← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

🍁 Chapter 135

ကျိုးရှင်းရီသည် သူမ၏ တိတ်တဆိတ်ဝမ်းသာနေမှုကို ဖိနှိပ်ထားလိုက်ပြီး အခက်အခဲဖြစ်နေဟန်ဆောင်ကာပြောလိုက်သည်။

"မားဆီမှာ ပိုလျှံနေတဲ့ ငွေတချို့ ရှိပေမဲ့ ဒီရှယ်ယာ ဝယ်ယူမှုက အရင်းအနှီး အရမ်းများတယ်၊ မား စနိုင်ဖို့အတွက် ပိုင်ဆိုင်မှု တချို့ကို အရင်ရောင်းချဖို့ လိုလိမ့်မယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့ မား သိပ်မကြာခင် အဆင်သင့် ဖြစ်အောင် လုပ်ပေးပါ့မယ်"

"နေပါစေ၊ သမီးဆီမှာ ပိုက်ဆံရှိတယ်"

ကျိုးရှင်းရီမှာ ထပ်မံ၍ အံ့အားသင့်သွားပြန်သည်။ သူမ မူလရည်ရွယ်ချက်မှာ သူမဘက်မှ အလွန်စိတ်အားထက်သန်နေကြောင်းအား တစ်ဖက်လူ ရိပ်မိမသွားစေရန်သာဖြစ်ပြီး၊ဆင်းရဲချို့တဲ့ဟန် ဆောင်ရန် မရည်ရွယ်ခဲ့ပေ။

"ဘယ်လိုလုပ် ဖြစ်မလဲ၊ မားက သမီးပိုက်ဆံကို ဘယ်လိုလုပ် ယူသုံးရက်မှာလဲ"

ရှုယောင်ယောင်သည် သူမ၏ ဘဏ်ကတ်ပြားလေးအား ကျိုးရှင်းရီရှေ့သို့ တိုးပေးလိုက်ရင်း ရှင်းပြလာ၏။

"သမီးက ငယ်ငယ်ကတည်းက ပိုက်ဆံစုတတ်တဲ့ အကျင့်ရှိတယ်၊ အနှစ်နှစ်ဆယ်အတွင်းမှာ သန်းနဲ့ချီပြီး စုဆောင်းမိနေပြီ၊ သိပ်ပြီးအများကြီး မကူညီနိုင်ဘူးဆိုပေမယ့် ဒါက သမီးရဲ့ စေတနာမို့လို့ လက်ခံပေးပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စ ပြီးသွားရင် သမီးတို့ရမယ့် အကျိုးအမြတ်က အဆတစ်ရာ၊ အဆတစ်ထောင်မက ရှိလာမှာပဲလေ"

အမှန်တွငိ ထိုသူများ၏ သံသယအားချေဖျက်ပြီး စိတ်ချယုံကြည်လာစေရန်အတွက် အတိုင်းအတာတစ်ခုအထိ ရိုးသားမှုကို ပြသရမည်ဆိုသည်အား သူမ ကောင်းစွာ နားလည်ထားသည်။

ရှုယောင်ယောင် ကျိုးရှင်းရီလက်ကို ဆွဲယူကာ ဘဏ်ကတ် ပြားလေးအား သူမလက်ဖဲသို့ ထည့်ပေးလိုက်ပြီးနောက် တင်းကြပ်စွာ ဆုပ်ကိုင်ထားစေလိုက်သည်။

"လျှို့ဝှက်နံပါတ်က သမီးတို့ စတွေ့ခဲ့တဲ့ နေ့စွဲပဲ"

သမီးဖြစ်သူထံမှ တွေ့ရခဲသော နူးညံ့မှုနှင့် မျှော်လင့်တကြီး ငေးကြည့်နေသော မျက်ဝန်းများကြောင့် ကျိုးရှင်းရီမှာ ဆက်လက် မငြင်းဆန်နိုင်တော့ဘဲ လက်ခံလိုက်ရတော့သည်။

"စိတ်မပူပါနဲ့ ကလေးရယ်၊ သမီးက ဒီလောက်ထိတောင် လုပ်ပေးနေမှတော့ မိဘတွေဖြစ်တဲ့ အမေတို့က ဘယ်လိုလုပ် ပံ့ပိုးမပေးဘဲ နေပါ့မလဲ၊ မား အခုပဲ ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်ပါဦးမယ်၊ ဖုန်းကနေပဲ အဆက်အသွယ် လုပ်ကြတာပေါ့"

"ဟုတ်"

ကျိုးရှင်းရီ တစ်ယောက် လုံးဝထွက်ခွာသွားပြီဖြစ်ကြောင်း သေချာစွာ အတည်ပြုပြီးနောက်ရှုယောင်ယောင်သည် သီးသန့်ခန်း၏ လျှို့ဝှက်တံခါးနောက်ကွယ်တွင် ပုန်းကွယ်နေသော ရှုယန်ဝမ်အား ထွက်လာရန်ခေါ်လိုက်သည်။

"သူ တစ်ခုခုများ သံသယဝင်သွားသေးလား"

ရှုယန်ဝမ် အနည်းငယ် ထိတ်လန့်တုန်ယင်နေသော အသံဖြင့် မေးလာသည်။

"ဟင့်အင်း... မဝင်ဘူး၊ တလောကတည်းက သူ့ဆီမှာ သမီး မကြာခဏ ညည်းညူပြထားသလို ပေးထားတဲ့ သတင်းတွေကလည်း အမှန်တစ်ဝက်၊ အမှားတစ်ဝက် ရောနေတာလေ၊ အခု သမီးရဲ့ အခြေအနေက တကယ့်ကို အရေးပေါ်ဖြစ်နေပြီလို့ တမင်သက်သက် ပုံကြီးချဲ့ပြောလိုက်တော့ ဒီလို ရွှေလိုအဖိုးတန်တဲ့ အခွင့်အရေးမျိုးကို လုံးဝလက်လွှတ်ခံမှာ မဟုတ်ဘူး၊ အခု အရေးအကြီးဆုံးက ဒုတိယဦးလေးပဲ၊ အဖေ သူ့ကို သွားပြောပြီးပြီလား"

"အင်း... ပြောပြီးပြီ၊ သူက ပူးပေါင်းဖို့ တော်တော်လေးကို ဆန္ဒရှိနေတာ၊ မကြာသေးခင်ကမှ သူ့ရဲ့ ပရောဂျက်အသစ်က အရှိန်အဟုန်နဲ့ တိုးတက်လာတော့ သူ တော်တော်လေး စိတ်နှစ်ထားတာ သိသာတယ်၊ မင်းအဘိုးကလည်း သူ့ကို အများကြီး ချီးကျူးထားတာလေ၊ သူက အရည်အချင်းတွေကို ပြသခွင့် မရမှာကိုပဲ စိုးရိမ်နေတာ၊ ပြီးတော့ ဒီကိစ္စကို မင်းအဘိုးလည်း သိထားတယ်၊ အကုန်လုံးကသာ ဝိုင်းဝန်းပူးပေါင်းကြမယ်ဆိုရင် ဘာပြဿနာမှရှိလာမှာ မဟုတ်ဘူး"

"ဒါဆိုလည်း ကောင်းတာပေါ့"

"စိတ်မပူနဲ့၊ ဒီတစ်ခေါက် သမီးရဲ့ အစီအစဉ်က တကယ့်ကို အပြစ်ပြောစရာမရှိအောင် ကောင်းလွန်းပါတယ်၊ ငါ့သမီးလေး ယောင်ယောင်က ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတာပဲလေ၊ ပါးကသာ ဒုက္ခပေးသလိုဖြစ်နေတာ"

ရှုယန်ဝမ် မျက်နှာထက်တွင် ရှက်ရွံ့အားနာမှုများ ယှက်သန်းသွား၏။

"ဒါက ပါးအမှားမှ မဟုတ်တာ၊ သူတို့ လောဘကြီးလွန်းတာကိုပဲ အပြစ်တင်ရမှာပေါ့၊ ကိုယ်တိုင် ကြိုးကြိုးစားစားလုပ်ချင်စိတ်မရှိဘဲ သူများဆီကနေ အချောင်နှိုက်ချင်နေကြတာလေ၊ သူတို့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် လက်စားချေတာကိုတောင် အကြောင်းပြချက် တစ်ခုလိုအသုံးချသွားသေးတယ်၊ တကယ့်ကို အရှက်မဲ့ပြီး အောက်တန်းကျလွန်းတယ်"

သူတို့က မိဘတွေလိုမှ မနေတာပဲ၊ သားသမီးတစ်ယောက်ရဲ့ ဝတ္တရားတွေကို သူမဘက်က ထမ်းဆောင်နေစရာ အကြောင်းမရှိဘူးထ သွေးသားရင်းချာတွေထက် တရားမျှတမှုကို ရှေ့တန်းတင်တာက မိုက်ရိုင်းတာမဟုတ်ဘူး၊ သူတို့ရဲ့ အပြစ်တွေအတွက် ပေးဆပ်စေတာပဲ။

"ကျေးဇူးတင်ပါတယ် ယောင်ယောင်ရယ်၊ပါးကို နားလည်ပေးလို့ ကျေးဇူးပါ"

ရှုယောင်ယောင် ခေါင်းယမ်းလိုက်သည်။

"သမီးကသာ ပါးကို ကျေးဇူးတင်ရမှာပါ၊ ပါးနဲ့မားရဲ့ ဂရုတစိုက် လမ်းညွှန်မှုတွေသာ မပါခဲ့ရင် ဒီနေ့ဆိုတဲ့ ရှုယောင်ယောင် ဖြစ်လာမှာ မဟုတ်ဘူး၊ မေတ္တာဆိုတာ အပြန်အလှန်ပဲလေ၊ ပါးနဲ့မားရဲ့ မေတ္တာတွေကသာ သမီးကို သတ္တိတွေပေးခဲ့တာပါ၊ ကျေးဇူးတင်ပါတယ်နော် ပါးပါး"

ရှုယောင်ယောင်သည် ဖခင်ဖြစ်သူအား ဖက်လိုက်သည်။ ရှုယန်ဝမ်ကလည်း သမီးဖြစ်သူအား နှစ်သိမ့်ပေးသည့်အနေဖြင့် ကျောပြင်လေးကို ဖွဖွလေး ပုတ်ပေးကာ ပြန်လည်ဖက်တွယ်ထားပြီး "အားလုံး အဆင်ပြေသွားမှာပါ၊ ငါတို့ စောင့်ကြည့်ကြတာပေါ့"

"ဟုတ်ကဲ့"

နောက်တစ်နေ့ မွန်းတည့်ချိန်တွင်မူ ဟော်ယန်သည် နေ့လယ် စာစားချိန်နှင့် အတိအကျ ကွက်တိဆိုသလို ဖုန်းရီကုမ္ပဏီသို့ ရောက်လာခဲ့သည်။

ချစ်သူအဖြစ် တရားဝင်သတ်မှတ်ပြီးနောက်ပိုင်း သူတို့၏ ပထမဆုံး ဒိတ်လုပ်ခြင်းအား စတင်ရန်အတွက် ရှုယင်းယင်းမှာ သူ့အား ကုမ္ပဏီကန်တင်းသို့သာခေါ်လာခဲ့သည်။

ချစ်သူကောင်မလေးမှာ သူ၏ရှေ့တွင် ဟင်းပွဲများအား တစ်စားပွဲလုံး အပြည့် စီရီချထားပေးသည်ကို မြင်လိုက်ရသော အခါ ဟော်ယန်တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။

"ယင်းယင်း... ဒါက ကိုယ်တို့ရဲ့ ပထမဆုံး ဒိတ်လုပ်တာလို့ သတ်မှတ်လို့ ရရဲ့လား"

"ရတာပေါ့၊ အဲ့လို သတ်မှတ်လို့ ရတယ်"

ရှုယင်းယင်း တူကို ဖြုတ်ပြီး ဖြစ်ကတတ်ဆန်း ပြန်ဖြေလိုက်သော်လည်း သူမမျက်လုံးများကမူ ရှေ့တွင်ချထားသော ဟင်းပွဲဆယ်ပွဲကျော်ထံမှ တစ်ခဏမျှပင် မခွာနိုင်အောင်ဖြစ်နေသည်။

[နေ့တိုင်း ဟင်းအသစ်ထွက်သမျှကို ငါ လိုက်မြည်းကြည့်ချင်ပေမယ့် ငါ့ဗိုက်က နေရာမဆံ့ဘူးဖြစ်နေတာ၊ အခု ရည်းစားရလာပြီဆိုတော့ စားကြွင်းစားကျန်တွေ လွှင့်ပစ်စရာမလိုတော့ဘူးပေါ့၊ အရမ်းမိုက်တာပဲ]

[ရှောင်ယင်း... သူက နင့်ရဲ့ ရည်းစားလေ၊ အမှိုက်ပုံးမဟုတ်ဘူး ဟုတ်ပြီလား]

[ပေါက်ကရတွေ... ဘယ်အမှိုက်ပုံးက အစားအစာတွေကို လက်နဲ့ နှိုက်စားလို့လဲ]

ဟော်ယန် "..."

စနစ်သည် သူ့သနားစရာကောင်းလှသော မျက်နှာအမူအရာအား ရိပ်ခနဲ မြင်လိုက်ရပြီးနောက်'အလှအပဆိုတာ အရသာရှိတဲ့ အစားအစာကို မယှဉ်နိုင်ပါလားဟု တိတ်တဆိတ်တွေးကာ သက်ပြင်းချလိုက်မိသည်။

ရှုယင်းယင်းသည် ဟော်ယန်အား တက်ကြွစွာ ဟင်းများခပ်ထည့်ပေးပြီး ရက်ရက်ရောရောပြောလာသည်။

"ကုမ္ပဏီက စားဖိုမှူးတွေက နေ့တိုင်း ဟင်းလျာအသစ်တွေ ချက်တာ၊ အရမ်းစားလို့ကောင်းတာပဲ၊ အပြင်က စားသောက် ဆိုင်တွေထက် မညံ့ဘူး၊ ရှင့်ဘာသာ ရှင် နည်းနည်းလောက် မြည်းကြည့်ပါဦး"

"ကောင်းပါပြီ... မင်းလည်း စားဦးလေ"

ဟော်ယန်သည် သူမအတွက် နှင်းဆီရနံ့သင်းနေသော ဝက်နံရိုးကြော် တစ်ဖတ်အား ခပ်ထည့်ပေးလိုက်သည်။ ထိုဟင်းပွဲမှာ သူမနှင့် အဝေးဆုံးတွင်ရှိနေပြီး သူမမှာ ထိုဟင်းပွဲကိုသာ အချိန်အတော်ကြာ လှမ်းကြည့်နေခဲ့ခြင်းဖြစ်သည်။

[ဝါး... ဒါက ငါ အစားချင်ဆုံးဟာလေးပဲ၊ သူက တော်တော် ဂရုစိုက်တတ်တာပဲ]

ဟော်ယန်သည် ချစ်သူကောင်မလေးထံမှ ချီးကျူးစကားကြားရသည်မှာ ဤမျှလွယ်ကူလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် နှုတ်ခမ်းထောင့်များ ကွေးတက်သွားရသည်။ သူတို့နှစ်ယောက်မှာ အချင်းချင်း ဟင်းတွေခပ်ထည့်ပေးပြီး စကားတပြောပြော ရယ်တမောမောဖြင့် ရှိနေကြရာ ထိုလှပသော မြင်ကွင်းမှာ ဘေးနားရှိ အခြားစားပွဲဝိုင်းများမှ လူများအား အတော်လေး နေရထိုင်ရ ခက်စေခဲ့သည်။

"ညည်းတို့ရေ... သူများ အတွဲကို ship ရတာက အတင်းတုတ်ရတာထက်ပိုပြီး အရသာရှိမယ်လို့ ဘယ်သူက ထင်မှာလဲ၊ ငါတော့ ရူးတော့မှာပဲ"

"အား... သူတို့က တကယ့်ကို လိုက်ဖက်လွန်းတဲ့စုံတွဲပဲ၊ ငါတော့ ကန်တင်းမှာပဲ အပြီး အခြေချချင်စိတ်ပေါက်လာပြီ"

"ငါရောပဲ၊ ငါရောပဲ၊ ဥက္ကဋ္ဌဟော်က တော်တော်လေးကို ဂရုစိုက်တတ်တာပဲ၊ မင်းသမီးလေး ယင်းယင်းက လှမ်းကြည့်လိုက်တာနဲ့ ဟင်းက သူမပန်းကန်ထဲ ချက်ချင်းရောက်သွားတာ၊ အဲဒီလို ဂရုစိုက်တတ်တဲ့ အဆင့်လေးနဲ့တင် ငါတော့ သူ့ကို အခုချက်ချင်း လက်ထပ်လိုက်မှာ"

"ပြီးတော့ မင်းသမီးလေး ယင်းယင်းစကားပြောတိုင်း သူက မျက်လုံးထဲကို စူးစူးစိုက်စိုက် ကြည့်ပြီး အရမ်းကို နူးနူးညံ့ညံ့ ပြန်ပြောပေးတာ၊ ဝါး... ငါကရော ဘာလို့ အဲဒီလို ယောကျာ်းမျိုးနဲ့ မတွေ့ရတာလဲ"

"ဥက္ကဋ္ဌဟော်ကို မကြိုက်တာ ငါတစ်ယောက်တည်းလား၊ သူက ငါတို့ရဲ့ အတင်းအဖျင်းတွေကို လာခိုးတာ သိသာကြီးကို၊ မင်းသမီးလေးယင်းယင်းသာ အိမ်ထောင်ကျသွားရင် ငါတို့ အတင်းအဖျင်းလေးတွေကို ဘယ်မှာ သွားရှာစားရတော့မလဲ၊ နင်တို့တွေအကုန်လုံး အလှကြောင့် ကန်းနေကြပြီ"

"ဟုတ်တယ်၊ ပျော်ပျော်ကြီး ship နေရင် နင်တို့ပဲ ခံစားရမှာ၊ ဥက္ကဋ္ဌဟော်က အလှလေးရဲ့ နှလုံးသားကို သိမ်းပိုက်သွားပြီဆိုပေမယ့် ရုံးက ဝန်ထမ်းတွေ အတင်းအဖျင်းမရှိဘဲ ဘယ်လို အသက်ဆက်ရှင်ရမလဲဆိုတာကိုရော သူ တွေးကြည့်ဖူးရဲ့လား"

"နင် အဲဒီလိုပြောလိုက်မှပဲ ဒီအတွဲကို ကြည့်ရတာ သိပ်ပြီး အရသာမရှိတော့သလို ခံစားလာရတယ်"

ရုတ်တရက် အခြေအနေအား သဘောပေါက်သွားကြသော လူတစ်စုသည် ဟော်ယန်ကို ရန်လိုသောအကြည့်များဖြင့် ဝိုင်းကြည့်လာကြသည်။ ချိုမြိန်သော အချစ်ဇာတ်လမ်းလေးအား ကြည့်ကာ ပြုံးယောင်သန်းနေခဲ့သော မျက်နှာများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အတင်းအဖျင်းခိုးသူကြီးအား နာကြည်းမုန်းတီးသော အမူအရာများအဖြစ်သို့ပြောင်းလဲသွားကြသည်။

ရုတ်တရက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသော ဟော်ယန်လည်း အလိုအလျောက် နောက်သို့ လှည့်ကြည့်မိချိန် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အစားစားရန်သာ အာရုံစိုက်နေကြသည်ကို တွေ့လိုက်ရသည်။ သူ ဇဝေဇဝါဖြင့် ရှေ့သို့ ပြန်လှည့်လိုက်ချိန်တွင်မူ စိတ်မသက်မသာဖြစ်ရသော ခံစားချက်ကြီးမှာ တစ်ဖန် ပြန်၀င်ရောက်လာပြန်သည်။

သူ ထပ်မံလှည့်ကြည့်လိုက်ပြန်သော်လည်း ထူးခြားမှု တစ်စုံ တစ်ရာကိုမျှ မတွေ့ရချေ။ ကျစ်... မဟုတ်သေးဘူး၊ သူ့ အလိုလိုသိစိတ်က အမြဲတမ်း တိကျတယ် မဟုတ်လား၊ ဘယ်သူကများ သူ့အပေါ် ဒီလောက်ထိ ရန်လိုနေရတာလဲ...

🍁 Chapter 136

"ရှင်ဘာတွေ လုပ်နေတာလဲ"

ရှုယင်းယင်းသည် စားသောက်ရန် အာရုံမစိုက်ဘဲ ဟိုကြည့်ဒီကြည့် လုပ်နေသော သူမချစ်သူအား မေးလိုက်သည်။

"တစ်ယောက်ယောက်က ကိုယ်တို့ကို ရန်လိုတဲ့ အကြည့်တွေနဲ့ စောင့်ကြည့်နေတယ်လို့ မင်း မခံစားရဘူးလား"

ဟော်ယန် လေးနက်စွာ မေးလေသည်။ ရှုယင်းယင်း ပတ်ဝန်း ကျင်အား ကြောင်တောင်တောင်လေး ဝေ့ကြည့်လိုက်ပြီး "ထမင်းစားချိန်ကြီးမှာ ဘယ်သူက လာပြီး ကလဲ့စားချေနေမှာလဲ၊ ရှင်ပဲ တစ်ခုခု အမှားလုပ်ထားလို့နေမှာပေါ့"

"မဟုတ်ပါဘူး၊ ကိုယ့်ကျောဘက်မှာ မျက်လုံးပေါင်းများစွာက စူးစူးရဲရဲ စိုက်ကြည့်နေကြသလို ခံစားရလို့ပါ၊ ကြက်သီး ထစရာကြီး"

ဟော်ယန်သည် သနားစရာကောင်းသော အမူအရာလေးအမြန်ပြောင်းလဲလိုက်သည်။ ရှုယင်းယင်း မျက်မှောင်ကြုတ်လာသည်။

"ရှင်သာ အစားစားဖို့ သေချာအာရုံစိုက်ထားရင် ဘာမှ သတိ ထားမိမှာ မဟုတ်ဘူး၊ ရှင်က ကျွန်မတို့ရဲ့ ပထမဆုံးဒိတ်လေးကို လေးစားမှုမရှိတာပဲ၊ နောက်တစ်ခေါက် ထပ်ပြီး ဒိတ်မလုပ်ချင်တော့ဘူးလား"

"ဘယ်ဟုတ်ပါ့မလဲ၊ နောက်တစ်ခေါက်ကျရင် ကိုယ်တို့ နှစ်ယောက်တည်း သီးသန့်သွားစားကြမယ်နော်၊ ဟုတ်ပြီလား"

"အင်းပါ... စောင့်ကြည့်ရသေးတာပေါ့"

ရှုယင်းယင်းမှာ ပန်းကန်ထဲသို့သာ ခေါင်းငုံ့ကာ အပူတပြင်း စားသောက်နေသဖြင့် သူမ၏ ဖြစ်ကတတ်ဆန်း တုံ့ပြန်မှုမှယ အလွန်သိသာလွန်းနေသည်။

ဟော်ယန်မှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ့ သံသယများကိုသာ မြိုသိပ်ပြီး အစားစားရန်သာ အာရုံစိုက်လိုက်ရတော့သည်။ သို့သော် နောက်တစ်ကြိမ်တွင် ဤကန်တင်း၌ လာစားမည့်အစား သူမအား ပြန်ပေးဆွဲသွားရန်သာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤခံစားချက်ကြီးမှာ အလွန်အဆင်မပြေလွန်းလှပေ။

[ရှောင်ယင်းရေ... ဒါက မင်းရည်းစားနဲ့ ပထမဆုံး ဒိတ်လုပ်တာလေ၊ အဲဒါကို ကန်တင်းမှာပဲ ပြီးစလွယ်လုပ်တော့မလို့လား၊ သူက ဘီလီယံနာ စီအီးအိုကြီးလေဟ ]

စနစ်လေးမှာ Host ဖြစ်သူ၏တုံးအမှုကြောင့် မကြည့်ရက်နိုင်တော့ဘဲ စိုးရိမ်တကြီး သတိပေးလာသည်။

[ဘယ်ဟုတ်ရမလဲ၊ ခဏနေကျရင် သူ့အတွက် အစပ်ချောင်းတွေ ဝယ်ပေးပြီး အနားယူဖို့ ခေါင်မိုးထပ်က ပန်းခြံလေးဆီ ခေါ်သွားမှာပေါ့]

[ဟော်ယန်က အစပ်ချောင်း ကြိုက်လို့လား]

[ငါလည်း မသိဘူးလေ၊ ဒါပေမဲ့ ငါကတော့ ကြိုက်တယ်၊ သူစားချင်တယ်ဆိုရင်တောင် အများဆုံးတစ်ချောင်းပဲ ပေးမှာ၊ ဘာလို့ဆို သူ့ဗိုက် ဒဏ်မခံနိုင်မှာစိုးလို့]

စနစ်မှာ သူမ၏ စကားကြောင့် မျှော်လင့်ချက် ကင်းမဲ့သွားရတော့သည်။ ရှုယင်းယင်း ဟော်ယန်အား အကဲခတ်သည့်ဟန်ဖြင့် ခိုးကြည့်လိုက်ရာ သူ့ ချစ်သူကောင်မလေးထံတွင် ပြဿနာတစ်စုံတစ်ရာ ရှိနေသည်အား လုံးဝသတိမထားမိဘဲ ပီတိဖြာနေသော သူ့ မျက်နှာကိုသာ တွေ့လိုက်ရလေသည်။ သူသည် အချစ်ရူးရူးနေပြီး အကန်းတစ်ယောက်ပမာဖြစ်နေသည်။

ဒါက မူလတန်းအဆင့် အချစ်ဇာတ်လမ်းကြီးများလား...

စနစ်မှာ ရူးချင်ချင်ပင် ဖြစ်လာရသည်။ ဟော်ယန်သည် အစားအသောက်နှင့် ပတ်သက်၍ ဂျီးများသူ မဟုတ်ပေ။ သူ့ ချစ်သူနှင့် အချိန်ပိုဖြုန်းခွင့်ရမည်ဆိုပါက ဆာလောင်မှုကိုပင် ဝမ်းမြောက်ဝမ်းသာ သည်းခံနေလိမ့်မည်ဖြစ်သည်။ အချစ်သည် အရာအားလုံးကို အောင်နိုင်သည်ဆိုသည့် ပျော်ရွှင်မှုအား သူ ကောင်းကောင်းနားလည်၏။

နေ့လယ်စာ စားပြီးနောက် ရှုယင်းယင်းမှာ ဟော်ယန်အား ခေါင်မိုးထပ်ရှိ ပန်းခြံလေးဆီသို့ ခေါ်ဆောင်သွားသည်။ သူတို့အားမြင်လိုက်ရသော လုပ်ဖော်ကိုင်ဖက်များသည် ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် အလျင်အမြန်ပင် ရှောင်ထွက်သွားကြသည်။ ရှုယင်းယင်းမှာ သူမ အမြဲတမ်းထိုင်လေ့ရှိသော ခုံတန်းလျားလေးဆီသို့ သွားကာ ခြေထောက်လေးများကိုလွှဲပြီး အစပ်ချောင်းများကို ဇိမ်ကျကျထိုင်စားနေသည်။ ဟော်ယန်ကမူ နို့ဘူးတစ်ဘူးကို ဖောက်ကာ သူမအား တိုက်ရန်အသင့်ပြင်ထားသည်။ သူ သူမ မုန့်များအား စားချင်သည့်စိတ်မရှိခြင်းက ရှုယင်းယင်းအား အလွန် ကျေနပ်စေခဲ့သည်။

[ငါ့ရဲ့ အစပ်ချောင်းတွေကို လောဘမတက်တဲ့ ယောကျာ်းတွေက တကယ့်ကို အကောင်းဆုံးချစ်သူပဲ၊ ဟော်ယန်တော့ စမ်းသပ်မှု အောင်မြင်သွားပြီ]

ဟော်ယန်တစ်ယောက် ပျော်ရွှင်စွာစားသောက်နေသော ကောင်မလေးအား ဘေးတစောင်း ငေးကြည့်ပြီး အပြုံးများကို မထိန်းချုပ်နိုင်တော့ဘဲ သူ့ ရင်ထဲတွင်လည်း နွေးထွေးမှုတို့ဖြင့် အရည်ပျော်ကျသွားရသည်။ သူတို့ အစာစားပြီးနောက် ခေါင်မိုးထပ်တွင် အေးအေးဆေးဆေး အနားယူပြ ပြာလဲ့နေသော ကောင်းကင်ကြီးကို ငေးမောကာ နေရောင် ခြည်နွေးနွေးလေးကို ခံယူနေပြီး သူ့ချစ်ရသူ၏ ပျော်ရွှင်နေသော မျက်နှာလေးအား မြင်တွေ့ရခြင်းမှာ သူ့ကိုပါ ပျော်ရွှင်စေခဲ့သည်။

ဤကဲ့သို့သော သာမန်နေ့စဉ်ဘဝ မြင်ကွင်းမျိုးမှာ ဟော်ယန်အတွက်တော့ ပထမဆုံးအကြိမ်ပင်။ ထိုခံစားချက်မှာ ဆန်းသစ်မှုထက် ကျော်လွန်ကာ ရိုးရှင်းအေးချမ်းပြီး ထာဝရတည်တံ့မည့် ဘဝတစ်ခုကို ပိုင်ဆိုင်ချင်သော မျှော်လင့်တောင့်တမှုများကိုပင် လှုံ့ဆော်ပေးလာသည်။

"ယင်းယင်း... ကိုယ်တို့ လက်ထပ်ကြရအောင်"

ဟော်ယန် ဘာမှစဉ်းစားမနေဘဲ ရုတ်တရက် ဗြုန်းစားကြီး ဖွင့်ပြောလိုက်သည်။

"ဘယ်လို"

ရှုယင်းယင်း အစပ်ချောင်းအား ဝါးနေဆဲဖြစ်သော်လည်း အံ့ဩမှင်သက်မှုများ အပြည့်ဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာသည်။ သို့သော် သူမ ပါးစပ်လေးကမူ လှုပ်ရှားနေရာမှ မရပ်တန့်သွားဘဲ မျက်နှာလေး ရှုံ့မဲ့သွားသည်ကိုမြင်လိုက်ရသဖြင့် ဟော်ယန်တစ်ယောက် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ သူ ပြုံးလိုက်ပြီး သူမ နှုတ်ခမ်းထောင့်တွင် ပေနေသော ငရုတ်ဆီများအား လက်ဖြင့် သုတ်ပေးကာရှင်းပြလိုက်သည်။

"ကိုယ်တို့ ဒီနေ့လိုမျိုး အတူတူ အစားစားကြမယ်၊ စကားတွေပြောကြမယ်၊ နေပူဆာလှုံကြမယ်၊ နေ့တိုင်း အဲဒီလိုဖြတ်သန်း ချင်လို့ ရုတ်တရက်ကြီး မင်းကို လက်ထပ်ချင်သွားတာ"

ရှုယင်းယင်း ချက်ချင်းပြန်တုံ့လိုက်သည်။

"လက်ထပ်ပြီးသွားရင် ရှင်က အလုပ်မလုပ်တော့ဘဲ နေမလို့လား၊ နေ့တိုင်း ကျွန်မနဲ့ပဲ အချိန်တွေ ဖြုန်းနေမယ်ဆိုရင် ဘယ်သူက ပိုက်ဆံရှာပြီး မိသားစုကို ကျွေးမွေးမှာလဲ၊ ကျွန်မ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ ကျွန်မက ပိုက်ဆံရှာတာ သိပ်မတော်ဘူး၊ အသုံးမကျတဲ့သူ တစ်ယောက်ပဲ၊ ကျွန်မကို လက်ထပ်ရတာ တော်တော်လေး အန္တရာယ်များတယ်၊ သေချာ စဉ်းစားဦး"

ရှုယင်းယင်း၏ ရိုးသားပွင့်လင်းလှသော အကြံပေးစကားကြောင့် ဟော်ယန် အသံထွက်အောင် ရယ်ချမိသွားသည်။

"ယင်းယင်းရယ်... ကိုယ်က ပိုက်ဆံကိစ္စဆို ပူစရာမလိုတော့ဘူး၊ ဘာမှမလုပ်ဘဲ နေလည်း ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေက လျော့သွားမှာမှ မဟုတ်တာ၊ ဒါပေမဲ့ မင်းက ကိုယ့်ကို အချိန်တွေအလကား မဖြုန်းစေချင်ဘူးဆိုရင်တော့ ကိုယ်ဆက်ပြီး အလုပ်လုပ်ပါ့မယ်၊ အရင်တုန်းကလို အလုပ်ကိုပဲ ရူးသွပ်နေတဲ့သူတော့ ဖြစ်မှာမဟုတ်တော့ဘူးပေါ့၊ မင်းက ကိုယ့်ကိုအရှုပ်ကြီးလို့မမြင်ရင် ကိုယ့်အချိန်ရဲ့ သုံးပုံနှစ်ပုံလောက်ကို မင်းနဲ့ အတူတူ ဖြတ်သန်းမယ်လေ"

"ကျွန်မက ရှင့်ကို အရှုပ်လို့မြင်မလားဆိုတာတော့ မသိဘူး၊ ဒါက ကျွန်မဘ၀မှာ ပထမဆုံးရည်းစားထားဖူးတာဆိုတော့ အဲဒီမေးခွန်းကိုတော့ မဖြေတတ်သေးဘူး"

ရှုယင်းယင်း၏လေးနက်စွာ ဖြေကြားလိုက်သော အဖြေကြောင့် ဟော်ယန်တစ်ယောက် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိပြီး သူ့ ချစ်သူကောင်မလေးမှာ အလွန်ချစ်စရာကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။

"တောင်းပန်ပါတယ်၊ ကိုယ် အရမ်းရုတ်တရက်ဆန်သွားတယ်၊ ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာ ကိုယ့်အချစ်ကို အနေရခက်အောင် လုပ်မိသွားပြီ"

"သိရင်လည်း ပြီးတာပဲ၊ ရှင့်ရဲ့ တောင်းပန်မှုကိုတော့ ကျွန်မ လက်ခံပါတယ်"

ရှုယင်းယင်းသည် စကားပြောပြီးသည်နှင့် ခေါင်းပေါ်တွင် လွင့်မျောနေသော တိမ်တိုက်များဆီသို့ လှည့်ကြည့်လိုက်ကာ ဤအခိုက်အတန့်၏ ငြိမ်းချမ်းတိတ်ဆိတ်မှုကို ခံစားနေ သည်။ ဟော်ယန်လည်း သူမ၏ကျေနပ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် တစ်ချက်ပြုံးကာ သူမပါးပြင်လေးကို အသာအယာ ဆွဲညှစ်လိုက်ပြီး သူမအေးချမ်းမှုအား မနှောင့် ယှက်လိုသဖြင့် ကောင်းကင်ကြီးကိုသာ မော့ကြည့်တော့ သည်။

သူတို့တွေက ချစ်သူရည်းစားတွေတောင် ဖြစ်နေကြပြီပဲ၊ တရားဝင်ဇနီးမောင်နှံတွေ ဖြစ်လာဖို့က ဘယ်လောက်များ ဝေးတော့မှာမို့လို့လဲ၊ သူ လောစရာမလိုပါဘူးလေ...

All Chapters