အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
51
ချင်ရန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှေ့ကလူမှာ သာမန်လူတစ်ယောက်မဟုတ်ကြောင်း သိလိုက်သည်။ ထို့အပြင် ထိုလူမှာလည်း ပြုံးရွှင်သောမျက်နှာဖြင့် စိုးရိမ်ခြင်းမရှိပဲ တည်ငြိမ်စွာ လျှောက်လာခြင်းမှာ ပုံမှန်လူတစ်ယောက်၏ တုံ့ပြန်မှုမျိုး လုံးဝမဟုတ်ပေ။
သာမန်လူတစ်ယောက်က ညဘက်ကြီး ရဲတွေ အိမ်ရှေ့ရောက်လာတာကို အေးအေးဆေးဆေး ပြုံးပြနိုင်ပါ့မလား။
သံသယဝင်စရာကောင်းလွန်လှသည်။ ခြံတံခါး၏ အနောက်မှ အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသား၏မျက်လုံးထဲ၌ အေးစက်နေကာ လူသက်လိုသည့် အရိပ်ယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ထိုလူသည် ပြုံးလျက်ပင် ပြောလိုက်၏။
"ကောင်းပါပြီ ခင်ဗျားတို့ကမှ ကျွန်တော့်ကို မသင်္ကာလို့ စစ်ချင်တယ်ဆိုရင်လည်း ကျွန်တော်ဘာတတ်နိုင်မှာလဲ၊ တံခါးဖွင့်ပေးရမှာပေါ့”
ထိုသို့ ပြောပြီးနောက် သံတံခါးအား ဆွဲဖွင့်ပေးလိုက်သည်။
သံတံခါးပွင့်သွားသည်နှင့် ယန်ရှုနှင့် ချင်ရန်တို့ရှေ့ရှိ ဗီလာသို့သွားရာလမ်းမှာ ပွင့်သွားတော့သည်။
ယန်ရှု ချင်ရန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုများ အထင်အရှား ပေါ်လွင်နေသည်။ ယခုအခြေအနေမှာ တစ်ခုခုလွဲမှားနေပြီး ပုံမှန်မဟုတ်ကြောင်း ယန်ရှုရိပ်မိလိုက်သည်။
ယန်ရှုသည် ချင်းရန်အား တိုးတိုးလေး ကပ်ပြောလိုက်သည်။
"လူထပ်ခေါ်လိုက်ရမလား”
ချင်ရန်သည် ယန်ရှုအား တစ်ချက်ကြည့်လိုက်သည်။ အမှန်တကယ်တော့ ဗီလာအတွင်းရှိ အခြေအနေအား မည်သို့မျှ တပ်အပ်မပြောနိုင်ပေ။
ထိုလူမှာလည်း သူ၏ အဆင့်အတန်းကို အသုံးချကာ ရဲရဲတင်းတင်းပင် သူတို့ကို အထဲဝင်ခွင့်ပေးခဲ့သည်။ ဤဗီလာထဲတွင် လူဘယ်နှယောက်များ ပုန်းနေကြသနည်း။
မိမိနှင့်မတူဘဲ ယန်ရှုမှာ သာမန်လူတစ်ယောက်သာ ဖြစ်သောကြောင့် ဤစစ်ဆင်ရေးတွင် သူ၏အသက်သာ ဆုံးရှုံးသွားပါက တကယ့်ကို စိတ်မကောင်းစရာ ဖြစ်သွားလိမ့်မည်။ ချင်ယန်ကမူ မိမိ၏ ထူးခြားသော အစွမ်းအစအား ယုံကြည်သောကြောင့် အန္တရာယ်ကြားသို့ တိုးဝင်ဝံ့ခြင်းဖြစ်သည်။
"ဒါနဲ့. ငါကြည့်ရသလောက်တော့ သိပ်ပြီးလည်း အရေးမကြီးပါဘူး"
ချင်ရန်သည် ရယ်မောကာဖြင့် ပြောလိုက်သည်။
"ယန်ရှု တော်တော်လေး နောက်ကျနေပြီ၊ မင်း အပြင်မှာပဲ စောင့်နေလိုက်တော့၊ ငါက ပုံမှန်စစ်ဆေးရုံပဲလုပ်မှာဆိုတော့ နှစ်ယောက်လုံးဝင်ပြီး စစ်ဆေးနေဖို့မလိုပါဘူး”
ယန်ရှု မျက်နှာပျက်သွားသည်။ ချင်ရန်သည် သူ့လုံခြုံရေးအတွက် ပြောသည်ကို နားလည်လိုက်၏။ သို့ပေမယ့် ချင်ရန်အား တစ်ယောက်တည်း အထဲလွှတ်လိုက်ရမည်မှာလည်း အလွန်အန္တရာယ်များလှသည်။
ထိုအချိန် ချင်ရန်သည် ယန်ရှု၏နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
"မင်း ကားပေါ်ရောက်တာနဲ့ ပတ်ဝန်းကျင်ကို အသေအချာ အာရုံစိုက်ပြီး သတိထားကြည့်လိုက်၊ အခြေအနေက ထူးခြားမလာဘူးဆိုရင် ချက်ချင်းမောင်းပြေးတော့၊ ငါ့အတွက်စိတ်မပူနဲ့”
ယန်ရှု၏မျက်လုံးများ မှေးကျဉ်းသွားသည်။ ယခုအချိန်သည် ညဘက်အချိန်ဖြစ်ပြီး ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေကာ လူတစ်ဦးမှ ရှိပုံမရပေ။
ဗီလာအတွင်း၌လည်း အမှောင်အတိကျနေသည်။ ထိုဗီလာအထဲတွင် မည်သည့်အန္တရာယ်များ ပုန်းအောင်းနေမည်ကို မည်သူမှမခန့်မှန်းနိုင်ပေ။
သူ့ရှေ့တွင် ရပ်နေသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားမှာလည်း လူကောင်းတစ်ယောက်နှင့် လုံးဝမတူပေ။
ချင်ရန် တစ်ယောက်တည်း ဝင်သွားခြင်းမှာ အလွန်အန္တရာယ်များလှသည်။ ယန်ရှု တစ်ခုခု ပြန်ပြောရန်ပြင်လိုက်စဉ် ချင်ရန်က အကြည့်ဖြင့် တားဆီးလိုက်သည်။
"ကဲ မင်း ကားထဲမှာသွားစောင့်နေဦး၊ အားလုံးကို ငါပဲကိုင်တွယ်လိုက်ပါ့မယ်”
ချင်ရန်၏ အကြည့်သည် ပြတ်သားလွန်းလှသဖြင့် ယန်ရှုလည်း နောက်ဆုံးတွင် သက်ပျင်းချကာ ခေါင်းညိတ်သဘောတူလိုက်ရတော့သည်။
“ကောင်းပြီ ဒါဆို မြန်မြန်စစ်၊ ငါတို့ ညစာတောင်မစားရသေးဘူး၊ မင်း စစ်ဆေးပြီးရင် ဆိုင်တစ်ခုခုမှာ ထမင်းစားကြတာပေါ့”
"အေးပါ"
ချင်ရန် ပြုံးပြလိုက်၏။
ယန်ရှုသည် ရဲကားဆီသို့ ပြန်လျှောက်သွားလိုက်သည်။ ချင်ရန်သည် သူ့ရှေ့ကလူအား လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။
"လူကြီးမင်းလင်း ကျွန်တော့်ကို အထဲခေါ်သွားပြီး ပြပေးပါဦး။ သူခိုးရှိ မရှိကို ကျွန်တော် သေချာစစ်ဆေးပေးပါ့မယ်"
"ရပါတယ်"
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသား၏ မျက်လုံးများ ဝင်းလက်သွားသည်။
ချင်ရန်သည် ဗီလာထဲသို့ တစ်လှမ်းချင်းဝင်သွားပြီးနောက် ထိုသူသည် သံတံခါးအား ပိတ်ချလိုက်ပြီး အပြင်ဘက်သို့ အဓိပ္ပာယ်ပါပါဖြင့်လှမ်းကြည့်လိုက်သည်။ ချင်ရန်ကမူ မည်သည့်အရာကိုမှ မမြင်သကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေခဲ့၏။
"သွားကြစို့ အရာရှိကြီး”
ထိုသူ၏ လေသံမှာ ပြောင်းလဲသွားပြီး အောင်နိုင်သူတစ်ဦးကဲ့သို့ မခန့်လေးစား ဖြစ်လာသည်။
ချင်ရန်လည်း စိတ်ထဲမှ ရယ်နေမိသည်။ ဤလူသည် မိမိအိမ်ထဲသို့ ဝံပုလွေတစ်ကောင်ကို ဆွဲသွင်းမိပြီဆိုသည်ကို သိပုံမရပေ။ သူသည် ချင်ရန်၏ ထူးခြားသောစွမ်းအားကို လုံးဝရိပ်မိခြင်းမရှိပဲ သာမန်လူတစ်ယောက်ဟုသာ ထင်မြင်နေသည်။
ချင်ရန်နှင့် ထိုသူသည် ဗီလာ၏တံခါးဝသို့ တိတ်တဆိတ် လျှောက်သွားကြပြီး တံခါးပွင့်သွားသည်နှင့် နှစ်ဦးသား ယှဉ်လျက်အထဲသို့ ဝင်သွားကြလေ၏။
ကလစ်…၊
တံခါးချပ်ကြီးသည် အလိုအလျောက်ပြန်ပိတ်သွားသည်။ ဤဗီလာမှာ အလွန်ကြီးမားပြီး ဧည့်ခန်းမှာလည်း ကျယ်ဝန်းကာ အမိုးမှာ ၆ မီတာ၊ ၇ မီတာခန့် မြင့်မားလှသည်။
"ဒီဗီလာက တကယ်ခမ်းနားတာပဲ”
ချင်ရန်သည် အခြေနေအား အကဲခတ်ရင်း ဗီလာကို ချီးမွှန်းရေရွတ်လိုက်သည်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားက ဘာမှပြန်မပြောဘဲ ဖုန်းတစ်လုံးကို ထုတ်လိုက်ကာ တစ်ဦးဦးဆီ ဆက်သွယ်လိုက်၏။
တီ.….၊
"အပြင်ကရဲအရာရှိ ဘာလုပ်နေလဲ”
သူက ပျင်းရိပျင်းတွဲ မေးလိုက်ရာ ဖုန်းအခြားတစ်ဖက်မှ အသံပိုင်ရှင်က အထင်သေးသည့် လေသံဖြင့် ပြန်ပြီးသတင်းပို့လာခဲ့၏။
"အဲဒီရဲအရာရှိက ကျွန်တော်တို့ လာတာကို မြင်တာနဲ့ လစ်ပြေးသွားပြီဗျ၊ တောက်စ်... ဒီလောက် သူရဲဘောကြောင်တာတောင် ဘယ်လိုလုပ် ရဲဖြစ်လာလဲတောင် မသိဘူး"
ထို့နောက် အရေးကြီးသည့်အချက်အား ဆက်ပြောလာ၏။
"အစ်ကိုယု ဒါကို အမြန်ဆုံးဖြေရှင်းဖို့ကြိုးစားပါ၊ ထွက်ပြေးသွားတဲ့ရဲက လူသွားခေါ်ပုံရတယ်၊ ကျွန်တော်စစ်ကြည့်ပြီးပြီ အနီးဆုံးရဲစခန်းက ဒီကနေ ကားမောင်းရင် နှစ်နာရီလောက် ကြာလိမ့်မယ်ဗျ"
ထိုစကားကို ကြားသောအခါ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ရှောင်ယုက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ ငါသိပြီ၊ မင်းတို့ထဲက တစ်ယောက် အပြင်မှာ ဆက်ပြီး ကင်းစောင့်နေ၊ ကျန်တဲ့သူတွေ အထဲဝင်ခဲ့ကြ၊ ပုဆိန်ကိုပါယူခဲ့ဖို့မမေ့နဲ့”
"ဟုတ်ကဲ့”
ဖုန်းချလိုက်ပြီးနောက် ချင်ရန်၏အမူအရာမှာ စိုးရိမ်မှုကင်းပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ရှိနေဆဲပင်။ ဤအချိန်တွင် ရှောင်ယုသည် လှည့်ကြည့်လာပြီး မျက်မှောင်ကြုတ်လိုက်ကာ သူ့အားမေးလေသည်။
"မင်း နဲနဲလေးတောင် မကြောက်ဘူးလား”
ဖက်…၊ဖက်…၊ဖက်…..၊
ရှောင်ယု စကားဆုံသွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသား သုံးယောက်သည် လမ်းကြောင်း သုံးခုမှ လျှောက်လာကြ၏။
သူတို့၏ လက်ထဲတွင် သံပိုက်အပါးလေးများကို ကိုင်ထားကြပြီး လက်ဝါးနှင့် ရိုက်ပုတ်ကာ အသံပေးနေကြတော့သည်။
ချင်ရန်သည် ဘေးပတ်ပတ်လည်အား ကြည့်လိုက်ပြီး ထွက်လာသူမှာ သုံးဦးတည်း ဖြစ်နေသဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်းတို့... မင်းအပါအဝင် လေးယောက်တည်းလား"
ချင်ရန်၏ မေးခွန်းကြောင့် ကျန်လေးယောက်လုံး ကြောင်အသွားကြလေ၏။ တစ်ယောက်တည်း ဝင်လာပြီး လူလေးယောက်အား ရင်ဆိုင်ရပါက အကြောက်တရား သို့မဟုတ် ထိတ်လန့်တုန်လှုပ်နေရမည် မဟုတ်လော။
သို့သော် ချင်ရန်၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုတို့ တစ်စွန်းတစ်စမှ မရှိပဲ အေးဆေးတည်ငြိမ်လွန်းနေသည်မှာ တကယ်ကို ထူးဆန်းလွန်းသည်။
"အစ်ကိုယု ဒီကောင်ရူးသွားတာလား"
တစ်ယောက်က မယုံနိုင်သလို ပြောလိုက်သည်။
"တောက်စ်၊ ငါကတော့ ဒီလို ဟန်ဆောင်ကောင်းတဲ့သူတွေကို အမုန်းဆုံးပဲ၊ အခြေအနေကို မသိပဲ ဒီကောင်က အခုထိ မင်းသားလုပ်ချင်နေတုန်းလား၊ ခဏနေရင် ငါကိုယ်တိုင် သူ့ကို အပိုင်းပိုင်း ခုတ်ပစ်မယ်”
နောက်ထပ် ထွားကြိုင်းသော လူတစ်ယောက်က လက်ထဲမှသံချောင်းကို လက်ဝါးနှင့် ရိုက်ရင်း ရက်စက်စွာ ပြောလိုက်သည်။
အစ်ကိုယုက နှာမှုတ်လိုက်၏။
"နေဦး အခုချက်ချင်းကြီး မလုပ်ကြနဲ့ဦး”
“ဟိုရဲအရာရှိ ငါ မင်းနဲ့ စကားအရှည်ကြီး မပြောချင်ဘူး၊ မင်းဆီမှာ သော့တွေပါလား၊ အဲဒါပဲပြောစမ်း”
ထိုအခါမှ ချင်ရန်သည် မဒမ်မာ ပေးလိုက်သော သော့မှာ အလွန်အရေးကြီးကြောင်း ပိုမိုရိပ်မိသွားသည်။
"သော့ဘယ်မှာလဲဆိုတာ ငါပြောပြနိုင်ပါတယ်၊ ဒါပေမဲ့ လင်းပင် အခုဘယ်မှာလဲ၊ ငါ သူ့ကိုအရင်တွေ့ချင်တယ်”
ချင်ရန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"မင်းက သေခါနီးနေတာတောင် ငါတို့နဲ့ ဈေးဆစ်ချင်သေးတာလား"
သံချောင်းကို ကိုင်ထားသည့် လူက ဒေါသတကြီး ကြိမ်းဝါးလိုက်၏။
အစ်ကိုယုက လက်ကာပြကာ တားလိုက်လေသည်။
"ကောင်းပြီလေ သူ့ကို အပေါ်ထပ်ခေါ်သွားပြီး လင်းပင်နဲ့ အရင်တွေ့ခိုင်းလိုက်မယ်"
မည်သို့ပင်ဖြစ်စေ ယခုနေရာမှာ ပထမထပ်၏ ဧည့်ခန်းနေရာဖြစ်သဖြင့် နေရာက အရမ်းပွင့်လင်းလွန်းလှသည်။ တိုက်ခိုက်မှု ဖြစ်ပွားလာပါက အပြင်လူမြင်သွားနိုင့်သည့် နေရာဖြစ်သဖြင့် အဆင်မပြေပေ။
ထို့အပြင် လင်းပင်၏ သနားစရာကောင်းလောက်အောင် နှိပ်စက်ခံထားရသော အခြေအနေကို မြင်လျှင် ချင်ရန်လည်း ကြောက်လန့်ကာ အကုန်ဖွင့်ပြောလာလိမ့်မည်ဟု ရှောင်ယုက တွေးနေခြင်းဖြစ်သည်။
အဓိကအရေးကြီးဆုံးမှာ သော့ရရှိရန်ဖြစ်ပြီး မဟုတ်လျှင် သေတ္တာကို အတင်းမရမက ရိုက်ခွဲရသည်မှာ အလွန်ပင်ပန်းပေလိမ့်မည်။
ထို့နောက် လူလေးယောက်၏ ဝန်းရံထားမှုဖြင့် ချင်ရန်သည် ဒုတိယထပ်သို့ ရောက်ရှိလာခဲ့သည်။ လှေကားထိတ်သို့ ရောက်ရှိသည်နှင့် ဒုတိယထပ်ရှိ တုန်လှုပ်ဖွယ် မြင်ကွင်းမှာ ချင်ယန်၏ မျက်စိရှေ့၌ ပေါ်လာတော့သည်။
တစ်ကိုယ်လုံး သွေးချင်းချင်းနီပြီး ဒဏ်ရာများစွာဖြင့် အသက်ငင်နေသော လူတစ်ယောက်မှာ ကုလားထိုင်တွင် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရ၏။
"အဲဒါ လင်းပင်ပဲ”
ချင်ရန်သည် ခေါင်းညိတ်ကာ ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ လင်းပင် အသက်ရှိသေးသဖြင့် ကယ်တင်နိုင်သေးပုံရ၏။ သို့သော် ယခုလိုနှိပ်စက်ခံထားရသည်ကို မြင်လိုက်ရသောအခါ ချင်ရန်၏ မျက်လုံးများသည် ရုတ်ချည်းပင် အေးစက်ခက်ထန်သွားသည်။
ဤလူများသည် သာမန်လူမိုက်များမဟုတ်ကြပေ။ ညဘက်ကြီးအင်အားသုံးကာ နှိပ်စက်နေခြင်းမှာ သော့ကို ရလိုခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ ထိုသော့၏နောက်ကွယ်တွင် လုံးဝ ထုတ်မပြောနိုင်သော လျှို့ဝှက်ချက်တစ်ခု ကိန်းအောင်းနေမည်မှာ အသေအချာပင်။
"မြင်ပြီလား၊ ကဲ… သော့ဘယ်မှာလဲဆိုတာ အမှန်အတိုင်းပြောစမ်း၊ ငါတို့အချိန်မဖြုန်းချင်ဘူး"
ရှောင်ယုက တည်ငြိမ်စွာ မေးလိုက်၏။
အခြားတစ်ဖက်တွင်မူ လင်းပင်သည် အသံကြားသဖြင့် အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်ရာ ယူနီဖောင်းဝတ်ထားသော ချင်ယန်ကို တွေ့လိုက်ရသည်။ သို့သော် ချင်ရန်မှာ တစ်ယောက်တည်းဖြစ်နေပြီး အခြားလူလေးယောက်မှာ သံချောင်းများကို ကိုင်ကာ သူ့ကို ရက်စက်စွာစိုက်ကြည့်ပြီး ဝန်းရံပိတ်ဆို့ထားကြသည်။
လင်းပင်၏ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ရုတ်တရက် တိုးဝင်လာတော့သည်။
‘ ဘာဖြစ်လို့ တစ်ယောက်တည်းရောက်လာတာလဲ၊ တစ်ယောက်တည်းလာရုံနဲ့ ဘာထူးမှာလဲ’
ထိုအချိန်တွင် ချင်ရန်က သော့တစ်ချောင်းကို ထုတ်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းတို့ ဒီသော့လိုချင်ကြတာလား၊ ငါ့ဆီမှာ ငါ့အိမ်သော့တစ်ချောင်းရှိတယ်၊ မင်းတို့ ယူမလား”
"ဟင်”
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ယု၏မျက်နှာမှာ ချက်ချင်းပင် ဒေါသကြောင့်နီရဲသွားသည်။ သူတို့ရှေ့က ရဲစုတ်က သူတို့ကို မျောက်တစ်ကောင်ပမာ ဆော့ကစားနေခြင်းပင် မဟုတ်လော။
"ဒီဦးနှောက်မရှိတဲ့ရဲစုတ်က ငါတို့ကို လာနောက်နေတာပဲ၊ ဒီနေ့တော့ သူ့ကို အသေသတ်မှဖြစ်တော့မယ်”
သံချောင်းကို ကိုင်ထားသော ထွားကြိုင်းသည့်လူမှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားဝော့ာသည်။
အခြားတစ်ဖက်တွင်မူ လင်းပင်မှာ ကြောက်စိတ်ကြောင့် ကျောချမ်းသွားရ၏။
ဤရဲစုတ်မှာ တစ်ယောက်တည်း လာရဲရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ပြဿနာရှိပုံရသည် ။ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူကို ရန်စလိုက်ခြင်းက ဘာကောင်းကျိုးမှ ရလာနိုင်မည် မဟုတ်ပေ။
ဝှီးးးး၊
ထိုအချိန်မှာပင် ထွားကြိုင်းသောလူက သံချောင်းကို ဝှေ့ယမ်းကာ ချင်ရန်၏နဂါးခေါင်းနေရာသို့ အဓိကပစ်မှတ်ထား ရိုက်ချလိုက်တော့သည်။ အကယ်၍သာ ထိုရိုက်ချက်ထိမှန်သွားပါက ချင်ရန်သည် အနာဂတ်တွင်သားသမီး ထွန်းကားတော့မည် မဟုတ်ပေ။
52
*ဖတ်*
အရှိန်အဟုန်ပြင်းစွာ ဝှေ့ယမ်းလာသော သံချောင်းသည် ချင်ရန်၏ ညီလေးအရှေ့ ငါးစင်တီမီတာခန့်တွင်ရပ်တန့်သွားသည်။ ချင်းရန်က ညာဘက်လက်ဝါးဖြင့် ထိုသံချောင်းအား တင်းကျပ်စွာ ဖမ်းဆုတ်ထားခြင်းပင်။
"တကယ်ကို ရက်စက်တာပဲ"
ချင်ရန်သည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“တကယ်လို့သာ ဒီနေရာကိုသာထိသွားရင် အနာဂတ်မှာ ငါ သားသမီးထွန်းကားတော့မှာ မဟုတ်ဘူး”
"ဟင်”
ထွားကြိုင်းသောလူမှာ ခဏမျှ ကြောင်အသွားသည်။ သူသည် ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ထားသူဖြစ်၍ သူ၏ ဝှေ့ယမ်းချက်မှာ အလွန်ကို အားပြင်းလှသည်။ သို့သော် ယခုအခါ သူ့အရှေ့က ရဲစုတ်မှာ လက်တစ်ဖက်တည်းဖြင့် ထိုသံချောင်းကို ဖမ်းဆီးနိုင်ခဲ့သည်။
‘ဒီကောင်က ငါ့ထက်တောင် ပိုသန်မာနေတာလား’
ထိုအချိန်တွင် အဆိုပါ မြင်းကွင်းကြောင့် ထွားကြိုင်းသောလူတင်မကဘဲ ဘေးတွင်ရှိနေသည့် အစ်ကိုယုနှင့် ကျန်နှစ်ယောက်လုံးပါ မျက်နှာပျက်သွားကြသည်။ ဤကောင်မှာ အစွမ်းအစ အတန်အသင့်ရှိနေသည်ကို သူတို့သိသွားကြသည်။
"မင်းမှာ လက်စလက်နရှိသားပဲ”
အစ်ကိုယုက မျက်နှာထားတင်းတင်းဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
"ငါကလည်း ကွန်ဖူးတတ်တဲ့သူတွေနဲ့ တိုက်ခိုက်ရတာ အကြိုက်ဆုံးပဲ၊ အားလုံးပဲ အတူတူတိုက်ကြစမ်း၊ သူ့ကိုအသက်ရှူချိန်တောင်မပေးနဲ့”
"တက်ကြစမ်း”
ကျန်သုံးယောက်လုံးလည်း တပြိုင်နက်တည်း ဝိုင်းတိုက်ကြတော့သည်။ သူတို့အားလုံးက သံချောင်းများ ကိုယ်စီကိုင်ကာ လေတိုးသံ တဝေါဝေါထွက်သည်အထိ ချင်ရန်အား ရိုက်နှက်နေကြသည်။ အကယ်၍သာ တစ်ချက်မျှသာ ထိမှန်သွားပါက ချင်ရန်မှာ မသေလျှင်တောင် ဒုက္ခိတဘဝ ရောက်သွားနိုင်၏။
အခြားတစ်ဖက်တွင်မူ ကုလားထိုင်၌ ချည်နှောင်ခံထားရသည့် လင်းပင်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးများကို ခပ်တင်းတင်းပိတ်ထားလိုက်သည်။
သို့သော်လည်း သူ နောက်ထပ်ကြားလိုက်ရသော အသံမှာ သံချောင်းနှင့် လူကိုရိုက်မိသည့်အသံ မဟုတ်ပေ။ ၎င်းအစား…..
ဘုန်း.…..ဘုန်း….
ပြင်ထန်လှသည့် အသံနှစ်ချက် ဆက်တိုက်ထွက်ပေါ်လာသဖြင့် လင်းပင် လန့်ဖြက်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထိုအခါ သံချောင်းကိုင်ထားသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူနှစ်ဦးမှာ လွင့်ထွက်သွားအောင် ကန်ထုတ်ခံလိုက်ရပြီး နံရံကို အရှိန်ပြင်းစွာဖြင့် သွားဆော့င်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။
"ဒါ၊ ဒါ ဘယ်လိုဖြစ်တာလဲ”
လင်းပင်၏ ပါးစပ်မှာ ကြက်မောက်သီးတစ်လုံးစာလောက်အထိ အလိုအလျောက် ပွင့်ဟသွားတော့၏။
'ဒီလူက တကယ်ပဲ အဲဒီလောက်အထိ သန်မာတာလား’
"အစ်ကိုယု၊ ကျွန်တော်…. ကျွန်တော် လှုပ်လို့မရတော့ဘူး ဒီကန်ချက်က ကျွန်တော့်ကို အမှောက်သိပ်လိုက်ပီ”
စောစောကတင် ချင်ရန်အား အပိုင်းပိုင်း ပိုင်းပစ်မည်ဟု ကြုံးဝါးထားသော ထွားကြိုင်းလှသည့်လူမှာ ယခုအခါ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေရှာသည်။
သူ၏ ရင်ဘတ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများမှာလည်း ကြေမွသွားသကဲ့သို့ ခံစားနေရ၏။ ချင်ရန်၏ကန်ချက်မှာ အလွန်အားပြင်းပြီး မြန်ဆန်လှသဖြင့် သူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ နံရံဆီသို့ လွင့်စင်သွားခဲ့ရခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်မူ အစ်ကိုယုနှင့် ကျန်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှာ မှင်တက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးမှာ တိုက်ခိုက်နိုင်စွမ်း လုံဝမရှိတော့ပေ။
ချင်ရန်သည် ကန်ချက်တစ်ချက်ကိုသာ သုံးခဲ့ခြင်း ဖြစ်သည်။ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်မျိုးကို သူတို့တွေ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူတို့သူဌေး၏ လက်ရွေးစင် သက်တော်စောင့်များပင် ဤမျှအထိ မစွမ်းဆောင်နိုင်ကြချေ။
"မင်း..."
အစ်ကိုယု မျက်နှာပျက်ယွင်းသွားသည်။ သူသည် အနောက်သို့ နှစ်လှမ်းဆုတ်ကာ ချင်ရန်အား အလွန်အမင်း သတိကြီးစွာထားပြီး စိုက်ကြည့်နေသည်။
‘သွားပြီ ဒီရဲစုတ်က ဒီနေရာကို တစ်ယောက်တည်းလာရဲတာ မထူးဆန်းတော့ဘူး၊ သူက ရဲအရာရှိဆိုတဲ့ အရှိန်အဝါကို အားကိုးတာမဟုတ်ဘဲ သူရဲ့ ကြောက်စရာကောင်းတဲ့ ကိုယ်ခံစွမ်းအားကို ယုံကြည်လို့ကိုး’
"အစ်ကိုယု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ကျန်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူက အားကိုးရာမဲ့စွာဖြင့် ရှောင်ယုအား မေးလိုက်သည်။
"ဒီအချိန်ရောက်မှတော့ ဘာလုပ်နေမှာလဲ၊ အသေခံပြီး ချရုံပဲရှိတာပေါ့ကွ”
အစ်ကိုယုက အော်ဟစ်လိုက်ပြီးနောက် ချင်ရန်ထံသို့ အရှိန်ပြင်းစွာဖြင့် ပြေးဝင်လာတော့သည်။သူသည် ငယ်စဉ်ကတည်းက သူဌေး၏ လေ့ကျင့်ပေးမှုအောက်တွင် ပြင်းထန်သောလေ့ကျင့်မှုများကို ပြုလုပ်ပြီး ကြီးပြင်းလာသူဖြစ်၏။
အစ်ကိုယုသည် ငယ်ဘ၀တုန်းက အထူးတပ်ဖွဲ့ဝင်များ၏ ပြင်းထန်သော လေ့ကျင့်ခန်းများကို ခံယူခဲ့ဖူးသူဖြစ်သဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သာမန်လူထက်များစွာ သာလွန်သည်။
ပုံမှန်ဆိုလျှင် သူသည် လက်ဗလာဖြင့် လူငါးဦး၊ ခြောက်ဦးကို အသာလေး ကိုင်တွယ်နိုင်သူပင် ဖြစ်သည်။
ကံဆိုးသည်မှာ သူ ရင်ဆိုင်နေရသူက ချင်ရန် ဖြစ်နေခြင်းပင်။ အစ်ကိုယုပင် မဆိုထားနှင့်၊ ဟုန်ရန်သိုင်းပညာကျောင်းမှ လက်ဝှေ့နှင့် မွေထိုင်းချန်ပီယံများပင်လျှင် ချင်ရန်၏လက်အောက်တွင် စက္ကန့်ပိုင်းအတွင်း ရှုံးနိမ့်ခဲ့ကြရဖူးသည်။
အစ်ကိုယုသည် သံချောင်းဖြင့် ချင်ရန်အား အဆက်မပြတ် ရိုက်နှက်ရန် ကြိုးစားသည်။ အမှန်တိုင်းပြောရလျှင် အစ်ကိုယု၏ အမြန်နှုန်းနှင့် ခွန်အားမှာ အခြားသူများထက် အဆပေါင်းများစွာ သာလွန်သည်ကို ဝန်ခံရပေမည်။
အစ်ကိုယု၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ချင်ရန်မှာ ခေတ္တမျှ နောက်ဆုတ်ပေးလိုက်ရ၏။
"တကယ့်ကို မိုက်မဲတာပဲ"
ချင်ရန်က အသာအယာလေးရှောင်တိမ်းကာ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"မင်းက ဒီလောက်အထိအားစိုက်ပြီး တရစပ်တိုက်နေရင် ခဏနေရင် အားကုန်သွားလိမ့်မယ်၊ အဲဒီကျရင် ငါ့ကို ဘာနဲ့ဆက်တိုက်မှာလဲ”
ထို့နောက် အစ်ကိုယုက အကြိမ်နှစ်ဆယ်ခန့် သံချောင်းအား ဝှေ့ယမ်းပြီးချိန်တွင် ချင်ရန်က ဟာကွက်အချို့ကို တွေ့သွားသည်။
ထိုအခါ သူသည် လေထဲသို့ဝေ့ပျံကာ ကန်ထည့်လိုက်ပြီး သူ့ထံကျရောက်လာသော သံချောင်းအား ခုခံလိုက်သည်။
ဖျောင်း…..။
ချင်ရန် သံချောင်းအား ကန်ထုတ်လိုက်သောအခါ အစ်ကိုယု၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားသည်။
အဘယ်ကြောင့်ဆိုသော် သူ၏လက်ဝါးထဲသို့ ပြင်းထန်သော တုန်ခါမှုများ စီးဝင်လာသည့်အလား ခံစားလိုက်ရသောကြောင့်ပင်။
"အား..."
အစ်ကိုယုသည် နာကျင်လွန်းသဖြင့် အသက်ရှူမှားသွားကာ နောက်သို့ ယိုင်လဲသွား၏။ သူ၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။
ထိုအချိန်တွင် 'ဒီရဲကောင် အရမ်း သန်မာတာပဲ’ ဟူသော အတွေးတစ်ခုသာ သူ၏ဦးနှောက်ထဲ၌ ရှိတော့သည်။
ယခုအခါ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ဦးသာ ကျန်တော့သည်။ အစ်ကိုယုပင် အလွယ်တကူ ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသောအခါ ထိုသူမှာ လုံးဝ မလှုပ်ရဲတော့ပေ။
"အစ်ကိုယု ကျွန်တော်တို့၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ထိုလူက ထိတ်လန့်တကြားဖြင့် တုန်တုန်ယင်ယင် မေးလိုက်သည်။
ချင်ရန်အား အထဲသို့ ဖိတ်ခေါ်လိုက်ခြင်းမှာ ထောင်ချောက်ဆင်ရန် ကောင်းမွန်သောအကြံအစည်ဟု သူတို့ထင်ခဲ့ကြသော်လည်း တကယ့်အမှန်တရားက မိမိအိမ်ထဲသို့ ဝံပုလွေတစ်ကောင်ကို ဆွဲသွင်းမိခြင်းဖြစ်လိမ့်မည်ဟုတော့ သူတို့ မထင်မှတ်ထားခဲ့ပေ။
ချင်ရန်သည် သွေးဆာနေသောဝံပုလွေဖြစ်ပြီး သူတို့ကတော့ ခုခံနိုင်စွမ်းမရှိသော သိုးအုပ်ငယ်လေးများသာ ဖြစ်နေတော့သည်။
ထိုအချိန်မှာပင် ချင်ရန်သည် လှေကားထပ်မှ နောက်ထပ်ခြေသံအချို့အား ကြားလိုက်ရသည်။ စောစောက အစ်ကိုယု ဖုန်းပြောနေစဉ် အပြင်ကလူတွေအား အထဲဝင်ခိုင်းလိုက်သည်ကို သတိရသွားသဖြင့် ၎င်းတို့မှာ အပြင်က ကင်းထောက်များဖြစ်ကြောင်း ချင်ရန် ချက်ချင်းသိလိုက်သည်။
ဝုန်း…။
တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသူ နောက်ထပ်ငါးဦး အပြေးအလွှားတက်လာကြသည်။
သူတို့ ရောက်လာသည်နှင့် အစ်ကိုယုမှာ ဒူးထောက်လျက်ရှိနေကို တွေ့လိုက်ကြရသည်။ ညာဘက်လက်မှာ သွေးများစီးကျနေကာ တုန်ရီနေပြီး မျက်နှာမှာလည်း သွေးဆုတ်ဖြူလျော်နေသည်ကို တွေ့လိုက်ရ၏။
ကျန်လူနှစ်ဦးမှာလည်း ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက်နှင့် လဲလျောင်းနေကြသည်။
"ဘာဖြစ်တာလဲ”
ရောက်လာသော နောက်ထပ်ငါးဦးမှာ ကြောင်အသွားကြသည်။ သို့သော် ချင်ရန်ဝတ်ထားသော ယူနီဖောင်းအား မြင်လိုက်ရသည်နှင့် အားလုံး၏မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။
"ရဲပဲ၊ အစ်ကိုယု ဒီကောင်ကို အခုထိ မကိုင်တွယ်ရသေးဘူးလား”
သူတို့ထဲမှ တစ်ယောက်က အော်ဟစ်မေးမြန်း
လိုက်ရာ အစ်ကိုယုက ချက်ချင်းပင် အော်ပြောလိုက်သည်။
"မြန်မြန်၊ စကားများမနေနဲ့ အားလုံးဝိုင်းတိုက်ကြစမ်း၊ ဒီရဲက တကယ့်ကို တိုက်ခိုက်ရေးကျွမ်းကျင်တယ်၊ အသက်နဲ့လဲပြီးတော့ဖြစ်ဖြစ် သူ့ကိုအလဲထိုးကြစမ်း”
ထိုစကားအဆုံးတွင် အသစ်ရောက်လာသော ငါးဦးနှင့် အစ်ကိုယုဘက်မှ ကျန်ရှိသူ တစ်ဦး အပါအဝင် စုစုပေါင်း ခြောက်ဦးမှာ အံကို ကြိတ်ကာ ချင်ယန်ဆီသို့ ပြေးဝင်လာကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဤရဲအရာရှိကို ဒီဗီလာထဲတွင် အေးအေးဆေးဆေး ရှိနေခွင့် မပေးနိုင်ပေ။
သူ့အား ဝိုင်းထားသော လူခြောက်ဦးကို ကြည့်ရင်း ချင်ယန်သည် သူတို့၏ သေစေနိုင်သော တိုက်ခိုက်မှုများကို အလွယ်တကူပဲ ရှောင်တိမ်းကာ လက်သီးနှင့် ခြေထောက်များကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်တော့သည်။
တိုက်ခိုက်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ချင်ရန်သည် ထိုခြောက်ဦးလုံးကို လက်သီးတစ်ချက်၊ ခြေတစ်ချက်စီဖြင့် တစ်ယောက်ပြီး တစ်ယောက် လဲကျသွားအောင် လုပ်လိုက်သည်။
ခဏအကြာတွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် ခြောက်ဦးလုံး ကြမ်းပြင်ပေါ်တွင် မလှုပ်မယှတ် လဲလျောင်းနေကြပြီဖြစ်သည်။
ချင်ရန်က သူတို့အား ကြည့်ပြီး ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ ဤခြောက်ဦးမှာ သာမန်နောက်လိုက်များသာ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူများနှင့် မခြားနားသဖြင့် သူ့အတွက် ဘာအန္တရာယ်မရှိပေ။
အကယ်၍ ခြောက်ဦးလုံးမှာ အစ်ကိုယုကဲ့သို့ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်သော ရက်စက်သည့်လူမိုက်များဖြစ်ပါက ချင်ရန်အနေဖြင့် အနည်းငယ်သတိထားရပေမည်။ သို့သော် ဤသာမန်လူများအတွက်မူ ပြောစရာပင်မလိုချေ။
နောက်ဆုံးတွင် ဤနေရာ၌ အစ်ကိုယု တစ်ယောက်တည်းသာ ဒူးထောက်လျက် ကျန်ရစ်နေတော့သည်။ သူ၏ မျက်နှာမှာလည်း မယုံနိုင်လောက်အောင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
‘ဒါက သာမန်ကွန်ဖူးမဟုတ်တော့ဘဲ ကွန်ဖူးဘုရင်ပဲဖြစ်ရမယ်၊ ဒီလူအနည်းငယ်က ရှေ့ကလူကို ယှဉ်နိုင်ဖို့ဆိုတာ ဝေးလာဝေးပဲ’
မလှမ်းမကမ်းတွင်….
ကုလားထိုင်၌ ချည်နှောင်ခံထားရသော လင်ပင်းမှာလည်း ကြောင်အလျက် ငေးကြည့်နေမိသည်။
‘ဒါက တကယ်ပဲ အဲဒီလောက်အထိ ဖြေရှင်းရလွယ်ကူသွားတာလား လူကိုးယောက်ကိုကိုင်တွယ်ဖို့ ဆယ်မိနစ်တောင်မကြာဘူးလား’
လင်ပင်းမှာ မိမိရှေ့မှ မြင်လိုက်ရသည့် မယုံနိုင်စရာဖြစ်ရပ်ကြောင့် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ထို့နောက် ချင်ရန်သည် အစ်ကိုယုအနားသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး လေသံအေးအေးဖြင့် မေးလိုက်သည်။
"အမှန်အတိုင်း ပြောစမ်း၊ မင်းတို့က ဘယ်သူ့လူတွေလဲ၊ ဘာဖြစ်လို့ လင်းပင်ကို ပြန်ပေးဆွဲထားတာလဲ"
တစ်ချိန်တည်းမှာပင် ပါလီမြစ်ရဲစခန်း၌ စခန်းမှူးဝမ်ရှောင်ရီ၊ ချန်ရှင်းချန်၊ ကောင်းချောင်နှင့် အခြားသူများ၏မျက်နှာများမှာ တည်ကြည်လေးနက်လျက် ရှိနေ၏။
သူတို့သည် ယန်ရှုထံမှ ဖုန်းလက်ခံရရှိထားပြီးပြီဖြစ်ရာ ယန်ရှုနှင့် ချင်ရန်တို့မှာ အလွန်ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိလိုက်ရသည်။
ယန်ရှုက ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ချင်ရန်မှာမူ ရှုယန်လမ်း အမှတ် ၁၁၃ ရှိ ဗီလာကြီး၌ တစ်ယောက်ထဲ ပိတ်မိကာကျန်ရစ်ခဲ့သည်။
အဆိုပါသတင်းအား ကြားသည်နှင့် တာဝန်ကျနေသော ရဲအရာရှိ ၁၅ ဦးလုံး ချက်ချင်းပင် လူစုကာ ထိုဗီလာသို့ ချက်ချင်း ထွက်ခွာလာခဲ့ကြ၏။
ထိုအထဲတွင် ယနေ့ တာဝန်ကျနေသော ရှကျဲလည်း ပါဝင်သည်။ ရှကျဲမှာ ချင်ရန်အတွက် အလွန်စိုးရိမ်ပူပန်နေမိသည်။
ဤထူးခြားပြောင်မြောက်သော အမျိုးသားမှာ သူမ၏နှလုံးသားထဲတွင် အတိုင်းတာတစ်ခုအထိ နေရာယူထားနှင့်ပြီ မဟုတ်လော။