← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 14 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 14 Ch. 141-142

🍁 Chapter 141

ရှုယင်းယင်းမှာ သူ၏ တမင်သက်သက် ရှောင်လွှဲသွားမှုအား မေးခွန်းမထုတ်တော့ဘဲ ပြုံးလျက်တုံ့ပြန်သည်။ သူ ထွက်သွားပြီးနောက် သူမသည် သူ့အား ရပ်မစောင့်နေတော့ဘဲ ပတ်ဝန်းကျင်ကို ဆက်လျှောက် ကြည့်ရှုနေသည်။

ဆယ်မိနစ်ကျော် ကြာမြင့်သွားသည့်တိုင် သူ ပြန်ရောက်မလာခဲ့ချေ။ ရှုယင်းယင်းမှာ အနည်းငယ် ဇဝေဇဝါဖြစ်လာရသည်။ သူမ လာရာလမ်းအတိုင်း နောက်ကြောင်းပြန်လှည့်ရန် ပြင်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်ရှိ မီးရောင်များမှာ ရုတ်ခြည်းဆိုသလို ထိန်လင်းသွားတော့သည်။

ခြံဝင်းငယ်လေးမှာ ရုတ်တရက် ကြယ်တာရာ အစုအဝေးများဖြင့် ဝန်းရံသွားသည့်အလား မရေမတွက်နိုင်သော ကြယ်ပုံသဏ္ဍာန် မီးလုံးလေးများမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား နေ့ခင်းဘက်အလား လင်းထိန်သွားစေသည်။

ယခင်က မှိန်ပျပျ ဖြစ်နေခဲ့သော ကျောက်သားလမ်းလေးမှာ လင်းလက်သွားခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ အလင်းရောင်များနှင့် နှိုင်းယှဉ်လိုက်လျှင် သူမ ခြေထောက်အောက်ရှိ အလင်းရောင်မှာ သေးငယ်သော LED မီးတန်းလေးများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ သူမ သေချာစွာ အကဲခတ်ကြည့်မည်ဆိုပါက ထို LED မီးတန်းလေးများအတွင်းမှ လျှို့ဝှက်ချက်တစ်ခုအား ရှာဖွေတွေ့ရှိနိုင်ပေမည်။ ၎င်းတို့သည် သေးငယ်သော မျက်နှာပြင်လေးများနှင့် တူနေပြီး လိမ္မော်ပန်း ရောင် စာသားလေးများသည် 'ရှေ့သို့ လျှောက်ပါ'ဟု ထင်းထွက်နေသည်။

သူမ ရှေ့သို့ တစ်လှမ်း တိုးကြည့်လိုက်ရာ နောက်ထပ် LED မီးတန်းတစ်ခု လင်းလက်လာပြီး 'ဘယ်ဘက်ကို ခြေငါးလှမ်း' ဟု ပေါ်လာပြန်သည်။ ရှုယင်းယင်း မျက်နှာထက်တွင် ပျော်ရွှင်မှုများ လင်းလက်သွားပြီး သူမရင်ထဲ အတွေးတစ်ခုမှာ လှိုင်းလုံးတစ်ရပ်အလား ရိုက်ခတ်လာခဲ့သည်။

[ရှောင်ချီ၊ ရှောင်ချီ... အားယန်က ငါ့ကို လက်ထပ်ခွင့် တောင်းတော့မလို့လား]

သူမ၏အသံလေးမှာ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

တစ်ရက်နှင့် တစ်ညတိတိ ပိတ်လှောင်ခံထားရသော စနစ်လေးမှာမူ သရဲတစ္ဆေတစ်ကောင်ထက်ပင် ပိုအငြိုးကြီးနေသည်။ သူ ထိုစကားကို ကြားလိုက်ရသောအခါ ၎င်းက စိတ်တိုတိုဖြင့် ပြန်ဖြေသည်။

[တောင်းချင်လည်း တောင်းပါစေပေါ့၊ ဘာပဲဖြစ်ဖြစ် နင်က သူ့ကို ဟိုဟာ ဒီဟာတွေ အကုန်လုပ်ပြီးသွားပြီပဲ၊ သူက လက်ထပ်ခွင့်မတောင်းဘဲနေရဲမယ် ထင်နေလား]

[မဖြစ်နိုင်တာ၊ ဒီနားက အပြင်အဆင်တွေကို ကြည့်ပါဦး၊ ဒါတွေကို လုပ်ဖို့ အနည်းဆုံး ဆယ်ရက်ကနေ လဝက်လောက်ထိ အချိန်ယူရမှာ]

စနစ်လေးသည် ပတ်ဝန်းကျင်အား ဖြစ်ကတတ်ဆန်း ဝေ့ကြည့်လိုက်သည်။ LED မီးသီးလေးများဆိုလျှင်ပင် သလင်းကျောက်စစ်စစ်ဖြင့် လက်ရာမြောက်စွာ ပြုလုပ်ထားပြီး တစ်လုံးချင်းစီ၏ တန်ဖိုးမှာ မနည်းလှပေ။ ကြိုးသွယ်တန်းထားမှုများနှင့် မြေပြင်ရှိ အဆင့်မြင့် နည်းပညာသုံးမျက်နှာ ပြင်ငယ်လေးများအား ကြည့်ရုံဖြင့် ဤအရာသည် သာမန် ပရောဂျက်ငယ်လေး တစ်ခုမဟုတ်ကြောင်း သေချာလှသည်။ အဲ့တော့ရော ဘာဖြစ်လဲ...

သူတို့ လက်ထပ်ပြီးသွားလျှင် ဝေမျှစရာ အတင်းအဖျင်းများ မရှိတော့သည့်အခါ သူလည်း အလင်းရောင်ကင်းမဲ့ပြီး အမှောင်အတိကျနေသော အခန်းကျဉ်းလေးထဲတ ရက်ရက် စက်စက် ပိတ်လှောင်ခံရတော့မည် မဟုတ်ပါလား။ သူ လုံးဝ သည်းခံနိုင်မည် မဟုတ်ပဲ အလွန်ကို အထီးကျန်ဆန်လွန်းလှသည်။ ဝူးဝူး...

သူတို့သာ ဤမျှလောက်ထိ ချစ်ကြည်နူးနေကြမည်ကိုသာ ကြိုသိခဲ့ပါလျှင် သူအား မည်သို့ ပိတ်လှောင်ရမည်ဆိုသည့် နည်းလမ်းအား မည်သည့်အခါမျှ ပြောပြခဲ့မည် မဟုတ်ပေ။ သူသည် ကိုယ့်တွင်း ကိုယ်တူးမိခြင်းသာ။

သူ့တွင် အူများသာ ရှိခဲ့မည်ဆိုလျှင် ယခုလောက်ဆို ထိုအူများမှာ နောင်တကြောင့် စိမ်းနေလောက်ပြီ ဖြစ်သည်။

[သူတို့က ဒီလောက်တောင် အားထုတ်ထားမှတော့ နင်ကလည်း ဘာမှမသိသလိုပဲ ဟန်ဆောင်နေလိုက်တော့]

[ဒါက လက်ထပ်ခွင့်တောင်းတာမှန်း ငါသိပေမယ့် နောက်ဆုံးအထိ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမလဲဆိုတာတော့ ငါ မခန့်မှန်းတတ်တော့ဘူး၊ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ ရှောင်ချီ၊ ဟော်ယန်က ဘယ်လိုလုပ် ဒါတွေ အများကြီးသိနေရတာလဲ]

[ဟက်... သူဌေးတွေရဲ့ လှည့်ကွက်လေးတွေပါပဲဟာ]

ရှုယင်းယင်းသည် ချဉ်စုတ်နေသော ရှောင်ချီအား အာရုံစိုက်နေရန် အချိန်မရှိတော့ချေ။ သူမသည် လမ်းညွှန်ချက်များကိုသာ ဆက်လက် လိုက်နာချင်နေမိသည်။

သူမ ဘယ်ဘက်သို့ ခြေငါးလှမ်း ရွှေ့လိုက်ပြီးနောက် နောက် ထပ် လမ်းညွှန်ချက်တစ်ခု လင်းလက်လာပြန်သည်။ 'ရှေ့တွင်ရှိသော ရတနာသေတ္တာလေးကို ဖွင့်လိုက်ပါ'

ရှုယင်းယင်း သူမခြေရင်းရှိ လွတ်လပ်နေသော နေရာလွတ်အား ငုံ့ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။ သူမတွေဝေသွားစဉ် ရုတ်တရက် မြေပြင်မှ လျှို့ဝှက်အခန်းငယ်လေးတစ်ခု ထွက်လာပြီး တစ်မီတာခန့် အမြင့်ရှိသော စက္ကူဖာသေတ္တာ တစ်လုံးမှာ ဖြည်းညင်းစွာ တက်လာသည်။

ရှုယင်းယင်းသည် သေတ္တာထဲတွင် လက်စွပ်တစ်ကွင်း ရှိနေမည်ဟု ခန့်မှန်းလိုက်သော်လည်း သူမ ဖွင့်ကြည့်လိုက်သော အခါတွင်မူ ထိုသေတ္တာထဲ၌ သူမ ပုံမှန်စားလေ့ရှိသော အရောင်အသွေး စုံလင်သည့် သရေစာမုန့်မျိုးစုံမှာ အပြည့်အမောက် နေရာယူထားပြီး ပိုင်ရှင်ဖြစ်သူ၏ မျက်နှာသာပေးမှုကို စောင့်မျှော်နေကြသည်။

ရှုယင်းယင်း သဘောကျစွာ ပြုံးလိုက်မိသည်။ ဤအရာများ သည် မမျှော်လင့်ထားသော အရာများဖြစ်သလို အဓိပ္ပာယ်ရှိသော အရာများလည်းဖြစ်နေသည်။ သူ သူမကို ဘယ်လိုလုပ် ဒီလောက်ထိ နားလည်နေရတာလဲ...,

ရှုယင်းယင်းမှာ လမ်းညွှန်ချက်များအတိုင်း ရှေ့သို့ ဆက် လက်လျှောက်လာခဲ့သည်။ သူမ ခြံဝင်းတစ်ခုလုံးကို ပတ်၍ လျှောက်ပြီးသွားချိန်တွင်မူ ပတ်ဝန်းကျင်ရှိ မီးများအားလုံး ရုတ်တရက် ငြိမ်းကျသွားသည်။

"ဟင်... မီးပျက်သွားတာလား"

ရှုယင်းယင်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

[ဘယ်လိုလုပ် မီးပျက်နိုင်မှာလဲ၊ မောက်မာတဲ့ စီအီးအိုကြီးက နင့်ကို ချစ်ခွင့်ပန်ဖို့အတွက် ဒုံးပျံနဲ့ လကမ္ဘာပေါ်ထိတောင် ခေါ်သွားနိုင်တယ်၊ မီးပျက်တယ်ဆိုတာ နောက်နေတာလား၊ ဒါက သေချာပေါက် နောက်ထပ် အံ့အားသင့်စရာ အစီအစဉ်တစ်ခုပဲ ဖြစ်ရမယ်]

စနစ်လေသံမှာ သရော်လှောင်ပြောင်သည့် အရိပ်အယောင်များ စွန်းထင်းနေဆဲပင်။ ရုတ်ခြည်းဆိုသလို သူတို့ တည့်တည့်ရှေ့တွင် သလင်းကျောက် မီးသီးအစုအဝေးများ လင်းလက်လာကာ အောက်ခြေမှ အထက်သို့ အသည်းပုံသဏ္ဍာန် ဖန်တီးသွားပြီးနောက် ဟော်ယန်သည် ထိုအသည်းပုံ၏ အလယ်ဗဟိုတည့်တည့်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဟော်ယန်သည် သူ့ချစ်သူကောင်မလေးအတွက် အနွေးထည် သွားယူပေးမည်ဟု အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သော အမျိုးသားမှာ ယခုအခါတွင် အလွန်သပ်ရပ်ခမ်းနားသော အနောက် တိုင်းဝတ်စုံကို ဆင်မြန်းထားပြီး သူ့ ကျယ်ပြန့်သော ပခုံးအစုံ၊ သွယ်လျသော ခါးနှင့် ရှည်လျားသော ခြေတံများမှာ ပြီးပြည့်စုံစွာ ပေါ်လွင်နေသည်။

ဟော်ယန်သည် ပေါ့ပါးသော အိမ်နေရင်းပုံစံမှ ခွာချကာ အေးစက်ပြီး အရှိန်အဝါကြီးမားသော စီအီးအိုတစ်ဦးအဖြစ် တစ်ဖန် ပြန်လည်အသွင်ပြောင်းသွားခဲ့ပြီး အသည်းပုံ၏ အလယ်ဗဟိုတွင် ရပ်လျက် သူမအား အနည်းငယ် ဂဏာမငြိမ်ဖြစ်နေသော အကြည့်များဖြင့် ငေးကြည့်လာသည်။

သူမမှာ သူ့အား ပြုံးပြနေသည်အား မြင်လိုက်ရသောအခါ ဟော်ယန်မှာ အလွန်စိတ်လှုပ်ရှားသွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။ အတန်ကြာမှသာ သူသည် နှေးကွေးစွာဖြင့် ပြောလာသည်။

"ယင်းယင်း... ကိုယ့်ဆီ လာခဲ့ပါ"

ထိုအသံမှယ အမိန့်ပေးသည့် လေသံမျိုးဖြစ်သင့်သော်လည်း သူ့အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေ သည်။ သူမသာ သေချာစွာ အကဲခတ်ကြည့်မည်ဆိုလျှင် သူ့ ဘေးတစ်ဖက်တစ်ချက်တွင် ချထားသော လက်များမှာ အဆက်မပြတ် ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်နေသည်ကို မြင်တွေ့နိုင်ပြီး သူ့ တင်းမာသောလှုပ်ရှားမှုမှာ သိသာထင်ရှားနေ သည်။

ရှုယင်းယင်းမှာ သူ့ထံသို့ ဖြည်းညင်းစွာလျှောက်သွားပြီး ပြုံးလျက်နောက်ပြောင်လာသည်။

"ကျွန်မအတွက် အနွေးထည် သွားယူပေးမယ်ဆို၊ ဘာလို့ ဒီလောက်တောင် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားရတာလဲ"

သူမ၏ နောက်ပြောင်သော လေသံလေးကြောင့် ဟော်ယန် စိတ်လှုပ်ရှားမှုများမှာ များစွာသက်သာရာရသွားခဲ့သည်။ သူ လက်ကမ်းပေးလိုက်ရာ ရှုယင်းယင်းလည်း တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ သူမလက်လေးအား သူ့လက်ဖဝါးပေါ်သို့ တင်ပေးလိုက်သည်။

သူမလက်အား သူ ဆုပ်ကိုင်လိုက်သော အခိုက်အတန့်လေးမှာပင် သူ့ ခန္ဓာကိုယ် အနည်းငယ်တုန်ယင်သွားသည်အား သူမ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူမ သူ့ရှေ့သို့ တိုးသွားကာ သူ့ ခါးအား ဖက်တွယ်လိုက်ပြီးနောက် မော့ကြည့်လာပြီး "ရှင် တကယ်ကြီး စိတ်လှုပ်ရှားနေတာလား၊ ထူးဆန်းလိုက်တာ"

ဟော်ယန်လည်း ပြုံးလိုက်ကာ သူ့ နှာခေါင်းထိပ်လေးဖြင့် သူမ နှာခေါင်းလေးကို မြတ်နိုးစွာ ပွတ်တိုက်လိုက်ပြီး တိတ်တဆိတ် အသက်ဝဝရှူသွင်းကာ အလွန်လေးနက်ပြီး ရိုးသားသော အကြည့်များဖြင့် သူမအားစိုက်ကြည့်လာသည်။

"ယင်းယင်း... ဒီနေ့အတွက် ကိုယ် နှစ်ဆယ့်ကိုးနှစ်တိတိ စောင့်ခဲ့ရတာ၊ ဒီမတိုင်ခင်ကဆို ကိုယ့်ရဲ့ အနာဂတ်ဇနီးလောင်းက ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာ ကိုယ် တစ်ခါမှ မတွေးကြည့်ဖူးသလို ကိုယ် တကယ်ရော လက်ထပ်ဖြစ်ပါ့မလား ဆိုတာကိုတောင် မစဉ်းစားခဲ့ဖူးဘူး၊ မင်းနဲ့ တွေ့ပြီး မင်းကို ချစ်မိသွားတဲ့ အချိန်ကျမှသာ မင်းက ကိုယ့်အတွက် ဖန်ဆင်းထားတဲ့သူဆိုတာ သိခဲ့ရတာ၊ ရှုယင်းယင်း... ကိုယ့်ကို လက်ထပ်ပြီး ဟော်ယန်ရဲ့ဇနီးအဖြစ် နေပေးနိုင်မလား"

ဟော်ယန် ဒူးတစ်ဖက် ထောက်ချလိုက်ပြီး သူ့ နောက်ကျောဘက်မှ ညာလက်အား မြှောက်ကာ လက်ဖဝါးကို ဖြန့်ပြလိုက်ရာ အပြာရောင် ကတ္တီပါဘူးငယ်လေး တစ်ဘူးပေါ်လာသည်။ ၎င်းသည် အလေးချိန်မရှိသလိုထင်ရသော်လည်း ဟော်ယန် ၏လေးနက်သော အမူအရာနှင့် စိတ်လှုပ်ရှားနေသော မျက်ဝန်းများမှာ ဤဘူးငယ်လေးသည် သူ့ မျှော်လင့်ချက်များနှင့် မျှော်လင့်တောင့်တမှုများ အားလုံးကို သယ်ဆောင်ထားကြောင်းထင်ရှားသည်။

ရှုယင်းယင်း သူ့အား ပြန်လည် စိုက်ကြည့်လာသည်။ သူမ တိတ်ဆိတ်မှုက ဟော်ယန် ရင်ခုန်သံများအား ပိုမိုမြန်ဆန်လာစေသော်လည်း သူမ မျက်ဝန်းများထဲမှ တဖြည်းဖြည်း ပျံ့နှံ့လာသော အပြုံးများက သူ့အား စိတ်သက်သာရာ ရသွားစေသည်။

သူ ထပ်မံ မေးခွန်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် ရှုယင်းယင်းသည် သူ့ လက်ဖဝါးပေါ်မှ ဘူးလေးကို ယူကာ ညင်သာစွာ ဖွင့်လိုက်သည်။ စိန်လက်စွပ်လေး သူမ အမြင်အာရုံထဲသို့ ဝင်ရောက်လာသော အခိုက်အတန့်တွင် ရှုယင်းယင်းမှာ သူ ခံစားချက်များကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ မျက် လုံးတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်လျှံသွားရတော့သည်။

🍁 Chapter 142

"ဒါ ပြီးခဲ့တဲ့တစ်ခေါက် F နိုင်ငံက ရှေးဟောင်းပစ္စည်း အရောင်းဆိုင်မှာ ကျွန်မတို့ တွေ့ခဲ့တဲ့ တစ်ကွင်းမလား၊ ရှင် တကယ်ကြီး ဝယ်လာတာပဲ၊ ဆိုင်ရှင်က မရောင်းဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"ဆိုင်ရှင်က မရောင်းဘူး၊ ကိုယ် မှတ်မိသလောက်ပြန်ပြီး ပုံကြမ်းဆွဲထားခဲ့တာ၊ ပြီးတော့ ကိုယ်သိတဲ့ ဒီဇိုင်နာ တစ်ယောက်ကို သေချာပြန်ဆွဲခိုင်းပြီး အချောသတ်ခိုင်းလိုက်တာလေ၊ ဒီမနက်မှပဲ အပြီးသတ် ရောက်လာတာ၊ အဲဒီတစ်ကွင်း မဟုတ်ပေမယ့်..."

ဟော်ယန် စကားမဆုံးမီမှာပင် ရှုယင်းယင်းသည် သူ့အား ဖက်တွယ်လိုက်ကာ သူမ မျက်နှာလေးအား သူ့ ရင်ခွင်ထဲတွင် အပ်ထားပြီး တစ်ချက်တစ်ချက် ရှိုက်ကာပြောသည်။

"ကျွန်မ သဘောတူပါတယ်... ဟော်ယန်၊ ရှုယင်းယင်းက ဟော်ယန်ရဲ့ ဇနီးအဖြစ်နေပါ့မယ်၊ ရှင့်နဲ့အတူ အိုမင်းသွားတဲ့အထိ၊ ဘယ်တော့မှ မခွဲမခွာဘဲ အတူတူ နေသွားပါ့မယ်"

ဒီလောက်တောင် ဂရုတစိုက်ရှိတဲ့ ချစ်သူမျိုးကို ဘယ်သူကများ ငြင်းဆန်နိုင်မှာလဲ၊ သူမ လုံးဝကိုကျရှုံးသွားခဲ့ပြီ ဖြစ်သည်။

ဟော်ယန်သည် အံ့ဩမှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ထိုနေရာတွင် ငြိမ်သက်စွာရပ်နေခဲ့သည်။ သူ အတန်ကြာမှသာ သူမအား ပြန်လည် ဖက်တွယ်လိုက်ပြီး ကျေနပ်အားရစွာဖြင့် ဖက်ထားမှုအား ပိုမိုတင်းကျပ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ချစ်ရယ်၊ ကိုယ် မင်းကို ချစ်တယ်၊ ကိုယ့်ရဲ့ လက်ကျန် ဘဝတစ်သက်တာလုံးအတွက် ကျေးဇူး ပြုပြီး ကိုယ့်ကို စောင့်ရှောက်ပေးပါဦးနော် ကိုယ့်ရဲ့ ဇနီးလေး"

စနစ်သည် ရင်ထဲ၌ မကျေမနပ် ဖြစ်မှုများ ကျန်ရှိနေသေးသော်ငြားလည်း သူတို့နှစ်ယောက် အဆုံးတွင် လက်ထပ်ခွင့်တောင်းခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ချေ။

[ဝူး... နင်တို့နှစ်ယောက် အချစ်နယ်ကျွံနေတဲ့ အချိန်တိုင်း ငါ့ကို အမှောင်ခန်းလေးထဲ ပိတ်လှောင်ထားတတ်တဲ့ ကိစ္စအတွက် ငါ နင့်ကို မကျေနပ်သေးပေမယ့် နင် ဒီလောက် ပျော်ရွှင်နေတာကို မြင်ရတော့ ငါ့ရင်ထဲ တကယ်ထိတယ်၊ ကောင်းပြီလေ... ငါ နင့်ကို ခွင့်လွှတ်ပေးလိုက်ပါ့မယ်... ဝူးဝူး... ဂုဏ်ယူပါတယ်နော်]

ဟော်ယန် ရှုယင်းယင်း၏လက်သူကြွယ်တွင် လက်စွပ်လေးအား စွပ်ပေးလိုက်သော အခိုက်အတန့် ပတ်ဝန်းကျင်ရှိ မီးများအားလုံး တစ်ပြိုင်နက်တည်း လင်းထိန်သွားကာ ကောင်း ကင်ယံတစ်ခုလုံးလည်း ရုတ်တရက် လင်းလက်သွားပြီး မရေမတွက်နိုင်သော မီးရှူးမီးပန်းများမှာ ကောင်းကင်ထက်တွင် ပေါက်ကွဲထွက် ပေါ်လာကြသည်။ ရှုယင်းယင်းမှာ ဟော်ယန် ရင်ခွင်ထဲသို့ တိုးဝှေ့လိုက်ပြှး ဤအခိုက်အတန့်၏ ခမ်းနားလှပမှုများကို တိတ်တဆိတ် ခံစားနေတော့သည်။

ရှုယင်းယင်းနှင့် ဟော်ယန်တို့၏ မင်္ဂလာဆောင်နေ့တွင် နှစ်ဖက်မိသားစုမှ လူကြီးများနှင့် မိတ်ဆွေသူငယ်ချင်းများကို ဖိတ်ကြားထားသည်။ ဇနီးမောင်နှံနှစ်ဦး၏ တောင်းဆိုချက်အရ မင်္ဂလာပွဲအား အကြီးအကျယ် ခမ်းခမ်းနားနား မကျင်းပဘဲ အရင်းနှီးဆုံး ဆွေမျိုးမိတ်ဆွေများအတွက် ညစာစားပွဲအဖြစ်သာ ကျင်းပခဲ့သည်။ ကျင့်ပရာနေရာမှာ ဟော်ယန်၏ ကိုယ်ပိုင်ကျွန်းပေါ်တွင်ဖြစ်ပြီး သန့်စင်သောနေရောင်၊ လှပသော ကမ်းခြေနှင့် အရသာရှိသော အစားအသောက်များရှိကယ ရှုယင်းယင်း အမြဲတစေအလိုရှိခဲ့သော မင်္ဂလာပွဲမျိုပင်ဖြစ်သည်။

လူတိုင်း၏ ဝန်းရံမှုအလယ်တွင် မကြာမီ လက်ထပ်တော့မည့် စုံတွဲသည် မင်္ဂလာလက်စွပ်များ ဖလှယ်ခြင်းနှင့် သစ္စာဆိုခြင်း အစီအစဉ်များအား ပေါ့ပေါ့ပါးပါးပင် ဖြတ်သန်းခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ကျန်ရှိသော အချိန်များကိုမူ ဧည့်သည်တော်များက သောက် စားခြင်း၊ စကားစမြည်ပြောခြင်း၊ ကခုန်ခြင်းနှင့် ပါတီဆင်နွှဲခြင်းတို့ဖြင့် ကုန်ဆုံးခဲ့ကြပြီး သတို့သားနှင့် သတို့သမီးတို့မှာလည်း ဧည့်သည်များကြားတွင် လှည့်လည်ကာ ရယ်တမောမောဖြင့် စကားပြောဆိုနေကြရာ အမှန်ပင် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခုဖြစ်ခဲ့သည်။

"ဝမ်းသာစရာပါပဲကွယ်၊ ငါ အသက်ရှင်နေတုန်း အားယန်လေး အိမ်ထောင်ကျတာကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးကြည့်ဖူးဘူး၊ ငါ့ရဲ့မြေးချွေးမလေးကိုတောင် မမြင်ရတော့ဘူးလို့ ထင်နေခဲ့တာ"

ယန်ယာရှန်းသည် ပြီးပြည့်စုံစွာ လိုက်ဖက်ညီလှသော ဇနီးမောင်နှံ အသစ်စက်စက်လေးကို ငေးကြည့်ပြီး မျက်ရည်များ ဝဲတက်လာသည်။ ရှုဟုန်ရှန်းလည်း ဟော်ယန်နှင့် ပတ် သက်သော ကောလာဟလများကို ပြန်အမှတ်ရမိကာ မရယ်ဘဲ မနေနိုင်တော့ချေ။

"အားယန် ကြီးပြင်းလာတာကို ငါ မျက်စိအောက်မှာတင် ကြည့်လာခဲ့တာပါ၊ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေကို မင်းက တကယ်ကြီးယုံနေခဲ့တာလား၊ မင်းတော့ အသက်ကြီးပြီး သတိမေ့နေပြီ ထင်တယ်"

"အင်းပါ... လူဆိုတာ အသက်ကြီးလာရင် အတွေးလွန်တတ်ကြတာပဲလေ၊ အခု အားယန်နဲ့ ယင်းယင်းတို့လည်း တရားဝင် လက်ထပ်သွားကြပြီဆိုတော့ ငါတို့အားလုံး စိတ်အေးရပြီပေါ့"

"ဟုတ်တယ်၊ ငါတို့လည်း တစ်ခွက်လောက် သောက်ကြမလား"

ရှုဟုန်ရှန်းမှာ လေးစားမှုပြသည့်အနေဖြင့် သူ့ ဝိုင်ခွက်ကို မြှောက်လိုက်သည်။

ယန်ယာရှန်းလည်း ပြုံးကာ သူနှင့် ခွက်ချင်းတိုက်လိုက်ပြီး သူတို့၏ မျက်ဝန်းများထဲတွင် စိတ်သက်သာရာရမှုများ ပြည့်နှက်နေလျက် အချင်းချင်း အပြုံးချင်းဖလှယ်လိုက်ကြသည်။

ကျန်းရှင်းက ပျော်ရွှင်နေသော သမီးဖြစ်သူကို ငေးကြည့်ပြ မျက်ဝန်းများ နီရဲလာကာ သက်ပြင်းချမိသွားသည်။

"ယင်းယင်းလည်း အိမ်ထောင်ကျသွားပြီဆိုတော့ ငါတို့ သုံးယောက်တည်း ပြန်ကျန်ခဲ့ပြန်ပြီ၊ သူ ပြန်ရောက်လာတာ သိပ်မှမကြာသေးဘူး၊ အခု ပြန်ထွက်သွားရပြန်ပြီ... ဟင့်... ဟင့်"

"အိုး... ဒီလို ပျော်စရာကောင်းတဲ့ နေ့မျိုးမှာ မင်းက ဘာလို့ ငိုနေရတာလဲ၊ ယင်းယင်းနဲ့ အားယန်က တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်လေ၊ ဒါက အကောင်းဆုံး ဇာတ်သိမ်းပဲ၊ ငါတို့ ပျော်ရမှာပေါ့၊ ဒါ့အပြင် ကျိုးရှင်းရီနဲ့ ချန်ချွမ်တို့လည်း အဖမ်းခံလိုက်ရပြီ၊ အားယောင်နဲ့ ယောင်ယောင်တို့ဆီက သက်သေအထောက်အထားတွေက သူတို့ကို တစ်သက်လုံး ထောင်ချထားဖို့ လုံလောက်ပါတယ်၊ ငါတို့ မိသားစုအတွက် ဘာပူစရာမှ မရှိတော့ဘူး၊ ဒီလိုအောင်ပွဲခံရမယ့် အချိန်မျိုးမှာ မငိုပါနဲ့ မိန်းမရယ်... ကိုယ် တောင်းပန်ပါတယ်"

"ဟုတ်တယ် မား... အခုကစပြီး သမီးတို့အတွက် အရာအားလုံး အဆင်ပြေချောမွေ့သွားပြီလေ၊ ကျဲနဲ့ ခဲအိုကလည်း တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ၊ ပြီးတော့ နှစ်ဖက်မိသားစုကလည်း မိတ်ဟောင်းဆွေဟောင်းတွေဆိုတော့ ဒါက ပြီးပြည့်စုံတဲ့ လက်ထပ်ခြင်းပဲလေ၊ အစ်မအတွက်အားလုံး ပျော်ပေးရမှာပေါ့၊ မငိုနဲ့တော့နော် ဟုတ်ပြီလား။"

ကျန်းရှင်း ခေါင်းညိတ်ပြလိုက်ပြီး သူမ ခံစားချက်များကို အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်ကာ "ကောင်းပါပြီ... မား မငိုတော့ပါဘူး၊ ယင်းယင်း အချစ်စစ်ကို တွေ့သွားတဲ့အတွက် မား ပျော်ရမှာပေါ့"

အခြားတစ်ဖက်တွင်မူ ဟော်ယန်သည် သူ၏ငတုံးသား သုံးယောက်ထံမှ မင်္ဂလာလက်ဖွဲ့ စာရင်းကို မဲ့ပြုံးတစ်ဝက်ဖြင့် ကြည့်နေလေသည်။ စာရင်းထဲတွင် ကိုယ်ပိုင်ကျွန်းများ၊ လေယာဉ်များနှင့် ရွက်လှေများ ပါဝင်နေရာ ကြီးကြီးကျယ်ကျယ် ဖြုန်းတီးထားခြင်းပင်။

သို့သော်လည်း ဤအရာအားလုံးမှာ ထိုသုံးယောက်က သူတို့၏ကိုယ်ပိုင် ဇနီးသည်များအတွက် အထူးတောင်းဆိုထားသော လက်ဆောင်များဖြစ်နေသည်။ ဟော်ယန်ခံစားချက်များ ရှုပ်ထွေးသွားရသည်။

"ဒါက ဘာသဘောလဲ"

"ညီအစ်ကိုတွေက မရီးတွေကို လေးစားမှုပြတဲ့အနေနဲ့ ဒီလောက်တော့ လုပ်ပေးသင့်တယ် မဟုတ်ဘူးလား"

"ဒါက သေးငယ်တဲ့ လက်ဆောင်လေးတစ်ခုပါ၊ အစ်ကိုယန်... နည်းလွန်းတယ်လို့တော့ မထင်လိုက်ပါနဲ့နော်"

"မင်းတို့ရဲ့ စေတနာတွေကို ငါ သေချာပြောပြပေးပါ့မယ်၊ ဝိုင်းကူပေးကြတဲ့အတွက် ကျေးဇူးပဲ"

ဟော်ယန် ရိုးသားစွာပင် ကျေးဇူးတင်စကား ပြောသည်။

"ဟေး... အဲဒီအကြောင်းတွေ ပြောမနေပါနဲ့တော့၊ လာ... သတို့သားအတွက် ငါတို့အားလုံး ဂုဏ်ပြုသောက်ကြစို့၊ အစ်ကိုနဲ့ မရီးတို့ သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေ၊ သားသမီး ရတနာတွေလည်း အများကြီး ထွန်းကားပါစေဗျာ"

ဟော်ယန် ပြုံးလိုက်ကာ ဝိုင်ခွက်အား မြှောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"မင်းတို့ရဲ့ ဆုတောင်းစကားတွေအတွက် ကျေးဇူးပဲကွာ"

ဟော်ယန်နှင့် သူ့ သူငယ်ချင်းများ အဝေးတစ်နေရာတွင် ပျော်ရွှင်စွာ သောက်စားနေကြသည်ကို ငေးကြည့်ပြီး ရှုယောင်က မနေနိုင်တော့ဘဲ ပြောမိသွားသည်။

"ကျဲ... ယောက်ဖက မိုက်နေရောပဲ၊ ရုပ်လည်းချောတယ်၊ လက်လည်းဖွာတယ်၊ ပြီးတော့ အစ်မစကားကိုလည်း နားထောင်တယ်၊ သူ့လို လူမျိုးကို ရှာဖို့ဆိုတာ တော်တော်လေး ခက်ခဲလိမ့်မယ်"

ရှုယင်းယင်း သူမ၏ အချိုရည်အား တစ်ငုံသောက်လိုက်ပြီး သူ့အား ဘေးတစောင်း လှမ်းကြည့်သည်။

"ငါ သိပါတယ်၊ ဒါကြောင့်လည်း ငါ သူ့ကို ဘာမှ တုံ့ဆိုင်းမနေဘဲ လက်ထပ်လိုက်တာပေါ့၊ ငါလည်း ဒီအခွင့်အရေးကို ယူပြီး အလုပ်ထွက်မယ် ပြီးတာနဲ့ ဘဝကိုအပြည့်အဝခံစားရတော့မှာလေ၊ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတာဆိုတော့ ကုမ္ပဏီမှာ ဘာမှဝင်မကူညီနိုင်တော့ဘူး၊ အဘိုးကလည်း ငါ့ဆီကနေ ဘာမှ ထပ်မမျှော်လင့်တော့လောက်ဘူး၊ ဒါပေမဲ့ နင်ကော... ကျောင်းပြီးရင် ဘာလုပ်မယ်လို့ စဉ်းစားထားလဲ၊ ငါကတော့ ရင်းနှီးမြှုပ်နှံမှုတွေစောင့်နေတာ"

"ကျွန်တော် စဉ်းစားထားပြီးပါပြီ၊ ကုမ္ပဏီမှာ အောက်ခြေကနေ ပြန်စပြီး အလုပ်ဝင်လုပ်ချင်တယ်၊ အစ်မပြောသလိုပဲလေ... မိသားစုက ထောက်ပံ့ပေးတဲ့ အကျိုးခံစားခွင့်တွေကို ကိုယ်က ဘာမှပြန်မပေးဆပ်ဘဲ ခံစားနေလို့မှမရတာ၊ အဘိုးကလည်း အသက်ကြီးနေပြီဆိုတော့ မိသားစုကိစ္စတွေကို ကျွန်တော် ဝေမျှထမ်းပေးသင့်နေပြီ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သက်သေပြစရာ နည်းလမ်းတွေ အများကြီးရှိတယ်၊ ကျွန်တော်ကသာ ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် ဘယ်နေရာမှာမဆို အောင်မြင်မှုတစ်ခုခု ရနိုင်တာပဲလေ၊ ကျဲက တော့ စိတ်အေးလက်အေး အနားယူပြီး ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါ၊ ကျွန်တော်လည်းရှိနေတော့ ဖုန်းရီအတွက် ဘာမှပူစရာ မလိုတော့ဘူး"

ရှုယင်းယင်း ဝမ်းသာအားရဖြင့် ချီးကျူးလိုက်သည်။

"မဆိုးပါဘူး၊ အားယောင်က လအနည်းငယ်အတွင်းမှာ တော်တော်လေး ရင့်ကျက်လာတာပဲ"

"ဒါတွေအကုန်လုံးက ကျဲရဲ့ ကောင်းမွန်တဲ့ လမ်းညွှန်မှုတွေကြောင့်ပါ၊ ဒီအောင်မြင်မှုအတွက် ကျဲက တစ်ဝက် တာဝန်ရှိပါတယ်၊ ကျွန်တော် ကျဲကို သတိရရင်ရော မကြာခဏ လာလည်လို့ ရမလားဟင်"

"ရတာပေါ့၊ မေးနေစရာတောင် မလိုဘူး"

ရှုယင်းယင်း သူ့ ခေါင်းလေးအား ပုတ်ပေးလိုက်သည်။ ရှုယောင်က ကျေနပ်စွာ ပြုံးမိသွားသည်။ သူတို့တွင် စကား ပြောစရာ အကြောင်းအရာရှိနေသရွေ့ အရာအားလုံး အဆင်ပြေသည်။

အချိန်များ လျင်မြန်စွာကုန်ဆုံးသွားပြီး ညအချိန်သို့ ရောက်ရှိလာသော်လည်း ဧည့်သည်များ၏ စိတ်အားထက်သန်မှုကမူ ပို၍သာ ပြင်းထန်လာခဲ့သည်။ ဟော်ယန်သည် သူ့ ဇနီးလေးနှင့်အတူ နှစ်ကိုယ်တည်း သီးသန့် နေချင်နေသည်မှာ ကြာပြီဖြစ်ရာ လူတိုင်းအာရုံလွှဲနေခိုက်ကို အခွင့်ကောင်းယူ၍ ရှုယင်းယင်းအား ခေါ်ကာ တိတ်တဆိတ်ထွက်ပြေးလာတော့ သည်။

သူတို့နှစ်ယောက်သည် ကျွန်းပေါ်ရှိ တောင်တက်လမ်းအတိုင်း အမြင့်ဆုံးနေရာသို့ တက်သွားကြပြီး မြေပြင်ပေါ်တွင် ထိုင်ချကာ ကောင်းကင်ထက်၌ မြင့်မားစွာ ထိန်လင်းနေသော လရောင်အား တိတ်တဆိတ်ငေးကြည့်နေကြလေသည်။

"မိန်းမ... ပင်ပန်းနေပြီလား"

ဟော်ယန် သူမပခုံးအား ဖက်ထားရင်း ညင်သာစွာ မေးသည်။

"နည်းနည်းတော့ ပင်ပန်းတယ်"

ရှုယင်းယင်း ခေါင်းငုံ့ကာ သူမ ခြေသလုံးများအား ညင်သာစွာ နှိပ်နယ်နေသည်။

"အဓိကကတော့ ဒေါက်မြင့်ဖိနပ်စီးရတာ အကျင့်မရှိလို့ပါ"

ဟော်ယန် ရယ်မောလိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချကာ သူမ ဖိနပ်များကို ချွတ်ပေးလိုက်သည်။ သူ၏ ကြီးမားသော လက်အစုံဖြင့် သူမ ခြေဖဝါးများမှသည် ခြေသလုံးများအထိ ညင်သာစွာ နှိပ်နယ်ပေးတော့သည်။

ရှုယင်းယင်းမှာ သက်သောင့်သက်သာဖြင့် မျက်လုံးများ မှေးစင်းသွားတော့သည်။

"ကျေးဇူးပါ ယောကျာ်းရေ... မွ"

ရှုယင်းယင်း သူ့အား ချိုမြိန်သော အနမ်းတစ်ပွင့် ပေးလိုက်ရာ ဟော်ယန်လည်း နက်ရှိုင်းသောအနမ်းဖြင့် ပြန်လည် တုံ့ပြန်လိုက်ရင်း ပြောလာသည်။

"အချစ်... နည်းနည်းလောက် ထပ်သည်းခံပေးပါဦး၊ မနက် ဖြန်ဧည့်သည်တွေ ပြန်သွားရင် ကိုယ်တို့ ကျွန်းပေါ်မှာ ခဏလောက် ထပ်နေပြီးမှ ပြန်ကြတာပေါ့"

"ကောင်းပြီ"

ရှုယင်းယင်း တောက်ပစွာ ပြုံးလာသည်။ဟော်ယန် လှမ်း၍ သူမပါးပြင်လေးအား အသာအယာဆွဲညှစ်လိုက်သည်။

"ကိုယ့်ဇနီးလေးက တကယ်ကို ပြုစုရလွယ်တာပဲ၊ အစားအ သောက်လေး ဝအောင်ကျွေးပြီး အပြင်လိုက်ပို့ပေးရုံနဲ့တင် ပျော်နေတတ်တာ၊ အရမ်းကို ချစ်ဖို့ကောင်းတယ်"

"ကျွန်မယောကျာ်းကလည်း တကယ်ကို အံ့ဩစရာကောင်းတယ်၊ နူးညံ့တယ်၊ ဂရုစိုက်တတ်တယ် ပြီးတော့ နှိပ်တောင် နှိပ်ပေးတတ်သေးတယ်၊ အရမ်းမိုက်တာပဲ"

"ကိုယ်က တခြားကိစ္စတွေမှာလည်း အံ့ဩစရာကောင်းအောင် စွမ်းဆောင်နိုင်တယ်နော်"

ရှုယင်းယင်း ချက်ချင်းသဘောပေါက်သွားပြီး အလျင်အမြန် ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ရှင်က အရမ်းအံ့ဩစရာကောင်းတယ်"

"မင်း ကိုယ့်ကို မြှောက်ပင့်ပေးနေတာလား"

"မဟုတ်ပါဘူး၊ ရှင် တကယ်လန်းတာပါ"

"ကိုယ် အဲဒီလောက်တောင် လန်းနေမှတော့ မင်း ကိုယ့်ကို ဘယ်လို ဆုချမလဲ"

ရှုယင်းယင်း သူ့လည်စည်းအား စနောက်ချင်ဟန်ဖြင့် ဆွဲကာ မေးလာသည်။

"ယောကျာ်းက ဘာလိုချင်လို့လဲ"

"ကိုယ် လိုချင်တာ မှန်သမျှ ပေးမှာလား"

"ပေးမှာပေါ့"

"ကောင်းပြီလေ၊ အချစ်ပြောတာနော်"

ထိုသို့ပြောပြီးနောက် ဟော်ယန်သည် သူမ နားနားသို့ ကပ်ကာ ညှို့ငင်သော လေသံဖြင့် "ကိုယ် ယုန်မလေး ဝတ်စုံ ယူလာခဲ့တယ်၊ ဒီည အဲဒါလေးနဲ့ ကစားကြ‌မယ်လေ"

ရှုယင်းယင်း နားရွက်များမှာ ချက်ချင်းဆိုသလို နီမြန်းသွားပြီး ရှက်သွေးဖြာလျက် ခေါင်းညိတ်လာသည်။

"အွန်း"

ဟော်ယန် သူမနှာခေါင်းလေးအား ဖွဖွလေး ကိုက်လိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် သူမကိုပွေ့ချီကာ တောင်ပေါ်မှ ဆင်းလာခဲ့တော့သည်။

"ရှင် ဘာတွေလုပ်နေတာလဲ၊ ဧည့်သည်တွေ ရှိသေးတယ်လေ"

"အသံလေးတော့ နည်းနည်းတိုးတိုးပေးပေါ့ အချစ်ရာ"

"..."

စနစ်လေးခမျာမှာ ချက်ချင်းထိတ်လန့်သွားရတော့သည်။

သောက်ကျိုးနည်း... သူထပ်ပြီး အမှောင်ခန်းထဲ၀င်ရတော့မယ်၊ အဲဒီကျိန်စာသင့်နေတဲ့ ဟော်ယန်ကတော့၊ နင် နည်းနည်းလေးတောင် သည်းမခံနိုင်တော့ဘူးလား QAQ

All Chapters