← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

🍁 Chapter 133

ဟော်ယန် အနမ်းမှာ လိပ်ပြာလေးတစ်ကောင် ဖြတ်ပြေးသွားသည့်အလား ညှင်သာသလိုတိုတောင်းလှသည်။ အထူးသဖြင့် သူမ ယခုလို တည်ငြိမ်မှု မရှိသေးသည့် အချိန်မျိုးတွင် သူမအား မထိတ်လန့်စေချင်ပေ။ သူသာ အခွင့်အရေး အတင်းဆက်ယူနေမည်ဆိုပါက အခြေအနေကို ပိုဆိုးသွားစေမည်သာ။

ခဏတာ နမ်းရှိုက်ပြီးနောက် ဟော်ယန် သူမအား တည်ငြိမ်သွားစေရန် ခဏ ဖက်ထားလိုက်ပြီးမှ နောက်သို့တစ်လှမ်းဆုတ်ကာ တောင်းပန်သည့်လေသံဖြင့် ပြောသည်။

"တောင်းပန်ပါတယ်... စောစောက ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဖြစ်သွားလို့ပါ"

ရှုယင်းယင်းမှာ အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး သူမပါးစပ်ကို လက်ဖြင့် အမြန်အုပ်လိုက်ရာ သူမ နားရွက်များလည်း နီရဲနေပြီဖြစ်ကြောင်း နောက်ကျမှ သတိထားမိသွားသည်။

သူမက စကားကို ထစ်ငေါ့စွာဖြင့် "ရှင်... ရှင် အရှက်မရှိတဲ့လူကြီး"

"ဟုတ်တယ်... ကိုယ်က အရှက်မရှိတဲ့ကောင်ပါ"

ဟော်ယန်သည် ထိုစကားကို အလွယ်တကူပင် လက်ခံလိုက်ပြီး သူ့ အကြည့်များမှာ ကြင်နာယုယမှုများ ပြည့်နှက်နေဆဲဖြစ်သည်။

"ရှင်... ရှင်..."

ဟော်ယန် သူမ လက်တစ်ဖက်အား ဆုပ်ကိုင်လိုက်ပြီး သူမမျက်လုံးများထဲသို့ စိုက်ကြည့်ကာ အလွန်လေးနက်စွာ ပြောလိုက်သည်။

"ယင်းယင်း... စောစောက ကိုယ် ဖွင့်ပြောခဲ့တာတွေက ရိုးသားတဲ့ စကားတွေချည်းပါပဲ၊ မကိုယ့်ကို မင်းရဲ့ ချစ်သူဖြစ်ခွင့်ပေးဖို့ စဉ်းစားပေးနိုင်မလားဟင်၊ အခုချက်ချင်း လက်ခံဖို့ အလောတကြီး ဆုံးဖြတ်စရာ မလိုပါဘူး၊ ဒါပေမဲ့ မင်း သေချာပေါက် စဉ်းစားပေးရမယ်နော်... ဟုတ်ပြီလား"

ဟော်ယန်၏အမြဲတစေ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိသော မျက်နှာထက်တွင် စိုးရိမ်ပူပန်ကာ အတင်းထိန်းချုပ်နေရသည့် အရိပ်အယောင်လေးတစ်ခု စွန်းထင်းနေသည်။ အနည်းငယ် ဒေါသထွက်နေခဲ့သော ရှုယင်းယင်းမှာ သူ့ ထိုပုံစံကိုမြင်လိုက်ရသောအခါ ဒေါသများကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။

"ဘာလို့ ကျွန်မလဲ"

ရှုယင်းယင်း သူမအသိချင်ဆုံး မေးခွန်းကိုမေးလိုက်သည်။ ဟော်ယန်မှာ နားမလည်နိုင်သလို ဖြစ်သွားသဖြင့် ရှုယင်းယင်းမှာ ရှင်းပြလိုက်သည်။

"ကျွန်မ ပြောချင်တာကလေ၊ ကျွန်မက ထူးချွန်တဲ့သူလည်း မဟုတ်ဘူး၊ အောင်မြင်နေတဲ့သူလည်း မဟုတ်ဘူး၊ ရုပ်ကလည်း သာမန်ပါပဲ၊ စရိုက်ကလည်း သိပ်ကောင်းလှတာ မဟုတ်ဘူး၊ အရေးအကြီးဆုံးက ရည်မှန်းချက်ဆိုတာ လုံးဝမရှိတဲ့သူလေ၊ ရှင်က ဘယ်လိုလုပ် ကျွန်မကို သဘောကျနိုင်မှာလဲ၊ ရှင့်ပတ်ဝန်းကျင်မှာ ထူးချွန်တဲ့သူတွေ အများကြီး ဝန်းရံနေတာ၊ ရှင့်ရဲ့ အဆင့်အတန်းနဲ့ အကြိုက်အရဆိုရင် ကျွန်မလို မိန်းမမျိုးကို စိတ်ဝင်စားမယ့် ပုံစံမဟုတ်ဘူး၊ အဲ့ဒါကြောင့်... ဘာလို့လဲ"

ရှုယင်းယင်း၏ တွေဝေရှုပ်ထွေးနေမှုကြောင့် ဟော်ယန် ရယ်မောလိုက်မိသည်။

"မင်း ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလောက်တောင် ယုံကြည်မှုတာလား"

"အဲ့လိုတော့လည်း မဟုတ်ပါဘူး၊ သာမန် ယောက်ျားတစ်ယောက်က ဖွင့်ပြောလာမယ်ဆိုရင်တော့ ပုံမှန်ပဲလို့ ထင်မိမှာပေါ့၊ ဒါပေမဲ့ ရှင့်ရဲ့ အဆင့်အတန်းနဲ့ နေရာက သာမန်ယောက်ျားတွေထက် အများကြီးသာလွန်နေတာလေ၊ အဲ့ဒါကြောင့် ကျွန်မ နားမလည်နိုင်ဖြစ်နေတာ၊ နေပါဦး... ရှင် နားမလည်တာ မဟုတ်ဘူး၊ စူးစမ်းချင်စိတ် ဖြစ်နေတာနေမှာပါ၊ ကျွန်မလို လူမျိုးက ရှားပါးနေလို့ ဒါမှမဟုတ် တစ်ခါမှ မမြင်ဖူးလို့များလား၊ ရှင်က စူးစမ်းချင်စိတ်ကြောင့် ခံစားချက်တွေ ရောနှောသွားတာဖြစ်နိုင်တယ်"

ဟော်ယန်သည် သူမ တွေးခေါ်ပုံလေးကို သဘောကျသွားသည်။

"ယင်းယင်း... မင်း သိလား၊ မင်းဆီမှာ ကိုယ် အသဘောကျဆုံးက အဲ့ဒီလို ထူးခြားနေတဲ့အချက်လေးပဲ၊ လူတော်တော်များများက အချစ်ခံရ၊ ဖွင့်ပြောခံရရင် အံ့သြသွားတာတို့၊ ဝမ်းသာသွားတာတို့ ဖြစ်ကြတာလေ၊ ဒါပေမဲ့ မင်းကတော့ ဖွင့်ပြောလာတဲ့သူက ဘာလို့ မင်းအပေါ် ခံစားချက်ဖြစ်သွားရတာလဲ ဆိုတာကို လိုက်ပြီး ခွဲခြမ်းစိတ်ဖြာနေတယ်လေ၊ မင်းက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်၊ ဘယ်သူကများ မင်းကို မချစ်ဘဲနေနိုင်မှာလဲ"

"စိတ်ဝင်စားဖို့ ကောင်းတယ် ဟုတ်လား၊ ကျွန်မကတော့ အဲ့လို မထင်ပါဘူး"

ရှုယင်းယင်း သူမကိုယ်သူမ ပြန်မေးခွန်းထုတ်ကြည့်သည်။ သူမသည် အတင်းအဖျင်းများ နားထောင်ပြီး အရသာရှိသော အစားအသောက်များ စားရကြိုက်သည်မှ လွဲလျှင် သူမတွင် မည်သည့်ရည်မှန်းချက်မှ မရှိသလို ပျင်းရိပြီး အသုံးမကျသူ တစ်ယောက်ဖြစ်သည်။ သူမအား သဘောကျသူဆိုပါက ရူးနေလို့သာ ဖြစ်ရမည်။

ဟော်ယန် လက်ကိုမြှောက်ကာ သူမ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်ပြီး ပါးလေးကို အသာအယာ ဆွဲညှစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မျက်လုံးထဲမှာတော့ မင်းက တစ်ဦးတည်းသောသူပဲ"

ရှုယင်းယင်း ဟော်ယန် မျက်လုံးများထဲတွင် ပြန့်ကျဲနေသော ကြင်နာယုယမှုများနှင့် ပျော်ရွှင်မှုများကို ကြည့်ပြီး သူမရင်ထဲလည်း အလိုလို နွေးထွေးသွားရသည်။

တရားမျှတစွာ အကဲဖြတ်ရလျှင်၊ ဟော်ယန်သည် ပြည့်စုံလွန်းသူဖြစ်သည်။ သူသည် အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာပြီး ရုပ်ရည်လည်း ချောမောခန့်ညားသည့်အပြင် အံ့မခန်း စွမ်းဆောင်ရည်များလည်း ရှိသေးသည်။ ဤသို့သော ယောက်ျားမျိုးသည် လိုချင်တာမှန်သမျှရနိုင်စွမ်းရှိပါလျက်နှင့် သူမကိုမှ လာပြီး သဘောကျနေသည်။

ဤသို့သော ဆုံတွေ့မှုမျိုးသည် စာအုပ်များထဲတွင်သာ ဖြစ်နိုင်လောက်ပေသည်။ ထို့ပြင် စုန့်ချင်းကိစ္စမှတစ်ဆင့် သူမကိုယ်ပိုင် ခံစားချက်များကိုလည်း ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရသည်။ သူမအား အနှောင့်အယှက်ပေးနေခဲ့သည်မှာ စောစောက သူမ မေးခဲ့သော မေးခွန်းသာ။

သူပြောခဲ့သော အကြောင်းပြချက်များမှာ ခိုင်လုံမှုမရှိသလို ဖြစ်နေသော်ငြား ၎င်းတို့သည် ယခုအခါတွင် သိပ်အရေးမကြီးတော့သလိုပင်။ သူမသည် ဝတ္ထုစာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့သူ ဖြစ်ရာ မမျှော်လင့်ထားနိုင်စရာ ဆိုသည်မှာ ဘာမျှမရှိတော့ပေ။ သူမအတွက်တော့ ဝတ္ထုထဲသို့ ရောက်လာပြီးနောက် ဖြတ်သန်းရသော နေ့ရက်တိုင်းသည် အလကားရနေသော အပိုဆုများသာဖြစ်၏။

အဆိုးရွားဆုံး ဖြစ်လာနိုင်သည့် အခြေအနေမှာ သူမ အရာအားလုံးကို ထပ်မံ ဆုံးရှုံးသွားခြင်းပင်ဖြစ်မည်။ သို့ဖြစ်ရာ သူမ လက်ရှိအချိန်ကိုသာ တန်ဖိုးထားရန်ဆုံးဖြတ်ထား သည်။

"ရှင် စုန့်ချင်းနဲ့ တွဲနေတုန်း မဟုတ်ဘူးလား၊ တစ်ချိန်တည်းမှာ ရည်းစားနှစ်ယောက်ကို ဘယ်လိုများကိုင်တွယ်မလို့လဲ"

ရှုယင်းယင်း စနောက်လိုက်သည်။

ဟော်ယန်မှာ အစပိုင်းတွင် အနည်းငယ် ကြောင်အသွားသော်လည်း သူမ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်သွားသည်။

သူ ပြုံးလိုက်ပြီး စုန့်ချင်းနှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုအကြောင်းအား အမြန်ရှင်းပြလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် အတည်ပြုလိုက်သည်။

"ဒါဆို အခု ကိုယ်က ရှုယင်းယင်းရဲ့ချစ်သူ ဖြစ်သွားပြီပေါ့ ဟုတ်လား"

"ရှင်ကရော သဘောတူလို့လား"

"ကိုယ် အဲ့တာထက် ဘာမှကိုထပ်မလိုချင်တော့တာ"

ဟော်ယန်သည် သူမအား သူ့ ရင်ခွင်ထဲသို့ ပြန်လည် ဆွဲသွင်းလိုက်ပြီး ကျေနပ်အားရစွာဖြင့် ဖက်ထားမှုအား ပိုမိုတင်း ကျပ်လိုက်သည်။

【အား... နောက်ဆုံးတော့လည်း ရင်တွင်းခံစားချက်တွေကို ဖွင့်ပြောလိုက်ကြပြီပဲ၊ တကယ်ကို လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ဘူး‌ဟေ့】

စနစ်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လာသည်။

"ဒါဆိုရင် ကျွန်မတို့ရဲ့ စာချုပ်က ပျက်သွားပြီပေါ့"

ရှုယင်းယင်းမှာ ကြည်နူးနေသည့် အငွေ့အသက်များကို ဖျက်ဆီးပစ်ကာ နှမြောတသဟန်ဖြင့် ပြောလိုက်သည်။

ဟော်ယန်အပြုံးများ အေးခဲသွားသည်။

"အရူးမလေးရဲ့... အခု ကိုယ်က မင်းလူ ဖြစ်သွားပြီလေ၊ ဒါကြောင့် ကိုယ့်ရဲ့ ဘဝရော၊ စည်းစိမ်တွေပါ မင်းပိုင်တာပဲပေါ့၊ မင်းသာ သဘောတူမယ်ဆိုရင် ကိုယ်တို့လက်ထပ်ပြီးတဲ့အခါကျရင် ကိုယ်က မင်းရဲ့ မျိုးရိုးနာမည်ကိုတောင် ယူလိုက်လို့ရတယ်"

ရှုယင်းယင်း မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားတော့သည်။

【နေပါဦး... သူက ဘယ်လိုလုပ်ပြီး အချစ်ရူးကြီးဖြစ်သွားရတာလဲ】

【အချစ်ရဲ့ စွမ်းအားတွေပေါ့ ဟုတ်တယ်မလား】

ဟော်ယန် သူ့ မေးစေ့အား အနည်းငယ် ပင့်ဖားလိုက်သည်။ မင်းရဲ့ မျိုးရိုးကို ယူပြီး ငါ့နာမည်ကို မင်းကိုပေးမယ်ဆိုတာက ဘယ်လောက်တောင် ရိုမန်တစ်ဆန်တဲ့ ဖွင့်ဟဝန်ခံမှုမျိုးလဲ...

【ပွင့်ပွင့်လင်းလင်း ပြောရရင်လေ ဟော်ယန်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက တကယ်ကို မိုက်တာ၊ ငါတော့ ထီပေါက်သွားသလိုခံစားနေရတယ် ဟီး】

သူသည် ပွေ့ဖက်မှုအား ထပ်မံတင်းကျပ်လိုက်ပြီး သူ့ ချစ်သူကောင်မလေး အသစ်စက်စက်အား ထိုအရာများကို ပိုမို ရှင်းလင်းစွာ ခံစားသိရှိစေလိုက်သည်။

သူတို့ နှစ်ယောက်သား အချိန်အနည်းငယ်မျှ ဖက်ထားပြီးနောက် ရှုယင်းယင်း သူ့အားတွန်းဖယ်လိုက်သည်။

"ညလည်း နက်နေပြီဆိုတော့ ရှင် ပြန်သင့်ပြီ"

ဟော်ယန်မှာ သူ့ဆန္ဒများ ပြည့်ဝသွားပြီဖြစ်ရာ ချစ်သူအဖြစ် ရာထူးတိုးခံရပြီးနောက် လျှောက်လှမ်းရမည့် ရှည်လျားသော ခရီးလမ်းကိုတွေးပြီး လိမ္မာစွာခေါင်းညိတ်လိုက်သည်။

"ဒါဆို မနက်ဖြန်ကျရင် ကိုယ် မင်းဆီကို ထပ်လာခဲ့မယ်နော်"

"မနက်ဖြန် ကျွန်မ အလုပ်သွားရမှာလေ"

"ဒါဆို နေ့လယ်စာ အတူတူစားကြမယ်လေ"

"ကျွန်မက နေ့လယ်စာကို အမြဲတမ်း ဝန်ထမ်း ကန်တင်းမှာပဲ စားတာ၊ ရှင်ရော အဆင်ပြေပါ့မလား"

"ကိုယ်ချစ်ရတဲ့ ကောင်မလေးတောင် စားနိုင်သေးတာပဲ၊ ကိုယ်လည်း စားနိုင်တာပေါ့"

"အိုကေ... လာခဲ့လေ၊ ကျွန်မ ဖုန်းဆက်လိုက်မယ်"

"ကောင်းပါပြီ၊ ဒါဆို ကိုယ် ပြန်တော့မယ်နော်၊ ဂွတ်နိုက် အချစ်လေး"

"ဂွတ်နိုက်"

ဟော်ယန်သည် သူ့ ပါးပြင်အား ဘေးသို့ ထိုးပေးလိုက်ပြီး အချက်ပြလိုက်သည်။

"ချစ်သူကောင်လေးက Goodnight Kiss လိုချင်တယ်"

ရှုယင်းယင်း အနည်းငယ် တွေဝေသွားသော်လည်း သူ့ အကြည့်များနှင့် ဆုံမိပြီးနောက် သူမ မဝံ့မရဲဖြင့် ရှေ့သို့ တိုးသွားသည်။ ဟော်ယန်သည် ပြုံးကာ ခေါင်းငုံ့ပေးလိုက်ပြီး ချစ်သူကောင်မလေး၏ Goodnight Kiss အား ခံယူပြီးနောက်မှသာ ခြေလှမ်းအနည်းငယ် လှမ်းတိုင်းတစ်ခေါက် ပြန်ပြန်ကြည့်ပြီး ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။

သူ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြုံးစိစိဖြစ်နေသော မျက်လုံးလေးစုံနှင့် ပက်ပင်းတိုးတော့ရာ မျက်နှာတစ်ခုချင်းစီတိုင်းတွင် အဆုံးမသိပျော်ရွှင်မှုများ ဖြာထွက်နေလေသည်။

🍁 Chapter 134

ဟော်ယန် ရှက်ရွံ့သွားသော်လည်း ခပ်တည်တည် ဟန်ဆောင်ကာ ရှုယန်ဝမ်တိူ့ ဇနီးမောင်နှံအား နှုတ်ဆက်ပြီး ခပ်သုတ်သုတ် လျှောက်ထွက်သွားသည်။

ရှုယောင်သည် အိမ်ပြန်မည်ဟုဆင်ခြေပေးကာ ဟော်ယန်၏ ကားပေါ်သို့ ခုန်တက်လိုက်ပြီး လမ်းတစ်လျှောက်လုံး မေးခွန်းများ တရစပ်မေးကာ စကားများနေတော့သည်။ ဟော်ယန်ကမူ တိတ်ဆိတ်ခြင်းနှင့် အေးစက်စက် အကြည့်များဖြင့်သာ တုံ့ပြန်သည်။

အဆုံးတွင် သူ ရှုယောင်အား အိမ်သို့ လိုက်ပို့ပြီးနောက် သက်ပြင်းတစ်ချက် ချတော့မည့်ဆဲဆဲတွင် အသံတစ်သံကိုကြား လိုက်ရပြန်သည်။

"ခင်ဗျားတို့ နှစ်ယောက်က နမ်းတောင် နမ်းနေကြပြီဆိုတော့ မြန်မြန် စေ့စပ်လိုက်ပါလား၊ ဘိုးဘိုးရှုနဲ့ ဘွားဘွားယန်ကလည်း မျှော်နေကြပြီ၊ အဲ့ဒါက သဘာဝလည်း ကျတယ်လေ၊ မြန်မြန်လေး လုပ်စမ်းပါဗျာ"

"မင်းဘာဖြစ်လို့ အကုန်လုံး ဝင်ပါနေရတာလဲ"

"မိန်းမတွေက စိတ်ပြောင်းလွယ်တယ်ဗျ၊ အကြာကြီးစောင့်နေရင် အခြေအနေတွေ ပြောင်းသွားနိုင်တယ်နော် ယောက်ဖ"

"ပါးစပ်ပိတ်စမ်း၊ မင်း ထွက်သွားတော့"

ရှုယောင် ပျော်မြူးစွာလက်ပြနှုတ်ဆက်လိုက်သည်။

"တာ့တာ... ချစ်ယောက်ဖ"

ကလပ်တစ်ခုအတွင်း၌မူ ရှုယောင်ယောင်သည် သူမကော်ဖီကို မွှေနေရင်း မျက်နှာအမူအရာမှာ မှုန်ကုပ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ ကျိုးရှင်းရီသည် သူမ မျက်နှာအမူအရာအား တိတ်တဆိတ်အကဲခတ်နေပြီး ရှုယင်းယင်းက ဟော်ယန်နှင့် လက်ထပ်ကာ အဆင့်အတန်း မြင့်တက်သွားမည်ကို သူမ မကျေမနပ်ဖြစ်နေကြောင်းသိနေသည်။

ပထမတွင် ရှုယန်ဝမ်သည် သူမ ခင်ပွန်းဟောင်းအား ရက်စက်စွာ အကွက်ဆင်ပြီး သေလုမျောပါးဖြစ်အောင် လုပ်ခဲ့သည်။ ထို့နောက် အဘိုးရှု ရှုယင်းယင်းအတွက် ကြီးကျယ်ခမ်းနားသော မိသားစုပြန်လည်ဆုံစည်းခြင်း ညစာစားပွဲကို ကျင်းပပေးခဲ့သည်။ ယခုတစ်ဖန် အလွန်ချမ်းသာကြွယ်ဝ သော ဟော်ယန်နှင့် သူမအားမိတ်ဆက်ပေးနေပြန်သည်။ သူတို့နှစ်ယောက်သည် ပြည်ပသို့ပင် အတူတူ ခရီးထွက်ရသည်အထိ တိုးတက်လာခဲ့ပြီဖြစ်ရာ လက်ထပ်တော့မည်မှာ ရှင်းလင်းနေပေသည်။

သူတို့၏ သွေးသားအရင်းဖြစ်သော ရှုယင်းယင်းနှင့် ယှဉ်လိုက်လျှင် ရှုယောင်ယောင် လက်ရှိအခြေအနေမှာ မယုံနိုင်လောက်အောင်ပင် အနေရခက်လှသည်။ ချန်ချွမ်၏ ခန့်မှန်းချက်မှာ အမှန်ပင် မှန်ကန်ခဲ့သည်။ အများပြည်သူ၏ ဝေဖန်မှုများအား ရှောင်ရှားရန်အတွက် သွေးသားရင်းဖြစ်သော ရှုယင်းယင်းအားချော့မော့ကာ နစ်နာကြေးပေးရန် ရှုမိသားစု ၏မနားမနေ ကြိုးပမ်းအားထုတ်မှုများမှာ ရှုယောင်ယောင်အား နက်ရှိုင်းစွာနာကျင်စေခဲ့သည်။ ရှုယင်းယင်းဘက်မှ ဘာတစ်ခုမျှ ထပ်မလုပ်လျှင်ပင် သူမအနေဖြင့် သည်းမခံနိုင်တော့ချေ။

"မား သိလား၊ အဘိုးက ရှုယင်းယင်းကို ကုမ္ပဏီရှယ်ယာ ၅ ရာခိုင်နှုန်း တိုက်ရိုက်ပေးလိုက်တယ်၊ ပြီးတော့ နှစ်စဉ် အမြတ်ဝေစုချည်းပဲ ယွမ် သန်း ၅၀၀ လောက် ရှိတယ်"

ကျိုးရှင်းရီ မျက်လုံးများပြူးကျယ်သွားကာ အံ့သြမှုနှင့် ဒေါသတို့ ရောယှက်သွားသော်လည်း သူမဒေါသကို ဖိနှိပ်ထားလိုက်သည်။

"အဘိုးရှုက သူ့ကို တော်တော်လေးတန်ဖိုးထားပုံရတယ်၊ ဘာပဲဖြစ်ဖြစ် သူက သွေးသားအရင်းကိုး၊ ယောင်ယောင်... ဝမ်းနည်းမနေပါနဲ့၊ မားနဲ့ ပါးက ပိုက်ဆံရအောင် ကြိုးကြိုး စားစား ရှာနေပါတယ်၊ တစ်နေ့ကျရင် ငါတို့ ရှုမိသားစုကို အမီလိုက်နိုင်မှာပါ"

ရှုယောင် သူမကို မော့ကြည့်လိုက်ရာ သူမ မျက်လုံးများထဲတွင် အမုန်းတရား အရိပ်အယောင်တစ်ခု မြင့်တက်လာလေသည်။

"ကျွန်မက ထူးချွန်ပြီး ကြိုးစားလွန်းတော့ သွေးသားအရင်း မဟုတ်ရင်တောင်မှ ရှုမိသားစုက ကျွန်မကို အနှစ်နှစ်ဆယ်ကျော် ပြုစုပျိုးထောင်ပေးခဲ့တာဆိုတော့ ကျွန်မတို့ရဲ့ သံယောဇဉ်က တော်တော်လေး နက်ရှိုင်းလိမ့်မယ်လို့ အမြဲထင်ခဲ့မိတာ ဒါပေမဲ့ ကျွန်မ မှားသွားတယ်၊ အပြင်လူဆိုတာ အပြင်လူပါပဲ၊ ဘယ်လောက်ပဲ ထူးချွန်ထူးချွန်... အပြင်လူက အခကြေးငွေပဲရတာ"

"ဒုတိယဦးလေးရဲ့ ပရောဂျက်အသစ်ကို ဈေးကွက်ထဲရောက်အောင် ကျွန်မ ကူညီပေးခဲ့တယ်၊ စာချုပ်တစ်ခုတည်းနဲ့တင် ကုမ္ပဏီအတွက် တန်ဖိုးသန်းထောင်ချီပြီး ဖန်တီးပေးနိုင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ ဘာရခဲ့လဲဆို ကော်မရှင်ယွမ်တစ်သန်းပဲ ရခဲ့တာ၊ ရှုယင်းယင်းကျတော့ ဘာမှလုပ်စရာမလိုဘဲ ကုမ္ပဏီကဖန်တီးတဲ့ ပရောဂျက်တိုင်းကနေ အမြတ်ဝေစုတွေကို ခံစားနေရတယ်၊ အဲ့ဒါက ကွာခြားချက်ပဲ၊ ကျွန်မရဲ့ ကြိုးစားမှုတွေက လုံးဝကိုမတန်ဘူးလို့ ပိုပိုပြီးခံစားလာရတယ်"

"အခု ဘိုးဘိုးရှုနဲ့ ဘွားဘွားယန်ကလည်း သူတို့ လက်ထပ်ဖို့ ကြိုးစားပမ်းစား စီစဉ်နေကြပြီ၊ သူတို့ရဲ့ ဆက်ဆံရေးကလည်း တစ်နေ့တခြား ခိုင်မာလာနေတာကိုကြည့်ရတာ သူမသာ ဟော်ယန်နဲ့ လက်ထပ်လိုက်ရင် တကယ့်ကို အင်အားကြီးတဲ့ စုံတွဲဖြစ်သွားမှာပဲ၊ ပြီးတော့ မိသားစုထဲမှာ သူမရဲ့နေရာက ပိုပြီးမြင့်တက်လာလိမ့်မယ်၊ ပုံမှန်ဆိုရင်တောင် သူမက ကျွန်မအပေါ် ကောင်းကောင်း မဆက်ဆံဘူးဆိုတော့ နောင်ကျရင် ပိုပြီးနှိပ်စက်လာမှာကို ကြောက်တယ်၊ သမီး အိမ်ကနေထွက်သွားချင်ပြီ မား၊ သမီးကို ခေါ်ထားမှာလား"

"ခေါ်ထားမှာပေါ့ သမီးရယ်၊ မားအိမ်မှာ သမီးအတွက် အခန်းတစ်ခန်း အမြဲတမ်းပြင်ဆင်ထားပါတယ်၊ သမီး အိမ်ပြန်လာမယ့် အချိန်ကို စောင့်နေတာပါ၊ သမီးလေး စိတ်မပျော်ရွှင်ဘူးဆိုရင်လည်း တို့တွေ ထွက်သွားကြတာပေါ့၊ အခုချိန်မှာ ငါတို့ မိသားစုက ရှုမိသားစုလောက် မကောင်းသေးပေမဲ့ ပါးနဲ့မား ကြိုးကြိုးစားစား အလုပ်လုပ်မယ်၊ တစ်နေ့ကျရင် သူတို့ကို ကျော်တက်နိုင်မှာပါ"

ရှုယောင် ခေါင်းခါလိုက်သည်။

"သမီး အဲ့ဒီလောက် အကြာကြီးမစောင့်ချင်ဘူး၊ ကိုယ်တိုင် ရုန်းကန်နေရတာထက်စာရင် အောင်ပွဲရဲ့ အသီးအပွင့်တွေကို အလွယ်တကူ ခိုးယူလိုက်တာက ပိုကောင်းတယ်၊ ရှုမိသားစုက သမီးကို အကြွေးတင်နေတာပဲလေ၊ ဘာလို့ သမီးဘာသာ သမီ မယူရမှာလဲ"

ကျိုးရှင်းရီ၏ရင်ခုန်သံများ ရုတ်တရက် မြန်ဆန်လာသည်။ ဤသည်မှာ သွေးသားတော်စပ်မှု၏အလိုလို နားလည်နိုင်စွမ်းများလား။ သူမတို့၏အစီအစဉ်များနှင့် အတိအကျပင် ထပ်တူကျနေသည်။

"သ... သမီးစကားက ဘာကိုဆိုလိုတာလဲ"

သူမ စိုးရိမ်ဟန်ဆောင်ကာ မေးလိုက်သည်။ ရှုယောင်ယောင် သူမ အိတ်ထဲမှ စာရွက်စာတမ်းတစ်ခုအား ထုတ်ယူလိုက်ပြီး တိုးညင်းသော လေသံဖြင့် ပြောသည်။

"ဒါက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်မ စုဆောင်းထားခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အချက်အလက်တွေပဲ၊ သူတို့ အားလုံးပေါင်းလိုက်ရင် ဖုန်းရီကုမ္ပဏီ ရှယ်ယာရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားတယ်၊ သူတို့ရဲ့ ရှယ်ယာတွေကိုသာ ကျွန်မတို့ ဈေးပေါပေါနဲ့ ဝယ်နိုင်မယ်ဆိုရင် ဖုန်းရီမှာ ကျွန်မတို့ ဝင်ပါခွင့်ရပြီ"

"ဈေးပေါပေါနဲ့ ဝယ်မယ် ဟုတ်လား"

ကျိုးရှင်းရီ အံ့သြသွားသည်။

"ဖုန်းရီကုမ္ပဏီက အခုတလော အရှိန်အဟုန် ကောင်းနေတာလေ၊ စတော့ရှယ်ယာ ဈေးကလည်းတောက်လျှောက်တက် နေတာကို၊ ဒီလိုအချိန်မျိုးမှာ ဘယ်သူကများ ဈေးပေါပေါနဲ့ ရောင်းမှာလဲ၊ အဲ့ဒါက လက်တွေ့မကျဘူး သမီးလေးရဲ့"

ရှုယောင်ယောင် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး တည်ငြိမ်စွာပင် ပြောသည်။

"ဖုန်းရီက ဒီလောက်တောင် ရေပန်းစားနေရတဲ့ အကြောင်း ရင်းက ရှုယန်ရွေ့တာဝန်ယူထားတဲ့ ဉာဏ်ရည်တု စက်ရုပ် အကောင်အထည်ဖော်ရေး ပရောဂျက်ကြောင့်လေ၊ အဲ့ဒီ ပရောဂျက်သာ တစ်ခုခုလွဲချော်သွားမယ်ဆိုရင် စတော့ရှယ်ယာ ဈေးတွေ ထိုးကျသွားဖို့က သာမန်ပဲ မဟုတ်ဘူးလား"

ကျိုးရှင်းရီ မျက်ခုံးများပင့်သွားပြီးနော် သူမ စကားအား ဆက်ကြားလိုက်ရသည်။

"ထန်ဝမ်က တရားမဝင် လောင်းကစားလုပ်တာနဲ့ တခြားလူတွေကို ချုပ်နှောင်ထားတာတွေကြောင့် သံသယဖြစ်ခံထားရတယ်၊ ရဲတွေက သူ့ကို ဖမ်းသွားပြီ၊ ဒီသတင်းက အခုတော့ လျှို့ဝှက်ထားတုန်းပဲ ဒါပေမဲ့ သတင်းသာပေါက်ကြားသွားမယ်ဆိုရင် ဖုန်းရီရဲ့စတော့ရှယ်ယာ ဈေးက သေချာပေါက် ထိခိုက်မှာပဲ၊ ပြီးတော့ နောက်ထပ် ပရောဂျက်အသစ် တစ်ခုပါ ထပ်မှားယွင်းသွားမယ်ဆိုရင်တော့ စတော့ရှယ်ယာ ဈေးတွေက အောက်ဆုံးအထိ ထိုးကျသွားတော့မှာ"

"သူတို့က အမြဲတမ်း ရည်မှန်းချက်ကြီးကြတယ်၊ သူတို့မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကောင့်တွေကို တိတ်တဆိတ် လိုက်ဝယ်နေတယ်ဆိုတာကိုသာ အဖမ်းခံရရင် သူတို့ရဲ့ မြေခွေးလို ယုတ်မာတဲ့ ရည်မှန်းချက်တွေ ပေါ်လာတော့မှာ၊ အဲ့ကျရင် အဘိုးက သေချာပေါက် သူတို့ကို ရှင်းထုတ်ဖို့ အရေးယူမှာပဲ၊ ဖုန်းရီကုမ္ပဏီ အတွင်းရေးပြဿနာတွေနဲ့ ရှုပ်ထွေးနေတဲ့ အချိန်ရောက်ရင် ကုမ္ပဏီကို မျက်စိကျနေတဲ့ တခြားလူတွေက အဲ့ဒီအခွင့်အရေးကိုယူပြီး စတော့ရှယ်ယာဈေးကို ဆွဲချပြီး ရှုပ်ထွေးနေတဲ့ ကြားထဲကနေ ဝင်ဝယ်ကြလိမ့်မယ်၊ အဘိုးက အတွင်းရေးတွေကို ရှင်းလင်းလို့ပြီးလို့ ဖုန်းရီကုမ္ပဏီ ပြန်လည် နာလန်ထူလာတဲ့ အချိန်ကျရင် အဲ့ဒီလူတွေက အဓိကရှယ်ယာရှင်တွေ ဖြစ်လာပြီး ကုမ္ပဏီရဲ့ အဓိက နေရာတွေကို အလွယ်တကူ သိမ်းပိုက်သွားကြမှာ၊ သူတို့ကို ဝါးမျိုဖို့ ဒီထက်ပိုမြန်တဲ့ အခွင့်အရေး မရှိတော့ဘူး"

"မား လုပ်ရမှာက ရှုယန်ရွေ့ကိုအကာအကွယ်လုပ်ပြီး ရှုပ်ထွေးနေတဲ့ အချိန်မှာ ရှယ်ယာတွေကို လိုက်ဝယ်ဖို့ပဲ၊ အကြောင်းစုံ ပေါ်သွားရင်တောင်မှ ရှုယန်ရွေ့က အပြစ်တွေအကုန်ခံရမှာလေ၊ သူ့ကို အာရုံလွှဲပေးပြီးတဲ့ အချိန်ကျရင် မားတို့က ရှယ်ယာတွေကို အကုန်ဝယ်ပြီးလို့ ဖုန်းရီရဲ့ အဓိက ရှယ်ယာရှင်တွေ ဖြစ်နေလောက်ပြီ၊ မားတို့ ကုမ္ပဏီထဲ ရောက်လာတာနဲ့ သမီးက မားတို့နဲ့ အပြင်ကော အတွင်းပါ ချိတ်ဆက်ပြီး ရှုမိသားစု တစ်ခုလုံးကို အချိန်တိုအတွင်းမှာ အမြစ်ပြတ် ဝါးမျိုပစ်လိုက်မယ်၊ အဲ့ဒီအချိန်ကျရင် ရှုမိသားစုက သမီးကို ဒူးထောက် တောင်းပန်လာကြလိမ့်မယ်၊ သူတို့ရဲ့ သနားညှာတာမှုကို ထိုင်စောင့်နေစရာ မလိုတော့ဘူး"

ရှုယောင်ယောင် ထိုသို့ပြောလိုက်စဉ် သူမမျက်လုံးများထဲရှိ အမုန်းတရားများမှာ ပိုမိုနက်ရှိုင်းလာသည်။ သူမ သမီးဖြစ်သူမှာ ရက်စက်တတ်ကြောင်း ကျိုးရှင်းရီ အစောကတည်းက သိထားသော်လည်း ဤမျှအချိန်တိုလေးအတွင်း၌ပြီးပြည့်စုံသော အစီအစဉ်တစ်ခုကို စဉ်းစားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့ဖြစ်ရာ သူမ ပထမဆုံးအကြိမ်ပေါ်လာက တည်းက သမီးဖြစ်သူ၏စိတ်များ ယိမ်းယိုင်နေခဲ့ခြင်းဖြစ်ပုံရသည်။

ထိုသို့ဆိုလျှင် သူတို့ အစီအစဉ်များ သတ်မှတ်ထားသည့် အချိန်ထက် စော၍ အကောင်အထည်ဖော်နိုင်ပြီ မဟုတ်ပါလား။

All Chapters