Phantasma of the Deep
Vol. 1 Ch. 14
( သတိပေးချက် ။ ။ ဒီအခန်းက ၂၉ ခန်းရှိတဲ့အထဲက ဒုတိယမြောက် High Difficulty အခန်းပါ။ စာဖတ်သူတွေ ဖတ်ရလွယ်ကူအောင် အတတ်နိုင်ဆုံး ကြိုးစားထားလင့်ကစား ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အသင့်ပြင်ထားကြပါ။ သင်ထောက်ကူ ပုံ ၄ ပုံ ပါဝင်တာကြောင့် ဒီပုံတွေကို ကြည့်ရင်း ဇာတ်လမ်းကို နားလည်ဖို့လည်း မြှော်လင့်မိတယ်။
ဒီအခန်းဟာ Hard Sci Fi ဦးစားပေး။ ဒီမှာ ပါဝင်တဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို ကျွန်တော်က တီထွင်ခဲ့ပြီးတော့ ၊ ထိုင်းနိုင်ငံမှာ ကပ်ပါးကောင်ဗေဒ ( Parasitology ) ကို မဟာဘွဲ့ ယူနေတဲ့ သူငယ်ချင်း Dr Thet Htun Oo က ပြန်လည် စိစစ်ပေးခဲ့ပါတယ်။ )
***********
ယာယီတဲနားသို့ မန်းဒရိတ်(ခ်)များက အလောင်းတစ်လောင်းသယ်လာကြသည်။ ယင်းတို့၏ဘေး၌လည်း အသက်နှစ်ဆယ့်ငါးနှစ် ( ၂၅ ) ဝန်းကျင် မိန်းမပျိုတစ်ဦးမှာ ကပ်လိုက်လာ၍ ၊ သူ(မ)သည် အဖြူရောင်အင်္ကျီ ၊ အဖြူရောင်ဂါဝန်နှင့် အနီရောင်စလွယ်ကို သိုင်းထားသည်သာမက ဦးခေါင်းထက်၌လည်း ဒါမီယာပန်းပွင့်နှင့် အန်သရယ်ပန်းများ ရောခွေထားသော ပန်းခွေသရဖူလေးကို ဆောင်းထားသဖြင့် မင်္ဂလာဆောင်တော့မည့် သတို့သမီးဖြစ်သည်ကို ပေါ်လွင်စေကာမူ ၊ သူ(မ)မှာမျက်နှာကို လက်နှစ်ဖက်လုံးဖြင့် အုပ်လျက်ရှိပြီး သူ(မ)၏ဘေးတွင်ကား အင်္ကျီနီ ၊ ဘောင်းဘီနီနှင့် စလွယ်ဖြူသိုင်းထားသော သတို့သားက ကပ်လိုက်လာလေသည်။
အနားရောက်၍ စစ်ဆေးလတ်သရော် အသက်သုံးဆယ် ( ၃၀ ) ဝန်းကျင် လူသားအမျိုးသမီးတစ်ဦး၏ အလောင်းဖြစ်နေပြီး ၎င်း၏လည်ပင်းမှာ စိစိညက်ညက်ကြေနေရုံမျှမက သွေးခြောက်များ ရွှံ့များနှင့်ရောထွေးနေသော ဒဏ်ရာကြီးတစ်ခုရှိလေသည်။ အလောင်းကိုချသည်နှင့် သတို့သမီးကလည်း အလောင်းဘေးတွင် ဒူးထောက်လိုက်သောကြောင့် လီယိုနာ့ဒ်က သူ(မ)ကိုငုံ့ကြည့်၍
“မင်းနှင့်ဘာတော်တာလဲ။ ဘာဖြစ်တာလဲ”
“ကျွန်မ အမပါ။ ကျွန်မရဲ့အန်းဆော့မင်္ဂလာပွဲအတွက် လာခေါ်ရင်း လမ်းအကူးမှာ ခြေချော်လဲတာ … အဲဒါ … အဲဒါကို … ရူရိုင်းက အမလည်ပင်းကို ဖြတ်နင်းသွားတာ … အမ … အမရဲ့ … အီးဟီးဟီး”
ဟု တရှုပ်ရှုပ်ငိုနေကြိုက် သတို့သားလုပ်သူကလည်း သူ့ထံသို့လာရောက်၍ ပခုံးပေါ်လက်တင်ကာ အရိုအသေပေးသည်တွင်
“သေတာ … မင်းမိန်းမပေါ့။ ဒါက မင်းရဲ့ အန်းဆော့ ဟုတ်လား”
ဟုသေချာအောင်မေးလေလျှင် ၊ ၎င်းမှာ ပြိုတော့မည့်မျက်နှာဖြင့် ခေါင်းညိတ်ပြလေသည်။
အန်းဆော့ ( Ensort ) ဆိုသည်မှာ ဒုတိယမိန်းမကို ဆိုလိုသည်။ ရိုဒီးနီးယား၌ ယောက်ျားနှင့်မိန်းမ လက်ထပ်ပြီး အိမ်ထောင်သက် နှစ်နှစ်ပြည့်လျှင် ဒုတိယမိန်းမ အန်းဆော့ကို ထပ်ယူရသည်။ သို့သော် အန်းဆော့ကို ယောက်ျားကမရွေးရဘဲ မိန်းမဖြစ်သူက ရွေးချယ်ရသည့်အတွက် အန်းဆော့များမှာ မိန်းမ၏ယုံကြည်ရသော သူငယ်ချင်း ၊ အမ ၊ ညီမ များ ဖြစ်တတ်သည်။
အန်းဆော့မှာ မယားငယ်မဟုတ်။ အန်းဆော့ကမွေးသော သားသမီးများမှာ မိန်းမ၏သားသမီးများနှင့် တန်းတူအခွင့်အရေးရသည့်ပြင် ၊ အန်းဆော့ဖြစ်ပြီဆိုပါက ထိုအိမ်ထောင်၏ကြွယ်ဝမှုပေါင်း သုံးဆယ့်ငါးရာခိုင်နှုန်း ( ၃၅% ) ကိုပါ တရားဝင် ပိုင်ဆိုင်သွားသောကြောင့် ယောက်ျားဖြစ်သူ၏ လိင်ခံစားချက်အရ မိန်းမထပ်ယူခြင်းမဟုတ်ဘဲ အိမ်ထောင်တစ်ခုကို တြိဂံသဏ္ဌာန်ထူထောင်ခြင်းဖြစ်သည်။ ဤသည်ကား လူသားများ၏ ယဉ်ကျေးမှုနှင့် နတ်ဘုရားများက ချမှတ်ထားသော တရားဝင်ဥပဒေဖြစ်၍ ရိုဒီးနီးယားတွင် တစ်လင်တစ်မယားစနစ် မရှိပေ။
ယခုအမှုဆိုလျှင် အမဖြစ်သူက ညီမကို သူ(မ)၏ယောက်ျားဖြင့် လက်ထပ်ပေးရန် သွားခေါ်နေစဉ် ရူရိုင်းအနင်းခံလိုက်ရခြင်းဖြစ်သည်။
“အမ … အမ … ထပါဦး …ညီမတို့သုံးယောက်ပေါင်းပြီး ဒီနှစ်ကုန်ရင် ဆော်လ်နမ်ခြံလေး တစ်ခြံဝယ်မယ်လို့ ပြောထားတယ်လေ။ ဘာဖြစ်လို့ ဒီလိုနေ့ကြီးမှာ ညီမတို့ကိုပစ်သွားရတာလဲ … ပြန်ထပါဦး … ညီမခေါင်းပေါ်က ဒါမီယာပန်းတွေ မညှိုးသေးဘူး … အီး … ဟီး …”
ထိုမိန်းကလေးမှာ ပြောရမည့်ပုံ မပေါ်တော့သောကြောင့် သတို့သားကိုသာ ပြောလိုက်သည်။
“ဒီလိုရှိတယ်။ အခုဒီမြို့ထဲမှာ နေ့တိုင်းလူတွေ မတော်တဆမှုတွေနှင့် သေနေတာကို သတိထားမိတယ်မလား”
“ဟုတ်ပါတယ် … ဆက်ဖီဘီယမ် ကျိန်စာတွေကြောင့်ပါ သူရဲကောင်း”
“အေး … ငါတို့ဘက်ကလည်း ဒီကျိန်စာကို သံသယရှိလို့ မင်းမိန်းမရဲ့ အလောင်းကို နတ်ဘုရားရဲ့ တန်ခိုးတော်နှင့် စစ်ဆေးမယ်။ ခဏပဲ … ပြီးတာနှင့် သင်္ဂြိုဟ်ခွင့်ပေးမယ်”
ဟုဆိုရာ၌ ချင်းကလည်း သဘောတူသောကြောင့် ယင်းလူသားမိန်းမအလောင်းကို တဲတွင်းသို့သွင်းလိုက်လေ၏။ ယင်းနောက် ဤအလောင်းနှင့် ဆေးစမ်းလိုက်သဖြင့် သေဆုံးသွားရသောရေသူမ အလောင်းနှစ်လောင်းလုံးကို တဲတွင်းက ထိုင်ခုံနှစ်ခုနှစ်လုံးပေါ်သို့ တင်လိုက်ကြရာတွင် ၊ သေဆုံးချိန် တစ်နာရီမကြာသေးသော အလောင်းများမှာ အနည်းငယ်တောင့် ( Rigor Mortis ) နေပြီ ဖြစ်သည့်အတွက် ဇိုက်(ခ်)က အလောင်းများကို ထိုင်သည့်သဏ္ဌာန်ရစေရန် ပြုပြင်ပေးလိုက်လေသည်။ ထို့နောက် သူက မာတိုရိုဘက်သို့လှည့်ကာ
“ဒီနှစ်လောင်းလုံးရဲ့ ဦးနှောက်ကို စစ်ကြည့်ချင်တယ်။ ဦးနှောက်မထိအောင် ခေါင်းခွံကိုခွါပြီး အထဲမှာဘာရှိသလဲ ကြည့်မယ်။ စစ်ဆေးပြီးလို့ ပြန်ပိတ်ပေးတဲ့အခါမှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်လို့တော့မရဘူး။ ဒီကိစ္စက ဒီမှာတရားမဝင်တာ မင်းလည်းသိပါတယ်”
ဟုဆိုသည်တွင် မာတိုရိုက ခေါင်းညိတ်၍ လက်တစ်ဖက်ဖြန့်ပြလိုက်လေ၏။ ထိုအခါ လီယိုနာ့ဒ်က
“ဒါကကော … ဘာသဘောလဲ”
“ပိုက်ဆံပေးလေ ကိုယ့်လူ။ ခင်ဗျားတို့ ကျုပ်ကိုခေါ်လာတုန်းက ကိုမာလူနာကို ကြည့်ပေးဖို့ဆိုလို့ ကျုပ်တစ်ရာတောင်းခဲ့တယ်လေ။ အဲတစ်ရာထဲမှာ အလောင်းခွဲခမပါဘူး ။ ခွဲခက ဖရီယာတစ်ရာ”
“ဟေ့ကောင် … မင်း … မင်းဘာဖြစ်နေတာလဲ … မနက်ဖြန်သေတော့မှာကို ပိုက်ဆံဒီလောက်မက်နေတာ ဟုတ်လား”
“တပ်မှူးကကော ဘာဖြစ်လို့ အလကားလိုချင်နေရတာလဲ။ ပိုက်ဆံမပေးချင်ရင် ကိုယ့်ဘာသာခွဲလေ။ ခွဲတတ်ရင် ခွဲလိုက်ပေါ့”
ထိုအခါသူကလည်းပြုံးလျက် ၊ ခေါင်းညိတ်လျက် ဆော်လ်နမ်သီးများ ရောင်းရငွေထဲမှ နောက်တစ်ရာထပ်ပေးလိုက်သဖြင့် ယခုဆိုလျှင် သူ့၌ဖရီယာသုံးရာသာ ကျန်ပေတော့သည်။ ကိစ္စမရှိ။ ပညာဂုဏ်အားနည်းသော ဥယျာဉ်ပျိုများနှင့် ပျော်ပါးခွင့်ကိုပင် ဖရီယာငါးရာပေးရသောကြောင့် ၊ ရာဇဝတ်မှုအသင့်ခံ၍ အလောင်းများထံမှ ခက်ခက်ခဲခဲဆည်းပူးထားသော အကြင်ပိုးကောင်၏ပညာကိုလည်း အလကားယူရန် စိတ်ကူးမရှိ။
“ဒါမျိုးမှပေါ့။ နယ်ပယ်မတူပေမဲ့ ပညာရှင်အချင်းချင်း လေးစားသမှုရှိစမ်းပါ”
ဟုဆိုကာ မာတိုရိုမှာ သူ့ဖရီယာများကို ခါးကြားကအိတ်တွင်းသို့ ထည့်လိုက်လေ၏။ ယင်းနောက် ဘေးလွယ်အိတ်အတွင်းမှ ဓားငယ်လေးတစ်ချောင်းကို ထုတ်ယူ၍ အကြင်ဓားလေးကိုတစ်လှည့် ၊ အလောင်းကိုတစ်လှည့် ကြည့်ပြီးနောက် ခေါင်းခါယမ်းလျက်ရှိလေသည်။ ၎င်းနောက်
“ဒီတိုင်းဆိုရင်တော့ နှေးမယ်ဗျ။ ဦးရေပြားကို လှန်ရမယ်။ ခေါင်းခွံကိုလွှနှင့်တိုက်ရမယ်။ မြန်လည်းမြန်ပြီး ပိုလည်းတိကျတဲ့နည်းရှိတယ်”
ဟုဆို၍ အကြင်ပိုးကောင်မှာ တောင့်တမှုတို့စွက်နေသော အကြည့်တို့ဖြင့် ဇိုက်၏ယန္တရားချပ်ဝတ် ၊ လက်ဖျံပိုင်းကို လှမ်းရှုလေပြီး ချင်း၏ ဦးခေါင်းက အင်တာနာနှစ်ချောင်းလုံးမှာလည်း ပြိုင်တူဝှေ့နေလေ၏။
“ခင်ဗျားတို့ သူရဲကောင်းတွေရဲ့ ရောင်ခြည်ဓား ( Energy Blade ) နှင့်ခွဲရင်တော့ အေးဆေးပဲ”
ဟုဆိုသည့်အခါ ဇိုက်(ခ်)မှာ ညာလက်ကို အပေါ်ထောင်ကာ လက်သီးကို ဆုပ်လေရာ၌ “ရှီး” ဟူသည့်အသံကြီးနှင့်အတူ ၎င်း၏လက်ဖမိုးနေရာမှ အပြာရောင် ရောင်ခြည်ဓားကြီး တစ်လက်ထိုးထွက်လာပြီး ၊ ထိုဓားမှာ နှစ်ပေခန့်ရှည်ရုံမျှမက မျက်စိစူးလောက်အောင် တောက်ပနေသောကြောင့် တဲတစ်ခုလုံးပို၍ပင် လင်းထိန်လာသည်သာမက ၊ ပတ်ဝန်းကျင်တစ်ခုလုံး၌လည်း အနွေးဓာတ်က ကဲ၍ပင် ပြင်းရှလာလေ၏ ။
“မင်းက ဒီဟေဆွန်ရောင်ခြည်ဓား ( Hayseon’s Edge ) နှင့်အလောင်းခွဲမယ် ဟုတ်စ။ မင်း … ဒီဓားအကြောင်း ဘယ်လောက် သိလို့လဲ”
“ဒီရောင်ခြည်ဓားက တပ်မှူးနောက်မှာ လွယ်ထားတဲ့ ယန္တရားဓားလို အကောင်အထည်မရှိဘူး။ ဒါပေမဲ့ လူ့အသားတွေ ၊ အရိုးတွေကို ပြတ်လို့ပြတ်သွားမှန်း မသိလောက်အောင် ပိုင်းပစ်နိုင်လောက်တဲ့ထိ ထက်မြတယ်။ မီးထက်လည်း အများကြီးပိုပူတယ် … အဲလောက်တော့ သိတယ်။ ပြီးတော့ ဓားအရွယ်အစားကို စိတ်ကြိုက်ပြောင်းနိုင်တာကောပေါ့”
လီယိုနာ့ဒ် ခေါင်းတဆတ်ဆတ်ညိတ်နေမိသည်။ ထက်ပါသည်။ အင်မတန် ထက်မြပါသည်။ အနှီဓားကို ကြည့်နေလျက်ပင် ဤဓားဖြင့် လူတစ်ယောက်၏ ဦးခေါင်းကို ဖြတ်သည့်အခါ ရသောခံစားချက်များပြန်ရလာသဖြင့် သူ့လက်ညှိုးနှင့်လက်မကို ပြန်ပွတ်မိနေသကဲ့သို့ ၊ ခေါင်းဖြတ်ခဲ့သူများ၏ မျက်နှာများကိုလည်း ပြန်လည်မြင်ယောင်လာရကား အဆိုပါဓားကို မျက်တောင်မခတ်တမ်း ကြည့်နေမိကြိုက် ၊ မာတိုရို၏အဖြေကြောင့် ဇိုက်(ခ်)မှာ မဲ့ပြုံးတစ်ချက်ပြုံးလျက် ယန္တရားချပ်ဝတ်၏ လက်ဖျံနေရာမှ လေးလက်မဝန်းကျင် ရှည်လျားသော အနက်ရောင်အပြားရှည်လေး တစ်ပြားကို ဖျောက်ခနဲမြည်အောင် ဆွဲထုတ်လိုက်၍ အနှီပိုးကောင်အား ကမ်းပေးလိုက်လေသည်။
ထိုအခါမာတိုရိုက ယင်းအနက်ရောင် အပြားရှည်လေးကို ဘယ်ညာ ၊ အပေါ်အောက် လှန်ကြည့်၍ သူ့အား ထိုးပေးလာသည်။
“ဓားသွားကို နှစ်ပေလောက်ကြီး မရှည်ချင်ဘူး။ လက်သည်းခွံလောက်လေးပဲ လိုချင်တာ … ချိန်ပေးစမ်းပါဗျာ”
ဟုဆိုလာသည့်အလျောက် သူလည်း ယင်းအပြားလေး၏ မျက်နှာပြင်ကို လက်ညှိုးဖြင့်ထိလိုက်သည်တွင် ထိုအပြားပေါ်၌ ရွှေရောင် စာသားများပေါ်လာ၍ ၊ ဤစာတန်းများကို လက်ထိပ်နှင့် ထပ်မံတို့ထိလျက် ဓား၏သဏ္ဌာန်ကို မာတိုရိုပြောသော အရွယ်အစားလောက်လေးသာ ချိန်ပေးလိုက်ပြီးနောက် ၊ ဖန်သားပြင်ကို လက်ဖြင့်ပွတ်ဆွဲလတ်သော် ၎င်းအပြား၏ထိပ်၌ လက်သည်းခွံမျှသာရှည်သော ရောင်ခြည်ဓားပေါက်စလေး ထွက်လာလေသည်။ ထိုအခါလီယိုနာ့ဒ်မှာ မျက်လုံးပြူးသွားပြီး
“ဇိုက်(ခ်) မင်း … ငါ့ရဲ့လက်ဗွေကို အခုထိမှတ်ထားတုန်းပဲလား”
“တစ်ခါခေါင်းဆောင် ၊ တစ်သက်လုံး ခေါင်းဆောင်ပါဗျာ”
အကြင်စကားကား သူကို ပြန်ပြုံးသွားစေသည်။ မည်သည့်အဓိပ္ပာယ်မျှမဆောင်ဘဲ သူ့ကိုယ်သူ မသိလိုက်မီမှာပင် ပြုံးသွားမိသော အပြုံး။ ဆရာနှင့်တပည့်ပြန်တွေ့သည့်အခါ ဆရာဘက်က ပြုံးသောအပြုံး။
ထိုကဲ့သို့သော ဆက်တင် ( Setting ) ချိန်ခြင်းများမှာ ချပ်ဝတ်ပိုင်ရှင်၏ လက်ဗွေမပါဘဲ လုပ်မရ။ သို့သော် လွန်ခဲ့သော သုံးနှစ်ခန့်က ၊ အတွေ့အကြုံနုံနည်းခဲ့သော ဇိုက်(ခ်)မှာ ၎င်း၏ချပ်ဝတ်ထိန်းချုပ်မှု လုံခြုံရေးအကောင့် ( Account ) အတွင်းတွင် သူ့လက်ဗွေများပါ ထည့်ပေးခဲ့ပြီး ၊ ဤသည်တို့ကို ယခုထိ ဖျက်ရသေးဟန်မတူချေ။
“ကဲ ကဲ … ဆရာ တပည့်တွေ နောက်မှအလွမ်းသယ်တော့။ ကျုပ်ခွဲပြီ … ဒါနှင့်ဆို ခဏပဲ။ ကြည့်ထားကြ”
မာတိုရိုမှာ ဟေဆွန်ရောင်ခြည်ဓားထွက်နေသော အနက်ပြားလေးကို လက်ညှိုးလက်မဖြင့် ပူးကိုင်လျက် ရူရိုင်းနင်းမိသဖြင့်သေထားသော မိန်းမအလောင်း၏ နောက်သို့သွား၍ ၊ ၎င်း၏ဆံပင်များကို သိမ်းစုကိုင်လိုက်လိုက်လေသည်။ ထို့နောက် နဖူး ၊ နားထင် ၊ နောက်စေ့ စသည့် ခေါင်းတစ်ပတ်လည်လုံးကို မင်နီဖြင့် စက်ဝိုင်းသဏ္ဌာန် မှတ်ရာပေး၏။ ယင်းနောက် ထိုမှတ်ရာအတိုင်း ရောင်ခြည်ဓားဖြင့်ဦးခေါင်းပတ်ပတ်လည်ကို အလျားလိုက်ခွဲသွားလေ၏။
“ရှီး … ဖျစ် … ဖျစ် … ဖျစ် … ရှဲ”
ဟေဆွန်ဓားသွားဖြတ် သွားသည့်နေရာတစ်လျှောက်၌ လိမ္မော်ရောင်မီးစအကြောင်းလေး ပေါ်လာသည်နှင့်အတူ အသားမီးတူးသည့်ညှော်နံ့များလည်း တဲအတွင်း ပျံ့လွင့်လာ၏။
နဖူးမှစ၍ ဦးခေါင်းတစ်ပတ်လုံး ဓားဖြင့်ခွဲလာပြီး ထိုနဖူးနေရာ၌ပင်ပြန်ဆုံးကာ တစ်ပတ်ပြည့်သွားသည်။ အားလုံးပေါင်း သုံးစက္ကန့်သာကြာသည်။
“အလိုဗျာ … ဓားထက်ချက်ကတော့ … ခွဲနေရတာနှင့်တောင်မတူဘူး။ ခဲတံလေးနှင့်ဆွဲနေရတဲ့ အတိုင်းပဲ။ အမှန်ဆို ဦးခေါင်းခွံဆိုတာ လက်ပြုတ်အောင် လွှနှင့်တိုက်ရမဲ့ဟာဗျ … ခင်ဗျားတို့ ဒါတွေနှင့်လူသတ်နေကြတယ် ဟုတ်စ … အမှန်က ဆေးပညာမှာသုံးရမှာ”
ပြောနေလျက် ဆိုနေလျက်ပင် အနှီပိုးကောင်မှာ အလောင်း၏ ငယ်ထိပ်ကဆံပင်စုကို လက်ဖြင့်သိမ်းကိုင်ကာ ဆွဲမလိုက်လေသော် ၊ ဦးခေါင်းခွံကြီးမှာ ကြွတက်လာပြီးနောက် အတွင်းက မီးခိုရောင်ဖျော့ဖျော့ အလွှာကြီးတစ်လွှာပေါ်လာ၍ ထိုအလွှာကြီးအောက်တွင် သစ်ကိုင်းသဖွယ် သွယ်ဖြာနေသော ခရမ်းရောင်သွေးကြောများကလည်း ကြွတက်နေသည်ကိုမြင်လျှင် ၊ လီယိုနာ့ဒ်၏ ပါးစပ်မှာ အနည်းငယ်ဟ သွားလေသည်။
“အဲဒါဘာကြီးလဲ”
“ဦးနှောက်မြှေးလေဗျာ။ ဦးနှောက်မြှေးကို သုံးလွှာထပ်ခွဲတယ်။ ဒါကို ဒူရာမာတာ ( Dura Mater ) လို့ခေါ်တယ်။ အပေါ်ဆုံးလွှာပေါ့။ ဘာလဲ … ခင်ဗျားတို့က ခေါင်းခွံကိုဖွင့်လိုက်တိုင်း ဦးနှောက်ကြီးဖွေးခနဲ ထွက်လာမယ်ထင်နေတာလား”
ဤသည်ကိုကြည့်ရသည်မှာ ဦးနှောက်ကို စက္ကူတစ်ထပ်ဖြင့် အုပ်ထားသကဲ့သို့ပင်။ ထို့နောက် အကြင်ပိုးကောင်မှာ ဘေးလွယ်အိတ်အတွင်းက ကတ်ကြေးကိုထုတ်ယူ၍ ဒူရာမာတာဟုဆိုသည့် ယင်းအလွှာကြီးအား ကတ်ကြေးနှင့်ကိုက်ဖွင့်ပြီးနောက် ဆွဲလှန်ပစ်လိုက်သည့်အခါ ဦးနှောက်ဖြူဖြူတွန့်တွန့်ကြီးမှာ အတုံးလိုက်အတစ်လိုက် ပေါ်လာသည်တွင် ၊ ထိုဦးနှောက်သား၏ မျက်နှာပြင်ပေါ်ဝယ် ပင့်ကူအိမ်ကွန်ရက်သဖွယ် ယှက်ဖြာနေသော အဖြူရောင်အရာများ ၊ ခရမ်းရောင်သွေးကြောများနှင့် အရည်ကြည်များကား ပွစိတက်နေလေသည် ။
ယင်းပြင် ညှီနံ့နှင့်သတ္တုနံ့တို့ ရောနေသော အနံ့တစ်ခုက သူ့နှာဝသို့စိမ့်တက်လာ၍ နဖူးအထက်တွင်ဦးနှောက်ကြီးပြူးနေပြီး နဖူးအောက်၌ မျက်လုံး ၊ မျက်ခုံးများအပြည့်နှင့် ထိုင်နေသော မိန်းမတစ်ယောက်၏ အလောင်းမျက်နှာကို ကြည့်ရသည်မှာလည်း အသည်းယားဖွယ်။ ကြည့်နေလျက်ပင် ခြေထောက်အောက်က ချွေးစေးများထွက်၍ တစ်ကိုယ်လုံးအေးစက်လာ၏။ မာတိုရိုမှာ ပင့်ကူအိမ်သဖွယ်အရာများ ကိုလက်ညှိုးဖြင့်ထိုးပြလျက်
“ဒါကို ဒုတိယအလွှာ အရက်ခနွိုက် မာတာ ( Arachnoid Mater ) လို့ခေါ် … ခေါ် … ဟာ … ဘာကြီးလဲဟ”
ယင်းမှာ စကားကိုပင် ဆုံးအောင် ဆက်မပြောနိုင်တော့ဘဲ လက်ညှိုးထိုးနေသည့်နေရာ ပြောင်းသွားသောကြောင့် ၎င်း၏လက်ညှိုးရွေ့သွားသည့်နေရာကို ကြည့်လိုက်ရာတွင် ၊ ဒင်္ဂါးဝိုင်းအရွယ်ရှိ၍ ရဲတွတ်နေသော အဝိုင်းပြားနှစ်ခုမှာ ဦးနှောက်ရှေ့ပိုင်း ( Frontal Lobe ) ၏ ဘယ်ခြမ်းနှင့်ညာခြမ်းတို့၌ တစ်ဘက်လျှင် တစ်ခုကျကပ်နေလေပြီး ၊ ယင်းအဝိုင်းပြားနှစ်ခုမှ အနီရောင်အလင်းတန်းများလည်း ဖြာထွက်နေလေရာ ၎င်းတို့ကို အုပ်ထားသော ပင့်ကူအိမ်သဏ္ဌာန် အရက်ခနွိုက် မာတာ ( Arachnoid Mater ) ကိုပင် အလင်းတန်းများက ဖောက်ထွက်လျက် သူတို့သုံးယောက်လုံး၏ မျက်နှာကို လာထိုးနေလေ၏။
“မာတိုရို ဒါဘာတွေလဲ။ သွေးခဲလား … ကပ်ပါးကောင်လား”
“ဘယ့်နှယ်သွေးခဲ။ သွေးခဲကနေ ဘယ်လိုလုပ် အလင်းတွေ ထွက်နေမှာလဲ။ ဒါဆို ကပ်ပါးကောင်ကကော … ကပ်ပါးကောင်ကကော ဘယ်လိုလုပ် အလင်းထွက်မှာလဲ”
ဟု တီတိုးရေရွတ်နေလျက်ပင် ၎င်းသည်လွယ်အိတ်အတွင်းမှ ဇာဂနာကိုထုတ်၍ ထိုအလင်းထွက်နေသော အနီရောင်အဝိုင်းပြားကို ညှပ်ယူကာ ဖယ်သော်လည်း ပါမလာဘဲ တင်းနေသဖြင့် ဇာဂနာကို လက်ညှိုးလက်မဖြင့်ညှစ်၍ ဆောင့်ဆွဲလိုက်သည့်အခါ ၊ ထိုအဝိုင်းပြားနှင့်အတူ ဘေးနားက ဦးနှောက်အသားကြီးပါ ကြွတက်လာပြီးနောက် ဤအဝိုင်းပြားနှင့် ဦးနှောက်ကြား၌ အနီရောင်အမျှင်များဖြင့် ဆက်ထားသည်ကိုမြင်လေသရော် ၊ မာတိုရိုမှာ ခြေနှစ်လှမ်းမျှ ဆုတ်သွားလေသည်။
“မေဟန်ဟီရစု ကယ်တော်မူပါ။ အဝိုင်းပြားဘေးပတ်ပတ်လည်က ကြိုးတွေက ဦးနှောက်ထဲကို ဖောက်ဝင်ပြီး အသေတွယ်ထားတာဟ … အတင်းဆွဲဖြုတ်မယ်ဆိုရင် ဦးနှောက်အသားတွေပါ ပဲ့ထွက်လာလိမ့်မယ်”
“ခေါင်းခွံတစ်ခုလုံးတောင် ဖွင့်ပြီးပြီပဲကွာ။ သန်းခေါင်ထက်ညဉ့်မနက်တော့ဘူး။ ဆွဲဖြုတ်ပစ်လိုက်စမ်းပါ”
လီယိုနာ့ဒ်၏ ဆော်ဩမှုကြောင့် မာတိုရိုမှာ အလောင်း၏ကုပ်ကို လက်တစ်ဖက်ဖြင့်ထိန်းကိုင်လျက် ၊ ဇာဂနာဖြင့် ထိုအဝိုင်းပြားကို ဖိညှစ်လျက် စဆွဲလေရာ ဦးနှောက်သားများ ကြွတက်လာပြန်ပြီး ၊ သို့ပေသော်ငြား ၎င်းမှာ မရပ်ဘဲဆက်ဆွဲသဖြင့် ယင်းဦးနှောက်တွင်းက အနီရောင်ကြိုးမျှင်ကြီးများမှာ တစ်မျှင်ပြီးတစ်မျှင် ပါလာကြလေသည်။
အနှီအမျှင်များမှာ အပြင်သို့ လက်တစ်ထွာနီးပါးမျှ ထွက်လာသည်အထိ ဦးနှောက်တွင်း၌ ကျန်ရှိနေဆဲဖြစ်ရကား ဤသည်ကိုကြည့်နေလျက်ပင် သူ့ကိုယ်ပေါ် ရာချီနေသည့် ပိုးကောင်ငယ်များ တက်လာသည့်အလား တစ်ကိုယ်လုံး ယားယံလာတော့သည်။ ကြိုးမျှင်နီများ အပြင်သို့ ဆက်လက်ရှည်ထွက်လာသည်နှင့်အမျှ အလောင်း၏ ဦးနှောက်မှာ အပိုင်းအစများ သာမကတော့ ၊ အတုံးလိုက်အခဲလိုက် ပဲ့ထွက်လာလေပြီ။
“ဟူး … မျက်လုံးနှင့်မြင်လို့သာ ယုံရတယ်ဗျာ”
ဇိုက်(ခ်)၏ တုန်ယင်နေသည့်စကားသံ။ ယင်းသို့ဖြင့် ဆက်ဆွဲရာ၌ ၊ တခဏမျှကြာသရော် ထိုအဝိုင်းပြားမှာ ဦးနှောက်ပေါ်မှ အလုံးစုံပြုတ်ထွက်သွားသောကြောင့် ၊ အဆိုပါအရာကို စစ်ဆေးကြည့်လိုက်လေလျှင် အဝိုင်းပြား၏ဘေးပတ်ပတ်လည်က အမျှင်များမှာ စုစုပေါင်း အခုနှစ်ဆယ် ( ၂၀ ) ခန့်ရှိပြီး တစ်မျှင်လျှင် တစ်ပေနီးပါးရှည်သည့်ပြင် ၊ သူတို့ကြည့်နေခိုက်မှာပင် ယင်းတို့မှာ တွန့်လိမ်လှုပ်ရှားလာ၍ သင်း၏ကိုယ်မှဖြာထွက်နေသော အလင်းများလည်း ငြိမ်ကျသွားကာ အကြင်အရာမှာ အဖြူရောင် ဂျယ်လီပြားတစ်ခုနှယ် တစ်ဘက်သို့ ဖောက်မြင်နေရသည်အထိ ကြည်လင်လာတော့သည်။ တွန့်လိမ်ပြီးနောက် ထိုအမျှင်ရှည်ကြီးများမှာလည်း အောက်သို့ ငိုက်စိုက်ကျကုန်လေပြီ။
“ဒါ … ဒါ … သက်ရှိ … ကပ်ပါးကောင်ကြီးပဲ”
လီယိုနာ့ဒ်မှာ ယင်းသို့ဆို၍ အောက်ငုံ့ကြည့်သည့်အခါ ၊ မွစာကြဲကာ ပွင့်ထွက်နေသော ညာဘက်ဦးနှောက်နှင့် ဘယ်ဘက်ဦးနှောက်ပေါ်၌ အနီရောင် အလင်းတန်းများ ဖြာထွက်နေသော အဝိုင်းပြားတို့ကလည်း သူ့ကိုစိန်ခေါ်နေသယောင်။ ထိုအခိုက်
“ဒါကို … ကျုပ် … ကျုပ်မြင်ဖူးတယ် … ဒီမိစ္ဆာကို ကျုပ်မြင်ဖူးတယ် … ကျုပ်ဆွဲဖူးတယ် … ပုံထဲကအတိုင်းပဲ … အဲသည်လိုကြီး”
“မင်းသိတယ်ပေါ့ … သိတယ်ဆိုရင် ပြောစမ်း … ဒါဘာကောင်လဲကွ”
လီယိုနာ့ဒ်၏အသံမှာ မာထန်လာ၏။ သို့သော် ချင်းက ဇိုက်(ခ်)ဘက်သို့လှည့်၍
“တပ်မှူး … ခင်ဗျား ကျုပ်ရဲ့မှတ်စုစာအုပ်ကို ပြန်ပေးမှဖြစ်မယ်။ အဲသည်အထဲမှာ ဒီအကောင်ကြောင်း အသေးစိတ်မှတ်ထားတာတွေ ရှိတယ်”
“မင်း ဒီတိုင်းပြောလို့မရဘူးလား”
“မရဘူး … ဒါတွေက ဒုတိယအခါ ခိုးတုန်းကပါတဲ့စာတွေ။ ကျုပ်က မှတ်စုစာအုပ်ထဲကိုပဲ တိုက်ရိုက်ကူးချထားတာ … ဒီကောင့်ကို Prototype - M1 လို့ခေါ်တာကလွဲလို့ ကျန်တာဘာမျှ အသေးစိတ်မမှတ်မိဘူး”
“ဇိုက်(ခ်)ပေးလိုက်တော့”
ဇိုက်(ခ်)၏ နှုတ်ခမ်းများ တင်းတင်းစေ့သွား၏။ ပြီးမှ ခေါင်းတစ်ချက်ညိတ်၍ ခါးချပ်ဝတ်၌ ချိတ်ထားသော စာအုပ်ထူကြီးကို မာတိုရိုအား ပေးသည့်အခါ ၊ ၎င်းက အင်တာနာများ ရှေ့နောက်ယမ်းခါနေလျက်ပင် ယင်းစာအုပ်ကြီးကို လှန်လှောဖတ်ရှုနေစဉ် ၊ ဘေးကလီယိုနာ့ဒ်မှာလည်း “စားပွဲပေါ်က ဤမိစ္ဆာကောင်သာ လှုပ်လာပါက ဖိခြေပစ်ရလတ္တံ့” ဟု နှလုံးသွင်းကာ စိတ်ရောကိုယ်ပါ အသင့်ပြင်ထားလျက်ရှိပြီး ၊ တအောင့်မျှကြာလျှင် အကြင်ပိုးကောင်သည် စာအုပ်ကြီးကိုကိုင်လျက် အလောင်း၏ အကောင်းတိုင်းကျန်နေသေးသော ဘယ်ဘက်ဦးနှောက်ပေါ်က အနီရောင်ကပ်ပါးကောင်ကို မျက်လုံးခြောက်လုံးလုံးဖြင့် စိုက်ကြည့်နေလေတော့သည်။ တခဏမျှကြာမှ အစွယ်နှစ်ချောင်းပြိုင်တူဟကာ စကားဆိုလာ၏။
“ဒီကောင့်ကို မီဇိုဗာ ကပ်ပါးကောင် ( Mezova Parasite ) လို့ခေါ်တယ်။ သက်ရှိတွေကို စိတ်ညှို့နိုင်တဲ့ကပ်ပါးကောင် ( Mind Control Parasite ) တဲ့”
“ဘာ….”
“ဘာကွ”
************
လီယိုနာ့ဒ်ခေါင်းကို တွင်တွင်ခါ လိုက်သည်။
“မင်းဟာက လုံးဝအဓိပ္ပာယ်မရှိဘူး။ ကပ်ပါးကောင် ၊ သန်ကောင် ၊ တုတ်ကောင် ဆိုတာတွေကတော့ ငါတို့လည်းသိပါတယ်ကွာ။ လူတွေ ၊ တိရစ္ဆာန်တွေ ကိုယ်ထဲ တွယ်ကပ်ပြီး အစာစားတဲ့ကောင်မလား။ ဒီကောင်က ဘယ်လိုလုပ် စိတ်ညှို့နိုင်ရမှာလဲ။
အခုပဲကြည့်လိုက်လေ။ လူတစ်ယောက်က တွေးနိုင်ခေါ်နိုင်ဖို့ ဒီလောက်ကြီးတဲ့ ဦးနှောက်တစ်ခုလိုတယ်။ ဒါဆို လူကိုထိန်းမဲ့ကောင်က လူရဲ့ဦးနှောက်လောက်တော့ အနည်းဆုံးကြီးရမှာ မဟုတ်ဘူးလား။ ဒါမှ ဘာလုပ်ညာလုပ် အမိန့်ပေးနိုင်မှာပေ့ါ”
ဟုဆိုပြီးနောက် မီဇိုဗာကပ်ပါးကောင် ဟူသောအရာကို လက်ညှိုးထိုးလိုက်၍
“အခုဟာက ဒင်္ဂါးစေ့လောက်ရှိတဲ့ အကောင်နှစ်ကောင်ကလူလောက် ဉာဏ်ကောင်းပါ့မလား။ သူတို့က လူကို ဘယ်လိုစိတ်ညှို့မှာလဲ။ ဒီလိုကောင်တွေ စိတ်ညှို့တာခံရရင်လည်း မူမမှန်တာတွေ ဖြစ်လာမှာပဲ။ အခုဟာက ဒါမျိုးမဟုတ်ဘူး။ ဒီမိန်းမက သူ့ညီမရဲ့ မင်္ဂလာပွဲကိုတောင် ကိုယ်တိုင်သွားခေါ်နေတာ”
“မှန်တယ်ခေါင်းဆောင် … ဒါကြီးက မဟုတ်သေးဘူး။ ငါတို့တောင်ခွဲကြည့်မှ သိတဲ့ဒီကောင်က ဘယ်လိုလုပ်ပြီး လူ့ဦးနှောက်ကြားထဲကို ရောက်နေရတာလဲ။… မင်းဟာက နတ်ဘုရားရဲ့ တန်ခိုးလို့ပြောရင်တောင် ယုံချင်စရာကောင်းဦးမယ်”
ဇိုက်(ခ်)၏စကားဆုံးသော် မာတိုရိုမှာ လက်လေးဖက်လုံးကို ပြိုင်တူပိုက်ကာ သူတို့နှစ်ယောက်ကို ကြည့်နေလေသည်။
“လောကမှာ တကယ့်အဖြစ်မှန်တွေက ရှုပ်လွန်းလို့ နားလည်လွယ်အောင် တန်ခိုးလို့ အလွယ်ပြောထားတာဗျ။ ကံကောင်းချင်တော့ ခင်ဗျားတို့ ထောက်သမျှဟာတွေအကုန်လုံးရဲ့ အဖြေတွေက ဒီမှတ်စုထဲမှာ ရှိနေတယ်။
ဒီကပ်ပါးကောင်ကို သေနင်္ဂပါလ နတ်ဘုရား ရေ့(ဇ်) ( Raze ) က ဖန်ဆင်းခဲ့တယ်လို့ ဆိုထားတယ်။ အဲတော့ တန်နားဘရက်(စ်)က နတ်ယုတ်ရဲ့ ကျိန်စာလို့ပဲ အလွယ်မှတ်ပြီး ဒီအလောင်းကို သင်္ဂြိုဟ်လိုက်တော့မလား။ ဒါမှမဟုတ် … ဒီကျိန်စာ ၊ ဒီတန်ခိုးတော် ဆိုတာကို နည်းနည်းလေး အသေးစိတ် လေ့လာကြည့်မလား”
ဟုဆိုလျှင် လီယိုနာ့ဒ်မှာ ယင်းကို မျက်လုံးပြူးကာငေးလျက်ပင် ငိုင်သွားလေသည်။ ဇိုက်(ခ်)ကမူ အံကြိတ်လျက်
“ဟေ့ကောင် … မင်းပြောတဲ့ စကားတွေ ဘယ်လောက်ထိ အဓိပ္ပာယ်သွားနေသလဲဆိုတာကော မင်းသိရဲ့လား။ မင်းဆိုတဲ့ကောင်က စာအုပ်ပြန်ရတာနှင့် တကယ်ကိုး ဘာမျှမမြင်တော့ပါလား။ နတ်ဘုရားဆိုတာ အတိုင်းမဲ့ကွ … သူတို့ရဲ့ ဘုန်းတော် ၊ တန်ခိုးတော်ဆိုတာ အနန္တ။ ဒါကိုမင်းက ဘာထပ်သိချင်နေသေးတာလဲ”
လီယိုနာ့ဒ် ခေါင်းယမ်း၍ စကားဝင်ဖြတ်သည်။
“မဟုတ်ဘူး … အဲလိုမဟုတ်ဘူး။ ကဲမာတိုရို ပြောကြည့်စမ်းကွာ … မင်းမှတ်စုထဲမှာ ဒီကပ်ပါးကောင် အကြောင်းဘာပြောထားတာလဲ”
သူ၏စကားဆုံးသော် မာတိုရိုက ဘေးနားက စားပွဲခုံရှိရာသို့သွား၍ သင်း၏မှတ်စုစာအုပ်ကြီးကို စားပွဲ၌ ဖြန့်တင်လေသည်။ ထို့နောက်
“ကဲလာကြ … ခင်ဗျားတို့ကို ပုံနှင့်တကွ မရှင်းပြရင် ဘယ်လိုမျှနားလည်မှာမဟုတ်ဘူး”
ဟုဆိုသည့်အလျောက် သူတို့လည်း အနှီပိုးကောင်နှင့် မျက်နှာချင်းဆိုင်မှာ ရပ်လျက် စာအုပ်ကြီးကို ငုံ့ကြည့်လိုက်သည်တွင် ၊ ရှုပ်ပွနေသော ပုံများ ၊ စာသားများဖြင့် မှတ်သားထားသော စာမျက်နှာနှစ်ခုကို မြင်လိုက်ရပြီး ၊ အဆိုပါစာမျက်နှာပေါ်၌ အကြမ်းဖျင်းအားဖြင့် ပုံပေါင်းလေးပုံရှိလေသည်။ မာတိုရိုမှာ ပထမဆုံးပုံကို ထောက်ပြလေ၏။
“ကပ်ပါးကောင်က ဒီတိုင်းကြီး ဦးနှောက်ထဲကို လျှောခနဲ ဝင်သွားတာ မဟုတ်ဘူးဗျ။ သူက Nyx Egg ဆိုတဲ့ ဥဘဝကနေစတာ။ အဲဥကို ခင်ဗျားတို့ နားနောက်မှာရှိတဲ့ အင်တာနယ် ကရောတစ် သွေးလွှတ်ကြော ( Internal Carotid Artery ) ထဲကို ထိုးထည့်ပေးလိုက်တာ။ ဥက သေးသေးလေးရယ်။ သွေးနီဥတစ်ဥရဲ့ သုံးပုံတစ်ပုံ ( ၁/၃ ) ပဲ ရှိတယ်။ ဒီမှာ ယှဉ်ပြထားတယ်။ မြင်လား”
https://mmxianxia.com/wp-content/uploads/2026/04/IMG_5456.webp
သူတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး လီယိုနာ့ဒ်ကပင်
“Y ပုံစံလို အခွလေးတွေ ဆွဲထားတာက ဘာအဓိပ္ပာယ်လဲ”
“အဲဒါက အန်တီဂျင် ( Antigen ) ကိုပြောတာ … ဒီဥက ခင်ဗျားတို့ သွေးကြောထဲရောက်သွားရင် ခင်ဗျားတို့ရဲ့ ခုခံအားစနစ် ( Immune System ) က ငြိမ်ခံမနေဘူး။ ဒီဥကို ဝိုင်းသတ်ပစ်မှာ။ အဲသည်တော့ Nyx Egg ကလည်း လည်တယ်။ သူ့က သွေးနီဥမှာရှိတဲ့ အန်တီဂျင်နှင့် လူးပစ်လိုက်တယ်။ အဲအခါမှာ PRRs က လာရှာတော့ ကပ်ပါးကောင်ဥကို ခန္ဓာကိုယ်ရဲ့ သွေးနီဥလို့ပဲ ထင်သွားကောပေါ့”
“ဘာလဲဟ PRRs။ ဟေ့ကောင် မင်းလူလိုပြောစမ်းကွာ”
“Pattern Recognition Receptors လို့ခေါ်တယ် တပ်မှူး။ နားလည်အောင်ပြောမယ်ဆိုရင် ခင်ဗျားတို့ခန္ဓာကိုယ်က အာဇာဂါနာ မြို့ကြီးဆိုရင် သွေးနီဥတွေက ပြည်သူတွေ ၊ သွေးဖြူဥတွေက နတ်နဂါးတပ်သားတွေ ၊ PRRs က လုံခြုံရေးကင်မရာတွေ။ ခန္ဓာကိုယ်ထဲ မဟုတ်တဲ့ကောင် ဝင်လာရင် PRRs ကအရင်မြင်ပြီး ဒီကောင့်ကိုချလို့ပြောမှ သွေးဖြူဥတွေက ရောက်လာပြီး ဝိုင်းသတ်တာ”
“ဒါဆို ဒီဥက ခန္ဓာကိုယ်ထဲက သွေးနီဥရဲ့ အန်တီဂျင်နှင့်ရောတယ်ဆိုတာ ၊ ဖောက်ထွင်းရေးသမားက ပြည်သူလိုဝတ်ပြီး မြို့ထဲဝင်ဖောက်တဲ့ပုံစံပေါ့”
“အေး … ဒါပဲ … ကိုယ့်လူမြင်တတ်တယ်။ ဒါဆို ဒုတိယပုံကိုသွားမယ်”
ဟုဆို၍ ဒုတိယပုံကို ထောက်ပြလေသည်။
https://mmxianxia.com/wp-content/uploads/2026/04/IMG_5457.webp
“အဲလိုနှင့်ဥက ခေါင်းထဲကိုဆန်တက်လာလိုက်တာ ၊ အင်တာနယ် ကရောတစ် သွေးလွှတ်ကြောကနေ ဝီးလစ်(စ်)ရဲ့စက်ဝိုင်း ( Circle of Willis ) ထဲကိုရောက်လာတယ်။ နာမည်တွေများလို့ ရှုပ်မနေနှင့်။ ဝီးလစ်(စ်)ရဲ့စက်ဝိုင်းဆိုတာ ဦးနှောက်ရဲ့ အောက်မှာကပ်နေတဲ့ သွေးကြောအဝိုင်းကြီးလို့ မှတ်လိုက်။
အဲနေရာမှာ ကပ်ပါးကောင်က Nyx Egg ကနေ ဒုတိယအဆင့် ရှင်းဇွိုက် ( Shinzoite ) အဆင့်ကိုပြောင်းတယ်။ ဘယ်လိုပုံစံလဲဆိုတာ ပြထားတယ်”
ဇိုက်(ခ်)က မျက်နှာကို စာအုပ်နားထိတိုး၍
“ဘာမျှမထူးပါလား။ ဥထဲကနေ အစွယ်တစ်ချောင်းထွက်လာတာလား”
“မှန်ပါ့ … ပြီးတော့ ဝီးလစ်(စ်)ရဲ့စက်ဝိုင်းကနေ ဦးနှောက်ရဲ့ရှေ့ခြမ်းကို သွေးပို့တဲ့သွေးကြော ( Anterior Cerebral Artery ) ထဲသွားတယ်။ ရှုပ်တယ်ထင်ရင် ပုံပြန်ကြည့် … နားလည်အောင် သွေးကြောနာမည်လေး နှစ်ခုပဲ ထည့်ထားတယ်။ အဲသည်နားရောက်တော့ … ရှင်းဇွိုက်က ပေါက်လာတဲ့အစွယ်နှင့် သွေးကြောနံရံကို ဖောက်တော့တာပဲ”
“အဲဒါနှင့် ဦးနှောက်ထဲရောက်တာပေါ့”
“ဟိုး … ဟိုး ကိုယ့်လူ။ ကျုပ်တို့ ဒီလောက် ယေဘုယျဆန်တဲ့ စကားလုံးတွေမသုံးဘူး။ တိတိကျကျပြောမယ်။ ဆပ်အရက်ခနွိုက်စပေ့ ( Subarachnoid Space ) ထဲ ရောက်တယ်”
ထိုအခါ ဇိုက်(ခ်)က မျက်ထောင့်နီကြီးဖြင့် မာတိုရိုကို ကြည့်နေကာ
“ခေါင်းဆောင် ကျုပ်တော့ ဒီကောင့်ကို နားရင်းထရိုက်ချင်လာပြီ”
ဟုဆိုလျှင် အကြင်ပိုးကောင်ကလည်း ပခုံးတွန့်ပြ၍
“ဒါဆိုလည်း နတ်ယုတ်ရဲ့ကျိန်စာလို့ပဲသတ်မှတ်ပြီး သင်္ဂြိုဟ်လိုက်ကြတော့လေ။ အမှန်တရားက ထင်ထားသလောက်တော့ ရိုးရှင်းမနေဘူးဗျ”
ချင်း၏ရှင်းပြချက်များကား နားလည်ရန်မလွယ်ကူလင့်ကစား အခြေခံမျှ နားလည်ခြင်းသည် ကျိန်စာဟု မှတ်ယူလိုက်ရခြင်းထက် ပိုသာသည်ဟု ထောက်ရှုကာ ဆက်ပြောရန်ဆိုလိုက်သည်တွင် ၊ ယင်းက
“သေသေချာချာလေး အာရုံစိုက်ပြီး နားထောင်စမ်းပါ။ အဆင့်လေးဆင့်ပဲရှိတာ အခုတတိယအဆင့်ရောက်နေပြီ။ အားလုံးဇာတ်ရည်လည်သွားရင် ကိုယ့်လူတို့ ကျေနပ်သွားလိမ့်မယ်”
ဟုဆို၍ တတိယပုံကို ထောက်ပြလေသည်။
https://mmxianxia.com/wp-content/uploads/2026/04/IMG_5458.webp
“ခုနကပြောခဲ့တဲ့ ဆပ်အရက်ခနွိုက်စပေ့ဆိုတာ ဦးနှောက်ထဲမှာမဟုတ်ဘူး ဦးနှောက်မြှေးထဲမှာ။ ခင်ဗျားတို့ ခွဲတုန်းက မြင်ခဲ့တဲ့ ပင့်ကူအိမ်လို ရှုပ်နေတာတွေနှင့် ဦးနှောက်ကြီးကိုယ်တိုင်ရဲ့ကြားက ကြားခံနယ်ထဲမှာဗျာ။ အဲသည်ထဲမှာ ကျုပ်ခါးရိုးဖောက်တဲ့ အခါတုန်းက ထွက်လာတဲ့ ရေလို အရည်ကြည် ( CSF ) တွေရှိတယ်။ အဲကပ်ပါးကောင်က အဲထဲမှာ အဲအရည်ကြည်တွေကို ပျော်ပျော်ကြီး ထိုင်စားနေပြီးတော့ နောက်တစ်ဆင့် ထပ်ကြီးလာတယ်။ ဖဲရိုဇွိုက် ( Pharohzoite ) လို့ခေါ်တယ်”
“မင်းဆွဲထားတာတွေကလည်း ရှုပ်ပွနေပြီး ၊ လက်ရေးတွေကလည်း စုတ်ပြတ်နေတာပဲ”
“ဟဲဟဲ … လက်ရေးပိုင်းအားနည်တာကတော့ သည်းခံဗျာ တပ်မှူး။ နောက်ဆုံးအဆင့်မှာ ဒီပုံကိုပဲ ဒါထပ်ရှင်းတာပါတယ်။ အခုတော့ ဒါလေးပဲ သည်းခံကြည့်ထားဦး … ဒီမှာအရေးကြီးတာလာပြီ။ ကျုပ်တို့ကို သေလောက်အောင် ဒုက္ခပေးသွားတဲ့ကောင်ပေါ့”
“ဒီကောင်က ဖဲရိုပရိုတင်း ( Pharoh Protein ) တွေထုတ်တယ်ဗျ။ အဲပရိုတင်းက Toll Like Receptors ဆိုတဲ့ TLR 2 နှင့် TLR 4 ကိုသွားပေါင်းတော့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ဦးနှောက်မြှေးထဲမှာ ဒီကောင်ရောက်နေတာကို လုံးဝမသိတော့ဘူး။ ခုခံအားက ဘက်တီးရီးယားတွေ ၊ ဗိုင်းရက်(စ်)တွေဝင်လာရင် အကောင်းအတိုင်းတိုက်နိုင်တယ်။ ခေါင်းထဲမှာ ကပ်ပါးကောင်ကြီး ငုတ်တုတ်ထိုင်နေတာကိုပဲ မသိတာ”
ထိုအခါ သူတို့နှစ်ယောက်လုံး၏ မျက်နှာများတင်းမာလာကြသည့်အတွက် ဤပိုးကောင်က လက်ကာပြသည်။
“နားလည်တဲ့စကားနှင့်ပြောမယ်။ နားလည်အောင်ပြောမယ် … Toll Like Receptors ဆိုတာ PRRs တစ်မျိုးပဲ။ အဲတော့ မြို့ကြီးရဲ့ လုံခြုံရေးကင်မရာတွေပဲပေါ့။ အဲဒါဆို ဖဲရိုပရိုတင်းနဲ့ပေါင်းတယ်ဆိုတာက လုံခြုံရေးကင်မရာကို ရွှံ့လုံးနှင့်လှမ်းပစ်တာနှင့်အတူတူပဲ။ အဲသည်တော့ တကယ်တိုက်မဲ့ကောင်တွေက ဘာကိုသွားတိုက်ရမှန်းမသိတော့ဘူး။
ပိုဆိုးတာက အဲဖဲရိုပရိုတင်းက ဦးနှောက်မြှေးကိုပါ သွားဆွ ( irritate ) တော့ ဦးနှောက်မြှေးရောင်လာတယ်။ ဒါပေမဲ့ ကပ်ပါးကောင်က PRRs Pathway တွေကို ရွေး ( Selectively ) ပိတ်ထားတော့ အီအိုဆင်နိုဖေး ( Eosinophil ) တွေမတက်ဘူး။ ဒါကြောင့် ကျုပ်ရောဂါရှာမရခဲ့တာ။ Viral Meningitis ယောင် ဟန်ဆောင်နေတဲ့ Parasitic Meningitis ကြီး”
ကျောက်ဇရပ်ကြီးအတွင်း အမှောင်ထုထဲ၌ ကျွက်ကျွက်ရိုက်နေကြသော လူအုပ်ကြီးကို မြင်ယောင်လာပြီးနောက် လီယိုနာ့ဒ်၏ မျက်ခုံးများမြင့်တက်သွားလေသည်။
“မင်းပြောချင်နေတာဘာလဲ … ဒီဆေးရုံမှာ တက်နေတဲ့လူနာတွေအားလုံး …”
“ဟုတ်တယ် ကိုယ့်လူ … ဒီဆေးရုံမှာ ဦးနှောက်အမြှေးရောင် လက္ခဏာနှင့်လာတဲ့ လူနာမှန်သမျှ ကပ်ပါးကောင်ရဲ့ တတိယအဆင့် ဖဲရိုဇွိုက် ကူးစက်ခံနေရပြီ။ ဒါပေမဲ့ နောက်ဆုံးအဆင့် မီဇိုဗာကို မရောက်သေးဘူး။ ခဏနေလို့ ဒီအာပေါဿမိန်းမရဲ့ ခေါင်းကိုဖွင့်ကြည့်ရင် ပိုသေချာသွားလိိမ့်မယ် အခုတော့ နောက်ဆုံးအဆင့်ကို နားထောင်လိုက်”
ဟုဆို၍ နောက်ဆုံးပုံကြီးကို ထောက်ပြလိုက်လေသည်။
https://mmxianxia.com/wp-content/uploads/2026/04/IMG_5459.webp
“မင်းပြောတော့ ရှင်းတာဆို။ ငါကတော့ ဒါကြီးကြည့်ပြီး ရူးချင်လာပြီ”
“ဟဲဟဲ ကြည့်ပါများရင် ရှင်းသွားမှာပေါ့။ စိတ်မပူပါနှင့် … ဒါတွေက ကျုပ်နားလည်အောင် မှတ်ထားတာတွေ။ ဒီထဲကစာအားလုံး တပ်မှူးတို့မသိလည်းရတာမို့ အလွယ်ဆုံးပဲပြောသွားမယ်။ မီဇိုဗာ အဆင့်က ဖဲရိုဇွိုက်ထက် ခြေတံတွေပိုရှည်ပြီး ပိုတုတ်လာတယ်။ ခုနက မနည်းကြီးဆွဲခွါလိုက်ရတဲ့ ခြေတံတွေ။ အဲသည်ခြေတံတွေနှင့် စိတ်ညှို့တာပဲ”
ဟုဆို၍ ပုံ၏အောက်ပိုင်းကို ထောက်ပြလေသည်။
“အောက်က ရှုပ်ပွနေတဲ့ဟာတွေ ဦးနှောက်ဆဲလ်တွေဗျ။ နူရွန်လို့ခေါ်တယ်။ သူတို့အချင်းချင်း တစ်ခုနှင့်တစ်ခု ရှုပ်ပွနေအောင်ချိတ်ဆက်ပြီး အဲသည်ထဲမှာ လျှပ်စစ်လှိုင်းတွေ စီးရာကနေ ခင်ဗျားတို့ ၊ ကျုပ်တို့နေ့စဉ် အတွေးတွေးတာတွေ ၊ ဘာတွေ ညာတွေဖြစ်လာတယ်။ အခုဒီပုံကို သေသေချာချာကြည့်စမ်းပါ။
မီဇိုဗာရဲ့ လက်တံတွေက ဒီဦးနှောက်ဆဲလ်တွေ တစ်ခုနှင့်တစ်ခုဆက်တဲ့ကြားမှာ သူတို့ပါဝင်ပြီးဆက်နေတာဗျ။ အဲဒါဘာပြောချင်တာလဲသိလား … အဲခြေချောင်းတွေက အာရုံကြောတွေပဲ။ ကပ်ပါးကောင်ရဲ့ အာရုံကြောနှင့် လူ့ဦးနှောက်ဆဲလ်တွေ တစ်သားတည်း ဆက်နေတာ။ ကပ်ပါးကောင်ကိုယ်တိုင်က လူဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်းလိုမျိုးဖြစ်သွားတာ။ အဲသည်မှာပဲ စိတ်ညှို့တော့မယ်ဆိုရင် ကပ်ပါးကောင်က ဦးနှောက်ထဲကို လျှပ်စီးဓာတ် အပျော့စားလွှတ်ပြီး ခိုင်းလိုရာခိုင်းတော့တာပဲ”
ထိုအခါ လီယိုနာ့ဒ်မှာ သူ၏ပါးသိုင်းမွေးများကို လက်ဖဝါးဖြင့် ဖိကိုင်လျက်
“မင်းအခုထိ ငါမေးတာကို မဖြေနိုင်သေးဘူး။ ကပ်ပါးကောင်က ဘယ်လောက်ထိ အသိဉာဏ်ရှိလို့ လူကိုခိုင်းနိုင်ရတာလဲ”
“အသိဉာဏ် ရှိစရာမလိုဘူးလေ။ တခြားသူက လှမ်းခိုင်းတာပေါ့။ ကပ်ပါးကောင်သာ လူ့ဦးနှောက်ထဲရောက်ပြီဆိုရင် ၊ Nyx Egg ကို ထည့်လိုက်တဲ့သူက အဲကပ်ပါးကောင်ကို ဘာလုပ် ၊ ညာလုပ်လို့ အမိန့်ပေးတယ်။ ကပ်ပါးကောင်က အဲသူခိုင်းတဲ့အမိန့်ကိုယူပြီး ဦးနှောက်ထဲကို လျှပ်စီးလှိုင်းအနေနှင့် ပို့ပေးလိုက်တာ။ ကပ်ပါးကောင်က ဉာဏ်ရှိစရာမလိုဘူး … သူကကြားခံနယ်ပဲ”
ဤစကားကြောင့် သူ့တစ်ကိုယ်လုံး တွန့်တက်သွား၍ ၊ ဇိုက်(ခ်)ကို ကြည့်သော် ၎င်း၏မျက်နှာမှာလည်း ထိန်းမရအောင်ပျက်နေလေပြီ။ ထို့နောက် သူကမှတ်စုစာရွက်၏ အပေါ်ပိုင်းက လှိုင်းတွန့်သဏ္ဌာပုံကို စိုက်ကြည့်နေလေသရော် မာတိုရိုက
“ကိုယ့်လူက ဘယ်လိုနည်းနှင့် အမိန့်ပေးတာလဲဆိုတာကို စိတ်ဝင်စားနေပုံရတယ်။ ကပ်ပါးကောင်ကို အမိန့်ပေးဖို့ အာထရာဆောင်း ( Ultrasound ) ဆိုတဲ့ အထူးအသံလှိုင်းသုံးတာ။ အာထရာဆောင်းကိုမှ ရိုးရိုးအာထရာဆောင်းတောင် မဟုတ်ဘူး။ တစ်နေရာတည်းကို Focus ထောက်ပေးနိုင်တဲ့ ကြိမ်နှုန်းနိမ့် အာထရာဆောင်း ( Low Frequency Ultrasound ) တွေ။ ဦးခေါင်းခွံကို ဖောက်ပြီး ကပ်ပါးကောင်ကြားရဖို့အထူးရည်ရွယ်ထားတဲ့ အသံလှိုင်းတွေ။ ကျုပ်တို့နားနှင့် ဘယ်လိုမျှမကြားနိုင်ဘူး”
ယင်း၏စကား မဆုံးမီမှာပင် သူ၏ရင်မှာ တလှပ်လှပ်တုန်လာ၏။ ခြေဖျားလက်ဖျားများလည်း အေးစက်လာ၍ ဦးနှောက်ကြီးပွင့်နေလျက် ထိုင်နေသော အလောင်းကောင်မိန်းမကို လှည့်ကြည့်လေလျှင် ၊ ကြည့်နေလျက်ပင် သူ(မ)၏ နှုတ်ခမ်းထောင့်များက ကော့တက်လာသယောင် ၊ မျက်လုံးများ ပွင့်လာတော့မည့်သယောင် ၊ တစ်ဖက်က အကောင်းတိုင်းကျန်သေးသော နီရဲနေသည့်မီဇိုဗာ ကပ်ပါးကောင်မှာ ခုန်ထွက်လာပြီး သူ့မျက်နှာလာကပ်တော့မည့်သယောင်ဖြစ်လာလျက် သူ့ကျောရိုးတစ်လျှောက် စိမ့်တက်လာရလေ၏။ သူ၏ဦးခေါင်းရှေ့ပိုင်းများပင် ထိုးကိုက်ချင်သယောင် ဖြစ်လာရကား စိတ်ပြေစေရန် ဟက်ခနဲရယ်လိုက်၍
“လက်စသတ်တော့ နတ်ဘုရားရဲ့ကျိန်စာမဟုတ်ဘဲ ဇီဝလက်နက် ( Bioweapon ) ဖြစ်နေပါကောလား”
ထိုအခါဇိုက်(ခ်)ကလည်း မိန်းမအလောင်းကို ကြည့်နေကာ
“ဖဲရိုဇွိုက်အဆင့်နှင့် ဦးနှောက်အမြှေးရောင်တဲ့လူနာတွေ ဆေးရုံကဆင်းသွားပြီး မီဇိုဗာအဆင့်ရောက်တော့ မတော်တဆမှုနှင့်သေကြတယ်။ ဒါကမတော်တဆမှု ဘယ်ဟုတ်တော့ပါ့မလဲ။ နောက်ကွယ်မှာ ထိန်းချုပ်ထားတဲ့ကောင်က ပြည်သူတွေကို စိတ်ညှို့ပြီး အသေခံခိုင်းနေတာ။
လမ်းမပေါ်မှာ ချော်လဲပြီး လည်ပင်းကို ရူရိုင်းနင်းခံလိုက်ရတာမဟုတ်ဘူး။ ရူရိုင်းလာရာလမ်းကို လည်ပင်းထိုးခံခိုင်းလိုက်တာ … ဘာကြောင့်လဲ … တန်နားဘရက်(စ်)ဘက်က စစ်ပွဲမစမီ ကျုပ်တို့မြို့တော်တစ်ခုကို ဆူပူအောင် လုပ်တာလား”
“မြို့ဆူအောင်လုပ်ဖို့ ဝါဒဖြန့် ၊ သတင်းမှားသုံးပြီး မှိုင်းတိုက်ရုံနှင့်ရပါတယ်။ ဇီဝလက်နက်သုံးဖို့ထိ လိုလို့လား။ ဇိုက်(ခ်)မင်း ပြောစမ်း … မင်းတို့စစ်တပ်ထဲမှာကော တပ်သားတွေ ဦးနှောက်အမြှေးရောင်တာတွေဖြစ်သေးလား”
သူ့အမေးအဆုံး၌ ဇိုက်(ခ်)၏ မျက်ခုံးများ ပြိုင်တူပင့်တက်သွား၍ ခေါင်းတစ်ခုလုံး ဆတ်ခနဲမတ်သွားပြီး ၊ နဂါးခေါင်းခမောက်ကို ကိုင်ထားသော လက်ချောင်းများ တုန်ယင်လာသည်။ သို့စေကာမူ ချင်းထံမှအဖြေထွက်မလာသေး။ ထိုစဉ်မာတိုရိုက
“ကြည့်ရတာ ညှို့တယ်ဆိုတာထက် လိုအပ်မှ ဝင်ထိန်းတဲ့ပုံစံပဲ။ သာမန်ချိန်ဆိုရင် လူကလည်း ပုံမှန်တိုင်းတွေးတောပြီး သွားလာလှုပ်ရှားနေမယ်။ ဟိုက ကြိမ်နှုန်းနိမ့် အာထရာဆောင်းနှင့် အမိန့်လှမ်းပေးလိုက်တော့မှ အကုန်ထဖောက်ကုန်တာဖြစ်မယ်။ အဲတော့ ဘယ်သူစိတ်ညှို့ခံထားရလဲ သိဖို့မလွယ်ဘူးဗျ”
ယင်းသို့ဆိုပြီးနောက် ဆေးရုံ၌သေခဲ့သော အာပေါဿအလောင်း၏နောက်သို့သွား၍
“ပြီးတော့ ခင်ဗျားတို့ လန့်သွားနိုင်တဲ့ ကိစ္စပြောရဦးမယ်။ ဒီကပ်ပါးကောင်က သာမန်သန်ကောင် ၊ တုတ်ကောင်တွေလို Life Circle မရှိဘူး။ သာမန်ကပ်ပါးကောင်တွေဆိုတာ လူ့ဗိုက်ထဲရောက်ရင် မျိုးပွါးပြီး သူတို့ဥတွေကို လူမစင်တွေနှင့်အတူ ရောချတာ။ အဲသည်ကမှ ဥတွေကို ပါးစပ်ထဲထည့်မိတဲ့ သူကတစ်ဆင့် ပြန်ကူးစက်တာ။ အခုဒီကောင်က အထီး ၊ အမဆိုတာလည်းမရှိဘူး။ မျိုးလည်းမပွါးဘူး။ ကိုယ်တိုင်လည်းဥမဥဘူး။ ပြောချင်တာ ပေါက်တယ်မလား”
ထိုစကားမှာ သူ့နားတွင်းသို့ ရောင်ခြည်တန်းတစ်တန်း ပစ်သွင်းလိုက်သည်နှင့်မခြား။ လီယိုနာ့ဒ်၏မျက်စိမှာ ဝဲယာ ၊ တောင်မြောက် ၊ ပေါ်အောက် ကစားသွားပြီး
“ဒါဆို အခုဆေးရုံတက်နေတဲ့ လူနာငါးရာရှိတယ်ဆိုရင် … ဒီလူနာအားလုံးက ကပ်ပါးကောင်ထိုးထည့်ခံရသူတွေပေါ့”
“ဟုတ်တယ် … Nyx ဥကို သူတို့ရဲ့ အင်တာနယ်ကရောတစ် သွေးလွှတ်ကြော ( Internal Carotid Artery ) ထဲကနေ ထည့်ခံထားရတာ။ ဒီလောက် လူအများကြီးကို လုံးဝမသိစေဘဲ ဘယ်လိုထည့်သလဲဆိုတာ စဉ်းစားလို့တောင်မရဘူး”
ထိုအခါလီယိုနာ့ဒ်မှာ ဇိုက်(ခ်)ဘက်လှည့်၍
“ဇိုက်(ခ်) … မင်း ယူဆီယာက စစ်ဌာနချုပ်ကို လှမ်းပြီး ဒီသတင်းအကြောင်းကြားတော့။ တန်နားဘရက်(စ်)ဘက်က ဇီဝလက်နက်က မင်းမသိလိုက်ခင်မှာတောင် ထိန်းမရအောင်ပျံ့တဲ့အဆင့်ရောက်နေပြီ။ အာဇာဂါနာမြို့ထဲ သူတို့လူတွေ ဘယ်လောက်ထိ ဖောက်ဝင်နေပြီလဲမသိသေးဘူး။ အခုလုပ်”
ဟုဆိုသည်တွင် ယင်းမှာအံကြိတ်လျက် ထိုင်ခုံမှထပြီးနောက် တဲအပြင်သို့ထွက်သွားလေလျှင် ၊ မာတိုရိုကလည်း အာပေါဿမိန်းမ၏ ဦးခေါင်းကို ဟေဆွန်ဓားဖြင့် ဖွင့်နေလေသည်။
ယခုဆိုလျှင် ဦးနှောက်အမြှေးရောင်ရောဂါမှာ လူမသေသောကြောင့် ဆေးရုံများကပင် လူနာလက်မခံတော့ဘဲ အိမ်တွင်း၌သာ ကုသခိုင်းနေလေရာ ဆေးရုံလာသည့်လူများသာ ကူးစက်ခံရသည့်သူများဟု လှေနံဓားထစ် တွက်မရတော့ ၊ အိမ်တွင်း၌ ကျိတ်ကုနေသူလည်း ကူးစက်ခံရနိုင်ပြီး ၊ မြို့တွင်း၌ မည်မျှထိ ကူးစက်ပျံ့နှံ့နေပါသနည်း ဟုလည်းကောင်း ၊ စစ်တပ်တွင်း မည်ကဲ့သို့အခြေအနေရှိသနည်း ဟုလည်းကောင်း ၊ Life Circle မရှိသော ကပ်ပါးကောင်ဖြင့် လူများရာချီ ထောင်ချီနီးပါး ကူးစက်အောင် လုပ်ပစ်နိုင်သောသူမှာ မည်သို့သောသူနည်းဟုလည်းကောင်း စသည့် အဖြေမရှိသောမေးခွန်းများ ခေါင်းတွင်းပြည့်နှက်လာကာ တစ်ကိုယ်လုံးချွေးစေးများဖြင့် လုံးထွေးလာရလေပြီ။ အခြေအနေကား အချိန်မရွေးထပေါက်တော့မည့် ဗုံးတစ်လုံးပေအလား။
တွေးနေလျက်ပင် သူ၏မသန်စွမ်းတော့သော ဘယ်ဘက်လက်က တဆစ်ဆစ်ကိုက်လာ၏။ သူဒုက္ခိတဖြစ်သွားသည့် အချိန်မှစ၍ ဘယ်ဘဘက်လက်မှာ ပူခြင်း ၊ အေးခြင်းစသည့် အထိအတွေ့အာရုံများကို မခံစားရတော့ဘဲ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများလာချိန်၌သာ ယင်းကဲ့သို့နာကျင်လာတတ်သည်။ ဤသည်ကား မာယာဝေဒနာ ( Phantom Pain ) တစ်ခု။
ထိုအကြိုက် မာတိုရိုမှာ အာပေါဿအလောင်း၏ ဦးခေါင်းကို ဖွင့်ချလိုက်သည့်အခါ ၊ ယင်း၏အာရုံစူးစိုက်ထားရသည့် အပိုင်းပြီးဆုံးသွားသောကြောင့် သူလည်း၎င်းကို စကားလှမ်းစလိုက်လေသည်။
“လေဒီ ဆယ်ဖီးနီးရဲ့ပြဿနာကကော မီဇိုဗာကပ်ပါးကောင်နှင့် ဆက်နေနိုင်လား”
“သိပ်ဖြစ်နိုင်တာပေါ့။ ကြည့်လေ ကပ်ပါးကောင်က ဦးနှောက်ရဲ့ ရှေ့ခြမ်း ( Frontal Lobe ) ကို အဓိကကိုင်ထားတာ။ ဦးနှောက်ရိုးတံမပါဘူး။ သူ့ကြောင့်သာ GCS 3 ကိုမာဝင်ရင် ဦးနှောက်ရိုးတံ မထိထားတဲ့အတွက် အသက်ကပုံမှန်ရှူနေမှာပဲ။ ဦးနှောက်ရိုးတံ လုပ်ဆောင်မှုတွေဆက်ရှိနေဦးမှာပဲ။ သမုဒယရတီနန်းတော်ကို ပြန်ရောက်ရင် ဦးနှောက်အမြှေးရောင်ခဲ့လား မေးကြည့်ရမယ်။ ဒီထက်သေချာချင်ရင် မီဖာလာအမြစ်ကိုပါ ပေးကြည့်လို့ရတယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ဘက်ကလည်း စဉ်းစားလို့ရတယ် … အားလုံးကိုဖောက်ကြည့်နိုင်တဲ့ ယန္တရားနှင့် ခေါင်းထဲကို ကြည့်ခဲ့တာတောင် မတွေ့ခဲ့ရဘူးလေ”
အနှီတုံ့ပြန်မှုကြောင့် သူတစ်ချက် တွေဝေသွားပေသော်ငြား ၊ ယခုကပ်ပါးကောင်မှာ စစ်ရေးသုံးအထူး ဇီဝလက်နက်ဖြစ်သောကြောင့် သနင်္ဂပါလ နတ်ဘုရား ရေ့(ဇ်)က ရမထာ သိင်္ဂီနတ်ဘုရားမ၏ ယန္တရားများလက်က ဖဲကြဉ်နိုင်ရန် အထူးဖန်တီးထားခြင်းလည်း ဖြစ်နိုင်၍ ၊ လေဒီ ဆယ်ဖီးနီးသာ အမှန်တကယ် မီဇိုဗာကပ်ပါးကောင် ကူးစက်ခံနေရပါက အမှုမှာစပ်လျဉ်းလာလင့်ကစား အော်စလန်ကို အဘယ့်ကြောင့်သတ်ရသနည်းနှင့် သူ(မ)ကိုယ်တိုင်ကလည်း အဘယ်ကြောင့် ထွက်မပြေးဘဲ သတိလစ်နေရသနည်း ဟူသော မဖြေနိုင်သည့်မေးခွန်းများ ထပ်ထွက်လာပြန်လေသည်။
ထိုစဉ်မာတိုရိုက အာပေါဿအလောင်း၏ ဒူရာမာတာကို ကတ်ကြေးဖြင့် ကိုက်ဖွင့်လိုက်၏။ ယင်းနောက် ဇာဂနာကိုသုံးလျက်ပင် ဦးနှောက်ပေါ်မှ အရာတစ်ခုကို ဆွဲယူလိုက်လေရာ ၊ လက်သည်းခွံခန့်ရှိသော အနီရောင်ကပ်ပါးကောင်လေး ပါလာလေသည်။
“မြင်လားကိုယ့်လူ … ဒါ ဖယ်ရိုဇွိုက်။ မီဇိုဗာထက် ပိုသေးပြီးတော့ အာရုံကြောခြေထောက်လေးတွေကလည်း အပ်ချည်မျှင်လောက်လေးရှိတာ။ ဆွဲခွါတာတောင် အားစိုက်စရာမလိုဘူး။ ဒါကြည့်ပြီး ဘာပြောလို့ရလဲဆိုရင် ဒီကောင်တွေက လက်ချောင်းအတုတ်ကြီးတွေနှင့် ဦးနှောက်ထဲကို ဇွပ်ခနဲ ထိုးထည့်လိုက်တာ မဟုတ်ဘူး။ ဒီလိုသေးသေးမျှင်မျှင်လေးတွေနှင့် အသာလျှိုဖောက် ၊ ဦးနှောက်ဆဲလ်တွေနှင့် အကျအနချိတ်ဆက်ပြီးမှ တဖြည်းဖြည်းထွားလာတာ”
ဟုဆိုပြီးနောက် ကပ်ပါးကောင်ကို စားပွဲပေါ်တင်လိုက်ရာတွင် ယင်းသည်အရောင်များမှေးမှိန်၍ ခြေထောက်များလည်း လိမ်ကုပ်သွားတော့သည်။ ဤအခြင်းအရာကို ကြည့်၍ လီယိုနာ့ဒ်က
“အခုလို အသတ်မခံရရင် ဒီကောင်တွေ ဘယ်လောက်ထိ အသက်ရှည်လဲ”
“ဟမ် … အသတ်ခံရရင် … ကျုပ်မသတ်ပါဘူးဗျ။ ဒီကပ်ပါးကောင်က လူ့ဦးနှောက်သေတာနှင့် သူပါလိုက်သေနေပြီ။ အခုလို ခြေတွေလှုပ်တာက ဒီကောင်အကြောဆွဲနေတာာ။ အလင်းတွေထွက်နေတာက CSF နှင့်သူ့ခန္ဓာကိုယ်ထိနေသေးလို့။ ဒီအလောင်းကို တဲထဲဆွဲလာကတည်းက ဒီကောင်ပါ သေနေပြီ”
ဟုဆိုသောအခါမှ သူလည်းစိတ်သက်သာရာရသွား၏။ မကြာသေးမီကပင် နီရဲနေသည့်ကပ်ပါးကောင်ကို အရှင်ဟုထင်လျက် စိုက်ကြည့်ကာ စိတ္တဇဖောက်နေခဲ့သေးသည် မဟုတ်ပါလော။
“ကဲ … ဟုတ်ပြီ။ မင်းပြီးပြီမလား။ ဒီခေါင်းတွေကို ပုံမပျက်အောင်ပြန်လုပ်ပေးပြီးရင် ငါတို့သမုဒယရတီ နန်းတော်ကိုပြန်သွားကြမယ်”
ဟုဆိုသော် မာတိုရိုက ခေါင်းညိတ်၍ အလောင်း၏ဦးခေါင်းများကို မခွဲမီကအတိုင်း အနီးစပ်ဆုံးတူညီအောင် ပြန်လည်ပြုပြင်ပေးလိုက်လေသည်။ ထို့နောက် လေဒီ ဆယ်ဖီးနီးဆီသို့ ပြန်သွားရန် ယာယီတဲ၏ အပေါက်ဝရှိရာသို့ လျှောက်လှမ်းလာလေခိုက် ၊ ထိုတဲပေါက်ဝမှပင် ဇိုက်(ခ်)က ပြန်ဝင်လာသည့်အတွက် ၊ သူကလည်း ဆီးကြိုမေးခွန်းထုတ်လိုက်လေ၏။
“ဌာနချုပ်က ဘာတဲ့လဲ”
“မွှန်နေအောင် ဆဲတာပေါ့ဗျာ။ အိုက်ကရက်(စ်) ( Icarus ) မဟာယာဉ်တစ်စင်း လွှတ်လိုက်မယ်ပြောတယ်။ ဒါပေမဲ့ တန်နားဘရက်(စ်)နှင့် ထိပ်တိုက်တွေ့တော့မှာမို့ အဓိကစစ်ကြောင်းတွေ အားလုံးက မက်ဆက်မက်လီယမ် ခံတပ်မ ( Maximillian Fortress ) ကိုရောက်နေကြပြီ။ အဲတော့ ဒီကိုပြန်လာရမှာတွေ ၊ လာမဲ့တပ်တွေ ပြန်စုဖွဲ့တာတွေပေါင်းရင် နှစ်နာရီတော့ အများဆုံးကြာမယ်ပြောတယ်။ အချိန်အတိအကျကို ပြန်ပြောမယ်တဲ့”
ဟုဆိုသောကြောင့် သူခေါင်းညိတ်လိုက်သည်။ အိုက်ကရက်(စ်)မဟာယာဉ်ဆိုသည်မှာ မြို့တစ်မြို့နီးပါးကြီးမား၍ ၎င်းအတွင်း၌ စစ်တပ်တစ်တပ်လုံးသယ်ထားနိုင်သော ဧရာမယာဉ်ပျံကြီးဖြစ်သောကြောင့် ၊ ယာဉ်တစ်စင်း စေလွှတ်သည်ဆိုသည်မှာ တပ်မကြီးတစ်ခုလုံး စစ်ကူလာသည့်သဘောဖြစ်ပြီး ၊ မက်ဆက်မက်လီယမ် ခံတပ်နှင့် အာဇာဂါနာမြို့၏ကြား၌ ရှရကုန်းမြေ ( Shara Land ) ကြီးနှင့် အာရီယာပင်လယ် ( Aria Sea ) ကြီးခြားနေပါလျက်နှင့် နှစ်နာရီအတွင်း စစ်တပ်တစ်တပ်လုံး ရွှေ့မည်ဆိုသည်မှာ ၊ ယခုကိစ္စကို ရာဗလွန်ဗဟိုက မည်မျှထိအရေးထား ကိုင်တွယ်နေကြောင်း သိသာလှသည့်ပြင် ၊ ထိုအရွေ့ကြောင့်ပင် မကြာမီ၌ မီးဟုန်းဟုန်းတောက်တော့မည့် အပရိမာဏ အသူတစ်ရာဒီပ မဟာစစ်ပွဲ ( The Celestial War of The Luminous Abyss ) ကြီး၏ မဟာဗျူဟာများအပေါ် မည်ကဲ့သို့သက်ရောက်သွားနိုင်မည်ကိုလည်း ဆင်ခြင်နေမိလေသည်။ ထိုစဉ်
“ကဲခေါင်းဆောင် ခင်ဗျားအခုဘာလုပ်မယ်လို့ စိတ်ကူးထားလဲ”
ဟုမေးလာသဖြင့် သူလည်းရှေ့ဆက်မည့်အကြံကို ပြောပြလတ်သရော် ယင်းက လက်လေးချောင်းထိပ်တို့ကို လက်မဖြင့်ပွတ်နေလျက် ခေါင်းငုံ့သွားလေသည်။ ငါးစက္ကန့်မျှကြာသောအခါ ချင်းမှာ ခေါင်းပြန်မော့လာပြီးနောက် မျက်လုံးပြာများဖြင့် သူ့ကိုတစ်လှည့် ၊ မာတိုရိုကိုတစ်လှည့် ကြည့်နေပြန်သည်။
“မင်းဘာဖြစ်နေတာလဲ”
“တောင်း … တောင်းပန်တယ်ဗျာ ခေါင်းဆောင်။ သမုဒယရတီ နန်းတော်ကို နောက်မှသွားတော့ အဲဒါထက် အရေးကြီးတာရှိတယ်”
“ဘာဖြစ်လို့လဲ”
“နောက်မှပြောမယ်ဗျာ … ကျုပ်နှင့်နတ်နဂါးတပ်ထဲသာ လိုက်ခဲ့စမ်းပါ”
ဟုဆိုပြီး ယင်းမှာချာခနဲ လှည့်ထွက်သွားသည်တွင် ၊ သူလည်း ပြုံးလိုက်မိသည်။ မဟူရာမျှော်စင်၌ ဇိုက်(ခ်)နှင့် ပထမဆုံးတွေ့ခဲ့စဉ်က ပြဿနာ မည်မျှရှိသနည်းဟု မေးခဲ့ရာဝယ် ၎င်းသည် ခြောက်ခုဟုမှားထွက်ပြီးမှ ငါးခုသာဖြစ်သည်ဟု စကားလျှောချခဲ့ဖူးသောကြောင့် ၊ နောက်ဆုံးအမှုမှာ အပြင်လူမသိသင့်သော တပ်တွင်းပြဿနာဟု သူမှန်းဆခဲ့သည်။ ကြည့်ရသည်မှာ ထိုခြောက်ခုမြောက်ပြဿနာကို သိရန်အချိန်ကျပြီ ဖြစ်ပြီးယင်းနှင့်အတူ တချို့သောမေးခွန်းများလည်း အဖြေပေါ်လာပေတော့မည်။
တန်နားဘရက်(စ်)က ဤမြို့ကို မီဇိုဗာဇီဝလက်နက်သုံးကာ ဖောက်ထွင်းလာပြီး ၊ ရာဗလွန်ဘက်လည်း သိလျှင်သိချင်း အိုက်ကရက်(စ်)မဟာယာဉ်ပျံဖြင့် ပြန်ကာလေရကား အနှီမြို့၌ မည်သည့်အရာများ တည်ရှိနေပါသနည်း။ ယင်းအမှုကို အခြေတည်ကာ မည်သည့်ဖြစ်ရပ်များလည်း ထပ်လောင်း ပေါ်ပေါက်လာတော့မည်နည်း။ ဤသည်တို့ကို ရင်ဆိုင်ရန် နတ်နဂါးတပ်ကလည်း အသင့်ဖြစ်နေပါသလော။ ထိုသို့ အောက်မေ့လျက် ဆင်ခြင်လျက်ပင် သူနှင့် မာတိုရိုမှာ ဇိုက်(ခ်)၏ခေါ်ဆောင်ရာသို့ လိုက်ပါလာလေတော့သတည်း ။ ။
*************