိုးရှင်းသော ပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်အား အလွယ် တကူပင် လက်ခံခဲ့သည်။ ထို့အပြင် သူ့ ရက်ရောမှုများနှင့် ပေါင်းစပ်လိုက်သောအခါ သူမအတွက် ကောင်းမွန်သော အပေးအယူတစ်ခုရလိုက်သည်ဟုပင် ခံစားခဲ့ရသည်။
လူကြီးများ ကမ္ဘာတွင် နက်ရှိုင်းသောအမုန်းတရားမရှိပဲ အားလုံးမှာ အကျိုးစီးပွားကြောင့်သာဖြစ်သည်။ သူမ အလွယ်တကူ လက်ခံခဲ့သော်လည်း ရှုယင်းယင်းအပေါ်ထားရှိသည့် ဟော်ယန်၏ကြင်နာမှုများကိုတော့ သူမ အားကျနေမိဆဲဖြစ်သည်။
ထိုမိန်းကလေးမှာ အတင်းအဖျင်းပြောတတ်သော်လည်း စိတ်သဘောထား ရိုးသားသူဖြစ်ရာ ဟော်ယန် သူမအား သဘောကျသည်မှာ နားလည်ပေး၍ရနိုင်သည်။ မည်သို့ပင်ဖြစ်စေ လူ့သဘာဝ၏ ရှုပ်ထွေးမှုများနှင့် အမှောင်ထုများအယး မြင်တွေ့ဖူးသူတိုင်းသည် ထိုရိုးရှင်းသော အလှတရားကို တောင့်တတတ်ကြပြီး ရှုယင်းယင်း၌ ထိုအရည်အသွေးမျိုး ရှိနေသည်။ ဟော်ယန် ရှားပါးလှသော အပြုံးတစ်ခုဖြင့် ခပ်ရေးရေးပြုံးလိုက်သည်။
"သူ သိဖို့မလိုဘူး၊ ဒါက ကျွန်တော် လုပ်သင့်တာပါ၊ ခွင့်ပြုပါဦး မစ္စစုန့်"
"ရပါတယ်ရှင်"
ဟော်ယန်သည် သူမအား ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ထွက်သွားသည်။ ရှုယင်းယင်း ဖုန်းချတော့မည့်ဆဲဆဲတွင် ဟော်ယန် ဖုန်းကိုင်သည်။
"ယင်းယင်း၊ ကိုယ့်ကို တစ်ခုခုခိုင်းစရာရှိလို့လား"
ဖုန်းဝင်ရန် စောင့်ဆိုင်းနေစဉ်အတွင်း ရှုယင်းယင်း၏ စိတ်ထဲတွင် အတွေးများ လည်ပတ်နေသည်။ သူမ လမ်းတစ်ဝက်တွင် ဖုန်းချပစ်ရန် အကြိမ်ကြိမ် စဉ်းစားမိသော်လည်း စနစ်နှင့် အားယောင်၏သတိပေးချက်များကြောင့် သူမ တုံ့ဆိုင်းနေခဲ့သည်။
ဖုန်းဆယ်ကြိမ်ထက်မက မြည်နေပြီး မကိုင်သည့်အခါတွင်တော့ ဟော်ယန်တစ်ယောက် စုန့်ချင်းနှင့်အတူ ချစ်ကြည်နူးနေမည်အား သူမ ချက်ချင်းစိတ်ကူးယဉ်မိသွားသဖြင့် ပိုဒေါသထွက်လာတော့သည်။
"ရှင် ဘယ်မှာလဲ"
သူမက ညှင်သာမှာမရှိသော လေသံဖြင့် မသည်။
"ပြီးခဲ့တဲ့ တစ်ခေါက် ကိုယ်တို့ အတူတူ စားခဲ့တဲ့ စားသောက်ဆိုင်မှာ"
"တစ်ယောက်တည်းလား"
"မဟုတ်ဘူး၊ စုန့်ချင်းနဲ့"
【ဟက်၊ ဒါဆို သူ တကယ်ကြီး သွားချစ်ကြည်နူးနေတာပေါ့】
ဟော်ယန်သည် သူမ ဒေါသထွက်ကာ ယူကျုံးမရဖြစ်နေမည့် မျက်နှာလေးအား မြင်ယောင်ကြည့်ပြီး ပြုံးလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် စနောက်လိုက်သည်။
"မင်း ကိုယ့်ဆီက တစ်ခုခုလိုချင်လို့လား"
"ဘာမှမလိုရင် ဖုန်းဆက်လို့မရဘူးလား၊ ရှင်က သွားဖို့ အရမ်းလောနေတာလား"
"မဟုတ်ပါဘူး၊ သူများကို စောင့်ခိုင်းထားရတာက ယဉ်ကျေး မှုမရှိရာကျလို့လေ"
【ယဉ်ကျေးတာလား၊ အေးပါ ယဉ်ကျေးလိုက်တာ လွန်ရောပဲ၊ ရှင်က ဘယ်လိုနေရထိုင်ရမလဲဆိုတာ ကောင်းကောင်းသိနေတာပေါ့လေ၊ ကျွန်မတို့ ထမင်းစားတုန်းကကျ ဖုန်းကိုပဲ ထိုင်ကြည့်နေတာ ဘယ်သူများလဲ၊ အခုကျမှ သူများစောင့်နေရလို့ ယဉ်ကျေးမှုမရှိဘူးတဲ့လား၊ ဖွီ... ယောင်္ကျားလေးတွေများ... 】
【ရှောင်ယင်း... အဲ့ဒါ နင်က စာချုပ်ကိစ္စကိုပဲ အရမ်းအာရုံ စိုက်နေလို့ သူ ပျင်းပြီး ဖုန်းကြည့်နေတာလေ】
【ဟဲ့... နင်က ဘယ်သူ့ဘက်ကလဲ】
【ငါက တရားမျှတမှုဘက်ကပါ】
"ဒါဆိုလည်း ပြန်သွားလိုက်တော့လေ၊ ကျွန်မ ရှင့်ကိုထပ်ပြီး အနှောင့်အယှက် မပေးတော့ဘူး"
ဖုန်းကျသွားသော အသံကြောင့် ဟော်ယန်မှာ အသံထွက်သည်အထိ ရယ်မောလိုက်မိသည်။ ငဂျစ်မလေးတစ်ယောက် စိတ်မရှည်တော့ပုံရသည်။
သူဖုန်းအား အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ကားပါကင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ရှုအိမ်တော်ဆီသို့ ဦးတည်မောင်းနှင်သွားသည်။
ရှုယင်းယင်း ဖုန်းချပြီးနောက် အလွန်ဒေါသထွက်နေပြီး လူဝင်စား ဒိုင်နိုဆောမကြီး တစ်ကောင်ပမာ အိမ်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သူမ၏ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်မှာ ဒေါသမီးတောက်များ ပွင့်ထွက်လာတော့မည်အလား ထင်မှတ်ရသည်။
ရှုယောင်မှာ သူမ ဖုန်းချပြီး အခန်းထဲသို့ နှစ်မိနစ်ပင်မပြည့်မီ ပြန်ဝင်သွားကာ ဒေါသတကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို ကြည့်နေမိသည်။ သူ တစ်ခုခု မှားယွင်းနေပြီဟု အာရုံရလိုက်သဖြင့် ဆင်ခြေတစ်ခုပေးကာ အသာလေး ရှောင်ထွက်လာခဲ့သည်။ သူဧည့်ခန်းထဲသို့ ရောက်ရောက်ချင်းပင် ဟော်ယန်အား သတင်းပေးလိုက်သည်။
"အစ်ကိုယန်... ခင်ဗျား ကျွန်တော့်ကျဲကို ဘာတွေသွားလုပ်ထားလဲတော့ မသိဘူး၊ အခု သူအရမ်းအရမ်းကိုအကြီး အကျယ် ဒေါသထွက်နေတယ်၊ ခင်ဗျား သူ့ရှေ့ကို အမြန်ဆုံးသွားပြီးတောင်းပန်ဖို့ ကျွန်တော် အကြံပေးချင်တယ်"
"ငါ လာနေပြီ"
ရှုယောင် သက်ပြင်းတစ်ချက် ချတော့မည့်ဆဲဆဲတွင် ဟော်ယန် စကားကြောင့် ရပ်တန့်သွားသည်။
"ဒါပေမဲ့ မင်း ကျဲကွယ်ရာမှာ ဒီလို လာသတင်းပေးတာက သစ္စာဖောက်ရာ မကျဘူးလား"
ရှုယောင်ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး စိုးရိမ်စိတ်တစ်ခု ဝင်လာသည်။
"ယောက်ဖကလည်းဗျာ... ကျွန်တော့်ကို သစ္စာမဖောက်ပါနဲ့၊ ကျွန်တော်က ဘယ်သူ့အတွက် သတင်းပေးနေရတာလဲ"
"စိတ်မပူပါနဲ့၊ ကိုယ် အဲ့ဒီလောက်ကြီး မျက်နှာပြောင်မတိုက်ပါဘူး၊ ဒါဆို အခု မင်းနဲ့ကိုယ်က ဘက်တော်သားတွေ ဖြစ်သွားပြီပေါ့"
ရှုယောင် ဆွံ့အသွားသည်။ သူ ရုတ်တရက်ကြီး ဆွဲသွင်းခံလိုက်ရတာလား၊ ဒါ မျက်နှာပြောင်တိုက်တာတင်မဟုတ်ပဲ ယုတ်မာတာဖြစ်သွားပြီ၊ သူ အကျပ်ကိုင်ခံရတာနဲ့ လာဘ်ထိုးခံရတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပဲ...
"ဟုတ်တယ်"
ရှုယောင် ပြတ်သားစွာ သဘောတူလိုက်သည်။ ယောက်ျား ကောင်းဆိုတာ အခြေအနေအရ ကွေးတတ်ဆန့်တတ်ရတယ်လေ...
"ဒါဆိုရင် အခုကစပြီး မင်းကျဲရှေ့မှာ ဘယ်လိုနေရမယ်ဆိုတာ သိပြီလား"
ဟော်ယန် ညင်သာစွာ သွေးဆောင်သည်။
"သိပါပြီ ယောက်ဖရဲ့၊ ကျွန်တော်က အရိပ်ပြရင် အကောင်မြင်တဲ့သူပါ၊ နည်းနည်းလေးလမ်းပြပေးလိုက်ရုံနဲ့ ယောက်ဖရဲ့ အချစ်ရေးခရီးလမ်း ချောမွေ့သွားအောင် ဖန်တီးပေးပြီး ကျွန်တော့်ရဲ့ တရားဝင်ယောက်ဖ မြန်မြန်ဖြစ်လာအောင် ကူညီပေးပါ့မယ်... "
"ကောင်းပြီ၊ မင်းကို အလကားတော့ အကူအညီ မတောင်းပါဘူး၊ ပူးပေါင်းဆောင်ရွက်ခွင့်ရတာ ဝမ်းသာပါတယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ် ယောက်ဖ"
ရှုယောင် ဖုန်းချပြီးသည်နှင့် တစ်ပြိုင်နက် ငွေသုံးသန်းတိတိ လွှဲပြောင်းပေးကြောင်း စာတစ်စောင်ဝင်လာသည်။
ဟေးဟေး... သူဌေးယောက်ဖ တစ်ယောက်ရှိရတဲ့ ပျော်ရွှင်မှုကို ဘယ်သူတွေများ နားလည်ပေးနိုင်မှာလဲ...
ပုံမှန်အားဖြင့် နာရီဝက်ခန့်မောင်းရမည့် ခရီးအား ဟော်ယန်သည် ဆယ့်ငါးမိနစ်တည်းဖြင့် ရောက်အောင် မောင်းလာခဲ့သည်။ သူ ရှုအိမ်တော် အပြင်ဘက်တွင် ရပ်ကာ ရှုယင်းယင်းအား ဖုန်းဆက်လိုက်သောအခါ 'တောင်းပန်ပါတယ်၊ သင်ခေါ်ဆိုသော ဖုန်းနံပါတ်မှာ လက်ရှိတွင် ဆက်သွယ်၍ မရနိုင်ပါ' ဟူသော အသံကိုသာပြန်လည်ကြားရသည်။
ဟော်ယန် စိတ်ထဲတွင် ပါးစပ်လေးစူကာ စိတ်ကောက်နေသော ပူဖောင်းငါးလေးတစ်ကောင်အား မြင်ယောင်လာပြီး သူမကို ပိုလို့ပင် အသည်းယားလာတော့သည်။
ဟော်ယန် မတတ်နိုင်သည့်အဆုံး ရှုယောင်ထံဆက်သွယ်၍ တံခါးလာဖွင့်ပေးရန် အကူအညီတောင်းရတော့ပြီး ထိုအတွက် သီးသန့်ငွေငါးသိန်းပေးလိုက်ရသည်။
ရှုယောင်မှာ သစ္စာဖောက်တစ်ယောက် ဖြစ်သွားသည့်တိုင် မည်သည့် အပြစ်ရှိစိတ်မှ မခံစားရပေ။ ဘာပဲဖြစ်ဖြစ် သူက ဆင်းရဲတယ်လေ၊ ပြီးတော့ အိပ်မက်တွေကို လိုက်ဖို့ဆိုတာ ပိုက်ဆံလိုတယ် မဟုတ်လား :)
ရှုယင်းယင်း အခန်းတံခါးကို ဟော်ယန် ခေါက်လိုက်ချိန် သူမမှာ အားမပါသောဟန်ဖြင့် တံခါးလာဖွင့်ပြီး သူ့အား မယုံနိုင်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ့ ပျော်ရွှင်မှုများမှာ ချက်ချင်းပင်အထွတ်အထိပ်သို့ ရောက်သွားရတော့သည်။
သူမက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်အူကြောင်ကြောင်လေးနဲ့ ချစ်ဖို့ကောင်းနေရတာလဲ၊ အချိန်အခါမသင့်လို့တောင် မဟုတ်ရင် အံ့သြမှုနဲ့ ဒေါသတွေရောယှက်နေတဲ့ အဲ့ပါးနီနီလေးတွေကို သူ ဆွဲညှစ်မိတော့မှာ...
"ရှင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ၊ နေပါဦး ရှင် ဘယ်လိုဝင်လာတာလဲ"
ရှုယင်းယင်းမှာ မည်သည့်အရာကို အံ့သြရမှန်းပင် မသိတော့ချေ။
"ကိုယ် ဦးလေးနဲ့ အန်တီတို့ကိုတောင် တွေ့ခဲ့ပြီးပြီ"
ဟော်ယန်ပြုံးကာ ပြန်ဖြေသည်။ ရှုယင်းယင်းမှာ ဒေါသထွက်လွန်းသဖြင့် ခါးထောက်လိုက်မိသည်။ သူ အိမ်ရှေ့တံခါး ပေါက်မှ ခပ်တည်တည်ဖြင့် မည်သို့ဝင်လာခဲ့ကြောင်းကို ကြွားလုံးထုတ်နေခြင်းသာ။
သူမ၏ မျက်လုံးထောင့်မှနေ၍ စင်္ကြန်ထောင့် ကြမ်းပြင်ပေါ်တွင် အရိပ်လေးခု ကျနေသည်အား ဖျတ်ခနဲ မြင်လိုက်ရသည်။ ထိုသည်မှာ ခန့်မှန်းနေစရာပင် မလိုအောင်ပေ တစ်မိသားစုလုံး ချောင်းနားထောင်နေကြခြင်းဖြစ်သည်။ သူမ ဟော်ယန်အား မကျေမချမ်းစိုက်ကြည့်လိုက်ပြီး လေသံမာမာပြောလာ၏။
"ဝင်ခဲ့"
ထိုသို့ပြောပြီးသည်နှင့် သူမ လှည့်ဝင်သွားရာ ဟော်ယန်လည်း ချက်ချင်းနောက်မှလိုက်ဝင်သွားပြီး တံခါးအား ပိတ်လိုက်သည်။
"ဒီလောက် ညနက်ကြီး ဘာကိစ္စရှိလို့ ရောက်လာတာလဲ"
ရှုယင်းယင်းသည် ယဉ်ကျေးမှုအရ သူ့အား ရေတစ်ခွက် ငှဲ့ပေးပြီး တည်ငြိမ်စွာပင် မေးလိုက်သည်။
"ဘာမှမရှိပါဘူး၊ ကိုယ် မင်းကို နည်းနည်းစိတ်ပူသွားလို့ပါ၊ ဖုန်းထဲမှာ မင်းအသံက သိပ်မပျော်တဲ့ပုံပေါက်နေလို့ အဲ့ဒါ လာကြည့်တာ"
"ကျွန်မ အဆင်ပြေပါတယ်၊ ရှင်လည်း မြင်ပြီးပြီမဟုတ်လား၊ ရေမြန်မြန်သောက်ပြီး ပြန်တော့"
"ယင်းယင်း... မင်း ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ"
ဟော်ယန် သူမမျက်နှာအမူအရာကို အကဲခတ်ကာ သိရက်နှင့် တမင် မေးလေသည်။
"ရှင့် အလုပ်မဟုတ်ပါဘူး"
ရှုယင်းယင်း ဆက်ပြောရန် ငြင်းဆန်လိုက်ပြီး သူ့ မျက်နှာ ချင်းဆိုင်ရှိ ဆိုဖာပေါ်တွင် လက်ပိုက်ကာဝင်ထိုင်သည်။
"ဒါပေမဲ့ မင်း ကိုယ့်ကို ဒေါသထွက်နေတယ်လို့ ကိုယ်ခံစားနေရတယ်၊ ကိုယ့်ရဲ့ အလိုလိုအသိစိတ်က အမြဲမှန်တယ်လေ"
"ဟက်... တကယ်လား၊ ဒါဆို ကျွန်မ ရှင့်ကို ဘာလို့ ဒေါသထွက်နေလဲဆိုတာ ခန့်မှန်းကြည့်လေ"
ရှုယင်းယင်း သူ့အား တည့်တိုးပင် စိုက်ကြည့်လိုက်သည်။
"ကိုယ် စုန့်ချင်းနဲ့ ဒိတ်လုပ်နေတာ အဖမ်းခံရလို့ မင်း စိတ်မချမ်းမသာ ဖြစ်သွားတာလို့ ကိုယ် ထင်တယ်"
【ဒိတ်လုပ်တယ် ဟုတ်လား၊ ဒါဆို ခြေကျင်းဝတ်လည်သွားတယ် ဆိုတာကလည်း ဟန်ဆောင်တာ မဟုတ်ဘဲ တကယ်ကြီး ဇာတ်လမ်းသွားရှုပ်တာပေါ့လေ၊ ဟက်...】
🍁 Chapter 132
ရှုယင်းယင်း၏လှပသော မျက်ခုံးလေးများ တွန့်ချိုးသွားပြီး သူမ ဖိနှိပ်ထားရသော အမည်တပ်မရသည့် ဒေါသများမှာ ပြန်လည်လောင်ကျွမ်းလာကာ ရင်ထဲတွင် တဟုန်းဟုန်း တောက်လောင်လာတော့သည်။
"ရှင် ဒိတ်လုပ်တာကို ကျွန်မက ဘာလို့ စိတ်မချမ်းမသာဖြစ်ရမှာလဲ၊ ရှင်က ကျွန်မ ခိုင်းလို့ ဟန်ဆောင်ပေးနေတာလေ၊ အဲ့ဒါက အစစ်လား၊ အတုလားဆိုတာတော့ ကျွန်မ ဂရုမစိုက်ပါဘူး၊ ကျွန်မတို့ နှစ်ယောက်လုံးက အိမ်ထောင်ကျသေးတာမှ မဟုတ်တာ၊ နောက်မီးလင်းတာက သာမန်ပဲ မဟုတ်ဘူးလား၊ အမြဲတမ်း မိန်းမတွေကို စိတ်မဝင်စားသလိုနေတတ်တဲ့ စီးပွားရေးသမား တစ်ယောက်က အဲ့ဒီလိုမိန်းမမျိုးဆီ ကျရှုံးသွားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့တာလေးပါပဲ၊ နောက် ဆုံးတော့လည်း ဥက္ကဋ္ဌဟော်က သာမန်လူသား တစ်ယောက်ပါပဲလား၊ ကျွန်မ ရှင့်ကို အထင်ကြီးလွန်းသွားတယ်"
ရှုယင်းယင်း၏ခနဲ့တဲ့တဲ့ စကားများတွင် မနာလိုဝန်တိုမှုများ ပါဝင်နေသဖြင့် ဟော်ယန်ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် လှုပ်ခတ်သွားရသည်။
သဝန်တိုခံရတာက တော်တော်လေး ခံစားလို့ကောင်းတာပဲ OvO
"ကိုယ် ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် အထင်ကြီးခံရလွန်းတယ်လို့ ထင်တယ်၊ ကိုယ် ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ဟော်ယန်သည် မြတ်နိုးယုယမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူမအား စိုက်ကြည့်လာသည်။ သူ၏ အကြည့်ကြောင့် ရှုယင်းယင်း ရင်ထဲ ဖိုသီဖက်သီ ဖြစ်သွားရသည်။
【ဟက်... ရှင်က တော်တော်လေး ရိုမန်တစ်ဆန်တတ်တာပဲ မဟုတ်လား၊ အရှက်မရှိတဲ့ လူယုတ်မာကြီး... ကျွန်မ ရှင့်ကို ချီးကျူးပေးရမှာလား】
"ဒါက သူမ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလဲဆိုတာ သက်သေပြနေတာပဲ၊ ရှင် သူ့ကို သဘောကျရင်လည်း သွားပိုးပန်းလေ ကျွန်မကို လာပြောနေတော့ ဘာထူးမှာလဲ"
ရှုယင်းယင်း ဆိုဖာကူရှင်တစ်ခုအား ခပ်တည်တည်ဆွဲယူလိုက်ပြီး အစွန်းလေးများကို တိတ်တဆိတ်ဖိချေကာ သူမ၏ ဒေါသကိုဖိနှိပ်ထားရန်ကြိုးစားနေပုံမှာ မယုံနိုင်လောက်အောင် ချစ်စရာကောင်းနေသည်။ ဟော်ယန် မလုံလောက်သေးဟု ခံစားနေရဆဲဖြစ်ရာ ဆက်ပြောသည်။
"ဒါပေမဲ့ သူက ကိုယ့်ကို သဘောကျပုံမပေါ်ဘူး၊ ကိုယ် အရမ်းကိုစိတ်ပျက်နေပြီ၊ ဘာလုပ်ရမှန်းကို မသိတော့ဘူး"
ရှုယင်းယင်းမှာ ဒေါသထွက်လွန်း၍ အော်ပင်ရယ်ချင်သွားသည်။
"ကျွန်မကို လာမေးတော့ ဘာထူးမှာလဲ၊ ကျွန်မက အတွေ့အ ကြုံရှိတဲ့သူလို့ ထင်နေလား"
ဟော်ယန် အပြစ်ကင်းစင်စွာ ခေါင်းခါပြ၏။
"မဟုတ်ပါဘူး၊ မင်းတို့ နှစ်ယောက်လုံးက မိန်းမတွေဆိုတော မင်းတို့မှာ တူညီတဲ့ အတွေးလေးတွေ ရှိနိုင်လောက်မယ်လို့ ကိုယ် ထင်မိလို့ ဒါကြောင့် မင်းဆီကနေ အကြံဉာဏ်လေး တောင်းချင်တာ"
【အား... ခွေးကောင်ဟော်ယန်၊ အရမ်းကြီး အခွင့်အရေးလာယူမနေနဲ့နော်၊ ရှင်က တကယ်ကြီး ကျွန်မကို ရင်ဖွင့်စရာ နေရာလို့ သဘောထားနေတာလား၊ ကျွန်မက ရှင့်ခံစားချက်တွေ လာပစ်ချဖို့ အမှိုက်ပုံးမဟုတ်ဘူး၊ ထွက်သွားစမ်း】
ကူရှင်အား ဆုပ်ကိုင်ထားသော ရှုယင်းယင်း လက်ချောင်းများမှာ ဖြူလျော့လာသော်လည်း သူမ တည်ငြိမ်စွာပြန် ပြောသည်။
"လူတိုင်းရဲ့ စရိုက်က မတူကြဘူးလေ၊ သူ ဘာတွေးနေလဲဆိုတာ ကျွန်မက ဘယ်လိုလုပ်သိမှာလဲ၊ အဲ့ဒါက အလွယ်တကူ အလျော့မပေးဘဲ ကစားနေတဲ့ ကစားကွက်တစ်ခု သက်သက်ပါပဲ၊ ရှင့်မှာ အချိန်ပိုရှိရင်လည်း ဆက်ကစားလိုက်၊ ချစ်သူတွေကြားက ရိုမန်တစ်ဆန်တဲ့ အမူအရာလေး တစ်ခုလည်း ဖြစ်နိုင်တာပဲ"
"ဒါပေမဲ့ ကိုယ့်မှာ အချိန်မရှိဘူး၊ ကိုယ်က တစ်ခါတည်းနဲ့ အပြတ်ရှင်းချင်တာ ဖြစ်နိုင်ရင် သုံးနှစ်အတွင်း ကလေးနှစ်ယောက်လောက် လိုချင်တယ်"
ဤရင်းနှီးနေသော စကားလုံးများမှာ ရှုယင်းယင်းအား သူနှင့် ဟန်ဆောင်ခဲ့ရသည့် အဓိပ္ပာယ်မရှိသော မြင်ကွင်းများအား ချက်ချင်းပြန်သတိရသွားစေသည်။
"ဘာဖြစ်လို့လဲ၊ ရှင် သေခံနီးရောဂါရှိနေလို့ ဟော်မိသားစုအတွက် အမွေဆက်ခံမယ့်သူ မြန်မြန်လိုချင်နေတာလား"
"အချစ်နာကျတာက သေခံနီးရောဂါရှိသလိုပဲလေ"
ဟော်ယန်သည် ခန့်ညားသော မျက်နှာဖြင့် ဘာမှမသိသလို ဟန်ဆောင်လိုက်သည်။
"ကိုယ် သူ့ကို နေ့တိုင်းလွမ်းလွန်းလို့ ထမင်းလည်း စားမဝင်ဘူး၊ အိပ်လည်း မပျော်ဘူး၊ ဒီအတိုင်းသာ ဆက်သွားရင် ကိုယ့်ခန္ဓာကိုယ်က သေချာပေါက် ယိုယွင်းလာတော့မှာ၊ ရောဂါရှိတာတော့ မဟုတ်ပေမဲ့ အဲ့ဒါထက်တောင် ဆိုးနေသေးတယ်"
【အား... သူ ဒါ တမင်သက်သက် လုပ်နေတာမလား၊ သူ့ရဲ့ အချစ်စစ်ကိုကြွားလုံးထုတ်ပြီး လူတွေကို ရူးသွားအောင်လို့ အရူးဟန်ဆောင်နေတာလား၊ ဘယ်လိုလုပ် ဒီလောက်တောင် အမြင်ကတ်စရာ ကောင်းနေရတာလဲ】
【ရှောင်ယင်း... နင်က ဘာတွေကို ဒေါသထွက်နေရတာလဲ၊ နင်က သူ့ကို သဘောကျတာမှမဟုတ်တာ၊ ဒီလောက်တောင် ဒေါသထွက်နေရင် နင် သဝန်တိုနေတယ်လို့ အထင်လွဲသွားလိမ့်မယ်နော်၊ ရှာလကာရည်အိုးကြီး တစ်အိုးလုံး သောက်ချလိုက်သလိုမျိုးလေ】
【ငါ... ငါက သူ့ကို သဝန်တိုရမယ် ဟုတ်လား၊ ဟားဟား... ရယ်ရလွန်းလို့ သေတော့မယ်】
"အချစ်နာကျတာက သေခါနီးရောဂါ ရတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ လူပျိုလူလွတ်တွေရှေ့မှာ တမင်သက်သက် အချစ်လာကြွားနေတာက ရှင့်ကို မြန်မြန်သေစေလိမ့်မယ်၊ ကိုယ်ချင်းစာတက်ဖို့ ကျွန်မ အကြံပေးပါရစေ၊ ညလည်း နက်နေပြီ၊ ရှင် အခု ပြန်သင့်ပြီ၊ ကျွန်မကို အိပ်ရေးပျက်အောင်လာမလုပ်ပါနဲ့၊ ရှင့်ဘာသာ ပြန်ပြီးအိပ်ရေးဝဝအိပ်၊ မနက်ဖြန်ကျရင် ဆက်ပြီး ပိုးပန်းပေါ့၊
နောက်ဆုံးတော့လည်း ရှင် သူ့ကို ရသွားမှာပါ၊ ကံကောင်းပါစေ၊ ဘိုင်"
ရှုယင်းယင်းသည် သူ့ အင်္ကျီလက်အား မညှာမတာဆွဲကိုင်ကာ အတင်းနှင်ထုတ်တော့သည်။
"ယင်းယင်း... ကိုယ် ဘယ်သူ့ကို သဘောကျလဲဆိုတာ မင်း မမေးရသေးဘူးလေ"
"ဟော်ယန်... ရှင် ကစားလို့ ဝပြီလား"
ရှုယင်းယင်းမှာ မီးမှုတ်ထုတ်ချင်လောက်အောင်ပင် ဒေါသထွက်နေပြီဖြစ်သည်။ ဟော်ယန်မှာ မျက်တောင်တစ်ချက် မခတ်ဘဲ သူမအား စိုက်ကြည့်နေဆဲဖြစ်ပြီး သူ့ မျက်လုံးများထဲတွင် နက်ရှိုင်းသော မြတ်နိုးယုယမှုများ ပြည့်နှက်နေသည်။
ရှုယင်းယင်း အနည်းငယ် မှင်သက်သွားပြီး အကြောင်းပြချက် မရှိဘဲ သူမ ရင်ခုန်သံများ မြန်ဆန်လာတော့သည်။ နောက်တစ်စက္ကန့်တွင် ဟော်ယန် သူမအနားသို့ တိုးကပ်လာကာ သူမ နောက်သို့ ဆုတ်မိစဉ်တွင်ပင် သူသည် သူမ ခါးသိမ်သိမ်လေးအား ရုတ်တရက် ဖမ်းဆွဲလိုက်ပြီး သူ့ ရင်ခွင်ထဲသို့ ဆွဲသွင်းသည်။
သူ့ ခေါင်းမှာငုံ့ကျလာပြီး ကြောင်တောင်တောင် ဖြစ်နေသော သူမ မျက်နှာနားသို့ သူ့ နှာခေါင်းများတိုးကပ်ကာ သူမနှာခေါင်းလေးနှင့် သူ့ နှာခေါင်းအား ညင်သာစွာပွတ်တိုက်လိုက်ပြီး ချစ်သူများပမာ နူးညံ့လှသောလေသံဖြင့် တီးတိုး ပြောလာသည်။
"ကိုယ် သဘောကျတဲ့သူက မင်းလေ၊ အမြဲတမ်း မင်းပဲဖြစ်ခဲ့တာ၊ ယင်းယင်း... မင်း ဘာလို့ အဲ့ဒါကိုမမြင်ရတာလဲ... ဟင်"
သူ၏ မကျေမနပ်ဖြစ်နေပုံပေါက်သော်လည်း ကြင်နာယုယမှုများပြည့်နှက်နေသော ထို 'ဟင်' ဟူသော အသံလေးမှာ ရှုယင်းယင်းနားထဲသို့ ညင်သာစွာ ရိုက်ခတ်သွားသည်။
သူမအနားသို့ အရမ်းကပ်နေသော ဟော်ယန်၏ဝင်သက်ထွက်သက်များမှာ မမြင်ရသော ကြိုးတစ်ချောင်းပမာ သူမ နှလုံးသားအား ရုတ်တရက် ရစ်ပတ်လိုက်သလို ခံစားလိုက်ရသည်။ ထိုအရာသည် နာကျင်ခြင်းလည်းမရှိ၊ ယားယံခြင်းလည်းမရှိသော်လည်း တစ်မျိုးတမည် ခံစားရခက်စေသည်။
ရှုယင်းယင်း အသက်ရှူကြပ်လာပြီး ဟော်ယန်အား တွေဝေအံ့သြစွာဖြင့် ကြည့်လိုက်မိရာ သူမ၏ကြည်လင်သော မျက်လုံးများမှာ အပြစ်ကင်းစင်ပြီး အလွန်ချစ်စရာကောင်းနေသည်။
ဟော်ယန်မှာ ဆက်မအောင့်အည်းနိုင်တော့ဘဲ အတိုင်းအဆမရှိသော အချစ်များနှင့် ကြင်နာယုယမှုများ အပြည့်ဖြင့် သူမနှုတ်ခမ်းများပေါ်သို့ သူ့နှုတ်ခမ်းအားဖိကပ်လိုက်တော့ သည်။
ရှုယင်းယင်း မျက်လုံးများ ပြူးကျယ်သွားကာ သူမ ခန္ဓာ ကိုယ်လေးမှာ တောင့်တင်းသွားပြီး ရင်ခုန်သံများမှာ တိတ် ဆိတ်နေသောအခန်းထဲတွင် နားဖြင့်ကြားလောက်အောင် ဆူညံနေတော့သည်။
【အား၊ ငါ့ရင်တွေ အရမ်းခုန်နေပြီ... အား၊ ကယ်ကြပါဦး၊ ဘာလို့ ဒီလိုတွေ ဖြစ်ကုန်တာလဲ၊ သူ ငါ့ကို နမ်းလိုက်တာလား】