အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
🍁 Chapter 137
ထိုနောက်ပိုင်း နေ့ရက်များတွင်မူ ရှုယင်းယင်းသည် သူမ၏ ပုံမှန်ရုံးချိန် ကိုးနာရီမှ ညနေ ငါးနာရီ အလုပ်လေးအား လုပ်ရင်း အတင်းအဖျင်း နားထောင်ရသည့် အလေ့အကျင့်ကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ယခင်ကနှင့်မတူ ထူးခြားသွားသည်မှာ အလုပ်ဆင်းချိန်ရောက်တိုင်း ဟော်ယန်က သူမအား အစစအရာရာ လိုက်လံ ဂရုစိုက် အလိုလိုက်လာခြင်းပင်။
သူသည် သူမအား ဆိုင်သစ်များသို့ ခေါ်သွားကာ အရသာသစ်များကို မြည်းစမ်းစေတတ်သလို၊ နှင်းလျှောစီး၊ လေထီးခုန်ခြင်းနှင့် ရေလွှာလျှောစီးစသည့် အားကစားမျိုးစုံကိုလည်း ကစားစေသည်။ သူတို့သည် စနေနေ့များတွင် ကစားကွင်းများသို့သွား၍ တနင်္ဂနွေနေ့များတွင် လေထီးခုန်ကြကာ သူမအတွက် နေ့စဉ်ရက်ဆက် အစီအစဉ်များအား စေ့စပ်သေချာစွာ ရေးဆွဲပေးထားသည်။ ရုံးပိတ်ရက်ရှည်များတွင်မူ နိုင်ငံရပ်ခြားသို့ပင် လေယာဉ်ဖြင့် သွားရောက်တတ်ကြပြီး တစ်ခါတစ်ရံတွင် အရသာရှိသော အစားအ သောက်များအား ရှာဖွေရန်ဖြစ်ကာ တစ်ခါတစ်ရံတွင်မူ သူမအတွက် ဆန်းသစ်သော လက်ဆောင်ပစ္စည်းလေးများ ဝယ်ပေးရန်ဖြစ်သည်။
ဟော်ယန်၏အဆက်မပြတ် ဂရုတစိုက် အလိုလိုက်မှုများအောက်တွင် ရှုယင်းယင်းမှာ သူ့အဖော်ပြုပေးမှုနှင့် တဖြည်း ဖြည်း ရင်းနှီးကျွမ်းဝင်လာပြီး သူတို့ဆက်ဆံရေးမှာလည်း တစ်နေ့တခြား ပိုချောမွေ့ပြေပြစ်လာခဲ့သည်။
ယခုအခါ ဟော်ယန် တရုတ်ပြည်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းများက အထက်တန်းလွှာ အသိုင်းအ ဝိုင်းကြားတွင် စတင်ပျံ့နှံ့လာခဲ့ရာ ညစာစားပွဲ ဖိတ်စာမျိုးစုံကလည်း မိုးပေါက်များအလား ကျဆင်းလာတော့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုး၌ ဟော်ယန်သည် သူ့ အတွင်းရေးမှူးကိုသာ ကိုယ်စားလွှတ်လေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေအနေက ကွာခြားသွားပြီ ဖြစ်သည်။ သူ့ ချစ်သူကောင်မလေးမှာ အတင်းအ ဖျင်းများကို အလွန်နှစ်သက်သူဖြစ်နေသောကြောင့် သူကိုယ် တိုင် အဖော်ပြု၍ လိုက်ပါသွားရမည်မှာ အသေအချာပင်။
"ချစ်... ဟိုရောက်ရင် ကိုယ့်နောက်ကပဲ လိုက်ခဲ့နော်၊ လူမှုရေးအရ ဆက်ဆံရမယ့် ကိစ္စတွေကို ကိုယ်ပဲ တာဝန်ယူ ဖြေရှင်းပေးမယ်၊ မင်း သဘောကျရင် ဝင်ပါလို့ရသလို၊ မကြိုက်ရင်လည်း ဒီအတိုင်းနေလို့ရတယ်"
"အင်းပါ၊ ကျွန်မ သိပါတယ်"
ရှုယင်းယင်း တည်ငြိမ်စွာ ပြန်ဖြေသည်။
[ရိုးရိုးသားသားပြောရရင် ငါ့ရည်းစားက တကယ်ကို မိုက်တာ၊ သဘောထား ပြည့်ဝတယ်၊ နူးညံ့တယ်၊ ပြီးတော့ ပျော်တတ်တယ်၊ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ငါ့နှလုံးသားလေးက လုံးဝကို သိမ်းပိုက်ခံလိုက်ရပြီ၊ အလုပ်ထဲတောင် သေချာ အာရုံမစိုက်နိုင်တော့ဘူး၊ ချွေတာတဲ့ ဘဝကနေ ဇိမ်ကျတဲ့ ဘဝကို ကူးပြောင်းရတာ လွယ်တယ်လို့ လူတွေ ပြောကြတာ မဆန်းပါဘူးလေ]
[ဟက်... အခုမှပဲ သူဘယ်လောက်ကောင်းလဲဆိုတာ နင် သိတော့တယ်၊ အရင်တုန်းက အသေအလဲ ငြင်းဆန်နေခဲ့တာ ဘယ်သူပါလိမ့်]
[ကျစ်... ငယ်ရွယ်နုနယ်ပြီး ဘာမှမသိနားမလည်တဲ့ အရွယ်မှာ အမှားမလုပ်ဖူးတဲ့သူ ဘယ်သူရှိလို့လဲ၊ အခု ငါ ပြောင်းလဲသွားပြီလေ ဟုတ်တယ်မလား၊ အမှားကို သိပြီး ပြင်တဲ့သူက ရွှေထက်တောင် တန်ဖိုးရှိသေးတယ်]
[ဟင်း... မိန်းမတွေများ]
[အခုတလော ပျော်စရာတွေ အများကြီးကြုံခဲ့ရပေမယ့် ငါကတော့ ဒီလို ပွဲလမ်းသဘင်တွေနဲ့ အတင်းအဖျင်းတွေကို ပိုသဘောကျတုန်းပဲ၊ ဒါက တခြားအရသာတစ်မျိုးပဲလေ၊ နင်လည်း သဘောကျတယ် မဟုတ်လား]
[အရင်ကတော့ ငါ အတင်းအဖျင်းတွေကို သဘောကျခဲ့တာ မှန်တယ်၊ ဒါပေမဲ့ အခုတော့ နင်တို့ အတွဲလေး ဒိတ်လုပ်တာကိုကြည့်ရတာ ပိုသဘောကျတယ်၊ မောက်မာတဲ့ စီအီးအိုကြီးက နင့်ကို အသစ်အဆန်းတွေ အများကြီးလိုက်လုပ်ပေးနေတာလေ၊ ဒါက အတင်းအဖျင်းတွေထက် ပိုစိတ်ဝင်စားဖို့ ကောင်းတယ်]
[တစ်ခုစီမှာ သူ့အားသာချက်နဲ့သူ ရှိတာပေါ့၊ တစ်ဖက်တည်းကိုပဲ မျက်နှာသာပေးလို့ မရဘူးလေ၊ ပြီးတော့ ငါ့ရဲ့ အခု ရပ်တည်ချက်အရ ဒီလိုပွဲလမ်းသဘင်တွေ အများကြီး ရှိလာဦးမှာဆိုတော့ နင် တစ်သက်လုံး အဝစားရဖို့လုံလောက်ပါတယ်]
[ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ နင်ပြောတာ မှန်ပါတယ်၊ အခု နင်နဲ့ ဟော်ယန်က တရားဝင် ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ လက်ထပ်ဖို့ကိစ္စလည်း အစီအစဉ်ထဲပါလာလောက်ပြီ၊ ငါထင်တာတော့ အဘိုးရှူက ဟော်ယန်ရဲ့ အဘွားနဲ့တောင် တိုင်ပင်နေလောက်ပြီ]
[စဉ်းစားကြည့်လေ၊ အဘိုး ငါ့အနားမှာ ထားပေးထားတဲ့ ဦးလေးကျန်းက အဘိုးရဲ့ သူလျှိုလေ၊ ဟော်ယန်နဲ့ ငါ့ရဲ့ တိုးတက်မှု အခြေအနေကို သူ အသိဆုံးပဲ၊ ဒီရက်ပိုင်း လူတိုင်း အလုပ်များနေတာ နင် မမြင်ဘူးလား၊ အမေဆိုရင်လည်း ဒီဇိုင်နာတွေနဲ့ တွေ့လိုက်၊ ပွဲစီစဉ်သူတွေနဲ့ တိုင်ပင်လိုက်နဲ့၊ သူ့သမီး မင်္ဂလာဆောင်အတွက် ပြင်ဆင်နေတာ သိသာကြီးကို၊ မင်္ဂလာကိစ္စက အစီအစဉ်ဆွဲနေတာကြာလှပြီ]
[ဟော်ယန်သာ ရုတ်တရက်ကြီး နင့်ကို လက်ထပ်ခွင့်တောင်းရင် နင် လက်ခံမှာလား]
[သေချာပေါက် လက်ခံမှာပေါ့၊ လက်ထပ်ပြီးသွားရင် ငါ အလုပ်လုပ်စရာ မလိုတော့ဘူးလေ၊ အဲဒီအချက်လေး တစ်ခုတည်းနဲ့တင် ငါ လက်ခံမှာ]
[နင် တခြား အကြောင်းပြချက်လေး ဘာလေး စဉ်းစားလို့မရဘူးလား၊ ဒါက နည်းနည်းတော့ နာကျင်စရာကောင်းသား၊ သူက နင့်ကို အရမ်းချစ်နေတာကို]
ထိုစကားများကို ကြားနေရသော ဟော်ယန်သည် စိတ်ထဲမှနေ၍ အကြိမ်ကြိမ် ခေါင်းညိတ်ထောက်ခံမိသည်။ သူ့ ချစ်သူကောင်မလေးမှာ သူ့အပေါ် ထားရှိသော အချစ်မှာ အလွန်ပင် ပေါ့ပျက်ပျက် နိုင်လွန်းလှသည်။ တစ်ခါတစ်ရံတွင် သူ့ဆွဲဆောင်မှုက ဟင်းတစ်ပွဲလောက်ပင် မစွမ်းသာချေ။ သူမ သူ့အားကြည့်သော အကြည့်များမှာ အတင်းအဖျင်း စားနေချိန်လောက်ပင် စိတ်အားထက်သန်မှုမရှိသည်က သူ့အား အလွန်ပင် ၀မ်းနည်းစေသည်။
သူတို့၏ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်လာခဲ့သော် လည်း၊ ရင်းနှီးကျွမ်းဝင်မှု အတိုင်းအတာမှာ အနမ်းပေးသည့် အဆင့်လောက်သာ ရှိသေးရာ လူလတ်ပိုင်းအရွယ်ရောက်မှ အချစ်ဦးနှင့် ဖူးစာဆုံရသူ တစ်ယောက်အတွက်မူ ဤသည် မှာ ရက်စက်လွန်းရာကျနေပြန်သည်။
[ငါ သူ့ကို စိတ်ဝင်စားနေရင်တောင် အခွင့်အရေးကောင်းကို စောင့်ရဦးမှာပေါ့၊ နင့်လို အပိုကောင်ကြီးရှိနေတော့ တစ်ခုခု ဖြစ်ချင်ရင်တောင် တစ်ယောက်ယောက်က ချောင်းကြည့်နေသလို ခံစားရလို့လေ]
[ဒါ ငါ့အမှားလား]
[ဒါဆို နင့်ကို ပိတ်ထားလို့ ရမလား]
[နင် ဘာလုပ်ဖို့ ကြံနေတာလဲ၊ အဲဒီလောက်တောင် အလော တကြီး ဖြစ်နေတာလား]
ဟော်ယန် မျက်လုံးများ အရောင်လက်သွားသည်။ သူ့ အနာဂတ်ဇနီးလောင်းလေးနှင့် ဆက်ဆံရေးအား ရှေ့တစ်လှမ်း တိုးနိုင်မတိုးနိုင်ဆိုသည်မှာ ဤအခိုက်အတန့်လေးပေါ်တွင်သာ မူတည်နေပြီဖြစ်သည်။
[ဒါပေါ့၊ ဒီလို အရည်အသွေးမြင့်တဲ့ ယောကျာ်းကိုကြည့်ပဲကြည့်နေရပြီး ထိလို့မရဘူးဆိုရင် နင်ကော မလောဘဲနေမလား]
စနစ်လေးမှာ Host၏ ရမ္မက်ဇောကြွနေမှုအပေါ် မကျေမနပ် ဖြစ်ရသော်လည်း သဘောထားကြီးစွာဖြင့် ပြောလာသည်။
[ငါ့အကြောင်းကို မတွေးနဲ့၊ ငါ ရှိနေတယ်ဆိုတာကို လုံးဝမေ့ထားလိုက်]
[ဒီလောက် ရိုးရှင်းတာလား၊ ငါ စမ်းကြည့်မယ်]
နောက်တစ်စက္ကန့်တွင်မူ စနစ်လေး၏ အာရုံခံနိုင်စွမ်းများအားလုံး ပိတ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရပြီး အဆုံးမဲ့ အမှောင်ထုကြီးထဲသို့ ကျဆင်းသွားတော့သည်။
စနစ် : [QAQ ဝူးဝူး... နင် တော်တော် သစ္စာမရှိတာပဲ]
ရှုယင်းယင်းသည် ထိုအခွင့်အရေးကို အရယူကာ ဟော်ယန်အား နမ်းရှိုက်လိုက်သည်။ အနည်းဆုံး ငါးမိနစ်ခန့် ကြာမြင့်သော အဆိုပါ အနမ်းရှည်ကြီးသည် သူ့ ရမ္မက်မီးတောက်များအား ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
ဟော်ယန် : စမ်းသပ်မှုတစ်ခုဆိုပေမယ့်၊ ဒီလိုကြီး သွေးပူအောင် လုပ်စရာတော့ မလိုဘူးလေ :)
[ရှောင်ချီ... ခုနက ငါ ဘာလုပ်လိုက်တယ်ထင်လဲ]
ရှုယင်းယင်း၏ မေးခွန်းထုတ်လိုက်သော လေသံတွင် အရုပ်အသစ်လေး တစ်ရုပ်အားကြွားဝါချင်နေသော ကလေးငယ်တစ်ယောက်အလား ပြင်းပြသော မျှော်လင့်ချက်များ အပြည့် ပါနေသည်။
[ငါ မသိဘူးလေ၊ မြင်လည်း မမြင်ရ၊ ကြားလည်း မကြားရဘူးဆိုတော့ မှန်းလို့တောင် မရဘူးလေ၊ တကယ် ဒေါသထွက်ဖို့ကောင်းတယ်၊ ဒါပေမဲ့ ငါ မှန်းကြည့်ရမယ်ဆိုရင် နင် သူ့ကို ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုခု သေချာပေါက် လုပ်လိုက်တာပဲ]
[ဟီးဟီးဟီး... အခုတော့ နင့်ရဲ့ offline အခြေအနေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ ငါ သိသွားပြီ]
[အဲဒါဆို နင် မကောင်းတာ တစ်ခုခုလုပ်ချင်တဲ့အချိန်ကို ငါလည်း သိသွားပြီပေါ့၊ ဟွန့်]
[ရပါတယ်၊ နင် မြင်မှ မမြင်ရတာ၊ နင့်ဘာသာ ကြိုက်သလောက်သာ စိတ်ကူးယဉ်နေလိုက်]
[နင်က ရုပ်ရည်လေးကို ကြည့်ပြီး ငါတို့ရဲ့ အတင်းအဖျင်းတွေကို လျစ်လျူရှုထားတော့မှာလား]
သူသည် အတင်းအဖျင်း စားသောက်ရသော စနစ်လေးဖြစ်ရာ အချိန်အကြာကြီး အတင်းအဖျင်း မရပါက သေသွားနိုင်ချေရှိသည်။
[ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ၊ ရည်းစားထားတယ်ဆိုတာက အပျော်သဘောသက်သက်ပါ၊ အတင်းအဖျင်းဆိုတာကမှ ဘဝရဲ့ တကယ့်ပျော်စရာအစစ်အမှန်လေ၊ စိတ်မပူပါနဲ့၊ ငါ နင့်ကို စွန့်ပစ်မှာ မဟုတ်ပါဘူး၊ အတင်းအဖျင်း မရှိတဲ့ဘဝက အဓိပ္ပာယ်မှမရှိတာ]
[အင်း... အဲဒါဆိုရင်တော့ ငါ စိတ်အေးသွားပြီ၊ နင် ငါ့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ၊ နင့်ကိုဒါတွေကြောင့်ချစ်နေရတာ သိလား ရှောင်ယင်း]
စနစ်သည် မြှောက်ပင့်ဖားယားမှုများအပြည့်ဖြင့် အသည်းပုံလေးများပေးပို့လာသည်။ စနစ်၏ ဖားယားတတ်မှုကြောင့် ရှုယင်းယင်းမှာ သဘောကျစွာဖြင့် တခစ်ခစ် ရယ်မောလိုက်မိသည်။ ဟော်ယန်လည်း လိုက်ပါရယ်မောလိုက်မိပြီး သူမ၏ လက်လေးအား ဆွဲယူကာ လက်ချောင်းလေးများကို ယှက်နွှယ်လျက် ဆုပ်ကိုင်လိုက်သည်။
ကားလေးသည် ညစာစားပွဲ ကျင်းပရာနေရာသို့ အလျင်အ မြန် ဝင်ရောက်လာပြီးနောက် သူတို့နှစ်ယောက်သည် လက်ချင်းချိတ်လျက် ကားပေါ်မှဆင်းကာ ပင်မခန်းမကြီးထဲသို့ ဝင်လာကြသည်။
ရှုယင်းယင်း မျက်လုံးများမှာ ချက်ချင်းဆိုသလို အရောင်လက်သွားပြီး အတော်လေးကို စိတ်အားထက်သန်နေပုံရသည်။
[ရှောင်ချီ... ထမင်းစားချိန် ရောက်ပြီဟေ့]
[လာပါပြီ]
သူတို့၏အသံများ လူတိုင်းနားထဲသို့ ပဲ့တင်ထပ်သွားသော အခါ အတင်းအဖျင်းစနစ်အကြောင်းအား သိထားသူများမှာ နားစွင့်လိုက်ကြပြီး မသိသေးသူများမှာမူ အံ့အားသင့်စွာဖြင့် ဘေးဘီသို့ ဝေ့ကြည့်လိုက်ကြသည်။
ညစာစားပွဲကို ကျင်းပသော အိမ်ရှင်ဖြစ်သူမှာ ကျောချမ်းသွားသလို ခံစားလိုက်ရသည်။ ဒုက္ခပါပဲ... ဟော်ယန် ချစ်သူကောင်မလေးက နာမည်ကျော် အတင်းအဖျင်းဘုရင်မ ရှုယင်းယင်း ဖြစ်နေတာကို သူ မေ့သွားတာ...
🍁 Chapter 138
[ဒီအိမ်ရှင်က တော်တော်လေး ရိုးသားဖြောင့်မတ်တယ်၊ သူ့ဆီမှာ စားစရာ အတင်းအဖျင်း သိပ်မရှိဘူး၊ ဒါပေမဲ့ ပွဲလာတဲ့ ဧည့်သည်တွေကတော့ တစ်ယောက်တစ်မျိုးစီပဲ၊ အဆင်သင့်ပဲလား]
အိမ်ရှင်သည် သူဘေးကင်းသွားပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး အရည် ရွှမ်းသော အတင်းအဖျင်းများအားနားထောင်ရန် အာရုံစိုက်လိုက်သည်။ တကယ့်ကို... တခြားသူတွေရဲ့ အတင်းအဖျင်းက အမြဲတမ်း အချိုမြိန်ဆုံး မဟုတ်ပါလား။
သို့သော် စနစ်ရည်ညွှန်းလိုက်သော ဧည့်သည်များမှာမူ ကိုယ် ပိုင် အတွေးကိုယ်စီ ရှိနေကြသည်။ အချို့မှာ စပ်စုချင်စိတ်ဖြင့် အရည်ရွှမ်းသော အတင်းအဖျင်းများကို စောင့်ဆိုင်းနေကြပြီး အချို့ကမူ ကြောက်လန့်တကြား စိုးရိမ်ပူပန်နေကြကာ အချို့သည်တော့ ထွက်ပြေးရန်ပင် အသင့်ပြင်နေကြပြီ ဖြစ်သည်။
[အဆင်သင့်ပဲလား၊ စပြီနော်...]
[အိုကေ... နာရီလက်တံ ရှစ်နာရီအရပ်က ညီအစ်မနှစ်ယောက်ကိုကြည့်၊ အနက်ရောင်ဝတ်စုံနဲ့ တစ်ယောက်ရယ်၊ အပြာရင့်ရောင် ကြိုးမဲ့ဂါဝန်နဲ့ တစ်ယောက်ရယ်ကို မြင်လား]
လူတိုင်းသည် သူတို့၏ ပစ်မှတ်များအား တိတ်တဆိတ် ရှာဖွေလိုက်ကြပြီးနောက် စူးစိုက်လိုက်ကြသည်။
[အင်း၊ မြင်တယ်၊ ဘာအတင်းလဲ]
[အဲဒီ ညီအစ်မနှစ်ယောက်က ပြီးခဲ့တဲ့လကမှ ကွာရှင်းထားကြတာ၊ ပြီးတော့ ပြန်လက်ထပ်ကြတယ်၊ အစ်မလုပ်သူက သူ့ရဲ့မတ်နဲ့ လက်ထပ်လိုက်ပြီး၊ ညီမလုပ်သူကလည်း သူ့ရဲ့ ခဲအို (အစ်မယောက်ျားဟောင်း) နဲ့ လက်ထပ်လိုက်ကြတာလေ]
[အမလေး... သူတို့ မိသားစုထဲမှာပဲ အဆီအနှစ်တွေကို ပြန်ထိန်းသိမ်းထားကြတာကို]
{T/N : အဆီအနှစ်ဆိုတာ ဟိုဒင်းကထွက်လာတဲ့ ဟိုဟာပါ🌚}
ဝိုင်တစ်ငုံ သောက်လိုက်ခါစ ဟော်ယန်မှာ ထိုစကားကိုကြား လိုက်ရသောအခါ သီးသွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။
"အဟွတ်... အဟွတ်... အဟွတ်"
ဟော်ယန် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်ငြား လည်း ဤအတင်းအဖျင်းကြောင့် လန့်သွားပြီး ချောင်းဆိုးသွားရသည်။
"ဖြည်းဖြည်းသောက်ပါ"
ရှုယင်းယင်း သူ အသက်ရှူမှန်စေရန် ကျောပြင်အား ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ရပါတယ်၊ ကိုယ် အဆင်ပြေပါတယ်"
ဟော်ယန်သည် သူမလက်ကို ဆုပ်ကိုင်လျက် အလျင်အမြန် ပြန်ပြောသည်။ သူ တစ်ယောက်တည်းသာမက ဤ အတင်း အဖျင်းဘုရင်မ၏ အတွေးအား ပထမဆုံးအကြိမ်ကြားဖူးသူတိုင်းမှာ အံ့ဩမှင်သက်သွားကြသည်။ အမှန်ပင် အတင်းအ ဖျင်း နားထောင်ရခြင်းသည် ခါးသက်သက်နှင့် ချိုမြိန်သော ပျော်ရွှင်မှုတစ်ရပ်ဖြစ်ကာ အလွန်အမင်းအဓိပ္ပာယ်မဲ့လွန်းသလို ပေါက်ကွဲအားလည်း ပြင်းထန်လွန်းလှသည်။
ရှေ့ဆက်ကြစို့...
ဟော်ယန် အခြေအနေ ပြန်ကောင်းသွားသည်ကို မြင်သော အခါ ရှုယင်းယင်းသည် သူ့အတွက် ရေတစ်ခွက်ယူပေးလိုက်ပြီး သူ ရေသောက်နေသည်ကို စောင့်ကြည့်ပြီးမှသာ ဆက် လက်၍ အတင်းအဖျင်းစားသုံးခြင်းကို အစပြုလိုက်လေသည်။
[ဆက်မယ်၊ ဆက်မယ်]
[ညာဘက် ကိုးနာရီအရပ်က ခါးလောက်ထိရှည်တဲ့ ဆံပင်နဲ့၊ အပြာနုရောင် ပိုးသားဂါဝန် ဝတ်ထားတဲ့ မိန်းကလေးကိုကြည့်]
[အင်း၊ မြင်ပြီ]
[သူက ရည်းစားဟောင်းနဲ့ ပြတ်ပြီး ဒုတိယအပတ်မှာပဲ၊ အဲဒီရည်းစားဟောင်းက သူမရဲ့ပထွေး ဖြစ်သွားတယ်]
[ဘုရားရေ... ဒါက ဒဏ္ဍာရီထဲက မင်းရည်းစား မဖြစ်နိုင်ရင် နင့်ဖေဖေလေး ဖြစ်လာလိမ့်မယ် ဆိုတာများလား၊ အံ့ဩစရာကြီး]
[အေး ဒါပေမယ့် အဲ့ကောင်က အဲဒီမိန်းကလေးရဲ့ အမေနဲ့ လက်ထပ်တာ မဟုတ်ဘူး၊ နိုင်ငံခြားမှာနေတဲ့ မိန်းကလေးရဲ့ အဖေနဲ့ လက်ထပ်လိုက်တာဟ]
[ဝါး...]
"ဖူး... အဟွတ်... အဟွတ်... အဟွတ်"
အချို့သော ဧည့်သည်များမှာ အလွန်လန့်သွားသဖြင့် သောက်လက်စ အရက်များကိုပင် ထွေးထုတ်မိကြပြီး ခန်းမတစ်ခုလုံး ချောင်းဆိုးသံများ ဆူညံသွားတော့သည်။
[ဟေး... အဲ့လူတွေ ဘာဖြစ်နေကြတာလဲ၊ အရက်တွေများ တစ်ခုခု မှားနေလို့လား]
[သူတို့ အရက်တုတွေ သောက်မိလို့ နေမှာပေါ့]
အိမ်ရှင် : ကျေးဇူးပါပဲဗျာ၊ အကုန်လုံးက ထိပ်တန်းအရည် အသွေးရှိတဲ့ ဝီစကီတွေချည်းပါပဲ၊ ခင်ဗျားတို့ရဲ့ အတင်းအ ဖျင်းတွေက သိပ်ပြီး ပေါက်ကွဲအားပြင်းလွန်းနေတော့ သူတို့ ခန္ဓာကိုယ်တွေက ဒဏ်မခံနိုင်ကြတာပါ :)
[ထားပါတော့၊ တခြား ဘာရှိသေးလဲ]
[နင့်ရဲ့ တည့်တည့်မှာ စားပွဲရှည်ကြီးတစ်ခုခြားပြီး တစ်ယောက်ကိုတစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြတဲ့ မိန်းမတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်ကိုကြည့်၊ အဲ့ဒီ ရန်ဖြစ်နေတဲ့ အတွဲကို မြင်လား]
[အင်း... ဘာအတင်းလဲ]
[သူတို့ ပြတ်သွားတာ သိပ်မကြာသေးဘူး၊ ဒါပေမဲ့ ချစ်သူဘဝမှာ သူတို့ လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုပ်ခဲ့ကြတယ်၊ ပြတ်သွားပြီးတဲ့နောက် မိန်းမလုပ်သူက အချည်းနှီး ဖြစ်သွားရတဲ့ နှစ်နှစ်စာနုပျိုမှုတွေအတွက် အရမ်းဒေါသထွက်ပြီး တစ်ဖက်လူဆီကနေ လျော်ကြေးတောင်းနေတာ၊ တစ်ခါကို နှစ်ရာနှုန်းနဲ့တောင်းပြီး စုစုပေါင်း နှစ်သိန်းတောင်ဟေ့]
ရှုယင်းယင်း တစ်ခဏမျှ ရပ်တန့်သွားပြီး [ဒါ ငါတွေးနေတဲ့ လျော်ကြေးမျိုးများလား၊ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် ဖြစ်ရတဲ့ ဟာမျိုးလေ]
[အင်း၊ အဲဒါ တော်တော် အဓိပ္ပာယ်မရှိဘူး မဟုတ်လား]
[ဖူး... ဟားဟားဟား၊ အဲဒါက အရမ်းထူးဆန်းလွန်းတာပဲ]
ကြည့်ရှုနေသူများမှာ အဆုံးတွင် သဘောပေါက်သွားကြပြီး ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားကြစဉ်မှာပင် ထပ်ကြားလိုက်ရသည်။
[အထူးဆန်းဆုံးက ဘာလဲဆိုတော့ ယောကျာ်းလုပ်သူကလည်း အရှုံးမပေးဘဲ သူ့ရဲ့လူ့ခန္ဓာကိုယ် အဆီအနှစ်တွေ ထုတ်လွှတ်မှုအတွက် ပြန်ပြီးလျော်ကြေးတောင်းနေတာပဲ]
[ဟားဟားဟား... ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်၊ လူနှစ်ယောက် ကုတင်တစ်လုံးတည်း အတူတူ အိပ်လို့မရဘူးဆိုတဲ့ စကားက မဆန်းပါဘူးလေ]
ကြည့်ရှုနေသူများမှာ ရယ်ချင်စိတ်ကို အောင့်ထားရလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကြပြီး ဟော်ယန်မှာလည်း ထိန်းချုပ်မှု မလွတ်သွားစေရန် ပိုမိုအားထုတ် ကြိုးစားနေရသည်။ အမှန်ပင် အဓိပ္ပာယ်မရှိဘဲ ရယ်စရာကောင်းလွန်းလှသည်။ အရှက်ခွဲခံလိုက်ရသော ကာယကံရှင်များမှာမူ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေကြသော်လည်း အသံလာရာ ရင်းမြစ်ကို ရှာမတွေ့နိုင်ကြပေ။
[ဒီလောကကြီးမှာ လူမျိုးစုံ ရှိတာပဲနော်]
[သေချာတာပေါ့၊ တကယ်တော့ အများစုက လူငယ်တွေရဲ့ အတင်းအဖျင်းတွေဟာ မြေခွေးအိုကြီးတွေရဲ့အတင်းအ ဖျင်းလောက် ပေါက်ကွဲအား မပြင်းထန်တတ်ကြဘူး]
[ဘယ်လိုမျိုးလဲ]
ကြည့်ရှုနေသူများမှာလည်း တစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြပြီး အသက် ငါးဆယ်ကျော် အရွယ်များထံသို့ အကြည့်များ ဝဲပျံသွားကြသည်။
[ညစာစားပွဲ အိမ်ရှင်နဲ့အတူ ရပ်နေတဲ့ မိသားစုဝင်ခုနစ်ယောက်ကို မြင်လား]
လူတိုင်းမှာ ပစ်မှတ်ထားရာ အုပ်စုထံသို့ ကြည့်လိုက်ကြပြီးနောက် ရုတ်တရက်ကြီး နာမည်တပ်ခံလိုက်ရသော ထိုမိသားစုဝင်ခုနစ်ယောက်မှာ ကျောချမ်းသွားကြသည်။
[မြင်တယ်]
[အဲဒီမိသားစုရဲ့ သဟဇာတဖြစ်နေပုံရတဲ့ ဆက်ဆံရေးကို ကြည့်ပြီး အလိမ်မခံရစေနဲ့၊ အဲဒီ အဘိုးကြီးက တကယ့်မိန်းမရှုပ်တဲ့သူပဲ၊ သူက အမြဲတမ်း အပြင်မှာဖောက်ပြန်တတ်ပြီး မိန်းမတစ်ယောက်ယောက်ကို မရှင်းထုတ်နိုင်တော့ဘူးဆိုရင် သူ့သားတွေနဲ့ ပေးစားလိုက်တာချည်းပဲ၊ အဲဒီ လှပတဲ့ ချွေးမ သုံးယောက်လုံးက သူ့ရဲ့ဇာတ်ရှုပ်တွေချည်းပဲ]
[ဝါး... လူကြီးပိုင်းတွေက တကယ်ကို ဘယ်လိုပျော်ရွှင်ရမလဲဆိုတာ တကယ်သိကြတာပဲ]
[အဲဒီထက်ဆိုးတာက လက်ထပ်ပြီးသွားရင်လည်း သူတို့က အလှည့်ကျ ပြုစုပေးရသေးတယ်၊ ဘယ်သူက အကောင်းဆုံး ပြုစုပေးနိုင်လဲဆိုတဲ့ အပေါ်မူတည်ပြီး သူတို့ ယောက်ျားတွေအတွက် ပိုက်ဆံရကြတာ၊ သားတွေက ပိုက်ဆံပြတ်သွားပြီဆိုရင် သူတို့ရဲ့ မိန်းမတွေကို အဘိုးကြီးဆီ အပြိုင်အဆိုင် သွားပြုစုခိုင်းကြတော့တာပဲ]
[အမလေးဟယ်... အဲဒီအဘိုးကြီးက သူ့ကိုယ် သူ ဧကရာဇ်မင်းများ မှတ်နေတာလား]
[သူတို့က တကယ့်ကို ဆန်းသစ်လွန်းတဲ့ မိသားစုဆက်ဆံရေး ကစားပွဲတစ်ခုကို ကစားနေကြတာလို့ပဲ ပြောနိုင်တော့တယ်၊ အသက်ကြီးတာတောင် အားအင်တွေ ပြည့်ဝနေတုန်းပဲ]
ထိုအတင်းအဖျင်း၏ဇာတ်လိုက်ကြီးမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး အလျင်အမြန်ပင် ထွက်ပြေးသွားတော့သည်။ သူ့ သားသုံးယောက်မှာလည်း သူ့နောက်မှ ကမန်းကတန်း လိုက်သွားကြသည်။
[ဟင်... သူ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ]
[အဘိုးကြီးက သူ့ရဲ့ ချွေးမတွေနဲ့ ဘဝရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေအကြောင်း ထပ်ပြီးဆွေးနွေးချင်နေလို့ နေမှာပေါ့]
ကြည့်ရှုနေသူများမှာ သူတို့၏နှုတ်ခမ်းများကို အတင်းကိုက်ထားကြသည်။ ဘဝရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ဆွေးနွေးမယ် ဟုတ်လား၊ တောက်တီးတောက်တဲ့တွေ၊ သူတို့တော့ ရယ်ရလွန်းလို့ သေတော့မှာပဲ...
[ဟင်း... ဒီညစာ အတင်းအဖျင်းတွေက တကယ်ကို ဗိုက်ပြည့်သွားစေတာပဲ]
ရှုယင်းယင်းမှာ သူမ သိပ်ပြီး မစားနိုင်တော့ကြောင်းပြောကာ ဟော်ယန်အား စားစရာ တစ်ခုခုရှာရန် ထမင်းစားပွဲဆီသို့ ဆွဲခေါ်သွားသည်။ သို့သော်လည်း သူမသည် ဧည့်သည်များ၏ စိတ်ဝင်စားမှုအား အကြီးအကျယ်ဆွပေးပြီးသွားပြီဖြစ် သည်။ သူတို့၏အတင်းအဖျင်း မက်မောသော ဝိညာဉ်လေးများမှာ မိစ္ဆာကောင်လေးများအဖြစ် ပြောင်းလဲသွားပြီး သူတို့ရင်ထဲတွင် အဆက်မပြတ် ခုန်ပေါက်နေတော့သည်။
ထပ်ပြောပါဦး... ထပ်ပြောပါဦး... မြန်မြန်လေး၊ ဒါမှ ညစာစားပွဲနဲ့ ပိုတူမှာပေါ့..
သို့သော် ဟော်ယန်ကမူ သူ့ အသည်းအသက်လေးအား ပင်ပန်းအောင် မလုပ်စေချင်ပေ။ ယနေ့အတွက် သူမ အတင်းအဖျင်းများ အဝစားပြီးသွားပြီဖြစ်ကြောင်း မြင်သောအခါ သူမအား အစားအသောက်များကိုသာ အဝစားစေပြီး အိမ်ရှင်ဖြစ်သူအား နှုတ်ဆက်ကာ ပြန်ထွက်ခွာသွားတော့သည်။
ပွဲတက်ပရိသတ်အပေါင်းမှာ အတင်းအဖျင်းဘုရင်မ၏ အစွမ်းအစကို မျက်ဝါးထင်ထင် ကိုယ်တွေ့ကြုံလိုက်ရပြီးနောက် နောက်လာမည့် မည်သည့် ညစာစားပွဲမျိုး၌မဆို ဟော်ယန်နှင့် ရှုယင်းယင်းတို့သာ မပါဝင်ခဲ့ပါက လုံးဝခြေရာမချတော့ဟု ရင်တွင်း၌ တိတ်တဆိတ်သန္နိဋ္ဌာန်ချလိုက်ကြတော့ သည်။
ကားပေါ်ရောက်သည်နှင့် တစ်ပြိုင်နက် အတင်းအဖျင်းများကို အဝစားထားသဖြင့် အားအင်ကုန်ခမ်းနေသော ရှုယင်းယင်းသည် ဟော်ယန် ပခုံးကိုမှီကာ အိပ်ပျော်သွားသည်။ ဟော်ယန်မှာ သူမ ပို၍ သက်သောင့်သက်သာ ရှိစေရန် သူမခေါင်းလေးအား သူ့ပေါင်ပေါ်သို့ ညင်သာစွာ ရွှေ့တင်ပေး သည်။
သူမနှင့် ပိုရင်းနှီးလာလေလေ သူ့ ချစ်သူကောင်မလေးသည် ကလေးတစ်ယောက်နှင့် ပိုတူလာလေလေဖြစ်ကြောင်း သူ ခံစားရသည်။ သူမသည် ပူပင်သောက ကင်းမဲ့စွာဖြင့် စားလိုက်၊ အိပ်လိုက်လုပ်တက်ပြီး နိုးလာလျှင် ဆော့ကစားလိုက်နှင့် အတင်းအဖျင်းများကိုသာ အမြဲတစေ စားသုံးတတ်သော သူလေးအား ပြုစုစောင့်ရှောက်ရသည်မှာ အလွန်လွယ်ကူလွန်းလှသည်။