← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

53

ရဲကားပေါ်တွင် ရှကျဲသည် ယန်ရှုအား စိုးရိမ်တကြီးနှင့် မေးနေ၏။

"ယန်ရှု အဲဒီဗီလာထဲမှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားက တစ်ယောက်တည်းပဲရှိတာ သေချာလား”

ယန်ရှုက ခေါင်းညိတ်လိုက်သော်လည်း သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့‌နေသည့် ပုံရိပ်များ ကျန်ရှိနေဆဲဖြစ်သည်။

"ကျွန်တော် ဗီလာထဲဝင်တုန်းကတော့ တစ်ယောက်တည်းပါပဲ၊ ဒါပေမဲ့ ချင်ရန်နဲ့ ကျွန်တော်က တစ်ခုခုမှားနေပြီဆိုတာကို ရိပ်မိလိုက်တော့ ချင်ရန်က ကျွန်တော့်ကို ကားဆီ အရင်ပြန်ခိုင်းလိုက်တာ၊ သိပ်တောင်မကြာလိုက်ဘူး လူစိမ်းငါးယောက်၊ ခြောက်ယောက်လောက် ကျွန်တော့်‌နောက်ကနေ ပြေးလိုက်လာကြတော့တာပဲ"

"သူတို့လက်ထဲမှာ ပုဆိန်တွေလည်းပါတယ်၊ အဲဒီမှာ သူတို့က ကားမှန်ကို ရိုက်ခွဲဖို့ လုပ်ကြ‌တော့တာပဲ၊ အဲလိုအခြေအနေမှာ ကျွန်တော့်အတွက် တစ်ခုတည်းသောရွေးချယ်စရာက ကားကိုစက်နှိုးပြီး မောင်းပြေးဖို့ပဲ ရှိတော့တယ်လေ၊ ချင်ရန်ကို တစ်ယောက်ထဲ မထားခဲ့သင့်ဘူးဆိုတာကို သိပါတယ် ဒါပေမယ့်”

ယန်ရှု၏ မျက်နှာတွင် ရှက်ရွံ့စိတ်ပေါ်လာ၏။ ချင်ရန်ဗီလာထဲတွင် တစ်ယောက်ထဲကျန်ခဲ့သည်ကို သိလျက်နှင့် သူက အရင်ဦးအောင် ထွက်ပြေးခဲ့မိသလို ဖြစ်နေမိသည်။

‘တစ်ခုခုဖြစ်ရင် ချက်ချင်းပြေးပါ၊ သူ့အတွက် ဘာမှစိတ်မပူနဲ့’ဟု ချင်ရန်က မှာထားခဲ့သော်လည်း ယန်ရှုမှာ အပြစ်ရှိလို ခံစားနေရဆဲပင်။

ယန်ရှုသည် ဟန်ဆောင်နေခြင်း မဟုတ်ပဲ တကယ့်ကို ချင်ရန်အတွက် စိတ်ပူနေသည့်အတွက်ကြောင့် ရှကျဲက နှစ်သိမ့်လိုက်သည်။

"ရပါတယ် ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးအပြစ်တင်မနေပါနဲ့၊ ချင်ရန်အဆင်ပြေမှာပါ၊ သူက အရမ်းသန်မာတာပဲကိုး”

ရှမေ့သည် ထိုသို့ပြောလိုက်သော်လည်း သူမ၏ရင်ထဲတွင်မူ ချင်ရန်အတွက် အလွန်စိုးရိမ်နေမိသည်။ မယ်မယ်ရရ မသိရသော အရာသည် အကြောက်စရာအကောင်းဆုံး မဟုတ်လော။

ထိုဗီလာထဲတွင် မည်သည့်အန္တရာယ်များ ပုန်းကွယ်နေမည်ကို မည်သူသိနိုင်မည်နည်း။

ရဲကား၏ ရှေ့ခန်းတွင်မူ ကောင်းချောင်က ကားမောင်းနေပြီး ချန်ရှင်းချန်‌က‌ မောင်းသူဘေးခုံတွင်ထိုင်နေသည်။

ကောင်းချောင်သည် ထိုင်နေရင်းမှ ချင်ရန်၏ ကံဆိုးမှုကို ညည်းတွားနေမိသည်။

"ချင်ရန် အဲဒီကောင်လေးကတော့ တကယ့်ကပ်ဘေးနတ်ဘုရားပဲ၊ သူသွားတဲ့နေရာတိုင်း ပြဿနာက အရိပ်လို တကောက်ကောက်ပါလာတော့တာပဲ”

ထိုစကားအားကြားသောအခါ ရှကျဲက နှုတ်ခမ်းမဲ့လိုက်ပြီး ခပ်ပြက်ပြက်တုံ့ပြန်လိုက်သည်။

"ကျွန်မတို့က ပြည်သူ့ရဲတွေလေ၊ ယူနီဖောင်းဝတ်ပြီး အလှပြနေတဲ့အရုပ်တွေမှ မဟုတ်တာ၊ အန္တရာယ်ရှိတဲ့ နေရာဆိုရင် ကျွန်မတို့က အရင်ဆုံးသွားရမှာပေါ့၊ အဲဒါ ရဲဆိုတဲ့ အလုပ်ရဲ့အဓိပ္ပာယ်မဟုတ်ဘူးလား”

ချင်ရန်အား ကပ်ဘေးနတ်ဘုရားဟု ပြောလိုက်ခြင်းအပေါ် သူမသည် ကောင်းချောင်အား သိသိသာသာပင် မကျေမနပ် ဖြစ်သွားပုံရသည်။

ကောင်းချောင်သည် ရှကျဲ၏ စပ်စပ်ထိမခံတုံ့ပြန်လိုက်ပုံ‌ကြောင့် ကြောင်အသွားကာ အခြေအနေကိုပြန်ထိန်းသည့်အနေဖြင့် အဆက်မပြတ် ချောင်းဟန့်လိုက်ရသည်။

ထို့နောက် သူသည် လေသံကို အတက်နိုင်ဆုံးပြန်လျှော့ကာ ရှင်းပြလေသည်။

"ဪ ငါကစတာပါ၊ ချင်ရန် အတွက် ငါလည်း စိုးရိမ်သွားလို့ပါ"

သို့သော် ကောင်းချောင်၏စိတ်ထဲတွင်‌တော့

‘ဒီကောင်မလေးက ဘာလို့ ချင်ရန်ဘက်က ဒီလောက် ကာကွယ်နေရတာလဲ မသိဘူး၊ မဟုတ်မှလွဲရော အဲဒီကောင်လေးကိုများ စိတ်ဝင်စားနေတာလား’ဟု တွေးနေမိသည်။

ရဲကားသည် အရှိန်ပြင်းစွာ မောင်းနှင်နေဆဲပင်။

ရှုယန်လမ်း အမှတ် ၁၁၃ ရှိ ဗီလာ၏ဒုတိယထပ်။

ဖက်..ဖက်…။

ချင်ရန်သည် သူ၏လက်အား ခါယမ်းကာ ဖုန်ခါလိုက်သည်။ သူသည် လူကိုးယောက်လုံးအား လုံးဝရုန်းမထွက်နိုင်အောင်လို့ တင်းကြပ်စွာ ချည်နှောင်ထားလိုက်ပြီဖြစ်သည်။

ထို့နောက် ချင်ရန်သည် ကြိုးများဖြေပေးထားပြီးကာ ကုလားထိုင်ပေါ်တွင် နုံးချိစွာထိုင်နေသော လင်းပင်အား ကြည့်လိုက်ပြီး မေးလိုက်၏။

"ခင်ဗျားက လင်းပင်လား”

လင်းပင်က အားနည်းစွာဖြင့် ခေါင်းညိတ်ပြီးဖြေလိုက်သည်။

"ဟုတ်ပါတယ်အရာရှိကြီး၊ ကျွန်တော်ကလင်းပင်ပါ”

"ခင်ဗျားဇနီးက ရဲစခန်းကို ဖုန်းဆက်ပြီးတိုင်တာပါ၊ ခင်ဗျားသာ နှစ်နာရီအတွင်း ပြန်မရောက်လာရင် တစ်ခုခုဖြစ်ပြီဆိုတာ သူကြိုသိနေတယ်”

"ဟုတ်ပါတယ်၊ ကျွန်တော်သူ့ကို အဲလို သေချာမှာထားခဲ့တာပါ"

ချင်ရန်သည် ဘေးတွင် တိတ်ဆိတ်စွာ ဒူးထောက်နေသော အစ်ကိုယုအား တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းပင်ဘက်သို့ လှည့်ကာမေးလိုက်၏။

"ဒါက ခင်ဗျားဇနီး ကျွန်တော့်ကိုပေးလိုက်တဲ့သော့ပါ၊ ဒီဗီလာထဲက သေတ္တာထဲမှာ တခြားသူတွေရဲ့ ရာဇဝတ်မှု သက်သေအထောက်အထားတွေ ရှိနေတယ်လို့ သူပြောတယ်"

ချင်ရန်သည် မဒမ်မာပေးလိုက်သော သော့ကို ထုတ်ပြလိုက်သည်နှင့် အစ်ကိုယုအပါအဝင် အခြားအနက်အောင်ဝတ်စုံဝတ်ထား‌သည့် အမျိုးသားများမှာ ချင်ရန်၏ လက်ထဲမှ သော့ကို မျက်တောင်မခတ် စိုက်ကြည့်နေကြ‌ တော့သည်။

အထူးသဖြင့် အစ်ကိုယု၏မျက်လုံးများမှာ ဆောက်တည်ရာမရပဲ ရူးသွပ်နေခဲ့သည်။ သူသည် ရုတ်တရက် မတ်တတ်ရပ်ကာ အသိစိတ်မရှိတဲ့သူ တစ်ယောက်သဖွယ် ချင်ရန်ဆီသို့ အရူးတစ်ယောက်သဖွယ် ပြေးဝင်လာတော့၏။

"ဟင်၊ ချည်ထားတာတောင် ငြိမ်ငြိမ်မနေနိုင်ဘူးလား”

ဘုန်း…။

ချင်ရန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ကန်လိုက်ရာ သူ၏အားပြင်းလှသော ကန်ချက်တစ်ချက်ကြောင့် အစ်ကိုယုမှာ လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လဲကျသွားတော့သည်။

"ဒီသော့က မင်းတို့အတွက် တကယ့်ကို အရေးကြီးပုံရတယ်"

ချင်ရန်မျက်လုံးများ မှေးကျဉ်းသွားသည်။ အစ်ကိုယု၏ မျက်လုံးအစုံမှ ဆာလောင်မွတ်သိပ်နေသော အကြည့်ကို သူ မြင်လိုက်ရသည်။

ထိုအချိန်တွင် အစ်ကိုယုမှာ ဒေါသများ ပေါက်ကွဲနေ‌တော့သည်။ သူ့ သူဌေး၏ အနာဂတ်အား ခြိမ်းခြောက်နေသော သော့မှာ ရဲလက်ထဲ ရောက်နေသည်ကို မြင်ရသောအခါ သူသည် ထိုရဲကို သတ်ပစ်ပြီး သော့ကိုလုယူကာ သက်သေများကိုအစဖျောက် ဖျက်ဆီးပစ်ချင်စိတ်များ တဖွဖွ ဖြစ်နေသည်။

ကံဆိုးသည်မှာ သူသည် ကြိုးချည်ခံထားရသဖြင့် ဘာမှမလုပ်နိုင်ခြင်းပင်။

"ရဲစုတ် အဲဒီသော့က အရမ်းအရေးကြီးတယ်၊ တကယ် အရေးကြီးတာလို့”

ရုတ်တရက် အစ်ကိုယုသည် အံကိုကြိတ်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"ယွမ်ဆယ်သန်း အဲဒီပမာဏဆိုရင် လောက်မလား၊ ငါ့ကို အခုကြိုးဖြေပေးပြီး သော့ကိုပေးလိုက်စမ်းပါ၊ ငါ ကျိန်ဆိုရဲတယ်၊ မင်းကို ဘာမှအန္တရာယ်မဖြစ်စေရဘူး၊ ပြီးတော့ ငါ့သူဌေးဆီကနေ မင်းကို ဆယ်သန်းတိတိပေးခိုင်းမယ်စေရမယ်”

ချင်ရန်သည် အစ်ကိုယု၏ စကားအား အင်းမလုပ်၊ အဲမလုပ်ဖြင့် တည်ငြိမ်စွာ နားထောင်နေလိုက်သည်။ ထိုအခါ အခွင့်အရေးရပြီဟု ထင်မှတ်ကာ အစ်ကိုယုက ဆက်တိုက်ပင် စည်းရုံးလာပြန်သည်။

"နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေကိုလည်း မင်း ဘာမှစိတ်ပူစရာမလိုဘူး၊ လင်းပင်ကို ငါပဲ နှုတ်ပိတ်လိုက်မယ်၊ ပြီးရင် အပြစ်အားလုံးကို ငါပဲခံယူမယ်၊ မင်းကတော့ ကြမ်းပြင်ပေါ်မှာ သတိမေ့နေသလိုပဲ ဟန်ဆောင်နေလိုက်ရုံပဲ၊ ဒါက မင်းနဲ့ဘာမှမဆိုင်တော့ဘူး‌လေ”

အစ်ကိုယု၏ စကားများက ချင်ယန်ကို အံ့အားသင့်စေသည်။ သူသည် အစ်ကိုယုကို အထပ်ထပ် အခါခါ အကဲခတ်နေမိသည်။ ဤလူ၏အစီအစဉ်က အတော်လေးအကွက်စေ့လှသည်။

သော့ပေးလျှင် ယွမ်ဆယ်သန်း ပြန်ပေးမည်ဟု ဆိုလာသည်။ ယွမ်ဆယ်သန်းဆိုသည်မှာ ဖိန်လင်မြို့တွင် အိမ်ကြီးအိမ်ကောင်းဝယ်ရန် လုံလောက်သည်ထက်ပိုသည်။

ထို့အပြင် သူက အပြစ်အားလုံးကို ခံယူမည်ဖြစ်ကာ ချင်ရန်အား လွတ်မြောက်ရန်လမ်းစကိုပါ ပြသနေသည်။

ဘေးတွင်ရှိသောလင်ပင်းမှာ ချက်ချင်းပင် ထိတ်လန့်သွားသည်။

"အရာရှိကြီး သူ့စကားကိုမယုံပါနဲ့၊ အဲလိုလူမျိုးတွေ ပြောတာကို ဘယ်လိုလုပ်ယုံလို့ရမှာလဲ”

ချင်ယန်သာ စိတ်ယိုင်သွားပါက အစ်ကိုယုသည် ချင်ရန်အား ချက်ချင်းပင် နှုတ်ပိတ်သတ်ပစ်လိုက်မည်ကို လင်းပင်က အမှန်တကယ် ကြောက်နေခြင်းဖြစ်သည်။

သို့သော် ချင်ရန်သည် လင်းပင်အား ခပ်ဖွဖွလေးပြုံးပြလိုက်သည်။

"ငါ့ကို ငနုံ၊ ငအလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်၊ မင်း ယုံချင်ယုံ၊ မယုံချင်နေ ငါက ရာဇဝတ်ကောင်တွေနဲ့ ဘယ်‌တော့မှ ပူးပေါင်းမှာမဟုတ်ဘူး”

ထို့နောက် မထိတထိလေးပြုံးကာ ဆက်ပြောလိုက်၏။

“မင်း ဒီသော့ကိုရဖို့ ဒီလောက်တောင် အသည်းအသန်ဖြစ်နေတာဆိုတော့ ဒီသော့ရဲ နောက်ကွယ်က လျှို့ဝှက်ချက်က ပိုပြီးအရေးကြီးတယ်မဟုတ်လား”

ချင်ရန်သည် အကိုယုအား ခနဲ့တဲ့တဲ့ပြော လိုက်ပြီးနောက် လင်းပင်ဘက်သို့ လှည့်ကြည့်ကာမေးလိုက်၏။

"မီးခံသေတ္တာက ဘယ်မှာလဲ”

ချင်ရန်သည် မီးခံသေတ္တာကိုဖွင့်ကာ အတွင်းရှိ သက်သေအထောက်အထားများကို စစ်ဆေးရန်ပြင်ဆင်တော့သည်။

လင်းပင်က နံရံ၏တစ်နေရာအား လက်ညှိုးထိုးပြလိုက်သည်။

"ဟိုမှာ”

ချင်ရန်သည် သေချာကြည့်လိုက်ရာ နံရံနှင့် တစ်သားတည်းဖြစ်နေသဖြင့် သတိထားမိရန် အလွန်ခက်ခဲသော သေတ္တာတစ်ခုကို တွေ့လိုက်ရသည်။

"ဒီမှာကိုး... တော်တော်လေးကို ဂရုတစိုက်ဝှက်ထားတာပဲ"

ချင်ရန်သည် မီးခံသေတ္တာအနားသို့ လျှောက်သွားကာ သော့ကို ထိုးထည့်၍လှည့်လိုက်သည်။

ကလစ်..။

အသံတစ်ခုနှင့် အတူမီးခံသေတ္တာတံခါး ပွင့်သွားသည်။ မီးခံသေတ္တာထဲ၌ သားရေအိတ်တစ်အိတ်နှင့် USB တစ်ခုသာ ရှိသည်။ ချင်ရန်သည် သားရေအိတ်ကို ထုတ်ယူကာ ချည်ထားသော ကြိုးကို ဖြည်လိုက်ပြီး အတွင်းရှိစာရွက်စာတမ်းများကို စတင် စစ်ဆေးကြည့်လိုက်သည်။

ထိုစဉ် သူ၏ မျက်လုံးများ ချက်ချင်း မှေးကျဉ်းသွားသည်! သားရေအိတ်ထဲတွင် တရားမဝင် အရောင်းအဝယ် မှတ်တမ်းပေါင်း အနည်းဆုံး နှစ်ဆယ်ကျော် ပါရှိ‌နေသည်။

ချင်ရန် ဖတ်ကြည့်လေလေ သူ၏အကြည့်များက အေးစက်လာလေလေဖြစ်ပြီး စာရွက်ကို ကိုင်ထားသော လက်များကလည်း တင်းကျပ်လာလေလေပင်ဖြစ်သည်။

ဤရာဇဝတ်မှုသက်သေများမှာ ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလွန်းလှသည်၊ ချင်ရန်သည် ကြမ်းပြင်ပေါ်ရှိ အစ်ကိုယုအား အေးစက်စွာ လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

" မထူးဆန်းတော့ပါဘူး မင်းတို့ဘာလို့ ဒီသော့ကို ဒီလောက်လိုချင်နေရလဲဆိုတော့ မင်းတို့ရဲ့ ရာဇဝတ်မှုသက်သေတွေက ဒီလောက်တောင်များနေတာကိုး”

အစ်ကိုယု၏မျက်နှာ ဖြူလျော်သွား၏။

"မင်းလို ရဲတစ်ယောက်က တစ်နှစ်ကို ဘယ်လောက်များရှာနိုင်လို့လဲ၊ ငါတို့ကို ဖမ်းလိုက်ရင်ရော မင်းအတွက် ဘာထူးမှာမလို့လဲ၊ မင်း အဲဒီသက်သေတွေကို အကုန်လက်စဖျောက် ဖျက်ဆီးပစ်လိုက်ရင် မင်းကို စားမကုန်တဲ့ ဆုလာဘ်တွေ အများကြီးပေးပါ့မယ်လို့ ငါကျိန်ဆိုရဲတယ်”

ချင်ရန်က တုန်လှုပ်ခြင်းမရှိ တည်ငြိမ်စွာပင်ရှိနေခဲ့၏။

"ဘောင်မဝင်တဲ့စကားတွေ လာမပြောစမ်းနဲ့၊ ဒီလောက်ကြီးလေးတဲ့ ရာဇဝတ်မှုတွေရှေ့မှာ ဘယ်လိုငွေကြေးမျိုးကမှ ငါ့ကိုစိတ်ပြောင်းအောင် လုပ်နိုင်မှာမဟုတ်ဘူး"

ချင်ရန်သည် စာရွက်စာတမ်းများကို ဆက်လက်လှန်ကြည့်နေစဉ် စာရွက်တစ်ရွက်‌ပေါ်ရှိ ဓာတ်ပုံတစ်ပုံအား မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများအလိုအလျောက် ပြူးကျယ်သွားသည်။

"ဒီဓာတ်ပုံထဲကလူကို မြင်ဖူးသလိုပဲ”

ထိုအခါ လင်ပင်းက အားယူကာ ပြောလိုက်သည်။

"အဲဒီဓာတ်ပုံထဲက လူက ဒီရာဇဝတ်မှုတွေရဲ့ နောက်ကွယ်က ခေါင်းဆောင်သူဌေးကြီပဲ၊ သူ့နာမည်က ချီလုံဝေ၊ ဖိန်လင်မြို့ရဲ့ အကြီးဆုံးဖြစ်တဲ့ လုံဝေဘားရဲ့ ပိုင်ရှင်ပေါ့"

"သူလား”

ချင်ရန် အမှန်တကယ်ပင် အံ့ဩသွားရသည်။ လုံဝေဘားဆိုသည်မှာ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ဆိုင်ခွဲပေါင်း ၂၀ ကျော်အထိ ဖွင့်လှစ်ထား‌နိုင်‌သော အောင်မြင်သည့် ဘားတစ်ခုလည်းဖြစ်သည်။

ဤကဲ့သို့သော ဘားလုပ်ငန်းမျိုးမှာအလွန် အကျိုးအမြတ်များလှပြီး စနစ်တကျ ကောင်းကောင်းလည်ပတ်နိုင်လျှင် တစ်နှစ်ကို ယွမ်သန်းပေါင်းများစွာအား အသားတင်ရရှိနိုင်သည့် လုပ်ငန်းမျိုးဖြစ်သည်။

ချီလုံဝေသည် ဤကဲ့သို့သော ဘားပေါင်း ၂၀‌ကျော်ကို တစ်ဦးတည်း ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ၏ တစ်နှစ် အသားတင်ဝင်ငွေမှာ ယွမ်သန်း ၅၀၀ ကျော်ရှိသည်။

သူသည် ဖိန်လင်မြို့၏ အစစ်အမှန် သူဌေးကြီးတစ်ဦးဖြစ်သလို ထိပ်တန်း အရင်းရှင်လူကုံထံတစ်ဦးလည်း ဖြစ်ပေသည်။

54

"ဒီလောက် ချမ်းသာတဲ့သူဖြစ်ပြီးတော့ နောက်ကွယ်မှာ ဒီလို တရားမဝင်တဲ့ အောက်တန်းကျတဲ့ အလုပ်တွေအများကြီး လုပ်နေတာပဲကိုး”

ချင်ရန်၏ အကြည့်များမှာ အေးစက်သွားသည်။ ဤလုံဝေဘား၏ ပိုင်ရှင်သည် ဒေသတွင်း ရုပ်သံလိုင်းများနှင့် သတင်းစာမျက်နှာများတွင် ရှေ့ဆောင်စီးပွားရေး သူဠေးကြီးတစ်ဦးအဖြစ် မကြာခဏ‌ ဖော်ပြခံရလေ့ရှိသူဖြစ်၏။

သူ၏ ဘားကိုလည်း သတင်းတွေတွင် အမြဲတမ်း ကြော်ငြာနေလေ့ရှိသဖြင့် အလုပ်ဆင်းချိန်တွင် အပန်းဖြေရန် လူအများစုသည် ထိုနေရာသို့ သွားလေ့ရှိကြသည်။

သို့သော် ထိုဘား၏ နောက်ကွယ်မှ ပိုင်ရှင်သည် တိရစ္ဆာန်ထက်ပင် နိမ့်ကျသော ယုတ်မာသည့် လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်ထားကြလိမ့်မည် မဟုတ်ပေ။

လင်းပင်သည် အားအင်မဲ့စွာဖြင့် ဆက်ပြောလာ၏။

"သူ့ရဲ့ ဝင်ငွေက ခင်ဗျားတို့စိတ်ကူးထားတာထက် အဆပေါင်းများစွာ ပိုတယ်၊ ဘားကရတဲ့ သူ့ရဲ့ဝင်‌ငွေတွေဆိုတာက လူကြားကောင်းအောင် ထားထားတဲ့ အပေါ်ယံအခွံခွဲတစ်ခုပဲ၊ တကယ့်ဝင်ငွေအစစ်အမှန်တွေက နောက်ကွယ်က သူလုပ်နေတဲ့ တရားမဝင်တဲ့လုပ်ငန်းတွေဆီကနေ အဓိကရတာပဲ၊ ဥပမာ ခင်ဗျားလက်ထဲက လုပ်ငန်းတွေလိုမျိုးပေါ့”

"ဘားကရတဲ့ ပိုက်ဆံတွေကို တခြား မသန့်ရှင်းတဲ့ တရားမဝင်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး ငွေကြေးခဝါချကြတယ်‌လေ အဲဒီလုပ်ငန်းတွေက ကြွက်တွင်းလို၊ ထည့်လေမလောက်လေပဲ”

လင်းပင် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူသည်လည်း အလွန်ပင် ဒေါသထွက်‌နေပြီး၊ ချီလုံဝေ၏ လုပ်ရပ်များကို ရွံ့ရှာလှသဖြင့် နောက်ဆုံးတွင် သက်သေများစုဆောင်းကာ သူ့ကို တိုင်တန်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

အမှန်တကယ်တော့ ဤသားရေအိတ်နှင့် USB ထဲရှိ သက်သေများသည် ချီလုံဝေကျူးလွန်ခဲ့သော ရာဇဝတ်မှုအားလုံး၏ ဆယ်ပုံတစ်ပုံပင် မရှိသေးပေ။

"ဒီလို ခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိရင် သူ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲအာဏာရှိရှိ ဥပဒေရဲ့ စီရင်မှုကိုတော့ ရှောင်လွှဲနိုင်မှာမဟုတ်ဘူး"

ချင်ရန်သည် သေလုမြောပါး ရုန်းကန်နေရဆဲဖြစ်သော အစ်ကိုယုအား တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပင်ပြောလိုက်၏။

"ဒါပေမဲ့ သူငှားထားတဲ့ လူမိုက်တွေကတော့ တော်တော်လေး သစ္စာရှိကြတာပဲ၊ အကယ်၍ ဒီနေ့မှာ ကျွန်‌တော်သာ ရောက်မလာခဲ့ရင်တော့…….”

ထိုစကားကြောင့် လင်းပင်သည် ချင်ရန်အား မော့ကြည့်လိုက်မိ၏။ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ဤလူငယ်‌လေး တစ်ယောက်ကတည်းသာ ယခုမြင်နေရသည့် အခြေနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ တခြားသူသာဆိုလျှင် ယခုလို လင်းပင်မှာ အသက်ရှင်နေပါ့မလားဆိုတာ မသေချာပေ။

တစ်ချိန်တည်းမှာပင် ကောင်းချောင်တို့အဖွဲ့မှာလည်း တစ်ဖက်လူများအား မရိပ်မိအောင်လို့ အားလုံးသည် ခြံစည်းရိုးကိုကျော်ကာ အထဲသို့ဝင်ရန် ပြင်ဆင်ကြတော့သည်။

ရှကျဲ၊ ယန်ရှု၊ ကောင်း‌ချောင်နှင့် အခြားသူများသည် ဗီလာ၏အောက်ထပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စုစုပေါင်း ၁၅ ဦးရှိပြီး နေရာအနှံ့သို့ ခွဲထွက်ကာ ဗီလာထဲသို့ တစ်ဆင့်ချင်း ဝင်ရောက်လာခဲ့ကြသည်။

ကောင်းချောင်သည် မူလက ရှကျဲအား အထဲသို့ မဝင်စေချင်သော်လည်း ရှကျဲက အလွန်ပင် ခေါင်းမာလွန်းလှ၏။

သူမသည် ဤနေရာအထိရောက်နေပြီးမှ အပြင်မှာသာ စောင့်နေမည်ဆိုပါက မည်သို့သော ရဲအရာရှိ ဖြစ်တော့မည်နည်း၊ ပြည်သူ့ရဲတစ်ဦးအနေဖြင့် အန္တရာယ်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း၊ အစရှိသဖြင့် မျိုးစုံပြောနေသည့် သူမကြောင့် နောက်ဆုံးတွင် ကောင်းချောင်မှာလည်း မတတ်သာဘဲ ရှကျဲအား အထဲဝင်ခွင့်ပြုလိုက်ရ‌တော့သည်။

သိပ်မကြာမီမှာပင် ရဲအရာရှိ ၁၅ ဦးသည် ဗီလာအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက် အိမ်တံခါးဝသို့ ရောက်ရှိလာကြသည်။

"ဒီဘက်က ပြတင်းပေါက်ပွင့်နေတယ်၊ ငါတို့ အဲဒီကနေပဲ တက်ကြတာပေါ့"

ကောင်းချောင်သည် ဘေးပတ်ပတ်လည်မှ ပတ်ဝန်းကျင်အခြေအနေအား တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

"ခြေသံကို အတတ်နိုင်ဆုံး လုံအောင်လျှောက်ကြ၊ သူတို့ ရိပ်မိမသွားစေနဲ့... နားလည်လား”

ကောင်းချောင်သည် သေနတ်ကို သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ကာ အလွန်လေးနက်သော မျက်နှာထားဖြင့် ရှေ့ဆုံးမှ ဦးဆောင်နေသည်။

အကယ်၍ ရာဇဝတ်ကောင်နှင့် ပက်ပင်းတိုးပါက သူသည် ချက်ချင်းပစ်သတ်ရန်ပင် အသင့်ရှိနေသည်။ သို့သော် အရေးကြီးဆုံးမှာ ချင်ရန်အား ရှာဖွေရန်နှင့် သူ၏ဘေးကင်းမှုကို ဂရုစိုက်ရန်ပင် ဖြစ်သည်။

ရှကျဲကတော့ ချင်ရန် ဘေးကင်းရန်အတွက် စိတ်ထဲမှဆုတောင်းနေမိ၏။ ချင်ရန်‌ဆီကိုသာ စိတ်ရောက်နေသည့် ရှကျဲတစ်ယောက်မှာတော့ သူမ၏နဖူးပေါ်တွင် ဇောချွေးများ ပြန်နေသည်ကိုပင် စိတ်ထဲမရှိတော့ပဲ ချင်ရန်အတွက်သာ အစိုးရိမ်လွန်နေမိ၏။

ရဲရာရှိ ၁၅‌ ယောက်လုံး ဗီလာထဲသို့ ခြေချမိသည်နှင့်တစ်ပြိုင်နက် ဒုတိယထပ်မှ စကားပြောသံများအား ကြားလိုက်ရသည်။

ကောင်းချောင်က အသံတိတ်အချက်ပြလိုက်ရာ အားလုံးသည် ဒုတိယထပ်သို့ တက်ရန်ပြင်လိုက်ကြသည်။ သူတို့သည် ဆူညံသံမထွက်‌အောင် ခြေသံကို လုံအောင်ထိန်းလျက် ဂရုတစိုက်ဖြင့် လှေကားမှတစ်ဆင့် ဒုတိယထပ်သို့ တက်လာခဲ့ကြသည်။

မကြာခင်မှာပင် ရှေ့ဆုံးမှတက်လာသော ကောင်းချောင်သည် ဒုတိယထပ်သို့ ရောက်ရှိသည်နှင့် သူ၏မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကြောင်အသွားသည်။

ချင်ရန်တစ်ကိုယ်လုံး သွေးတစ်စက်မှမစွန်းဘဲ စိတ်လက်ပေါ့ပါးစွာ ရပ်နေပြီး သူ၏ဘေးမှ အရိုက်ခံထားရသဖြင့် သွေးချင်းချင်းနီနေသော လူတစ်ယောက်နှင့် စကားလက်ဆုံကြနေ၏။

ထို့နောက် ကြမ်းပြင်၏တစ်ဖက်တွင်မူ အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသားကိုးဦးမှာ ကြိုးဖြင့် အသေအချာ ချည်နှောင်ခံထားရသည်။ ၎င်းတို့အားကြည့်ရသည်မှာ သာမန်လူမိုက်များမဟုတ်ပဲ အသေအချာ လေ့ကျင့်ပေးထားသည့် လက်ရွေးစင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပုံရသည်။

ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ ကောင်းချောင်မှာ ချက်ချင်းပင် ဆွံ့အမှင်တက်သွားရသည်။

‘ဘာတွေဖြစ်နေတာလဲ၊ ချင်ရန်က အကောင်းကြီးပါလား’

ထို့နောက် ချန်ရှင်းချန်၊ ယန်ရှု၊ ရှကျဲနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ဒုတိယထပ်သို့ တက်လာကြသည်။ ချင်ရန်မှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ တည်ငြိမ်စွာဖြင့် စကားပြောနေသည်ကို သူတို့အားလုံး မြင်လိုက်ရသည့်အတွက် ရှော့ရသွားကြ၏။

ရှကျဲ၏မျက်နှာမှာ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားကာ စိုးရိမ်စိတ်ကို မထိန်းနိုင်ပဲ အော်မေးလိုက်၏။

“ချင်ရန်၊ နင် အဆင်ပြေရဲ့လား”

ထိုအခါမှ ချင်ယန်သည် အသံကြားရာသို့ လှည့်ကြည့်လိုက်ရာ စိုးရိမ်တကြီးဖြစ်နေသည့် ရှကျဲကို တွေ့လိုက်ရသည်။

ထို့အပြင် ယန်ရှုသည် ထွက်ပြေးလွတ်မြောက်သွားသည် သာမကပဲ ဒုစခန်းမှူးကောင်းချောင်၊ ချန်ရှင်းချန်နှင့် အခြားရဲအရာရှိများကိုပါ စစ်ကူခေါ်လာသည်ကို တွေ့လိုက်ရသဖြင့်

ချင်ရန်မှာ ခဏမျှအံ့အားသင့်သွားရသည်။

"ခင်ဗျားတို့ ရောက်လာပြီလား”

ချင်ရန်သည် သူတို့အားပြုံးပြလျက်မေးလိုက်၏။ ချင်ရန်သည် ပါလီမြစ်ရဲစခန်းက လူတွေကို ခေါ်ရန် ဖုန်းဆက်တော့မည့်ဆဲဆဲမှာပင် သူတို့က အရင်ရောက်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ယန်ရှုက ရှေ့ဆက်လျှောက်လာပြီး ကြမ်းပြင်ပေါ်တွင် အချည်ခံထားရသည့် အနက်ရောင်ဝတ်စုံနှင့် လူကိုးယောက်ကိုတွေ့လိုက်ရသည်။

ထိုအခိုက်တွင် သူတ့ထဲ၌ ရင်းနှီး‌နေသော မျက်နှာများကိုလည်း တွေ့လိုက်ရသည့် အတွက် ယန်ရှုမှာ ဆွံ့အသွားတော့သည်။

‘ချင်ရန်က ဒီလူတွေအားလုံးကို တစ်ယောက်တည်း တိုက်ခိုက်ပြီး၊ သူတစ်ယောက်တည်းနဲ့ ဒီလူကိုးယောက်လုံကို ချည်နှောင်နိုင်ခဲ့တာလား ဒါက တကယ်ကိုမယုံနိုင်စရာပဲ’

"ယန်ရှု မင်းအဆင်ပြေရဲ့လား”

ချင်ရန်ကကြောင်ငေးကာ ရပ်နေသည့် ယန်ရှ၏အနားသို့လျှောက်လာကာ သူ၏ပခုံးအားပုတ်၍ မေးလိုက်၏။

ယန်ရှုကလည်း ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မင်းသာအဆင်ပြေရင် ငါလည်းအဆင်ပြေတယ် ဘာမှမဖြစ်ပါဘူး ဆိုသည့် သဘောပင်။

"မင်း အချိန်မီထွက်သွားတာကောင်းတယ်၊ မဟုတ်ရင် ဒီလူတွေရဲ့ လက်ထဲမိသွားရင် အန္တရာယ်ရှိနိုင်တယ်၊ သူတို့က မျက်တောင်မခတ်ဘဲ လူသတ်ရဲတဲ့ တကယ့်ရာဇဝတ်ကောင်တွေပဲ"

ချင်ရန်က လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

ယန်ရှုမှာ ချင်ရန်၏စကားကြောင့် ခါးသီးစွာ ပြုံးလိုက်မိသည်။

ဟုတ်ပေသည်။ သူတို့က အန္တရာယ်ရှိသော ရာဇဝတ်ကောင်များဖြစ်၍ သူဘေးကင်းရာသို့ ထွက်ပြေးသွားခဲ့ခြင်းသည် တကယ့်ကို ကောင်းမွန်သည့် ရွေးချယ်မှုပဲဖြစ်သည်။

သို့သော် ချင်ရန်ကမူ ထိုအန္တရာယ်များကြားတွင် ၎င်းတို့ကို သူတစ်ယောက်တည်းဖြင့် တိုက်ခိုက်ကာ ကိုးယောက်လုံးအား ချည်နှောင်နိုင်ခဲ့သည်ကို ကြည့်ပြီးတော့ ယန်ရှုမှာ ဘာမှမပြောနိုင်တော့ဘဲ ချင်ရန်အား လေးစားအံ့သြချီးကျူးရုံသာ တတ်နိုင်တော့သည်။

"တောက်စ်၊ ချင်ရန်၊ ဒါတွေအားလုံး မင်းတစ်ယောက်တည်း လုပ်လိုက်တာလား”

ဒုစခန်းမှူးကောင်းချောင်က မအောင့်နိုင်ဘဲ မေးလိုက်မိသည်။

"ဟုတ်ပါတယ် ဒုစခန်းမှူးကောင်း၊ ကျွန်တော် ပထမလေးယောက်ကို အရင်ကိုင်တွယ်လိုက်ပြီးမှ ကျန်တဲ့ငါးယောက်ကို ဖြေရှင်းလိုက်တာပါ၊ သူတို့က ကိုင်တွယ်ရသိပ်မခက်ပါဘူး၊ ပြီးတော့ သူတို့ဆီမှာ သေနတ်မပါတော့ ကျွန်တော့်အတွက် ဘာခြိမ်းခြောက်မှုမှ မရှိပါဘူး"

ချင်ရန်သည် ဒုစခန်းမှူးကောင်းအား ရှင်းပြလိုက်သည်။

"မင်းကတော့ကွာ..."

ကောင်းချောင် တစ်ယောက် ပြုံးလိုက်မိသည်။ သူတို့မှာ ချင်ရန်အားကယ်တင်ရန် ရဲအင်အားအများအပြားဖြင့် လာခဲ့ကြခြင်းဖြစ်သော်လည်း ယခုတော့ ချင်ယန်အတွက် စိုးရိမ်ခဲ့ရသည်မှာ အလကားဖြစ်သွားတော့သည်။

"ဒါနဲ့ ဒုစခန်းမှူး‌ကောင်း

ဒါလေးကို တစ်ချက်လောက်ကြည့်ပေးပါဦး"

ချင်ရန်က တည်ကြည်သောမျက်နှာထားဖြင့် သူ၏လက်ထဲရှိ သားရေအိတ်အား ကောင်းချောင်ထံ ကမ်းပေးလိုက်သည်။

ကောင်းချောင်သည် ထိုသားရေအိတ်ထဲမှ စာရွက်စာတမ်းများကို ထုတ်ကာ ဖတ်ကြည့်လိုက်သည်။

သူ ဖတ်လေလေ ပိုပိုပြီး မျက်မှောင်ကြုတ်လာလေ‌လေပင်။

ဤစာရွက်စာတမ်းများတွင် မှတ်တမ်းတင်ထားသော ရာဇဝတ်မှုများမှာ ခွင့်မလွှတ်နိုင်သည့် စက်ဆုပ်ရွံ့ရှာဖွယ်အမှုအား မျက်တောင်မခတ်ပဲ ကျူးလွန်ထားသောလုပ်ရပ်များ ဖြစ်နေသည်။

‘တကယ့် တိရစ္ဆာန်ကောင်ပဲ’

ကောင်းချောင်သည် အနက်ရောင်ဝတ်ဆုံဝတ်ထားသည့်

ကိုးယောက်အား တစ်ချက်ဝေ့ကြည့်ကာ မေးလိုက်သည်။

"ငါ မမှားဘူးဆိုရင် ဒီလူတွေက ဒီအရေးကြီးတဲ့ သက်သေထောက်အထားတွေကို လုဖို့လာကြတာမလား”

မြင်ရသောမြင်ကွင်းအရ ကောင်းချောင်မှာ ဘာဖြစ်နေသည်ကို ခန့်မှန်းမိသွားသည်။ ထိုအခါ ချင်ရန်က လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အဓိကတရားခံ လုံဝေဘားရဲ့ ပိုင်ရှင် ချီလုံဝေရဲ့လက်ချက်ပါ စခန်းမှူးကောင်း”

ကောင်းချောင် မျက်နှာပျက်ယွင်းသွားသည်။

"တီဗီဖန်သားပြင်ထဲမှာ‌တော့ ဂုဏ်သရေရှိလှသော အဆင့်မြင့် လူကုံထံသူဌေးကြီး‌ပေါ့၊ နောက်ကွယ်မှာ ဒီလိုယုတ်မာတဲ့အလုပ်တွေ အများကြီး လုပ်နေလိမ့်မယ်လို့ ငါတစ်ခါမှမတွေးဖူးဘူး”

"စခန်းမှူး‌ကောင်း အခု အရေးကြီးဆုံးက ချီလုံဝေရဲ့အိမ်ကိုသွားပြီး သူ့ကို သက်သေနဲ့တကွ ဖမ်းဆီးရမယ်၊ လွတ်လမ်းမရှိအောင်ကို လုပ်မှရမယ်”

"သေချာတာပေါ့ ၊ လုံးဝ လွတ်လမ်းမရှိအောင်လုပ်ရမယ်၊ ကဲ အချိန်မဆွဲနဲ့‌တော့ အခုပဲသွားကြစို့၊ ဒီကိုးယောက်ကိုတော့ တခြားရဲတွေကိုခေါ်ပြီး ထိန်းသိမ်းထားခိုင်း”

တီ….၊တီ….။

ထိုအချိန်မှာပင် ဖုန်းမြည်လာသည်။

ချင်ရန်သည် မျက်မှောင်ကြုတ်ကာ အသံလာရာဆီသို့ ကြည့်လိုက်ရာ မလှုပ်မယှက် လဲနေသော အစ်ကိုယုထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

‘သူ့ဖုန်းက မြည်နေတာလား၊ သူ့ကိုဘယ်သူခေါ်တာလဲ’

ချင်ရန်သည် အစ်ကိုယု၏အိတ်ကပ်ထဲမှ ဖုန်းအား အမြန်ထုတ်ကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူ၏အမည်ကို မြင်လိုက်ပြီး နှုတ်မှရေရွတ်လိုက်မိ၏။

"သူဌေး"

All Chapters