Ra , The Blessing of Mayhan-Herasu
Vol. 1 Ch. 15
ဤသို့ဖြင့် လီယိုနာ့ဒ် ၊ မာတိုရိုနှင့် ဇိုက်(ခ်)တို့မှာ အောက်ပိုင်းမြို့၌ အခြေတည်ထားသော ပြည်သူ့ဆေးရုံကြီးမှ ပြန်လည်ထွက်ခွါလာကြ၏။ ယင်းနောက် ရေတံခွန်ဘေးက ယန္တရားဓာတ်လှေကားကြီးထံသို့ သွားရောက်၍ ၊ ၎င်းကြီးကိုစီးနင်းကာ အပေါ်ပိုင်းမြို့သို့ ပြန်လည်ရောက်ရှိလာကြပြီး ၊ ထိုမှတစ်ဆင့် နတ်နဂါးတပ်ကြီးဆီသို့ ဝူးလို့(စ်)များကိုယ်စီိ စီးလျက် ခရီးနှင်ကြရာ၌ မာတိုရိုမှာ ကောင်းစွာမစီးတတ်ဘဲ ၊ ဝူးလို့(စ်)ပေါ်က နှစ်ခါတိတိ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သည့်အားလျော်စွာ ၊ မှန်းဆထားသောအချိန်ထက် အတန်ငယ်ပိုကြာသွားသောအခါမှသာ တပ်မကြီးအတွင်းသို့ ဆိုက်ရောက်လာကြလေသည်။
အနှီတပ်ကြီးကို မူးရို့(စ်)မြစ်ကမ်းဘေးမှာ တည်ထားသည်။ တပ်တွင်း၌ တိုက်များ ၊ အိမ်များမရှိ။ လူကုံထံများနေသော အိမ်ကြီးများထက်ပင် ဆယ်ဆနီးပါး ပိုမိုမြင့်မားသည့် ဧရာမအနက်ရောင်မျှော်စင်ကြီးများကသာ ဝါကျင့်ကျင့်ရောင် သဲပြင်ပေါ်တွင် စုပြုံ ထိုးထောင်နေကြသည့်ပြင် ၊ ယင်းမျှော်စင်နက်ကြီးများကိုလည်း အမည်းရောင်ကျောက်တံတား ကြီးများဖြင့် သွယ်တန်းထားသောကြောင့် ၊ ဤနေရာသို့ ရောက်လာရသည်မှာ မြစ်ဘေးသောင်ပြင်ပေါ်၌ စုထောင်ထားသော လှံသွားကြီးများကြားဝယ် ဖြတ်လျှောက်နေရသကဲ့သို့ပင်။
နေ့လယ်အခါသို့ ရောက်လာသည့်အလျောက် မဟာသစ်ပင်ကြီး ဂီဟာဒြန်းဆဲလ်၏အရိပ်မှာလည်း မြို့ဘေးသို့ရွေ့နေ၏။ ထိုအခါ သဲသောင်ပြင်ကြီးကြားက ကျောက်လမ်းမကြီးမှာ နေဒဏ်ကြောင့် လောင်ထလာသည့်ပြင် ၊ လေတစ်ချက်ဝှေ့တိုင်းမှာလည်း သဲပူများက သူ့မျက်လုံး ၊ မုတ်ဆိတ်မွေးနှင့် ပါးသိုင်းမွေးများကြား လာကပ်နေသည့်အတွက် ခေါင်းကိုငုံ့ထားရသည်။
သို့သော် ထိုကဲ့သို့ ခေါင်းငုံ့လိုက်သောအခါတွင်လည်း မြို့ပေါ်ကသလင်းတုံးပျံကြီးများ၏ အလင်းတန်းများမှာ ကျောက်လမ်းမကြီးကို ဝင်ရိုက်နေသောကြောင့် ၊ ၎င်းလမ်းမကြီးက ပြန်သောအလင်းတို့မှာ သူ့မျက်နှာကိုပါ လာရောက်ထိမှန်နေလေရာ ၊ လမ်းလျှောက်နေလျက်မှာပင် မျက်စိနှစ်ကွင်းလုံး ကျိန်းစပ်လာရလေသည်။ စက္ခုအာရုံသာမက မနောဘဝင်တို့ပါ ဝေဝါး ထွေပြားလာရလေသည်။
https://mmxianxia.com/wp-content/uploads/2026/04/IMG_2531.webp
မျှော်စင်နက်ကြီးများ၏ဘေး သဲပြင်များပေါ်၌ စစ်ရေးလေ့ကျင့်နေသူတို့သည် ဇိုက်(ခ်)ကိုမြင်သော် ယင်းတို့၏ပခုံးများကို လက်ဖဝါးဖြင့် ဖျောင်းခနဲမြည်အောင် ရိုက်လျက် အလေးပြုကြကုန်၏။ ထိုအခါ ဇိုက်(ခ်)က သူ့ဘက်လှည့်၍
“အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ။ မဟာစစ်ဖြစ်တော့မှာဆိုတော့ မြို့စောင့်တပ်ထဲက စစ်အင်အားသုံးပုံတစ်ပုံ ( ၁/၃ ) လောက် နှုတ်ပေးလိုက်ရတယ်။ အရင်ကဆို ဒီအချိန်ဘာပြောကောင်းမလဲ။ သဲသောင်ပြင်တွေပေါ်မှာ မန်းဒရိတ်(ခ်)တွေကော ၊ မျှော်စင်အထက် တံတားပေါ်မှာ ယန္တရားရုပ်တွေကော အုံထနေကြတာ”
ဟုဆိုလာလျက် လမ်းလျှောက်လာ၍ ချင်း၏ဦးဆောင်မှုဖြင့် မဟူရာမျှော်စင်ကြီးတစ်ခုအတွင်းသို့ ဝင်လိုက်သောအခါမှ ၊ မျက်စိစူးသည့်ဒဏ် ၊ နေလောင်ဒဏ်နှင့် သဲပတ်သည့်လေပူဒဏ်များ အားလုံးကင်းငြိမ်းသွားတော့သည်။
“ဟူး … တပ်မှူးတို့ စစ်တပ်ကလည်း တကယ့်အပူရှပ်မဲ့ကိန်းပဲ။ နဂါးတပ်သားတွေကလည်း ဒီအချိန်ကြီးကိုး လေ့ကျင့်နေကြတာလား”
“ဟက် … မင်းလို စာလောက်ဖတ်နေတဲ့ ငပျော့ကတော့ ဒါတွေကို ဘယ်ခံနိုင်လိမ့်မလဲ”
ထိုကဲ့သို့ ပြောနေလျက် ဆိုနေလျက်ပင် ၎င်းသည် သူတို့ကို မျှော်စင်ကြီး၏ မြေအောက်ခန်းအတွင်းသို့ ခေါ်ဆောင်သွား၍ ၊ အောက်သို့ရောက်သည်နှင့် ပတ်ဝန်းကျင်မှာ စိုထိုင်းဆများကာ အေးစိမ့်လာသည်နှင့်အတူ ၊ ညှီစို့စို့အနံ့တစ်ခုကလည်း သူ့နှာခေါင်းတွင်းသို့ တိုးဝင်လာသောကြောင့် ၊ အခြေအနေကို အကဲခတ်ကြည့်လေသရော် အနှီမြေအောက်ခန်းကြီးမှာ ကျယ်ဝန်းလှလင့်ကစား ၊ အခန်း၏ အလယ်ဗဟိုတွင်သာ သလင်းတုံးနှစ်တုံးမှာ ပျံဝဲနေသဖြင့် ၊ အလင်းရောင်မှာလည်း ဤအခန်း၏ အလယ်ဗဟို၌သာ တည်ရှိနေလေပြီး ၊ ဘေးပတ်ပတ်လည်မှာမူ အမှောင်အတိကျနေသည့်အလျောက် ဤသည်ကို ကြည့်နေလျက်မှာပင် သူ့ရင်တွင်း မသိုးမသန့်ဖြစ်လာကာ တစ်ကိုယ်လုံးက ကြွက်သားများလည်း စတင်တင်းမာလာလေတော့သည်။
ထိုသလင်းတုံးနှစ်တုံး၏ အလယ်၌ ကျောက်စင်တစ်ခုရှိ၏။ ယင်းစင်ပေါ်တွင် တင်ထားသည်ကား အသက်လေးဆယ်အရွယ် လူသားယောက်ျားအလောင်း တစ်လောင်း။ ၎င်းသည် ခေါင်းတုံးကို ပြောင်နေအောင် တုံးထားသည်။ အဝတ်အစားလည်း မပါ။ ထို့ရကား ခေါင်းတုံးပေါ်မှစ၍ ခန္ဓာကိုယ်တစ်ကိုယ်လုံးအနှံ့ ထိုးထွင်းထားသည့် ဆေးမင်ကြောင်များမှာလည်း သလင်းတုံးရောင်အောက်၌ အတိုင်းသား ထင်းထနေလေရာ ၊ ဤသည်ကိုရှုကာ လီယိုနာ့ဒ်၏ မျက်ခုံးနှစ်တန်းလုံးမှာ ထောင့်ကွေးပမာ ကျုံ့ဝင်သွားရလေသည်။
ဤသည်ကား အော်ရကယ် ( Oracle ) တစ်ယောက်။ ၎င်းတို့မှာ နတ်ဘုရားဘာသာစကားကို တတ်မြောက်ထားသူများ ဖြစ်ကြသည်သာမက ခန္ဓာကိုယ်တစ်ခုလုံး၌ ထိုးနှံထားသော ဆေးမင်ကြောင်များမှာလည်း နတ်ဘုရားဘာသာစကား၏ အက္ခရာများဖြစ်ကြလေပြီး ၊ ယင်းတို့သည် ရမထာသိင်္ဂီ နတ်ဘုရားမ မေဟန်ဟီရစုက ဖန်ဆင်းတော်ထားမူအပ်သော ယန္တရားများကို အထူးဂါထာများရွတ်ကာ ခိုင်းစေနိုင်ကြသည့်အားလျော်စွာ ၊ ရာဗလွန်အင်ပါယာ တပ်မဟာကြီးအတွင်း၌ အရေးပါအရာရောက်သော ၊ ရာထူးကြီးသော ပုဂ္ဂိုလ်ထူးများ ဖြစ်ကြလေသည်။
“အော်ရကယ်တစ်ယောက် သေနေတာလား ။ ဘာဖြစ်ထားတာလဲ”
ထိုသို့ဆိုလျက် လီယိုနာ့ဒ်မှာ အလောင်းကို ထောက်ရှုသရော် ၊ ယင်း၏အသားအရေမှာ ပုံမှန်ထက် ဖြူဖျော့နေသည်ကလွဲပြီး ကျန်သောဒဏ်ရာဒဏ်ချက် မရှိချေ။
“အော်ရကယ်တစ်ယောက် သေနေတာမဟုတ်ဘူး ခေါင်းဆောင်။ မြို့စောင့်တပ်မှာ အော်ရကယ်ဆယ်ယောက်ရှိတာ ကိုးယောက်သေသွားပြီ။ တစ်ယောက်ပဲ ကျန်တော့တယ်”
“ကျန်တဲ့အလောင်းတွေကော”
“သင်္ဂြိုဟ်လိုက်ပြီပေါ့။ အကုန်မတော်တဆမှုတွေနှင့် သေကြတာ။ အခုဒီတစ်ယောက်က ဒီနေ့မနက်ကြီး သုံးနာရီမှသေသွားတယ်။ ဘာလုပ်ရမှန်းမသိတော့လို့ စိတ်ထဲထင့်နေတာကြောင့် ဒီတိုင်းထားထားတာ။ အခုဒီအလောင်းရဲ့ ခေါင်းကိုလည်း ဖွင့်ကြည့်ရအောင်ဗျာ”
ဟုဆိုသဖြင့် မာတိုရို၏အကူအညီဖြင့် အလောင်း၏ခေါင်းခွံကို ဖွင့်လိုက်လေလျှင် ၊ ထင်မှတ်ထားသည့်အတိုင်းပင် ဦးနှောက်ရှေ့ပိုင်း ဘယ်နှင့်ညာဘက်တို့၌ မီဇိုဗာကပ်ပါးကောင် နှစ်ကောင်မှာ ကပ်နေလေသည်။ ထို့အခါ လီယိုနာ့ဒ်က
“ဘယ်လိုသေတာလဲ”
“ဆရာဝန်ကတော့ တေဇောဓာတ်ကြီးပြီး သေတာတဲ့ဗျာ”
“အဖျားကြီးပြီးသေတာလို့ ပြောတာပဲပေါ့။ နောက်ဆုံးသေခါနီး ဒီသူက ဘယ်လိုဖြစ်နေတာလဲတပ်မှူး”
“အဖျားလွန်ပြီး မေ့မြောနေတာပဲ။ ပြီးတော့ပြစရာရှိသေးတယ် … လိုက်ခဲ့ကြ”
ဤသို့ဖြင့် သူတို့သည်မြေအောက်ခန်းမှ ပထမထပ်သို့ ပြန်တက်လာကြပြီးနောက် ကျောက်တံခါးကြီးတစ်ချပ်ကို ဖွင့်လတ်သော် ခုတင်တစ်ခု ၊ ဧည့်တွေ့သစ်သားစားပွဲလေး တစ်လုံးနှင့် စာအုပ်စင်ကြီးတို့ဖြင့် ပနံရနေသော အခန်းကျယ်တစ်ခုမှာ သူတို့ရှေ့၌ ဘွားခနဲပေါ်လာသည့်ပြင် ၊ နေရောင်ခြည် အမျှင်တန်းလေးများမှာလည်း ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဖြာကျနေလေသည်။
ဤမြင်ကွင်းကို ရှုနေလျက်မှာပင် လီယိုနာ့ဒ်၏ စိတ်တွင်းဝယ် အကြည်ဓာတ်တစ်ခုဝင်လာ၍ အသက်ကိုပါ ရှိုက်ချလိုက်သည့်အခါ ၊ ပုပ်ထောင်းထိုင်းမှိုင်းနေသော အနံ့တစ်ခုမှာ သူ့နှာဝတစ်လျှောက် တိုးထွင်းလာသည်သာမက ၊ အဆုတ်ထဲထိပါ ဖောက်ဝင်သွားသည့်အတွက် သူ့တစ်ကိုယ်လုံး တွန့်တက်သွားလေသည်။ ရှူနေဆဲလေကို ရပ်လိုက်ရရုံမျှမက နှာခေါင်းကိုပါ တံတောင်ကွေးနှင့် ပိတ်လိုက်ရလေသည်။
“ဟူး … ဒါသေတဲ့ အော်ရကယ်ရဲ့အခန်းလား။ နောက်လာနေမဲ့လူကတော့ မချောင်ဘူးဗျို့”
ဇိုက်(ခ်)မှာ မာတိုရို၏စကားကို ခွန်းတုံ့မပြန်ဘဲ အခန်းတွင်းဝင်သွားသည့်အလျောက် သူတို့နှစ်ယောက်လည်း ၎င်းနောက်မှလိုက်ရ၍ ၊ သင်းသည် အိပ်ရာဘေးက လူတစ်ယောက်စာမျှသာ ဝင်နိုင်သော ကျောက်တံခါးငယ်တစ်ချပ်ရှေ့သို့ ရောက်သည်တွင် ၊ ခေါင်းကိုငုံ့လျက် တံခါးကိုဖွင့်လိုက်လေသည်။
ထိုအခါ အနံ့ဆိုးများမှာ တံခါးဝမှ လှိုင်ထလာသောကြောင့် သူတို့လည်း အခန်းအတွင်းသို့ ဝင်ရောက်၍ အခြေအနေအား စူးစမ်းလိုက်လေလျှင် ၊ အဆိုပါအခန်းငယ်မှာ အိမ်သာဖြစ်နေပြီး အိမ်သာကျွင်း၏ ဘေးပတ်ပတ်လည်၌ နီပုပ်နေသော သွေးချပ်ခဲများနှင့် မစင်အစအနများ ပြန့်ကျဲနေသည်ကို မြင်လေသရော် ၊ မာတိုရိုမှာ ဒူးထောက်လျက် သွေးခဲ အချပ်ကြီးကို ယင်း၏အခွံမာ လက်ညှိုးချွန်ဖြင့် တဒေါက်ဒေါက်မြည်အောင် ခေါက်နေရုံမျှမက ၊ အဝါနှင့်အနီရောနေသော မစင်ဖတ်များကိုလည်း မျက်လုံးခြောက်လုံးဖြင့် အနီးကပ်ကြည့်ရှုနေလေသည်။ ဤအခိုက် ဇိုက်(ခ်)မှာ သူ့နားကပ်လာ၍
“ခေါင်းဆောင် … ဒီကောင့်ကို ချေးကြည့်ခပါ ပေးရဦးမှာလား”
ဟုဆိုသဖြင့် လီယိုနာ့ဒ်လည်း တံတောင်ကွေးနှင့် ပါးစပ်ကိုပိတ်ထားလျက် ရယ်မိလေပြီ။
သို့သော်ကြာကြာရယ်၍ မဖြစ်။ အိမ်သာကိုသာ ဆက်လက်စစ်ဆေးကြည့်ရာ၌ ၊ ဖော်ပြပါအရာများပြင် နီစွေးနေသော သွေးများပေနေသည့် အိမ်သာသုံးစက္ကူများကိုလည်း တွေ့ရသည့်အတွက် ထိုစက္ကူစများကို သွားရောက်ကြည့်ရှုသည့်အခါ ၊ စက္ကူစများဘေးရှိ ကျောက်အိုးအတွင်းက ရေများမှာလည်း ညိုတိုတိုရောင်သန်းနေကို သတိပြုမိပြန်၏။ အိမ်သာသုံးရေတွင်း၌ သွေးများရောနေခြင်းပင်။ ထိုအခါမာတိုရိုက
“ဘဝမှာတော်တော်ဆိုးတဲ့ အတွေ့အကြုံပဲ။ ကြည့်ရတာ ခင်ဗျားအော်ရကယ်က အစာလမ်းကြောင်း အောက်ပိုင်းမှာ သွေးအကြီးအကျယ်ယိုထားပုံ”
“မင်းပြောမှဖြင့် ရှင်းသွားတာပဲ။ ဖင်ထဲက သွေးထွက်တော့ အစာလမ်းကြောင်းအောက်ပိုင်း သွေးယိုတယ်ပေါ့”
“အစာလမ်းကြောင်းအထက်ပိုင်းဆိုရင် မစင်တွေက ကတ္တရာစေးလိုဖြစ်နေမှာဗျ။ ပြီးတော့နီရဲနေတဲ့ အိမ်သာသုံးစက္ကူတွေက …”
“တော်တော် … မင်းတို့နှစ်ယောက် မငြင်းကြနှင့်တော့။ စစ်လို့ပြီးရင် ထွက်ကြမယ်”
ဟုလီယိုနာ့ဒ်က ပါးစပ်ကို တံတောင်ကွေးနှင့်ပိတ်ထားလျက် ဝူးဝူးဝါးဝါးဆိုလေသဖြင့် သုံးယောက်လုံး အခန်းပြင်ထိထွက်၍ လေကောင်းလေသန့်ရှူပြီးမှ ထိုကိစ္စကို ဆက်လက်ဆွေးနွေးကြလေသည်။ ဇိုက်(ခ်)ကပင်
“မင်းရဲ့အထက်ပိုင်း ၊ အောက်ပိုင်းက အရေးကြီးလို့လား”
“ကြီးတာပေါ့တပ်မှူး။ အထက်ပိုင်းကဆိုရင် အစာအိမ်နှင့်ပတ်သက်တာ စဉ်းစားတယ်။ အောက်ပိုင်းဆိုရင် လိပ်ခေါင်း ( Hemorrhoids ) ဒါမှမဟုတ် စမြင်းတုံးခံပြီး စအိုနံရံပြဲတာ ( Anal Fissure ) စဉ်းစားတယ်။ ဒါပေမဲ့ အခုဟာက လိပ်ခေါင်းရော စမြင်းတုံးခံတာမဖြစ်နိုင်ဘူး ။ အခုပုံစံက သွေးတွေက ရေဖောက်ကျသလို ကျထားတာ”
“အဲတော့ …”
“အဲတော့ ဖင်နှိုက်ကြည့်ရမှာပေါ့ ကိုယ့်လူ။ စအိုနှင့် ချေးအိမ် ( Rectum ) နားတစ်ဝိုက်မှာ ဒဏ်ဖြစ်ခဲ့တာ သေချာနေပြီဆိုတော့ နှိုက်ကြည့်ရမယ်”
သူနှင့်ဇိုက်(ခ်)မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းများသာ ခါယမ်းမိတော့သည်။ အလောင်း၏စအိုတွင်း အပူချိန်တိုင်းကိရိယာထည့်သော အကြင်ပိုးကောင်မှာ ယခုဆိုလျှင် လက်နှင့်ပင်နှိုက်တော့ပေအံ့။
ယင်းသို့ဖြင့် မြေအောက်ခန်းတွင်းသို့ ပြန်ဆင်းလာကြ၍ အလောင်းရှေ့သို့ပြန်ရောက်လေလျှင် ၊ မာတိုရိုမှာ မည်သည့်အရာမျှ ဆောင်ရွက်ခြင်းမပြုဘဲ သူတို့နှစ်ယောက်ကိုသာ စိုက်ကြည့်နေသောကြောင့် ဇိုက်(ခ်)က
“ဟေ့ကောင် နှိုက်မှာဖြင့်နှိုက်။ မြန်မြန်လုပ်စမ်း”
“ကျုပ်မနှိုက်ပါဘူး။ တပ်မှူးတို့ထဲက တစ်ယောက်နှိုက်ရမှာဗျ”
“ဘာကွ … မင်းလာပြီး ဟာသလုပ်နေတာလား”
“ဘာဟာသမျှ မလုပ်ဘူးလေ။ ဒီမှာကျုပ်လက်ကိုကြည့်။ ကျုပ်ကဝါယောန … လက်တွေက အခွံမာတွေ။ ပြီးတော့ အခွံမာပေါ်မှာ အမွေးချွန်လေးတွေက ပေါက်နေသေးတယ်။ ဒီလက်နှင့်သွားနှိုက်ရင် ဖင်ခေါင်းနံရံတွေအားလုံး ပြဲစုတ်ကုန်လိမ့်မယ်။ ဒါဆိုတကယ့်ဒဏ်ရာနှင့် မကွဲဘဲနေမယ်။ အဲတော့ လူသားရဲ့ဖင်ခေါင်းကို လူသားလက်နှင့်ပဲ နှိုက်ရမယ်”
ဟုဆိုလေရာ သူတို့နှစ်ယောက်လုံး၏ မျက်နှာများရှုံ့မဲ့ကုန်ပြီးနောက် ၊ ဇိုက်(ခ်)မှာ သူ့ကိုမျက်နှာငယ်လေးဖြင့်ကြည့်ကာ
“ခေါင်းဆောင် … ကျုပ်က ယန္တရားချပ်ဝတ် ဝတ်ထားတော့ … ဟို …”
ဟုဆို၍ စကားဆက်မပြောတော့သဖြင့် သူလည်း “အေးပါကွာ” ဟုသာ စိတ်တွင်းရေရွတ်လျက် သက်ပြင်းချလိုက်လေသည်။ နောက်ဆုံးတွင်ကား သူ့ဆီသို့သာ ခေါင်းပုံလာလေပြီ။
“ကဲပါ … ကဲပါ … ဒီလောက်ဖြစ်မနေစမ်းပါနှင့် ၊ ဖင်နှိုက်တာလေးများ လူသတ်တာလောက်မခက်ပါဘူး။ ရော့လက်အိတ်စွပ် … လက်ညှိုးကို ဆီဆွတ် … နှိုက်တော့ မြန်မြန်”
ဟုဆိုနေကာ ၎င်းက လွယ်အိတ်တွင်းက လက်အိတ်နှင့် ဆီပုလင်းကို ထုတ်ပေးနေပြီဖြစ်သောကြောင့် သူလည်းမိုယာဝုထ်က လူနာများ၏မျက်နှာကို ပြန်လည်မြင်ယောင်လျက် လက်အိတ်ဝတ် ၊ လက်ညှိုးကို ဆီဆွတ်ပြီးနောက် ဆေးမင်ကြောင်များထိုးထားသော အလောင်း၏ဖင်နှစ်တုံးကို ဇိုက်(ခ်)၏အကူအညီနှင့် ဆွဲဖြဲလိုက်၍ ၊ စအိုတွင်းလက်နှိုက်သွင်းလိုက်လေသည်။
အေးစက်နေသော အထိအတွေ့။ တောင့်တင်းနေသော ဖောဋ္ဌဗ္ဗာရုံ။ လူသေစအိုဖြစ်ရကား လူအရှင်များကဲ့သို့ ဖင်ဝတွင်း လက်ချောင်းစသွင်းသောအခါ သူ့လက်ချောင်းကို စက်ဝိုင်းသဏ္ဌာန် ညှစ်သည့်ခံစားချက်မရတော့။ အေးစက်တောင့်တင်းနေရုံမျှမက ခြောက်သွေ့တင်းကျပ်နေသော ဖင်ခေါင်းတွင်းသို့ နှိုက်နေရသည့်အားလျော်စွာ လက်ကို အားထည့်သွင်းရသည်။ ဆီမပါပါက မလွယ် ။
လက်ညှိုးတစ်ချောင်းလုံးသွင်းပြီး စအိုနံရံများကို စမ်းကြည့်ရာ၌ ၊ မာကျောနေသော အရာများနှင့် ပျော့စိစိအရာများကို ဖိမိသည်တွင်
“သွေးခြောက်နှင့် ချေးတွေဖုံးနေတယ်။ ဆက်စမ်းမရဘူး။ ဒါတွေဖယ်ထုတ်ပစ်ရမယ်”
ဟု စကားဆိုနေလျက်ပင် လက်ကိုပြန်ထုတ်လိုက်လေရာ ထောင်းခနဲပါလာသော ပုပ်အဲ့အဲ့ ထူပျစ်ပျစ် အနံ့ကြီးမှာ နှာခေါင်းတွင်းသာမက ပါးစပ်တွင်းသို့ပါ ဝင်သွားသောကြောင့် သူသည် မိုက်ခနဲဖြစ်သွား၍ ၊ တစ်ကိုယ်လုံးမှာလည်း ဓာတ်လိုက်သည့်အလား ကျဉ်တက်သွားသည့်ပြင် ၊ ယင်းအနံ့နှင့် သူ့ရင်ဘတ်က စူးတူးတူး ဝူးလို့(စ်)ချွေးနံ့များ ၊ အစိုဓာတ်ကဲသော မြေအောက်ခန်း၏ လေထုနံ့ ထိုင်းထိုင်းများ အားလုံးပေါင်းစုံမိသွားသည့်အခါ လီယိုနာ့ဒ်၏စိတ်အစဉ်မှာ ယခုချက်ချင်း မူးရို့(စ်)မြစ်ကြီးတွင်း ဒိုက်ထိုးချပစ်ချင်စိတ်များ ထိန်းမနိုင်သိမ်းမရ ပေါ်ပေါက်လာရပြီးနောက် ၊ အကြင်လက်နှင့် ညစာစားရမည့်အရေးကိုပါ မသိုးမသန့်ဖြစ်လာရုံမျှမက ၊ အစာကိုကြည့်နေကြိုက် အလောင်း၏မစင်ဖတ်များ မျက်လုံးတွင်းမြင်ယောင်လာပါက မည်ကဲ့သို့လုပ်ရမည်နည်းဟု တွေးမိသရော် စုမျိုရန်ကြံနေသော တံတွေးတို့ပင် နင်သွားရလေသည်။ ဇိုက်(ခ်)မှာမူ နဂါးခေါင်းခမောက်ကို ဆောင်းလိုက်ပြီး
“ခေါင်းဆောင် … ခေါင်းဆောင် … ဒါတွေအားလုံးပြီးရင် ခင်ဗျားကို ကျုပ်အကောင်းဆုံးအရက်နှင့် ပြုစုပါမယ်ဗျာ။ အခုတော့အားတင်းထားပါဦး”
ဟုပြောရှာသည်။ ထိုသို့ဖြင့် စအိုနံရံတွင် ကပ်နေသော သွေးခြောက်များနှင့် မစင်ဖတ်များအားလုံးကို နှိုက်ထုတ်ပြီးသည့်အခါ သူသည် လက်ညှိုးကို ဆီဝအောင်ထပ်ဆွတ်၍ စအိုနံရံများကို ဖိလျက်သော်လည်းကောင်း ၊ ပွတ်ဆွဲလျက်သော်လည်းကောင်း ထပ်မံ စမ်းသပ်ကြည့်လေလျှင် ၊ စအိုနံရံ၏ တချို့နေရာများ၌ နံရံအတွင်းသို့ လက်ညှိုးကျွံဝင်သွားသော ခံစားချက်ရသည့်အတွက် သူ့မျက်ခုံးများ ပင့်တက်သွားရလေပြီ။
“ကိုယ့်လူ ဘာခံစားရလဲ”
“စအိုနံရံမှာ ပြဲရာတွေရှိတယ်။ ရော်ဘာတုံးကို ဓားနှင့် ဒေါင်လိုက်လှီးထားပြီးတော့ အဲသည်လှီးထားတဲ့အမြောင်းကို လက်နှင့်ဖိလိုက်တဲ့ ခံစားချက်ရနေတာ”
“အောက်ကိုဆွဲချလို့ရလား”
ယင်းပြောသည့်အတိုင်း ကျွံနေသောစအိုနံရံကို လက်ထိပ်နှင့် ဖိပြီးနောက် လက်ညှိုးကို အောက်သို့ဆွဲချကြည့်လျှင် ၊ လက်ထိပ်မှာ အောက်သို့ ဒေါင်လိုက်ကျွံဝင်သွားသည်သာမက ဒဏ်ရာ၏ အနားသတ်များမှာလည်း ချောမွတ်နေလေသည်။ သူခေါင်းညိတ်ပြလိုက်၏။
“တစ်နေရာတည်းလား။ တခြားဘက်နံရံတွေကော”
သူပတ်စမ်းကြည့်လိုက်ပြီး ပါးစပ်ပါ အဟောင်းသားဖြစ်သွားရသည်။ ယင်းနောက် အကြိမ်ကြိမ်ထပ်စမ်းပြီးမှ လက်ကိုပြန်ထုတ်၍
“စအိုနံရံမှာ ပြတ်ရာတွေ ဆယ်ချက်လောက်ရှိတယ်။ ဒဏ်ရာအနားချောတယ်။ တစ်ချက် နှစ်လက်မလောက်ရှည်တယ်”
ဟုဆို၍ မာတိုရိုနှင့် ဇိုက်(ခ်)တို့ဘက်လှည့်ပြီး ခေါင်းဆတ်ပြလေ၏။
“ဟုတ်တယ် … မသေမီ နှိပ်စက်ခံထားရတယ်။ လူသတ်သမားက စအိုနံရံတွေကို ဓားနှင့်လှီးပြီး နှိပ်စက်ထားတာ။ ပြီးတော့ စိတ်ညှို့ခံထားရတော့ မင်းတို့ကိုဘာမျှ မပြောနိုင်ဘဲ သေသွားပုံရတယ်”
“ဒီဒဏ်ရာထဲ ပိုးဝင်တာကနေ သွေးဆိပ်တက်တာ ( Septicemia ) ရယ် … သွေးယိုတာကနေ ရှော့ခ် ( Hypovolemic Shock ) ရယ် … ဟူး”
ဇိုက်(ခ်)မှာကား မည်သည့်စကားမျှပင် ပြန်မဆိုနိုင်တော့သောကြောင့် သူက
“တခြား အော်ရကယ်တွေလည်း ဒါမျိုးနှိိပ်စက်ခံထားရတာပဲလား”
“မ … မပြောတတ်ဘူးခေါင်းဆောင်။ ကျုပ်တို့က မတော်တဆသေတယ်ဆိုပြီး သင်္ဂြိုဟ်လိုက်ကြတာ။ လူသေရဲ့ဖင်ထဲလည်း တစ်ခါမျှမနှိုက်ဖူးဘူး။ ဒါပေမဲ့ ကျန်တဲ့သူတွေက မသေမီ သွေးဝမ်းတွေတော့ မသွားဘူးဗျ”
“နှိပ်စက်လောက်မှာပါ။ ကြည့်ရတာ ရှစ်ယောက်လုံးကို ပိပိရိရိ လုပ်လာပြီးမှ ဒီတစ်ယောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ဟာသွားတဲ့ပုံပဲ။ ဒီတပ်ထဲထိတော့ ဝင်လုပ်မဲ့ပုံ မပေါ်ဘူး။ ဒီအော်ရကယ်တွေ တပ်အပြင်ထွက်ခွင့်ရှိလား”
“တစ်ယောက်ကလွဲရင် ထွက်ခွင့်ရှိတယ်”
“အခုတော့ အဲတစ်ယောက်ကလွဲရင် အကုန်သေပြီပေါ့ … ဟုတ်စ”
ဇိုက်(ခ်)က ခေါင်းညိတ်ပြလျှင် လီယိုနာ့ဒ်၏ ညာဘက်နှုတ်ခမ်းထောင့်မှာ ပင့်ရုံမျှသာပင့်တက်သွားပြီးနောက် ၎င်းကိုမျက်လုံးချင်းဆိုင်အောင် ကြည့်လိုက်လေသည်။
“ငါ့ကောင် … မင်းအမှုမှန်သာ ပေါ်ချင်ရင် ငါတို့ကို ထိန်းချန်ထားတာရှိလို့မရဘူးနော်”
ဟုဆိုလေရာ ဇိုက်(ခ်)၏မျက်နှာမှာ ကွက်ခနဲပျက်သွားလေသည်။
“ခေါင်းဆောင် … ခင်ဗျားဘာကိုဆိုလိုတာလဲ”
“အော်ရကယ်ဆိုတာ နတ်နဂါးတပ်တိုင်းမှာ မရှိဘူး။ မင်းတို့ဆီမှာဆယ်ယောက်တောင်ရှိတယ်။ တန်နားဘရက်(စ်)က ဒီမြို့ကို မီဇိုဗာဇီဝလက်နက်သုံးဖောက်နေပြီး ရာဗလွန်ဗဟိုက မင်းကြောင်းကြားလိုက်ရုံနှင့် အိုက်ကရက်(စ်)ကို နှစ်နာရီအတွင်း လွှတ်ပေးမယ်တဲ့လား။ ဒီမြို့ထဲမှာ ဘာရှိနေတာလဲ။ ဘာကြောင့်နှစ်ဖက်လုံးက အသည်းအသန်ဖြစ်နေရတာလဲ”
ထိုအခါ ဇိုက်(ခ်)မှာ ဟူးခနဲ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်၍ ဤအမေးကိုမဖြေဘဲ သူ့နောက်က မာတိုရိုကိုသာ လှမ်းကြည့်နေလေသည်။
“မာတိုရိုကို သူစိမ်းဆိုရင် ငါ့ကိုလည်း သူစိမ်းလို့သာ သတ်မှတ်လိုက်တော့ဇိုက်(ခ်)”
ဟုဆိုလိုက်သောအခါမှ ၎င်းမှာပခုံးကိုပင့်တင်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ထပ်ချလိုက်လေသည်။ ၎င်းနောက် ယင်း၏အသံမှာ မြေအောက်ခန်းအတွင်း၌ ဖြည်းဖြည်းနှင့်မှန်မှန် ထွက်ပေါ်လာလေသည်။
“ဒီမြို့ပေါ်မှာ … ပိရမစ်ကြီးတစ်ခုရှိနေတယ်။ ပျံနေတာ … သမုဒယရတီနန်းတော်ထက် လေးဆနီးပါးလောက်ကြီးတဲ့ ပိရမစ်ကြီး။ နတ်ဘုရားမ မေဟန်ဟီရစုရဲ့ နတ်ကွန်းကြီး”
“ဟမ်”
“အသာလုပ်ပါတပ်မှူး။ ကျုပ်ခုနလေးက မော့ကြည့်ခဲ့တုန်းကတောင် ကောင်းကင်ပြာကြီးနှင့် သလင်းတုံးတွေပဲရှိပါတယ်”
“မင်းမယုံရင် အပေါ်တက်နေလိုက်။ အဲသည်ပိရမစ်က နတ်ဘုရားမရဲ့ ဘုန်းတော် ၊ တန်ခိုးတော်ကြောင့် ကိုယ်ပျောက်နေတာ”
ထိတ်ခနဲဖြစ်သွားသောစိတ်ကို လီယိုနာ့ဒ်မှာ ထိန်းချုပ်လိုက်ရ၍
“အေး … ဟုတ်ပြီ။ ဒီမြို့ပေါ်မှာ ကိုယ်ပျောက်နေတဲ့ ပိရမစ်ပျံကြီးရှိနေတယ်ပေါ့ … အဲဒါဘာအတွက်တဲ့လဲ”
“ကျုပ်လည်း သေသေချာချာ မသိဘူး။ ပြောထားတာကတော့ အဲသည်ထဲမှာ နတ်ဘုရားမရဲ့ တန်ခိုးတော်တွေ အများကြီးစုနေတယ် ၊ တန်ခိုးတွေ ဘယ်လောက်များသလဲဆိုရင် ဒီပိရမစ်သာ တစ်ခုခုဖြစ်သွားရင် အခုဖြစ်တော့မဲ့ မဟာစစ်ပွဲက တိုက်စရာတောင်မလိုဘဲ ချက်ချင်းအဖြေထွက်သွားနိုင်တယ်။ ကျုပ်တို့ရှုံးသွားနိုင်တယ်တဲ့”
ထိုသို့ဆိုပြီးနောက် ဇိုက်(ခ်)မှာ ဘေးတစောင်းလျောင်းနေသော အလောင်းကို တစ်ချက်ငဲ့ကြည့်လေသည်။
“အဲသည်ပိရစ်မစ်ထဲမှာ တံခါးကြီးကိုးချပ်ရှိတယ်လို့ ပြောတယ်။ အဲတံခါးတွေက နတ်ဘုရားစကားနှင့် ဖွင့်မှပွင့်တာ။ ဒါကြောင့်ပဲ ကျုပ်တို့ကို အရေးကြုံလာတဲ့အခါ တံခါးတွေဖွင့်ဖို့ အော်ရကယ် ဆယ်ယောက်ပေးထားတယ်။ အော်ရကယ် တစ်ယောက်က မတူတဲ့တံခါးတစ်ချပ်ကို ဖွင့်နိုင်တယ် … ဒီလိုမျိုး အော်ရကယ်ကိုးယောက်နှင့် တံခါးဆယ်ချပ်လုံးကို တစ်ယောက်တည်းဖွင့်နိုင်တဲ့ အော်ရကယ်ချုပ် တစ်ယောက်ပေါ့”
“မစသေးတဲ့ စစ်ပွဲကိုတောင် အဆုံးအဖြတ်ပေးနိုင်တဲ့ ပိရမစ်နှင့် တံခါးကိုးချပ်။ အဲဒါကိုဖွင့်ဖို့ သော့ကိုးချောင်းနှင့် မာစတာကီး ( Master Key ) တစ်ချောင်း … ကောင်းပြီလေ … ငါတို့အခု ဒီတန်နားဘရက်(စ်)ဘက်က ထိုးဖောက်သူနေရာက စဉ်းစားပြီး အခုဖြစ်နေတဲ့ အမှုကိုတည်ဆောက်ကြည့်တာပေါ့”
ယင်းသို့ဆို၍ လီယိုနာ့ဒ်မှာ မေးစေ့ကို လက်မဖြင့်ထောက်လေသည်။
“ပထမဆုံး သူ့ကို အေ ( A ) လို့နာမည်ပေးမယ်။ တန်နားဘရက်(စ်)က ( အေ ) ကို ဒီမြို့ကပိရမစ်ကို ဖျက်ဆီးဖို့ အမိန့်ပေးလိုက်မယ်။ ပိရမစ်က ကိုယ်ပျောက်နေတယ်။ ပြီးတော့ တံခါးကိုးချပ်နှင့်ပိတ်ထားတယ်။ ( အေ ) က အဲဒါကို ဖြေရှင်းဖို့ ပထမဆုံး ကိုယ်ပျောက်နေတာကို ပေါ်အောင်ဘယ်လိုလုပ်မှာလဲ။ ဒါကိုငါတို့ မသိသေးဘူး။ တံခါးကိုးချပ်ကို ဖွင့်ဖို့ အော်ရကယ် ကိုးယောက်ဆီကဖြစ်စေ အော်ရကယ်ချုပ်တစ်ယောက်ဆီကဖြစ်စေ နတ်ဘုရားစကားကို သင်ရလိမ့်မယ်။ ကြည့်ရတာ အော်ရကယ်ချုပ်က သိပ်ထိလို့ မရတဲ့ပုံပဲ။ အဲတော့ ကျန်ကိုးယောက်ကို ပစ်မှတ်ထားတယ်။
ပြဿနာက အော်ရကယ်တွေကို ဗြောင်ကျကျဖမ်းပြီး နှိပ်စက်တာပဲဖြစ်ဖြစ် ၊ သတ်ပစ်တာပဲဖြစ်ဖြစ် သွားလုပ်ရင် မင်းကစစ်ကူခေါ်မယ်ဆိုတာကို ( အေ ) ကသိတယ်။ စစ်ကူခေါ်ရင်လည်း ချက်ချင်းနီးပါးရမယ်ဆိုတာကို သဘောပေါက် ထားတယ်။ အဲတော့ မြို့ထဲက ပြည်သူတွေကို မီဇိုဗာကပ်ပါးကောင်နှင့် စိတ်ညှို့ပြီး သတ်သေခိုင်းတယ်။ မြို့ထဲမှာ မတော်တဆမှုနှင့် သေတာတွေကို ဖန်တီးတယ်။ အဲသေတဲ့အထဲမှာမှ အော်ရကယ်တွေပါ ရောပြီးညှပ်သတ်တယ်။ ဒါပေမဲ့ အပိုဆုအနေနှင့် အော်ရကယ်တွေကို မသတ်ခင် စအိုကိုဓားနှင့်လှီးနှိပ်စက်ပြီး နတ်ဘုရားစကားသင်မယ်။ အဲတော့မင်း သတိမထားမိခင်မှာ အော်ရကယ်တွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်ပြီ … အခုလက်ရှိမှာ ( အေ ) က ပိရမစ်တစ်ခုလုံးကို ဖွင့်တဲ့စကားအားလုံးရသွားပြီ”
ဟုဆိုလိုက်သည့်အခါ ဇိုက်(ခ်)မှာ နဂါးခေါင်းခမောက်ကိုချွတ်၍ ၎င်း၏ဆံပင်များကို လက်ဖြင့်ဆွဲလှန်နေပြီး မာတိုရိုမှာမူ မှတ်စုစာအုပ်ကြီးကို ထုတ်ဖတ်နေလေသည်။ ထို့ကြောင့်သူကပင်
“အကယ်၍ ကိုယ်ပျောက်တာကော … ပိရမစ်ကို ဖွင့်တဲ့သော့တွေကော အားလုံးရပြီးလို့ သူ့ဘက်က စလှုပ်ရှားရင် မင်းတို့မြို့စောင့်တပ်နှင့် ထိပ်တိုက်တွေ့မယ်ဆိုတာကိုလည်း ( အေ ) က စဉ်းစားထားရဦးမယ်။ အဲအတွက် လူတွေအများကြီးကို ကပ်ပါးကောင် ကူးစက်ထားစေတယ် … အဲထဲမှာ မင်းရဲ့မန်းဒရိတ်(ခ်)တွေ ၊ ဝိုက်ဗန်အမ်းတွေနှင့် တခြားနဂါးသူရဲကောင်းတွေတောင် ပါကောင်းပါနေနိုင်တယ်။ တကယ်တိုက်ပွဲဖြစ်တဲ့အချိန်ကျရင် အဲလူတွေက သူ့လူတွေဖြစ်လာတော့မယ်။ မင်းတို့မြို့စောင့်တပ်က ဒီမြို့ထဲမှာပဲ အမဲပြန်လိုက်ခံရတော့မယ်။ ငါ့ကို အမှန်တိုင်းပြောစမ်း … ဦးနှောက် အမြှေးရောင်တဲ့ထဲမှာ မင်းရဲ့တပ်သားတွေပါ ပါတယ်မလား”
“ကျုပ်လည်း သေသေချာချာမပြောတတ်ဘူး။ တပ်သားတွေက ဖျားနာ ၊ ခေါင်းကိုက်ပြီး ၊ လည်ပင်းတောင့်တာလောက်ကို ဖွင့်ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ … ဒီကြားထဲ တပ်ထဲမှာ အဖျားအနာကိစ္စလေးတွေ ခပ်စိပ်စိပ်ဖြစ်တာလောက်တော့ ရှိထားတယ်”
အနှီစကားကြောင့် သူသည်ခေါင်းကိုသာ ယမ်းနေမိတော့သည်။ ယခုအချိန်မှ စစ်သားအားလုံးကို တန်းစီခိုင်းပြီး ဦးနှောက်အမြှေးရောင်ခဲ့သူတွေအားလုံးကို ရှေ့ထွက်ခိုင်းလျှင်လည်း မီဇိုဗာကပ်ပါးကောင်ထိခံရသူတို့က ရှေ့ထွက်မည်မဟုတ်တော့ချေ။
တပ်တွင်း၌ ဖျားနာခေါင်းကိုက်သည်ကို ညည်းညူပါက လူပျော့သူညံ့ဟု သတ်မှတ်ကြသောကြောင့် တော်တော်များများကလည်း ထုတ်ပြောမည် မဟုတ်သကဲ့သို့ ဖျားနာခဲ့သူစာရင်းကိုလည်း ဆေးရုံကဲ့သို့ စနစ်တကျပြုစုထားဟန်မတူသောကြောင့် စိတ်ညှို့ခံရသော နတ်နဂါးတပ်သားများ မည်မျှထိရှိထားပါသနည်း။ တိုက်ပွဲဖြစ်လာစဉ်တွင်သာ ၎င်းတို့သေနတ်ပြောင်းလှည့်ပါက လွယ်မည်မဟုတ်ချေ။ ထိုအခိုက်၌
“သိပ်မဟုတ်သေးဘူးနော် ခေါင်းဆောင်။ အော်ရကယ်တွေကို မီဇိုဗာကပ်ပါးကောင်ကူးစက်လိုက်ပြီး သိတာထုတ်ပြောခိုင်းလို့မရဘူးလား။ ဘာလို့နှိပ်စက်နေသေးတာလဲ”
ထိုအခါ တစ်ချိန်လုံးငြိမ်နေသော မာတိုရိုက စာအုပ်ကြီးငုံ့ဖတ်နေရာမှ ခေါင်းမော့လာပြီး
“အဲသည်လို မရဘူးဗျ။ ဒီကောင်က Mezova Version 1 ပဲရှိသေးတယ်လို့ရေးထားတယ်။ Version 1 က လူကို ဘာလုပ်ညာလုပ် ၊ ဘယ်သွား ၊ ညာသွားလောက်ပဲ အမိန့်ပေးရတယ်။ အဆင့်မြင့်လုပ်ဆောင်ချက်တွေ … ဥပမာ လူရဲ့မှတ်ဉာဏ်တွေကို ဆွဲထုတ်တာတွေ သွားလုပ်ရင် အလုပ်ခံရတဲ့လူက ရူးကြောင်ကုန်တယ်လို့ ပြောထားတယ်။ ပြီးတော့ နတ်ယုတ် ရေ့(ဇ်)က နောက် Version 2 တွေ 3 တွေထိ လုပ်နေတယ်လို့ပါ ဆိုထားတယ်။ ခုနက တပ်မှူးပြောလောက်အောင် စွမ်းတဲ့ကောင်တွေပေါ့”
“Version 1 …”
“ဟုတ်တယ်ကိုယ့်လူ။ ကျုပ်က နတ်ဘုရားမရဲ့ ဒုတိယရတနာကို လွန်ခဲ့တဲ့နှစ်လက ခိုးခဲ့တာ။ အဲတုန်းက နတ်ဘုရားမရဲ့ ရတနာတော်ထဲက ပါတဲ့ စာတွေအရကတော့ မီဇိုဗာ Version 1.7 လို့ရေးထားတယ်။ အခုတော့ ဘယ်လောက်တွေသုံးနေလဲ မသိဘူး။ ဒါပေမဲ့ ကြည့်ရတာ Version 2 ကို မရောက်သေးဘူး”
လီယိုနာ့ဒ်မှာ ကျောက်သားကြမ်းပြင်ကို ဖိနပ်ဦးဖြင့် တဒေါက်ဒေါက်မြည်အောင် ပုတ်လျက်စဉ်းစားနေ၍
“ဒါဆို ကိစ္စတွေက ဆက်စပ်မှုရှိလာပြီပဲ။ ဒါပေမဲ့ ပိရမစ်ကိုယ်ပျောက်နေတာကို ဖြေရှင်းတဲ့ကိစ္စက ပိတ်နေတယ်။ ပိရမစ်ထဲဝင်ဖို့ တံခါးဖွင့်တဲ့စကားတင် တတ်လို့မရသေးဘူး။ ကိုယ်ပျောက်တဲ့တန်ခိုးကိုပါ ဖျက်ရဦးမယ်။ ဒါကို ( အေ ) က ဘယ်လိုဖြေရှင်းဖို့ ကြံနေတာလဲ။ ဒါမသိရင် အမှုကရှေ့ဆက်သွားလို့မရဘူး”
“ဒီအတွက်တော့ ကျုပ်ကူညီပေးနိုင်တယ် … အခုရှာဖတ်နေတာ တစ်ခုတွေ့ထားတယ်”
ဟုမာတိုရိုက ဆိုသောကြောင့် သူနှင့်ဇိုက်(ခ်)တို့၏ မျက်လုံးများ အရောင်တောက်လာကြပြီးနောက် သူကပင် မေးခွန်းထုတ်သည်။
“မင်းမှတ်စုထဲမှာ ဒီပိရမစ်အကြောင်းပါတာလား”
“မပါဘူး … ဒါပေမဲ့ ကိုယ်ပျောက်တန်ခိုးတော် ဆိုတဲ့အကြောင်းတော့ နည်းနည်းလေးမှတ်ထားတယ်။ အဲဒါမှတ်နေတုန်းပဲ ကျုပ်ဖမ်းခေါ်ခံလိုက်ရတာ … အခုကျုပ်ပြောတာတွေကြောင့် အမှုပေါ်မပေါ်တော့ အာမခံဘူး”
“ပြောသာပြောစမ်းကွာ … နတ်ဘုရားမရဲ့ ကိုယ်ပျောက်တန်ခိုးတော် ဆိုတာဘာတဲ့လဲ”
ဟု သူကမေးလိုက်သရော် မာတိုရိုသည် စာအုပ်ကြီး၏ နောက်ဆုံးပိုင်းနားကို လှန်လှောကြည့်ရှုလျက်
“ပထမဆုံးပြောရရင် ဖိုတွန် ( Photon ) တွေက မတူညီတဲ့ ကြားခံနယ် ကိုဖြတ်ရင် အလျှင်နှုန်း ပြောင်းလဲတယ် … ပြီးတော့ …”
“နေ … နေဦး။ ဘာလဲ ဖိုတွန် ( Photon ) ဆိုတာ”
“ဖိုတွန် ( Photon ) ဆိုတာ အီလက်ထရို မဂက်နက်တီဇန် ( Electromagnetism ) အင်အားကိုသယ်ဆောင်တဲ့ ဘိုဇွန် ( Boson ) ကိုယ့်လူ”
ဟုဆိုလျှင် ဇိုက်(ခ်)မှာ ၎င်း၏ရင်ဘတ်က အခွံမာကို ဆောင့်ဆွဲလိုက်ကာ
“ငါတို့မှာ ဘယ်လောက်အချိန်မရှိသလဲ ဆိုတာမင်းမျက်မြင်နော် … နောက်တစ်ခါ မင်းပါးစပ်က ငါတို့နားမလည်တဲ့စကား ထပ်ထွက်ရင် မင်းရဲ့အင်တာနာနှစ်ချောင်းလုံးကို ဆွဲဖြုတ်ပစ်မယ်”
ဟုဆိုသောအခါမှ အနှီပိုးကောင်၏ အင်တာနာများ ထောင်ထသွားလျက် လက်လေးဖက်လုံးကို ပြိုင်တူမြှောက်လေသည်။
“နား … နားလည်အောင်ပြောပါမယ်ဗျာ … တပ်မှူးကလည်း စိတ်ပဲ။ ဒီမှာရုတ်တရက်ဆိုတော့ စကားတွေက ဒါမျိုးပဲ ထွက်တယ်ဗျ။ ဒီယန္တရားလက်ကြီးကို လွှတ်ပေးစမ်းပါ။ ကျုပ်နားလည်လွယ်အောင် ဘယ်လိုပြောရမလဲ စဉ်းစားပါရစေဦး”
ဟုဆိုသဖြင့် ဇိုက်(ခ်)က လွှတ်ပေးလေလျှင် ၊ မာတိုရိုမှာ စကားဆက်မပြောတော့ဘဲ စာအုပ်ကြီးကိုကြည့်လျက် အတန်ကြာအောင်ရပ်နေလေ၏။ ပြီးမှ
“ဒီလိုဗျာ … ခင်ဗျားတို့ ရေဖန်ခွက်ထဲကို ခဲတံတစ်ချောင်းထည့်လိုက်။ ဖန်ခွက်အပေါ်က ခဲတံပုံစံနှင့် ရေထဲမြုပ်နေတဲ့ ခဲတံပုံစံတူသေးလား”
“ဘယ်တူတော့ပါ့မလဲ။ တစ်ဆက်တည်းမရှိတော့ဘူး။ ရေထဲကဟာက နည်းနည်းပိုကြီးမှာပေါ့”
လီယိုနာ့ဒ်၏စကားကြောင့် ၎င်းကလက်ဖျောက်တီးလိုက်၍
“အဲဒါကို အလင်းယိုင် ( Light Refraction ) တာလို့ခေါ်တယ်ဗျ။ ပြောချင်တာကဗျာ … အလင်းက လေထဲမှာမြန်မြန်သွားပြီး ရေကိုဖြတ်ရတော့နှေးသွားတယ်။ အဲအခါမှာ ယိုင်ပြီး ထင်ယောင်ထင်မှား မာယာ ( optical illusion ) တစ်ခုပေါ်လာတာ။ ရေထဲက ခဲတံကပိုကြီးသယောင်ထင်ရပေမဲ့ တကယ်တော့မကြီးဘူးမလား”
“မင်းဟာက လိုရင်းကို လုံးဝမရောက်ဘူးနော်”
“တပ်မှူး … ခင်ဗျား ဒီလောက်တော့ သည်းခံနားထောင်ဗျာ။ အလင်းက သိပ်သည်းဆပိုများတဲ့ အရာတွေကိုဖြတ်ရင် ယိုင်တယ်။ ဒါကို Refractive Index လို့ခေါ်ပြီး ( n ) လို့ရေးတယ်။ ကျုပ်တို့ လက်ရှိလောကမှာမြင်နေရတဲ့ သိပ်သည်းဆများတဲ့ အရာအားလုံးနီးပါးက ( n ) ကို အပေါင်းထွက်တဲ့ဟာတွေ။ Positive Refractive Index တွေချည်းပဲ။ ဒါပေမဲ့ ( n ) အနုတ်ထွက်တဲ့အရာ ၊ Negative Refractive Index ရှိတဲ့အရာကို အလင်းတန်းက ရိုက်မိရင်တော့ အလင်းက ပုံမှန်မဟုတ်တော့ဘဲ ပြောင်းပြန်ယိုင်တယ်”
သူ့ခေါင်းများပူလာရလေပြီ။
“လုံးဝနားမလည်ဘူး”
ဟုဆိုလိုက်သည့်အခါ ၊ မာတိုရိုက စာရွက်ဖြူပေါ်၌ ပုံနှစ်ပုံဆွဲပြသည်။
https://mmxianxia.com/wp-content/uploads/2026/04/IMG_5490.webp
“အရှင်းဆုံးပြောမယ်။ ပထမပုံက ခဲတံကိုရေထဲထည့်တဲ့အခါ ဖြစ်တဲ့သဘောတရား။ အလင်းယိုင်တယ် … ဒါပေမဲ့ ဦးတည်ချက်မပြောင်းဘူး။ အလယ်က အပြောက်တွေနှင့်ဆွဲထားတဲ့ ဒေါင်လိုက်မျဉ်းကို မသွေဖည်ဘူး။ ဒုတိယပုံကို ကြည့်လိုက်။ အလင်းက သူ့ကိုဖြတ်ပြီးတဲ့အခါမှာ လုံးဝကိုး ကွေ့ထွက်သွားတာမြင်လား”
“အဲဒါနှင့် နတ်ဘုရားမရဲ့ ကိုယ်ပျောက်တဲ့တန်ခိုးတော်က ဘာဆိုင်လို့လဲ”
ဇိုက်(ခ်)၏အမေးကိုကြောင့် မာတိုရိုမှာ ဒုတိယပုံကို အခွံမာလက်ချွန်ဖြင့်ထောက်လိုက်ပြီး
“ဆိုင်ပါပကောလား တပ်မှူးရာ။ လောကမှာအရာတစ်ခုကို ခင်ဗျားမြင်တယ်ဆိုတာက သူတို့ဆီကပြန်တဲ့အလင်းက ခင်ဗျားမျက်လုံးရဲ့ မြင်လွှာ ( Retina ) ကိုလာထိလို့လေ။ အခုလို Refractive Index က Negative ထွက်နေတဲ့အရာတစ်ခုကို ခင်ဗျားမျက်လုံးက ပုံမှန်အရာကိုမြင်သလို မြင်မှာမဟုတ်ဘူး။ သူ့ကိုသွားထိတဲ့ အလင်းက ပုံမှန်အတိုင်းမယိုင်ဘဲ ပြောင်းပြန်ဖြစ်နေလို့။ ပေါက်ပြီလား”
ဤအခါ လီယိုနာ့ဒ် မျက်ခုံးများပင့်တက်သွား၍
“မင်းပြောချင်တာက ပိရမစ်ပျံကို အဲသည် Negative Refractive Index ဖြစ်နေတဲ့ အရာတွေနှင့် လုပ်ထားတယ်လို့လား”
“အဲအရာတွေကို ဒီထဲမှာ မက်တာမက်တီရီယယ် ( Metamaterial ) လို့ပြောထားတယ်။ ခင်ဗျားတို့ကျုပ်တို့ မမြင်နိုင်အောင် ၊ အလင်းကိုစနစ်တကျယိုင်အောင် အလွှာတွေ ( Pattern ) တွေဖော်ပြီးအဆင့်ဆင့်ထပ် ထားတဲ့အရာဆိုပဲ။ ဘယ်လိုလုပ်လဲ … ကျုပ်လည်းအတိအကျမသိ။ သေချာတာက စနဲနိယာမ ( Snell’s Law ) ကိုတော့ အခြေခံမှာပဲ။
ပြီးတော့ ဥဿုံ ကိုယ်ပျောက်ဖို့ဆိုရင် Metamaterial တစ်ခုတည်းနှင့်မရဘူး။ သူ့ကို နောက်ကနေ စွမ်းအင်အမြဲတမ်းပေးထားရမယ် လို့ဆိုတယ်။ အကယ်လို့ ဒီပိရမစ်ကသာ Metamaterial နှင့်လုပ်ထားလို့ ကိုယ်ပျောက်မယ်ဆိုရင် ဘေးမှာသူ့ကို စွမ်းအားထောက်ကန်ပေးထားတဲ့စနစ်လည်း ရှိလိမ့်မယ်”
ဟုဆိုလေရကား သူလည်းနှုတ်မှ “စွမ်းအင် ထောက်ကန်ပေးထားတဲ့ကောင် ၊ စွမ်းအင်ပေးထားတဲ့ကောင်”ဟု နှုတ်ကရေရွတ်လျက် အလောင်းကို စိုက်ကြည့်ကာ စဉ်းစားခန်းဖွင့်နေသည်တွင် ၊ မာတိုရို၏ ရှင်းပြချက်များမှာ အံ့ဩဖွယ်ရာကောင်းပေသော်ငြား လက်ရှိပြဿနာနှင့် စပ်လျဉ်းနိုင်ခြင်းမရှိသည့်အတွက် ၊ ဦးခေါင်းများပူလာရပြီးနောက် စိတ်ပြန်ကြည်စေရန် အကြည့်တို့ကို အခန်းတစ်ဝိုက်သို့ ပြန်ပြောင်းလိုက်ရာ၌ ၊ အလောင်းဘေးတွင် ပျံဝဲနေသော သလင်းတုံးနှစ်တုံးကိုလည်းကောင်း ၊ ယန္တရားချပ်ဝတ်ကြီး၏ ကြွက်သားတုများကို အသုံးပြုကာ အလောင်း၏အနေအထားကို ပြန်လည်ပြုပြင်ပေးနေသောဇိုက်(ခ်)ကိုလည်းကောင်း မြင်လေလျှင် သူ့မျက်လုံးတွင်း၌ မကြာသေးမီက ဖြစ်ခဲ့သောပုံရိပ်တစ်ခု ပြန်လည်ပေါ်ပေါက်လာ၍ ၊ ဤသည်ကား သမုဒယရတီနန်းတော်တွင်းဝယ် အိပ်စက်လျက်ရှိသောဇိုက်(ခ်) ဖြစ်ကာ ၊ ၎င်းသည် သာမန်အတိုင်းမအိပ်ဘဲ သလင်းတုံးဖြင့် ယန္တရားချပ်ဝတ်ကို အားသွင်းလျက် အိပ်နေခဲ့ခြင်းဖြစ်သည်။
ထိုမှတစ်ဆင့် အရာရာအားလုံး ချိတ်ဆက်သွားလေရာ ၊ လှိုက်ခနဲဝမ်းသာသွားမှုကြောင့် အလောင်းကို တင်ထားသည့်ကျောက်ခုံရှည်ကြီးကို လက်ဖြင့် ဖြန်းခနဲမြည်အောင် ရိုက်ပစ်လိုက်၍ ၊ ပူစပ်လာသော ခံစားချက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ
“ငါသိပြီ …”
“ဘာလဲ ခေါင်းဆောင်”
“မင်းရဲ့ယန္တရားချပ်ဝတ်ကို ဒီလိုသလင်းတုံးပေါက်စလေးတွေနှင့် အားသွင်းနိုင်တယ်ဆိုရင် မက်တာမက်တီရီရယ်တွေနှင့် လုပ်ထားတဲ့ ပိရမစ်ကြီးရဲ့လိုအပ်တဲ့စွမ်းအင်ကိုလည်း … မြို့ပေါ်မှာပျံနေတဲ့ သလင်းတုံးကြီးတွေဆီက ယူလိမ့်မယ်။ ဒါဆို … သမုဒယရတီနန်းတော်မှာဖြစ်တဲ့ အမှုပါ ဆက်သွားပြီ”
ဟုဆိုရာ အလောင်း၏ အနေအထားကို ပြုပြင်ပေးနေသော ဇိုက်(ခ်)၏ လက်ချောင်းများ တန့်သွားပြီးနောက်
“ဟုတ်သားပဲ။ အော်စလန် … ဒီကောင်က သလင်းတုံးထိန်းသိမ်းရေးဌာနရဲ့ အကြီးအကဲ”
“လေဒီ ဆယ်ဖီးနီးရဲ့ အမှုကို ပြန်သွားကြည့်လိုက်။ လူသတ်သမားက ကိုးနာရီ ဆယ့်ငါးဝန်းကျင်မှာ အခန်းထဲကို ဝင်လာတယ်ဆိုတာ ငါတို့သိထားတယ်။ ဒါပေမဲ့ အော်စလန်က ညသန်းခေါင် ဆယ့်နှစ်နှင့်နှစ်နာရီကြားမှာမှ သေတယ်ဆိုတာကိုလည်း သိထားတယ်။ ဒီကြားထဲသူတို့နှစ်ယောက်ဘာလုပ်နေတာလဲ … ဒီပုံစံအတိုင်းသာဆို အော်စလန်ဆီက သလင်းတုံးအပြောင်းအရွှေ့နှင့် ထိန်းချုပ်ပုံတွေကို မေးနေခဲ့တာပဲ”
အမှုကြီးမှာ တစ်စနှင့်တစ်စချိတ်ဆက်ကာ ရုပ်လုံးကြွလာလေပြီ။ ဇိုက်(ခ်)၏မျက်နှာမှာမူ တိမ်ပုပ်တစ်ခုနှယ် မည်းမှောင်လာ၍
“( အေ ) ဆိုတဲ့ကောင်က ပိရမစ်ကိုယ်ပျောက်တာကို ဖြေရှင်းဖို့နည်းရထားပြီ။ ပိရမစ်ထဲဖောက်ဝင်ဖို့လည်း အော်ရကယ်တွေဆီက လိုအပ်တာရထားပြီးပြီ။ ကိုယ်ပျောက်တာကို ဖော်လိုက်ရင် ကျုပ်တို့နှင့်ထိပ်တိုက်တိုက်ပွဲဖြစ်မယ်။ ဒါအတွက်လည်း မြို့ထဲက လူတွေကိုပါ မီဇိုဗာကပ်ပါးကောင် ကူးခိုင်းထားပြီးပြီ … အဲသည်အထဲကျုပ်ရဲဘော်တွေတောင်ပါနိုင်တယ် … တောက် … မအေလိုး … ဒါဆိုဘာဖြစ်လို့ အခုထိငြိမ်နေသေးတာလဲ”
လီယိုနာ့ဒ်မှာမူ လက်ချောင်းများကို တဖြောက်ဖြောက်မြည်အောင် တစ်ချောင်းစီချိုးနေ၍
“မဟုတ်ဘူး … ဒီကောင် ငါတို့ကို ဝင်လုံးဖို့ အဆင်သင့်မဖြစ်သေးဘူး။ တစ်ခုကျန်ဦးမယ်”
“ဒါက ဘာသဘောလဲ”
“အခုဒီမြို့မှာ စုစုပေါင်း ပြဿနာခြောက်ခုတက်နေတယ်။ ပြန်ကောက်ရရင် သမုဒယရတီနန်းတော်ကိစ္စက … တစ်ဝက်တစ်ပျက်သိနေပြီ။ ဆေးရုံကိစ္စ ၊ လူတွေမတော်တဆ သေတဲ့ကိစ္စနှင့် အော်ရကယ်ကိစ္စက လုံးဝရှင်းသွားပြီဆိုတော့ အခုဘာကျန်သေးလဲ”
“ဆက်ဖီဘီယမ်ကျွန်စျေးကွက် ပျက်တဲ့ကိစ္စနှင့် ကလေးတွေအားလုံး စက္ကန့်ပိုင်းလောက် လေဖြတ်သွားတဲ့ကိစ္စပေါ့”
ဇိုက်(ခ်)စကားကြောင့် သူ့မျက်နှာပေါ်၌ မဲ့ပြုံးတစ်ခုပေါ်လာ၏။
“အေးအဲဒါပဲ … အဲနှစ်ခုကို လိုက်နိုင်ရင် ဒီ (အေ) ဆိုတဲ့ကောင် ဘာဖြစ်လို့ အခုထိငြိမ်နေသေးတာလဲဆိုတာ ပေါ်လာလိမ့်မယ် … ဒါပေမဲ့ ကြာကြာတော့ ငြိမ်နေမှာမဟုတ်ဘူး။ ဒါမျိုးအမှုကိုတောင် ကျူးလွန်နိုင်တဲ့ကောင်ဟာ မင်းစစ်ကူတောင်းတာကို သိကောင်းသိသွားလောက်ပြီ။ အိုက်ကရက်(စ်)စစ်ကူမလာမီ နှစ်နာရီအတွင်း ဒီမြို့တော်ထဲမှာ ပွဲတစ်ပွဲ အကြီးအကျယ်ဖြစ်သွားနိုင်တယ်။ မြို့တွင်းစစ်ဖြစ်တဲ့နီးပါး ကြမ်းနိုင်တယ်။ ဒါကြောင့် ငါတို့နောက်ဆုံးနှစ်ခုကို လိုက်ရာမှာ နှေးလို့မရဘူး။ ပြီးတော့ အမှုလိုက်နေတုန်း မင်းမြို့ကိုပါ စီမံရလိမ့်မယ်။ အခုဘာလုပ်ဖို့ စိတ်ကူးထားလဲ”
“ပထမဆုံး ကျုပ်တပ်သားထဲက ဖျားဖူးတဲ့လူတွေကို အကုန်ဖမ်းပြီး ထောင်ထဲထည့်မယ်။ ဒါပေမဲ့ ဒါက သိပ်တော့ထိရောက်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီမြို့မှာဖြစ်တဲ့ကိစ္စတွေက နတ်ယုတ်ရေ့(ဇ်) ရဲ့ကျိန်စာလို့ သတင်းလွှင့်ပြီး ဦးနှောက်အမြှေးရောင် လက္ခဏာရှိခဲ့ဖူးတဲ့သူမှန်သမျှကို အိမ်ထဲပိတ်ခိုင်းထားမယ်။
နောက်ဆုံး သလင်းတုံးထိန်းချုပ်ရေးဌာနကို အင်အားအလုံးအရင်းနှင့် တပ်စွဲပြီး ခံစစ်ပြင်မယ်။ ခံစစ်ပြင်တဲ့အထဲ စိတ်ညှို့ခံရတဲ့တပ်သားတွေလည်းပါလာနိုင်တော့ တစ်ယောက်နောက်ကျောကို နောက်ကတစ်ယောက်က ပြန်ထောက်တဲ့ပုံစံနှင့် တပ်သားတံတိုင်းဆောက်လိုက်မယ်”
သူခေါင်းညိတ်လိုက်ပါ၏။ သူ့တပည့်ဖြစ်ခဲ့သူက ဤကဲ့သို့စီမံနေသည်ကို မြင်ရသည့်အခါ ပီတိစိတ်ကလေးကလည်း ရုန်းထမိပြန်၏။
“တစ်ခု ပိုလုပ်လိုက်ဦး။ အခုမြို့ထဲက ဆက်ဖီဘီယမ်တွေကို သတ်ပွဲကျင်းပနေတာတွေအားလုံး ရပ်ခိုင်းလိုက်တော့။ မင်းက လူထုအုံကြွမှာကြောက်လို့ ခွင့်ပြုခဲ့တာမလား။ အခုအကြောင်းအရင်းသိပြီဆိုတော့ အပြစ်မဲ့တဲ့သူတွေ ထပ်မသေစေနှင့်”
“လူတွေကို ကြေညာတဲ့အခါမှာ တစ်ခါတည်းထည့်ပြောလိုက်မယ်”
ဤသို့ဆိုလျှင် ပြင်ဆင်မှုတို့မှာ တော်တော်များများပြည့်စုံလာ၍ ၊ ယခင်က ပြဿနာကြီးခြောက်မျိုးရှိသည့်အနက် ပထမတစ်မျိုးကို ကိုင်တွယ်ရာ၌ ၊ အဖြေမထွက်ဘဲ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် အမှောင်ထုအတွင်း လမ်းပျောက်နေခဲ့သည့်ဘဝမှ ယခုကဲ့သို့ တစ်ခုနှင့်တစ်ခုအချိတ်အဆက်မိမိဖြင့် တန်ပြန်ဗျူဟာပြန်ဆွဲနိုင်သည့် အဆင့်သို့ ရောက်ရှိလာသည်မှာ အားရဖွယ်ကောင်းလှပြီး ၊ ထိုစိတ်ကြောင့်ပင် စိုစိစိလေထုကြောင့် ခပ်ထိုင်းထိုင်းဖြစ်နေသော ခန္ဓာကိုယ်မှာပြန်လည် ပူနွေးကာ ပေါ့ပါးလာလေတော့သည်။ သို့သော် နဂါးတပ်သားများ မည်မျှထိ မီဇိုဗာကပ်ပါးကောင် ထိထားသနည်းမှာမူကား စိုးရိမ်ဖွယ်ရာ။ ထိုစဉ် မာတိုရိုက
“ကဲ … အခုတော့ အားလုံးသိသွားပြီဆိုတော့ အထူးပြန်ပြီးလေ့လာစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ကိုယ်ပျောက်တဲ့တန်ခိုးတော်ကို အကျဉ်းချုပ်နားလည်အောင် ဆွဲပေးထားတယ်။ ကြည့်လိုက်ကြဦး”
ဟုဆို၍ စာရွက်တစ်ရွက် ထိုးပေးလေသည်။
https://mmxianxia.com/wp-content/uploads/2026/04/IMG_5491.webp
စာရွက်အတွင်း၌ အမှုအတွက်အရေးကြီးသော အချက်အလက်အသစ် မပါတော့သော်လည်း တန်ခိုးဟူသောအရာကို ဤကဲ့သို့ခွဲခြမ်းစိတ်ဖြာသည်ကို ကြည့်ကာ သူ့စိတ်အတွင်း၌ ဖော်ပြရခက်သော ခံစားချက်များပေါ်လာရလေသည်။
ငယ်စဉ်ကတည်းက တန်ခိုးဆိုသည်ကို တန်ခိုးဟုသာ လက်ခံလျက် မည်သည့်မေးခွန်းမျှ ပြန်မထုတ်ခဲ့ဖူးလင့်ကစား ၊ တန်ခိုးဟူသည် သူတို့လူသားအသိဖြင့် လိုက်မမီသောအရာတစ်ခုဟုသာ ယူဆထားခဲ့ပေသော်ငြား ၊ ယခုအခါတန်ခိုးဆိုသည်ကား နားလည်ရန်ခက်သော နည်းပညာများအဖြစ် စတင်လက်ခံလာလေပြီ။
“ရမထာသိင်္ဂီ နတ်ဘုရားမရဲ့ ဘုန်းတော် ၊ တန်ခိုးတော်ဆိုတဲ့ စကားက မှားတော့မမှားပါဘူ ။ ဒါပေမဲ့ ဒီတန်ခိုးဆိုတဲ့အသုံးအနှုန်းနှင့် … အလုပ်တစ်ခုပြီးမြောက်အောင် ဘာမျှဆက်လုပ်လို့ မရတာကလည်း အမှန်ပဲဗျ”
ဟုဆိုသရော် ယင်းပိုးကောင်၏ စကားကြောင့် ဇိုက်(ခ်)၏မျက်နှာမှာ ရှုံ့သွားသော်လည်း ခွန်းတုံ့မပြန်ဘဲ သူတို့သုံးယောက်လုံး မြေညီထပ်သို့ပြန်တက်လာကြလေသည်။ ယင်းနောက် မျှော်စင်နက်ကြီး၏ အပေါက်ဝသို့ ရောက်သောအခါ လူသားမိန်းကလေးတစ်ဦးမှာ အငွေ့တထောင်းထောင်းထနေသော ခြင်းကြီးကို လက်နှစ်ဖက်လုံးဖြင့် ပိုက်ကာရပ်နေလျက် သူတို့ကိုပြုံးပြနေသည်ကို တွေ့လေသောကြောင့် လီယိုနာ့ဒ်မှာလည်း သူ(မ)ကို ပြန်ပြုံးပြလိုက်လေသည် ။
အကြင်မိန်းကလေးမှာ အပျိုပေါက်အရွယ်လေးသာ ရှိဦးမည်။ ခေါင်းတုံးပြောင်နေအောင်တုံးထား၍ ၊ ခေါင်းပေါ်၌လည်း နတ်ဘုရားဘာသာအက္ခရာများကို ဆေးမင်ကြောင်ထိုးထားသည့်ပြင် ၊ ခြေသလုံးအလယ်ထိရှည်သော မီးခိုးရောင်ချည်သားခြုံထည် ကြမ်းကြမ်းကိုလည်း ဝတ်ဆင်ထားလေ၏။ သို့ပါလျက်နှင့် ဖိနပ်ကားမပါ။ သူ(မ)မှာခြေတုံးလုံးသာ။
https://mmxianxia.com/wp-content/uploads/2026/04/EB671A9D-6671-45C8-8FF8-85538E6F6A1A.webp
ထိုအခိုက်၌ ၎င်းလေးသည် ပုလဲတန်းလေးများ သီထားသည့်အလား ညီညာဖြူဖွေးနေသော သွားတန်းလေးများကို ပေါ်အောင်ပြုံးလျက် သူတို့နားသို့ ချဉ်းကပ်လာလေရာ ၊ သူ(မ)၏ လက်နှစ်ဖက်ဖြင့်ပိုက်ထားသော ခြင်းကြီးအတွင်းက ဆော်လ်နမ်ဥကို မီးဖုတ်သည့် အနံ့မွှေးမွှေးလေးကလည်း နှာတစ်လျှောက်သို့ လျှောခနဲ ၊ မြိုက်ခနဲဝင်သွားသောကြောင့် သူ့ဗိုက်မှာလည်း ဂွီးခနဲမြည်သွား၍ ပါးစပ်တွင်းဝယ် သွားရည်များနှင့် ပြည့်တက်လာပြီး ၊ သစ်ဥသစ်ဖုများကို မီးဖုတ်ရာမှထွက်သည့် အငွေ့များမှာ သူ့မျက်နှာကို လာဟပ်နေသည့်အားလျော်စွာ နဖူးနှင့် ပါးက တင်းမာနေသော အကြောများပါ စတင်လျော့ပါးလာရလေသည် ။ အပူငွေ့ဖြင့် မျက်နှာအား နှိပ်ပေးလိုက်သဖွယ် ။ ထိုကြိုက် အကြင်မိန်းကလေးက သူ့ကိုကြည့်နေလျက်
“အလို … ဒါဘယ်သူလဲ … ခေါင်းဆောင်လီယိုနာ့ဒ်ကြီး … ဟုတ်တယ်ဟုတ် … ခစ်ခစ်”
ဟုဆိုလျှင် သူ့မျက်ခုံးမှာ မဆိုစလောက်လေး ပင့်သွားမိသည်။ အမှန်တိုင်းဆိုရလျှင် သူသည်သူ(မ)ကို လုံးဝမသိချေ။ သို့သော်လည်း တစ်ဘက်ကသိနေပြီး သူ့ဘက်ကမသိသည်မှာ ရိုင်းပြရာကျသဖြင့် သူ(မ)ကိုအကဲတစ်ချက်ခတ်၍ သူသိထားသော အချက်အလက်များနှင့်ပေါင်းစည်းကာ ပြန်လည်နှုတ်ဆက်လိုက်လေသည်။
“တွေ့ရတာဝမ်းသာပါတယ် … အော်ရကယ်ချုပ်”
“ဝါး … ခန့်မှန်းတာပိုင်သားပဲ … နာမည်လည်းမှတ်ထားဦး … ငါ့နာမည် ဆိုရင်း(န်) ( Sorine ) လို့ခေါ်တယ်”
“ကံကောင်းသွားတာပါ။ ဒါပေမဲ့ ဒီလောက်ငယ်နေမယ်လို့တော့ ထင်မထားမိဘူး”
ထိုအခါ ဆိုရင်း(န်)က သူ(မ)၏ ပန်းသွေးရောင်သန်းနေသည့် နှုတ်ခမ်းပါးလေးကို တွန့်၍
“လီယိုနာ့ဒ်ကြီးလည်း ငါထင်ထားတဲ့အတိုင်း မဟုတ်ပါဘူးနော် … ဇိုက်(ခ်)ကြီးပြောပြောနေတဲ့ လီယိုနာ့ဒ်ရဲ့မျက်လုံးက မိ(ဇ်) ( Miz ) က ရေခဲချွန်တွေလို အေးစက်နေပြီး ဘေးမှာလူသတ်ရိပ် ကိုယ်ရောင်ကိုယ်ဝါတွေ ထနေတာတဲ့ … အခုတော့ …”
ဟုဆိုပြီးနောက် သူ(မ)သည် သူ့အနားသို့ တိုးကပ်လာ၍ ခြေဖျားထောက်ကာ သူနှင့်မျက်လုံးချင်းဆိုင် ကြည့်လေသည်။
“အခုတော့ ဘာမျှမတွေ့ရဘူး။ မာန်တွေကျသွားတာလား … အစကတည်းက မရှိတာလား … ခစ်ခစ်”
ပြောပြောဆိုဆို ခြင်းကြီးထဲက မီးဖုတ်ထားသည့် ဆော်လ်နမ်ဥကြီး တစ်ဥကို ကမ်းပေးနေသည့်အတွက် သူလည်းတစ်ချက်သာရယ်ကာ အကြင်ဥကို လှမ်းယူလိုက်လေလျှင် ၊ သူ့လက်ဖဝါးတစ်ပြင်လုံး စိုအိကာ နွေးတက်သွားရလေ၏။ ထိုအခိုက် ဇိုက်(ခ်)က ဆိုရင်း(န်)ကို ဦးညွတ်အရိုအသေပေးလျက်
“အော်ရကယ်ချုပ် အန္တရာယ်များပါတယ်။ မျှော်စင်အပြင်ကို မထွက်သင့်ပါဘူး”
ဟုဆိုသရော် သူ(မ)က နှာခေါင်းလုံးလုံးလေးကို ရှုံ့ပြလေသည်။
“အစက စစ်တပ်အပြင်မထွက်နှင့် ၊ အခုတော့ မျှော်စင်အပြင်ပါထွက်မရတော့ဘူး။ နင်ကနတ်ဘုရား အက်(စ်)မန်းဒက်(စ်)ရဲ့ အနီးကပ်စောင့်ရှောက်မှုအောက်မှာ … ငါကလည်းနတ်ဘုရားမ မေဟန်ဟီရစုရဲ့ အနီးကပ်စောင့်ရှောက်မှု အောက်မှာရှိနေတာ … ဘာတွေရှာကြံကြောက်နေပြန်ပြီလဲ”
ပြောနေလျက်ဆိုနေလျက်ပင် ဆိုရင်း(န်)က ဇိုက်(ခ်)ကို ဆော်လ်နမ်ဥတစ်ဥ လှမ်းပေးသည့်အခါ ၊ ချင်းကငြင်းလေသဖြင့် သူ(မ)မှာ ကျောက်သားကြမ်းပြင်ကို ခြေတုံးလုံးနှင့် ဖြန်းခနဲမြည်အောင်ဆောင့်ချလိုက်လေသည်။
“နင်ကလေ … တအားကို ပျင်းစရာကောင်းတဲ့ဟာကြီး”
ဟု ဆိုလတ်သော် သူ့စိတ်တွင်းပြုံးမိသကဲ့သို့ သူ(မ)ပေးသောအရာကို သူကယူပြီး ၊ ဇိုက်(ခ်)ကမယူရကား ဆော်လ်နမ်ကို ကိုင်ထားသောလက်ပင် တွန့်ချင်သွားလေသည်။ နတ်နဂါးတပ်တွင် အော်ရကယ်များမှာ နဂါးသူရဲကောင်းများထက် ရာထူးကြီးသည့်အလျောက် သူ(မ)ကို ရိုရိုကျိုးကျိုး ဆက်ဆံသင့်သော်လည်း ၊ သူသည် နဂါးသူရဲကောင်း မဟုတ်တော့သည့်အတွက် ကိစ္စမရှိဟု တွေးထားလေသည်။
ထိုစဉ် ဆိုရင်း(န်)မှာ သူ့ဘက်ပြန်လှည့်၍ ဒုတိယမ္ပိ ပြုံးချီးလာပြန်၏။
https://mmxianxia.com/wp-content/uploads/2026/04/IMG_2684.webp
၎င်းနောက် လက်ဖဝါးလေးကို ခါယမ်းပြကာ
“ကဲ … သွားပြီလီယိုနာ့ဒ်ကြီး … ကံမကုန်သေးရင် ပြန်ဆုံကြမယ်”
ဟုဆို၍ ကျောက်သားကြောင်လိမ်လှေကားကြီးပေါ်သို့ တက်သွားလေလျှင် ၊ ထိုကဲ့သို့သောအမူအရာများကြောင့် အဆောင်အယောင်များသာမရှိပါက ညီမငယ်လေးတစ်ယောက်ထက် ပိုမြင်မိလောက်မည်မဟုတ်ချေ။
“ဒါမင်းတို့ရဲ့ မာစတာကီးပေါ့”
“ဆရာမကြီးဗျ … ပိရမစ်တစ်ခုလုံးကို တံခါးမရှိ ဓားမရှိသွားနိုင်တာ သူတစ်ယောက်ပဲရှိတယ်။ ပြီးတော့ တခြားယန္တရားတွေ အားလုံးနီးပါးကိုလည်း အမိန့်ပေးနိုင်သေးတယ်”
ဤကဲ့သို့ဆိုပြီးနောက် ဇိုက်(ခ်)သည် မာတိုရိုဘက်လှည့်လာ၍
“ငါနှင့်အော်ရကယ်ချုပ် နှစ်ယောက်လုံးက နတ်ဘုရားနှစ်ပါးရဲ့ အနီးကပ်စောင့်မမှုအောက်မှာ ရှိနေတာ။ နတ်ဘုရားနှင့် နတ်ဘုရားမက ငါတို့နှစ်ယောက်လုံးကို သူ့တို့တန်ခိုးနှင့် ကာကွယ်ပေးထားတယ်။ ဒါကြောင့် နတ်နဂါးတပ်ထဲမှာ မန်းဒရိတ်(ခ်)တွေ ၊ ဝိုက်ဗန်အမ်းတွေ ၊ တခြားနဂါးသူရဲကောင်းတွေ ကျိန်စာမိခဲ့ရင်တောင် ငါမမိဘူး။ အော်ရကယ်ချုပ်မမိဘူး။ ကဲ လုပ်စမ်းပါဦး … ဒီတန်ခိုးအကြောင်းကိုကော မင်းရှင်းပြနိုင်လား”
ဟုမေးရကား အနှီဝါယောနကလည်း မှတ်စုစာအုပ်ကြီးကို ထုတ်ဖတ်လေပြီးနောက် ၊ တခဏမျှကြာသောအခါ၌ ခေါင်းခါယမ်းလေသည်။
“မသိပါဘူး တပ်မှူး”
ထိုအခါ ဇိုက်(ခ်)မျက်နှာဝယ် ခနဲ့ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
“အေး … အဲဒါကိုပြောတာ … မင်းက နတ်ဘုရားမရဲ့ တန်ခိုးတချို့အကြောင်းကို ခိုးပြီး စာအုပ်လေးပေါ်ရေးမှတ်ထား။ ပြီးတော့ တစ်ခုနှစ်ခုလောက်လေးကို ရှင်းပြနိုင်တိုင်း ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေပုံပဲ။ နတ်ဘုရားတွေရဲ့ တန်ခိုးတော်က အနှိုင်းမဲ့ကွ … မတူလျှင်မတုနှင့်”
ဟုဆိုလေသဖြင့် မာတိုရိုမှာ စာအုပ်ကြီးကိုစက္ကန့်ပိုင်းမျှ စိုက်ကြည့်နေပြီးနောက် ခေါင်းငိုက်စိုက်ကျ သွားလတ်သော် ၊ ဇိုက်(ခ်)မှာ အောင်နိုင်သူတစ်ယောက်၏ မျက်နှာထားဖြင့် ရှေ့ဆုံးကဦးဆောင်လျက်ထွက်သွားသည်တွင် ၊ လီယိုနာ့ဒ်မှာလည်း အကြင်ပိုးကောင်ကို တစ်ချက်မျှသာ စောင်းကြည့်၍ ဇိုက်(ခ်)၏နောက်သို့ လိုက်သွားလေတော့သည်။ ယခုအခါ သူတို့ဦးတည်နေသည့်နေရာမှာကား ဆက်ဖီဘီယမ် ကျွန်ရောင်းဝယ်ရေး စျေးကြီးဆီသို့။ ။
***************